အပိုင်း ၃၉.၂
Viewers 13k

Chapter 39.2

သူ့ကိုယ်သူ ခုခံကာကွယ်ဖို့ ကြိုးစားနေသည့် ဂရီအော မှာ ပါးစပ်ပိတ်ထားရတော့သည်။သို့ရာတွင်၊ အီလီယန် သည် အရင်ဦးစွာ အော်ငိုထားသောကြောင့် သူဘယ်လောက်ပဲ အမှန်အတိုင်းပြောနေပါစေ၊ အကြောင်းပြချက် ပေး၍မရတော့ပေ။

"အဲ့ဒါ….. ကျွန်တော် မှားသွားပါတယ်..."

သူ့မာနကို လာပြီး ချိုးဖျက်လိုက်သလို ခံစားလိုက်ရသည်။သို့သော်လည်း ဤသည်က တစ်ခုတည်းသော နည်းလမ်းပင်။ထို့အပြင်၊ သူ့အမှားကြောင့် ထုတ်ပယ်ခံရလျှင် ကြိုတင်ငွေကို ပြန်ပေးရမှာ ဖြစ်လေသည်။

"နောက်တစ်ခါ ကလေး မကြောက်အောင် သတိထားပါ့မယ်..."

"ဟုတ်တယ်… အရင်က ဒီလိုမျိုး မငိုဖူးဘူး…အီလီယန်က အမြဲတမ်းကို နူးညံ့သိမ်မွေ့တဲ့ သူပါ..."

ဒါကြီးက နူးညံ့တာလား…

ဂရီအော က သူမများ မှားနေသလားဟု တွေးနေမိတော့သည်။ သို့သော် ရိုစီနာ သည် အီလီယန် မှာ နူးညံ့သိမ်မွေ့သူဟုအခိုင်အမာ ယုံကြည်ကြောင်း တစ်ထစ်ချ ပြောနေတော့သည်။

"ကျွန်မ ကလေးရဲ့ ဖွံ့ဖြိုးမှုက နှေးကွေးနေတော့ စာကို လိုက်မမှီနိုင်ရင်တောင် အဆင့်ဆင့် သင်ပေးစေချင်တယ်..."

"ကျွန်တော် သိပါပြီ...."

ဂရီအော က မကျေမနပ်ပြောရင်း ခေါင်းညိတ်လိုက်သော်လည်း အီလီယန်က ငိုတာ မရပ်သည့်အတွက် သူမက စိုးရိမ်စွာနှင့် မေးလိုက်သည်။

"ဒီနေ့ အတန်းဆင်းလိုက်ရင် အဆင်ပြေလား..."

“ဒါဆို မနက်ဖြန်မှပဲ…နားလည်ပါတယ် ခင်ဗျ...”

ဘယ်လိုပင်ဖြစ်ဖြစ်၊ ယခု အတန်းဆက်သင်လျှင်လည်း သိပ်အဆင်ပြေမှာမဟုတ်ပေ။

အီလီယန် ကို ပွေ့ဖက်ထားသည့် ရိုစီနာ သည် နောက်ပြန်လှည့်သွားသည်။ ထို့နောက် သူမ ရင်ခွင်ထဲမှ အီလီယန် သည် မျက်လုံးထဲတွင် မျက်ရည်များအပြည့်ဖြင့် ဂရီအော ကို နောက်ပြန် ကြည့်နေ၏။သူတို့နှစ်ယောက် မျက်လုံးချင်းဆုံလိုက်သောအခါတွင်၊ အီလီယန် သည် လျှာထုတ်ပြောင်ပြလိုက်သဖြင့် ဂရီအော အံဩနေရတော့သည်။

