Ch 6
Viewers 1k

😺Chapter 6

ကြီးမြတ်သည့် နတ်ဆိုးဘုရင်ကြီးဆီမှ လက်ဆောင်



ကုရှင်းယွဲ့က အေးအေးဆေးဆေး ခွဲခြမ်းစိတ်ဖြာလာသည် :

 "ကျန်းချမ်းက မေးခွန်းမှားဖြေတဲ့အတွက် သေသွားတာလို့ ထင်တယ်...  ဒီအကျဥ်းစခန်းထဲမှာ မေးခွန်းမှားဖြေရင် ပြစ်ဒဏ်က သေခြင်းတရားပဲ..."


"ဒါဆို... ကျန်းချမ်းကို ဘယ်သူသတ်တာလဲ..."

စုပေါင်စန်းက သူ့လက်နှစ်ဖက်ကို ပိုက်ကာ တုန်တုန်ယင်ယင်ဖြင့် မှန်းဆလာသည် :

"အသက်ရှင်နေတဲ့ လူတစ်ယောက်က ရုတ်တရက် ဘိုင်းခနဲ လဲသေဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ...လူသတ်သမားက အရွယ်ရောက်ပြီးသား လူတစ်ယောက်ကို အချိန်တိုလေးအတွင်းမှာ သတ်ပစ်နိုင်ပြီး သဲလွန်စတောင်မချန်ဘဲ ပျောက်ကွယ်သွားနိုင်တယ်... မဟုတ်ဘူး၊ အဲဒါက သရဲမဖြစ်နိုင်ဘူး..."

 

ဤအခြင်းအရာကိုကြားသည့်အခါ လီရှစ်က သူ့ကြောင်ခြေဖဝါးလေးကို မြှောက်လိုက်ပြီး သူ ပြောစရာရှိကြောင်းကို ပြသလိုက်သည်။


 "ဘာ...ပြောချင်လို့လဲ..."


လူတိုင်း၏အကြည့်အောက်တွင် လီရှစ်က သူ၏ ID လက်ကောက်ကိုဖွင့်ကာ သုံးဖက်မြင်ဖန်သားပြင်ပေါ်တွင် သူ ပြောချင်သည့်အရာကို ရိုက်ထည့်လိုက်သည်။


 အကြောင်းအရာကိုဖတ်ပြီးနောက် ကုရှင်းယွဲ့က စေ့စေ့စပ်စပ် တွေးတောလိုက်သည်။

 "မင်း အခုလေးတင် အရိပ်ဖြူဖြူကြီးတစ်ခု ဖြတ်ပြေးသွားတာကို တွေ့ခဲ့တယ်... အဲဒါပြီးတော့မှ ကျန်းချမ်းက တစ်ခုခုဖြစ်သွားတာလား... ဒါဆို လူသတ်သမားက အဲအရိပ်ဖြူကြီးဖြစ်နိုင်မလား..."

 

လီရှစ်က ကြောင်ခေါင်းလေးကို ခါလိုက်သည်။


ကုရှင်းယွဲ့က ထပ်မေး‌လာသည်။

 "ဒါဆို အဲဒီအရိပ်ဖြူကြီးက ယောက်ျားလား မိန်းမလားဆိုတာ ရှင်းရှင်းလင်းလင်းမြင်လိုက်လား..."


လီရှစ်က ရှင်းရှင်းလင်းလင်း မမြင်ရကြောင်း ညွှန်ပြလျက် ခေါင်းယမ်းလိုက်သည်။


ကုရှင်းယွဲ့က သူမ၏မျက်ခုံးအလယ်ဗဟိုကို ပွတ်သပ်ကာ  မျက်လုံးမဖွင့်နိုင်လောက်အောင် အိပ်ငိုက်နေသည့် ဟန်ကြွယ့်မင်ကို ကြည့်လိုက်သည်။

 "နတ်ဆိုးဘုရင်ကြီး... ရှင့်မှာ ထပ်ပြောစရာရှိသေးလား..."


"ရှိတယ်..."

ဟန်ကြွယ့်မင်က အလေးအနက် ပြောလာခဲ့သည်။

"ငါ ပြန်သွားအိပ်ချင်ပြီ..."


ကုရှင်းယွဲ့၏ ပါးစပ်ထောင့်များက တုန်လှုပ်သွားသည်။

 "ကောင်းပြီ၊ ကောင်းပါပြီ... ဘာပဲဖြစ်ဖြစ် ဒီညတော့ အန္တရာယ် မရှိလောက်ပါဘူး... မနက်ဖြန်မနက် အိပ်ရာထပြီးရင် အားလုံး ကိုယ့်သက်ဆိုင်ရာ အခန်းတွေထဲမှာ သဲလွန်စရှာပြီး ပထမထပ်မှာ အပြန်အလှန်လဲကြမယ်လေ အဲလိုဆို အ‌ဆင်ပြေကြလား..."


