အပိုင်း ၄၁.၁
Viewers 13k

Chapter 41.1

တော်ဝင်နန်းတော်မှ ထွက်လာသည်နှင့် တစ်ပြိုင်နက်၊ သူသည် သားရဲတစ်ကောင် လိုက်ဖမ်းချင်ခံရသည့် တိရစ္ဆာန်တစ်ကောင်ကဲ့သို့ ခံစားရသည်။ အင်ပါယာ နန်းတော်နံရံကို မော့ကြည့်လိုက်တော့ သူ ယနေ့အချိန်အထိ ထိုအထဲမှာ နှစ်ရက်တာ သွားလည်ခဲ့တာက မယုံနိုင်စရာပင်။သို့သော်ပြဿနာတက်ပြီး နန်းတော်ထဲမှ ထွက်ခွာလာရတော့သည်။

"ငါ ဘယ်လိုဖြစ်တာလဲ..."

ဂရီအော က သူ့ကိုယ်သူ ရေရွတ်လိုက်ပြီး နားထင်ကို ကိုင်ထားလိုက်သည်။ နန်းတော်ထဲမှာ နေရဖို့ သူ့အမူအကျင့်များကို နည်းနည်းလေးပြင်လိုက်သော်လည်း နှစ်ရက်အတွင်း ထုတ်ပစ်ခံရဖို့ မမျှော်လင့်ထားချေ။

"ငါ့ကို ပြစ်ဒဏ်ပေးကြမှာ မဟုတ်လား..."

သူ အခုပဲ အလုပ်ထုတ်ခံခဲ့ရတာလား…

ဂရီအော သည် စိတ်ရှုပ်ထွေးကာ တော်ဝင်နန်းတော် ခံတပ်ကို တစ်ဖန်ပြန်ကြည့်လိုက်သည်။သို့သော် တတိယမင်းသားက မနက်ဖြန်မှ လာသင့်သည်ဟုသာ ပြောခဲ့သည်။ ဆိုလိုသည်က သူ့ကို အလုပ်မထုတ်ဘဲ အကျင့်ကို ပြင်ခိုင်းခြင်းသာ ဖြစ်ပေလိမ့်မည်။ ရှက်စရာကောင်းသော်လည်း ကြိုတင်ငွေပြန်မပေးရတာကြောင့် ကျေးဇူးတင်နေမိပြီး ဤကိစ္စကို မေ့ထားလိုက်ဖို့သာ ဆုံးဖြတ်လိုက်တော့သည်။

ထို့နောက် ဂရီအော သည် အိမ်ကိုပြန်ဖို့ ဆုံးဖြတ်လိုက်လေ၏။ မနေ့ကရော၊ယနေ့ပါ ပြဿနာတွေ တက်ခဲ့ရသောကြောင့် အိမ်ပြန်ပြီး ကောင်းကောင်း အနားယူရမည်ဖြစ်သည်။အပြန်လမ်းတွင် အလုပ်သစ်တစ်ခု ရလိုရငြား လျှောက်စုံစမ်းရင်း အရက်ဆိုင်မှာအချိန်ဖြုန်းနေလိုက်သည်။

အရက်သောက်ပြီး၍ လမ်းမကြီးတစ်လျှောက် လမ်းလျှောက်လာသော ဂရီအော သည် ရထားလုံးတစ်စီးကို တားလိုက်သည်။ မြို့တော်၏ အဆုံးမှာ နန်းတော်က ရှိနေတာကြောင့် အိမ်ပြန်ဖို့ တစ်နေကုန် ကြာမည်ဖြစ်သည်။

ရထားလုံးပေါ်၌၊ ဂရီအော သည် ထိုင်ခုံတွင် အသာထိုင်လိုက်လာရင်း လမ်းတစ်ဝက်ရောက်သောအခါ မောပန်းနွမ်းနယ်နေတာကြောင့် အရူးလို ငိုက်မျဉ်းသွားရသည်။ထို့နောက် သူသည် အချိန်အတော်ကြာ အိပ်ပျော်သွားခဲ့သည်။သူ အိပ်ပျော်နေစဉ် ရထားလုံးက ဒုန်းကနဲမြည်ပြီး တုန်ခါသွားရတာကြောင့် မျက်လုံးကို အားယူဖွင့်ကြည့်လိုက်ပြီး ပြတင်းပေါက်မှ အပြင်ဘက်ကို ချက်ချင်း လှမ်းကြည့်သည်။

