Chapter 41.2
ခေါင်းကို ငုံ့ကာ မြင်းနက်ကို စိုက်ကြည့်လိုက်သည့် သူပုံစံမှာ ကြောက်ရွံ့ထိတ်လန့်စရာကောင်းသော ပြိုင်ဘက်နှင့် ဆက်ဆံနေရသကဲ့သို့ ဖြစ်နေ၏။
"ဒီမြင်း နေမကောင်းဖြစ်နေတာမဟုတ်ဘူး ထင်တယ်... ဒါပေမယ့် ဘာလို့ဒီလိုဖြစ်ရတာလဲ ဆိုတာ ကျွန်တော် မသိပါဘူး..."
ထိုသို့ပြောပြီး သူက ရိုစီနာ ကို သဘာဝအတိုင်း လှည့်ကြည့်မိလိုက်သော်လည်း သူမ ဘယ်သူမှန်း သူ မသိသေးပေ။
"ဒါ ငါ့မိန်းမပဲ..."
ရာဟန် ၏ အတိုချုံး ရှင်းပြလိုက်သော စကားကြောင့် ဝေါ်တန် သည် ခေါင်းကို အလျင်အမြန် ငုံ့ထားလိုက်သည်။
"ကျွန်တော် မင်းသမီးကို နှုတ်ဆက်ပါတယ်..."
ရိုစီနာ ကလည်း လက်ကို ညင်သာစွာ ဝှေ့ယမ်းပြီး ပြန်နှုတ်ဆက်သည်။ အင်ပါယာ၏ ထုံးတမ်းစဉ်လာ နှုတ်ဆက်ခြင်းနည်းလမ်းသည် အလွန်ရှည်လျားလှတာကြောင့် မြင်းဇောင်းထဲတွင်တော့ လုပ်မနေချင်သဖြင့် လက်ကိုသာ ပြန်ယမ်းပြလိုက်ခြင်းဖြစ်သည်။
"အမ်...မင်းသမီးက ဘာကိစ္စရှိလို့လဲခင်ဗျာ..."
ဝေါ်တန် သည် သူမ ကို တစ်ချက်ကြည့်လိုက်သည်။ ဤနွားတင်းကုပ်ဆီ ကို သူမ ရောက်လာရသည့်အကြောင်းကို သူယခုထိ အံ့ဩနေသေးသည်။ မြင့်မြတ်သော အမျိုးသမီး အများစုသည် ညစ်ပတ်သည်ဟု ဆိုကာ မြင်းဇောင်းကို ဝေးဝေးမှ ရှောင်ရှားကြသည်။ သူတို့ မြင်းစီးလျှင်တောင် မြင်းစီးကွင်းမှာ ပြင်ဆင်ထားသည့် မြင်းတွေကိုသာ အသင့်စီးလေ့ရှိကြသည်။
"ဒီမြင်းကို ကျွန်မ ကြည့်လို့ရမလား..."
“ဘာဖြစ်လို့….”
ဝေါ်တန် သည် မယုံကြည်နိုင်လောက်သော အမူအရာဖြင့် ချက်ချင်းပြန်ဖြေလိုက်ပြီး ချက်ချင်း ပါးစပ်ပိတ်ထားလိုက်သည်။ အကြောင်းမှာ၊ ရာဟန်က အနောက်မှနေပြီး မျက်ထောင့်နီကြီးနှင့် ကြည့်နေတာကြောင့်ပင်။ သူ့အသက်အန္တရာယ်ကို ခြိမ်းခြောက်နေသလို ခံစားလိုက်ရပြီး လက်ဖဝါးထဲမှ ချွေးအေးများကို သုတ်ရင်း ပြောလိုက်သည်။
"မဟုတ်ပါဘူး ကျွန်တော် ဆိုလိုတာက…. ကျွန်တော် မြင်းထိန်းလာတာ အနှစ် 30 လောက်ရှိပေမယ့် ကျွန်တော်တောင် နားမလည်လို့ပါ…”
ထို့နောက် ရိုစီနာ သည် မြင်း၏ လည်ဆံကို ပုတ်လိုက်ရာ အသာဝပ်နေသာ မြင်းနက်ကြီးက ဟီသံပေးပြီး သူမ နောက်ကျောပြင်ကို လာနမ်းလေသည်။ မြင်းဟီသံကို ကြားလိုက်ရပြီးနောက် သူမသည် ဝေါ်တန် ဆီသို့ ဦးတည်သွားလိုက်သည်။
"မြင်းခွာရိုက်သမားကို ခေါ်သင့်တယ်..."