"ကောင်းပါတယ်"

လူတစ်စုက ကုရှင်းယွဲ့၏ အဆိုပြုချက်ကို သဘောတူကြောင်း ထုတ်ဖော်ပြောဆိုကြပြီး ကျန်းချမ်း၏အခန်းထဲမှ ထွက်လာပြီး တစ်ယောက်ပြီးတစ်ယောက် ပြန်အိပ်ရန် ပြင်ဆင်ခဲ့ကြသည်။

 

【မျှော်လင့်ထားသလိုပဲ... လူသေလိုလှဲတဲ့နေရာမှာ ပရော်ဖက်ရှင်နယ်ဆန်တဲ့ အိမ်ရှင်... မဟာနတ်ဆိုးဘုရင်ကြီး...】

 

【 ကုရှင်းယွဲ့ : ငါ အရမ်းခက်ခဲနေပြီ... ငါက အဆင့် 3 စမ်းသပ်သူလေးပါ... ပြီးတော့ ဒီအဆင့်ကို ကျော်ဖြတ်ဖို့ အဖွဲ့တစ်ခုလုံးကို ဦးဆောင်ဖို့ ငါ တာဝန်ယူရဦးမယ်...】


【 မမလေးက ကြေကြေကွဲ‌ကွဲ ထိန်းချုပ်ထားရရှာတယ်... အပျင်းကင်ဆာ နောက်ဆုံးအဆင့် နတ်ဆိုးကြီးရဲ့ ထိုးနှက်ချက်ကို သူ တကယ်ကြီး ခံလိုက်ရတာပဲ...】


【အမှန်ပြောရရင် နတ်ဆိုးဘုရင်ကြီးက ကြောင်ကို ဒုက္ခခံပြီးတောင် မွေးစရာမလိုပါဘူး...】


 【အမှန်ပဲ... နတ်‌ဆိုးကြီးက သူ့အခန်းကို မပြန်သေးဘူးတွေ့လား... သူ ဘာလုပ်နေတာလဲ...】


သောင်းနှင့်ချီသော တိုက်ရိုက်ကြည့်ရှုသူများ၏ မျက်လုံးများအောက်တွင် ဟန်ကြွယ့်မင်က လီရှစ် သူ့အခန်းသို့ ပြန်သွားနေသည့်လမ်း၌ ပိတ်ရပ်လိုက်သည်။

 "ကြောင်ပေါက်လေး... မင်း ဒီည ငါနဲ့ မအိပ်ချင်ဘူးဆိုတာ သေချာလား..."

 

【6666666】


【နတ်ဆိုးကြီးက အွန်လိုင်းပေါ်မှာ ကြောင်တွေနဲ့ ပရောပရည်လုပ်နေတယ်..】

 

【နတ်ဆိုးကြီးနဲ့ ကြောင်လေး အိပ်ပျော်နေတဲ့ ဗီဒီယိုကလစ်ကို တိုက်ရိုက်ထုတ်လွှင့်ဖို့ ဂိမ်းကုမ္ပဏီကို ဒူးထောက်ပြီး တောင်းဆိုပါရ‌စေ... HD နဲ့ ဆင်ဆာမဖြတ်ထားတဲ့ အမျိုးအစားလေးနော်...】


လီရှစ်က သူ့ခေါင်းကို‌မော့လိုက်ပြီး  ဟန်ကြွယ့်မင်ကို ဉာဏ်ရည်ဉာဏ်သွေး မမှီသကဲ့သို့ ကြည့်ကာ သူ့မျက်လုံးများထဲရှိ ငြင်းပယ်ခြင်းက ထင်ရှားလေသည်။


"ဟုတ်ပါပြီ ဒါဆိုလည်း..." 

ဟန်ကြွယ့်မင်က ကူကယ်ရာမဲ့လျက် ပြောလေသည်။

 "မင်း မလုပ်ချင်ဘူးဆိုတော့လည်း ထားလိုက်ပါတော့... ငါ့လို သိက္ခာရှိတဲ့လူက မင်းကို အတင်းအကြပ် မတိုက်တွန်းနိုင်ပါဘူး ဟုတ်တယ်မလား..."


လီရှစ်၏ ပါးစပ်ထောင့်က အရိုင်းဆန်စွာ ဆန့်တန်းသွားလေသည်။

မင်းမျက်နှာပေါ်က အဲနောင်တရနေတဲ့ပုံက ဘာလဲဟ...