ကျွန်တော်က တကယ့် ငတုံးလို့ ထင်နေတာလား…


***

အပြင်ဘက်နှင့်မတူဘဲ နေရောင်တစ်စွန်းတစ်စမျှပင် မဝင်နိုင်သော မြေအောက်ခန်းတွင် အလွန်အေးနေသည်။ စိုစွတ်နေသော နံရံရှိ တစ်ခုတည်းသော မီးတိုင်သည် ပတ်ဝန်းကျင်ကို မြင်ရန် လုံလောက်သော အလင်းရောင်အား ပေးစွမ်းနိုင်သည် ။ မြေအောက်ခန်း၏ အတွင်းပိုင်းသည် ဝင်ပေါက်နှင့် ယှဉ်လျှင် အလွန်ကျယ်ဝန်းလှသည်။ တစ်ခါမှ မလာဖူးသော သူစိမ်းတစ်ဦးသာ မကြောက်မရွံ့ဝင်လာပါက ပုရွက်ဆိတ်တွင်းတစ်ခုလို ရှုပ်ထွေးပွေလီနေတာကြောင့် လမ်းပျောက်သွားနိုင်သည်။

သို့သော် ရာဟန် ကမူ တုံ့ဆိုင်းမနေဘဲ တည့်တည့်လျှောက်သွားခဲ့သည်။ သူ သည် ဤနေရာသို့ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ဝင်ထွက်ပြီးပြီမို့ နောကြေနေပြီဖြစ်သည်။ အတွင်းဘက်သို့ ဦးတည်သွားနေသော သူသည် ဘေးပတ်ဝန်းကျင်ရှိ အကျဉ်းထောင်များကို ကြည့်လိုက်သည်။ နေရာတိုင်းတွင် ကြီးမားသော ကျောက်တုံးများ ရှိနေပြီး လူကြီးတစ်ယောက်၏ လက်ဖျံအရွယ်ခန့်ရှိသော သံတိုင်များကို မြှုပ်ထားသည်။ ဤသည်မှာ လူသားများအတွက်မဟုတ်၊ မကောင်းဆိုးဝါးများကို သော့ခတ်ရန်နေရာတစ်ခုဖြစ်သည်။

ရာဟန် ခရီးထွက်တိုင်း သူသည် မကောင်းဆိုးဝါးများကို လိုက်လံဖမ်းဆီးကာ အရှင်လတ်လတ် ဖမ်းဆီးချုပ်နှောင်ထားလေ့ရှိသည်။ အခြားသူများက ညစ်ပတ်သောအလုပ်ဟု ဆိုကြသော်လည်း တစ်ကယ်တမ်းတွင် မကောင်းဆိုးဝါးများသည် ငွေဖြစ်လာသည်။ သားရေ၊ အဆိပ်၊ သားမွေးနှင့် အစွယ်များအပါအဝင် သူတို့ တစ်ကိုယ်လုံး၌ စွန့်ပစ်စရာ ဘာမှမရှိပေ။ အချို့သော မကောင်းဆိုးဝါးများ၏ စွန့်ပစ်ပစ္စည်းများပင်လျှင် အဖိုးမဖြတ်နိုင်သော ဆေးဖက်ဝင်ပစ္စည်းများ ဖြစ်လေသည်။ ထို့ကြောင့် ရိုစီနာ ကို တိရိစ္ဆာန်များဖမ်း၍ ငွေရှာနေကြောင်း ပြောခြင်းသည် လိမ်ညာထားခြင်းမဟုတ်ပေ။

သို့သော်လည်း ယနေ့ ရာဟန် ရှာနေတာက တိရစ္ဆာန်မဟုတ်။ထိုစဉ် ထူးထူးဆန်းဆန်း သံကြိုးသံတစ်ခု ထွက်လာသည်။ ရာဟန် သည် နေရာတွင် ရပ်လိုက်ပြီး အသံထွက်သည့်နေရာကို လှည့်ကြည့်လိုက်ရာ သံကြိုးနှင့် ချည်ထားသည့် လူသတ်သမားတစ်ယောက်မှာ ကတုန်ကယင် ဖြစ်နေသည်ကို တွေ့လိုက်ရလေ၏။သူ့ကိုယ်မှာလည်း နှိပ်စက်ညှဉ်းပန်းထားတာကြောင့် အမာရွတ်များ၊ဒဏ်ရာများက ဗလပွပင်။သူ့ခန္ဓာကိုယ်၏ နေရာတိုင်းတွင် သွေးများ စီးကျနေသဖြင့် လူကို ကြည့်ရန်ပင် ခက်ခဲလှသည်။

