❓️Chapter 3
ကျိုးချွမ်က ဤအခြေအနေနှင့် အကျွမ်းတဝင်ဖြစ်နေပေပြီ။
"ဒါက အွန်လိုင်းအတွက်ပါပဲ၊ offline ပြင်ဆင်ရေးပရောဂျက်တွေဆိုရင် ပိုပြီးတောင်အလုပ်ရှုပ်သေးတယ်.."
အင်ဂျင်နီယာဌာနမှဒါရိုက်တာက လက်ခုပ်တီးလိုက်သည်။
"အခုလေးတင်ပဲ စမ်းသပ်တဲ့လုပ်ငန်းစဥ်တစ်ခုနဲ့ BUG အချက်အလက်တွေကိုစုထားပြီးပြီ၊ မင်းတို့နှစ်ယောက်က အကြိမ်ရေနည်းနည်းပိုပြီးစစ်ပေးကြပါဦး.."
ကျောင်းယန်ယွိက စနစ်စမ်းသပ်သည့်အလုပ်တွင် ခပ်မြန်မြန်စာရင်းသွင်းလိုက်သည်။
ဤစနစ်မှာ စီးပွားရေးစနစ်နှင့်ဆင်တူပြီး မည်သည့်ပြဿနာမှမရှိဘဲ အဆင်ပြေချောမွေ့စွာ အလုပ်လုပ်နိုင်လေသည်။ သို့သော် နည်းပညာဝန်ထမ်းများက စနစ်၏မှတ်ဉာဏ်လည်ပတ်ချိန်တိုင်း လည်ပတ်သည့်မှတ်ဉာဏ်၏ သိုလှောင်ရေးစွမ်းဆောင်ရည်က အဆက်မပြတ်ကျယ်ပြန့်လာသည်ကို တွေ့ရှိသွားခဲ့ကြသည်။ ယင်းကို ပြဿနာတစ်ခုဟုယူဆ၍မရသော်လည်း တကယ်တမ်း၌ ငုပ်လျိုးနေသော အန္တရာယ်ကြီးတစ်ခုဖြစ်လေသည်။ စနစ်တွင်ရှိရမည့် လည်ပတ်နေသည့်မှတ်ဉာဏ်က လုပ်ဆောင်နိုင်စွမ်းထက်ကျော်လွန်သွားသည်နှင့် ရပ်တန့်ခြင်းနှင့်ပျက်စီးခြင်းတို့ကဲ့သို့သောအခြေအနေမျိုးကိုဖြစ်စေလိမ့်မည်။
ကျိုးချွမ်က ပုံမှန်အတိုင်းမေးလိုက်သည်။
"ကြီးထွားလာတဲ့ လည်ပတ်မှုမှတ်ဉာဏ်စုဆောင်းရေးစနစ်က ဘာကိုစုစည်းနေတာလဲ၊ အသုံးမဝင်တဲ့အချက်အလက်တွေကိုလား၊ ထည့်သွင်းချက်တွေကို အလိုအလျောက်ဖျက်ပစ်တဲ့စနစ်ထည့်ထားတာရှိနေတာလား.."
"ရှိနေတယ်၊ ဒါပေမဲ့ ဒါက ဆော့ဖ်ဝဲပြဿနာမဟုတ်ဘူး၊ ပြဿနာကို အခုထိမသိရသေးဘူး၊ သိရအောင် အကြိမ်ကြိမ်စစ်ဆေးနေရတုန်းပဲ.."
"အိုကေ..နည်းနည်းလောက်ထပ်စစ်ဆေးကြည့်ရအောင်.."
ကျောင်းယန်ယွိနှင့်ကျိုးချွမ်တို့က စက်ပစ္စည်းပိုင်းစစ်ဆေးသောဆာဗာရှေ့တွင် ထိုင်လိုက်ကြသည်။ စနစ်ကို ယခုအချိန်အထိဖွင့်ထားပြီး ဆက်တိုက်စစ်ဆေးရန်လိုအပ်နေသေးသည်။ ၎င်းကို ကုမ္ပဏီအပြင်ကိုရော ဌာနအပြင်ကိုပါ သယ်ထုတ်သွား၍မရသေးပေ။
ကျိုးချွမ်က စမလုပ်သေးခင် ကျောင်းယန်ယွိကိုသတိပေးရန် အမှတ်ရလိုက်သေးသည်။
"ရှောင်ကျောင်း နားမလည်ရင် ငါ့ကိုမေးလို့ရတယ်၊ မရှက်ပါနဲ့၊ မင်းရဲ့ပထမဆုံးအကြိမ်လေ၊ မင်းက အစ်ကိုကြီးရဲ့အကူအညီကိုလိုနေသေးတယ်.."
