Ch 2
Viewers 3k

❓️Chapter 2

လူသားဖြစ်ရတာ တကယ်ခက်တာပဲ



"နည်းပညာက လူနေမှုဘဝကိုပြောင်းလဲပေးပါတယ်၊ နည်းပညာက အနာဂတ်ကိုဖန်တီးပြီး ဝေ့လန်နည်းပညာကုမ္ပဏီက ကမ္ဘာမှာ ထိပ်တန်းကုမ္ပဏီငါးဆယ်ထဲက တစ်ခုအပါအဝင်ဖြစ်လာပါတယ်.."


ဓာတ်လှေကားထဲရှိ အီလက်ထရောနစ်ဖန်သားပြင်တွင် ကုမ္ပဏီ၏တိုးတက်မှုကို အကြိမ်ကြိမ်ကြော်ငြာနေလေသည်။


ဓာတ်လှေကားမှာ ဖြည်းဖြည်းချင်းတက်သွားပြီး လေထိန်းညှိပေးသည့်စက်က အေးမြသောလေကိုထုတ်ပေးကာ နွေရာသီအပူဒဏ်ကြောင့် ပူအိုက်မှုကို လွင့်ပြယ်သွားစေသည်။


ကျောင်းယန်ယွိ ဝေ့လန်နည်းပညာကုမ္ပဏီကိုရောက်လာသည်မှာ နှစ်လပြည့်ပြီဖြစ်ပြီး နောက်ဆုံးတွင် ညွှန်ကြားသူကသူ့အတွက်သတ်မှတ်ပေးထားသော ညီအစ်ကိုကောင်းနှင့်တွေ့ရပေပြီ။


ညွှန်ကြားသူပြောခဲ့သောစကားမှာ -


သူ့အတွက် လူတစ်ယောက်ကိုသတ်မှတ်ပေးထားသော်ငြား အောင်မြင်မှုနှင့်ကျရှုံးမှုမှာ သူ့အပေါ်တွင်သာမူတည်လေသည်။


အကြောင်းမှာ ခင်မင်မှုလည်း တိုးတက်ရန်လိုအပ်သည်။ အတိတ်တွင်သာဖြစ်ခဲ့လျှင် ထိုသူနှင့်မိတ်ဆွေမဖြစ်ဘဲ အခြားတစ်ယောက်နှင့်ဖြစ်သွားပေလိမ့်မည်။


ဓာတ်လှေကားကလူလွတ်နေသည်မှာ မဆန်းတော့ပေ။ ဝမ်းချန်ရှီး အထဲ၌ရှိနေသည်ကိုမြင်သွားသည်နှင့် မည်သူမျှအထဲမဝင်ရဲတော့ချေ။


ချမ်းသာသောမိသားစုနှင့်လက်ထပ်ချင်သည်ဆိုသောစကားမှာ ပါးစပ်ဖျားတွင်သာရှိလေသည်။


"ဘယ်အထပ်ကိုသွားမှာလဲ.."


ဝမ်းချန်ရှီးက ရုတ်တရက်ပြောလိုက်သည်။ သူ့မျက်လုံးကိုရွှေ့လိုက်သည့်အခါ ကျောင်းယန်ယွိ၏မျက်လုံးနှင့်ဆုံတွေ့သွားခဲ့သည်။


ကျောင်းယန်ယွိကမူ စဥ်းစားနေဆဲ။ အခု သူက သူ့ရဲ့သတ်မှတ်ထားတဲ့ 'ညီအစ်ကိုကောင်း' ကိုတွေ့ရပြီဆိုတော့ သူ့ကိုယ်သူ တိုက်ရိုက်မိတ်ဆက်လိုက်သင့်လား။


ဝမ်းချန်ရှီးမှာ တဖက်လူကသူ့ကိုမြင်သည်နှင့် ကြောက်လန့်ပြီး ငြိမ်နေသည်ဟုထင်သွားလေသည်။


