အပိုင်း ၃၈
Viewers 15k

Chapter 38

သူမ နိုးလာချိန်တွင် ရာဟန် အပြင်သို့ ထွက်သွားပြီဖြစ်သည်။ မနေ့ညက ဖြစ်ပျက်ခဲ့တာတွေကို ခဏခဏ ပြန်မှတ်မိသွားရတာကြောင့် သူမ နားမလည်နိုင်ဖြစ်နေရ၏။

ဝိုင်သောက်ပြီး သူနဲ့ ဘယ်လိုလုပ် အိပ်မိသွားတာပါလိမ့်…

ရိုစီနာ သည် သက်ပြင်းတစ်ချက်ချပြီး မှန်ရှေ့မှာ ရပ်ကာ မျက်လုံးကို ပွတ်သပ်ကြည့်လိုက်သည်။ မနေ့က ငိုထားသဖြင့် မျက်လုံးနည်းနည်း ရောင်နေ၏။ ရာဟန့် ရင်ခွင်ထဲတွင် သူမ ငိုကြွေးနေခဲ့သည်ကို သတိရသောအခါ မျက်နှာ ပူလာရသည်။

ထို့နောက် သူမသည် ဆံပင်ကို သပ်သပ်ရပ်ရပ်စည်းပြီး အဝတ်အစားလဲလိုက်သည်။ ထိုအချိန်မှာပင် စံအိမ်မှာ ဖြစ်ပျက်ခဲ့တာတွေက သူမ စိတ်ထဲမှာ ပြန်ပေါ်လာရသည်။သို့သော် မနေ့ကလို တုန်လှုပ်ခြောက်ခြားမနေတော့ဘဲ ဟိုးအရင်တုန်းက ဖြစ်ခဲ့သည့် ကိစ္စလိုပင် သိပ်လည်း မနာကျည်းတော့ပေ။ထိုအရာတွေအားလုံးက ရာဟန် ၏ ကျေးဇူးကြောင့် ဖြစ်နိုင်သည်။

ထို့နောက် သူမသည် မနေ့က ဝတ်ထားသည့် အင်္ကျီထဲမှ စာအိတ်ကို ထုတ်လိုက်သည်။ သူမ အဖေ၏ ဒိုင်ယာရီကြောင့် အံ့အားသင့်ခဲ့ရသဖြင့် ဖွင့်ဖတ်ကြည့်ဖို့တောင် အချိန်မရလိုက်ပေ။

သူမ ရင်ထဲက နာလာတာကြောင့် သူမသည် စားပွဲရှေ့တွင် အနားယူရန် ထိုင်လိုက်မိသည်။ စာအိတ်ထဲတွင် ဘယ်လို လန့်စရာအကြောင်းအရာများ ပါရှိမည်ကို ဘယ်သူမှ မသိနိုင်ပေ။သူမ အသက်ပြင်းပြင်းရှူကာ စာအိတ်ကိုဖွင့်လိုက်ရာ ဖယောင်းတံဆိပ်မှာ ပြဲသွားပြီး စာဟောင်းတစ်စောင် ထွက်လာသည်။

[ချစ်ခင်ရပါသော ဖီလီယန်]

သူမ အဖေဆီ ပို့လိုက်သည့် စာနှင့် တူသည်။သူမ စာကို ဖြည်းဖြည်းချင်း နားလည်အောင် ဖတ်လိုက်သည်။ စာထဲက အကြောင်းအရာသည် အလွန်ရိုးရှင်းပြီး နှုတ်ဆက်စကားဖြင့် စတင်ထား၍ စာရေးသူ၏ တစ်နေ့တာကို ဘယ်လိုဖြတ်သန်းနေသည်ကိုသာ ရေးထား၏။ စာကို မျှော်လင့်တကြီး ဖတ်နေသည့် သူမ အတွက်တော့ အားအင်ကျချင်စရာပင်။သာမာန် နေကောင်းမာကြောင်း၊သာကြောင်း ရေးလိုက်သည့် စာတစ်စောင် ဖြစ်နေလေသည်။