ကျောင်းယန်ယွိ: "ဟုတ်ကဲ့ပါ.."
စမ်းသပ်နေသည့်အချိန်အတွင်း ကျောင်းယန်ယွိက မျက်တောင်တချက်မခတ်ဘဲ အလေးအနက်ထားပြီးအာရုံစိုက်နေသည်ကို ကျိုးချွမ်က တွေ့လိုက်ရ၏။ တဖက်လူက နားလည်၍ပေလား သို့မဟုတ် အရေပါးပြီး မေးရမည်ကိုရှက်နေသည်လားမသိ၍ သူမေးလိုက်သည်။
"ဒီမှာ ဘယ်သူမှမရှိပါဘူး၊ ငါတို့ပဲရှိတာ၊ မေးဖို့ကို မရှက်နေပါနဲ့.."
ကျောင်းယန်ယွိ: "အိုကေ.."
ထို့နောက် ပထမဆုံးအကြိမ် စနစ်၏စမ်းသပ်မှုပြီးသွားသည့်အခါ ကျိုးချွမ်က မည်သည့်ပြဿနာမှရှာမတွေ့ခဲ့ပေ။ သူက ပုံမှန်အတိုင်း အချက်အလက်များကိုစုဆောင်းလိုက်သည်။ ဒုတိယအကြိမ်စမ်းသပ်သည့်အခါ ကျောင်းယန်ယွိက နောက်ထပ် bug သုံးခုကိုတွေ့သွားခဲ့သည်။
ကျိုးချွမ်: "??"
ကျိုးချွမ်: "အဲဒီမှာ bugs တွေရှိနေလား.."
ကျိုးချွမ်က သိပ်မယုံကြည်သေးပေ။ သူယခုထိနားမလည်သေးပေ။ ရှောင်ကျောင်းက ဒီလမှ သူနဲ့အတူတူအလုပ်လုပ်တာလေ။ ဘယ်လိုလုပ်ပြောနိုင်ရတာလဲ။
ဒုတိယမြောက် စနစ်စမ်းသပ်မှုအဆုံးတွင် ကျိုးချွမ်မှာ ကျောင်းယန်ယွိ၏ bug စမ်းသပ်နေမှုအနောက်ကိုလိုက်ကြည့်ပြီး တကယ်ပင် ပြဿနာရှိနေသည်ကိုတွေ့သွားလေသည်။
ဤတစ်ကြိမ်တွင် ကျောင်းယန်ယွိက ပြုပြင်မွမ်းမံသည့်အစီအစဥ်နှင့်အဆင့်မြှင့်တင်ခြင်းအတွက် ဖြေရှင်းချက်များကိုချရေးပြီးနေပေပြီ။
ကျိုးချွမ်: "..??"
တတိယအကြိမ် စနစ်စမ်းသပ်မှုပြီးသည့်အခါ ကျောင်းယန်ယွိက ပြန်လည်ထိန်းသိမ်းသည့်စနစ်ထဲမှ bug များကိုပြုပြင်ပြီးဖြစ်လေသည်။ နောက်နှစ်နာရီအကြာတွင် စနစ်တစ်ခုလုံးကို တိုက်ရိုက်အဆင့်မြှင့်လိုက်သည်။ စနစ်၏ပထမတပိုင်းမှ ထည့်သွင်းချက်များအတိုင်းလည်ပတ်သည့်စနစ်ပင် လွယ်ကူချောမွေ့သည်အထိ အဆင့်မြှင့်ပြီးသားဖြစ်သွားလေသည်။
ကျိုးချွမ်: "....."
သေစမ်း။
ကျိုးချွမ်မှာ မယုံကြည်နိုင်ပေ။
"တကယ်ကြီးလား ရှောင်ကျောင်း၊ မင်း...အတော်လေးလျှိုထားတာပဲ၊ ဒါပေမဲ့ တကယ်ပဲ ဒီလိုမျိုးပြီးသွားလို့ရရဲ့လား.."
