အပိုင်း ၃၇.၂
Viewers 13k

Chapter 37.2

မက်စယ်လာ က သူမ အမေအကြောင်း ဘာကြောင့် မပြောတာလဲ… သူမကို 'သမီး' အဖြစ် ဟန်ဆောင်ထားပြီး အသုံးချချင်တာလား…

"ရောက်လာပြီလား..."

ရိုစီနာ သည် အသံကြားရာဘက်ကို ‌ကြည့်လိုက်ရာ ဥယျာဉ်အလယ်တွင် ရပ်နေသည့် ရာဟန်ကို တွေ့လိုက်ရသည်။သူမက ဘာမှပြန်မပြောဘဲ အသာ ကြည့်နေစဉ် သူက တဖြည်းဖြည်း ချဉ်းကပ်လာသည်။

"ရထားလုံးသံကြားလို့ ကိုယ် ထွက်လာတာ...”

သူမ ရှေ့မှ လျှောက်လာသည့် ရာဟန် က သူဝတ်ထားသည့် ‌အပေါ်ထပ်အင်္ကျီကို ချွတ်ပေးလိုက်သည်။ထို့နောက် သူ ၀တ်ဆင်ထားသည့် အင်္ကျီအပါးကို သူမ ပခုံးပေါ် တင်ပေးလိုက်သည်။ ထိုမှသာ သူမသည် ပန်းခြံထဲတွင် လေအေးများ တိုက်နေမှန်း သတိထားမိသွားရသည်။လေညှင်းကလည်း သူမ ဆံပင်ကို ခါယမ်းလွင့်ခါသွားစေလောက်အောင် ပြင်းထန်လှသည်။ထို့နောက် သူမလည်း ကြောင်စီစီဖြင့် ရာဟန်ကို မော့ကြည့်လိုက်သည်။အတတ်နိုင်ဆုံး ဝမ်းနည်းနေသည့် သူမ ပုံစံကို သူ့အား မပြချင်ပေ။

"တစ်ခုခု ဖြစ်ခဲ့တာလား..."

ရာဟန်ကလည်း သူမ တစ်ခုခုဖြစ်ခဲ့သည်ကို ရိပ်မိတာကြောင့် စိုးရိမ်သွားရလေသည်။ သို့သော်လည်း သူမအပြောကိုသာ စောင့်နေမိသည်။

ရိုစီနာ ၏ နှုတ်ခမ်းများ အနည်းငယ် တုန်ခါသွားသည်။ သာမာန်အားဖြင့် သူမဘာသာသူမ မြိုသိပ်ထားလေ့ရှိသော်လည်း ယနေ့မှ ထူးထူးခြားခြား ပင် သူ့မျက်လုံးများကို ကြည့်ကာ အရာအားလုံးကို ပြောချင်နေခဲ့သည်။

“ဒီနေ့ ကျွန်မ မိသားစုနဲ့ အဆက်အသွယ် ဖြတ်လိုက်ပြီ...”

မယ်စယ်လာတို့ သားအမိနှစ်ယောက်ကြောင့် သူမ စိတ်ထိခိုက်နေမှန်း သူတို့သားအမိသာ သိလျှင် ရှေ့ဆက်ပြီး စိတ်ဆင်းရဲအောင် လုပ်မှာမဟုတ်ဟု မျှော်လင့်ထားဖူးသည်။ သို့သော်၊ မက်စယ်လာတို့ သားအမိသည် သူမအား အမျိုးမျိုး ဒုက္ခပေးဖို့ရာသာ စဉ်းစားကြလိမ့်မည် ဖြစ်သည်။ထို့ကြောင့် အီလီယန် ကို ကာကွယ်ပေးရန်အတွက် များစွာ စဉ်းစားပြီးနောက် မိသားစုနှင့် သူမ၏ ဆက်ဆံရေးကို ဖြတ်တောက်ခဲ့ခြင်းဖြစ်သည်။

“ကျွန်မရဲ့ ဆုံးဖြတ်ချက်ပဲ…ဘယ်တော့မှ မတုန်လှုပ်တော့ဘူး...”