ငါ့ဆီကနေ ကုတ်ခြစ်ခံရမှာကို ကြောက်လို့သာ မဟုတ်ရင် သူ ငါ့ကို စကားတစ်ခွန်းမှမပြောဘဲ အခန်းထဲ ပွေ့‌ခေါ်သွားမှာတောင် ဖြစ်နိုင်လောက်တယ်...


ဟန်ကြွယ့်မင်က ကြောင်လေး၏ခေါင်းကို ငုံ့၍ပွတ်သပ်ပေးလာသည်။

 "အင်း... မနက်ဖြန်ကျရင် ငါ မင်းကို လက်ဆောင်ပေးမယ်... မင်း အသက်ရှင်နေသေးရင်‌ပေါ့..."


လီရှစ်က စိတ်ရှုပ်ထွေးသွားပုံဖြင့် ကြည့်လိုက်သည်။

ဒီ‌နေ့ည ဘာလို့ပေးလို့ မရတာလဲ...ပြီးတော့ မနက်ဖြန်ရောက်အောင် စောင့်ကိုစောင့်ရမှာလား...


မဟုတ်ဘူး မဟုတ်ဘူး... ဟန်မျိုးရိုးဆီက လက်ဆောင်တွေကို ဘယ်သူက ဂရုစိုက်နေလို့လဲ...


လီရှစ်က ကြောင်အမြီးရှည်ကို ဆန့်ထုတ်လိုက်ပြီး ဟန်ကြွယ့်မင်အား မဆိုင်းမတွရှောင်ကွင်းကာ ခွေးအိမ်သို့ ပြန်သွားခဲ့သည်။


ဘန်း—

 

ထိုနေရာ၌ပင် ဟန်ကြွယ့်မင်က ပိတ်ထားသော တံခါးကိုကြည့်ကာ ရယ်မော၍ အခန်းထဲသို့ပြန်ဝင်ခဲ့သည်။

 

.......


အချိန်စီးဆင်းမှုပြဿနာကြောင့် လီရှစ်နှင့် အခြားသူများက ဂိမ်းထဲတွင် အိပ်ပျော်သွားခဲ့သော်လည်း တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ ပရိသတ်များ၏ မျက်လုံးများထဲတွင်မူ သူတို့က အမှောင်ညမှ တောက်ပသောနေ့အချိန်ဆီသို့ ရုတ်တရက် ခုန်ကူးသွားကြခြင်း ဖြစ်သည်။


အေးချမ်းသာယာသည့်ညဖြစ်ခဲ့ပြီး မည်သည်မှမဖြစ်ခဲ့ပေ။


လီရှစ်က ကြောင်ခန္ဓာကိုယ်ကို ကွေးညွှတ်ကာ သမ်းဝေလျက် တံခါးဖွင့်လိုက်ပြီး အောက်ထပ်သို့ဆင်းသွားခဲ့သည်။ အခန်းထဲမှ ထွက်လိုက်သည်နှင့် ယခုမှ အိပ်ရာနိုးလာသော ဟန်ကြွယ့်မင်နှင့် တွေ့လိမ့်မည်ဟု မထင်ထားခဲ့ပေ။


သူ့မျက်လုံးများကို တိတ်တဆိတ်လှိမ့်လိုက်ကာ လီရှစ်က နှုတ်ဆက်ဖို့ရန်ပင် အပင်ပန်းခံမနေဘဲ အောက်ထပ်သို့ ဆင်းသွားခဲ့၏။


"ကြောင်ပေါက်လေး... ငါ မနေ့ညက မင်းကို ဘာပြောခဲ့လဲ မေ့သွားပြီလား..."

ဟန်ကြွယ့်မင်၏ အဓိပ္ပါယ်ရှိသော စကားလုံးများက သူ့နောက်မှထွက်ပေါ်လာပြီး လီရှစ်က ထိုအသံကို ကြားလိုက်သောအခါတွင်ပင် သူ့ခေါင်းကို မကျေမနပ်ဖြစ်စွာ လှည့်ခဲ့ရသည်။


ယခုလေးတင် အခန်းထဲမှထွက်လာသည့် ဟန်ကြွယ့်မင်က ပျင်းရိစွာအ‌ကြောဆန့်လိုက်ပြီး သူ့မျက်လုံးများက အနည်းငယ်အနီရောင်သန်းပြီး ဖောင်းနေသေးကာ နိုးမလာသေးသည့်ပုံပေါ်သော်လည်း လီရှစ်၏သွားများကို ယားယံစေလောက်သည်အထိ ချောမောနေသေးသည်။


"မနေ့ညက ငါမင်းကို လက်ဆောင်ပေးမယ်ဆိုပြီး ကတိပေးထားတယ်လေ..."

