Ch 1
Viewers 1k

❓️Chapter 1

သူက စက်ရုပ်တစ်ရုပ်နဲ့တူနေတယ် 




"ကျန်းမာတဲ့ခန္ဓာကိုယ်၊ သာမန်ရုံးအလုပ်၊ ညီအစ်ကိုကောင်း၊ အခြားလိုအပ်တာရှိပါသလား.."


"မရှိတော့ပါဘူး.."


"ချပ်စ်ပြားကိုအသုံးပြုပြီး host တွေကို မကူညီချင်တော့ဘူးဆိုတာ သေချာပါပြီလား၊ ဆုလဒ်အနေနဲ့ မိမိကိုယ်ကို အကောင်းဆုံးစနစ်အဖြစ် အသုံးပြုလို့ရပါတယ်.."


"မလိုတော့ပါဘူး.."


သူက စနစ်နံပါတ်ဆယ့်တစ်အဖြစ် ဆက်မနေတော့ကြောင်းကို သဘောပေါက်သွား၍ ညွှန်ကြားသူက အနည်းငယ်နှမြောသွားကာ သက်ပြင်းချလေသည်။


"အိုကေ ကောင်းပါပြီ၊ မင်းအတွက်စီစဥ်ပေးထားတဲ့ညီအစ်ကိုက မင်းခန္ဓာကိုယ်အသစ်နဲ့ပတ်ဝန်းကျင်နဲ့အသားမကျခင်အထိ ပေါ်လာမှာမဟုတ်ဘူး.."


"သူ့ကို ချက်ချင်းထွက်လာခိုင်းလို့မရဘူးလား.."


နံပါတ်ဆယ့်တစ်က အနည်းငယ်မျှစိတ်ပျက်သွားလေသည်။


"ခင်မင်မှုဆိုတာ အချိန်လိုတယ်၊ မင်းတို့က အရင်ကလည်း အတူရှိနေခဲ့ကြတာမဟုတ်ဘူး၊ နက်ရှိုင်းတဲ့ညီအစ်ကိုဆက်ဆံရေးကို ဘယ်လိုတိုးတက်လာအောင် လုပ်လို့ရမှာလဲ၊ အရင်ထဲက တိုးတက်အောင်လုပ်ခဲ့ရင် မင်းနဲ့မဟုတ်ဘဲ အခြားတစ်ယောက်နဲ့ဖြစ်သွားမှာပေါ့၊ မင်းက အခြားလူတစ်ယောက်နေရာမှာတော့ အစားထိုးမခံချင်ဘူးလေ.."


နံပါတ်ဆယ့်တစ်က ညွှန်ကြားသူစကားကိုမှန်ကန်သည်ဟု ထင်လိုက်သည်။ အချို့အရာများက ရှောင်လွှဲ၍မရသောကြောင့် သူလက်ခံလိုက်သည်။


ထို့နောက် သူ အိပ်မက်ထဲမှနိုးထလာလေသည်။


မနက်ခင်းနေရောင်ခြည်လေးမှာဖြာကျနေပြီး တောင်ပိုင်းနွေရာသီမှာ အပူပေးအုတ်ဖိုကြီးနှင့်တူလေသည်။ တောင်ဘက်ကိုမျက်နှာမူထားသော မာစတာအိပ်ခန်းမှာ အလွန်တရာမှခြောက်သွေ့နေပြီး မနက်ခုနစ်နာရီတွင် အလွန်အမင်းအသက်ရှူကျပ်စေသည်။


ကျောင်းယန်ယွိ အိပ်ရာမှနိုးလာသည်နှင့် ချက်ချင်းထမထိုင်သေးဘဲ ထုံးစံအတိုင်း အိပ်ရာပေါ်တွင်ဆက်လှဲရင်း အတွေးလွန်နေမိသည်။


လူသားဦးနှောက်က ချပ်စ်ပြားတစ်ပြား၏လုပ်ဆောင်ပုံလောက် မမြန်ဆန်၍ဖြစ်လိမ့်မည်။


 ကျောင်းယန်ယွိမှာ နိုးလာပြီးနောက် အိပ်ချင်မူးတူးဖြစ်နေသေးကြောင်း နှစ်မိနစ်နှင့်သုံးဆယ့်နှစ်စက္ကန့်ကြာမှသိလိုက်ရသည်။ ယခုဆိုလျှင် သူက ပုံမှန်လူသားတစ်ယောက်ဖြစ်သွားလေပြီ။