အစ ပထမက သူမသည် ရာနီယာနှင့် သူမကို မွေးဖွားပေးသော မိခင်ဖြစ်သူကြောင့် စိတ်မပြတ်နိုင် ဖြစ်နေသေးသည်။သို့သော်လည်း သူမတို့မှာ တစ်ကယ့်မိသားစု မဟုတ်ခဲ့ပေ။ထို့ကြောင့် မက်စယ်လာ ကလည်း သည် အစကတည်းက သိထားပြီးသားဖြစ်၍ ခွဲခြားဆက်ဆံခဲ့သည်ဟု တွေးမိသွား၏။သို့နှင့်၊စိတ်ပြတ်သွားနိုင်ခဲ့ပြီဖြစ်သညိ

“သူတို့ကို တစ်ကယ့် မိသားစုဝင်လို့ ထင်ထားခဲ့တာ…”

ရိုစီနာ လန့်သွားရတာကြောင့် မျက်ရည်များက ပါးပြင်ပေါ်သို့ စီးကျလာသည်။

"အစကတည်းက သူတို့နှစ်ယောက်လုံးအတွက် ကျွန်မက ဘာမှ မဟုတ်ခဲ့ဘူး..."

“…..”

“ဘာမှမဟုတ်ခဲ့ဘူး…”

ရိုစီနာ သည် ထွက်လာသော မျက်ရည်များကို မျိုချလိုက်သောအခါ ရာဟန် က စကားတစ်ခွန်းမှ မပြောဘဲ သူမကို ဆွဲဖက်ပေးလိုက်တော့သည်။သူ့ရင်ခွင်ထဲတွင် အသာနေရင်း သူမလည်း မျက်ရည်များ အဆက်မပြတ် စီးကျလာသည်။ ယခင်က သူမသည် မက်စယ်လာ ၏ ရင်ခွင်ထဲတွင် တစ်ခါကလေးသာခိုအောင်းဖူးသော်လည်း ရာဟန်၏ ရင်ဘတ်ကသာ နွေးထွေးမှန်း သဘောပေါက်သွားရလေသည်။

အချိန်အတော်ကြာ ငိုပြီးနောက် ရာဟန် သည် မျက်ရည်များကို လက်ဖမိုးဖြင့် သုတ်ပေးလိုက်သည်။ သူ့လက်ဖဝါးကြမ်းတွေနှင့်မတူဘဲ လက်ဖမိုးက နူညံ့ပျော့ပျောင်းနေရ၏။ ရိုစီနာ ခေါင်းမော့ပြီး ရာဟန် ကို ကြည့်လိုက်သည်။ငိုယိုထားသော သူမ မျက်လုံးများကြောင့် ဝမ်းနည်းနေသော ရာဟန် လည်း ဝမ်း‌နည်းနေပုံပင်။ အပြာရောင်တောက်နေသော သူ့မျက်လုံးများမှာ ရင်ခွင်ကျယ်ကြီးလို နွေးထွေးချိုမြိန်နေသည်။

ထို့နောက် သူ့လက်တစ်ဖက်က သူမ ပါးပြင်ပေါ်ရောက်လာပြီး ဖားလျားချထားသော ဆံနွယ်များဆီ ဖြည်းဖြည်းချင်း ဦးတည်သွားလေသည်။ခဏကြာသော် လရောင်အောက်တွင် ပေါ်လွင်နေသော သူမ နဖူးမှာ နွေးထွေးနူးညံ့သော အထိအတွေ့တစ်ခုကို သူမ ခံစားလိုက်ရသည်။ သူမ ရာဟန် ကို အံ့အားသင့်စွာ မော့ကြည့်လိုက်ရာ သူက ပြုံးပြီး တိုးတိုးပြောလိုက်သည်။

"မင်းက သူတို့အတွက် ဘာမှမဖြစ်နိုင်ပေမယ့်..."

နက်မှောင်နေသော မျက်လုံးများသည် လရောင်ဖျော့ဖျော့လို သူမအား ရီဝေဝေ ငေးကြည့်နေတော့သည်။

"မင်းကို တစ်ကယ်တန်ဖိုးထားတဲ့သူတွေရှိတယ်..."

ရိုစီနာ ဘာမှပြန်မပြောနိုင်တော့။ သူ့နှုတ်ခမ်း ထိလိုက်သော သူမ နဖူးသည် မီးလျှံတမျှ ပူကျစ်နေရလေသည်။ သူမ ရင်ဘတ်အောက်မှ ရင်ခုန်သံများ‌ေကျာ်လောင်လာပြီး ကိုယ့်အသက်ရှုသံကိုတောင် ပဲ့တင်သံတစ်ခုလို ကိုယ့်နားထဲမှာ ပြန်ကြားယောင်နေတော့သည်။

ခ‌ဏကြာပြီးနောက် သူမ ပုခုံးကို ခပ်ဖွဖွ ကိုင်ထားသည့် ရာဟန် က သူ့လက်ကို ဖယ်လိုက်သည်။

"ပိုအေးလာတယ်… အထဲကို ဝင်ချင်လား..."