ကျိုးချွမ်မှာ ယခုလေးတင် ကျောင်းယန်ယွိအား နားမလည်လျှင်သူ့ကိုမေးရန်ပြောခဲ့သည့်စကားကိုတွေးမိပြီး ပြောမပြတတ်လောက်အောင် ရှက်ရွံ့သွားမိသည်။
ကျောင်းယန်ယွိက စနစ်အသစ်ကိုပြန်ရေးနေပြီး အစမ်းအားဖြင့် စတင်လည်ပတ်ကြည့်နေသည်။
"စနစ်အကုန်လုံးကို အလုပ်လုပ်ရဲ့လားဆိုတာ စစ်ဆေးဖို့လိုတယ်ဗျ၊ စမ်းသပ်ကြည့်မှ သိရမှာပေါ့.."
ကျိုးချွမ် အဆင့်မြှင့်ပြီးနောက်ပိုင်း စမ်းသပ်ထားသည့်အချက်အလက်များကို မျက်တောင်မခတ်ဘဲကြည့်လိုက်သည်။ ပိုကြည့်လေ ပိုပြီးရှော့ခ်ရလာလေပင်။
အဆင်ကိုချောနေတာပဲ...
ဒီလိုအမြန်နှုန်း...
အင်ဂျင်နီယာဌာနဒါရိုက်တာက ကျောင်းယန်ယွိကို ရတနာတစ်ပါးသဖွယ်ကြည့်လိုက်သည်။
"တော်လိုက်တဲ့ကောင်လေး၊ မင်းကတကယ်လုပ်နိုင်တာပဲ.."
ပြဿနာကိုရှာတွေ့သွားပြီးနောက် သူတို့က စနစ်ကို ဆက်တိုက်စမ်းသပ်ပြီး bug များကိုဖယ်ရှားခဲ့ကြသည်။ ၎င်းကို တစ်ပတ်ထက်ပိုကာ ချိန်ညှိပေးရပေမည်။
ယခင်က တစ်ပတ်ထက်ပိုကြာလျှင် နည်းပညာဝန်ဆောင်မှုပိုင်းက နေ့တိုင်း လာရောက်ကူညီသော်လည်း စမ်းသပ်ထားသည့်အချက်အလက်များကိုစုဆောင်းခြင်းအတွက်သာ တာဝန်ယူထားကြရသည်။ စမ်းသပ်သည့်အချက်အလက်များကို တင်ပြပြီးသည်နှင့် R and D အင်ဂျင်နီယာဌာနနှင့် bug များကိုပြန်လည်ဖယ်ရှားပြီးပြုပြင်ပေးသော အခြားနည်းပညာဝန်ထမ်းများ၏တာဝန်သာဖြစ်သွားလေသည်။ (နည်းပညာဝန်ဆောင်မှုဌာနက စစ်ဆေးပေးပြီး ကျန်တာကို သူတို့ဘာသာဆက်လုပ် )
ထို့အပြင် နည်းပညာဝန်ဆောင်မှုဌာနမှာ "ဝန်ဆောင်မှု" ဧရိယာထဲ၌ပင် အဓိကတာဝန်ယူရလေသည်။ ပရိုဖက်ရှင်နယ်နည်းပညာအကြောင်းပြောချင်လျှင် နည်းပညာဌာနတွင်သာပြောနိုင်ပေမည်။ သို့သော် နည်းပညာဌာနမှ နည်းပညာဝန်ထမ်းများတွင် ဝန်ဆောင်မှုဌာနေလာက် အချိန်မရှိကြပေ။
ကံကောင်း၍ 'ဝန်ဆောင်မှု' တွင်တာဝန်ရှိသူတစ်ယောက်က သူတို့၏စနစ်ကိုပြောင်းလဲပေးရန်ရောက်လာရုံမက ပထမဆုံးအပိုင်းကိုလည်းပြန်ရေးပေးသွားသေးသည်။
ထို့အပြင် ဤရွက်ပုန်းသီးလေးက ပရိုဖက်ရှင်နယ်နည်းပညာဝန်ထမ်းလည်းမဟုတ်ပေ။
ဤသို့ဖြင့် နေ့လယ်ခင်းတစ်ခင်းကုန်သွားလေပြီ။
စနစ်အသစ်ကို အကြိမ်ရေရာနှင့်ချီပြီး အရှိန်မြင့်လည်ပတ်ပြီး မည်သည့် bugs ကိုမျှမတွေ့ရတော့သည့်နောက် ကြီးကြပ်သူ၏နှလုံးသားက စတင်ရှုပ်ထွေးလာတော့သည်။
"မင်းနာမည်က ရှောင်ကျောင်း နော်၊ ငါတို့ရဲ့ အင်ဂျင်နီယာဌာနကိုလာဖို့စိတ်ဝင်စားလား၊ ငါတို့ဌာနရဲ့လစာနဲ့အကျိုးခံစားခွင့်တွေက မင်းတို့ဝန်ဆောင်မှုဌာနနဲ့ယှဥ်ရင် ပိုကောင်းတယ်.."
