😺Chapter 20
“မကောင်းဆိုဝါးဘုရင်ကြီးအား သတ်ရန် အကြံအစည်”
“ ဟိုင်း…”
ခြေသံသဲ့သဲ့နှင့်အတူ ရင်းနှီးနေသော အသံတစ်ခု ထွက်ပေါ်လာသည်။
“ ကြောင်လေးရေ… ငါတို့ထပ်တွေ့ကြပြန်ပြီနော်…”
လီရှစ်က မည်သည့်နေရာမှ ထွက်လာသည်မှန်း မသိရသော ဟန်ကြွယ့်မင်အား အံ့ဩတုန်လှုပ်နေသော အမူအရာဖြင့် လှည့်ကြည့်လိုက်သည်။ ဟန်ကြွယ့်မင်က သာမန် ရှပ်အင်္ကျီအဖြူသာ ဝတ်ထားသော်လည်း ထူးခြားစွာပင် စတိုင်ကျနေလေ၏။ မည်သို့ပင် ကြည့်ကောင်းသည်ဖြစ်စေ ဟန်ကြွယ့်မင်၏ ဝတ်စားဆင်ယင်မှုနှင့် ဤအရိုင်းဆန်လှသော ပတ်ဝန်းကျင်မှာ အနည်းငယ်မျှပင် အပ်စပ်မှု ရှိမနေချေ။
“ ဖာ့ခ်... ဒါကြီးက အဓိပ္ပာယ်ရှိမနေဘူး… ငါက မင်းနဲ့ ဘယ်လိုတောင် ထပ်ဆုံရတာလဲ…”
ဟန်ကြွယ့်မင်က သူ့နံဘေးရှိ ဆိုးဝါးလှသော ပတ်ဝန်းကျင်ကို ဂရုစိုက်ဟန်မတူဘဲ လီရှစ်အား အပြုံးတစ်ခုဖြင့် စိုက်ကြည့်နေ၏။
“ အကျဉ်းစခန်းထဲမှာ ငါနဲ့ နှစ်ယောက်တည်းကမ္ဘာ လုပ်ရတာ မင်းမပျော်ဘူးလား…”
လီရှစ်က မနေနိုင်ဘဲ မျက်ဖြူလှန်ပြလိုက်ကာ ရွဲ့ပြောလိုက်သည်။
“ ဟားဟား… ပျော်ပါ့…”
ပျော်ရမယ်… ဒါပေါ့ ငါ သိပ်ကိုပျော်နေပါပြီ…
လီရှစ်က နတ်ဆိုးဘုရင်ကြီးကို မြင်လိုက်သည်နှင့် သူ၏ ကြောင်ဘဝ ရေစုန်မျောပြီဖြစ်ကြောင်း သိလိုက်ရသည်။ သူက သူ့သရုပ်မှန်ကို ဖုံးကွယ်ရန် အလွန်အမင်းကြိုးစားလျက် ဤအကျဉ်းစခန်းကို ဖြတ်သန်းရပေဦးမည်။
အရမ်းကိုပင်ပန်းတာပဲ…
ထိုစဉ် တိုက်ရိုက်ထုတ်လွှင့်မှု၏ မျက်နှာပြင်ကြီး ပေါက်ကွဲထွက်သွား၏။
[ အား… စုံတွဲပုံတူကြီးဟ… ငါကြိုက်တယ်... အရမ်းကိုကြိုက်တယ်...]
[ စိတ်ကူးယဉ်နေတာကိုရပ်လိုက်… ဒါက ကျယ်ပြန့်တဲ့ လူများစု အကျဉ်းစခန်းပဲ… ငါတခြား “ မကောင်းဆိုးဝါး ဘုရင်ကိုသတ်ခြင်း” ဂိမ်း ထုတ်လွှင့်ခန်းတွေကို လိုက်ချောင်းကြည့်ပြီးပြီ တခြားဘယ်အခန်းမှ လူဆယ်ယောက် အောက်မနည်းဘူး…]
[ ဘယ်လို… ပုံတူ နာမည်က “ မကောင်းဆိုးဝါး ဘုရင်ကို သတ်ခြင်း” ဆိုတော့ ဖြစ်နိုင်တာက ကစားသမားတွေ စုပေါင်းပြီး ငါတို့ရဲ့ နတ်ဆိုးကြီးကို သတ်ရမှာလား…]
[ ဟမ်… ဘယ်လိုဖြစ်နိုင်မှာလဲ… ငါတို့ရဲ့ နတ်ဆိုးကြီးကလည်း ကစားသမား တစ်ယောက်ပါပဲနော်… ဟုတ်ပြီလား… ]
[ ငါတော့ စိတ်ဝင်စားစရာ တစ်ခုခုကြည့်ရတော့မယ်လို့ ထင်နေတယ်... ဟီးဟီး… ဘယ်လိုပဲဖြစ်ဖြစ် ကြောင်လေးရဲ့ လုပ်နိုင်စွမ်းကို ယုံကြည်တယ်… ဒီ အကျဉ်းစခန်းရှင်းလင်းဖို့ အတွက် ကြောင်လေးကိုပဲ အားကိုးရတော့မှာ…]
….