ကောင်လေးက သဘောကောင်းမည့်ပုံရသည်။ နူးညံ့သောမျက်ခုံးတို့က ပန်းချီဆရာ၏ ပြည့်စုံသောဆွဲချက်နှင့်တူပြီး အပြစ်အနာအဆာမရှိသော ပန်းချီကားတစ်ချပ်နှင့်ပိုတူလေသည်။ အတိအကျပြောရမည်ဆိုပါက ထိုသူ၏မှင်သက်နေသောပုံစံလေးက ဝမ်းချန်ရှီးသူငယ်ချင်း၏ကြောင်လေးကို အမှတ်ရသွားစေသည်။ ၎င်းက လူစိမ်းကိုတွေ့တိုင်း အလိုက်အလျောက်ငြိမ်သွားပြီး တိတ်ဆိတ်စွာစူးစမ်းနေတတ်သည်။ ၎င်း၏ ကြည်လင်သောမျက်လုံးလေးများက ပြောချင်သောစကားများထောင်ပေါင်းများစွာရှိသော်လည်း မပြောပြနိုင်သည့်လျို့ဝှက်ချက်အချို့ကြောင့် မပြောရသလိုပင်။


ဝမ်းချန်ရှီးက တိရစ္ဆာန်များနှင့်မခင်မင်ခဲ့ဖူးဘဲ ထိုကြောင်လေးကသူ့ကိုတွေ့တိုင်း ကြောက်သွားတတ်သည်။ ၎င်းက တူညီနေသည်မှာ...


ဝမ်းချန်ရှီးက သူ့အရှေ့မှ ဝန်ထမ်းလေးကို တချက်ကြည့်လိုက်ပြီး နှုတ်ခမ်းလေးများကအသာကော့တက်သွားလေသည်။


သူက နူးညံ့သောနှလုံးသားပိုင်ရှင်မဟုတ်သော်လည်း တဖက်လူက နောက်ကျသည့်အတွက် ဌာနအကြီးအကဲထံမှ အပြစ်တင်ခံရနေမည်ကိုမလိုလားပေ။


ဝမ်းချန်ရှီးက သူ့နာရီကိုငုံ့ကြည့်ပြီး ရှားရှားပါးပါး အရင်ပြောလိုက်သည်။


"မင်းတော့ နောက်ကျတော့မှာပဲ.."


ဤတစ်ကြိမ်တွင် ကျောင်းယန်ယွိ အသိပြန်ဝင်လာပြီးပြောလိုက်သည်။


"ဗျာ.."


ခဏအကြာ၌ ဓာတ်လှေကားက ဒင်ဆိုသောအသံဖြင့် အပေါ်ဆုံးအထပ်ကို တိုက်ရိုက်ရောက်သွားလေသည်။


အပေါ်ဆုံးအထပ်မှာ ဥက္ကဌရုံးခန်းရှိပြီး သူက ဤနေရာအထိ တကယ်ကြီးလိုက်လာမိသည်။


ကျောင်းယန်ယွိ: "....."


ဝေ့လန်နည်းပညာဌာနတွင် အထပ်ပေါင်း ၃၃ ထပ်ရှိသည်။


ကုမ္ပဏီက သမိုင်းကြောင်းရှည်ကြီးရှိ၏။ A မြို့တွင် အထပ်မြင့်အဆောက်အအုံအများအပြားမရှိသေးချိန်၌ ဝေ့လန်နည်းပညာကုမ္ပဏီက ဤအဆောက်အအုံကိုပိုင်ဆိုင်ခဲ့သည်။ ဆောက်ကာစ အထပ်ရာချီရုံးများနှင့်ယှဥ်လျှင် ဤအဆောက်အအုံကို အိုဟောင်းနေပြီဟုယူဆရလေသည်။ မဟုတ်ပါက ဓာတ်လှေကားအနည်းငယ်ပင်ရှိမည်မဟုတ်ပေ။


သို့တစေ ကုမ္ပဏီမှာ ပိုက်ဆံအမြောက်အများအကုန်ကျခံကာတည်ဆောက်ထားသော နည်းပညာမြင့်ကုမ္ပဏီအသစ်တစ်ခုရှိနေပြီး ယခု ကုမ္ပဏီတစ်ခုလုံးကို ကုမ္ပဏီအသစ်သို့ပြောင်းရွှေ့တော့မည်ဆိုသော ကောလဟလများထွက်ပေါ်နေလေ၏။


