အပိုင်း ၃၉.၁
Viewers 13k

Chapter 39.1

အီလီယန် သည် ဆရာ ဂရီအော ၏ အခန်းထဲသို့ လိုက်သွားခဲ့သည်။ ရာဟန် က ထိုအခန်းကို စာကြည့်ခန်းတစ်ခုလို အလှဆင်ထားခြင်း ဖြစ်သည်။ သပ်ရပ်သော စားပွဲဘေးက နံရံပေါ်တွင် စာအုပ်များစွာ ရှိသည်။ ကလေးတစ်ယောက်အတွက် ဖတ်ရခက်သည့် စာအုပ်တွေရှိသော်လည်း အီလီယန်ကတော့ လွယ်ကူစွာ ဖတ်နိုင်ပေသည်။

အီလီယန် အံကိုတင်းတင်းကြိတ်ထားသည်။ နောက်ဆုံးအကြိမ်တုန်းက ရာဟန် သည် သူ့အတွက် ကျူရှင်ဆရာ ခေါ်ထားမည်ဟု ပြောတုန်းက ခြိမ်းခြောက်ရုံသာဟု သူ ထင်ခဲ့သည်။သို့သော် ယခုလို တစ်ကယ်လုပ်မည်ဟု မထင်ထားပေ။သူက ရာဟန် ကို ဘယ်လို လက်စားချေရမလဲဆိုသည်ကို တွေးနေတုန်း တံခါးခေါက်သံကြားလိုက်ရသည်။

အရပ်ရှည်ရှည်နှင့် ဆရာဖြစ်သူ ဂရီအော က သူ့ကိုငုံ့ကြည့်နေရင်း ပြောလာသည်။

"ထိုင်ပါ…ကလေး..."

အီလီယန် က နာခံစွာ ထိုင်လိုက်သည်။သူ ဆရာ့ကို စိတ်ဆိုးအောင် လုပ်လိုက်လျှင် အမေဖြစ်သူ စိတ်ပျက်သွားမှာလည်း စိုးသည်။ထို့ကြောင့် သူသည် ဉာဏ်မမီသော ကလေးသဖွယ် ဟန်ဆောင်ပြီး ဘိုနေမြဲ၊ကျားနေမြဲသာ နေမည်ဟု ဆုံးဖြတ်ထားသည်။

"မင်းက ဘယ်အဆင့်ရောက်နေလဲ ဆိုတာ ဆရာ ကြည့်ရမယ်..."

ဆရာက သူ့ခြင်းထဲမှ စာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်သည်။ အီလီယန် သည် သူ့ရှေ့က စာအုပ်အဖုံးကို ခိုးကြည့်လိုက်ရာ တစ်ချိန်က သူဖတ်ဖူးသည့် စာအုပ်တစ်အုပ်ဖြစ်သည်။ဤစာအုပ်သည် သူ့အသက်အရွယ် ကလေးများအတွက် ခက်ခဲသော်လည်း သူကမူ ကောင်းကောင်း ဖတ်နိုင်ခဲ့သည်။သို့သော် သူ့အဆင့်ကို ဘယ်လို သတ်မှတ်ရမှန်းမသိတာကြောင့် ဇဝေဇဝါ ဖြစ်သွား၏။မည်သို့ပင်ဖြစ်စေ၊ အတတ်နိုင်ဆုံး ညံ့ချင်ယောင်ဆောင်ရပေမည်။ထိုသို့တွေးပြီးနောက် သူက စာအုပ်ကိုဖွင့်၍ စာများကို ကောင်းကောင်း ဖတ်ကြည့်လိုက်သည်။

"ကျွန်တော် မသိပါဘူး….."