[ဖလိုဝီ လေးအတွက် စိတ်မကောင်းပါဘူး]

'ဖလိုဝီ' ဟူသော အမည်ကြောင့် သူမ ကိုယ်‌လေး ဆတ်ကနဲဖြစ်သွားရသည်။ ဤစာပေးပို့သူသည် သူမ၏ မိခင်ကို ဖော်ရွေစွာ သုံးနှုန်းထားသဖြင့် သတိကြီးကြီးထားကာ စာကို ဆက်ဖတ်လိုက်သည်။သို့သော် ရေးထားသည့်စာတွေက ဆုံးခါနီးနေပြီဖြစ်သည်။

[နောက်တစ်ခါ မင်းဆီလာရင်း ရိုစီနာ ကို လာတွေ့ပါဦးမယ်]

ထို့နောက် စာက ဆုံးသွား၏။ စာကို အချိန်အတော်ကြာ ကိုင်ထားသော ရိုစီနာ သည် စာအောက်ခြေရှိ နာမည်ကို ကြည့်လိုက်ရာ မိသားစုမျိုးရိုး အမည်မပါဘဲ နာမည်ပြောင်အဖြစ် သာ ရေးထိုးထားသည်။ ထို့ကြောင့် စာရေးသူ ဘယ်သူညာဝါမှန်း မသိနိုင်တော့။

“အာ!”

စိတ်ပျက်သွားသော ရိုစီနာ သည် စောစောက ဆုတ်ဖြဲခဲ့သော ဖယောင်းတံဆိပ်ကို ထပ်မံစစ်ဆေးကြည့်သည်။ တံဆိပ်မှာ သူမနှင့် ရင်းနှီးသော မိသားစု တံဆိပ်တစ်ခုပင် ဖြစ်သည်။သူမလည်း အသေအချာထပ်ပြီးကြည့်လိုက်ရာ မြို့ဝန်မင်း မိသားစု၏ တံဆိပ်ခေါင်းတစ်ခု ဖြစ်သည်ကို သူမ သိသွားရသည်။ သူမ ဖခင်၏ သူငယ်ချင်းဖြစ်သူ ဤမြို့ဝန်မင်းသည် ယခင်က စံအိမ်ကြီးကို အကြိမ်အနည်းငယ် လာရောက်လည်ပတ်ခဲ့ခြင်းကြောင့် သူမ နှင့် တွေ့ဖူးပြီးသားဖြစ်နိုင်သည်။

မြို့ဝန်မင်း က တစ်ခုခုကို သိနေသလား… တော်ဝင်မိသားစုကိူရော၊ သူမ အမေ မိသားစုနဲ့ပတ်သက်တဲ့ လျှို့ဝှက်ချက်တွေကိုရော သိနေတာလား…

မြို့ဝန်မင်း ကို ယခုတွေ့ဖို့ ခက်နေသည်။သူ့ကို တွေ့ခွင့်ရလျှင် ပိုကောင်းလိမ့်မည်ဖြစ်စည်။

ရိုစီနာ က စာကို သပ်သပ်ရပ်ရပ်ခေါက်ပြီး သေတ္တာတစ်ခုထဲထည့်လိုက်သည်။ထိုစဉ် အခန်းတံခါးကို ဖွင့်ပြီးဝင်လာသော အီလီယန် သည် ခေါင်းကို ငုံ့ထားရင်း သူမဆီ လျှောက်လာနေတော့သည်။

"မေမေ"

"အီလီယန်"

ရိုစီနာသည် အီလီယန် အနားကို ချက်ချင်း သွားလိုက်သည်။ သူက တံခါးလက်ကိုင်ကို ကိုင်ထားရင်း မိခင်ဖြစ်သူမှာ သူ့ဆီ လာနေတာကြောင့် သဘောတကျ ပြုံးလိုက်သည်။

"မေမေ အလုပ်များနေလား..."

အီလီယန် က စကားထစ်ပြီး မေးလိုက်ရာ ရိုစီနာသည် ခေါင်းယမ်းပြီး ပါးပြင်ကို လှမ်းဆွဲလိုက်သည်။

"မဟုတ်ဘူး…အလုပ်မများပါဘူး…သားက မေမေ့ကို လွမ်းနေပြီလား..."