ယခုလိုပုံစဲနှင့် အထဲကိုဝင်သွားလျှင်တောင် အိပ်ပျော်မှာမဟုတ်ပေ။သို့သော်လည်း သူမ မဝင်လျှင် သူလည်း အိပ်ဦးမှာမဟုတ်သေး။ဤသို့ဖြင့် ရိုစီနာ နှင့် ရာဟန် တို့သည် ဥယျာဉ်တော်မှ နန်းတော်ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာခဲ့ကြသည်။

ညဥ့်နက်နေသဖြင့် ပိုးကောင်တွေလည်း အိပ်ပျော်သွားတာကြောင့် လေတိုးသံတဟူးဟူးသာ ကြားနေရသည်။စောစောက သူမကို မူးဝေသွားစေသော အပူရှိန်တို့သည် အနည်းငယ် အေးစက်သွားရသည်။ရာဟန်က သူမကို ဘာမှ ထပ်မမေးတော့သည့်အတွက် ကျေးဇူးတင်ရသည်။ နှစ်ယောက်သား အဆောက်အဦးထဲသို့ ဝင်ကာ အိပ်ခန်းဆီသို့ ဦးတည်သွားကြသည်။ လက်ထပ်ပြီးကတည်းက သူတို့ တစ်ခါမှ တစ်ခန်းတည်းမအိပ်ဖူးပေ။ထိုညကတော့ ချွင်းချက်ဖြစ်သည်။

တော်တော်များများ၊ ရာဟန် မပြန်မီ ရိုစီနာ အိပ်ပျော်သွားတတ်သည်၊ သို့တည်းမဟုတ် သူမက အီလီယန် ၏အခန်းတွင်သာ အိပ်လေ့ရှိသည်။သူမသည် အပေါ်အင်္ကျီကို ချွတ်လိုက်သောအခါ ရာဟန်က အခန်းထဲမှ ခဏလောက် ထွက်သွားသည်။ သူအပြင်ထွက်နေစဉ် သူမလည်း ပေါ့ပါးသော ညဝတ်အင်္ကျီဘေးကွဲ ဝတ်စုံကို လဲဝတ်လိုက်သည်။

ရာဟန် ဝင်လာသည်နှင့် သူမလည်း အိပ်ဖို့အဆင့်သင့်ဖြစ်နေပြီ။ သူ့လက်ထဲတွင် တန်ဖိုးကြီးအရက်ပုလင်းတစ်လုံးနှင့် အရံဟင်းလျာများကို ထည့်ထားသော ငွေဗန်းလေးတစ်ခု ပါလာသည်။ထို့နောက် ရာဟန် က ဗန်းကို စားပွဲပေါ်တင်ထားကာ ဖန်ခွက်ထဲကို အရက်ထည့်လိုက်၏။

"ခဏနေ နွေးလာလိမ့်မယ်..."

သူမလည်း ဖန်ခွက်ကို ကိုင်လိုက်ပြီး အနံရှူကြည့်လိုက်ရာ သစ်သီးနံ့သင်းပျံ့နေကြောင်း သိလိုက်ရသည်။ဝိုင်ကို တစ်ငုံသောက်လိုက်သည်နှင့် အေးမြသော ညလေကို အံတုနိုင်ကာ ‌ နွေးထွေးလာရသည်။ အအေးဓာတ် အတန်ငယ်ပြေသွားသောအခါ ရာဟန် စကား စလိုက်၏။

"မင်းသိတဲ့အတိုင်း ကိုယ်ဟာ ဘုရင်မင်းမြတ်ရဲ့တရားမဝင်သားတော်ပဲ..."

ရိုစီနာ သည် ရာဟန် ၏ စကားကို အသာ နားထောင်နေစဉ် သူမ၏ ဖန်ခွက်အလွတ်ထဲကို အရက်ထပ်ထည့်ပေးလိုက်သည်။

"ကိုယ့်အမေက ကိုယ်ဝန်ရှိလာလို့ မိသားစုကနေ သူမကို နှင်ထုတ်ကြတယ်…ဒီလိုနဲ့ ကိုယ်နဲ့ ကိုယ့်အမေတို့ အင်ပါယာကို ဖြတ်ပြီး ခရီးထွက်လာခဲ့ကြတယ်..."

ရာဟန် ၏အတိတ်ကို သူမ ပထမဆုံးကြားလိုက်ရခြင်းပင်။သူမတို့နှစ်ယောက် တစ်ခါမှ ဤမျှလေးနက်သော အကြောင်းအရာများကို မပြောခဲ့ဖူးပေ။

"ကိုယ့်အမေက ကိုယ့်ရဲ့ တစ်ဦးတည်းသော မိသားစုပါ…ပြီးတော့ သူမက နာတာရှည်ရောဂါနဲ့ သေသွားခဲ့တယ်..."