ကျိုးချွမ်မှာ တောင့်တင်းနေပြီး ကြီးကြပ်သူ၏မေးခွန်းကိုကြားရသည့်အခါ ကျောင်းယန်ယွိကို တံတောင်ဖြင့်တွက်ကာ အမြန်လက်ခံလိုက်ရန်သတိပေးလိုက်သည်။
ဒီနေရာက R and D စင်တာရဲ့ အင်ဂျင်နီယာဌာနကွ။ နည်းပညာကျောရိုးကြီးကွ။
မမျှော်လင့်ဘဲ ကျောင်းယန်ယွိက လက်မခံရုံမက တိုက်ရိုက်ပင်ငြင်းလိုက်သေးသည်။
ကြီးကြပ်သူမှာ အံ့ဩသွားရသည်။
"မင်းက မလာချင်ဘူးလား.."
ကျောင်းယန်ယွိ: "ဟုတ်ပါတယ်ခင်ဗျာ.."
ကြီးကြပ်သူက အံ့ဩသွားလေသည်။
"အကြောင်းအရင်းကိုသိခွင့်ရမလား.."
ကျောင်းယန်ယွိ: "အဲဒီဌာနက အလုပ်များလို့ပါ.."
ကြီးကြပ်သူ: "ဟင်.."
အလုပ်များတာက ကောင်းတာပဲမဟုတ်ဘူးလား။
အလုပ်များတယ်ဆိုတာက ကုမ္ပဏီရဲ့အလုပ်ကကောင်းတယ်လို့ဆိုလိုတာပဲလေ။ ဝန်ထမ်းတွေရဲ့လစာက မြင့်မားပြီး သူတို့ရဲ့နည်းပညာကျောရိုး ဘောနပ်စ်ကလည်း မြင့်မားတယ်လို့ဆိုလိုတာလေ။
ကျောင်းယန်ယွိက ခေါင်းယမ်းသည်။
အလုပ်များရင် အနာဂတ်ရဲ့ညီအစ်ကိုနဲ့ဆက်သွယ်ဖို့ အခွင့်အရေးရမှာမဟုတ်တော့ဘူး။
အလုပ်များရင် ညီအစ်ကိုနဲ့ အလုပ်ကနေ သွားလိုက်ပြန်လုပ်မလုပ်နိုင်တော့ဘူး။ ခရီးတွေထွက်ပြီး သောက်စားလို့လည်းမရတော့ဘူး။
သူက အသက်ကြီးလာရင် အငြိမ်းစားယူဖို့လာတာ။ အမြဲတမ်းအချိန်ပိုဆင်းနိုင်မှာမဟုတ်ဘူး။
အရေးအကြီးဆုံးက လက်ရှိ သူနဲ့ဝမ်းချန်ရှီးကြားက ခင်မင်မှုဘားတန်းက 0%
သူခေါင်းငုံ့လိုက်ပြီး အသိပေးစာကိုမြင်သွားခဲ့သည်။
[အထက်လူကြီးတွေသုံးတဲ့ဓာတ်လှေကားကိုပြင်ထားပြီးပြီ၊ အားလုံး အလုပ်ပြီးရင် အထက်လူကြီးတွေနဲ့တည့်တည့်တိုးမှာကို စိတ်ပူစရာမလိုတော့ဘူး]
အဖွဲ့ထဲတွင် ဂုဏ်ပြုသံများဖြင့်မြိုင်ဆိုင်နေပြီး လူတိုင်းက အပြန်အလှန် ပန်းများဖြင့်ပစ်ပေးနေကြကာ ယနေ့ညတွင် အချိန်ပိုဆင်းစရာမလိုတော့သည့်အတွက် ပွဲတော်ကျင်းပနေလေသည်။
ကျောင်းယန်ယွိ နှုတ်ခမ်းကိုဖိလိုက်ပြီး အခြားသူများနှင့်မတူသောကြောင့် ဂုဏ်ပြုနေသည့်အထဲတွင်ဝင်မပါလိုက်ပေ။
သူ၏ အနာဂတ်ညီအစ်ကိုနှင့် ___တွေ့ရမည့် တစ်ခုတည်းသောအခွင့်အရေးလေးမှာလည်းဆုံးရှုံးသွားရလေပြီ။
လူသားဖြစ်ရတာ တကယ်ခက်တာပဲ။