ဤတုံ့ပြန်မှုနှေးကွေးသော ဦးနှောက်လုပ်ဆောင်ချက်မှာ အပူထိန်းပစ္စည်းတစ်ခုနှင့်တူနေပြီး ကျောင်းယန်ယွိကို မျက်မှောင်ကြုတ်မိစေသည်။ သူက မထိန်းထားနိုင်တော့ဘဲ ခေါင်းကိုပုတ်လိုက်မိ၏။


သူက သူ့ခေါင်းကို တီဗွီဟောင်းကြီးတစ်လုံးပမာတွေးလိုက်သည်။ အသာတောက်လိုက်ရုံဖြင့် ၎င်းက နောက်တဖန်အလုပ်စလုပ်လာခဲ့သည်။


ကျောင်းယန်ယွိက ဆေးကြောရန်အတွက် အိပ်ရာမှထလိုက်သည်။


သူ့အတွက် သွားတိုက်ရန် သုံးမိနစ်၊ မျက်နှာသစ်ရန် တစ်မိနစ်နှင့် မနက်စာစားရန် မိနစ်နှစ်ဆယ်ခန့်ကြာလေသည်။ ခုနစ်နာရီခွဲအတိတွင် သူအိမ်အပြင်သို့ထွက်လာခဲ့သည်။


သူအိမ်တံခါးကိုပိတ်လိုက်သည်နှင့် ဘေးအခန်းမှ အိမ်နီးချင်း၏အခန်းတံခါးလည်းပွင့်လာလေသည်။ ထိုသူမှာ မြေးကို ကျောင်းလိုက်ပို့ပေးမည့် သက်ကြီးပိုင်းအမျိုးသမီးတစ်ယောက်ဖြစ်လေ၏။


အဘွားက ပြုံးပြလာလေသည်။


"ဂွတ်မောနင်း ရှောင်ကျောင်း၊ အလုပ်သွားတော့မှာလား.."


ကောင်လေးကလည်း လှမ်းအော်နေလေသည်။


"ဂွတ်မောနင်း အစ်ကိုကြီး၊ နန်နန်လည်း ကျောင်းသွားတော့မှာ.."


ကျောင်းယန်ယွိက အပြုံးကြီးကြီးဖြင့်တုံ့ပြန်လိုက်သည်။


"ဂွတ်မောနင်း.."


သူတို့သုံးယောက်က ဓာတ်လှေကားကိုအတူစီးပြီး ရပ်ကွက်ထဲမှ အတူထွက်လာခဲ့ကြသည်။


ကလေးလေးနန်နန်က ကျောင်းယန်ယွိကို မကြာခဏခိုးကြည့်နေပြီး ခဏအကြာ၌ လျို့ဝှက်ချက်ကြီးတစ်ခုကိုသိသွားသည့်အလား သူ့ပါးစပ်ကို ရုတ်တရက်အုပ်လိုက်လေသည်။


အဆုံးတွင် သူဆက်ပြီးမထိန်းထားနိုင်တော့ဘဲ တိုးတိမ်စွာပြောလိုက်လေသည်။


"အဘွား၊ အစ်ကိုကြီးက စက်ရုပ်နဲ့တူနေတယ်.."


ကျောင်းယန်ယွိက ရပ်သွား၏။ သူ့အပြုံးက တဖြည်းဖြည်းအေးခဲသွားပြီး သွားခြောက်ချောင်းပေါ်ရုံသာပြုံးလာလေသည်။


အဘွားကရယ်လေသည်။


"ဘယ်ကစက်ရုပ်ရမှာလဲ၊ မင်း ကာတွန်းကားတွေကြည့်တာ အရမ်းများနေပြီ.."