ဓာတ်လှေကားအပြင်တွင်ဖြစ်သည်။


ဥက္ကဌရုံးခန်း၏အထူးလက်ထောက်လင်းမှာ ဓာတ်လှေကားဘေးမှ ဖြတ်သွားရကိန်းဖြင့်ကြုံလေသည်။ ထို့ကြောင့် ဓာတ်လှေကားက ဤအထပ်တွင်ရပ်သွားသည်ကိုတွေ့သည့်အခါ ရပ်စောင့်နေလိုက်သည်။


ဤအချိန်တွင် ဝမ်းချန်ရှီးတစ်ယောက်သာ အပေါ်ဆုံးအထပ်ကိုလာတတ်သည်။


အထူးလက်ထောက်လင်းက ဝမ်းချန်းရှီးအတွက် ဥက္ကဌရုံးခန်းကိုပို့ပေးရမည့် စာရွက်စာတမ်းအများအပြားကိုကိုင်ထားရသည်။


ဓာတ်လှေကားတံခါးကပွင့်သွားပြီး အထူးလက်ထောက်လင်းက အလွတ်ရနေသည့်အတိုင်းပြောလိုက်သည်။ 


"ဘော့စ်ဝမ်း ပရောဂျက်အသစ်ရဲ့ သုသေသနနဲ့အဆင့်မြှင့်တင်ရေးဌာနက တောင်းဆိုချက်စီစဥ်ထားတာကို..."


သူ့စကားက လမ်းတဝက်တွင်ပင် တုံ့ခနဲရပ်သွားတော့သည်။


အထူးလက်ထောက်လင်းက ဓာတ်လှေကားထဲ၌ရပ်နေသောလူနှစ်ယောက်ကိုကြည့်လိုက်သည်။ တစ်ယောက်က သူရင်းနှီးနေပြီးသား ဘော့စ် ဝမ်းချန်ရှီးဆိုသော်လည်း နောက်တစ်ယောက်က မည်သူပါနည်း။


ဓာတ်လှေကားက အပေါ်ဆုံးထပ်သို့ရောက်လာကြောင်းတွေ့ရသည့်အခါ ဝမ်းချန်ရှီးက ဝန်ထမ်းငယ်လေးကိုလှမ်းကြည့်လိုက်သည်။


တဖက်လူက စိတ်ဓာတ်ကျနေဟန်ရသည်။ ထိုသူက မျက်လုံးထဲမှ စိတ်ရှုပ်ထွေးမှုများဖြင့် ဓာတ်လှေကားခလုတ်ကိုသာစိုက်ကြည့်နေလေသည်။


ဝမ်းချန်းရှီးက နှုတ်ခမ်းအောက်ဘက်ထောင့်ကို အသာကွေးလိုက်လေသည်။


အထူးလက်ထောက်လင်း: "ဒါက.."


ကျောင်းယန်ယွိ: "ဆောရီး ကျွန်တော်အထပ်မှားသွားတယ်.."


ကျောင်းယန်ယွိက ဆယ့်ခြောက်ထပ်ကို အမြန်နှိပ်လိုက်သည်။


အထူးလက်ထောက်လင်း: "?" မင်းက မှားပြီး အပေါ်ဆုံးအထပ်ကိုတက်လာသတဲ့လား။


သို့သော် ဓာတ်လှေကားတံခါးက ပိတ်သွားပြီး အထူးလက်ထောက်လင်း၏မြင်ကွင်းကို တားဆီးလိုက်သည်။


ဝမ်းချန်ရှီးက အထူးလက်ထောက်လင်းထံမှ စာရွက်စာတမ်းများကိုယူလိုက်ပြီးနောက် အထူးလက်ထောက်လင်းက ယခုထိ ဓာတ်လှေကားကိုစိုက်ကြည့်နေဆဲဖြစ်ကြောင်းတွေ့လိုက်ရလေသည်။ သူကမေးလိုက်လေ၏။


"မင်းက အခုထိ ဘာကိုကြည့်နေသေးတာလဲ.."


အထူးလက်ထောက်လင်းက အကြည့်ကို အမြန်လွှဲလိုက်သည်။ ဝမ်းချန်ရှီးအနောက်ကိုလိုက်လာပြီး ပြောလိုက်လေ၏။


"မဟုတ်ပါဘူး၊ ကျွန်တော်က နည်းနည်းအံ့ဩသွားလို့ပါ.."