အီလီယန် က စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်သည်။ရိုစီနာ သည် ချစ်ခြင်းမေတ္တာကို တောင့်တနေသော အီလီယန် ၏ မျက်လုံးများကို စိုက်ကြည့်ရင်း ဝမ်းနည်းသွားရသည်။ မကြာသေးမီက သူမသည် ကိစ္စများစွာနှင့် အလုပ်ရှုပ်နေသောကြောင့် အီလီယန် ကို ကိုယ်ဖိရင်ဖိ ဂရုမစိုက်နိုင်ခဲ့ပေ။ထို့ကြောင့် ယနေ့တော့ သူနှင့် တစ်နေ့လုံး အချိန်ပေးသင့်သည်။

"ရိုစီနာ..."

ခေါ်သံကြောင့် ရိုစီနာ နှင့် အီလီယန် နှစ်ယောက်စလုံး တစ်ပြိုင်တည်း မော့ကြည့် လိုက်ကြသည်။ အခန်းထဲသို့ဝင်လာသော ရာဟန် သည် ရိုစီနာ ပွေ့ဖက်ထားသော အီလီယန် ကို တစ်ချက်ကြည့်လိုက်သည်။သူ့ပုံစံက မှုန်ကုပ်ကုပ်ဖြစ်သွားသော်လည်း သူမ မရိပ်မိခင် သူ့အမူအရာက ပျော့ပြောင်းသွားသည်။

"ကိုယ် မင်းကို မိတ်ဆက်ပေးစရာ ရှိတယ်..."

"?"

တစ်ယောက်ယောက်ကို မိတ်ဆက်ပေးဖို့ဆိုပါလား…

ရိုစီနာ လည်း သိချင်စိတ်ဖြင့် အီလီယန် ကို လက်ဆွဲကာ စင်္ကြံလမ်းပေါ်ကို ထွက်လာခဲ့ရာ အခန်း တံခါးရှေ့မှာ မျက်မှန်ဝိုင်း တပ်ထားသည့် လူတစ်ယောက် ရပ်နေသည်။ အီလီယန် နှင့် ရိုစီနာ တို့သည် ထိုယောက်ျားကို ကြည့်ပြီး ဘယ်သူမှန်းမသိတာကြောင့် ဇဝေဇဝါ ဖြစ်နေတော့သည်။

ထို့နောက် ရာဟန် သည် အီလီယန် ကိုပြုံးပြရင်း ပြောလိုက်လေသည်။

"သူက အီလီယန် ရဲ့ သီးသန့် ကျူရှင်ဆရာပါ..."

"သီးသန့် ကျူရှင်ဆရာ..."

ရိုစီနာ အံ့အားသင့်သွားပြီး ရာဟန် ကို တည့်တည့်ကြည့်ကာ မေးလိုက်မိသည်။သူ အရင်က သီးသန့် ကျူရှင်ဆရာ ငှားမည်ဟု တစ်ခါပြောဖူးသော်လည်း ယခုလောက် မြန်မြန်ဆန်ဆန်ကြီး ငှားလိမ့်မည်ဟု မထင်မိပေ။

“ ကလေးကလည်း ပညာသင်ရမှာပေါ့…ကိုယ် သီးသန့် ကျူရှင်ဆရာတွေ အများကြီး အဆက်အသွယ် လုပ်ထားတယ်..."

"ဟုတ်တယ်…ပညာသင်ထားရမယ်..."

ရိုစီနာ က ခေါင်းညိတ်သဘောတူသည်။ သူမသည် ဖခင်ဖြစ်သူ ချမ်းသာလာသောအခါတွင် ဆရာအများအပြား၏ လက်အောက်တွင် ပညာသင်ကြားခဲ့ရသည်။ ဘာသာစကား၊ အမူအကျင့်၊ သမိုင်း၊ မြင်းစီးအတတ်များနှင့် လူမှုရေးဘာသာရပ် စသည်တို့ကို သီးသန့်ဆရာများနှင့် တစ်ယောက်ချင်းစီ သင်ကြားခဲ့ရ၏။

"အထူးသဖြင့် အီလီယန် က စကားပြောတာ ညံ့တယ်မလား…အဲ့ဒီတော့ ဘာသာစကားကို ပိုပြီး အရေးပေးသင်သင့်တယ် မဟုတ်လား..."