သူမက ထိုသို့ပြောကာ ကျောင်းယန်ယွိကိုကြည့်လိုက်သည်။


ကျောင်းယန်ယွိက အလွန်ကြည့်ကောင်းလှသည်။ ခြေတံရှည်နှင့် လက်တံရှည်များဖြင့် အရပ်ရှည်ပြီး ပိန်ပါးသည်။ သူ၏ကော့တက်နေသောမျက်တောင်လေးများအောက်မှ ပယင်းရောင်မျက်လုံးများက ပိုမိုကြည်လင်ပြီးဖောက်ထွင်းမြင်ရစေသည်။ သူ့မျက်နှာက အလွန်နူးညံ့သော်လည်း မိန်းမဆန်နေခြင်းမရှိပေ။ ထိုအစား လူများကို ငယ်ရွယ်ပြီး ရွှင်ပျသောခံစားချက်မျိုးပေးလေသည်။ သူ၏လူငယ်ဆန်သောသဘောထားက သူ့ကိုကောလိပ်ကျောင်းသားတစ်ယောက်နှင့် ပို၍တူသွားစေသည်။


သို့သော် သူ့ကို ဂရုတစိုက်ကြည့်ပြီးနောက် အဘွားအိုမှာ သူမ​မြေးက ထိုသို့ပြောလိုက်ရသည့်အကြောင်းအရင်းကို ရုတ်တရက်နားလည်သွားလေသည်။


သူမက သူမမြေးနှင့်အတူ ကာတွန်းအများအပြားကြည့်ခဲ့ဖူးသောကြောင့် သူမမြေးက မည်သည့်ကာတွန်းအကြောင်းပြောနေမှန်း သူမကသိနေလေသည်။


သူမအရှေ့မှကျောင်းယန်ယွိမှာ ဖြောင့်တန်းသောကျောပြင်ရှိသည်။ သူခြေတစ်လှမ်းလှမ်းတိုင်း အတိအကျတွက်ချက်ထားဟန်ရသောကြောင့် လမ်းလျှောက်လျှင် သူ့လက်များက စစ်တပ်ထဲမှတပ်သားတစ်ယောက် ချီတက်နေသည့်နှယ် လွှဲယမ်းနေလေသည်။


ကွာခြားသည်မှာ သူက ၎င်းတို့ကိုလွှဲလိုက်ချိန်တွင် အကျင့်မရသေးသည့်နှယ်တောင့်တင်းနေသောကြောင့် စက်ရုပ်တစ်ရုပ်နှင့် အမှန်တကယ်တူနေခဲ့သည်။


ကလေးက တမျိုးထင်နေသည်မှာ အံ့ဩစရာမရှိတော့ပေ။ သူမပိုကြည့်လေ၊ မှန်သည်ဟုထင်လာလေပင်။


အဘွားက သူမအတွေးကိုရယ်ကာ ပြောလိုက်လေသည်။


"စိတ်မရှိပါနဲ့ ရှောင်ကျောင်း၊ နန်နန်က အခုတလော စက်ရုပ်ကာတွန်းကားတွေကိုစွဲလန်းနေတာလေ၊ သူက မင်းရဲ့ကြည့်ကောင်းတဲ့ပုံစံကိုပြောနေတာပါကွယ်.."


ကျောင်းယန်ယွိက အားယူကာပြုံးလိုက်သည်။


"မဟုတ်ပါဘူး၊ သူကအရမ်းဉာဏ်ကောင်းပါတယ်ဗျ.."


ချီးကျူးခံလိုက်ရသည့်အခါ ကလေးက ပို၍ပင်ပျော်သွားပြီး တစ်လမ်းလုံးခုန်ပေါက်နေရင်း မျောက်ဘုရင်အကြောင်းကို တောက်ပနေသောမျက်လုံးများဖြင့်ပြောလာလေသည်။


ရပ်ကွက်ထဲမှထွက်လာပြီးနောက် သူတို့နှင့် လမ်းခွဲကာ ကျောင်းယန်ယွိ သက်ပြင်းမောချလိုက်မိသည်။


လူသားကလေးတွေက အရမ်းကြောက်စရာကောင်းတာပဲ။


သူကုမ္ပဏီကိုရောက်သည့်အခါ ဧည့်ကြိုခုံတွင် စာရင်းသွင်းပြီးရုံရှိသေးစဥ် လူတစ်ယောက်ကသူ့အားလှမ်းခေါ်လိုက်သည်ကိုကြားလိုက်ရလေသည်။


"ရှောင်ကျောင်း အမြန်လုပ်၊ ဓာတ်လှေကားရောက်လာပြီဟ.."


