Chapter 42
ရာဟန် ခရီးထွက်သည့်နေ့တွင်၊ တတိယမင်းသား၏ နန်းတော်သည် ထူးထူးခြားခြားအလုပ်များနေခဲ့သည်။နံနက်စောစောထရသော ရိုစီနာ သည် ရာဟန် စားရန်အတွက် နေ့လည်စာဘူးကို ပြုလုပ်ပေးခဲ့သည်။ တစ်နေ့လုံး စားလောက်အောင်ထည့်ပေးထားသည်။ ထမင်းဘူး အဆင်သင့်ဖြစ်သောအခါ မနက်မိုးလင်းလာပြီဖြစ်သည်။ ထို့နောက် သူမသည် အီလီယန် ကို နှိုး၍ရေချိုးပေးပြီး သပ်ရပ်သောအ၀တ်အစားများ လဲပေးလိုက်သည်။
လက်တစ်ဆုပ်စာ အစေခံများကလည်း နန်းတော်အပြင်ဘက်အထိ လိုက်လာကြပြီး ရာဟန်ကို နှုတ်ဆက်ဖို့ ပြင်ဆင်နေကြသည်။ ဥယျာဉ်တံခါးဝအထိ ရာဟန် သည် မြင်းကိုစီးလာသည်။ နံနက်ခင်း နေရောင်ချိန်ခါတွင်၊ခုနစ်နှစ်တာ ကာလအတွင်း သူတို့ ပထမဆုံးအကြိမ် ပြန်လည်ဆုံစည်းသည့် အချိန်ကို ပြန်လည်သတိရလာ၏။ ထိုအချိန်ကလည်း သူသည် နေကို ကျောပေးပြီး မြင်းစီးထားကာ သူမဆီ လာခဲ့ခြင်းဖြစ်သည်။အချိန်တို လေးအတွင်း သူမတို့ ကြားတွင် များစွာဖြစ်ပျက်ခဲ့သည်ကို ရိုစီနာ သဘောပေါက်သွားရသည်။
နောက်ဆုံးတွင် ရာဟန် ၏မြင်းသည် သူမ ရှေ့တွင်ရပ်သွားသည်။ သူ့နောက်တွင် အနက်ရောင် ၀တ်စုံဖြင့် လူတန်းကြီး ရပ်နေသည်။ ထို့နောက် သူက မြင်းပေါ်မှ ခုန်ဆင်းလိုက်ရာ ဘာမှန်းမသိသော အမွှေးနံ့က ထောင်းကနဲပျံလွင့်လာတော့သည်။
ဗြောင်ကျကျ စိုက်ကြည့်နေသော ရိုစီနာ သည် သူမ၏ လက်ထဲတွင် ထမင်းဗူးကို ကိုင်ထားသည်ကို အခုမှ သတိရသွားသည်။
"အများကြီးမဟုတ်ပေမယ့် အတတ်နိုင်ဆုံး ကောင်းအောင် လုပ်ထားတယ်..."
ထမင်းဘူးကို ယူလိုက်သော ရာဟန် ၏ မျက်နှာအမူအရာမှာ ထူးဆန်းနေသည်။ သူ့ထမင်းဘူးကို သူမ ပြင်ဆင်ပေးလိမ့်မည်ဟု သူ မထင်ခဲ့ပေ။ထို့ကြောင့် သူက ကျေးဇူးတင်သွားပြီး ထမင်းဘူးကို ကြည့်နူးစွာ ကြည့်နေတော့သည်။
ရိုစီနာ က သူမ ဘေးမှာ ရပ်နေသည့် အီလီယန် ကို ခေါ်လိုက်သည်။
"အီလီယန်... နှုတ်ဆက်လိုက်လေ..."
“ဟုတ်ကဲ့....ကောင်းကောင်းပြန်လာခဲ့ပါ..."
