အပိုင်း ၄၀
Viewers 13k

Chapter 40

ကျူရှင်ဒုတိယနေ့…

နံနက်စောစောတွင်၊ အီလီယန် သည် မိခင်ဖြစ်သူ၏ အခန်းတံခါး လာခေါက်သံကြောင့် နိုးလာရသည်။ထို့နောက် သူက အိပ်ငိုက်နေသည့် ကလေးလေးလို ဟန်ဆောင် ညည်းတွားပြီး အဝတ်အစားလဲ လိုက်၏။ တခြားကလေးတွေဆိုလျှင် မနက်ခင်းသည် အိပ်ရာမထချင်တာကြောင့် စိတ်ဆိုးရမည့် အချိန်ဖြစ်သော်လည်း မနက်ခင်းဟာ အီလီယန် အကြိုက်ဆုံးအချိန် ဖြစ်နေသည်။ အကြောင်းပြချက်က ရိုးရှင်းလှသည်။အဘယ်ကြောင့်ဆိုသော် မနက်စာစားပြီးလျှင် ရိုစီနာ နှင့်အတူ တစ်နေ့တာကို စတင်ဖို့ အချိန်ရောက်လာတာကြောင့်ပင်။ ပြင်ဆင်မှုအားလုံးပြီးသောအခါ သူက ထမင်းစားခန်းသို့ အမြန်သွားခဲ့သည်။

ရိုစီနာ သည် အီလီယန် ထက်စောစော ထပြီး လက်ဖက်ရည်သောက်နေသည်။သူမနှင့် မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်သည့် အီလီယန် က ရာဟန် လာမှာလားဆိုတာကို သိဖို့ လှည့်ပတ်ကြည့်လိုက်သည်။ သို့သော်လည်း စားပွဲပေါ်မှာ ပန်းကန်ပြားနှစ်ချပ်သာ ရှိနေ၏။ ရာဟန် သည် နံနက်စောစော နန်းတော်မှ ထွက်ခွာသွားခဲ့ခြင်း ဖြစ်ရပေမည်။ထို့ကြောင့် သူ့ရင်ထဲဝယ် ပြောမပြတတ်အောင် ပီတိဖြစ်နေရတော့သည်။

"မေမေ… ဖေဖေလည်း ဗိုက်ဆာနေမှာပဲ…”

အီလီယန် သည် ရာဟန် ကို မတွေ့ချင်သော်လည်း ဟန်ဆောင်ထား၍ မေးလိုက်သည်။ထိုအခါ အမေဖြစ်သူက သူ့ခေါင်းကို ပုတ်ပြီး သိပ်လိမ္မာကြောင်း ချီးကျူးလေသည်။ အစားအသောက်များက စားပွဲအပြည့် ရှိနေတာကြောင့် သူက ရည်ရွယ်ချက်ရှိရှိ ဇီဇာကြောင်ဟန်ပြုလိုက်သည်။

"သား....ပဲမကြိုက်ဘူး…မုန်လာဥလည်း သား မကြိုက်ဘူး…ငရုတ်သီးစိမ်းလည်း မကြိုက်ဘူး…"

ရိုစီနာ က အသီးအရွက်တွေအားလုံးကို ခက်ရင်းနှင့် ထိုးကာ ကျွေးမလို့ လုပ်နေစဉ် အီလီယန်က ဂျီကျလာသဖြင့် သူ မကြိုက်သည့်အစားအစာများကို ဂရုတစိုက် ဘေးဖယ်ပေးလိုက်သည်။ထို့နာက် သူမက ဒေါသမထွက်ဘဲ အီလီယန် မစားမချင်း စောင့်ကာ ကျွေးနေတော့သည်။ ထိုအခါ အီလီယန် ကလည်း တစ်ကိုက်စီကိုက်ပြီး ဖြည်းဖြည်းချင်း စားတော့သည်။