ကျိုးချွမ်က ဓာတ်လှေကားတံခါးဝတွင်ရပ်ပြီး သူ့ကိုလက်ပြနေလေသည်။


ကျောင်းယန်ယွိက ခပ်သွက်သွက်လှမ်းသွားလိုက်သော်လည်း ဓာတ်လှေကားက ယခုမှ အောက်ထပ်တွင်သာရှိနေသေးသောကြောင့် ပြောလိုက်လေသည်။


"ဒီနေတော့ မင်းက နည်းနည်းစောရောက်နေတာပဲ.."


နည်းပညာဝန်ဆောင်မှုဌာနမှ လုပ်ဖော်ကိုင်ဖက်ကျိုးချွမ်မှာ အလုပ်လာတိုင်း နောက်ဆုံးမိနစ်အတွင်း စာရင်းသွင်းနိုင်ရန် အမြဲနပမ်းလုံးနေရလေ့ရှိသည်။ စက္ကန့်အနည်းငယ်အတွင်းမှာပင် ဆိုရှယ်ကျသောသတ္တဝါ၏ခေါင်းမာမှုက သူ့အပေါ်ကို အပြည့်အဝ ပုံရိပ်ထင်သွားစေသည်။


ကျိုးချွမ်က သမ်းဝေကာပြောလိုက်လေ၏။


"မနက်က အဖွဲ့ကို အကြောင်းကြားစာရောက်လာတယ်၊ ငါတို့ဘော့စ်ဘက်က အထူးဓာတ်လှေကားက အကြောင်းအရင်းအချို့ကြောင့် ပြင်ဆင်မှာမလို့ ပိတ်ထားပါမယ်တဲ့၊ ငါတို့တတ်နိုင်သလောက် စောစောလာဖို့ကြိုးစားရတယ်၊ ငါတို့နောက်ကျတာကို ဘော့စ်တွေ့သွားလို့မဖြစ်ဘူး၊ ငါတို့အားလုံးက ကုမ္ပဏီကိုစောစောလာတဲ့ တက်ကြွတဲ့ကြက်ဖတွေဆိုတာ ဘော့စ်သိသွားအောင်ပြရမယ်.."


ထို့နောက် သူက ထပ်ပြီးသမ်းလိုက်ပြန်သည်။


"ပြီးတော့ ဘော့စ်နဲ့အတူ ဓာတ်လှေကားစီးရတာ ရှက်စရာကြီးကွ၊ စကားနည်းရင် မယဥ်ကျေးရာရောက်တယ်၊ စကားအများကြီးပြောပြန်ရင်လည်း ဂဏာမငြိမ်ဖြစ်နေတာနဲ့တူလိမ့်မယ်၊ ဓာတ်လှေကားစီးရတာ ဆယ်စက္ကန့်ပဲကြာတာဆိုပေမဲ့ ရာစုနှစ်တစ်စုစာလောက်ကြာသလို အရမ်းရှက်စရာကောင်းလာလိမ့်မယ်၊ ငါ့လို တည့်တိုးဆန်တဲ့လူတွေက သတိမထားရင် အထုပ်ပြင်ပြီးထွက်သွားရဖို့ လွယ်တယ်ကွ.."


ကျန်းယန်ယွိတွင် လမ်းလျှောက်ရင်း ဖုန်းကြည့်သည့်အကျင့်မရှိသောကြောင့် ဤအသိပေးစာကိုသတိမထားမိလိုက်ပေ။


သူက ဖုန်းကိုထုတ်ကာ WeChat group ကိုကြည့်လိုက်သည်။ ထင်သည့်အတိုင်း လွန်ခဲ့သောမိနစ်နှစ်ဆယ်က ဌာနမှပို့ပေးထားသောအသိပေးစာကိုတွေ့လိုက်ရ၏။


အဖွဲ့တွင်းမှလုပ်ဖော်ကိုင်ဖက်တစ်စုမှာ သူတို့နေရာက ဝေးကွာသောကြောင့် ထိုအသိပေးစာမှာ လုံးဝမရလုနီးပါးပင်ဖြစ်ကြောင်း ငြီးငြူနေကြလေသည်။


ဌာနအကြီးအကဲမှာ မနေ့က ဓာတ်လှေကားပြင်ရန်ရောက်လာရမည့်လူက မတော်တဆမှုတစ်ခုကိုကြုံလိုက်ရပြီး ယနေ့နံနက်မှ လူအနည်းငယ်လွှတ်ပေးမည်ဖြစ်ကြောင်း ကယ်ရာမဲ့စွာရှင်းပြရတော့သည်။


"တင်.."