ဟန်ကြွယ့်မင် ပေါ်လာပြီးနောက် လီရှစ်၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုသူအရေအတွက်မှာ ၄၀၀၀၀ ကျော်အထိ တဟုန်ထိုး ထောင်တက်သွား၏။ အများစုသည် ဟန်ကြွယ့်မင်၏ ပရိသတ်များဖြစ်ကြသည်။
အကြောင်းအရင်းမှာ ရိုးရှင်းလှသည်။ နတ်ဆိုးဘုရင်ကြီးကဲ့သို့ အဆင့်မြင့်သော ဂိမ်းစမ်းသပ်သူများက တိုက်ရိုက်ထုတ်လွှင့်ကာ ဝင်ငွေရှာရန် မလိုတော့ချေ။ ကုမ္ပဏီ အများစုက သူတို့၏ဂိမ်း နာမည်ကြီးစေရန် ထိုသို့သော စမ်းသပ်သူများအား ကြေးကြီးကြီးပေး၍ အလုအယက် အလုပ်ခန့်အပ်ကြပေလိမ့်မည်။
ထိုကြောင့် နတ်ဆိုးဘုရင်ကြီး၏ ပရိသတ်များက သူတို့၏ ပိုက်ဆံများကို နတ်ဆိုးဘုရင်ကြီးအား ပေးမည်အစား ကစားသမားအသစ်များကို ထောက်ပံ့ရန်သာ အသုံးပြုကြသည်။ မည်သို့ပင်ဖြစ်စေ ကစားသမားအသစ်များ၏ ထုတ်လွှင့်မှုများအတွင်း သူတို့၏ နတ်ဆိုးဘုရင်ကြီးကိုလည်း မြင်နိုင်လေသည်။
ဒင်—
လီရှစ် နှင့် ဟန်ကြွယ့်မင်တို့၏ ID လက်ကောက်များမှ ရုတ်တရက် အသံမြည်လာသည်။ သူတို့ ဖွင့်ကြည့်လိုက်သည်နှင့် စနစ်မှပို့ပေးသော အချက်အလက်များဖြစ်ကြောင်း သိလိုက်ရ၏။
[ ခေါင်းစဉ် : ” မကောင်းဆိုးဝါးဘုရင်အား သတ်ဖြတ်ခြင်း” ]
[ ခက်ခဲမှုအဆင့် : သာမန် ]
[ ဖွင့်လှစ်ချိန် : 7 ရက် ]
[ ပုံတူရှင်းလင်းမှု ဆုလာဘ် : 100 points ]
[ ပုံတူအား မိတ်ဆက်ခြင်း : လွန်လေပြီးသောအခါ.. မကောင်းဆိုးဝါး ဘုရင်ကြီးသည် ငယ်သား မကောင်းဆိုးဝါးများကို ဦးဆောင်လျက် သတ္တကမ္ဘာသို့ ချီတက်လာကာ ငရဲအဖြစ်ပြောင်းလဲခဲ့သည်။ ထိုစဉ် ကြင်နာတတ်သော ဘုရင်ကြီးတစ်ပါးက သူ၏ဘုန်းတော်ကြီးနှင့် သူရဲကောင်းများကို စေလွှတ်၍ မကောင်းဆိုးဝါးများကို နှင်ထုတ်စေလျက် မကောင်းဆိုဝါးကမ္ဘာနှင့် လူ့လောကကြားရှိ ပေါင်းကူးတံတားကို ချိတ်ပိတ်စေခဲ့သည်။ သို့သော် ဤသည်က အဆုံးသတ်မဟုတ်ခဲ့ပေ။ အခြားဇာတ်လမ်းတစ်ခု၏ အစပင်ဖြစ်၏… ]
[ တာဝန် လိုအပ်ချက်များ : မကောင်းဆိုးဝါးဘုရင်ကြီးကို သတ်ရန် ဘုန်းတော်ကြီး၏ လမ်းပြမှုကို လိုက်နာပါ။ သတ်ဖြတ်ခြင်း အောင်မြင်ပါက သူရဲကောင်းများ အနိုင်ရပါလိမ့်မည်။ ]