"ဘယ်လို ခင်ဗျ..."
မြင်းခွာရိုက်သမားသည် ခွာများကို ကာကွယ်ပေးရန် ခွာလုပ်ပေးသူဖြစ်သည်။
မြင်းခွာလဲထားတာမှ တစ်လပဲရှိသေးတာ...အခုခေါ်ရမှာလား...
“လွန်ခဲ့တဲ့ တစ်လလောက်က မြင်းခွာ လဲခဲ့ပြီးပါပြီ..."
"အပေါက်တွေကို စစ်ဆေးပြီးပြီလား..."
“ဟုတ်ကဲ့…စစ်ပြီးပါပြီ..."
မြင်း ခန္ဓာကိုယ်၏ လက်မတိုင်းကို တစ်ကယ်စစ်ဆေးခဲ့သော်လည်း သူဘာမှ ထူးထူးခြားခြား သတိမထားမိချေ။ရိုစီနာကလည်း သူမစကားကို မယုံကြည်နိုင်ဖြစ်နေသည့် ဝေါ်တန်အား ထပ်ပြောလိုက်ပြန်သည်။
"ခြေဖဝါးတစ်ဖက်ရဲ့ အတွင်းပိုင်းမှာ တော်တော်လေး စုတ်ပြဲပျက်စီးနေတာမို့ ခြေထောက်က မထောက်နိုင် ဖြစ်နေရတာပါ..."
“အဲ့ဒါ….”
ထိုစဉ် ရာဟန်က ဝင်ပြောလိုက်သည်။
“မြင်းခွာရိုက်တဲ့သူကို ခေါ်လိုက်ပါ..."
ချီတုံချတုံဖြစ်နေသော ဝေါ်တန် သည် ရာဟန် က အမိန့်ပေးလာတာကြောင့် မြင်းဇောင်းထဲမှ ထွက်သွားပြီး သိပ်မကြာခင်မှာပင်၊မြင်းခွာရိုက်သမားနှင့် ပြန်လာခဲ့သည်။ ရုတ်တရက် အခေါ်ခံရသည့် မြင်းခွာရိုက်သမားက မြင်းနက်၏ ခွာကို ချက်ချင်းစစ်ဆေးကြည့်လိုက်သည်။
ဝေါ်တန် သည် အနောက်မှ နေ၍ မြင်းခွာရိုက်သူကို ကြည့်နေရင်းက ခေါင်းယမ်းလိုက်သည်။ သူသည် မြင်းများကို နှစ် 30 ကြာ ပြုစုစောင့်ရှောက်ခဲ့သူဖြစ်ပြီး လွန်ခဲ့သော တစ်လခန့်က မြင်းခွာများကို ပြောင်းခဲ့ပြီး အချိန်ရတိုင်း စစ်ဆေးခဲ့ပြီး ဖြစ်သဖြင့် ရိုစီနာ အထင်မှားမှန်း ထင်ရှားပေသည်။
"မြင်းခွာကို ထပ်ရိုက်ရဦးမယ်..."
မြင်းခွာရိုက်သမားက ပြောသောအခါ ဝေါ်တန် သည် ချက်ချင်းပင် ခေါင်းကို လှည့်လိုက်သည်။
"နောက်တစ်ခါ ထပ်ရိုက်မို့လား..."
“အရင်တုန်းက ကျွန်တော့်ရဲ့ အလုပ်သင်ကောင်လေး တစ်ယောက်က မြင်းခွာ ရိုက်တာ မှားသွားတယ်...သိပ်မသိသာပေမယ့် မင်းသမီးက ဒါကို ကောင်းကောင်းမြင်ခဲ့တာပါ...”
ဝေါ်တန် မှာ ရိုစီနာ ပြောတာမှန်နေသဖြင့် အံ့အားသင့်နေသလောက် သူမကမူ တည်ငြိမ်အေးဆေးနေသည်။
“ခြေထောက်က တော်တော်နာနေတာ ဖြစ်မယ်…ခွာတွေက နည်းနည်းလေးလွဲသွားရင်တောင် သိပ်အဆင်မပြေဘူး..."
