😺Chapter 19
ကြောင်ဘဝသို့ ကြီးကျယ်ခမ်းနားစွာ ထပ်မံကူးပြောင်းခြင်း…
“ ဘာရယ်…”
ရှင်းခယ့်က နားကို သေချာရှင်းလင်းလိုက်ကာ မယုံသင်္ကာဟန်ဖြင့် မေးလိုက်သည်။
“ ငါကြားတာ မှန်ပါတယ်နော်… ကြီးမြတ်တဲ့ နတ်ဆိုးဘုရင်ကြီးမှာလည်း တစ်ယောက်ယောက်ကို ကူညီချင်စိတ်ပေါက်လာတဲ့နေ့ ရှိသေးတာပဲလား…”
ဟန်ကြွယ့်မင်က စကားပြန်မပြောဘဲ နူးညံ့စွာ ပြုံးလိုက်သော်လည်း သူ၏ မျက်လုံးထဲရှိ ခြိမ်းခြောက်မှုများက အတိုင်းသား ပေါ်လွင်နေ၏။ ရှင်းခယ့်သာ စကားကြောရှည်နေဦးမည်ဆိုပါက ဟန်ကြွယ့်မင်၏ ဒေါသနှင့် ထိပ်တိုက် ရင်ဆိုင်ရပေလိမ့်မည်။
“ အဟွတ်…”
ရှင်းခယ့်က ခြောက်သွေ့စွာ ချောင်းဟန့်လိုက်ကာ သူ၏ မျက်နှာပေါ်ရှိ အနေရခက်မှုတို့ကို ဖုံးကွယ်လိုက်၏။
“ ကောင်းပြီ... ကောင်းပြီ... ဘယ်လို ကံကောင်းတဲ့ ကစားသမားလေးက မင်းရဲ့ ချစ်ခင်နှစ်သက်မှုကို ခံရတာလဲ… ငါ့ကို သူ့ရဲ့ အချက်အလက်တွေပြောပြပေး မင်းတို့နှစ်ယောက်ရဲ့ ID တွေကိုချိတ်ပြီးရင် ပြန်ပြောပေးမယ်... အခုကစပြီး သူ ဘယ်ပုံတူဝင်ဝင် မင်းလိုက်မှာ မဟုတ်လား…”
ဟန်ကြွယ့်မင်၏ မျက်ဝန်းများမှာ ရုတ်ချည်းပင် ကြင်နာမှုများဖြင့် ပြည့်နှက်သွားသည်။
“ သူက နောက်ဆုံးဝင်ခဲ့တဲ့ အကျဉ်းစခန်းထဲက ကြောင်လေးပဲ… “
ရှင်းခယ့်က ရုတ်တရက် သဘောပေါက်သွားလျက် ပြော၏။
“ အိုး... အဲ့ဒီ ကစားသမားလား… သူက အခုဆို မင်းထက်တောင် နာမည်ကျော်နေတာနော်... စဉ်းစားကြည့်ရရင် မင်းတို့နှစ်ယောက် အပြင်မှာ အချင်းချင်း သိရင် သိကြမှာ… ငါ မင်းကို သူ့ရဲ့ ကိုယ်ရေးအချက်အလက်အမှန်ကို ပြောပြပေးရမလား…”
“ မလိုဘူး...”