[ သတိပေးချက် : မကောင်းဆိုးဝါးဘုရင်ကြီးသည် အလွန် ခွန်အားကြီးလှသည်။ မည်သည့် သူရဲကောင်းကမျှ သူ့အား မယှဉ်နိုင်ပေ။ ကျေးဇူးပြု၍ မကောင်ဆိုးဝါးကြီး၏ ဒေါသကို မဆွမိပါစေနှင့်။]
အကျဉ်းစခန်း အချက်အလက်များကို ဖတ်ရှုပြီးသည့်နောက်တွင် လီရှစ်က ID လက်ကောက်ကို ပိတ်လိုက်ပြီး ဟန်ကြွယ့်မင်၏ အမြင်ကိုမေးရန် မော့ကြည့်လိုက်သည်။ သို့သော် သူကြည့်လိုက်သည်နှင့် တစ်ဖက်လူ၏ မူမမှန်သော မျက်နှာအမူအရာအား သတိထားမိသွား၏။
“ ဟေး… ဘာဖြစ်လို့လဲ… ထူးဆန်းတာတစ်ခုခု တွေ့လို့လား…”
လီရှစ်က သူ၏ နောက်ခြေထောက် နှစ်ချောင်းဖြင့် မြေကြီးကိုထောက်လျက် ခက်ခဲစွာ မတ်တတ်ရပ်လိုက်ပြီး ဟန်ကြွယ့်မင်၏ သုံးဖက်မြင်လက်ကောက် မျက်နှာပြင်အား စပ်စုလိုစိတ်ဖြင့် ချောင်းကြည့်လိုက်သည်။ သို့သော် စနစ်က လုံခြုံရေးတင်းကြပ်ထားပုံရသည်။ သူက မျက်နှာပြင်ပေါ်မှ အချက်အလက်များကို ဖတ်၍မရဘဲ ရှုပ်ထွေးသော code များကိုသာ မြင်ရသည်။
တကယ်ပဲ ဘာတွေရေးထားတာလဲ…
“ ဘာမှမဟုတ်ဘူး…”
ဟန်ကြွယ့်မင်က ID လက်ကောက်ကို အလျင်အမြန်ပိတ်လိုက်သဖြင့် လီရှစ်၏သိလိုစိတ်က ပို၍ ပြင်းထန်လာ၏။
လီရှစ်က သူ၏ ရှေ့ခြေထောက်နှစ်ချောင်းကို မိခင်မြေကြီးပေါ်သို့ ပြန်ချလိုက်ပြီး နှုတ်ခမ်းအား မပျော်မရွှင် တွန့်ကွေးလိုက်သည်။
“ ငါတို့ ရတဲ့ ပုံတူ သတင်းအချက်အလက်တွေက မတူဘူးလား… ဘာလို့ ဖုံးထားရတာလဲ… မင်းက အရမ်းကို ကပ်စေးနှဲတာပဲ…”
ဟန်ကြွယ့်မင်က ပြန်မပြောဘဲ လီရှစ်ကိုသာ ချစ်မြတ်နိုးသည့်အပြုံးဖြင့်ပြုံးလျက် ကြည့်နေ၏။
ထိုစဉ် ရှည်လျားသော လူအတန်းလိုက်က သူတို့၏ မြင်ကွင်းအတွင်းပေါ်လာသည်။ ထိုလူတစ်စုမှာ သူတို့ထံ ဦးတည်၍ လာနေခြင်းပင်။ ဦးဆောင်သူမှာ မျက်နှာဖုံးတပ်ထားသော ဝတ်ရုံဖြူအမျိုးသမီးဖြစ်ပြီး သူမက ယူနီကွန်းတစ်ကောင်ကို စီးလျက် သူမနောက်ရှိ သားနားတောက်ပြောင်နေသော သူရဲကောင်းအုပ်စုကို လမ်းပြနေ၏။ ထိုသူရဲကောင်းများမှာ သံချပ်ဝတ်တန်ဆာများဖြင့် နှဖူးမှ ခြေဖျားတိုင် လုံခြုံသည်အထိ ဖုံးအုပ်ထားကြသည်။ ထိုသူရဲကောင်းများ၏ နောက်တွင်မူ အဝတ်အစားမျိုးစုံ ဝတ်ဆင်ထားကြသော လူ တစ်ဒါဇင်ခန့်က ထပ်ကြပ်မကွာ လိုက်ပါလာ၏။
“ မေးပါရစေ… အဲ့ဒီ လူတွေအားလုံးက NPC တွေလား…”