ဓာတ်လှေကားတံခါးပွင့်သွားပြီး အတွင်းဘက်၌ မြေညီထပ်ကားပါကင်မှတက်လာသောဝန်ထမ်းများဖြင့် ပြည့်သိပ်နေလေသည်။ ဓာတ်လှေကားနောက်တစ်ခုမှာလည်း ယခုထိမရောက်လာသေးပေ။


ကျိုးချွမ်က တိုးဝှေ့ပြီးဝင်သွားလိုက်သည်။ ကျောင်းယန်ယွိက ယခုထိ အပြင်တွင်ရပ်နေသေးသည်ကိုတွေ့လိုက်ရသည့်အခါ ကျိုးချွမ်ကလှမ်းအော်လေ၏။


"ရှောင်ကျောင်း၊ အမြန်လာ၊ ဒီမှာတိုးလို့ရသေးတယ်၊ မင်းက ဝနေတဲ့လူမှမဟုတ်တာ.."


ကျောင်းယန်ယွိ: "ကျွန်တော်ပစ္စည်းတစ်ခုကျန်နေခဲ့တာကို အခုမှသတိရတယ်၊ အရင်သွားနှင့်လိုက်ပါ.."


"အို့..အိုကေ၊ ငါသွားနှင့်ပြီ၊ နောက်မှတွေ့မယ်နော်.."


ဓာတ်လှေကားတံခါးက ပိတ်သွားပြန်သည်။


ကျောင်းယန်ယွိကခေါင်းငုံ့ကာ Group Chat ထဲမှ အသိပေးစာကို တစ်ချက်ကြည့်လိုက်ပြန်သည်။ ထို့နောက် သူ့မျက်လုံးများက CEO နှင့် အကြီးပိုင်းအမှုဆောင်များလည်း ဝန်ထမ်းများ၏ဓာတ်လှေကားကိုစီးလိမ့်မည်ဆိုသော စာအပေါ်သို့ကျသွားပြီး သူ့မျက်လုံးတို့က အချက်ပြမီးလင်းသွားသည့်နှယ် ခပ်မှိန်မှိန်အလင်းရောင်တစ်ခုက ဖျတ်ခနဲလင်းသွားလေသည်။


ဝေ့လန်နည်းပညာကုမ္ပဏီတွင် ဓာတ်လှေကားဆယ့်နှစ်ခုရှိသည်။ စီးနင်းသည့်လူဦးရေကိုခွဲခြားရန်အတွက် ဂိတ် A မှ အထက်မြင့်အဆောက်အအုံရှိ ဓာတ်လှေကားနှင့် ဥက္ကဌသုံးသောဓာတ်လှေကားလေးခုမှအပ ကျန်ဓာတ်လှေကားရှစ်ခုမှာ ဝန်ထမ်းများအသုံးပြုသောဓာတ်လှေကားများဖြစ်လေ၏။ ယင်းက ဂိတ် B တွင်ရှိလေသည်။


၎င်းမှာ ကုမ္ပဏီမှတမင်ဖန်တီးထားသော အရင်းရှင်လူတန်းစား၏သင်္ကေတမဟုတ်ပေ။ ဝန်ထမ်းအများစုက သူတို့၏ဘော့စ်နှင့် လမ်းနှင့်လုပ်ငန်းခွင်တွင်မတွေ့ချင်ကြောင်း ဝန်ထမ်းများက လျို့ဝှက်စွာမဲပေးခဲ့ကြ၍ဖြစ်လေသည်။