မြင်းခွာရိုက်သမား၏ နောက်ဆက်တွဲရှင်းပြချက်ကို ကြားသောအခါ ဝေါ်တန် ပါးစပ်အဟောင်းသား ဖြစ်ရပြန်တော့သည်။
မြင်းခွာရိုက်နေသည်ကို ရိုစီနာ သည် ရင်တထိတ်ထိတ်ဖြင့် ငေးကြည့်နေမိသည်။ သူမလည်းတစ်ဖက်လှည့်လိုက်ရာ ရုပ်တုတစ်ခုလို မလှုပ်မယှက် သူမကို ကြောင်ကြည့်နေသော ဝေါ်တန်ကို တွေ့လိုက်ရလေ၏။
"မင်းသမီးက သိပ်ကို အံ့သြစရာကောင်းတာပဲ..."
ဝေါ်တန် က စိတ်လှုပ်ရှားစွာ အော်လိုက်တာကြောင့် သူမလည်းအံ့ဩသွားရလေသည်။ ထို့နောက်တွင် သူသည် idol တစ်ဦးနှင့်တွေ့လိုက်ရသလို ခြေတစ်ချက်ဆောင့်ကာ စိတ်လှုပ်ရှားစွာဖြင့် ပြောလေသည်။
“တစ်ကယ်တော့ ကျွန်တော်က တိရိစ္ဆာန်တွေကို တခြားသူတွေထက် ပိုသိတယ်လို့ ထင်ထားတာ… ဒါပေမဲ့ မင်းသမီးက ကျွန်တော့်ရဲ့ မသိနားမလည်မှုကို သတိပြုမိစေပါတယ်...”
ဝေါ်တန် ၏ တောက်ပသော မျက်လုံးများက ရိုစီနာ အပေါ် ဖြာကျလာသည်။ သူ့စကားကို နားထောင်နေရင်း သူမလည်း ရှက်လာရ၏။သူမသည် တိရိစ္ဆာန်များကို ကောင်းစွာသိသူဖြစ်ကြောင်း ဝေါ်တန် ထင်နေပုံရသည်။ သူထင်တာလည်း သိပ်မမှားပေ၊သို့သော် သူမက တိရိစ္ဆာန်တွေနှင့် ရင်းနှီးတာထက် စကားပြောဆိုတတ်သူပင်။ထို့အပြင်၊ ယခုအချိန်အထိ တိရိစ္ဆာန်များကို ပြုစုစောင့်ရှောက်ခဲ့သော ဝေါ်တန် သည် သူမထက် အခြေခံအသိပညာများစွာရှိမည် ဖြစ်သည်။
“ပြီးတော့….”
အမျိုးမျိုးအဖုံဖုံ ချီးမွမ်းနေသော ဝေါ်တန် သည် သူ့ကိုယ်ကို ရှက်ရွံ့စွာ ပွတ်သပ်ရင်း စကားဆက်ရန် တွန့်ဆုတ်နေလေသည်။ သို့သော်၊သူ ပြောချိန်တောင် မရလိုက်၊ရာဟန်က သူ့ကို ခေါ်လိုက်လေသည်။
"ဝေါ်တန်..."
“ဟုတ်ကဲ့…အရှင့်သား..."
"အလုပ်ကိစ္စနဲ့ ခရီးထွက်ဖို့ မင်းကို ငါ ခဏလောက် တွေ့လို့ရမလား..."
ရာဟန် ၏မျက်နှာသည် အလွန်ခက်ထန်နေသဖြင့် ဝေါ်တန် သည် သူ့ကိုယ်သူတောင် သတိမထားမိဘဲ တံတွေးတစ်ချက် မျိုချလိုက်သည်။ သူ အမှားလုပ်မိသွားပြီဟု ထင်သွားသည့်အတွက် ဂနာမငြိမ်လည်း ဖြစ်သွားသည်။ သို့သော်လည်း၊ ရာဟန် ၏ စကားကို သူ့မှာ ငြင်းပိုင်ခွင့် မရှိချေ။
ထို့နောက် ရာဟန် သည် ဝေါ်တန် နှင့်အတူ ထွက်သွားတာကြောင့် ရိုစီနာ မှာ မြင်းနက်နှင့် တစ်ယောက်တည်း ကျန်ခဲ့သည်။
"မင်းလည်း မကြာခင် နန်းတော်က ထွက်ရတော့မယ်နော်..."