ထမင်းစားပြီး ရိုစီနာ နှင့် ခေတ္တအနားယူပြီးနောက်၊ အီလီယန် သည် တော်ဝင် ဘာသာစကား အတန်းကို တက်ရန် စာသင်ခန်းထဲသို့ အေးအေးဆေးဆေး ဝင်လာခဲ့သည်။ထို့နောက် ကုလားထိုင်ပေါ်တွင်ထိုင်ကာ ဘေးပတ်ဝန်းကျင်ကို လွတ်လွတ်လပ်လပ် ငေးကြည့်နေမိရင်း ဘုရင်မင်းမြတ်နှင့် ဘုရင်မထံသို့ လွန်ခဲ့သော ရက်အနည်းငယ်က သူတို့ သွားတွေ့သည့်အချိန်ကို အမှတ်ရသွားသည်။ ထိုစဉ်က သူ့အမေကို ဘုရင်မက ပါးရိုက်လွှတ်လိုက်သည်။ အီလီယန် သည် ဘုရင်မကို ချက်ချင်း ထ၍ တိုက်ခိုက်ချင်သော်လည်း ထိန်းထားရသည်။ အကယ်၍ ပြဿနာတစ်စုံတစ်ရာ ဖြစ်လာပါက ဒုက္ခများသွားနိုင်သည်။

အီလီယန် သည် ငယ်ရွယ်သော်လည်း အင်ပါယာ၏ အခြေအနေအရပ်ရပ်တို့အား မည်သို့လုပ်ဆောင်သည်ကို အကြမ်းဖျင်းအားဖြင့် သိနေပြိဖြစ်သည်။ ထီးနန်းဆက်ခံမည့် အိမ်ရှေ့စံသည် အိမ်ထောင်မပြုရသေးပေ။ ထို့အပြင်၊ ဘုရင်မင်းမြတ်မှာ သားသမီးအနည်းငယ်သာရှိသဖြင့် တော်ဝင်သရဖူသည် သူ့ဆီကို ရောက်လာနိုင်ခြေရှိသည်။ ထို့ကြောင့် ဘုရင်မသည် ရာဟန် နှင့် အီလီယန် ကို ဒုက္ခပေးရန် ကြိုးစားချင်နေခြင်း ဖြစ်လေသည်။ ထို့ကြောင့်ပင်၊သူကလည်း ကျပ်မပြည့်၊စကားထစ်သည့် ကလေးတစ်ယောက်လို ဟန်ဆောင်နေခဲ့ခြင်းဖြစ်သည်။

"ဟား…ငါ ကြီးလာဖို့ မစောင့်နိုင်တော့ဘူး..."

အီလီယန် က လေးလေးနက်နက် တွေးရင်း သက်ပြင်းချလိုက်သည်။ ခြောက်နှစ်သား လေးဖြစ်နေရပြီး ခန္ဓာကိုယ် သေးသေးလေး ဖြစ်နေရတာကို သူမကြိုက်ပေ။ထို့ကြောင့်လည်း မိခင်ဖြစ်သူကို ကောင်းကောင်းမကာကွယ် နိုင်ခဲ့ခြင်း ဖြစ်၏။ တော်ဝင်နန်းတော်တွင် အန္တရာယ်များစွာ ရှိနိုင်သော်လည်း လက်ရှိတွင် သူသည် မိခင်ဖြစ်သူအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်ပြီး အားနည်းချက်သာဖြစ်သည်။ ခဏတာ စိတ်ဓာတ်ကျနေသည့် အီလီယန် က အတွေးတစ်ခုဝင်လာရတော့သည်။

"ဓားပညာကို သင်ရမလား..."

အကယ်၍ သူသာ ကျူရှင်ဆရာကို စိတ်ကြိုက်ငှားမည်ဆိုပါက၊ ယခင်က မသင်ယူခဲ့ဖူးသော ဓားပညာကို အလေးအနက်ထား စဉ်းစား၍ သင်ယူချင်မိသည်။

ထိုစဉ် တံခါးပွင့်လာပြီး မနေ့က ကျူရှင်ဆရာ ဂရီအော ဝင်လာလေသည်။ သူ့ပုံစံက ညတွင်းချင်းပင် အမူအရာ‌ ပြောင်းသွားကာ သူ့အိတ်ကို မချဘဲ အီလီယန် ကိုကြည့်နေသည်။

"ငါတို့ ဒီနေ့ အပြင်မှာ အတန်းသင်ရမယ်..."