ဟန်ကြွယ့်မင်က အပြုံးတစ်ခုဖြင့် ပြောလာသည်။
“ အမှန်ကို သိရတာက အရေးမကြီးဘူး... အမှန်တရားကို ကိုယ်တိုင်ရှာဖွေရတာကမှ အရေးကြီးတာ… မင်းသိလား... ကိုယ်တိုင်ရှာဖွေပြီးမှ သိရတဲ့ အမှန်တရားကမှ တန်ဖိုးအရှိဆုံးပဲဆိုတာ…”
ထိုသည်ကိုကြားသော် ရှင်းခယ့်က ရှုပ်ထွေးသွား၏။
ကြည့်ရတာ ဘော့စ်ရဲ့ စိတ်ဝင်စားမှုက တခြားသူတွေနဲ့ နည်းနည်း ကွဲပြားပုံပဲ…
စိတ်ထဲ၌ စောဒကတက်နေသော်လည်း ရှင်းခယ့်က သူ၏ တာဝန်ကို မမေ့လျော့ပေ။ သူ၏ လက်ချောင်းများက ကီးဘုတ်ပေါ်၌ လျင်မြန်စွာ ရွေ့လျားနေသည်။ “ pop “ ဟူသော အသံနှင့်အတူ ရှင်းခယ့်က သက်ပြင်းချလိုက်၏။
“ အိုး... ချိတ်ဆက်မှုက အောင်မြင်သွားပြီ… သန်ဘက်ခါကျရင် မင်းတို့ သေချာပေါက် ပြန်တွေ့လိမ့်မယ်…”
“ ကျေးဇူး...”
တိုတိုရှင်းရှင်း ကျေးဇူးတင်စကားပြောပြီးနောက် ဟန်ကြွယ့်မင်က ဖုန်းချရန် ပြင်လိုက်သည်။
“ နေဦး…”
ရှင်းခယ့်က ဟန်ကြွယ့်မင်၏ လှုပ်ရှားမှုအား အလျင်စလို ဟန့်တားလိုက်ကာ စိုးရိမ်တကြီးပြောလိုက်၏။
“ ဟန်ကော… ငါတို့ရဲ့ ပထမဆုံး စမ်းသပ်မှုမှာတင် စမ်းသပ်သူ ၃ ပုံ ၁ ပုံ လောက်က တိုက်ရိုက်ထုတ်ပယ်ခံလိုက်ရတာ… ဒီအနေအထားနဲ့ဆို နောက်ပွဲတွေကျ ဂိမ်းစမ်းသပ်သူတွေ သိပ်မကျန်လောက်တော့ဘူး… ငါတို့ နောက်ထပ် စမ်းသပ်သူတွေ ထပ်ခေါ်လိုက်ရမလား…”
ဟန်ကြွယ့်မင်က ပြုံးလျက် ရှင်းခယ့်အား ကြည့်လိုက်သည်။
“ မင်း ဘယ်လိုထင်လဲ…”
ရှင်းလင်းစွာပင် ရှင်းခယ့်က အသက် ၃၀ အစောပိုင်းအရွယ် ယောကျာ်းသားတစ်ယောက် ဖြစ်သည့်တိုင် ဟန်ကြွယ့်မင်၏ ရှေ့မှောက်တွင်မူ ကောင်းမွန်စွာ ဆုံးဖြတ်ချက်မချနိုင်ပေ။ သူက တွန့်ဆုတ်နေသောလေသံဖြင့် ပြောလိုက်သည်။