ထို့ကြောင့် ကုမ္ပဏီမှာ ဓာတ်လှေကားများကိုခွဲခြားထားသည်မှာ အလွန်လူသားဆန်လေသည်။ ဝန်ထမ်းများကို အလုပ်သွားအလုပ်ပြန်၌ စိတ်ချမ်းသာစေရန်ခွင့်ပြုပေးထားလေသည်။ 


မိမိအလုပ်လုပ်နေသော ပရိုဂရမ်မာအများစုရှိသော နည်းပညာအထူးပြုဌာနတွင် လုပ်ဖော်ကိုင်ဖက်များကိုနှုတ်ဆက်ရန်မလိုအပ်သော်ငြား ဘော့စ်ကိုမူ မနှုတ်ဆက်၍မရပေ။


သို့သော်လည်း ယနေ့တွင် အထက်ပိုင်းအရာရှိများက ဂိတ် B မှ ဝန်ထမ်းသုံးဓာတ်လှေကားကိုလာစီးကြမည်ဖြစ်၍ အဖွဲ့မှာအဆက်မပြတ်ညည်းညူနေပြီး အချို့လုပ်ဖော်ကိုင်ဖက်များကမူ သူတို့တွေ့ရမည့်ဘော့စ်နှင့် မရောက်လာသေးသောဘော့စ်များအကြောင်းကို အဖွဲ့ထဲတွင် အချိန်နှင့်တပြေးညီသတင်းပို့နေခဲ့ကြသည်။


[သတင်းပေးပို့ချက် အထွေထွေမန်နေဂျာ အခုထိမရောက်လာသေး၊ အားလုံးသတိထားကြပါ၊ အထွေထွေမန်နေဂျာက အရမ်းစိတ်ကြီးတယ်၊ ဘော့စ်အကြီးစားကို ရန်မစကြပါနဲ့]


[အင်ဂျင်နီယာဌာနက ဒါရိုက်တာလည်း အခုထိမရောက်လာသေးဘူး၊ နည်းပညာဌာနက မိတ်ဆွေတို့သတိထားသင့်ပါတယ်၊ မျက်လုံးချင်းဆုံမိရင် အင်ဂျင်နီယာဌာနက ပြင်ဆင်တဲ့နေရာနဲ့စမ်းသပ်တဲ့နေရာတွေမှာကူညီပေးဖို့အထိ ရာထူးလျှော့ခံရလိမ့်မယ်]


[ဒီကလေးလေးတော့ ကြောက်လွန်းလို့သေတော့မှာပဲ။ ဒီထိပ်ပိုင်းအရာရှိတွေက ကုမ္ပဏီကို အစောကြီးလာသင့်တယ်လို့ မထင်ကြဘူးလား။ ကြောက်နေသော jpg]


[ကားကိုပါကင်ထိုးနေတယ်၊ ဥက္ကဌဝမ်းရဲ့ သီးသန့်ကားရပ်တဲ့နေရာကိုကျော်လာပြီ၊ ငါသူ့ကားကိုမတွေ့ခဲ့ဘူး]


ဤသတင်းကိုတွေ့သွားကြသည်နှင့် အဖွဲ့မှာ ခဏတွင်းချင်း ပွက်လောရိုက်သွားတော့သည်။


[ဘာ၊ ဥက္ကဌဝမ်း အခုထိမရောက်သေးဘူးလား၊ ရှင်းနွီကဥက္ကဌဝမ်းကို ဓာတ်လှေကားထဲမှာတွေ့ခွင့်ရဖို့ အဆီ တစ်ဆယ်ကေတီစာနဲ့လဲဖို့ဆန္ဒရှိပါတယ်၊ ဗုဒ္ဓဘုရား ကောင်းချီးပေးတော်မူပါ jpg] 


[ဒီသက်ဝင်ယုံကြည်သူက ဥက္ကဌဝမ်းကို ဓာတ်လှေကားထဲမှာတွေ့ခွင့်ရဖို့ အဆီ တစ်ဆယ်ကတ်တီစာနဲ့လဲဖို့ဆန္ဒရှိပါတယ်၊ ဗုဒ္ဓဘုရား ကောင်းချီးပေးတော်မူပါ jpg]