ရာဟန် သည် လူသတ်သမားကို ခက်တည်တည်ဖြင့် ကြည့်လိုက်သည်။ သူသည် မင်္ဂလာပွဲနေ့က နန်းတော်ကို တိုက်ခိုက်ခဲ့သော လုပ်ကြံသတ်ဖြတ်သူ တစ်ဦး ဖြစ်သည်။ အိပ်ခန်းထဲဝင်လာသည့် လုပ်ကြံသတ်ဖြတ်သူအားလုံးကို သူကိုယ်တိုင် သတ်ပစ်ခဲ့သော်လည်း သူရဲကောင်းတွေ ဖမ်းမိသည့် လုပ်ကြံသတ်ဖြတ်သူတွေကို ထောင်ထဲမှာ တစ်ပတ်ကျော်ကြာအောင် ဖမ်းထားခဲ့သည်။ မနေ့က လုပ်ကြံသတ်ဖြတ်သူ က သတိရလာသည်ဟူသော သတင်းကိုကြားတော့ ရာဟန် လူကိုယ်တိုင်ရောက်လာခြင်း ဖြစ်သည်။

"နိုးပြီလား..."

ထိုလူက ရာဟန် မေးခွန်းကို အံ့အားသင့်စွာ ကြောင်ကြည့်နေသွားပြီးမှ ခေါင်းမော့လာကာ အမောတကော ပြောလေသည်။

"…ငါ့ကိုသတ်လိုက်"

ရာဟန် ပြုံးလိုက်သဖြင့် ထိုလူက အေးစက်သော လှောင်ပြောင်သံကြောင့် တွန့်ဆုတ်သွားသည်။

“တကယ်လို့ မင်း ဒီလို ငြင်းမှာဆိုရင် ငါ အခုထိ မသတ်ဘဲ မနေပါဘူး..."

ရာဟန် သည် သံတိုင်းနားအထိ တိုးကပ်သွားပြီး ဘာမှမထူးခြားသေးဘဲ အမိန့်ပေးလိုက်သည်။

"နောက်ကွယ်မှာ ဘယ်သူရှိလဲ ပြော...”

ထိုလူက ပါးစပ်ကိုပိတ်ထားလိုက်သည်။ သူ့ပုံစံက သတ်ပစ်လျှင်တောင် ဘာမှ ပြောမှာမဟုတ်ပေ။ ရာဟန် သည် မျက်မှောင်ကြုတ်ကာ ဒဏ်ရာများဖြင့် ပြည့်နှက်နေသော သူ့ကို ငုံ့ကြည့်လိုက်သည်။သူနိုးလာကတည်းက ရယ်ဗင် မှ သူ့ကို ညှဉ်းပန်းနှိပ်စက်ခဲ့သော်လည်း စကားတစ်ခွန်းမှ မပြောသေးပေ။

"သူ့ကို မင်းဘယ်လိုမှ ရှင်းနိုင်မှာ မဟုတ်ဘူး..."

ထိုလူက ပြတ်ပြတ်သားသားပြောသည်။ရာဟန် သည် သူ၏ မာနကို အသေခံ၍ ကာကွယ်ချင်နေသူကို စိတ်ထဲက ရှုံ့ချလိုက်မိသည်။

"ငါထင်တာ မင်းအသက်​ရှင်​ဖို့ ထိုက်တန်​​သေးတယ်လို့ ငါထင်တယ်..."