ရာဟန် သည် ဟိုးရှေးရှေးတုန်းက မြှုပ်နှံထားခဲ့သော အမှတ်ရစရာ ကိစ္စများကို ပြန်သတိရသွားမိသည်။ သူသည် ငယ်စဉ်ကတည်းက မိခင်နှင့်အတူ အင်ပါယာကို လှည့်လည်သွားလာခဲ့သည်။ တစ်ချိန်က မြင့်မြတ်သော မိန်းမပျို ဖြစ်ခဲ့ဖူးသော မိခင်ဖြစ်သူသည် အတော်လေးခက်ခဲစွာ လုပ်ကိုင်စားသောက်ခဲ့ရ၏။ထို့အပြင် သူမ၏ ရုပ်ရည်ချောမောမှုကြောင့် လူတော်တော်များများက ပရောပရီလုပ်ခဲ့ကြတာကြောင့် မကြာခဏ ပြောင်းရွှေ့နေထိုင်ခဲ့ရသည်။

သူ အနည်းငယ် ကြီးလာသောအခါတွင်၊ သူမသည် နာတာရှည်ရောဂါ ခံစားရလာသည်။ အခြားနည်းလမ်း မရှိသဖြင့် ဆွေမျိုးများထံမှ အကူအညီရယူရန် အင်ပါယာ၏ မြောက်ဘက်စွန်းရှိ ဟေလာ ဒေသသို့ လမ်းလျှောက်သွားခဲ့ရသည်။ သို့သော်လည်း ဆွေမျိုးတွေက အကူအညီ မပေးကြသဖြင့် သူမ သေဆုံးသွားခဲ့သည်။ ထိုအချိန်တွင် ‌အရွယ်မရောက်သေးသော ကောင်ကလေးသည် ဘာမှ မလုပ်နိုင်ခဲ့ပေ။

သူ့မှာ မိခင်၏ ခေါင်းတလားကို ဝယ်ရန်ပင် ပိုက်ဆံမရှိပေ။ ထို့နောက် သူက အဝေးကတောင်တန်းတစ်ခုသို့ မျက်စိစုံမှိတ်၍ တက်ကာ လက်တွေ နီရဲလာသည့်အထိ နှင်းများကို တူးဖော်လိုက်သည်။ထို့နောက် သူ၏ မိခင်ကို အေးခဲသော မြေပြင်တွင် သင်္ဂြိုဟ်ခဲ့သည်။

“နှင်းထဲမှာ အမေ့ကို သင်္ဂြိုဟ်ခဲ့ရတာကို စိတ်မကောင်းဘူး…ပြီးတော့ အမေက ဘာပန်းတွေကြိုက်မှန်းတောင် ကိုယ် မသိခဲ့ဘူး..."

သူသည် အုတ်ဂူပေါ်တွင် ပန်းတစ်ပွင့် ချထားချင်သော်လည်း သူမ ဘာပန်းကြိုက်မှန်း မသိသောကြောင့် မထားတော့ဘဲ ပြန်လာခဲ့ရသည်။ ဟိုးရှေးရှေးတုန်းက ပုံပြင်တစ်ပုဒ်ပမာ ကြာညောင်းနေသော်လည်း မနေ့တစ်နေ့ကအဖြစ်တစ်ခုလို ရှင်းရှင်းလင်းလင်း မှတ်မိနေခဲ့၏။

“ပြီးသွားပါပြီ...”

ရာဟန် က သက်ပြင်းတစ်ချက်ချပြီး ရိုစီနာ ကို ပြောလိုက်သည်။

"မင်းမှာ အခက်အခဲ တစ်ခုခုကြုံလာတဲ့အခါ ကိုယ့်ကို အားကိုးလိုက်နော်..."

ရိုစီနာ သည် သူမ လက်ထဲက ဖန်ခွက်ကို ချထားလိုက်သည်။

ရာဟန် ကသဘောထားကြီးစွာ သူမကို ပြုံးကြည့်နေ၏။ မျက်လုံးချင်းဆုံလိုက်သည့်အခိုက်တွင် သူ့အပြုံးကြောင့် သူမ၏ အမြင်အာရုံများ တုန်ခါသွားသည်။ ယခုအချိန်အထိ သူမ နှင့် သူ့ကြားမှာမှောင်မိုက်သော နံရံတစ်ခု ရှိနေခဲ့ပြီး ထိုနံရံ၏ အမြင့်ကို သူမ မသိပေ။ သို့သော်လည်း ယခုတော့ နံရံရှိ အက်ကွဲကြောင်းတွေကို သူမ စတင်မြင်တွေ့နေရတော့သည်။

“…..”