ဂရီ‌ေအာမှာ ကျယ်လောင်စွာ ဟားကနဲ သက်ပြင်းချလိုက်ရတော့သည်။

***
ဂရီအော ဘာတင် သည် အင်ပါယာဘာသာ စကားဖြင့် အဓိကသင်ကြားခဲ့သူဖြစ်သည်။သူသည် ငယ်စဉ်ကတည်းက ဘာသာစကား ထူးချွန်သူဆိုပြီး နာမည်ကြီးခဲ့သည်။ထို့အပြင် အတန်း၏ ထိပ်ဆုံး ကျောင်းသားအဖြစ် ဘွဲ့ရခဲ့သူလည်း ဖြစ်သည်။ ပတ်ဝန်းကျင် ကောင်းတွင် မွေးဖွားကြီးပြင်းလာသော ဂရီအော သည် အလွန်ရည်မှန်းချက် ကြီးသူဖြစ်သည်။ သူ့အဖေမှာ ရာထူးနိမ့် မှူးမတ်တစ်ဦး ဖြစ်တာကြောင့် ကိုယ်ပိုင် အိမ်ခြံမြေမရှိသော်လည်း သူကတော့ ထိုဘဝမျိုးမှာ မနေဖို့ ကြိုးစားခဲ့သည်။

သူ့အတွက် ပန်းတိုင်မှာ တစ်ခုသာ ရှိသည်။ထို့ကြောင့် ပညာတတ်တစ်ဦးအနေဖြင့် တော်ဝင်မြို့သို့ ဝင်ရောက်ကာ တော်ဝင်မိသားစုများအပါအဝင် အဆင့်မြင့်မှူးမတ်များနှင့် အဆက်အသွယ်များ ရအောင် ကြိုးစားခဲ့သည်။‌ တော်ဝင်မိသားစုဝင်တစ်ဦး၏ ဆရာအဖြစ် ရွေးချယ်ခံရပါက သူလည်း အဆင့်အတန်းမြင့်လာမည် ဖြစ်သည်။ထို့အပြင် တော်ဝင်မိသားစုတစ်စုက ကျူရှင်ဆရာရှာနေကြောင်း သူ သတိထားမိလိုက်သည်။ သူလည်း တခြားဘာကိုမှ မစုံစမ်းဘဲ ချက်ချင်းပင် လျှောက်ထားလိုက်တော့သည်။ ဘုရင်မင်းမြတ်၏ မြေးတော်အား သင်ကြားပေးရန်ဟု ရေးသားထားသောကြောင့် ဒုတိယမင်းသား၏ သားသမီးများကို သင်ရမည်ဟု ယူဆလိုက်မိသည်။

သို့သော် နန်းတော်သို့ ဝင်လာသောအခါမူ သူ့ဆန္ဒနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။ သူ့ကို ငှားရမ်းသူမှာ ကျူရှင်ဆရာများ ဝေးဝေးရှောင်နေလိုသည့် တတိယမင်းသားမှ တစ်ပါး အခြားမဟုတ်ပေ။ အများသူငှာတို့ ဖြန့်ဝေကြသော ကောလဟာလနှင့် ဆန့်ကျင်ဘက်ပင် တတိယမြောက် မင်းသားသည် ကျန်းကျန်းမာမာပင်။ သို့ရာတွင်၊သူသည် အလွန်ဂုဏ်သိက္ခာရှိသူ မဟုတ်၍ သူ့ဘဝ နစ်မွန်းသွားသလို ခံစားရသည်။ သို့သော်လည်း မတတ်နိုင်တော့၊ကြိုတင်စရံငွေကို ယူထားပြီးဖြစ်နေသည်။

အမှန်​တစ်ကယ်တွင် တတတိယမင်းသားသည် အာဏာမရှိ​သော အပယ်ခံမင်းသား တစ်​​ယောက်​ဖြစ်​သည်​။ တော်ဝင်မိသားစုမှ စွန့်ပစ်ခံရသည်ဟု ကောလာဟလသတင်းများထွက်ပေါ်နေသော သူနှင့် ပတ်သက်ရမည် ဖြစ်သောအခါ ဂရီအော စိတ်ပျက်ခဲ့ရသည်။ တဖြည်းဖြည်းနှင့်၊ တတိယမင်းသား၏ သားကို သင်ကြားပြီးနောက် ကလေးက စာတော်သွားလျှင် ဘုရင်မင်းမြတ်၏ မျက်နှာသာရသွားပေမည်။