ရာဟန်၏ စကားကြောင့် လူသတ်သမားသည် နာကျင်တုန်လှုပ်သွားရသည်။ သူသည် လုပ်ကြံသတ်ဖြတ်သူအဖြစ် မွေးဖွားကြီးပြင်းလာသူသည် ဘဝကို ဖြစ်သလိုသာ နေလာခဲ့ရသော်လည်း ယခုလို နာကျင်သွားရတာကတော့ သူ့ဘဝတွင် ပထမဆုံးအကြိမ်ဖြစ်သည်။ ဖိအားတစ်ခုခုက သူ့လည်ပင်းကို ညှစ်ထားသလို ဖြစ်နေကာ ထိုဖိအားက မကောင်းဆိုးဝါးနှင့် ရင်ဆိုင်ရချိန်ထက်တောင် ပိုကြီးနေသည်။

“ဟား…”

ထိုလူက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်သည်။တင်းမာသည့် စွမ်းအင်တွေက သူ့တစ်ကိုယ်လုံးကို ဖြည်းဖြည်းချင်းလွှမ်းခြုံသွားသည်။ သေချာသည်ကတော့ ထိုစွမ်းအင်မှာ လူသားမဟုတ်တန်ရာ။ထို့နောက် သူ့မျက်လုံးမှ မျက်ရည်များ ရူးသွပ်စွာ စီးကျလာသည်။ ရာဟန်က ဓားကို မထုတ်ထားသော်လည်း သူ့တစ်ကိုယ်လုံးမှာ ဓားနှင့် ထိုးဖောက်ခံလိုက်ရသလို ခံစားရပြီး အသက်ရှုလည်း မဝဖြစ်နေကာ မျက်လုံးမျက်ဆံတွေ ဖြူဖတ်လာသည်။ ထိုလူသည် ချောင်းတဟွတ်ဟွတ် ဆိုးနေပြီး အမောတကော အသက်ကို ပြင်းပြင်းရှူလိုက်သည်။သူ ဤ နာကျင်မှုကို ထပ်ပြီး မဖြတ်သန်းချင်တော့ပေ။

"နောက်ကွယ်က ဘယ်သူလဲလို့..."

ရာဟန် က တစ်ခုပဲ ပြောခဲ့သော်လည်း ထိုလူက တုန်လှုပ်ကာတိတ်ဆိတ်နေ၏။အချိန်အတော်ကြာအောင် ထိုသူ၏ စကားကို စောင့်နေသော ရာဟန် သည် တံခါးဖွင့်ပြီး အကျဉ်းထောင်ထဲသို့ ဝင်လိုက်သည်။ သိပ်မကြာခင်မှာပဲ သံတံခါးကို ဆောင့်ပိတ်သံကြားရပြီး ထိုလူကို ချည်နှောင်ထားသည့် သံကြိုးလည်း လွတ်သွားတော့သည်။ ထိုလူ အနည်းငယ်သက်သာရာ ရသွားသောအခါ ရာဟန် က ဂုတ်မှ ကိုင်ကာ ဆွဲထုတ်လိုက်သည်။

ထို့နောက် ရာဟန်က ထိုလူကို ဆွဲခေါ်သွားပြီး ဝင်္ကပါထဲသို့ ဦးတည်သွားခဲ့သည်။ နောက်ဆုံး သူရပ်လိုက်သည့်အခါ မကောင်းဆိုးဝါးတွေ ပိတ်မိနေသော လှောင်အိမ်ရှေ့မှာ ရောက်သွား၏။ချက်ချင်းပင်၊ရာဟန် သည် ထိုသူ၏ ဂုတ်မှဆွဲ၍ သံတိုင်များဆီကို ဆောင့်တွန်းလိုက်တော့သည်။

“ဟိတ်”

ထိုအခါ အနက်ရောင်ရှိပြီး ပုံစံအမည် ဖော်မရသော သတ္တဝါတစ်ကောင်သည် လျှာကို ထုတ်ပြီး ထိုလူဆီကို ဦးတည်လာနေသည်။ ထိုလူ၏ မျက်နှာသည် ကြောက်ရွံ့မှုနှင့်အတူ ဖြူဖျော့သွားခဲ့သည်။ စောစောက သွေးအလူးလူးဖြင့် ထီမထင်ဟန်နှင့် ပြန်ပြောနေသော ထိုလူက ယခုတော့ မျက်ကလူးဆန်ပြာနှင့် ကြောက်ရွံ့နေပေပြီ။

"နယ်စားမင်း..."