[ရှင်းနန်က ဥက္ကဌဝမ်းကို ဓာတ်လှေကားထဲမှာတွေ့ခွင့်ရဖို့ အဆီ တစ်ဆယ်ကတ်တီစာနဲ့လဲဖို့ဆန္ဒရှိပါတယ်၊ ဗုဒ္ဓဘုရား ကောင်းချီးပေးတော်မူပါ jpg]


[-]


[အမျိုးသမီးဝန်ထမ်းတွေကိုနားလည်ပေးနိုင်ပါတယ်၊ ဘာလို့ မင်းတို့ အမျိုးသားတွေကပါ လိုက်ယောင်နေရတာလဲ]


[အမျိုးသားလုပ်ဖော်ကိုင်ဖက်တွေလည်း ချမ်းသာတဲ့မိသားစုနဲ့လက်ထပ်ချင်လို့မရဘူးလား၊ ဘာလို့လဲ၊ ဘော့စ်ဝမ်းက အရမ်းချောတာ၊ သူ့ကိုမကြွေသွားဖို့ဆိုတာမဖြစ်နိုင်ဘူး]


ကျောင်းယန်ယွိမှာ ဖုန်းမျက်နှာပြင်ကို ဖွင့်ထားသော်လည်း ဝင်မပြောပေ။ သူက ထိုလုပ်ဖော်ကိုင်ဖက်များနှင့်မတူ၍ပင်။ ဤဥက္ကဌဝမ်းမှာ ညွှန်ကြားသူက သူ့အတွက် ညီအစ်ကိုအဖြစ်သတ်မှတ်ပေးထားသူဖြစ်သည်။


"တင်"


ဓာတ်လှေကားက ရောက်လာပြီး ဓာတ်လှေကားတံခါးက ပွင့်သွားခဲ့သည်။ ကျောင်းယန်ယွိက အထဲကိုလှမ်းကြည့်လိုက်သော်လည်း သူတွေ့ချင်သည့်လူကိုမတွေ့ရ၍ ခြေတစ်လှမ်းပြန်ဆုတ်လိုက်သည်။


ဓာတ်လှေကားက လူကျပ်နေသည်ဟုသာတွေးနေမိပြီး သူကမဝင်သည့်အခါ သူတို့က ပိတ်သည့်ခလုတ်ကိုတိုက်ရိုက်နှိပ်လိုက်သည်။


"တင်"


နောက်တစ်ခုရောက်လာသည်။ ကျောင်းယန်ယွိအတွင်းကိုလှမ်းကြည့်လိုက်သော်လည်း အထဲမဝင်သေးဘဲ ဤတစ်ကြိမ် ဓာတ်လှေကားထဲ၌ရှိနေသူက ဌာနတူမှလုပ်ဖော်ကိုင်ဖက်တစ်ယောက်ဖြစ်လေသည်။


"ရှောင်ကျောင်း၊ မဝင်ဘူးလား..."


ကျောင်းယန်ယွိက တူညီသောစကားကိုသာပြောလိုက်သည်။


"ငါမေ့နေခဲ့တာရှိလို့.."


"အိုး.."


ကျောင်းယန်ယွိမှာ ဓာတ်လှေကားအဝင်ဝတွင်သာရပ်နေပြီး အနားမှလူများက သွားလိုက်ပြန်လိုက်လုပ်နေကြသည်။ ဓာတ်လှေကားတစ်ခု၏တံခါးပွင့်သွားလျှင် သူ လှမ်းကြည့်တတ်သော်လည်း မဝင်သွားပေ။


ထိုအတိုင်း တစ်ဒါဇင်ကျော်မျှအခါခါငြင်းနေပြီးနောက် ကင်းလှည့်နေသောအစောင့်များပင် သူ၏တံဆိပ်ကိုလာစစ်ဆေးသည့်နှယ် မျက်လုံးထဲမှ သံသယနှင့်အကဲခတ်မှုများဖြင့် သူ့ကိုမကြာခဏဆိုသလိုကြည့်လာကြလေသည်။


လုံခြုံရေးအစောင့်က သူ့ကိုစိုက်ကြည့်နေကြောင်းတွေ့လိုက်ရသည့်အခါ ကျောင်းယန်ယွိက အချိန်ကိုငုံ့ကြည့်လိုက်သည်။ ယနေ့တွင် သူ၏ညီအစ်ကိုကောင်းကို မတွေ့ရတော့လောက်ပေ။