အီလီယန် က အသာ ရယ်မောလိုက်ပြီး ထိုင်ခုံမှ ထလိုက်သည်။ဆရာက နေရာပြောင်းချင်နေသည်ကို သူ့စိတ်ထဲဝယ် ဂရီအော၏ ဆန္ဒဟုတ်မဟုတ် သိချင်သွားရ၏။

သို့နှင့်၊ အီလီယန်သည် ဂရီအော နောက်မှလိုက်၍ မင်းသား နန်းတော်မှ ထွက်လာခဲ့သည်။ သူတို့ ထွက်လာသည်နှင့် နွေးထွေးသော နေရောင်ခြည်များ ဖြာကျလာပြီး အေးမြသော လေများ တိုက်ခတ်လာတော့သည်။ ရာသီဥတုက အလွန် သာယာသည့်အတွက် အမေဖြစ်သူမပါဘဲ တစ်ယောက်တည်း အပြင်ထွက်ရတာ သိပ်ပျော်ဖို့မကောင်းပေ။ထို့နောက် ဂရီအောက လူသူကင်းမဲ့သော အိမ်နောက်ဖေးဆီသို့ ဦးတည်သွားလိုက်သည်။

အီလီယန် သည် နေရောင်အောက်တွင် တောက်ပနေသော အိမ်နောက်ဖေးကို ကြည့်နေသည်။ ရိုစီနာ နှင့် သူတို့ အတူတူ အချိန်ပေးလုပ်ခဲ့သော အိမ်နောက်ဖေးခြံသည် ယခုအခါ အပြည့်အဝ တည်ဆောက်ထားပြီးဖြစ်၍ ကျက်သရေရှိစွာ လှပနေ၏။ သူသည် ရိုစီနာ ချစ်လှစွာသော ပန်းဥယျာဉ်ဆီသို့ လှည့်ကြည့်လိုက်သည်။

တိရိစ္ဆာန်လေးတွေ၏ အကူအညီနှင့် ပန်းဥယျာဉ်မှာ ပန်းပေါင်းများစွာ ဖူးပွင့်နေကြသည်။ ပန်းပင်များတွင် တခြားဘယ်နေရာမှာမှ မတွေ့နိုင်သည့် ရှားပါးပန်းပွင့်တွေလည်း ရှိ၏။ သူက အိမ်နောက်ဖေးမှာ လမ်းလျှောက်နေရင်း နောက်ဖေးတံခါးကို မြင်လိုက်ရ၏။ ပင်မတံခါးနှင့်မတူဘဲ၊ အနောက်တံခါးသည် သေးငယ်ပြီး ပြုပြင်မွမ်းမံထားသောကြောင့် စွန့်ပစ်ထားသော တံခါးနှင့်ပိုတူသည်။ သို့သော် ရာဟန် သည် ထိုတံခါးပေါက်မှ အဝင်အထွက်ရှိနေကြောင်း သူ ကောင်းကောင်းသိနေသည်။ ရာဟန် ကို မသိစိတ်က သွားပြီး သတိရသွားတာကြောင့် အီလီယန် မျက်မှောင်ကြုတ်နေမိတော့သည်။

ခြေလှမ်း ရပ်လိုက်သော ဂရီအော သည် ပတ်ဝန်းကျင်ကို လှည့်ကြည့်ပြီးနောက် အီလီယန် အား ကြည့်လိုက်သည်။

“ဟူး…”

သူက ပတ်ဝန်းကျင်မှာ ဘယ်သူမှမရှိဘူးဆိုသည်ကို အတည်ပြုပြီးနောက် ပွင့်ပွင့်လင်းလင်း မေးလိုက်သည်။

"မင်း ဟန်ဆောင်နေတာလား..."

သူ့ကို တိုက်ရိုက်မေးလာသည့်အတွက် အီလီယန် သည် လမ်းလျှောက်နေရာမှ ရပ်လိုက်၍ မသိနားမလည်သလို ပုံဖမ်းလိုက်၏။

"ဘာလဲ..."