သို့နှင့်၊ သူသည် တော်ဝင်နန်းတော်တွင်းသို့ ဝင်ထွက်ကာ နောက်ထပ်အခွင့်အရေးများ ချောင်းမြောင်းနေခဲ့လေသည်။ဤသို့ဖြင့်၊စာသင်ရမည့်ရက်ရောက်သောအခါ သူသည် တတိယမင်းသားနန်းတော်သို့ သွားခဲ့သည်။ တခြားတော်ဝင်သွေးများ၏ ခမ်းနားထည်ဝါသော ဘုံဗိမာန်များနှင့် မတူဘဲ တတိယမင်းသား၏ နန်းတော်သည်ဂုဏ်ငယ်လှသည်။သူသည် သပ်ရပ်စွာ အလှဆင်ထားသော ဥယျာဉ်ကို ကြည့်ရသည်ကိုပင် မနှစ်မြို့ခဲ့ပေ။ထို့နောက် ကလေးကို မိတ်ဆက်ပေးသည့်အခါ သူ၏ စိတ်ပျက်မှုက အထွတ်အထိပ်ကို ရောက်သွား၏။

- သား…သား တစ်ယောက်တည်းပဲ ပုံပြင်စာအုပ်တွေ ဖတ်ချင်တယ်...

ဘုရင်မင်းမြတ်၏ မြေးတော်သည် စကားကိုပင် ဖြောင့်တန်းအောင် မပြောနိုင်သူ ဖြစ်နေ‌သည်။ထိုသို့ တုံးအသည့် ကလေးတစ်ယောက်ကြောင့် သူ့အရည်အချင်းတွေ ပုပ်သွားရမှာဖြစ်၍ သိပ်ကို စိတ်ပျက်စရာကြီးပင်။

တတိယမင်းသား၏ နန်းတော်ရှိ စာသင်ခန်းထဲ ဝင်လာသည့် ဂရီအော က စာအုပ်ကို ချထားလိုက်သည်။ သူ ယူလာသော စာအုပ်မှာ ကလေးများအတွက် အလွန်အဆင့်မြင့်သော စာအုပ်တစ်အုပ်ဖြစ်သည်။ မျှော်လင့်ထားသည့်အတိုင်း အီလီယန် သည် မျက်နှာပျက်သွားပြီး စာအုပ်ကို ချထားလိုက်သည်။

"သား မသိပါဘူး…"

စိတ်ပျက်သွားရသော ဂရီအော သည် သူ့အတွေးများကို မဖုံးကွယ်ထားတော့ဘဲ ပြန်ပြောလိုက်သည်။

"မင်းက လုံးဝအရူးပဲ မဟုတ်လား..."

'အရူး' ဟူသော စကားလုံးကို ကြားသောအခါ အီလီယန် မျက်လုံးပြူးသွား၏။

အီလီယန် ဟာ အင်မတန် တုံးအ,လွန်းသဖြင့် သူပြောချင်သည့် စကားကိုတောင် နားမလည်၍ မျက်လုံးပြူးသွားသည်ဟု ထင်နေသော ဂရီအော က ညည်းညူလိုက်ပြန်သည်။

"မင်းရဲ့ အဆင့်က အရမ်းနိမ့်နေလို့ သင်ပေးရတာ ခက်လိမ့်မယ်..."

ထို့နောက် သူက မျက်မှန်ကို ချထားလိုက်ပြီး အီလီယန် ကို စူးရဲစွာ ငုံ့ကြည့်နေသည်။

"ဒီနေ့ကစပြီး မင်းသားလေး ဖတ်ရမယ့်စာအုပ်ပါ..."