မြင်းနက်သည် ရိုစီနာ ၏ ညည်းညူသံကို နားလည်နေသဖြင့် တိုးတိုးလေး အော်ဟစ်လိုက်သည်။ ထို့နောက် သူမသည် မြင်း၏ မျက်နှာကို လက်ဖဝါးနှင့် အသာအယာ ပွတ်သပ်ပေးလိုက်သည်။
"သူ့ကို ဂရုစိုက်ပါနော်..."
ထို့နောက် ကာကွယ်နိုင်ဖို့ မစွမ်းနိုင်သော မြင်းကို တိုးတိုးပြောလိုက်သည်။
တစ်လခွဲကြာလျှင်၊ ရာဟန် သည် ဒဏ်ရာအနာတရ ကင်းမဲ့စွာနှင့် အိမ်ကိုချောချောမောမော ပြန်လာလိမ့်မည်ဟု သူမ မျှော်လင့်ထားသည်။ ထိုသို့ တွေးနေစဉ် သူ ပြန်ရောက်လာတာကြောင့် သူမလည်း ဆတ်ကနဲ မတ်တပ်ထလိုက်ရသည်။
"ကျွန်မ ပြန်တော့မယ်..."
ရာဟန် လည်း သူမနောက်မှ ကပ်လိုက်လာသဖြင့် သူမက နောက်ပြန်လှည့်ကြည့်ကာ မေးလိုက်သည်။
"ရှင့်မှာ အလုပ်မရှိဘူးလား..."
"အလုပ်က ပြီးပြီ..."
ရာဟန် က သူမ အကြည့်ကို အနည်းငယ် ရှောင်ပြီး ပြန်ပြောသည်။ သူမကလည်း သူ့ကို ပြန်စိုက်ကြည့်ပြီး ထပ်ပြောလိုက်၏။
"အခု နန်းတော်ကို ပြန်တော့မယ်..."
"ကိုယ်လည်း ပြန်မယ်လို့ စီစဉ်ထားတာ..."
သူမက မင်းသားနန်းတော်ကလွဲပြီး အခြားတစ်နေရာကို သွားရင်တောင် သူ နန်းတော်ကိုပဲ ဆက်သွားမှာလား....
ထိုသို့တွေးမိပြီး ရာဟန် သည် သူမနောက်ကို လိုက်နေသည်ဟု ထင်မြင်မိလာသည်။
"အင်း…ကျွန်မ အခုမှ သတိရတယ်....သွားစရာ ရှိသေးတယ်...."
သူမ စကားကို ကြားသောအခါရာဟန် မျက်နှာက ရှက်ရွံ့သွားပြီး တစ်ခုခုသော ခံစားချက်ကြောင့် ဖုံးမနိုင်ဖိမရဖြစ်သွားလေသည်။ထိုမျက်နှာကိုကြည့်လိုက်သည်နှင့် သူမလည်း အကြောင်းပြချက်မရှိ ပြုံးချင်သွားရပြီး ရယ်ချင်စိတ်ကို ထိန်းထား၍ ပခုံးတွန့်လိုက်သည်။
"ကျွန်မှာ အချိန်တွေရှိပါသေးတယ်လေ....နောက်မှပဲ သွားတော့မယ်..."