မှန်ပေသည်။ အီလီယန် သည် အာစတေးနီးယား တွင်ရှိစဉ်က စကားပြောညံ့သော်လည်း ယခုတော့ သူက တော်ဝင်ဘာသာစကားကိုပင် အနည်းငယ် ပြောနိုင်နေပြီဖြစ်သည်။ သူမ၏ ကျေးဇူးကြောင့် အီလီယန် သည် နိုင်ငံနှစ်ခု၏ ဘာသာစကားတွေကို ပြောနိုင်သော်လည်း ရွယ်တူတွေနှင့် ယှဉ်လျှင် စကားကတော့ ထစ်နေဆဲပင်။

“သူက ငယ်သေးတယ်…ဒါကြောင့် အခု သင်ထားရင် သူနဲ့ ရွယ်တူတွေလိုပဲ ပြောနိုင်လာမှာပါ...”

"ဟုတ်တယ်နော်..."

ရိုစီနာ သည် ရာဟန် ၏ ဖြားယောင်းမှုကို စတင်၍ ယိမ်းယိုင်လာသည်။အာစတေးနီးယားရှိ မြို့ဝန်မင်း ၏သမီးကို ပညာ သင်ကြားပို့ချပေးသော သူမသည် ကလေး‌သာရှိသေးသည့် အီလီယန် ကို သင်ပေး၍မရသည့်အတွက် သူမကိုယ်သူမ အမြဲတမ်း အပြစ်ရှိသလို ခံစားခဲ့ရသည်။ ရာဟန် သာ ဆရာတစ်ယောက် ငှားရမ်းလိုက်ပါက၊ အီလီယန် သည် နောင်တစ်ချိန်တွင် အင်ပါယာရှိ ထိပ်တန်းပညာတတ်များထဲမှ တစ်ဦး ဖြစ်လာမည်ဖြစ်သည်။

သူမ အီလီယန် ကို တစ်ချက်ကြည့်လိုက်သည်။ အီလီယန် သည် သနားစရာကောင်းသော မျက်နှာပေးဖြင့် သူမကို ကြည့်နေသည်။ သူ့မျက်လုံးဝိုင်းဝိုင်းများက ကွေးသွားကာ လက်သေးသေးလေးကလည်း သူမ၏ စကတ်ကို ဆုပ်ကိုင်ထားသည်။ မကြိုက်ဘူးဟုလည်း ပြော၍မဖြစ်တာကြောင့် မျက်ရည်တွေရစ်သီ‌ပြီး သနားစရာဖြစ်နေသဖြင့် သူမ ဆွံ့အသွားရသည်။

“အင်း…အချိန်နည်းနည်းလောက်…”

"မင်းသမီး ခင်ဗျာ…"

စကားမပြောဘဲ ငြိမ်သက်စွာ ရပ်နေသော ကျူရှင်ဆရာသည် သူ့မျက်မှန်ကို လက်ဖြင့် တစ်ချက်ပင့်တင်ကာ ရှေ့တိုးလာသည်။

"ကျွန်တော်က ဂရီအော ဘာတန် ပါ..."

ရိုစီနာ က ခေါင်းညိတ်ပြလိုက်ရာ ထိုလူက ဆက်ပြောသည်။

“သားသမီးတွေက မကြိုက်ဘူးလို့ ပြောရင် ကိုယ့်ကလေးကို သနားလို့ဆိုပြီး လိုက်လျောတတ်တဲ့ မိဘတွေဟာ တစ်ချိန်ကျရင် နောင်တရတတ်ပါတယ်..."