“ ငါတို့ နောက်ထပ် တစ်သုတ်လောက်တော့ ထပ်ခေါ်သင့်တယ်မလား… ဘယ်လိုပဲဖြစ်ဖြစ် ဂိမ်းစမ်းသပ်သူနေရာအတွက် လျှောက်လွှာတင်ထားတဲ့ သူတွေလည်း အများကြီးရှိနေတာ ဆိုတော့လေ... စမ်းသပ်ဖို့အတွက်က ငါတို့စမ်းသပ်သူ အရေအတွက်ကို သတ်မှတ်ထားတဲ့ အတိုင်း ထိန်းသိမ်းထားနိုင်ပြီး လိုတဲ့အချိန်မှာ ပြန်ဖြည့်နိုင်ဖို့လည်း ယုံကြည်ချက်ရှိပါတယ်... အဲ့လိုဆို ဂိမ်းရဲ့ ကျော်ကြားမှုကိုလည်း ထိန်းထားနိုင်လိမ့်မယ်… ဒီနည်းလမ်းက ပရိသတ်တွေရဲ့ မျှော်လင့်ချက်တွေကို ပိုမြင့်စေပြီး ငါတို့ ဂိမ်းကို စတင်ထုတ်လွှင့်တဲ့ အခါကျရင်လည်း အကျိုးအမြတ်ရှိစေမှာ သေချာတယ်…”
“ မင်းက အမြော်အမြင်ရှိတာပဲ…”
ဟန်ကြွယ့်မင်က ရှင်းခယ့်ကို အားပေးလိုက်သည်။
“ ငါ ကုမ္ပဏီ ကိစ္စတွေကို မင်းလက်ထဲ အပ်ထားကတည်းက ဒီလို အသေးအဖွဲ ကိစ္စလေးအတွက် ငါ့အမြင်ကို မေးနေစရာ မလိုပါဘူး…”
စကားပြောပြီးနောက် ဟန်ကြွယ့်မင်က ဦးစွာ ဖုန်းချလိုက်သည်။
၄၈ လွှာ တိုက်ခန်း၏ ပြတင်းပေါက်၌ ရပ်ကာ အပြင်ဘက်ရှိ ကောင်းကင်ပြာကို ကြည့်လျက် ဟန်ကြွယ့်မြင်၏ မျက်ဝန်းများ ကျဉ်းမြောင်းသွား၏။
နောက်အကျဉ်းစခန်း စတင်ရန် တစ်ရက်လိုသေးသည်ဖြစ်ကာ သူ မစောင့်နိုင်တော့ချေ။
…
စားသောက်၍ တစ်ရေးအိပ်ပြီးသည်နှင့် လီရှစ်က အိမ်အနီးရှိ Gym ၌သာ တစ်နေကုန် အချိန်ဖြုန်းနေ၏။ မနားမနေ ဆော့ကစားခဲ့သောကြောင့် ချွေးများပြိုက်ပြိုက်ကျလျက်ပင်။
အိမ်သို့ ပြန်ရောက်သည်နှင့် သူက ရေချိုးလိုက်ပြီး မှန်ရှေ့၌ ရပ်လိုက်ကာ သူ့ကိုယ်သူ ပြန်ကြည့်လိုက်သည်။ သူ၏ ကျစ်လစ်သော ဝမ်းဗိုက်ပေါ်တွင်မူ ပါးလွှာသေးငယ်သော ကြွက်သားမြောင်း လေးခုက ရေးရေးမျှသာ ပေါ်နေ၏။ လီရှစ်က စိတ်ပျက်အားလျော့စွာ နှုတ်ခမ်းစူလိုက်သည်။ သူက အကျဉ်းစခန်း၌ မြင်လိုက်ရသော ဟန်ကြွယ့်မင်၏ ကြွက်သားမြောင်းရှစ်ခုကို တွေးလိုက်မိသည်နှင့် မနာလိုမှုဖြင့် စိတ်တိုလာရသည်။