***
သူတို့တာဝန် ပြီးသွားပြီးနောက် အလုပ်မသိမ်းခင် တစ်နာရီကျန်နေသေးသည့်အပြင် အင်ဂျင်နီယာဌာနကလည်း သူတို့အတွက် တာဝန်များကိုမစီစဥ်ပေးနိုင်သောကြောင့် သူတို့ဌာနကို ပြန်လွှတ်လိုက်ကြသည်။
ကျောင်းယန်ယွိသွားတော့မည့်အချိန်တွင် ကြီးကြပ်သူက ကျောင်းယန်ယွိကိုထပ်မေးရန် မမေ့သေးပေ။
"ရှောင်ကျောင်း၊ မင်းတကယ်ပဲ ငါတို့အင်ဂျင်နီယာဌာနကိုမလာချင်ဘူးလား၊ လစာနဲ့အကျိုးခံစားခွင့်တွေရမှာနော်၊ မင်းကငယ်သေးတယ် အိမ် ဒါမှမဟုတ် တစ်ခုခုရဖို့ ငယ်ရွယ်တဲ့အချိန်မှာ ပိုက်ဆံရှာသင့်တယ်.."
ကျောင်းယန်ယွိ အခုထိငြင်းနေဆဲပင်။
ကျောင်းယန်ယွိက မတုံ့ဆိုင်းနေဘဲ ထွက်သွားသည်ကိုတွေ့သည့်အခါ ကြီးကြပ်သူမှာ နောင်တမရဘဲမနေနိုင်တော့ပေ။
၎င်းကိုတွေ့ပြီး သူ၏ နည်းပညာလက်ထောက်များအနက်မှတစ်ယောက်က မနေနိုင်တော့ဘဲပြောလိုက်ရတော့သည်။
"တကယ်တော့ အဲဒါကအဆင်ပြေမယ်လို့ ကျွန်တော်ထင်တယ်၊ ဒီတစ်ယောက်က El စနစ်ရဲ့ပထမတစ်ပိုင်းကိုပြန်ရေးခဲ့ပေမဲ့ သူရေးတာက ကျွန်တော်တို့ရဲ့မူလအစီအစဥ်အပေါ်မှာ အခြေခံထားတာပဲလေ၊ ရေးဖို့ကမခက်ပါဘူး.."
လက်ထောက်မှာ ကြီးကြပ်သူက အလွန်တရာမှပုံကြီးချဲ့နေသည်ဟုထင်သွားလေသည်။ သူသာဆိုလျှင်လည်း ထိုအတိုင်းသာလုပ်လိမ့်မည်။
ထို့အပြင် အစပိုင်းကို သတ်မှတ်ထားပြီးဟုယူဆရသည့် မူလအချက်အလက်များက ထိုနေရာတွင်သာရှိနေကြသည်။ နောက်ခံနှင့် ဇာတ်ကောင်ဒီဇိုင်းမှာ အချောသတ်ပြီးသားဖြစ်လေသည်။ သို့ဖြစ်၍ ကျန်သည့်အပိုင်းများမှာ ဤနောက်ခံအရရေးသားထားပြီး မည်သည့်အင်ဂျင်နီယာပိုင်းနှင့် နည်းပညာဝန်ထမ်းမဆို ရေးသားနိုင်သည်ဟုဆိုလိုသည်။
ကြီးကြပ်သူက သူ့ကိုတစ်ချက်လှမ်းကြည့်ကာ သူက အခြားဌာနမှလူကိုအလေးထားနေ၍ တဖက်လူက မကျေမနပ်ဖြစ်နေမှန်းသိလိုက်သောကြောင့် ပြောလိုက်လေသည်။
"ရေးတတ်ရင် ဘာလို့ ရှာမတွေ့ရတာလဲ၊ ရှောင်ကျောင်းရောက်လာတော့ ခဏလေးနဲ့ တွေ့သွားတယ်လေ ... ဘာလို့ဆက်မပြောတော့တာလဲ.."
နည်းပညာဝန်ထမ်းမှာ ရှက်ရှက်နှင့်သူ့နှာခေါင်းကိုကိုင်လိုက်သည်။
"ဒါကတော့...အချက်အလက်တွေကို စုဆောင်းနေတုန်းပဲမဟုတ်လား.."