သူမ ထိတ်လန့်သွားရတာကတော့ အမှန်ပင်။

"မင်းသားလေးဟာ အခုဆို ခြောက်နှစ်ရှိနေပြီဆိုတာ ကျွန်တော် ကြားပြီးပါပြီ… တစ်ကယ်တော့ အခုတောင် နည်းနည်းနောက်ကျနေပါပြီ.."

ထို့အခါ သူမ အလွန်တုန်လှုပ်သွားခဲ့သည်။သူမ ရင်ထဲက ဖြစ်နေသည့် ဒွိဟကို သူက ကျွမ်းကျင်စွာ ထောက်ပြနေချေပြီ။

“….”

အီလီယန် ၏ အကြည့်သည် ရာဟန် ဘက်သို့လှည့်သွားသည်။ ရာဟန် ကလည်း ထိုအကြည့်ကို မျှော်လင့်ထားပြီးသလိုပင် ခပ်တည်တည်နှင့် လက်ပိုက်ထားရင်း ပြန်ကြည့်နေလိုက်သည်။

ရာဟန်သည် အမေဖြစ်သူကို ဖြားယောင်းသွေးဆောင်ပြီး သူ့ကို ဖယ်ရှားဖို့ သီးသန့်ကျူရှင်ဆရာအား အသုံးပြုနေသည်မှာ ထင်ရှားပေသည်။ အီလီယန် အံကြိတ်ထားလိုက်သည်။သို့သော်လည်း ရိုစီနာ ၏ အပြစ်ရှိနေသည့် မျက်နှာပေးကြောင့် မသင်ချင်ဘူးဟုလည်း မပြောရက်ပေ။သူက ဘယ်သူမှမကြားနိုင်အောင် ကျွတ်ကနဲ စုတ်သပ်လိုက်၏။ ထို့နောက် ရိုစီနာ ၏ စကတ်ကို လွှတ်လိုက်ပြီး တိတ်ဆိတ်စွာ ရေရွတ်လိုက်သည်။

"သား…သား ပြောစရာရှိတယ်..."

လူတိုင်းသည် တစ်ချိန်တည်းတွင် အီလီယန် ကို ငုံ့ကြည့်နေကြသည်။

"သား…သား တစ်ယောက်တည်း ပုံပြင်တွေပဲ ဖတ်ချင်တယ်..."

"အီလီယန်"

ရိုစီနာ က ဒူးထောက်ထိုင်ချပြီး အီလီယန်၏ ပါးပြင်ကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်ထားလိုက်သည်။ရိုစီနာ က သူ့ပါးပြင်များကို ပွတ်သပ်လိုက်သောအခါ အီလီယန် သည်မျက်လုံး မှိတ်ထားလေသည်။

"သားက လိမ္မာပါတယ်ကွာ…ဆရာနဲ့ စာသင်မယ်မလား…သားကို တတ်အောင်သင်ပေးမှာ…မေမေ စကားကို နားထောင်နော် ..."

“ဟုတ်ကဲ့..."

အီလီယန် ၏အဖြေကိုကြားပြီးနောက် သူမ လည်း ဝမ်းသာသွားရ၏။ ချက်ချင်းဆိုသလိုပင်၊ သူမသည် ရာဟန် ကိုတစ်လှည့် ဂရီအော တစ်လှည့် ကြည့်လိုက်သည်။

"ကျေးဇူးပြုပြီး သူ့ကို ဂရုစိုက်ပါ..."

"ဟုတ်ကဲ့ခင်ဗျာ…တစ်ကယ်ကို ကောင်းကောင်းရွေးချယ်ခဲ့တာပဲ"

ဂရီအော သည် အလေ့အကျင့်တစ်ခုလို သူ့မျက်မှန်ကို ပင့်တင်လိုက်သည်။

"ဒါဆို အခုကစပြီး အတန်းတက်ရမယ်..."

အီလီယန် ရင်ထဲဝယ် ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းတွေ ရောထွေးနေသည်။ စောစောက အမေဖြစ်သူက အတူတူအချိန်ဖြုန်း၍ ဆော့ပေးမည်ဟု သူ့ကို ပြောထားတာကြောင့် သူ့မျက်နှာသည် ပုံပျက်နေပြီး ရာဟန် ကမူ ကျေနပ်နေပုံရသည်။

"သား အဆင်သင့်ဖြစ်ပြီ..."