တစ်နေ့ အဲ့လိုဖြစ်အောင် လေ့ကျင့်ပြမယ်… အဲ့ဒါမှ ငါ့ ကြောင်မွေးတွေကို ထိရဲတဲ့ ဟန်ကြွယ့်မင်ဆိုတဲ့ နတ်ဆိုးကောင်ကို အနိုင်ယူနိုင်မှာ…
သေချာပေါက် အနိုင်ယူပြမယ်…
နေ့ရက်တစ်ရက်က မျက်စိတစ်မှိတ်အတွင်း၌ပင် ကုန်ဆုံးသွားချေပြီ။
မနက် ၈ နာရီ အတိတွင် လီရှစ်က ဂိမ်းဆော့ခန်းအတွင်း၌ လှဲလျောင်းလိုက်ကာ လိုင်းပေါ်သို့တက်လိုက်၏။
[ “ ဟွမ်းယွီ “ ဂိမ်း စမ်းသပ်မှု version အတွင်းသို့ အောင်မြင်စွာဝင်ရောက်လာသော ကစားသမား 321 ကို ကြိုဆိုပါတယ်။ ]
ရင်းနှီးနေသော စနစ်၏အသံ ပျံ့လွင့်လာသည်နှင့် လီရှစ်က မျက်လုံးဖွင့်ကြည့်လိုက်သည်။ အတိအကျပင် သူက ကြောင်ဘဝသို့ ကြီးကျယ်ခမ်းနားစွာ ထပ်မံကူးပြောင်းသွားချေပြီ။
“ ပထမတစ်ကြိမ်မှာ ထူးဆန်းပေမဲ့ ဒုတိယအကြိမ်ကျ ရင်းနှီးသွားလိမ့်မယ် “ ဟူသော ဆိုရိုးအတိုင်းပင် လီရှစ်က သူ၏ ကြောင်လက်သည်းများအား ရင်းနှီးအသားကျစွာ ဝေ့ယမ်းလိုက်သည်။ ကြောင်ဖြစ်ရခြင်းသည် သူ၏နှလုံးသားအား အနေမခက်စေတော့ပေ။
{ T/N : [一回生二回熟] “ ပထမတစ်ကြိမ်မှာ ထူးဆန်းပေမဲ့ ဒုတိယအကြိမ်ကျ ရင်းနှီးသွားလိမ့်မယ်” တရုတ်ဆိုရိုးစကားဖြစ်ပြီး မြန်မာဆိုရိုး ဖြစ်တဲ့ “ နှစ်ခါသုံးခါတွေ့ရင်း ရင်းနှီးသွားမယ်” ဆိုတာနဲ့ အဓိပ္ပာယ်တူပါတယ်။ }
လီရှစ်က သက်သောင့်သက်သာဖြင့် မေးလိုက်၏။
“ စနစ်ရေ... ဒီတစ်ကြိမ် ပုံတူကို ငါကိုယ်တိုင် ရွေးလို့ရတယ်မဟုတ်လား…”
[ ဒါပေါ့... ဂိမ်းထဲက အကျဉ်းစခန်းတွေကို အမျိုးအစားသုံးမျိုး ခွဲထားပါတယ်… ကုဒ်ဝှက်ထားသောကမ္ဘာ၊ နတ်သမီးပုံပြင်ကမ္ဘာ နှင့် မတူညီသောကမ္ဘာ... ကစားသမားတွေက သူတို့ နှစ်သက်တဲ့ အကျဉ်းစခန်း အမျိုးအစားကို ရွေးချယ်ခိုင်းလို့ရပါတယ်။ ]