{ T/ N : NPC = Non player character }
လီရှစ် မေးပြီးသည်နှင့် ထိုလူများက သူတို့ရှေ့သို့ ရောက်လာချေပြီ။ ဦးဆောင်နေသော ဝတ်ရုံဖြူအမျိုးသမီးက မြင်းပေါ်ကပင် မဆင်းဘဲ သူမ၏ လက်ကို ဝေ့ယမ်းလျက် အမိန့်ပေးလိုက်သည်။
“ သူတို့ကို ကြိုးတုပ်လိုက်စမ်း…”
“ အမိန့်အတိုင်းပါ... ကြီးမြတ်တဲ့ဘုန်းတော်ကြီး…”
သံချပ်ဝတ်သူရဲကောင်းက မြင်းပေါ်မှဆင်းလာပြီး လီရှစ်နှင့် ဟန်ကြွယ့်မင်ထံ လျှောက်လာ၏။ သို့သော် ထိုသူရဲကောင်းက ၁.၉ မီတာ နီးပါးမြင့်သော ဟန်ကြွယ့်မင်နှင့် သူ၏ ဒူးလောက်ပင် မရှိသော လီရှစ်တို့ကို တစ်လှည့်စီကြည့်ကာ စိတ်ရှုပ်ထွေးသွားလျက် ထိုနှစ်ယောက်အား ကြိုးတုပ်မည့်နည်းလမ်းကိုပင် မစဉ်းစားတတ်တော့ပေ။
ထိုအချိန်မှသာ လီရှစ်က ထိုအုပ်စုနောက်မှ လူများ ညီညာစွာ လိုက်နေရသည့် အကြောင်းအရင်းကို သဘောပေါက်သွားတော့သည်။ ထိုလူများမှာ ကြိုးတုပ်ခံထားရခြင်းဖြစ်ကာ လူနှစ်ယောက်လျှင် သူရဲကောင်းတစ်ယောက်က စောင့်ကြပ်နေ၏။ ထိုလူများမှာ အကျဉ်းသားများဖြစ်ပုံရသည်။
သံချပ်ဝတ်သူရဲကောင်း၏ အခက်အခဲကို မြင်သော် ဟန်ကြွယ့်မင်က ဦးစွာလှုပ်ရှားလျက် လီရှစ်အား ကောက်ပွေ့ကာ ဖက်လိုက်ပြီး သူ၏ လက်ကောက်ဝတ်နှစ်ဖက်ကို သူရဲကောင်းထံ ဆန့်တန်းပေးလိုက်သည်။
“ ငါ သူ့ကို ချီထားလိုက်မယ်… ဒီလိုဆို မင်း ငါတို့ကို ကြိုးတုပ်လို့ရပြီ မဟုတ်လား…”
“ ကျေးဇူးတင်ပါတယ်…”
သူရဲကောင်းက သူ့အား ရှက်ရွံ့စွာကျေးဇူးတင်လျက် အညှာအတာမဲ့စွာ ကြိုးတုပ်လိုက်၏။
လီရှစ် : “…”
ဒါက အရမ်းစိတ်ရှုပ်ဖို့ကောင်းတယ်…
ကြိုးတုပ်ပြီးနောက် သူရဲကောင်းက ဟန်ကြွယ့်မင်အား ဦးဆောင်ကာ မြင်းပေါ်တက်လျက် ခရီးဆက်တော့သည်။
“ ညီအစ်ကို… မင်းက ကစားသမားလား…”
လီရှစ်က အနီးအနားရှိ အခြားသော ကြိုးတုပ်ခံထားရသူများကို မေးလိုက်သည်။ လူအများစုမှာ ခေတ်ပေါ် အဝတ်အစားများ ဝတ်ဆင်ထားကြသောကြောင့် ဤ အကျဉ်းစခန်း၏ NPC များ ဖြစ်ဟန်မတူပေ။
လီရှစ်၏ စကားသံကို ကြားသော် ဗလတောင့်တောင့် ဆယ်ကျော်သက်အရွယ် လူငယ်က မျက်လုံးပြူးလျက် အလန့်တကြား ထအော်သည်။
“ သေစမ်း… ကြောင်က စကားပြောတယ်ဟ…”
“ အရူး…”
ထိုလူငယ်နှင့် တွဲချည်ခံထားရသော မိန်းကလေးက မျက်ဖြူလှန်လိုက်ကာ ပြောလိုက်သည်။