ဂရီအော သည် စာအုပ်စင်မှ ကြုံရာစာအုပ်တစ်ခုကို ဆွဲထုတ်လိုက်၏။ထိုစာအုပ်မှာ သင်ရိုးညွှန်းတမ်းနှင့် မသက်ဆိုင်သော စာအုပ်ဖြစ်သော်လည်း အချိန်မြန်မြန်ကုန်သွားဖို့က အရေးကြီးပေသည်။ ထို့အပြင် သူ၏ပြိုင်ဘက်သည် ငယ်ရွယ်ပြီး မသိနားမလည်သော ကလေးတစ်ယောက်ဖြစ်သည်။ထို့ကြောင့် က​လေးတစ်​​ယောက်​ကို လိမ်ရသည်မှာ အလွန် လွယ်ကူပေ၏။

အီလီယန် က သူ ထုတ်ပေးလိုက်သည့် စာအုပ်ကို ယူပြီး စားပွဲရှေ့မှာ ငြိမ်ငြိမ်လေးထိုင်လိုက်သည်။ အီလီယန် ၏ တစ်ခုတည်းသော အားသာချက်က အေးဆေးတည်ငြိမ်ပြီး နာခံမှုရှိခြင်းပင်။

ဂရီအော သည် သမ်းဝေပြီး အီလီယန် ကို ဂရုမပြုတော့ပေ။ယနေ့ အတန်းပြီးပါက ဒုတိယမင်းသားလေး၏ နန်းတော်မှာ ခိုးကြောင်ခိုးဝှက်နှင့် ချောင်းကြည့်သင့်သည်ဟု သူ အတွေးနယ်ချဲ့မိနေတော့သည်။

ထိုစဉ်....

ချွန်မြသော အရာတစ်ခုက ဂရီအော ၏ပါးပြင်ပေါ်ကို လာထိပြီး ပြုတ်ကျသွားသည်။ သူလည်း စိတ်ဆိုးသွားကာ မျက်မှောင်ကြုတ်ပြီး တစ်ဖက်ကို ကြည့်လိုက်သည်။ထို့နောက် တစ်စုံတစ်ခုက ထပ်မံဝင်ရောက်လာပြီး သူ့မျက်လုံးကို ထိုးလာပြန်သည်။

"အား"

ဂရီအော မှာ မျက်စိတစ်ဖက်က စပ်ဖျင်းဖျင်း ဖြစ်သွားရတာကြောင့် သူ့မျက်လုံးကို လက်နှင့်ပွတ်သပ်ရင်း ကြမ်းပြင်အား ငုံ့ကြည့်လိုက်သည်ထိုအခါ ကြမ်းပြင်ပေါ်တွင် စက္ကူနှင့် ခေါက်ထားသော လေယာဉ်နှစ်စင်းကို တွေ့လိုက်ရလေသည်။

"မင်း ဘာလုပ်နေတာလဲ"

ဂရီအော က ဒေါသတကြီးနှင့် ခုန်ထလိုက်ရင်း ပြောလိုက်သည်။သို့သော်၊ စက္ကူလေယာဉ်ပျံကို ခေါက်နေသော အီလီယန် သည် တောက်ပစွာ ပြုံးပြလိုက်သည်။

"သား ဘာမှ မသိဘူး..."

ဂရီအော ဆွံ့အသွားရသည်။စောစောက စက္ကူလေယာဉ်ကို ပစ်ပေါက်ထားသည့် အီလီယန် သည် နောက်ထပ် စက္ကူလေယာဉ်ဖြင့် သူ့ကို ပစ်ပေါက်လိုက်ပြန်သည်။ ယခု တစ်ခေါက် စက္ကူလေယာဉ်သည် သူ့နဖူးကို လာထိမှန်ပြီး ပြုတ်ကျသွားပြန်သည်။ သူ သည်းမခံနိုင်တောာဘဲ အီလီယန် ၏ လက်မောင်းကို လှမ်းဆွဲလိုက်သည်။

“ဒီကလေး….”