လီရှစ်က ခေတ္တမျှ တွေးတောလိုက်သည်။ ယခင် သူဝင်ခဲ့သော ဝှက်စာဖော်ရသည့်ကမ္ဘာက သူနှင့် မကိုက်ညီလှပေ။ သူ အသက်ပင် သေဆုံးလုဆဲဆဲဖြစ်ခဲ့ရသည်။ ဤတစ်ခေါက်တွင် သူက ထို အန္တရာယ်များသည်ကို ရှောင်၍ ရိုးရှင်းသော အကျဉ်းစခန်းကိုသာရွေးချယ်ရန် ဆုံးဖြတ်လိုက်သည်။
နတ်သမီးပုံပြင် ကမ္ဘာတဲ့လား…
ဟီးဟီး… နာမည်ကတော့ အန္တရာယ်များမယ့်ပုံမပေါ်ဘူးပဲ…
သို့သော် လီရှစ်က ထိုနတ်သမီးပုံပြင်ကမ္ဘာက သိပ်မရိုးရှင်းလှဟု ခံစားမိ၏။ ထိုနတ်သမီးပုံပြင်များက ကြောက်မက်ဖွယ် ဒဏ္ဍာရီပုံပြင်များ ဖြစ်နိုင်ပြီး ကုဒ်ဝှက်ထားသော ကမ္ဘာထက်ပင်ပို၍ ရှုပ်ထွေးနက်နဲနိုင်ပေသည်။
[ ကစားသမား 321... မင်းရွေးချယ်မှုမလုပ်ဘူးဆိုရင် စနစ်က မင်းအတွက် ပုံတူတစ်ခုကို ကျပန်းရွေးချယ်ပေးသွားမှာဖြစ်ပါတယ်။ ]
လီရှစ်က အံကြိတ်ကာ ပြောလိုက်၏။
“ မတူညီတဲ့ကမ္ဘာ… မတူညီတဲ့ ကမ္ဘာပုံတူကို ရွေးမယ်…”
[ ကောင်းပါပြီ။ အကျဉ်းစခန်းရဲ့ ခက်ခဲမှု အဆင့်ကိုရွေးချယ်ပေးပါ။ လွယ်ကူ အဆင့်ရဲ့ ဆုလာဘ်က 60 points ဖြစ်ပြီး သာမန်အဆင့်ရဲ့ ဆုလာဘ်က 100 points ဖြစ်ပါတယ်။ ]
“ သာမန်အဆင့်ကိုရွေးမယ်…”
အဆင့် 2 စမ်းသပ်သူဖြစ်ရန် အမှတ် ၂၀၀ လိုအပ်သောကြောင့် လီရှစ်မှာ အလုပ်ကြိုးစားနေရသည်။
[ ကောင်းပါပြီ။ ကစားသမား 321... စနစ်က မင်းအတွက် “ မကောင်းဆိုးဝါး ဘုရင်ကြီးကိုသတ်ခြင်း “ ပုံတူကို ရွေးချယ်ပေးထားပါတယ်။ ဒီ ပုံတူက မတူညီသောကမ္ဘာ ပုံတူဖြစ်ပြီး ခက်ခဲမှုအဆင့်က သာမန်ဖြစ်ပါတယ်။ ကစားသမားက မစ်ရှင်တည်နေရာကို ရောက်တဲ့အခါ ပုံတူရဲ့ အသေးစိတ်အချက်အလက် တွေကို ထုတ်ပြန်ပေးပါမယ်။ ကံကောင်းပါစေ…]
စနစ်၏ အသံဆုံးသည်နှင့် အဖြူရောင် မြူထုကြီးက လွင့်စင်ပပျောက်သွားပြီး အနက်ရောင် အင်းကွက်များဖြင့် ပုံဖော်ထားသည့် သံမဏိ တံခါးတစ်ချပ် ပေါ်လာသည်။ လီရှစ်က တုံ့နှေးခြင်းမရှိဘဲ ထိုတံခါးအား တွန်းဖွင့်လျက် အတွင်းသို့ ဝင်သွားလိုက်သည်။
…..