ဟန်ကြွယ့်မင်က ရှေ့သို့ဖြည်းညင်းစွာ  လျှောက်လာပြီး လီရှစ်၏ ID လက်ကောက်ပေါ်တွင် ခြူလုံးတစ်ခု ချိတ်ဆွဲပေးလိုက်သည်။

 

ခြူလုံးက ငွေရောင်ဖြစ်ပြီး မျက်နှာပြင်ပေါ်တွင် ကြယ်ပုံသဏ္ဍာန် အခေါင်းပေါက်ပုံစံရှိကာ ပါးလွှာ၍ သေးငယ်သောကြောင့် ချစ်စဖွယ်ကောင်းပြီးသား လိမ္မော်ရောင် Maine Coon ကြောင်လေးအား ပို၍ချစ်စရာကောင်းစေသည်။


ချစ်စဖွယ်ကောင်းသော လီရှစ်က စိတ်ရှုပ်ထွေးသွားဟန်တူသည်။


ကြောင်တွေအတွက် ခြူလုံးတွေ...

 

ဟန်ကြွယ့်မင်ရဲ့ ဦးနှောက်က မီးမကျွမ်း‌သေးတာ သေချာရဲ့လား...

 

ကြောင်တွေရဲ့အကြားအာရုံက အရမ်းမြင့်တယ်ဆိုတာ မင်း သိကိုသိရမှာလေ... 20 မီတာအကွာက ကြွက်တွေရဲ့ခြေသံကို ကြားနိုင်တယ်... ခြူလုံးကိုသာ လည်ပင်းမှာ ဆွဲထားကြည့်လိုက်... လမ်းလျှောက်တဲ့အချိန်ကျရင် အဆက်မပြတ် အသံမြည်နေလိမ့်မယ်... ကြောင်တွေရဲ့ နားတွေကို ကန်းသွားစေလောက်တဲ့အထိပဲ ဟုတ်ပြီလား...


လီရှစ်က ဒေါသတကြီးဖြင့် လက်သည်းများကို ဆန့်ထုတ်ကာ ခြူလုံးကို ဆွဲထုတ်ရန် ကြိုးစားသော်လည်း အချိန်အတော်ကြာအောင် ဆွဲယူပြီးနောက် ၎င်းက လုံးဝမလှုပ်လာပေ။  ID လက်ကောက်ပေါ်တွင် ခြူလုံးက တွယ်ကပ်သွားသလိုပင်။

 

"ဖာ့ခ်  မင်း ဘာလို့မကျွတ်သေးတာလဲကွ..."

ထိုစကားများထွက်လာသည်နှင့် တစ်ပြိုင်နက် လီရှစ်က အံ့အားသင့်သွားသည်။ 

ဒီအသံက ငါ့အသံမဟုတ်ဘူးလား... ငါ စကားပြောနိုင်ပြီလား...


"မစ်စီ မစ်စီ..."


"မကာဘာကာ..."


"ဟန်ကြွယ့်မင်..."


ဟန်ကြွယ့်မင်က လီရှစ်၏ ရယ်ချင်စရာ တုံ့ပြန်မှုအတွဲလိုက်ကို အပြုံးတစ်ခုဖြင့် ကြည့်ရှုခဲ့ပြီး လီရှစ်က အဓိပ္ပါယ်မရှိသည့်အရာများကို လုံလောက်အောင် မလုပ်ပြီးသည်အထိ ရှင်းပြခြင်းမရှိပေ။


"ဒါက သာမန်ခြူလုံးလေးတစ်ခု မဟုတ်ဘူး... အထူးအသုံးအဆောင်တစ်ခုလေ... အဲဒါက တခြားမျိုးစိတ်တွေရဲ့ ဘာသာစကားကို လူသားဘာသာစကားအဖြစ် အလိုအလျောက်ပြောင်းလဲပေးတယ်... ပြီးတော့ ဝတ်ထားတဲ့သူရဲ့အသံကိုလည်း ပြောင်းလဲပေးနိုင်တယ်... ရိုးရိုးရှင်းရှင်းပြောရရင် မင်း ဒီအသုံးအဆောင်ကနေ တစ်ဆင့် ငါတို့နဲ့ အလွယ်တကူဆက်သွယ်နိုင်တယ်..."