ရာဟန် က စိတ်သက်သာရာ ရသွားပုံဖြင့် သက်ပြင်းချလိုက်သည်။ သူ့ပုံစံက သူမနှင့်အတူ အချိန်ဖြုန်းချင်နေသလိုပင်။ရာဟန် ခရီးထွက်လျှင် နှစ်ယောက်သား လအတော်ကြာ ဝေးနေရမည်ဖြစ်တာကြောင့် သူက သူမနှင့်အတူတူ ရှိနေချင်ပုံပင်။ထို့နောက် နှစ်ယောက်သား လာရာလမ်းအတိုင်း ပြန်သွားကြသည်။ လမ်းသွား၊လမ်းလာတွေက ရပ်ပြီး သူတို့နှစ်ယောက်ကို ကြည့်နေတတ်ကြသော်လည်း သူတို့ကတော့ စိတ်မဝင်စားပေ။
ရိုစီနာ မှာ ပန်းခြံကို လှည့်ပတ်ကြည့်ရင်း လိုက်လာ၏။ ထူထဲပြီး ကြီမားလှသော သစ်ပင်အရိပ်များကို ကြည့်ပြီး သူမပျော်နေလေသည်။သူမ စိုက်ထားသည့် နေကြာပန်းများသည် သူမ ထက် အရပ်ရှည်နေပြီဖြစ်သည်။
အနည်းငယ် ပူနွေးသော နေရောင်ခြည်သည် အရေပြားထဲသို့ စိမ့်ဝင်လာသည်။ သူမ နန်းတော်ထဲသို့ ဝင်လာသောအချိန်သည် နွေဦးပေါက်ရာသီ ဖြစ်သည်။ သို့သော် ယခုတော့ နွေရာသီရောက်နေပြီဖြစ်သည်။ သူမသည် မျက်နှာကို တစ်ဖက်ကအုပ်ထားပြီး မိုးပေါ်ကို မော့ကြည့်လိုက်ရာ နေရောင်အောက်မှာ တိမ်တိုက်တစ်ခု လွင့်မျောနေသည်ကို တွေ့လိုက်ရလေသည်။ သူမသည် အာစတေးနီးယားကို ခဏလောက် ပြန်သတိရသွားသည်။
ရာသီဥတုက အမြဲပူနေသော်လည်း အလွန်အမင်းကြီး မပူပြင်းချေ။ ပင်လယ်ကလည်း နီးကပ်နေတာကြောင့် နွေရာသီတွင် ပင်လယ်သို့ ခရီးထွက်သူ များကြသည်။သူမသည်လည်း ပင်လယ်ကို နှစ်သက်သောကြောင့် အီလီယန် ကို နှစ်စဉ်ခေါ်၍ ပင်လယ်သို့ ခရီးထွက်လေ့ရှိသည်။ ယခုနှစ်တော့ မဖြစ်နိုင်တော့ပြီ။ယခု သူမသည် မင်းသား၏ ဇနီးဖြစ်လာသောအခါ အခြားမိသားစုများကဲ့သို့ သာမန် မိသားစုခရီးထွက်ရန် စိတ်ကူးမယဉ်နိုင်တော့ပေ။သူမ စိတ်ထဲတွင် စိတ်ပျက်အားလျော့သွားရတော့သည်။
"ရှင် ဒီနေ့ဘာလို့ အစောကြီးရောက်နေတာလဲ..."
သာမာန်အားဖြင့် ရာဟန် မှာ လုပ်စရာတွေ အများကြီးရှိတာကြောင့် ယခုအချိန်ဆို နန်းတော်ထဲမှာ မရှိတတ်ပေ။
ရာဟန်က ခဏတိတ်ဆိတ်နေပြီးမှ စကားပြန်လိုက်သည်။
"ကိုယ် မကြာခင် ခရီးထွက်တော့မှာမို့ မင်းမျက်နှာကို တတ်နိုင်သလောက် အကြာကြီးမြင်ချင်တယ်..."
“…..”
ရာဟန် ၏ လေးနက်သော မျက်လုံးများသည် ရိုစီနာ ဆီသို့ ရောက်ရှိသွားပြီး ရိုးသားသော သူ့စကားကြောင့် သူမ၏ နှလုံးသားမှာ တုန်လှုပ်သွားရသည်။ ရင်ခုန်သံတဒိန်းဒိန်းကို ဖုံးဖိထားပြီး သူမသည် ပျောက်ဆုံးနေသော စကားများကို စုစည်းကာ အားယူပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ် ညစာစားမှတွေ့မယ်နော်..."
သူမက ဟန်မပျက်အောင်ထိန်းပြောလိုက်သော်လည်း သူမ အသံမှာ အနည်းငယ် တုန်ခါသွားနိုင်သည်။ တစ်နေရာဆီမှ လေပြင်းတစ်ချက် တိုက်ခတ်လာသဖြင့် သစ်ရွက်ဝါတွေက တဖြုတ်ဖြုတ် ကြွေကျနေတော့သည်။သူမသည် ဖြည်းညှင်းစွာ လျှောက်လာရင်း နန်းတော်ရှေ့သို့ ရောက်လာစဉ် ရာဟန် က နန်းတော်ထဲသို့ဝင်ခါနီးမှ သူမ အမည်ကို ခေါ်လိုက်သည်။
"ရိုစီနာ..."