အီလီယန် က မျက်လုံးကို ပွတ်သပ်ရင်း ပြောလိုက်သော်လည်း သူ့မျက်လုံးတွေက နေ့လည်စာဘူးပေါ်မှာ ကပ်နေသည်ကို ရာဟန် သတိထားမိသွား၏။ထို့ကြောင့် သူ့စိတ်ထဲတွင် အနိုင်သွားသလိုခံစားလိုက်ရသည်။
"လိမ္မာအောင် နေနော်..."
ရာဟန် က အီလီယန် ခေါင်းကိုပုတ်ပေးလိုက်ရာ သူက မကျေမနပ်စိုက်ကြည့်နေတော့သည်။
နှုတ်ဆက်ပြီးသွားသောအခါ ရိုစီနာ သည် အနက်ရောင် ဝတ်ထားသော အမျိုးသားများကို တစ်ချက်ကြည့်လိုက်သည်။ သူမ၏ စပ်စုသော အကြည့်ကို ရိပ်မိသည့် ရာဟန် က ရှင်းပြရတော့သည်။
"သူတို့က... မုဆိုးတွေပါ..."
“အိုး....ဟုတ်လား"
"သူတို့က မြင်းစီးသမားတွေ... တခြားသူတွေက ကင်းစောင့်တွေပါ…ခရီးစဉ် တစ်လျှောက်လုံး သူတို့က ကိုယ့်ကိုကူညီလိမ့်မယ်...”
အမျိုးသားတွေခမျာ လှုပ်လှုပ်ရှားရှား ဖြစ်သွားသော်လည်း ရိုစီနာ သတိမထားမိလိုက်ပေ။ သူ့လုပ်ဖော်ကိုင်ဖက်များကို မိတ်ဆက်ပြီးနောက် သူမသည် နှုတ်ဆက်ရမည့်အချိန် အမှန်တကယ်ရောက်လာပြီဖြစ်ကြောင်း သဘောပေါက်လာသည်။ သူမ လက်ထဲတွင် လက်ကိုင်ပုဝါတစ်ထည်ကို ကိုင်ထားပြီး သူ့ကို ပေး၍ ဘေးကင်းစွာ ပြန်လာရန် နှုတ်ခွန်းဆက်စကားကို ရိုးရာဓလေ့အရ ပြောရမည်ဖြစ်သည်။
"ဘေးကင်းကင်းနဲ့ ပြန်လာပါနော်..."
လက်ကိုင်ပုဝါကို ရာဟန်က တယုတယ ယူလိုက်ပြီး ကလေးငယ်လေးတစ်ယောက်အား ပွေ့ဖက်ထားသလို မြတ်နိုးစွာ ကြည့်နေလေသည်။
"ကိုယ် ပြန်လာရင် နွေရာသီရောက်ပြီမို့ ခရီးထွက်ကြမယ်..."
"…ခရီး"
"အင်း...ပင်လယ်ဘက်ဆိုရင် ပိုကောင်းမယ်..."