ဂရီအော သည် နုံအ,ဟန် ဆောင်ထားသော အီလီယန်ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။ သူ့ကိုကြည့်ပြီး မနေ့ကမြင်သမျှ အဖြစ်တို့က အိပ်မက်တစ်ခုလို ဖြစ်သွားတော့သည်။

သူ့ကိုယ်သူ အမြင်မှားနေသည်ဟု ထင်မိသော်လည်း ပီသသော အီလီယန်၏ စကားပြောသံက ထင်ရှားနေသဖြင့် ဇဝေဇဝါ ဖြစ်သွားရတော့သည်။

"ကျွန်‌တော်က ငတုံးငအမို့ စိတ်​မပျက်​ဘူးလား..."

ထိုမှသာ ဂရီအော သည် အသိစိတ်ဝင်လာရသည်။ မနေက တစ်မျိုး၊ယနေ့ တစ်မျိုး ဖြစ်နေပြီး လျင်မြန်စွာ လိမ္မာပါးနပ်လာသူ အီလီယန် ကို ကြည့်ပြီး အံ့အားသင့်နေရတော့သည်။မနေ့တုန်းကအဖြစ်ကြောင့် သူသည် တတိယမင်းသား၏ နန်းတော်သို့ လာရန် အလွန်စိတ်ပျက်နေရသည်။ သို့ရာတွင်၊ကြိုတင်ငွေကို လက်ခံထားပြီး ဖြစ်သောကြောင့် ပြန်မပေးနိုင်သဖြင့် လာခဲ့ရခြင်း ဖြစ်သည်။သူ စိတ်အဆိုးဆုံးမှာ သူ့ကို အရူးလုပ်ခဲ့ခြင်းပင် ဖြစ်သည်။

"ဘာလို့ မင်းက စကားထစ်ဟန်ဆောင်နေတာလဲ..."

အီလီယန် သည် တစ်ကိုယ်တည်း ရေရွတ်နေသော ဂရီအော ဘေးမှ ဖြတ်သွားပြီး ပန်းဥယျာဉ်ဘက်ကို ဦးတည်သွားခဲ့သည်။

ဂရီအော သည် အီလီယန် ကို လုံး၀ လျစ်လျူရှုရန် ကြိုးစားရင်း လက်သီးကို ဆုပ်ထားသည်။ ယနေ့လည်း မနေ့ကလို ဖြစ်ပျက်တော့မည်ကို သိနေတာကြောင့် သူ့မာနစိတ်တွေက ထောင်းကနဲ ထလာရလေသည်။

"မင်း ဘာလိုချင်လို့လဲ..."

“ဘာမှမဟုတ်ဘူး…ဆရာ ကြိုက်တာ သင်လို့ရတယ်…ကိုယ့်အလုပ်ကို လုပ်ရင်ရပြီ..."

အီလီယန် က ဒေါသတကြီးပြောပြီး ပန်းတွေကို ကြည့်နေကာ ဂရီအော ကိုတောင် ဂရုမစိုက်ပေ။ စဉ်ဆက်မပြတ် လျစ်လျူရှုခံရသဖြင့် စိတ်တိုနေသော ဂရီအော မှာ ဆင်ခြင်ဥာဏ်တို့ မရှိတော့ဘဲ အီလီယန် ဆီကို လျှောက်သွားလိုက်သည်။

"ဘယ်သူက ဒီအမှိုက်လိုမျိုး နန်းတော်ကို လာချင်တယ်များ မှတ်နေလား..."

ပြောရင်းဆိုရင်း ဂရီအော သည် အီလီယန် ကြည့်နေသည့် ပန်းဥယျာဉ်မြေကို နင်းမိသွား၍ သူ့ခြေရင်းမှာ ပွင့်နေသော ပန်းတွေက ပြားသွားသည့်အတွက် အီလီယန် ထအော်လေတော့သည်။

"မနင်းနဲ့..."

အီလီယန် သည် ပန်းအနည်းငယ်သာ ကျိုးကြေကာ ပိပြားသွားတာကြောင့် သူ့ပုံစံက အလန့်တကြားပင်။

"မေမေ စိုက်ထားတာ..."