ဘော့စ်အကြီးစားနှင့်အတူ ဓာတ်လှေကားတစ်ခုတည်းစီးရဲသူရှိနေ၍ အံ့ဩနေခြင်းသာ။


ဝမ်းချန်ရှီးက ယခုလေးတင်တွေ့ခဲ့ရသော လက်ထောက်လေးကိုတွေးမိပြီး အနောက်ကိုတစ်ချက်ကြည့်လိုက်သည်။ ဓာတ်လှေကားက 16 အထိဆင်းသွားပြီးနောက် ရပ်သွားလေ၏။


နောက်တစ်မျိုးပြောရလျှင် ယခုလေးတင်တွေ့ခဲ့ရသောဝန်ထမ်းလေးမှာ ဆယ့်ခြောက်လွှာမှဖြစ်လေသည်။


ဝမ်းချန်ရှီးမှာ မျက်မှန်ကိုတွန်းတင်ပြီး သာမန်အတိုင်းမေးလိုက်သည်။


"ဆယ့်ခြောက်လွှာက ဝန်ဆောင်မှုပေးတဲ့စင်တာလား.."


အထူးလက်ထောက်လင်း: "ဟုတ်ပါတယ်.."


ယခုလေးတင်တွေ့လိုက်ရသောဝန်ထမ်းကို ဝမ်းချန်ရှီးက သံသယဖြစ်နေသည်ဟု အထူးလက်ထောက်လင်းကထင်သွားပြီး မေးလိုက်သည်။


"အခုလေးတင်တွေ့လိုက်ရတဲ့ဝန်ထမ်းကို စစ်ဆေးကြည့်ချင်လို့လားဗျ.."


ဝမ်းချန်ရှီးက နူးညံ့စွာပြောလိုက်လေသည်။


"မလိုပါဘူး ..."


ရှက်သွားသောအထူးလက်ထောက်လင်း: "ဟုတ်ကဲ့.."


ရုံးခန်းထဲသို့ဝင်ပြီးနောက် အထူးလက်ထောက်လင်းက ပိုအရေးကြီးသောအချက်အလက်များကိုခွဲထုတ်ကာ ဘေးဖယ်ထားလိုက်ပြီး တဖက်လှည့်ကာထွက်သွားလေတော့သည်။


တံခါးသို့ရောက်သည်နှင့် အနောက်မှဝမ်းချန်ရှီးအသံကို ရုတ်တရက်ကြားလိုက်ရလေသည်။


"မင်းစစ်ကြည့်ချင်ရင် စစ်လို့ရပါတယ်.."


အထူးလက်ထောက်လင်း: "...."


-


ဤအချိန်ပင် ကျောင်းယန်ယွိက စိတ်ဓာတ်ကျစွာဖြင့် ဆယ့်ခြောက်လွှာကိုပြန်ရောက်လာလေပြီ။


ညီအစ်ကိုဆိုသည့်အဓိပ္ပါယ်ကိုသိရရန် မလွယ်ကူသည့်အခြေအနေမျိုးသို့ရောက်သွားရသည်။


"ဟယ် ရှောင်ကျောင်း ဒီနေ့နောက်ကျပါလား.."


"တကယ်ကြီးရှောင်ကျောင်းဟ၊ ငါက အခုလေးတင် ငါတို့နည်းပညာဝန်ဆောင်မှုပေးတဲ့ဌာနက တစ်ခုခုဖြစ်နေတယ်လို့ထင်နေတာ၊ ဖြစ်ချင်တော့ ရှောင်ကျောင်းမရောက်သေးတာကိုး.."


"ဒီနေ့ တစ်ခုခုဖြစ်လာလို့လား ရှောင်ကျောင်း၊ မင်း ကုမ္ပဏီကို အတော်ကြီးနောက်ကျမှလာတာကို ငါပထမဆုံးတွေ့ရတာပဲ.."