သူမ အံဩသွားသည်။ မကြာသေးမီက သူမသည် ပင်လယ်ဘက်ကို ခရီးထွက်ချင်သည်ဟု တွေးနေခဲ့သဖြင့် သူ့စကားကြောင့် သူမစိတ်ကို သူ အလိုလိုသိနေသည့်အတိုင်းပင်။ ထို့နောက် သူမလည်း ချက်ချင်းပင် ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူမသည် ရာဟန် ထွက်ခွာသွားသည်ကို ကြည့်ရန် ခြေတစ်လှမ်းဆုတ်လိုက်ရာ တခြားသူများက သူမအား ဝိုင်းကြည့်နေကြသည်ကို ခံစားမိသွားရသည်။
သူမကို စောင့်နေကြကြောင်းကိုလည်း သဘောပေါက်သွားရ၏။ ဟာဘက် အင်ပါယာ တွင် အကြာကြီး ခရီးဝေးသွားရသော ခင်ပွန်းသည်အား ဇနီးသည်က နမ်းရသည်မှာ ထုံးစံတစ်ခုဖြစ်နေသည်။ တခြားသူများရှေ့မှာ ဓလေ့ထုံးတမ်းကို ချန်လှပ်ထား၍ မရသောကြောင့် ချီတုံချတုံဖြစ်နေပြီး သူမလည်း နောက်ဆုံးတွင် ခြေဖျားထောက်လိုက်သည်။
သူမက နှုတ်ခမ်းချင်းထိ၍ ခပ်ဖွဖွသာ နမ်းဖို့ ကြိုးစားသော်လည်း ရာဟန် က သူမခါးကို ဖက်ထားတော့သည်။ထို့နောက် သူတို့ ခန္ဓာကိုယ်တွေက ပိုမိုနီးကပ်လာပြီး နက်ရှိုင်းသည့် အနမ်းရှည်ကြီးတစ်ခု ဖြစ်ပေါ်လာရသည်။ ကြည့်နေသူတွေမှာ အသီးသီး တံတွေးမျိုချလိုက်ကြသည်။ အသက်ရှုကြပ်သွားသလို ခံစားလိုက်ရသည့်အခါမှ သူတို့နှုတ်ခမ်းတွေ တဖြည်းဖြည်း ကျွတ်ထွက်သွားသည်။ ကျန်နေသော နွေးထွေးမှုကို ခံစားရင်း ရာဟန်က တိုးတိုးလေးပြောလိုက်သည်။
"ကိုယ် ပြန်လာပြီးရင် အနားယူဦးမယ်..."
သူ့စကားကြောင့် ရိုစီနာ ၏ပါးပြင်များသည် အိမ်နောက်ဖေးတွင်စိုက်ထားသော ခရမ်းချဉ်သီးကဲ့သို့ နီရဲသွားသည်။ ထို့နောက် ရာဟန် သည် မြင်းပေါ်သို့ တက်သွားပြီး အနက်ရောင်ဝတ် အမျိုးသားများကလည်း လိုက်တက်ကြသည်။ ထို့နောက် မြင်းတန်းကြီးသည် ဥယျာဉ်ကို ဖြတ်၍ တဖြည်းဖြည်းနှင့် ဝေးရာသို့ ထွက်ခွာသွားခဲ့သည်။ သူ၏ အနီရောင်ဝတ်ရုံသည် လေထဲတွင် တောက်ပနေပြီး တဖြည်းဖြည်း မှုန်ဝါးသွားသည်။ သူမသည် သူတို့ လုံးဝပျောက်ကွယ်သွားသည့်တိုင်အောင် အချိန်အတော်ကြာ စောင့်ကြည့်နေခဲ့သည်။
ရာဟန် သည် ဧကရာဇ်နန်းတော်မှ ထွက်ခွာသွားသည်မှာ သုံးရက်ကြာသွားပြီဖြစ်သည်။ ရိုစီနာ သည် ထုံးစံအတိုင်း နံနက်စောစောထပြီး အီလီယန် နှင့် စားသောက်ပြီး တစ်နေ့တာကို စတင်ခဲ့သည်။ အခြားသော တော်ဝင်နန်းတော်များနှင့်မတူဘဲ တတိယမင်းသားနန်းတော်သည် ယနေ့တိုင် တိတ်ဆိတ်နေဆဲဖြစ်သည်။
ထို့နောက် အေစခံတွေကလည်း သူတို့အလုပ်ကို သူတို့ လုပ်နေကြပြီး အီလီယန် လည်း စာသင်ရသည်။ရိုစီနာ ကမူ မွှေးရနံ့ပါသော လက်ဖက်ရည်သောက်ရင်း စာတစ်စောင်ကို အချိန်ပေးပြီး ရေးနေလေသည်။ စာရွက်ကို ဘောပင်ခြစ်သံကသာ ပတ်ဝန်းကျင်တစ်ခုလုံး ပြည့်နှက်နေသည်။ လက်ဖက်ရည်ခွက်ထဲတွင် ပေါ်နေသော ပန်းကလေး နစ်မြုပ်သွားချိန် ရောက်သောအခါ သူမက ဘောပင်ကို ချထားလိုက်သည်။
"အခုဆို စာရောက်လောက်ပြီလား မသိဘူး..."