"နယ်စားမင်း..."

ရာဟန် မျက်ခုံးပင့်လိုက်မိသည်။ အင်ပါယာတွင် နယ်စားမင်း အနည်းစုသာရှိ၍ သူတို့အားလုံးမှာ သူနှင့် လွန်စွာဆက်စပ်မှုမရှိပေ။သူလည်း နားမလည်နိုင်ဖြစ်ကာ ထိုလူကို ဆက်ပြောဆိုသည့် သဘောနှင့် ခပ်စိမ်းစိမ်းသာ ကြည့်နေလိုက်သည်။ ထိုအခါ မျက်လုံးမှိတ်ထားသည့် ထိုလူက အသံကို ဟစ်အော်လိုက်၏။

“…အယ်…အယ်လိုအာ"

ထိုသူများမှာ ဧကရီ၏ မိဘများဖြစ်သည်။ အယ်လိုအာ မြို့စားသည် ထီးနန်းကို အလွန်စိတ်ဝင်စားသူ ဖြစ်ပြီး အိမ်ရှေ့စံ နန်းတက်မည့်နေ့ကို စောင့်မျှော်နေသူဖြစ်၏။ထို့အပြင် နယ်စားမင်းသည် ရာဟန် ကို ပွင့်ပွင့်လင်းလင်း မေးမြန်းစစ်ဆေးပြီး နှိမ့်ချပြောဆိုရုံသာမက ခြိမ်းခြောက်ခဲ့ဖူးသည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်က သူ လွှတ်လိုက်သော လူသတ်သမားများကို ရာဟန် ကိုယ်တိုင် သတ်ပစ်ခဲ့တာကြောင့် စိတ်လျှော့သွားပြီဟု ထင်နေခဲ့သည်။

လိုအပ်သော အချက်အလက်များကိုရရှိသွားသော ရာဟန် သည် လှည့်ထွက်လိုက်သည်။ထို့နောက် သူက မှောင်ရိပ်ထဲက ထွက်လာပြီး အပြင်မှာ စောင့်နေသည့် ရယ်ဗင် နှင့် အိုင်းဆက် အနားကို သွားကာ ရယ်ဗင် ကို စိုက်ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။

"သူ့ကို ကြည့်လုပ်လိုက်..."

ထိုအခါ ရယ်ဗင် သည် ခေါင်းကို ငုံ့ကာ ချက်ချင်း မြေအောက်ခန်းထဲသို့ ဆင်းသွားခဲ့သည်။ အိုင်းဆက် နှင့် နှစ်ယောက်တည်း ကျန်ခဲ့သော ရာဟန် သည် ထောင်ထဲကို ခေတ္တမျှ စိုက်ကြည့်နေသည်။

ပထမအချက်မှာ အယ်လိုအာ မြို့စားနှင့်ပတ်သတ်လျှင်၊ သူ့အတွက် အဆင်ပြေသော်ငြား ရိုစီနာ ကမူ အန္တရာယ်ကို ဘယ်တော့မှ မြင်နိုင်သူမဟုတ်ပေ။ သူ ခေါင်းခြောက်လာရတာကြောင့် ဆံပင်ကို ကြမ်းတမ်းစွာ ပွတ်သပ်လိုက်မိသည်။ သူသည် အရာအားလုံးကို စွန့်လွှတ်ပြီး တော်ဝင်နန်းတော်မှာ ဆက်နေချင်ခဲ့သော်လည်း ဘုရင်မင်းမြတ်နှင့် ထားရှိထားသော ကတိကလည်း ရှိနေသည်။သူ စိတ်ပျက်သွားကာ လက်သီးကိုဆုပ်ထားရင်း ညည်းညူလိုက်သည်။

"ငါ့နန်းတော်ရဲ့ လုံခြုံရေးကို တတ်နိုင်သမျှ တိုးမြှင့်ထားပါ..."

"ကျွန်တော် ဂရုစိုက်ပါ့မယ်..."