အခြားလုပ်ဖော်ကိုင်ဖက်များ၏ထိုင်ခုံကိုဖြတ်သွားတိုင်း လူတိုင်း ကျောင်းယန်ယွိကိုတွေ့သည့်အခါ အလွန်အံ့ဩသွားကြလေသည်။


သူတို့ကအပိုပြောနေခြင်းမဟုတ်သော်လည်း ကျောင်းယန်ယွိမှာ ကုမ္ပဏီကိုစရောက်သည့်ပထမဆုံးနေ့ကတည်းက မိုးရွာသည်ဖြစ်စေ နေပူသည်ဖြစ်စေ မနက်တိုင်း မိနစ်နှစ်ဆယ်စောပြီး ကုမ္ပဏီကိုရောက်လာလေ့ရှိသည်။


အစကမူ လူတိုင်းမသိခဲ့ကြသော်လည်း အရင်လက ကုမ္ပဏီတက်ရောက်သည့်စာရင်းထွက်လာချိန်တွင် ကျောင်းယန်ယွိက OCD နောက်ဆုံးအဆင့်ဖြစ်ကြောင်းတွေ့သွားကြပြီး အားလုံးက အံ့အားသင့်သွားခဲ့ရသေးသည်။ တစ်ချက်ကြည့်ရုံဖြင့် နာရီက တစ်စက္ကန့်လေးပင်နောက်မကျဘဲ အမြဲတမ်း 8:40:00 ဖြစ်နေသည်လေ။


အားလုံးက အံ့ဩနေကြောင်းတွေ့သည့်အခါ ကျိုးချွမ်က ကျောင်းယန်ယွိအတွက် ပျော်ရွှင်စွာရှင်းပြလိုက်သည်။


"သူဒီနေ့လည်းအစောကြီးလာတာပါ၊ သူက ပစ္စည်းတစ်ခုမေ့ကျန်ခဲ့တယ်ဆိုတာသိသွားပြီး ဘယ်မှာထားခဲ့မှန်းလည်းမသိဘူးလေ.."


ကျောင်းယန်ယွိက 'အင်း' ဟုတုံ့ပြန်ပြီး လုပ်ဖော်ကိုင်ဖက်များကို ယဥ်ကျေးစွာပြုံးပြလိုက်လေသည်။


သူ့အပြုံးကြောင့် ကျိုးချွမ်က ချဲ့ကားပြီးပြောလိုက်သည်။ 


"ပြုံးမနေနဲ့တော့၊ မျက်နှာချင်းဆိုင်တံခါးက ကောင်မလေးတွေကိုကြည့်ဦး၊ သူတို့အကုန်လုံးမင်းကိုငေးနေကြတယ်.."


ကျောင်းယန်ယွိက နားမလည်ပေ။


"ဘာ.."


သူက အလိုလိုခေါင်းမော့ပြီး မျက်နှာချင်းဆိုင်ကိုလှမ်းကြည့်လိုက်သည့်အခါ ချောင်းကြည့်နေသောမိန်းကလေးများနှင့် အချိန်ကိုက်တွေ့သွားလေသည်။


မိန်းကလေးများက ကျောင်းယန်ယွိလှမ်းကြည့်နေသည်ကိုတွေ့သွားသည့်အခါ အကြည့်လွှဲသွားကြသည်။ အချို့ဆိုလျှင် အနည်းငယ်ရှက်သွားကြပြီး ကျောင်းယန်ယွိကိုပင် စိတ်ရင်းကောင်းစွာဖြင့် လက်ပြလာကြသေးသည်။


ဝန်ဆောင်မှုဌာနမှအမျိုးသားများမှာ ၎င်းကိုတွေ့ပြီး မနာလိုမှုနှင့် ချဥ်စူးမှုကိုခံစားလိုက်ကြရသည်။


ဆယ့်ခြောက်လွှာတစ်ထပ်လုံးက ကုမ္ပဏီ၏ဝန်ဆောင်မှုစင်တာဖြစ်ပြီး ဝန်ဆောင်မှုစင်တာတွင် ဌာနနှစ်ခုသာရှိလေသည်။ တစ်ခုက ဝယ်သူများအတွက် ဝန်ဆောင်မှုဌာနဖြစ်ပြီး ကျန်တစ်ခုမှာ တံခါး၏ညာဘက်အခြမ်းရှိ နည်းပညာဝန်ဆောင်မှုဌာနဖြစ်လေသည်။