"ဟင်"

အပြင်ဘက်သည် သူမြင်နေကျမြင်ကွင်းမဟုတ်ဘဲ သိပ်မရင်းနှီးသည့် ပတ်ဝန်းကျင်တစ်ခုဖြစ်သည်။

" ဘယ်မှာလဲ...."

ဂရီအော သည် အံ့အားသင့်သွားရကာ ရထားလုံးမောင်းသမားအား လမ်းမှားသွားကြောင်း ပြောပြချင်သော်လည်း ရထားဘီးများသည် ကြောက်ခမန်းလိလိ အမြန် ပြေးလွှားနေလေသည်။ ဤသို့ဖြင့်၊ ပတ်ဝန်းကျင်သည် ပို၍ပို၍ ဆိတ်သုဉ်းလာကာ အဖြူရောင်သစ်ပင်များဖြင့် အုံ့မှိုင်းသော လေထုကြီး ဖြစ်လာ၏။ကောင်းကင်မှာ နေရောင်ရှိနေသော်လည်း သစ်ပင်တွေက ထူထပ်သည့်အတွက် နေရာတိုင်းက မှောင်မည်းနေကြသည်။

စိတ်တိုနေသော ဂရီအော သည် ပြတင်းပေါက်ကိုဖွင့်ကာ ရထားမောင်းသမားကို ခေါ်ရန် ကြိုးစားကြည့်သည်။ ထိုအချိန်မှာပင် ရထားသည် ကျယ်လောင်စွာ လှုပ်ခါပြီး ရပ်တန့်သွားရသည်။ သူလည်း ကြောက်ရွံ့တုန်လှုပ်နေချိန်တွင် ရထားအပြင်ဘက်မှ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေရသည်။ တိတ်ဆိတ်သောနေရာတွင် သူ တစ်ယောက်တည်း ရှိနေသကဲ့သို့ မည်သည့်အသံမှ မကြားရချေ။

အချိန် ဘယ်လောက်ရှိသွားပြီလဲ....

အချိန်အတော်ကြာ အိပ်ပျော်နေခဲ့သော ဂရီအော သည် ယောင်ချာချာ ဖြစ်နေရသည်။ထို့နောက် သူ အားရှိသလောက် ရထားတံခါးကို အားရှိသလောက် ဆောင့်တွန်းနေသော်လည်း တံခါးမှာ အပြင်ကနေ သော့ခတ်ထားပြီးဖြစ်နေသည်။

"ဘာလဲကွာ…"

သူ စိတ်ရှုပ်လာကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သော်လည်း ပတ်ဝန်းကျင်က တိတ်ဆိတ်နေဆဲပင်။ သူလည်း စိတ်ကလည်းရှုပ်၊အိပ်လည်း အိပ်ချင်နေသေးသဖြင့် နွမ်းနယ်နေပြီဖြစ်သည်။ ယခု သူလုပ်နိုင်သမျှမှာ ရထားတံခါးဖွင့်မည့်အချိန်ကို စောင့်နေရန်သာ ဖြစ်သည်။ သူ အချိန်အတော်ကြာအောင် စောင့်ပြီးမှ အပြင်မှ အသံတစ်ခုကြားလိုက်ရသည်။သူလည်း သိချင်စိတ်နှင့် တံခါးနားကိုကပ်လိုက်စဉ် တချိန်တည်းမှာ ရထားတံခါးက ပွင့်လာရသည်။ ထို့နောက် လူတစ်ယောက်သည် ရထားပေါ်သို့ တက်လာခဲ့သည်။

“!”