သူ့မျက်နှာသည် ဖျော့တော့သွားသည်။ ကျိုးနေသောပန်းပွင့်များကို မြင်သောအခါ သူ့မျက်လုံးထဲတွင် မျက်ရည်များ ပြည့်လာရတော့သည်။ သူသည် ရွယ်တူကလေးချင်းများနှင့် နှိုင်းစာလျှင် မည်မျှပင် ရင့်ကျက်နေပါစေ၊ အမေဖြစ်သူ မြတ်နိုးသောအရာကို ကာကွယ်လိုသော ကလေးတစ်ယောက်သာ ဖြစ်၍ ဂရီအော ဆီကို အတင်း ပြေးသွားလေ၏။

"ဒါ ဘာလုပ်တာလဲ..."

ဂရီအော သည် လူတစ်ယောက် အသံကြောင့် အံ့အားသင့်စွာဖြင့် ခေါင်းလှည့်ကြည့်လိုက်ရာ ဟောင်းနွမ်းနေသော နောက်ဖေးတံခါးရှေ့တွင် လူတစ်ယောက် ရပ်နေသည်ကို တွေ့ရလေသည်။ထိုသူမှာ တတိယမင်းသား ရာဟန် မှလွဲ၍ အခြားသူမဟုတ်ချေ။ရာဟန် သည် သူတို့နှစ်ယောက်ဆီကို တစ်လှမ်းချင်း ချဉ်းကပ်လာပြီး စကားစလာတော့သည်။

"မင်း ဘာလုပ်နေတာလဲ ငါမေးနေတယ်လေ..."

ဂရီအော ၏ လက်များသည် ချွေးစေးများထွက်ကာ စိုစွတ်လာသည်။ သူက အီလီယန် နှင့် စကား ကောင်းကောင်းပြောမည်ဟု ဆုံးဖြတ်ထားသော်လည်း ကလေး၏ ပြောပေါက်၊ဆိုပေါက်ကြောင့် နည်းနည်းတော့ ဒေါသထွက်သွားသည်။သို့သော်လည်း တတိယမင်းသား ရောက်လာလိမ့်မည်ဟု မျှော်လင့်မထားပေ။

“အဲ့ဒါ…”

သူ ပြာယာခတ်နေစဉ် ရာဟန် က လက်ပိုက်၍ ရပ်ကြည့်နေတော့သည်။ သူသည် အီလီယန် အသားကို တစ်ချက်တောင် မထိသေးဘဲနှင့် အီလီယန်က အပိုလုပ်ပြီး အော်ငိုအောင် လုပ်ခဲ့၏။ယနေ့လည်း အိမ်နောက်ဖေး ဥယျာဉ်ကိုတောင် နမော်နမဲ့ တက်နင်းလိုက်သေးသည်။ဘာဖြစ်လာမလဲဆိုသည်ကို စိတ်ကူးယဉ်နေသော ဂရီအော သည် စိတ်ထဲကခါးသီးလာသည်။

ဆန့်ကျင်ဘက်အနေနှင့်၊ အီလီယန် မှာ အလွန့်အလွန် စိတ်ချမ်းသာနေတော့သည်။မနေ့က စာအုပ်တစ်အုပ်နှင့် စာသင်ဖို့ အတင်းအခြိမ်းခြောက်ခံနေခဲ့ရပြီး ယနေ့လည်း နန်းတော်အပြင်မှာ စာသင်မည်ဟု ဆိုလာပြန်သည်။သို့ရာတွင်၊ သူသည် အလွန်ပါးနပ်သူဖြစ်တာကြောင့် အခြားသူများရှေ့တွင် ကောင်းမွန်စွာ ဟန်ဆောင်နိုင်ခဲ့သည်။

ဂရိီအော် သည် ရာဟန် ကို မတရားခံရသည့်အတွက် အယူခံဝင်ရန် ကြိုးစားခဲ့သော်လည်း ရာဟန်က ဒေါသထွက်နေပုံရသည်။

"မင်းကများ ငါ့ကလေးကို ငိုအောင် လုပ်လိုက်တာလား..."