သူမသည် အာစတေးနီးယား သို့ စာတစ်စောင်ပေးပို့ခဲ့သည်ကို သတိရသွားမိသည်။ သူမ၏ စာသည် ယခုအချိန်ဆို မြို့ဝန်မင်းတို့ အိမ်သို့ ရောက်နေ လောက်ပြီဖြစ်သည်။ သူမ ပြတင်းပေါက်ကို ငေးကြည့်နေမိသည်။ ယခု သူမ တစ်ယောက်တည်း အေးချမ်းစွာနေနေတုန်း အာစတေးနီးယားမှာ ဖြစ်ပျက်ခဲ့သည့် အမှတ်တရကောင်းတွေက အိပ်မက်တစ်ခုလို ခံစားရသည်။ထို့ကြောင့်လည်း သူမသည် ထိုနေရာကို ပြန်သွားဖို့ ကြိုးစားခဲ့တာဖြစ်သည်။
ရိုစီနာ သည် ပြတင်းပေါက်မှ အပြင်ဘက် စိုက်ကြည့်ပြီး လွတ်နေသော အိပ်ခန်းတစ်ဝိုက်ကို ကြည့်လိုက်သည်။ အရင်က ဤအခန်းသည် ဤမျှ ကြီးလိမ့်မည်ဟု မထင်ထားသော်လည်း ယနေ့မှ ထူးထူးခြားခြား ကြီးလွန်းသည်ဟု ခံစားမိနေသည်။ နေ့ရက်တွေကုန်ဆုံးလာသည်နှင့်အမျှ ရာဟန် မရှိသဖြင့် သူမ ရင်ထဲဝယ် ဟာတာတာဖြစ်နေရသည်ကတော့ အမှန်ပင်။
"ဒီနေ့ ပျော်ပွဲစားထွက်ရင် ကောင်းမယ်..."
ထို့နောက် ရိုစီနာ သည် ချက်ချင်းထပြီး မီးဖိုခန်းဆီသို့ ဦးတည်သွားခဲ့သည်။ ထို့နောက် ရိုးရှင်းသော နေ့လည်စာဘူးကို ပြင်ဆင်လိုက်ပြီး စာကြည့်ခန်းရှိ အီလီယန် ဆီ သွားလိုက်သည်။သူမလည်းအခန်းထဲရောက်သွားသောအခါ အီလီယန် ၏ ဆရာသည် တစ်ကိုယ်တည်း လမ်းလျှောက်နေသည်ကို တွေ့ရသဖြင့် အတန်းပြီးသွားခြင်း ဖြစ်နိုင်သည်။
"မင်္ဂလာပါ..."
ဂရီအော သည် ရိုစီနာ ကို မြင်မြင်ချင်း မျက်မှန်ကို ပင့်တင်ပြီး ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။
"ကလေးက အတန်းလိုက်နိုင်ရဲ့လား..."
ထိုအခါ ဂရီအောက ပြန်ပြုံးပြရင်း ပြောလိုက်သည်။
"လိုက်နိုင်ပါတယ်…ဘာသာစကား အတန်းကလည်း အရမ်းကို ချောချောမွေ့မွေ့ ဖြစ်နေပါပြီ...”
"တော်သေးတာပေါ့...”
သူမက ပြုံးပြလိုက်သောအခါ ဂရီအော ၏ မျက်နှာသည် အနည်းငယ်နီမြန်းလာပြီး တစ်ခုခုပြောဖို့စဉ်းစားနေစဉ် သူ့နောက်ဘက်မှ အီလီယန် ၏ အသံထွက်လာသည်။
"မေမေ..."