"ကျွန်တော့်ကိုရိုက်မလို့လား…ဒါဆိုရင် အရာကတော့ ကျန်ခဲ့မှာပဲ..."

အီလီယန် က မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး အပြစ်မရှိသလို ပြောလိုက်သည်။ထိုအခါ ဂရီအော လည်း အံကြိတ်ကာ သူ့လက်မောင်းကို ပြန်လွှတ်လိုက်ရသည်။ မင်းသားနှင့် မင်းသမီးကို လိမ်ညာရန်မှာ လွယ်ကူသော်လည်း အထောက်အထား တစ်စုံတစ်ရာ ကျန်ရှိနေပါက စိုးရိမ်ရဖွယ်ရှိသည်။

ထို့နောက် အီလီယန် သည် စာအုပ်ထူထူကြီးတစ်အုပ်နှင့် သူ့ခြေထောက်ကို ပစ်ပေါက်လိုက်တော့သည်။သူ အော်တောင်မနိုင်တော့ချေ။ စကားလုံးနှင့် အလွယ်တကူ ရှင်းပြလို့မရသည့် ဝေဒနာတစ်ခုပင်။

“ဒီကောင်…”

ဂရီအော သည်းခံမနေနိုင်တော့ဘဲ အီလီယန် ကိုဖမ်းဖို့ကြိုးစားသည်။

“ဝါး”

အီလီယန် က ချက်ချင်းဆိုသလို အာဗြဲကြီးနှင့် အော်ငိုလိုက်သောအခါ သူ ထိတ်လန့်သွားရသည်။

စောစောက ရယ်နေပေမယ့် ဘာလို့ ရုတ်တရက်ကြီး ငိုသွားတာလဲ…

သူ့ကို လွန်အောင်လည်း ဘာမှ မလုပ်ရသေးပေ။အီလီယန် ၏ အော်ဟစ်ငိုသံက ကျယ်လောင်လာသည်နှင့်အမျှ အခန်းတံခါး ပွင့်လာရသည်။

"အီလီယန်..."

ရိုစီနာ သည် အခန်းထဲကို ဝင်လာပြီး ဂရီအော ဘေးကနေ ဖြတ်လျှောက်ကာ အီလီယန် အား ကမန်းကတန်း ပွေ့ဖက်လိုက်သည်။သို့သော်လည်း အီလီယန် ၏ မျက်ရည်တွေက လွယ်လွယ်နှင့် မရပ်သေးပေ။

"သားလေး…ဘာလို့ငိုနေတာလဲ..."

ရိုစီနာ က ချစ်ခင်ကြင်နာစွာ မေးသောအခါ အီလီယန် က တိုးတိုးလေးပြောသည်။

"ဘာ....ဘာလို့လဲ ဆိုတော့ သားက အရမ်းအ,လို့ ဆရာ စိတ်ဆိုးသွားတာ..."

ရွံရှာဖွယ်ကောင်းသော နှုတ်ထွက်စကားကြောင့် ဂရီအော ပါးစပ်အဟောင်းသားပင်။ သို့သော် သူ့နှုတ်မှ အကြောင်းပြချက် တစ်စုံတစ်ရာ မထွက်လာမီ ရိုစီနာ ၏ မျက်လုံးများသည် သူ့ဘက်ကို လှည့်လာရသည်။

"ဆရာ..."

ရိုစီနာ သည် သူ့ကို အံကြိတ်သံနှင့် ခေါ်လိုက်တာကြောင့် မတရားဘူးဟု ဂရီအော ခံစားရသည်။ထို့အပြင်၊ဤကလေးမှာ စာအုပ်အထူကြီးကို ပစ်ချထားတာကြောင့် သူ ဒေါသထွက်သွားခဲ့ရ၏။

“အဲ့ဒါ…”