နည်းပညာဝန်ဆောင်မှုဌာနမှာ ဝယ်သူများအတွက် နည်းပညာပိုင်းကိုကူညီပေးရန်နှင့် ပြုပြင်ပေးရန်တာဝန်ယူထားရသည်။ ကုမ္ပဏီတွင် ထုတ်ကုန်အများအပြားရှိသည်။ ၎င်းတို့ဆက်သွယ်နေရသည့်ဝယ်သူများမှာလည်း အလွန်တရာမှကြီးမားလေသည်။ ထို့ကြောင့် နည်းပညာဝန်ဆောင်မှုဌာနမှာ နည်းပညာဌာနတစ်ခုလုံးမှခွဲထုတ်ခံလိုက်ရပြီး ဝန်ဆောင်မှုစင်တာဌာနသို့ပြောင်းရွှေ့ခဲ့သည်။


အပေါ်ဆုံးထပ်မှာ အင်ဂျင်နီယာပိုင်းနှင့်ထောက်ပံ့ပေးမှုအပိုင်းနှင့်ပတ်သက်သည်။ အောက်ဆုံးထပ်က ထုတ်ကုန်အသစ်ထုတ်လုပ်ခြင်းနှင့် နည်းပညာဌာနတစ်ခုလုံး၏စီစဥ်မှုနှင့်ချိတ်ဆက်ထားသည်။ ထို့ကြောင့် အလွန်တရာမှ ပြောင်းလွယ်ပြင်လွယ်ရှိသော ဝယ်သူနှင့်ဆက်သွယ်ရသည့်နည်းပညာဝန်ဆောင်မှုဌာနကို လွတ်လပ်စွာစီစဥ်နိုင်လေသည်။


အရေးအကြီးဆုံးအချက်မှာ မျက်နှာချင်းဆိုင်မှ ဝယ်သူဝန်ဆောင်မှုဌာနတွင် လှပသိမ်မွေ့ပြီး ချစ်စရာကောင်းသောမိန်းမပျိုလေးများနှင့်ပြည့်နေခြင်းပင်ဖြစ်လေ၏။


မိန်းမငယ်လေးများက ကျောင်းယန်ယွိကို စိုက်ကြည့်နေခြင်းမရှိကြ၍ တော်သေးသည်။


"ရှောင်ကျောင်းရောက်လာကတည်းက ဝယ်သူဝန်ဆောင်မှုဌာနက ကောင်မလေးတွေက ရှောင်ကျောင်းကိုပဲကြည့်နေကြတော့တာ.."


"မင်းကဘာလို့ မနာလိုဖြစ်နေတာလဲ၊ ရှောင်ကျောင်းမလာခင်ကလည်း ကောင်မလေးတွေကမင်းကိုမကြည့်နေကြပါဘူး.."


"မင်းကတော့ သူတို့ကိုမနာလိုမဖြစ်သလိုပြောနေသေးတယ်၊ ငါတို့အားလုံးကစင်ဂယ်တွေပဲကို အချင်းချင်းအနိုင်မကျင့်စမ်းပါနဲ့.."


ဌာနအကြီးအကဲက သူတို့ပြောနေကြသောစကားကိုကြားပြီး အပြုံးလေးဖြင့်ပြောလိုက်သည်။


"ငါကတော့ အရမ်းကောင်းတယ်လို့ထင်တာပဲ၊ ရှောင်ကျောင်း ငါတို့ဌာနကိုရောက်လာကတည်းက လူတိုင်း အသန့်ကြိုက်သွားကြတော့တာပဲ.."


ဤစကားကိုကြားပြီးနောက် နည်းပညာဌာနမှအမျိုးသားများမှာ လက်မခံမှုနှင့် မပြောလည်းသိနိုင်သောနားလည်မှုဖြင့် အပြန်အလှန်ကြည့်မိကြသည်။


ငြင်းစရာမရှိပေ။ ကျောင်းယန်ယွိက အလွန်ချောသလို သန့်ရှင်းသပ်ရပ်သည်မှာ အမှန်ပင်။


သူရောက်မလာခင်က ဌာနတစ်ခုလုံးမှအမျိုးသားများမှာ ပုံမှန်အရ သူတို့၏အသွင်အပြင်ကိုဂရုမစိုက်ကြပေ။ သူတို့က ကပိုကရိုဖြစ်သည့်အခြေအနေအထိမဟုတ်သော်လည်း အားလုံးက otaku များဖြစ်လေ၏။ သူတို့အိမ်နှင့်ကုမ္ပဏီကိုအသွားအပြန်လုပ်ရုံမှလွဲပြီး မည်သည့်နေရာကိုမှမသွားကြပေ။ ဘယ်လိုလုပ်ပြီး သူတို့ကိုယ်သူတို့ သတို့သားနေရာတွင် တွေးရဲကြပါသနည်း။