ဂရီအော ၏ မျက်လုံးများသည် လင်းကွင်းလောက် ပြူးကျယ်နေတော့သည်။ သူ့ဘေးမှာ လာထိုင်သူမှာ တတိယမင်းသား ရာဟန် ကလွဲ၍ တခြားသူမဟုတ်ပေ။သူ အံ့ဩလို့မှမဆုံးသေး၊ နောက်ထပ် လူတစ်ယောက် ရထားပေါ် တက်လာသည်။ထိုသူမှာ မင်းသားနောက်သို့ လိုက်လာသော အီလီယန် ပင် ဖြစ်သည်။ချက်ချင်းပင် ရထားလုံးသည် ညှဉ်းပန်းနှိပ်စက်သည့် အခန်းတစ်ခု၏ အငွေ့အသက်လို ဖြစ်လာပြီး သူ့မျက်နှာလည်း တခဏချင်းဖြူဖျော့လာရသည်။

သူ ဒီမှာပဲ မတော်တဆ သေရမှာလား...

ဂရီအော ၏နဖူးသည် အေးစက်သောချွေးများဖြင့် စိုရွှဲနေ၏။ ချွေးတွေကြောင့် သူ့မျက်မှန်က နှာခေါင်းအောက် ပြုတ်ကျသွားရသည်။ ကြောက်စရာကောင်းသည့် တိတ်ဆိတ်မှုက အတော်ကြာ ကြီးစိုးနေပြီးကာမှ ရာဟန် က စကားစ,လိုက်သည်။

“အကြံတစ်ခုပေးမယ်...”

သူ့စကားက ဂရီအော ကိုယ်ကို ဆတ်ကနဲ တုန်လှုပ်သွားစေ၏။

“အီလီယန် အကြောင်းကို ဘယ်သူ့မှာလျှောက်မပြောဘဲ စာဆက်သင်ပေးတာ အကောင်းဆုံးပဲ…ဒါမှမဟုတ်….”

ရာဟန် ၏ မျက်လုံးများသည် ဂရီအော မျက်နှာထက်သို့ စူးရဲစွာ ကျရောက်သွားပြီး ရထားကြမ်းပြင်ကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။

"ငါ မင်းကို ဒီမှာ သင်္ဂြိုဟ်မယ်..."

"ဟား..."

ရာဟန် ၏စကားများသည် ဟာသမဟုတ်ကြောင်း သူအလိုလိုသဘောပေါက်နေသောကြောင့် ရင်ထဲက မောဟိုက်လာရသည်။

"ကျူရှင်ဆရာ တစ်ယောက်အနေနဲ့ အစွမ်းကုန်လုပ်ရင် မင်းအတွက်လည်း မကောင်းနိုင်စရာမရှိပါဘူး..."

ထို့နောက် သူက အီလီယန် ကို လက်ညှိုးထိုးပြကာ…

"သူက တစ်ချိန်လုံး ငတုံးငအလို ဟန်ဆောင်လိမ့်မယ်…ဒါပေမယ့် နောက်ကျရင် အဲ့ဒီလို သိပ်လုပ်တော့မှာမဟုတ်ဘူး…အဲ့ဒီအခါကျရင် မင်း သူ့ကို သွန်သင်ပေးတဲ့ အတွက် ဂုဏ်ဒြပ်တွေလည်း ရလိမ့်မယ်..."

မဟုတ်ဘူး… ရာဟန် က အီလီယန် ငတုံး ယောင်ဆောင်ထားတယ်ဆိုတာ သူသိနေတာလား…

ဂရီအော က ပါးစပ်အဟောင်းသား ဖြစ်သွားရပြန်သည်။ သူ ပြန်မဖြေသည့်အခါ အီလီယန် က စကားဖြတ်ပြောလိုက်၏။

" သူ ဒီကမ်းလှမ်းချက်ကို သိပ်ကြိုက်ပုံမရဘူး..."

ရာဟန် က အီလီယန် စကားကြောင့် ဂရီအော အား အကြည့်ဖြင့်သာ မေးလိုက်သည်။

"မင်းမကြိုက်တာ သေချာလား..."