ထို့နောက် ရာဟန် သည် သူတို့ အိပ်ခန်းနှင့်ဝေးပြီး နန်းတော် အစွန်ဆုံးရှိ အခန်းကို လက်ညှိုးထိုးပြလိုက်သည်။ရာဟန်၏ စေ့စေ့စပ်စပ် ပြင်ဆင်ထားမှုကြောင့် အီလီယန် အံတကြိတ်ကြိတ်ဖြစ်နေရတော့သည်။

"ဒါဆို ကျွန်တော်တို့ သွားပါတော့မယ်..."

သို့နှင့်၊ခေါင်းလေးငုံ့ထားသည့် ဂရီအော ဟာ အီလီယန် နှင့်အတူ သွားကြတော့သည်။ရိုစီနာ သည် သူတို့နှစ်ယောက်၏ ကျောပြင်ကို ကြည့်လိုက်သည်။

အီလီယန် ကို အဝေးလည်းမပို့၊ တခြားအခန်းမှာ စာလေးသင်ခိုင်းတာကို သူမ ဘာလို့ ဒီလောက် အဆင်မပြေရတာလဲ…

အတန်ကြာတော့ စင်္ကြံမှာ နှစ်ယောက်သာ ကျန်ခါမှ ရာဟန် က မေးလာသည်။

"လက်ဖက်ရည်တစ်ခွက်လောက် သောက်မလား..."

“အင်း…ကောင်းသားပဲ..."

ရာဟန် သည် သူမ၏ ချက်ချင်းတုံ့ပြန်မှုကြောင့် အနည်းငယ် အံ့သြသွားပုံရသည်။ သူမသည် မူလက သူခေါ်တိုင်း ဘယ်နေရာမဆို အမြဲ ငြင်းလေ့ရှိသည်။

ထို့နောက် နှစ်ယောက်သား ဧည့်ခန်းကို သွားကြသည်။ အခြားတော်ဝင်ဧည့်ခန်းများနှင့်မတူဘဲ၊ ဤဧည့်ခန်းသည် သပ်ရပ်ပြီး ရိုးရှင်းနေတာကြောင့် ရိုစီနာ နှင့် ရာဟန် တို့နှစ်ယောက်လုံး နှစ်သက်ကြသည်။ တတိယမင်းသားနန်းတော်သို့ ဧည့်သည်များ သိပ်မလာတာကြောင့် ဤဧည့်ခန်းကို သူတို့နှစ်ယောက်သာ သီးသန့် လက်ဖက်ရည်သောက်ရန် နေရာအဖြစ် လုပ်ထားခြင်းဖြစ်သည်။ ရာဟန် က အစေခံတစ်ယောက်ကို ခေါ်ပြီး လက်ဖက်ရည်နှင့် အဆာပြေမုန့်တစ်ခု ယူလာဖို့ ပြောလိုက်သည်။ ခဏကြာသော် အစေခံက လက်ဖက်ရည်ပူပူ နှစ်ခွက် လာချပေးလေသည်။

ရိုစီနာသည် လက်ဖက်ရည်မသောက်မီ ကွတ်ကီးတစ်ခုကို ယူလိုက်သည်။ ဤကွတ်ကီးသည် တတိယမင်းသားနန်းတော်ရှိ စားဖိုမှူးတစ်ဦးဖြစ်သည့် ဖက်ဒရာ ပြုလုပ်သော သရေစာဖြစ်သည်။ ကွတ်ကီးကို ပါးစပ်ထဲထည့်လိုက်သည်နှင့် သူမ မျက်နှာပေါ်တွင် နူးညံ့သော အပြုံးတစ်ခု ပျံ့လွင့်လာရသည်။သူမက ကွတ်ကီးကို တစ်ယောက်တည်း စားမိသည့်အတွက် စိတ်မကောင်းဖြစ်သွားတာကြောင့် ပန်းကန်ပြားကို ကိုင်လိုက်မိသည်။

"စားပါဦး"