ကြီးကြပ်သူ: "အေးပါ၊ အေးပါ၊ မင်းတို့အားလုံးက အရည်အချင်းရှိတာငါသိပါတယ်၊ ပျင်းမနေကြနဲ့တော့၊ သွက်သွက်လက်လက် အလုပ်လုပ်ကြတော့.."
ကြီးကြပ်သူက ယင်းကို ရိုးရှင်းသောကိစ္စဟုမထင်ပေ။ သူ၏လုပ်ဖော်ကိုင်ဖက်များက စနစ်ကို အဆင့်မြှင့်ထားကြောင်း အာမခံလျှင်ပင် ယခုလိုပြီးပြည့်စုံသောဗားရှင်းကို နှစ်နာရီတည်းဖြင့် မရေးနိုင်ပေ။
မည်သို့ပင်ဖြစ်စေ ကျန်းယန်ယွိနှင့်ပတ်သက်ပြီး သူအလွန်အမင်း အကောင်းမြင်နေမိသည်။
နည်းပညာဌာနလက်ထောက်မှာ ကြီးကြပ်သူက လက်မလျှော့ရုံတင်မက ကျောင်းယန်ယွိ၏ကိုယ်ရေးအကျဥ်းကိုရရန်အတွက် ဝန်ထမ်းရေးရာဌာနကို တိုက်ရိုက်ဖုန်းခေါ်နေသည်ကိုတွေ့လိုက်ရ၏။
ကျောင်းယန်ယွိက နိုင်ငံအတွင်းမှ မည်သည့်ထိပ်တန်းကျောင်းကမှ ဘွဲ့ရခဲ့ခြင်းမရှိကြောင်းသိလိုက်ရပြီး ဘွဲ့လွန်ကျောင်းသားဖြစ်မည့်အစား ဘွဲ့မရသေးသောကျောင်းသားပင်ဖြစ်ကြောင်းသိလိုက်ရသည့်အခါ လက်ထောက်မှာ မဖော်ပြတတ်လောက်သည်အထိ စိတ်အေးသွားတော့သည်။
ထိုသူက ဝန်ဆောင်မှုစင်တာကိုသာဝင်နိုင်သည်မှာ အံ့ဩစရာမဟုတ်တော့ပေ။ သူ၏ကျောင်းစရိတ်က မလောက်မငှဖြစ်နေပုံပင်။
-
အလုပ်ဆင်းတော့မည့်အချိန်ကပ်လာသည်နှင့်အမျှ လူတိုင်း၏စိတ်အခြေအနေက ပေါ့ပါးလာလေသည်။
ကျိုးချွမ်က အင်ဂျင်နီယာဌာနအကြောင်းကို ဆက်တိုက်ပြောခဲ့သည်။ သူ့စကားများက အမြဲကြီးကျယ်နေသည်။ သူ၏ကွန့်ညွန့်ထားသောစကားများအရ ကျောင်းယန်ယွိက အင်ဂျင်နီယာဌာနတွင် သူ့အရည်အချင်းကို မည်သို့ပြခဲ့သည့်အကြောင်း၊ အင်ဂျင်နီယာဌာနက ကျောင်းယန်ယွိ၏နည်းပညာကို မည်မျှလေးစားနေကြကြောင်း ပါလေသည်။
"တကယ်ကြီးလား၊ ရှောင်ကျောင်းက အဲဒီလောက်တော်တာလား.."
"ငါတော့ကြိုးစားနေပြီ၊ ဒါဆို ရှောင်ကျောင်းမှာ အင်ဂျင်နီယာပိုင်းသုသေသနနဲ့ဖွံ့ဖြိုးတိုးတက်ရေးစင်တာကိုသွားဖို့အခွင့်အရေးရှိနေပြီလား၊ အဲဒီကလစာက နှစ်ဆတောင်လေ.."
"ရှောင်ကျောင်း မင်း ငါတို့ကိုဝယ်ကျွေးရမယ်နော်.."
လူတိုင်းက အားတက်သရောပြောဆိုနေကြသော်ငြား သူတို့လှည့်လိုက်သည့်အခါ ကျောင်းယန်ယွိက ငူငူငိုင်ငိုင်ဖြင့်ထိုင်နေသည်ကိုတွေ့လိုက်ရသည်။ သူ့မျက်လုံးတို့က မည်သည့်နေရာကိုမျှမရောက်နေဘဲ ပကတိငြိမ်သက်နေ၏။
ကျိုးချွမ်ကမေးလိုက်သည်။
"ရှောင်ကျောင်း၊ ဘာဖြစ်နေတာလဲ၊ ငြင်းလိုက်မိလို့ နောင်တရသွားတာလား.."