ဂရီအော သည် သူ မှန်ကန်စွာ မဖြေပါက ဤနေရာတွင် အမှန်တကယ် မြေမြှုပ်ခံရမည်ကို သဘောပေါက်သွားသဖြင့် တုန်တုန်ယင်ယင်နှင့် ပြန်ပြောလိုက်သည်။

“မဟုတ်ပါဘူး…ကျွန်တော် အကောင်းဆုံးကြိုးစားပါ့မယ်..."

ရာဟန် သည် သူ့အဖြေကိုကြားပြီးနောက် ကျေနပ်စွာ ခေါင်းညိတ်လိုက်ရင်း ရုတ်တရက် အတွေးတစ်ခု ဝင်လာတာကြောင့် ကမန်းကတန်း ပြောလိုက်သည်။

"အိုး…ပြီးတော့ ပန်းတွေကို မနင်းနဲ့..."

'နင်းရင် မင်းလည်ပင်းက မြစ်ထဲ ပျံသွားလိမ့်မယ်' ဟု သူပြောလိုက်သလိုပင်။ထို့ကြောင့် ဂရီအော သည် နောက်ဆို အိမ်နောက်ဖေးနှင့် ခပ်ဝေးဝေးတွင်သာ နေမည်ဟု ကိုယ့်ကိုယ်ကို ကတိပြုခဲ့သည်။

ရိုစီနာ သည် ထုံးစံအတိုင်း နန်းတော်၏ ဝေယျာဝစ္စများကို လုပ်နေခဲ့သည်။ မနက်စောစော အိပ်ယာထပြီး ထမင်းစားအပြီးမှာ ရရှိထားသည့် စာတွေကို စာပြန်ရေးခဲ့သည်။ အားလုံးပြီးသွားလျှင်၊ နေ့လည်စာ စားခါနီးအချိန်ရောက်သွားပြီး ထိုအချိန်ကျမှ နန်းတော်၏ နေရာတိုင်းကို ကြည့်လိုက်သည်။ ပြုပြင်ရန် လိုအပ်သော နေရာများ မရှိတော့သော်လည်း အလုပ်များ လုပ်၍ရနိုင်သည့် နေရာသေးသေးလေးများ ရှိသေးသည်။

အကြမ်းဖျင်းစစ်ဆေးပြီးနောက် သူမသည် တိရစ္ဆာန်များကို အစာကျွေးရန် ထွက်လာခဲ့သည်။ အိမ်နောက်ဖေးသို့ရောက်သောအခါ သူမ အကြိုက်ဆုံးပန်းဥယျာဉ်ကို ကြည့်ပြီး အနည်းငယ်ထူး‌ဆန်းနေသလိုခံစားရသည်။မနေ့ကအထိ ပန်းပင်များသည် ဝေဝေဆာဆာဖူးပွင့်နေကြသော်လည်း ယနေ့တော့ နေရာအနည်းငယ် လွတ်နေသလိုပင်။

ငါ အထင်မှားတာလား....

သူမလည်း ခဏမျှ စဉ်းစားပြီးနောက် ပခုံးတွန့်သွားရသည်။ဤနေရာသည် မင်းသားနန်းတော်၏ နောက်ဖေးခြံ ဖြစ်တာကြောင့် ဧည့်သည်များလည်း မလာသဖြင့် ပန်းပင်များကို မည်သူမှ ခိုးယူခြင်းမပြုနိုင်ပေ။ ထို့နောက် သူမသည် ပန်းဥယျာဉ်ကို ရေပုံးတစ်ခုဖြင့် ရေလောင်းပြီး အိမ်နောက်ဖေးထောင့်ဆီနားသို့ ပုံးတစ်ခုကိုင်၍ သွားခဲ့သည်။ သူမ လက်ကို ဆန့်လိုက်သောအခါ ငှက်များသည် လျင်မြန်စွာ နားခိုလာကြသည်။ ကြောင်လေးများ၊ ခွေး၊ သမင်မလေးတွေတောင် ပါကြ၏။