ကျောင်းယန်ယွိရောက်လာသည့်အခါ ထိုသူက ရွှံ့အိုင်ထဲတွင်နစ်နေသော ကြာပန်းဖြူလေးတစ်ပွင့်နှင့်အတူအလားတူသည်။ နှိုင်းရက်စရာမရှိသလို အန္တရာယ်လည်းမရှိပေ။


ယခင်ကဆိုလျှင် အားလုံးမှာ သူတို့က မြည်းများဖြစ်နေပြီဟုမထင်ခဲ့ကြသော်လည်း ယခုမူ သူတို့က အဆင့်အတန်းနိမ့်နေပြီဟုထင်လာကြသည်။ သူတို့အားလုံးက တီရှပ်နှင့်သာမန်ဘောင်းဘီရှည်များကိုသာဝတ်ထားကြသည်။ လူများက ၎င်းကိုဝတ်ဆင်ကြချိန် ငယ်ရွယ်လှပသောကောလိပ်ကျောင်းသားများနှင့်တူနေချိန်တွင် သူတို့ဝတ်လိုက်သည့်အခါ ပန်ဒါမျက်လုံးများဖြင့်ဆိုက်ကိုကောင်နှင့်တူသွားလေသည်။


နောက်ပိုင်း၌ သူတို့လည်း ရုပ်ချောပြီး သင့်တင့်သောအသားအရေနှင့်ခန္ဓာကိုယ်ကောက်ကြောင်းရှိကြောင်းပြသရန် အလှကုန်ပစ္စည်းများကိုစတင်ဝယ်ယူသုံးစွဲလာကြသည်။ မျက်နှာသစ်ဆေးများကိုသုံးလာကြပြီး ညဘက်တွင် စောစောအိပ်ရာဝင်ကြသည်။ သူတို့၏မျက်နှာအသားအရေမှာ တစ်နေ့တခြားကောင်းမွန်လာကြသည်။


ဌာနအကြီးအကဲမှာ ယခုလို ကျန်းမာရေးနှင့်အသွင်အပြင်ပိုကောင်းလာရန်အတွက် တက်ကြွဖွယ်ပြိုင်ဆိုင်မှုအားတွေ့ရသည်ကို ပျော်ရွှင်နေပြီး ကျောင်းယန်ယွိကို ပိုမိုချစ်ခင်သည့်မျက်လုံးများဖြင့်ကြည့်လာလေသည်။


"ရှောင်ကျောင်း၊ အင်ဂျင်နီယာဌာနက ပြင်စရာရှိလို့ဆိုပြီး ငါတို့ကို လူနည်းနည်းလွှတ်ပေးဖို့ပြောထားတယ်၊ မင်းက ဒီနေ့ ကျိုးချွမ်နဲ့သွားလိုက်ချေ၊ ဒါဆိုရင် အနောက်ကလိုက်ပြီး များများသင်ယူနိုင်တာပေါ့.."


"ဟုတ်ကဲ့ပါ.."


ကျောင်းယန်ယွိ ပထမဆုံးအကြိမ်သွားရခြင်းဖြစ်လေ၏။ ကျိုးချွမ်က ယုံကြည်ချက်အပြည့်ရှိသောအစ်ကိုကြီးအထာဖြင့် ကျောင်းယန်ယွိကိုလမ်းပြသွားပြီး မိတ်ဆက်ပေးနေလေသည်။


"ငါတို့နည်းပညာဌာနက ကုန်ပစ္စည်းတွေထွက်မလာခင် နားလည်ဖို့နဲ့ ခက်ခဲပြီးဖြေရှင်းဖို့မလွယ်တဲ့ပြဿနာတွေအတွက် နည်းပညာပိုင်းမှာကူညီပေးဖို့ပဲလိုအပ်တယ်၊ ဒါပေမဲ့ ငါတို့ကုမ္ပဏီကပစ္စည်းတွေက အရည်အသွေးကောင်းပြီး ဘာပြဿနာမှမရှိဘူး၊ အဲဒါကြောင့်ငါတို့နည်းပညာပိုင်းဝန်ဆောင်မှုတွေကို ပစ္စည်းအသစ်တွေမထွက်လာခင် ကြိုတင်ပြုပြင်ရေးဌာနလို့မှတ်ထားလို့ရတယ်၊ သူတို့က ငါတို့လူတွေကိုအကူအညီတောင်းတဲ့အခါ အင်ဂျင်နီယာပိုင်းတိုးတက်ရေးနဲ့သုသေသနဌာန ဒါမှမဟုတ် နည်းပညာရုံးချုပ်လို့ခေါ်ကြတယ်.."