ကျောင်းယန်ယွိ မလှုပ်သေးပေ။
ကျိုးချွမ်: "ရှောင်ကျောင်း..ရှောင်ကျောင်း..."
နောက်ဆုံး ကျောင်းယန်ယွိက လှုပ်ရှားလာပြီး ကျိုးချွမ်ကို ဖြည်းညင်းစွာကြည့်လာသည်:
"?"
ကျိုးချွမ်: "ဘာဖြစ်နေတာလဲ၊ အခုလေးတင် ငါမင်းကိုခေါ်နေတာတောင် မင်းကမတုံ့ပြန်ဘူးလေ.."
ကျောင်းယန်ယွိ: "အိုး..အခုလေးတင် ကျပ်သွားလို့ပါ.."
ကျိုးချွမ်: "ဟမ်.."
ကျောင်းယန်ယွိက ကျပ်နေသောဦးနှောက်ကို ပြန်အလုပ်လုပ်နိုင်ရန်ပုတ်နေသည့်နှယ် သူ့ခေါင်းကိုပုတ်နေလေသည်။
သူက ကုမ္ပဏီထဲတွင် ဝမ်းချန်ရှီးနှင့်ဆုံတွေ့နိုင်ချေကို တွက်ချက်နေခဲ့သည်။ ဒသမများမှာများလွန်းနေပြီး ဖြစ်နိုင်ချေမှာအလွန်တရာမှနည်းပါးနေ၍ သူ့ကိုဦးနှောက်ခြောက်သွားစေသည်။
လူသားဦးနှောက်မှာ တကယ်ပင် ချစ်ပ်ပြားတစ်ပြားနှင့်တူလေသည်။
ကျိုးချွမ်က ကျောင်းယန်ယွိကို အနီးကပ်ကြည့်လိုက်ပြီး ထိုသူက တကယ်ပင် အင်ဂျင်နီယာဌာနကို သိပ်စိတ်မဝင်စားကြောင်းသိသွားကာ သူကလည်း ထိုသူ၏အတွေးကိုပင် နားမလည်တော့ပေ။
အလုပ်ဆင်းချိန်ရောက်သည်နှင့် ကျောင်းယန်ယွိ ချက်ချင်းထပြီးထွက်သွားလေသည်။
သူ ဓာတ်လှေကားအနားတွင် ခဏမျှရစ်သီရစ်သီလုပ်နေသော်လည်း မည်သည့် ရာထူးမြင့်ဝန်ထမ်းတစ်ယောက်ကမျှ ဝန်ထမ်းသုံးဓာတ်လှေကားအားသုံးနေသည်ကို မတွေ့ရပေ။ ကြည့်ရသည်မှာ ရာထူးမြင့်သည့်ဘက်မှဓာတ်လှေကားကို တကယ်ပြုပြင်ပြီးပြီထင်သည်။
ကျောင်းယန်ယွိ အိမ်သို့ စိတ်ပျက်လက်ပျက်ဖြင့်သာ ပြန်လာခဲ့လိုက်သည်။
ဤအခိုက်အတန့်လေးတွင် သူ၏ကိူယ်ရေးအချက်အလက်များက ဝမ်းချန်ရှီးအရှေ့သို့ရောက်နေသည်ကို သူမသိပေ။
ဝမ်းချန်ရှီးက ကျောင်းယန်ယွိ၏ကိုယ်ရေးအချက်အလက်ကိုကြည့်နေလေသည်။
အထူးလက်ထောက်လင်းက အချက်အလက်များကိုအစီအရင်ခံနေချိန်တွင် ကျောင်းယန်ယွိ၏ အချက်အလက်များအားလုံးကို သူမှတ်သားထားပြီးဖြစ်လေသည်။ သူ့အသံက ရှင်းလင်းပြတ်သားနေလေသည်။
"ကျောင်းယန်ယွိ၊ နည်းပညာဝန်ဆောင်မှုဌာန၊ လွန်ခဲ့တဲ့နှစ်လကမှ ကုမ္ပဏီကိုရောက်လာတယ်၊ ဌာနမန်နေဂျာက သူ့ရဲ့လျှောက်လွှာကို တာဝန်ယူခဲ့ပါတယ်၊ အချိန်ဇယားအရ သူ့ရဲ့အလုပ်သင်ကာလကပြီးဆုံးသွားပါပြီ၊ အချိန်ပြည့်ဝန်ထမ်းအဖြစ် ပြောင်းလဲသွားပါပြီ.."