တော်ဝင်နန်းတော် ခံတပ်၏ ထောင့်တစ်နေရာစီတိုင်းတွင် နေထိုင်သော တိရိစ္ဆာန်များသည် အခွံမာသီးများကို ကောက်ယူနေစဉ် ကျေးငှက်များမှာ မြေနိမ့်တွင် ဟိုမှဒီ ပျံသန်း၍ လှည့်ပတ်နေကြသည်။ တော်ဝင်နန်းတော်ခံတပ်တွင် စားကျက်မြေအဖြစ် သတ်မှတ်ထားသော သီးခြားနေရာတစ်ခုရှိသော်လည်း ဆာလောင်နေသော တိရစ္ဆာန်များသည် ဘာမှမတွေးနိုင်တော့ဘဲ စားကျက်ဧရိယာမှ မကြာခဏ ထွက်လာတတ်ကြသည်။

တိရိစ္ဆာန်များကို အစာကျွေးနေသော ရိုစီနာကို တိရိစ္ဆာန်များက တော်ဝင်နန်းတော်တွင် ဖြစ်ပျက်ခဲ့သည်များကို ပြောပြနေမိသည်။

ယနေ့ အစေခံတစ်ဦးသည် အဝတ်လျှော်ရန် အဝတ်ညစ်များ ယူလာစဉ် ကျောက်တုံးပေါ်မှ ခြေချော်ကျကြောင်း၊ ဒုတိယမင်းသား နန်းတော်တွင် အဆာပြေမုန့်များ ခိုးယူမှုကြောင့် အစေခံကောင်လေးတစ်ယောက် အဆူခံရခြင်း...စသည်ဖြင့် အကြောင်းအရာ သေးသေးလေးများသည် သူမ နားထဲသို့ ရောက်လာရသည်။

၎င်းတို့ထဲတွင် ဧကရာဇ်မင်းမြတ်နှင့် ဧကရာဇ်တို့၏ တွေ့နေကြသည်ကို အဝေးမှ သူတို့ မြင်ခဲ့ရပြီး မည်သို့မည်ပုံ ဖြစ်နိုင်ကြောင်း၊သူတို့၏ အထင်အမြင်ကိုလည်း ပြောတတ်ကြ၏။

ရိုစီနာ သည် ရာဟန် နှင့် အီလီယန် အကြောင်းများကိုတော့ ရည်ရွယ်ချက်ရှိရှိ နားမထောင်ခဲ့ပေ။ သူတို့နှစ်ယောက်ကြားတွင် လျှို့ဝှက်ချက်တစ်ခုရှိနိုင်ပြီး သူမကပဲ ခိုးကြောင်ခိုးဝှက် လိုက်ကြည့်နေရသလို ခံစားရသည်။ သူမ၏ ယူဆချက်ကို သူတို့လည်း သိသဖြင့် တိရစ္ဆာန်များကလည်း အီလီယန် နှင့် ရာဟန် အကြောင်း မပြောခဲ့ကြပေ။

တိရိစ္ဆာန်တွေ၏ စကားကို တိတ်တဆိတ် နားထောင်နေသည့် သူမ သည် ကြောင်လေးတစ်ကောင် ပြောပြသော မြင်းဇောင်းအကြောင်းကို ကြားလိုက်ရ၍ မျက်လုံးတွေ ပြူးကျယ်သွားရသည်။

"တစ်ကယ်လား..."

ပြောပြသည့် ကြောင်က အမြီးကိုလှုပ်ပြီး ပြန်ဖြေလိုက်၏။

"ကျေးဇူးတင်ပါတယ်..."