 

လီရှစ်က ကြောင်ခေါင်းကိုခါလိုက်ပြီး ခြူလုံးသံကို အမှန်ပင် မကြားလိုက်ရပေ။ ဟန်ကြွယ့်မင် ပြောပြခြင်းက မှန်နေသည်ကိုတွေ့လိုက်ရသည့်အခါ သူက အံ့ဩတကြီး မျက်တောင်ခတ်လိုက်၏။

"အာ အသုံးအဆောင်... မင်း ဘယ်က ရလာတာလဲ..."


ဤစုတ်ပဲ့နေသောဂိမ်းက မကြမ်းတမ်းလွန်းသင့်ပေ။ point များ ရယူခြင်းက အသုံးအဆောင်များ ရရှိနိုင်ရန်နေနေသာသာ သက်စွန့်ဆံဖျားလုပ်ရခြင်းနှင့် ပိုတူလေသည်။ လီရှစ် ကြောင်တစ်ကောင်ဖြစ်လာပြီးနောက်မှသာ စွမ်းရည်များနှင့် အသုံးအဆောင်များကို ထုတ်ယူနိုင်သည့်အခွင့်အရေးကို စနစ်က ကံကောင်းထောက်မစွာဖြင့် လျော်ကြေးပေးခဲ့သည်။

 

ဟန်ကြွယ့်မင်က ပြုံးလာသည်။

"ဘာမှမဟုတ်ပါဘူး... မနေ့ညက ဂိမ်း bug တစ်ခုကို ပြင်လိုက်တာနဲ့ စနစ်က ငါ့ကို ဆုပေးလာတာလေ..."


လီရှစ်က ဟန်ကြွယ့်မင်၏ စကားစစ်မှန်မှုကို သံသယမရှိခဲ့ပေ။ ဟန်ကြွယ့်မင်က တက္ကသိုလ်တွင် VR မေဂျာတစ်ခုယူခဲ့ပြီး မူပိုင်ခွင့်များစွာကို သူ တီထွင်ခဲ့ဖူးသည်။ ဂိမ်းကုမ္ပဏီအများအပြားက သူ့ကို စနစ်ကို အဆင့်မြှင့်တင်ရန် ငှားရမ်းခဲ့ကြပြီး ၎င်းကို ပြုပြင်ရန်အတွက် "ဟွမ်းယွီ" ကုမ္ပဏီမှ ယာယီငှားရမ်းခဲ့သည်။ 

ဂိမ်း bug ကလည်း ကျိုးကြောင်းဆီလျော်ပါတယ်...

 

"ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်..."

လီရှစ်က ကြောင်ခေါင်းကို ကုတ်လိုက်ပြီး သူ့လေသံက အနည်းငယ်ရှက်ရွံနေခဲ့သည်။


မမျှော်လင့်ဘဲ ဟန်ကြွယ့်မင်က ဂိမ်းချို့ယွင်းချက်များကို တစ်ညလုံး ပြုပြင်ပေးပြီး သူ့အတွက် အသုံးအဆောင်များလဲလှယ်ရန် အိပ်ချိန်များကို စတေးခဲ့လေသည်။ အကြောင်းတစ်ခုခုကြောင့် လီရှစ်၏ နှလုံးသားကို ရုတ်တရက် ထိမိသွားစေသည်။


ဟန်ကြွယ့်မင်က ကြောင်တွေကို ပွတ်သပ်ရတာကြိုက်တယ် မဟုတ်လား...

သူက ယခုမှစ၍ နှစ်ကြိမ်တိုင်တိုင် ဟန်ကြွယ့်မင်အပေါ် ကရုဏာထုတ်ပြရန် ဆုံးဖြတ်လိုက်၏။ သူ့ဗိုက်ကို အထိမခံနိုင်သေးသည့်တိုင် ဟန်ကြွယ့်မင်အား သူ့ခေါင်းကို ထိတွေ့ခွင့်နှစ်ကြိမ်မျှ တွန့်တွန့်ဆုတ်ဆုတ်ဖြင့် ပေးလိုက်လေသည်။


 "အများကြီးမတွေးပါနဲ့... ငါ မင်းစာရိုက်နေတာကို ကြည့်ရတာပျင်းလို့... ဒါပေမယ့်..."


လီရှစ်အား ပြင်းထန်သည့် ထိုးနှက်ချက်ကိုပေးပြီးနောက် ဟန်ကြွယ့်မင်က အနည်းငယ်မျက်ခုံးပင့်ကာ စနောက်လာလေသည်။

 "မင်းရဲ့အသံကို ငါ ဘာလို့ရင်းနှီးတယ်လို့ ခံစားနေရတာလဲ..."



😺😺😺