ရာဟန် ရှေ့သို့ လျှောက်လာရာ အိုင်းဆက်ကလည်း တိတ်တဆိတ် လိုက်သွားခဲ့သည်။

"ဟိုမှာ ဘာဖြစ်ခဲ့တာလဲ..."

ရာဟန် ပြောတာကို အိုင်းဆက် ချက်ချင်း သဘောပေါက်သွား၏။မင်းသမီး ရိုစီနာ က သူမ၏ မိသားစုကို သွားတွေ့သည့်နေ့ကအကြောင်းကို မေးနေခြင်းဖြစ်သည်။ အိုင်းဆက် ဘာပြောရမှန်း မသိဖြစ်သွားရ၏။ ထိုနေ့တုန်းက ဖြစ်ပျက်ခဲ့တာတွေက ရိုစီနာ၏ ပုဂ္ဂိုလ်ရေးရာ ကိစ္စဖြစ်သည်။ထို့ကြောင့် သူတို့လင်မယားချင်း ပြောရတာ ပိုကောင်းမည် ထင်သည်။ထို့ကြောင့်၊ အက်စတာရာ့ မိသားစုနှင့် ရိုစီနာ တို့ကြားတွင် ဖြစ်ပျက်ခဲ့သည်များကို သူဘာမျှ မပြောပေ။

“မင်းသမီးက သူမ မိသားစုနဲ့ စကားပြောတဲ့အချိန်အထိ ပြဿနာမရှိခဲ့ပါဘူး…ဒါ​ပေမယ့်​...သူမအခန်းထဲဝင်​သွား​ပြီး ပြန်ထွက်လာတော့ မျက်နှာမကောင်းတော့ဘူး..."

"အခန်းတစ်ခန်း..."

“ဟုတ်ပါတယ်…သူမကတစ်ယောက်တည်းပဲ ဝင်မယ်လို့ ပြောတယ်…ဒါကြောင့် ကျွန်တော်က စင်္ကြံမှာ စောင့်နေတာကြောင့် အသေးစိတ်ကို မသိခဲ့ဘူး”

အိုင်းဆက်လည်း ရိုစီနာ ဘာဖြစ်ခဲ့မှန်း သိချင်စိတ်ဖြစ်နေရ၏။ သေချာတာကတော့ သူမသည် ဆိုးရွားသော အဖြစ်အပျက်တစ်ခုကို မြင်တွေ့ခဲ့ ပုံရသည်။

"အိမ်တော်ထိန်းဆီက ကြားရတာက အရင် မြို့စားမင်းရဲ့ အခန်းတဲ့..."

အိုင်းဆက် က သူသိထားသမျှကို ပြောပြသောအခါ ရာဟန် သည် အတွေးနယ်ချဲ့ရတော့သည်။

"မြို့စားမင်း အက်စတာရော့ မိသားစုကို စောင့်ကြည့်လိုက်..."

“ကောင်းပါပြီ…အရှင့်သား"

ထို့နောက် အိုင်းဆက် က ရာဟန် ကို မော့ကြည့်ပြီး ပြောစရာရှိသေးလားဟု မေးလိုက်သည်။စိတ်မကောင်းဖြစ်နေသော ရာဟန် သည် နောက်ထပ် အမိန့်တစ်ခုကို ပြောလိုက်တော့သည်။

"ငါ ခရီးမသွားခင် စာရေးကိရိယာတွေ အများကြီးယူလာခဲ့‌နော်..."

အိုင်းဆက် လည်း နားမလည်နိုင်ဖြစ်သွားရသည်။အကြောင်းမှာ စာရေးကိရိယာနှင့် သူတို့ မကောင်းဆိုးဝါးဖမ်းသည့်အလုပ်နှင့် လားလားမျှ မသက်ဆိုင်သောကြောင့်ပင်။သို့သော်၊ ရာဟန် စာရေးချင်ရသည့် အကြောင်းရင်းကို နောက်ပိုင်းတွင် သူနားလည်ခဲ့သည်။