ရာဟန် မှာ စိတ်မသက်မသာဖြစ်သွားပြီးနောက် မတတ်နိုင်ဘဲ တစ်ကိုက်ကိုက်လိုက်ရတော့သည်။

"…အရသာရှိတယ်နော်"

သူ့ပါးစပ်တစ်ခုလုံး မွှေးပျံ့သွား၍ စိတ်မသက်မသာဖြစ်သွားသော်လည်း သူ ထွေးထုတ်မပစ်လိုက်ပေ။ထို့နောက် ချက်ချင်းပင် လက်ဖက်ရည်ကို အမြန်သောက်လိုက်ပြီး သူ့ပါးစပ်ထဲက အချိုတွေကို ဆေးကြောပစ်လိုက်သည်။

ရိုစီနာ နှင့် ရာဟန် တို့သည် လက်ဖက်ရည်ကို တိတ်တဆိတ် သောက်နေကြသည်။ထို့နောက် ရိုစီနာ က ပထမဦးဆုံး စကားစ,လိုက်သည်။

"ကျေးဇူးတင်ပါတယ်..."

ရာဟန် က ခေါင်းမော့ကြည့်လာသည်။

"ရှင် အီလီယန် အတွက် အရမ်းတွေးပေးမှန်း ကျွန်မ မသိခဲ့ဘူး..."

သူက လက်ဖက်ရည်ခွက်ကိုချထားကာ ရိုစီနာ ကိုကြည့်နေသည်။

"ဘာပဲဖြစ်ဖြစ် ကိုယ့် သားအတွက် အကောင်းဆုံးအဖေဖြစ်ချင်တယ်"

“…..”

"ဘာလို့လည်း ဆိုတော့ ကိုယ့်အဖေက အဲဒီလို မလုပ်နိုင်ခဲ့လို့..."

ရိုစီနာလည်း ဘုရင်မင်းမြတ်ကို ခဏလောက် ပြန်သတိရသွားသည်။ အိမ်ထောင်ကျပြီးနောက်တွင် ဘုရင်မင်းမြတ်နှင့် ဘုရင်မတို့ကို တွေ့ဆုံရန် ပထမဦးဆုံးအကြိမ်အဖြစ် သွားလည်ပတ်ကြသည်။ သို့သော် ဘုရင်မင်းမြတ် ပုံစံက ရာဟန် ဘာပဲလုပ်လုပ်၊သဘောမတွေ့သလိုပင် မျင်နှာပေါက်ဆိုးလှပြီး ဖခင်နှင့်မတူနေပေ။သူ့အတွက် ရာဟန်သည် အခြားသူများလောက်ပင် အသုံးမဝင်စရာလူတစ်ယောက် ဖြစ်နေပုံပင်။ထို့ကြောင့်လားမသိ၊ရာဟန် သည် သူ့ဖခင်ခြေရာကို မနင်းလိုခြင်း ဖြစ်နိုင်သည်။

"ငါးရက်​​နေရင်​​ ကိုယ် ခရီးသွားရဦးမယ်..."

ရာဟန် က သူဘာတွေလုပ်နေတယ်ဆိုတာကို ရိုစီနာအား အသေးစိတ်မပြောပေ။ထို့အပြင် သူက မကြာခဏဆိုသလို နန်းတော်မှအဝေးကို သွားတတ်သည်။သို့သော်လည်း ရာဟန် စိတ်ထဲမှာတော့ သူမနှင့်သာ အတူနေချင်မိလေသည်။

"ဘယ်လောက်ကြာမှာလဲ..."

"တစ်လခွဲလောက်ကြာမယ်..."

"တစ်ကယ်လား..."