သူမ အများကြီး မသောက်ထားသော်လည်း လည်ပင်းကနေ သူမ မျက်နှာဆီ အပူတွေ တရှိန်းရှိန်း တက်လာသည်။ မအီမသာဖြစ်လာရသည့်အတွက် သူမ အသက်ကို ဖြည်းဖြည်းချင်း ရှူသွင်းလိုက်သည်။ အစက သူမသည် သူ့အတွက် ခံစားချက်မရှိခဲ့ဘဲ၊ အီလီယန် ၏ ဖခင်တစ်ဦးအဖြစ်သာ ဆက်ဆံခဲ့သည်။ ထို့ကြောင့် သူမနှင့် သူ့ကြားတွင် ဖြစ်ပေါ်လာသော ခံစားချက်အတွက် နာမည်တပ်၍မရပေ။

သူမသည် ဖခင်ဖြစ်သူ၏ စကားကို နားထောင်သည့်အနေနှင့်၊ တော်ဝင်မိသားစုဝင်တစ်ဦးအား မပတ်သက်လိုတော့ပေ။ ထို့အပြင် သူမ အာစတေးနီးယားကို ပြန်သွားရဦးမည်။သူမ တစ်သက်လုံး အာစတေးနီးယားမှာ ရှင်သန်ပြီး သေမည်ဟု ကတိပြုခဲ့ဖူးသည်။ရိုစီနာ သည် ရင်တုန်နေရသဖြင့် ရင်ဘတ်ကို ဖိလိုက်သည်။

"မင်း စိတ်ပူသွားတယ်ဆိုရင်တောင်းပန်ပါတယ်…နောက်ဆို ကိုယ့်ကို ဘာပဲဖြစ်ဖြစ် သတိရပေးနော်..."

ရိုစီနာ သည် ဝိုင်ခွက် ချထားပြီးနောက် ထိုင်ခုံမှ ထလိုက်သည်။

"ကျွန်မ အခု အိပ်တော့မယ်..."

သူမ အိပ်သွားသောအခါ ရာဟန် သည် စားပွဲရှေ့တွင် ထိုင်ကာ ကုတင်ဆီသို့ စိုက်ကြည့်နေသည်။ သူနှင့် ရိုစီနာ တို့သည် မင်္ဂလာဆောင်ပြီးကတည်းက အိပ်ရာမဝင်ခင် တစ်ခန်းတည်းအိပ်ခဲ့ကြတာ ပထမဆုံးအကြိမ်ပင်။အခန်းထဲတွင် တိတ်ဆိတ်သွားပြီး သူက ဗန်းကို တွန်းဖယ်လိုက်သည်။ ထို့နောက် ထိုင်ခုံမှထကာ အိပ်ရာဝင်သည်။

ကြီးမားကျယ်ပြန့်သော ကုတင်၏အဆုံးတွင် ရိုစီနာ သည် ကျောပေးကာ အိပ်နေ၏။ခဏကြာလျှင် အသက်ရှုသံတိုးတိုးကို ကြားလိုက်ရပြီး စောင်ကလည်း တစ်ဖက်ပါသွားရကာ မွေ့ရာကလည်း အိကနဲကျွံဝင်သွားလေသည်။သူ့လက်က သူမခါးကို ဖက်ထားကာ တင်းမာသော ရင်ခွင်က သူမ နောက်ကျောကို လာထိနေတော့သည်။

ရိုစီနာ မှာ သူမကို ပွေ့ဖက်လိုက်တာကြောင့် မျက်လုံးများ ပြူးကျယ်သွားရပြီး ခုန်ပေါက်နေသော နှလုံးသားကလည်း ပြန်ထွက်လာတော့မည်ဖြစ်သည်။ရင်ခုန်သံက တိတ်ဆိတ်နေသော အခန်းထဲတွင် အတိုင်းသားကြားရလောက်သည်။သို့သော် သူမ သူ့ကိုနှင်မထုတ်ရက်သဖြင့် 'အဲဒါက ကျွန်မမှာ ခွန်အားမရှိလို့ပါ' ဟု ဖြေတွေးမိသေး၏။

အတန်ကြာသောအခါ ကျောပြင်မှ နွေးထွေးမှု ကြောင့် သူမ စိတ်အေးလက်အေး အိပ်ငိုက်နေရ၏။ထို့နောက် မကြာမီ သူမ တစ်ကိုယ်လုံး သူ့ရင်ခွင်ထဲတွင် စုန်းစုန်းမြုပ်ရလေတော့သည်။