ဝမ်းချန်ရှီး၏မျက်လုံးများက ရှောင်ကျောင်း၏အိုင်ဒီဓာတ်ပုံအပေါ်ရှိ ညာဘက်ထောင့်ပေါ်သို့ရောက်သွားလေသည်။
ဓာတ်ပုံထဲမှအမျိုးသားငယ်မှာ ချာတိတ်လေးတစ်ယောက်နှင့်ပိုတူနေသည်။ သူ့မျက်နှာက အလွန်တရာမှသန့်ရှင်းပြီး ချောမောနေ၏။
မျက်လုံးအိမ်အရောင်မှာ နက်မှောင်ကာ မျက်လုံးများမှာ တောက်ပပြီးအားအင်အပြည့်ရှိသည်။ ထိုသို့သောအသွင်အပြင်မျိုးက လူများအား ဖြောင့်မတ်ပြီးသူရဲကောင်းဆန်သောခံစားချက်မျိုးကိုပေးစွမ်းလေသည်။
သို့သော်လည်း လက်တွေ့ဘဝမှကောင်လေးက သုံးဖက်မြင်ထက်ပိုပြီး.. မျက်နှာကျမှာ ဓာတ်ပုံထဲကထက်ပင် ပိုလှပလေသည်။
ထို့အပြင် မိသားစုနှင့်လူမှုဆက်ဆံရေးနယ်မှာလည်း အလွန်ရိုးရှင်းသည်။ ရိုးရှင်းလွန်းသည်မှာ A4 စာမျက်နှာ၏သုံးပုံတစ်ပုံပင်မရှိပေ။
"ကုမ္ပဏီကိုဝင်လာတာ နှစ်လပဲရှိသေးတယ်ပေါ့.."
"ဟုတ်ပါတယ်၊ ဘော့စ်ဝမ်း.."
လင်းထိုက်ကျူးက သံသယဖြစ်စွာဖြင့်မေးလိုက်သည်။
"ဘော့စ်ဝမ်း၊ သူ့ရဲ့ကိုယ်ရေးအချက်အလက်တွေကိုလိုချင်လားဗျ၊ သူဌေးက သံသယ.."
ဝေ့လန်နည်းပညာကုမ္ပဏီမှာ စီးပွားရေးအရနည်းပညာကုမ္ပဏီများကိုဦးဆောင်နေသည်။ သူတို့တွင် ပြိုင်ဆိုင်သူအများအပြားမရှိပေ။ အထူးသဖြင့် ကုမ္ပဏီက စစ်တပ်နှင့်အစိုးရဖြင့် စာချုပ်ချုပ်လိုက်ချိန်တွင်ဖြစ်သည်။
ပရောဂျက်အသစ်တွင် ယုံကြည်ချက်အပြည့်ရှိသောသဘောတူညီချက်အများအပြားပါဝင်ထားသည်။ အခြားနိုင်ငံ သို့မဟုတ် အခြားကုမ္ပဏီများမှ 'သူလျှို' များဝင်လာသည့်အရေးမှရှောင်ရှားရန် ကုမ္ပဏီတွင် သတိပေးချက်ထုတ်ပြန်ထားခဲ့သည်။ ဤကာလအတောအတွင်းလုံခြုံရေးမှာ ပြန်လည်သုံးသပ်ရန် အခက်အခဲရှိမည်ဖြစ်ပြီး ဖြစ်နိုင်သောသံသယရှိသူတစ်ယောက်ကိုမျှ အလွတ်ပေး၍မရပေ။
***
စာရေးသူတွင်ပြောစရာရှိပါသည်။
PS
ဝမ်းချန်ရှီး: သူက ငါ့ရဲ့စံတွေနဲ့ကိုက်ညီတယ်(မြင်မြင်ချင်းအချစ်)
ကျောင်းယန်ယွိ: ညီအစ်ကိုတွေက သိရဖို့ကိုတကယ်ခက်တာပဲ(အလုပ်မဖြစ်မှတော့ ထားလိုက်တော့. jpg)
ဝမ်းချန်ရှီး(Erkangshou.jpg): မဟုတ်ဘူးလေ။ ထပ်ကြိုးစားကြည့်ပါဦး။
❓️❓️