သူဘာပဲပြောပြော ရာဟန် ယုံမှာမဟုတ်ဘူးဟု ဂရီအော အလိုလိုသဘောပေါက်သွားသည်။ ပါးစပ်ပိတ်ထား၍ ကြောင်ကြည့်နေသော ဂရီအော ရှေ့တွင် ရပ်နေသည့် ရာဟန် က နင်းမိနေသော ပန်းဥယျာဉ်ကို လှမ်းကြည့်ရင်း ပြောလိုက်သည်။

“အိမ်နောက်ဖေးကလည်း ရှုပ်ပွနေတာပဲ..."

"…တောင်းပန်ပါတယ်"

ဂရီအော က လေသံတိုးတိုးဖြင့် ပြန်ပြောလိုက်ပြီး ရာဟန် ကလည်း အနောက်တံခါးကို လက်ညှိုးထိုးပြလိုက်သည်။

"သွားတော့..."

ဘာလဲဟ....

ဂရီအော သည် ရာဟန် ကို အံ့သြတကြီး မော့ကြည့်လိုက်သည်။ သူ့ရှေ့တွင်ရပ်နေသော ရာဟန် မှာ ဘာလုပ်ရမှန်းမသိ‌ဖြစ်နေသော သူ့ကိုကြည့်ကာ ဘာလုပ်နေတာလဲ၊မသွားသေးဘူးလားဟု ထပ်မေးလိုက်ပြန်သည်။ဤသည်က သူ၏ နောက်ဆုံးအခွင့်အရေးမှန်းသိ သွားတာကြောင့် သူလည်း အမြန်လစ်ထွက်လာရ၏။ သူ့ခြေထောက်တွေက ပြိုကျလုနီးပါး လှုပ်ခါနေသော်လည်း ယခု ဤနေရာကနေ ထွက်သွားတာထက် ပိုအရေးကြီးတာ ဘာမှမရှိတော့ချေ။

အီလီယန် သည် ရာဟန် ကို မကျေမနပ် တစ်ချက်ကြည့်လိုက်သည်။ ကျူရှင်ဆရာအား အလွယ်တကူ နှင်လွှတ်လိုက်သည့်အတွက် သူ စိတ်ထဲ သဘောမတွေ့ ဖြစ်နေပုံရသည်။ထို့နောက် သူက မျက်ရည်များကို သုတ်လိုက်ပြီး စိတ်ပျက်ကောင်းသော ပုံစံဖြင့် ရေရွတ်လိုက်သည်။

"လူငှားမယ်ဆိုရင် ကြည့်ကျက်ငှားမှပေါ့…အမြင်ကိုမရှိဘူး..."

ရာဟန် က မျက်မှောင်ကြုတ်ကာ မဆိုင်းမတွ ပြန်ဖြေလိုက်သည်။

"ငိုထားတာ‌ပေါ့..."

"မငိုပါဘူး..."

"ဘာပဲဖြစ်ဖြစ်…သူ့ကို မလွှတ်ပေးလိုက်ရင် ရိုစီနာ စိတ်ပူနေလိမ့်မယ်..."

ရိုစီနာ ၏ နာမည်ထွက်လာသောအခါ အီလီယန် တုန်လှုပ်သွားသည်။

"ရုတ်တရက် ကျူရှင်ဆရာက နှုတ်ထွက်သွားတော့ မင်းမှာ ပြဿနာရှိတယ်လို့ ထင်နေလိမ့်မယ်..."