ရိုစီနာ သည် သူမထင်ထားသည်ထက် ကြာမည်ဟု ပြောသောအခါ အံ့သြသွားရ၏။

"ဘာလုပ်ဖို့လဲ…"

ရာဟန် သည် ခဏတာ တိတ်ဆိတ်နေပြီး သူမ အကြည့်ကို ရှောင်ကာ ညည်းညူလိုက်သည်။

“နည်းနည်းလိုက်ရှာရမယ်…”

"အမဲလိုက်ဖို့ တစ်လခွဲလောက် သွားရမှာလား…"

ရိုစီနာ က သူ့ကို အထူးအဆန်းသဖွယ် ကြည့်နေတာကြောင့် သူက အမြန် ထပ်ပြောလိုက်သည်။

"ရှားရှားပါးပါး သားရဲတစ်ကောင် ပေါ်လာတယ်လို့ ကြားတယ်..."

“အာ…”

ရိုစီနာ သဘောပေါက်သွားသလိုပင်။ ယခင်က ရာဟန် သည် သားရဲများကို ဖမ်းခြင်းဖြင့် ငွေရသည်ဟု ဆိုထားဖူးသည်။ နန်းတော်ကို ပြုပြင်ရန် ငွေအမြောက်အမြား ကုန်ခဲ့သော်လည်း တော်ဝင်မိသားစုထံမှ ထောက်ပံ့မှုမရရှိခဲ့သောကြောင့် ထိုပိုက်ဆံကိုသာ အားကိုးရမည် ဖြစ်သည်။ သူ့အတွက် သူမ စိတ်မကောင်း ဖြစ်မိသွားတာတော့အမှန်ပင်။

"ကျွန်မ ရှင့်ကို စာခဏခဏ ပို့လို့ရမလား..."

ရိုစီနာ သည် သူနှင့်မကိုက်ညီသောသတိထားမေးခွန်းတစ်ခုကို မေးမိသွားသဖြင့် စိတ်ထဲက ရှက်သွားရသေးသည်။

ဟုတ်သားပဲ… သူ့ဆီ စာတစ်စောင်ပို့ဖို့ ခွင့်တောင်းစရာ ဘယ်လိုပါ့မလဲ…

"အင်း…ကိုယ်လည်း ချက်​ချင်း ပြန်​​ပို့မယ်​..."

သိပ်အဓိပ္ပါယ်မရှိလှသော်လည်း ရာဟန်က ပြုံးလိုက်သဖြင့် သေးငယ်သော သူ့အပြုံးက သူမ နှလုံးသားတစ်ဝိုက်ကို လွှမ်းခြုံသွားသည်။သူမလည်း လက်ဖက်ရည်ပူပူအား ကုန်အောင် သောက်ပြီးနောက် မတ်တတ်ထရပ်လိုက်သည်။

"ကျွန်မ သွားတော့မယ်..."

ရာဟန် သည် သူမ ရုတ်တရက် ထထွက်သွားတာကြောင့် သူ့ရင်ထဲ ဟာတာာတာဖြစ်သွားရ၏။

"အရင်က အကြောင်းနဲ့ ပက်သက်ပြီး ပြောရရင်….ရှင့်အမေက ရှင် ပေးခဲ့တဲ့ ပန်းကို ကြိုက်လိမ့်မယ်ထင်တယ်..."

ထိုစကားတစ်ခွန်းကို ချန်ထားခဲ့ပြီး သူမသည် ချက်ချင်းပင် အခန်းထဲမှ ထွက်သွားသဖြင့် ရာဟန် မှာ ပိတ်ပြီးသားတံခါးကို စိုက်ကြည့်နေရင်း ကျန်ခဲ့တော့သည်။ ရိုစီနာ သည် မနေ့က သူပြောထားသည့်ကိစ္စကို အာရုံစိုက်နေပုံရသည်။ သူမသည် အေးစက် ဟန်ဆောင်ကာ သူ့ကို အဝေးသို့ အမြဲတွန်းပို့တတ်သော်လည်း သူမ ဖုံးကွယ်ထားသော နူးညံ့သိမ်မွေ့မှုကို ကြာရှည် မဖုံးကွယ်ထားနိုင်ပေ။

"ကိုယ် မင်းကို ပိုချစ်မိသွားရင် ဘာလုပ်မလဲကွယ်..."

ရာဟန် က သူ့ကိုယ်သူ ရေရွတ်လိုက်ပြီး ဖန်ခွက်အလွတ်ကို ကြည့်နေမိတော့သည်။