သူမ နာမည်ကို သူ ခေါ်လိုက်တိုင်း နှလုံးသားတစ်ခုလုံး တုန်လှုပ်သွားရသည်။ထို့နောက် ရာဟန်၏ အသက်ရှူသံက သူမမျက်နှာကို ရိုက်ခတ်နေသည်အထိ သူက အနားကို တိုးလိုက်၏။
သူမ ဘာဖြစ်နေတာလဲ....
သူမ ဘာဆက်လုပ်ရမလဲ မသိတော့။ သူ့မျက်နှာက နီးကပ်လာသည်နှင့်အမျှ သူမ မျက်လုံးကို စုံမှိတ်ထားလိုက်သည်။
“ရပြီ...”
သူ့လက်တစ်ဖက်က သူမ၏ ဆံပင်ကို ဆုပ်ကိုင်ထားလေသည်။သူမ မျက်လုံးကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး အံဩတကြီး သူ့ကို ကြည့်နေမိတော့သည်။သူကနောက်ပြန်ဆုတ်သွားပြီး သူ့လက်ထဲမှ သစ်ရွက်တစ်ရွက်ကို မြှောက်ပြလိုက်သည်။ ထိုမှပင် သူမ၏ နားရွက်များ နီရဲလာကာ အခြေအနေကို သိသွားရသည်။ သူ့ကို အထင်လွဲလိုက်မိသည့်အတွက် ရှက်မိတာကြောင့် တွင်းထဲတွင် သာ ပုန်းနေချင်တော့သည်။
"ရိုစီနာ..."
ရာဟန် က သူမ နာမည်ကို ခေါ်ပြီး အနီရောင် ပါးပြင်တွေကို ကြည့်လိုက်သည်။ သူမ ဘာမှပြန်မဖြေသောအခါ သူမ ပါးပြင်ပေါ်ကို လက်တင်ထားလိုက်သည်။
ရိုစီနာ သည် အေးစက်သော သူ့လက်ချောင်းများက သူမ မျက်နှာကို ထိလိုက်သည်နှင့် တုံ့ဆိုင်းသွားရသည်။ သူမလည်း ခေါင်းကို အနည်းငယ်မော့ကာ ရာဟန် နှင့် မျက်လုံးချင်းဆုံလိုက်သည်။ခါတိုင်းထက် နီရဲနေသော သူမ မျက်လုံးထဲတွင် သူ့မျက်နှာက အတင်းတိုးကပ်လာသည်ကို ဖောက်ထွင်းမြင်နေရ၏။
သူတို့ နှုတ်ခမ်းချင်း ထိတော့မည့် အခိုက်အတန့်တွင်....
တောက်....
ထိုအသံနှင့်အတူ ရာဟန်၏ ခေါင်းနောက်ဘက်မှာ နာကျင်သွားရသည်။သူက လျစ်လျူရှုရန် ကြိုးစားသော်လည်း ထိုအရာက ချောက်ကနဲ မြေပြင်ပေါ် ပြုတ်သွားရလေသည်။သူ သည်းမခံနိုင်တော့ဘဲ တစ်ဖက်ကို လှည့်လိုက်ရာ ပြတင်းပေါက် ဘောင်ပေါ်မှာ တွယ်ကပ်နေသည့် အီလီယန် က စကားတစ်ခွန်းပြောလိုက်သည်။
"သားရဲ့ လေယာဉ်..."
အီလီယန် ၏ အသံသည် ရိုစီနာ ၏ စိတ်အာရုံကို ရာဟန် ထံမှ ဆွဲထုတ်လိုက်လေတော့သည်။ သူမ ပါးပြင်ကိုထိထားသော သူ့လက်ချောင်းများသည်လည်း လေထဲကို ပြန်ပြုတ်ကျသွားသည်။
ရာဟန် က ခြေရင်းမှာ ပြုတ်ကျသွားသည့် စက္ကူလေယာဉ်ကို ငုံ့ကြည့်လိုက်၏။ အီလီယန် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့သည်မှာ ထင်ရှားပေသည်။သူ မျက်မှောင်ကြုတ်ထားကာ ယနေ့အဖြစ်ကို ဘယ်တော့မှ ခွင့်မလွှတ်တော့ ဟူသည့်အမူအရာဖြင့် အီလီယန် ဆီကို လျှောက်လာပြီးမှ တစ်ဖက်ကို ထွက်သွားတော့သည်။