ထိုစကားများသည် အီလီယန် ၏ မျက်နှာကို တင်းမာစေသည်။ ချက်ချင်းပင် အုံ့မှိုင်းသွားသော အီလီယန် သည် ရာဟန် ကို အားကိုးတကြီး စိုက်ကြည့်လာသည်။ သူသေသွားရလျှင်တောင် ရိုစီနာ အမုန်းကိုတော့ မခံနိုင်ပေ။ ရာဟန် က သူ့ကို အဓိပ္ပါယ်ရှိသော မျက်နှာဖြင့် တည်တည်ငြိမ်ငြိမ် ကြည့်လိုက်သည်။

“ဒါပေမယ့် နည်းလမ်းတစ်ခုတော့ ရှိတယ်…”

အီလီယန် ခေါင်းကို တဆတ်ဆတ်ညိတ်လိုက်သည်။ ရိုစီနာ ကို မစွန့်လွှတ်ရလျှင် သူ့အတွက် ဘာမဆို အဆင်ပြေသည်။ထို့နောက် သူက ရာဟန် ၏ အစီအစဉ်ကို တိတ်တဆိတ် နားထောင်ရင်း သက်ပြင်းချလိုက်သည်။ အစီအစဥ်က မဆိုးသော်လည်း ဂရီအော က ထိုကမ်းလှမ်းချက်ကို လက်ခံပါ့မလားဆိုသည်ကို တွေးပူနေမိ၏။

"မင်း အဲ့ဒီလိုလုပ်မှာလား..."

“အင်း...”

ထို့နောက် အီလီယန် သည် ရာဟန် နှင့် ဆက်မပြောတော့ဘဲ ပန်းဥယျာဉ်ဆီသို့ တည့်တည့်လျှောက်သွားလိုက်သည်။ ပွင့်နေသောပန်းများသည် ဂရီအော ၏ လက်ချက်ဖြင့် ခေါင်းမထောင်နိုင် ဖြစ်နေကြ၏။ဤပန်းတွေကို ပြုစုပျိုးထောင်ဖို့ ရိုစီနာ ဘယ်လောက်တောင် ကြိုးစားခဲ့မှန်း သူ သိနေလေသည်။ ကျူရှင်ဆရာနှင့် သူတို့ ရန်ဖြစ်ရင်း ပန်းတွေ နင်းမိသွားသည်ကိုသာ သူမ,သိသွားလျှင် တစ်ကယ် စိတ်မကောင်းဖြစ်သွားပေလိမ့်မည်။သူက ထိုင်ချလိုက်ပြီး ကောက်ကွေးနေသော ပန်းပင်များကို ကောက်ယူလိုက်သည်။ ယခု သူ့အကြံက ပန်းပင်တွေကို ရွှေ့ပြီး စိုက်ဖို့ပင်ဖြစ်သည်။ထိုစဥ် သူက မြေကြီးကို ကိုင်လိုက်စဉ် ရာဟန် က မေးလာသည်။

"ညစ်ပတ်တာတွေနဲ့ ကစားနေတာလား..."

အီလီယန် သည် ပြန်မပြောချင်သော်လည်း အမေးရှိလာ၍ အဖြေပေးလိုက်ရသည်။

"မေမေ ကိုယ်တိုင်စိုက်ထားတာ…ဒါကြောင့် ဒီလိုလုပ်လိုက်ရင် သိပ်မသိသာဘူးထင်တယ်...”

ရာဟန် က ဘာမှ ပြန်မှပြန်မပြောဘဲ သူ့အနားကို တိုးလာ၍ ဘေးမှာထိုင်ရင်း ကျိုးနေသည့် ပန်းတစ်ပွင့်ကို ကောက်ယူလိုက်၏။ထို့နောက် နှစ်ယောက်သား မြေကြီးများကို တူးဖော်ကာ အမြစ်ကိုဆွဲထုတ်ပြီး ပန်းပင်များကို ရွှေ့ပြောင်းစိုက်ပျိုးကြသည်။ပြီးလျှင် မြေကြီး ပြန်ဖို့ပေးလိုက်သည်။ ပန်းပင်တွေက နည်းနည်း ကျုံ့သွားသော်လည်း နောက်ရက်အနည်းငယ်ကြာလျှင် ခေါင်းထောင်လာပေလိမ့်မည်။

ရာဟန် နှင့် အီလီယန် တို့သည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေကြသည်။ဤသို့ဖြင့် ယနေ့သည် ရိုစီနာအား ယခုကိစ္စကိုလျှို့ဝှက်ထားရန် မျက်လုံးချင်းစကားပြောခဲ့ကြလေသည်။

***