အချိန်မရှိတော့သောကြောင့် နောက်ဓာတ်လှေကားတစ်ခုပွင့်လာသည့်အခါ ကျောင်းယန်ယွိက အထဲကိုမကြည့်တော့ဘဲ တိုက်ရိုက်ဝင်သွားလိုက်သည်။


ဓာတ်လှေကားထဲရောက်မှ ဓာတ်လှေကားက တိတ်ဆိတ်ပြီး ဗလာအတိဖြစ်နေသည်ကို သဘောပေါက်လိုက်သည်။


ဤအချိန်လောက်ဆိုလျှင် ဝန်ထမ်းများက အချိန်မီရန်အတွက် အလုအယက်ပြေးကြသည့် အကောင်းဆုံးအချိန်ဖြစ်လေသည်။ ဓာတ်လှေကားတိုင်းက လူပြည့်နေပြီးပူတတ်သောကြောင့် ဤမျှလူမနည်းနေသင့်ပေ။


ကျောင်းယန်ယွိ မသိစိတ်အလျောက်မော့ကြည့်လိုက်ပြီး ခဏမျှမှင်သက်သွားခဲ့သည်။


ဓာတ်လှေကားထဲတွင် သူ့ဘေး၌ လူတစ်ယောက်တည်းသာရှိနေလေသည်။


အမျိုးသားမှာ ခြေတံရှည်များဖြင့်အရပ်ရှည်ပြီး ပုခုံးကျယ်သည်။ အနက်ရောင်ဝတ်စုံက သူ့အရပ်နှင့်ကွက်တိကျနေပြီး သွယ်လျသောကိုယ်အနေအထားက ပြီးပြည့်စုံနေသည်။ မျက်နှာထားမှာ ချောမောပြေပြစ်ပြီး ကွေးညွှတ်နေသောမျက်ခုံးနှင့် မျက်လုံးများကို ဘောင်မပါသောမျက်မှန်ဖြင့်ဖုံးထားရာ ၎င်းက ထိုသူကို ပိုမိုသိမ်မွေ့ကာ အိန္ဒြေရှိသွားစေသည်။


ဤပုဂ္ဂိုလ်မှာ ဝေ့လန်နည်းပညာကုမ္ပဏီမှဥက္ကဌ "မစ်စတာဝမ်း" ပင်ဖြစ်လေ၏။


ညွှန်ကြားသူမှ ကျောင်းယန်ယွိကိုစီစဥ်ပေးထားသော ညီအစ်ကိုကောင်းလည်းဖြစ်သေးသည်။ စနစ်မှဖော်ပြချက်များနှင့် တွဲထားသည့်အချက်အလက်များအရ ထိုသူက သူ၏အကျင့်စရိုက်နှင့်အကိုက်ညီဆုံးလူတစ်ယောက်ပင်ဖြစ်လေသည်။


သူ၏ အနာဂတ်ညီအစ်ကိုကောင်း ဝမ်းချန်ရှီး။


***


စာရေးသူတွင်ပြောစရာရှိပါသည်။


ဒါက အရမ်းချိုမြိန်တဲ့ဝတ္ထုလေးပါ။


Shou လေးက အဖြောင့်မဟုတ်ပေမဲ့ မွေးကတည်းကဖြောင့်နေတဲ့လူတွေရဲ့ ဆွဲဆောင်မှုနဲ့ အရမ်းစနောက်တတ်တဲ့ Gong အကြောင်းကိုမသိရှာဘူး။ မျက်နှာကိုဖြတ်ရိုက်ခံရတာတို့ အမြောက်စာတို့လည်းမပါပါဘူးနော်။ မင်းတို့ရဲ့အလုပ်တွေကနေခဏလေးနားပြီး ပျော်ရွှင်ကြဖို့မျှော်လင့်ပါတယ်။ ငါကမင်းတို့အားလုံးပျော်ရွှင်ဖို့ကိုဆုတောင်းပေးနေမှာပါ။


ဟယ်လန် xD: ဒန်ဒန်ဒန် နောက်ပိုင်းဘာဆက်ဖြစ်မယ်ထင်လဲ။



❓️❓️❓️