ရိုစီနာ က သူမကို ပြောပြသည့် ကြောင်ညိုလေး၏ ခေါင်းကို ကိုင်လိုက်ရာ တမြောင်မြောင် အော်မြည်နေလေသည်။သူမလည်း နွားတင်းကုပ်ကို သွားကြည့်ရမည်ဟု တစ်ဆက်တည်း တွေးလိုက်မိသည်။ထို့နောက် သူမသည် နန်းတော်သို့ ချက်ချင်းပြန်သွားပြီး အပြင်ထွက်ရန် ပြင်ဆင်လိုက်သည်။ သိပ်အဝေးကြီးလည်း မဟုတ်သဖြင့် အဝတ်အစား လဲလိုက်လျှင် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ထို့နောက် သူမသည် နန်းတော်ထဲမှ ထွက်လာခဲ့ရင်း ဥယျာဉ်ကိုဖြတ်၍ လျှောက်လာသည့် ရာဟန်ကို သတိပြုမိသွားသည်။

ရာဟန် ကလည်း ရိုစီနာ ကို တွေ့သွားရာ အပြင်သွားတော့မလို ၀တ်စားထားသည့် သူမကို လှမ်းကြည့်ရင်း မေးလိုက်သည်

" ဘယ်သွားမလို့လဲ..."

“အဲ့ဒါ….”

သူမ တုံ့ဆိုင်းသွားရသည်။ အိမ်နောက်ဖေးမှ မြင်းဇောင်းမှ မြင်းတစ်ကောင် အကြောင်းကို ကြောင်ကလေးထံမှ သိလိုက်ရသဖြင့် သွားကြည့်ရမည်ဖြစ်သည်။သူမသည် တိရိစ္ဆာန်များနှင့် ဆက်သွယ်နိုင်သည်ကို ရာဟန် သိထားသော်လည်း တိရိစ္ဆာန်တွေဆီကနေ သူမကြားသမျှကို သူ့အားပြောပြဖို့ အနည်းငယ် ဝန်လေးသွားရသည်။ သို့သော်၊သူက အကြာကြီးစောင့်နေသဖြင့် သူမလည်း နောက်ဆုံးမှာ ဝန်ခံခဲ့ရ၏။

"တစ်ကယ်တော့ စောစောက အိမ်နောက်ဖေးမှာ တစ်ခုခုဖြစ်နေတယ်ဆိုပြီး ကြောင်ကလေးတစ်ကောင်ဆီက ကြားလိုက်ရတယ်..."

"ဘာကိစ္စလဲလို့ ကိုယ် မေးလို့ ရမလား..."

"ရှင့်မြင်းတွေ ဒဏ်ရာရထား တယ်လို့ ပြောတယ်…”

ရာဟန် အနည်းငယ် အံ့သြသွားသည်။

“တစ်ကယ်တော့ ကိုယ့်မြင်းက အစာလည်း မစားတာ တော်တော်ကြာနေပြီ... ဘာကြောင့်လဲဆိုတာ ကိုယ်လည်း မသိဘူး… မနက်ဖြန် ခရီးက ချက်ချင်းထွက်ရမှာဆိုတော့ နည်းနည်း အခက်တွေ့နေတယ်..."

သူမသည် တရိစ္ဆာန်ဆရာဝန်တစ်ယောက် မဟုတ်သော်လည်း သူ့စကားအသွားအလာအရ ဘယ်နားက နေမကောင်းဖြစ်မှန်း ရိပ်မိသွား၏။

"ကျွန်မ ကူညီပေးရမလား..."

"အင်း...ကူညီနိုင်ရင် ကူညီပါဦး..."

ရာဟန် က ပြုံးလိုက်ရင်း ပြန်ပြောလေသည်။

သို့နှင့်၊ နှစ်ယောက်သား ပန်းခြံထဲမှာ လမ်းလျှောက်လာကြသည်။ ရိုစီနာ သည် နေ့ဘက်တွင် လမ်းသိပ်မလျှောက်မဖြစ်တာကြောင့် တစ်မျိုးကြီးဖြစ်ပြီး ထူးဆန်းနေသည်။ သူမက ဘေးမှလျှောက်လာသော ရာဟန်ကို တစ်ချက်ကြည့်လိုက်သည်။ သူမ အက်စတာရော့စံအိမ်ကို သွားသည့်နေ့မှစ၍ သူမတို့နှစ်ယောက်၏ ဆက်ဆံရေးမှာ အနည်းငယ် ပြောင်းလဲသွားပုံရသည်။အရင်က သူနှင့် နီးစပ်ဖို့ရာ ခက်ခဲနေသော်လည်း ယခုတစ်လော ပိုပိုပြီး နိီးစပ်လာသလိုပင်။