“ သူက တစ်နေ့ကမှ ပေါ်လာတဲ့ စမ်းသပ်သူ အသစ်လေ… သူက ကြောင်ဖြစ်နေပေမဲ့ အရမ်းသန်မာတာ… အထင်မသေးနဲ့…”
“ ဟားဟား… ဟုတ်လား… ငါဖြင့် သိတောင်မသိလိုက်ဘူး…”
ထိုလူငယ်က တွဲချည်ခံထားရသည်ကို သိသည့်တိုင် သူ၏ ခေါင်းကို ရှက်ရွံ့စွာကုပ်လိုက်သည်။ ထိုလှုပ်ရှားမှုက တွဲချည်ခံထားရသော မိန်းကလေးအား ဆွဲလိုက်သကဲ့သို့ဖြစ်ကာ မိန်းကလေး၏ ခန္ဓာကိုယ်က လူငယ်၏ ခန္ဓာကိုယ်အား ပြေးကပ်သကဲ့သို့ ဖြစ်သွားလေသည်။
“ တင်းဝေးဝေး… ငါ နင်နဲ့ တွဲချည်ခံထားရတုန်းပဲဆိုတာကို နည်းနည်းလောက် သတိရဦး…”
မိန်းကလေးက ရှက်သွေးဖြာလျက် အပြစ်ဆိုလာ၏။
“ တကယ် အရမ်း စိတ်ရှုပ်ဖို့ကောင်းလွန်းတယ်… နင့်လိုအရူးနဲ့ ဘာလို့ တစ်သင်းထဲ လာကျနေရလဲမသိဘူး…”
တင်းဝေးဝေးဟု အမည်ရသော လူငယ်က ပြာပြာသလဲ တောင်းပန်လိုက်၏။
“ တုံးရွှယ်… ငါ တောင်းပန်ပါတယ်... ငါက မင်းကို ဆွဲချမိသလိုဖြစ်နေတာ…”
တုံးရွှယ်က သူမ၏ နှုတ်ခမ်းကို မဲ့လိုက်ကာ ထိုလူငယ်ကို လျစ်လျူရှုလျက် လီရှစ်နှင့် ဟန်ကြွယ့်မင်တို့အား လေးစားစွာ ကြည့်လိုက်သည်။
“ ကျွန်မတို့လည်း ရှင်တို့လိုပါပဲ… တောင်တစ်တောင်ပေါ်ရောက်သွားတာ… ပြီးတော့ အချက်အလက်ကို ဖတ်ပြီးပြီးချင်းမှာတင် သူတို့ဆီက အဖမ်းခံလိုက်ရတာပဲ... လောလောဆယ် အခြေအနေကိုတော့ ကျွန်မတို့လည်း နားမလည်သေးဘူး... သူရဲကောင်းတွေကလည်း ကျွန်မတို့ မေးသမျှကို ဘာမှပြန်မဖြေဘူးလေ…”
“ ပြန်မဖြေဘူးတဲ့လား…”
ဟန်ကြွယ့်မင်က ဖျက်လိုဖျက်ဆီးဆန်စွာ ပြုံးလိုက်ပြီး နူးညံ့သော ကြောင်အမွေးကို ပွတ်သပ်လိုက်သည်။
“ ငါ ကလော်မဖွင့်နိုင်တဲ့ ပါးစပ်ပေါက်ဆိုတာ ကမ္ဘာမှာမရှိဘူး…”
သွားပြီ… နတ်ဆိုးဘုရင်ကြီးက မကောင်းတာတစ်ခုခုထပ်လုပ်တော့မယ်…
လီရှစ်က တိုးတိုးတိတ်တိတ် ကျိန်ဆဲလိုက်ပြီးနောက် ဟန်ကြွယ့်မင်၏ လက်မောင်းအတွင်း နေရာလှည့်လိုက်ကာ အခြားဖက်ရှိ အမွေးများကို ပွတ်သပ်ပေးရန် တောင်းဆိုလိုက်၏။ ခဏအကြာတွင်မူ လီရှစ်က ဇိမ်ခံကာ အပျင်းတစ်နေချေပြီ။
ငါ့ကို အပြစ်မတင်နဲ့… နတ်ဆိုးဘုရင်ကြီးရဲ့ ရင်အုပ်က အိစက်ညက်ညောပြီး အရမ်းသက်သောင့်သက်သာ ရှိစေတာပဲ… အိမ်က ကူရှင်ထက်တောင် ကောင်းသေးတယ်…
😺😺😺