ဟွမ်းယွီဂိမ်း၏ ပထမဆုံးစမ်းသပ်မှုအပြီးတွင် စမ်းသပ်သူ ၁၀၀၀ အနက် ၆၀၀ သာ ကျန်ရှိတော့သည်။
အများစုမှာ အရည်အချင်းပြည့်မီသော တရားဝင် စမ်းသပ်သူများဖြစ်ပြီး ထိုသူ တစ်ဦးတစ်ယောက်ချင်းစီ၌ တိုက်ရိုက်ထုတ်လွှင့်ခန်း တစ်ခုစီရှိ၏။ ကြည့်ရှုသူများက တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနိုင်ရန် အသင်းဝင်ကြေးပေးရပြီး ထုတ်လွှင့်မှုအား နှစ်သက်လျှင် လက်ဆောင်များလည်း ပေးနိုင်လေသည်။ ထုတ်လွှင့်မှုမှရရှိသော ဝင်ငွေများကိုမူ တိုက်ရိုက်ထုတ်လွှင့်မှု platform နှင့် စမ်းသပ်သူတို့က အညီအမျှ ခွဲယူကြမည်ဖြစ်၏။
ထိုစဉ် လီရှစ်၏ ထုတ်လွှင့်ခန်း၌ တစ်ဦးထက်ပိုသော ပရိသတ်များ စုဝေးလာကြသည်။ အသစ်ဝင်လာသော ဂိမ်းစမ်းသပ်သူများအနက် သူ၏ လုပ်ဆောင်ချက်များမှာ အထင်ကြီးလောက်စရာပင်။
[ ဒါလေးက ကျောက်ရိုင်းတုံးလေးနော်… အတန်းရှင်း လုံးဝပေးသင့်တယ်…]
[ အသစ်ဝင်လာတဲ့သူဆိုရင် follow နှိပ်လိုက်ဖို့ အကြံပြုတယ်နော်… လမ်းမှားမရောက်သွားစေနဲ့…]
[ ငါ ဘေးကပ်ရပ်က နတ်ဆိုးကြီးရဲ့ အခန်းကနေ ပြောင်းလာတာ… ရေသာခိုတဲ့ နတ်ဆိုးကြီးက ငါ့ရဲ့ မရှိမဲ့ရှိမဲ့ ငွေလေးကို လက်ခံဖို့ မထိုက်တန်ဘူး… သူ ငါတို့ရဲ့ ငွေတွေနဲ့ ကြောင်လေးကို စည်သွပ်ဘူးတွေ ဝယ်ပေးသင့်တယ်…]
[ ကြောင်လေးက ဘယ်ပျောက်နေတာလဲ… ဘာလို့ထွက်မလာသေးတာလဲ… ရှက်နေတာလား…]
[ အိုက်ယိုး… ထွက်လာပါ ကြောင်လေးရေ…]
တိုက်ရိုက်ထုတ်လွှင့်မှု အနက်ရောင် ဖန်သားပြင်က တဖြည်းဖြည်း အရောင်အသွေး စုံလင်လာ၏။ ထင်ရှားစွာပေါ်လာသည်က ချစ်စရာကောင်းလှသော လိမ္မော်ရောင် Maine Coon ကြောင်လေးဖြစ်၏။ သို့သော် ထိုကြောင်လေး၏ အမူအရာမှာ စိတ်ဓာတ်ကျနေဟန်ပင်။
ကင်မရာမြင်ကွင်း ကျယ်လာသည်နှင့် ထုတ်လွှင့်ခန်းထဲမှ ပရိသတ်များက ကြောင်လေး စိတ်ဓာတ်ကျနေရသည့် အကြောင်းအရင်းကို နားလည်သဘောပေါက်သွား၏။
ဘာလို့ဆို... ကြောင်လေးရောက်နေတဲ့ နေရာက ဝေးလံခေါင်းပါးတဲ့ ဒေသက တောင်တန်းကြီးပေါ်မှာဖြစ်နေလို့လေ…
သရဲမပြောနဲ့ လူအရိပ်တောင် ရှိမနေတဲ့ နေရာကြီး…
လီရှစ်က စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းကို ယမ်းလိုက်၏။
စနစ်က ဘာကိစ္စ ငါ့ကို ဒီ ကျက်တီးမြေပေါ် လာပို့ထားရပြန်တာတုန်း…
မကောင်းဆိုးဝါးဘုရင်ကြီးကို သတ်ရမယ်လို့ မင်းမပြောခဲ့ဘူးလား…
မင်းက ငါ့ကို လက်နက်လေးတစ်ခုတောင် မပေးထားတော့… ငါက မကောင်းဆိုးဝါးကြီးကို သေတဲ့အထိ လက်သည်းနဲ့ ကုတ်ပစ်ရမှာလားကွ…
😺😺😺