ရိုစီနာ နှင့် ရာဟန် တို့သည် နန်းတော်မှ ထွက်လာပြီး နောက်ဖေးသို့ ဦးတည်သွားကြသည်။ နန်းတော်၏ အုတ်တံတိုင်းပေါ်မှာ တိရိစ္ဆာန်များစွာ ပျံဝဲနေကြပြီး မွေးမြူရေးခြံအတွင်းတွင် သစ်သားတဲ တစ်ခုရှိသည်။ထိုတဲထဲတွင် အကောင်းဆုံးမြင်းများကို သီးခြားရွေးချယ်ကာ ဧကရာဇ်နန်းတော်အတွက် ဆက်သပေးရန် လျာထားသည့် မြင်းမျိုးသန့်များ ထားရှိခြင်းဖြစ်သည်။ တဲထဲသို့မဝင်မီ ရာဟန် က သတိ‌ပေးလိုက်သည်။

"နည်းနည်း ညစ်ပတ်တယ်နော်..."

"ရပါတယ်...”

ရိုစီနာ သည် အ၀တ်အစားများ ညစ်ပတ်သွားမှာကို သိပ်ဂရုမစိုက်ဘဲ မြင်းဇောင်းထဲ ဝင်သွားပြီး ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ပြတင်းပေါက် သေးသေးလေးမှ ဝင်လာသော နေရောင်ခြည်သည် ကောက်ရိုးကုတင်ကို နွေးထွေးစေသဖြင့် မြင်းများသည် တစ်ရေးတစ်မော အိပ်စက်နေကြသည်။ သူမ မြင်းဇောင်းထဲကို ဝင်လိုက်သည်နှင့်၊ ကြိုးချည်ထားသည့် မြင်းတစ်ချို့က ကျေနပ်သလိုနှင့် အသံတွေမြည်နေကြသည်။သူမကလည်း ထိုမြင်းများကို တစ်ချက်နှစ်ချက် ပွတ်သပ်လိုက်ပြီး အတွင်းထဲသို့ လျှောက်သွားရာ မြင်းနက်တစ်ကောင်ကို ချက်ချင်း တွေ့လိုက်သည်။

"ဒီမြင်း ဟုတ်လား..."

“ဟုတ်တယ်…ဒီကောင်ပဲ...”

ရာဟန် သည် ရိုစီနာ ၏စွမ်းရည်ကို အကြိမ်များစွာမြင်ဖူးသော်လည်း ယခုမူ မြင်းရိုင်းများနှင့် ယဉ်ပါးအောင် ပြုလုပ်တတ်တာကြောင့် အံ့သြသွားရသည်။ရိုစီနာ သည် ဝပ်နေသောမြင်းနှင့် မျက်လုံးချင်းဆုံကြည့်ရန် ဒူးထောက်ထိုင်လိုက်သည်။

"တစ်ခုခု ဖြစ်လို့လားခင်ဗျာ..."

ထိုစဉ် မြင်းဇောင်းထဲက လူတစ်ယောက်ထွက်လာရသည်။ သူသည် ဘွတ်ဖိနပ်နှင့် လက်အိတ်များ ဝတ်ဆင်ထားပြီး ရိုစီနာ ကို မြင်သောအခါ မျက်လုံးပြူးသွားတော့သည်။အဘယ်ကြောင့်ဆိုသော် မြင်းဇောင်းထဲကို အမျိုးသမီးများ သိပ်လာလေ့မရှိတာကြောင့်ပင်။အနေအေးသူ ဝေါ်တန် သည် သူမ အနားတွင် ရပ်နေသော ရာဟန် ကို တွေ့ပြီး အနားကို ပြေးသွားလိုက်သည်။

"အရှင့်သား..."

ထို့နောက် သူသည် မြင်းကို ရာဟန် လာကြည့်တာလားဟု တွေးနေတော့သည်။

"အဲ့ဒါ...သူက အစားမစားတာ ကြာပြီဗျ.."