ကျောင်းယန်ယွိက ခေါင်းညိတ်ပြလိုက်သည်။


"သိပါပြီ.."


ကျိုးချွမ်က စကားဆက်သည်။


"ဒါပေမဲ့ ကုန်ပစ္စည်းအသစ်ထွက်လာပြီးရင် ငါတို့ရဲ့နည်းပညာဝန်ဆောင်မှုကလည်း စပြီးအလုပ်များတော့တာပဲ၊ လိုအပ်ချက်တွေကိုအဆင့်မြှင့်ပေးတာ၊ သတင်းပေးပို့ချက်ကိုအဆင့်မြှင့်ပေးတာ၊ စမ်းသပ်တဲ့ရီပို့တွေကို မြန်အောင်လုပ်ပေးတာတို့ အများစုကိုလုပ်ပေးရတယ်၊ အပြီးသတ်နိုင်ဖို့ကို နည်းပညာဝန်ဆောင်မှုဌာနက အင်ဂျင်နီယာပိုင်းကူညီပေးမှုနှင့် R and D စင်တာနဲ့ပူးပေါင်းပေးဖို့ပဲလိုအပ်တယ်၊ အချို့ လည်ပတ်တာနဲ့ပစ္စည်းတပ်ဆင်တာ အရေးကြီးတဲ့ပစ္စည်းတွေကိုတော့ ငါတို့ကစီစဥ်ပေးဖို့လိုတယ်၊ မင်းက ကုမ္ပဏီကိုရောက်တာမကြာသေးဘူး၊ ပထမလမှာ မင်းလုပ်ထားတဲ့အလုပ်တွေကလည်း အတော်လေးအရေးပါနေပါပြီ၊ မင်းက ဒီလမှအချိန်ပြည့်ဝန်ထမ်းဖြစ်လာတာ၊ ပြီးတော့ ဌာနမှာလည်း လုပ်စရာကအများကြီးမရှိတော့ပါဘူး၊ တစ်ခုခုနဲ့ကြုံရရင် နောက်ကျမင်းနားလည်သွားလိမ့်မယ်၊ မရှက်ပါနဲ့၊ ငါ့ကိုမေးလို့ရတယ်၊ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေကိုမေးလို့လည်းရတယ်.."


ကျောင်းယန်ယွိ: "ကျေးဇူးပါ.."


ကျိုးချွမ်က ပြုံးကာပြောလိုက်လေ၏။


"ရပါတယ်ကွာ၊ အားလုံးက ကုမ္ပဏီတစ်ခုတည်းမှာအလုပ်လုပ်ကြတာပဲ ပြီးတော့ ငါကစီနီယာပဲလေ.."


အင်ဂျင်နီယာဌာနကိုရောက်သည့်အခါ အားလုံးကတကယ်အလုပ်များနေကြပြီး မည်သူကမှဂရုမစိုက်ကြပေ။


နည်းပညာဝန်ဆောင်မှုဌာနမှလူများမှာ အလုပ်ကပင်ပန်းလွန်း၍ ကူညီရန်တွန့်ဆုတ်နေကြပြီး ငွေအပိုလည်းမရသောကြောင့် ဝန်ဆောင်မှုဌာနတွင်အရင်နေလိုက်သည်က ပိုကောင်းပေသည်။


***


(စာရေးသူမှာ ပြောစရာရှိ 


ဟယ်လန်XD: သူတို့တွေ့ကြပြီ။ နည်းနည်းတော့ ကိုးရို့ကားယားဖြစ်နေပေမဲ့ ပထမဆုံးအကြိမ်တွေ့ဆုံမှုကတော့ ဒီလိုပါပဲ။ 


Spoiler: ကျန်တဲ့အပိုင်းတွေက လုပ်ငန်းခွင်မှာဆိုပေမဲ့ အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်။)



❓️❓️❓️