အီလီယန် က အတင်း ခုန်ပေါက်ပြေးထွက်လာပြီး သူမ စကတ်ကို ကိုင်ထားလိုက်သဖြင့် သူမလည်း သူ့ကို ရင်ခွင်ထဲတွင် ပွေ့ဖက်ထားလိုက်တော့သည်။
"အီလီယန်…မပြေးရဘူးလေ..."
အီလီယန် မှာ ငြိမ်ကျသွားပြီး 'ဟုတ်ကဲ့' ဟု ပြောလိုက်သည်။ထို့နောက် သူ့မျက်နှာကို စကတ်ထဲမှာ မြှုပ်ထားစဥ် တစ်ဖက်လှည့်ပြီး ဂရီအော ကို ကြည့်လိုက်သည်။စောစောက အမေဖြစ်သူကို ချွဲနွဲ့ပြီး ပြောနေသည့်ရုပ်နှင့် မတူဘဲ၊ သူ့ မျက်လုံးများသည် စူးရှပြီး 'မသွားသေးဘူးလား...ဘာလုပ်နေတာလဲ' ဆိုသည့်သဘောနှင့်ပင်။
"ကျွန်တော် အခု သွားလိုက်ပါဦးမယ်..."
ချက်ချင်းပင်၊ အီလီယန် ၏ စကားကို လိုက်နာရသော ဂရီအော က ရိုစီနာ အား နှုတ်ဆက်ခဲ့သည်။ ထို့ေနာက် ဂရီအော နန်းတော်မှ ထွက်သွားပြီးအထိ အီလီယန် က သူမ စကတ်ကို ဆုပ်ကိုင်ထားဆဲဖြစ်သည်။
"ဒီနေ့ ပျော်ပွဲစားထွက်မလား..."
"ပျော်ပွဲစား..."
အီလီယန် သည် 'ပျော်ပွဲစား' ဟူသော စကားကို ကြားရသည်နှင့် သူ့မျက်နှာမှာလက်ကနဲဖြစ်သွားရလေသည်။
"သွားကြရအောင်..."
“ကဲ သွားကြစို့...”
ရိုစီနာ သည် ဖျာနှင့် ထမင်းဗူးကို လက်တစ်ဖက်တွင် ကိုင်ထားပြီး အီလီယန် ၏ လက်တစ်ဖက်ကို တစ်ဖက်ကဆုပ်ကိုင်ထားသည်။ ထို့နောက် သားအမိနှစ်ယောက်သည် မင်းသားနန်းတော်မှ ထွက်လာပြီး တော်ဝင်နန်းတော်၏ ခံတပ်နောက်ဘက်သို့ ဦးတည်သွားလိုက်သည်။ တော်ဝင်နန်းတော်၏ အပြင်ဘက်တွင် တောအုပ်တစ်ခုရှိပြီး နယ်နိမိတ် မှတ်တိုင်အနီးတွင် ရေကန်တစ်ခုရှိသည်။
ရာဟန် သည် တော်ဝင်နန်းတော် ခံတပ်၏ မြေပုံကို သူမအား ပြသစဉ်က သူမသည် ရေကန်ကို တွေ့သွားခဲ့ရသည်။ထိုစဥ်ကတည်းက သူမလည်း ထိုနေရာကို နောက်တစ်ကြိမ်သွားမည်ဟု ဆုံးဖြတ်ထားသည်။ယခု သူမလည်း မြေပုံထဲကအတိုင်း ရေကန်ဆီသို့ သွားလိုက်သည်။ဤသည်မှာ သူမ ပထမဆုံး အကြိမ် ရေကန်ကို ရောက်ဖူးခြင်း ဖြစ်သော်လည်း လမ်းမလွဲဘဲ အလွယ်တကူ ရောက်သွားရ၏။
“အာ….”
သူမ ရေကန်ကို အဝေးမှ လှမ်းကြညည့်လိုက်သည်။ ရေကန်ပတ်လည်တွင် နှင်းဆီပန်းများ ပွင့်နေကြသည်။ နှင်းဆီပန်းအနီများနှင့် အပြာရောင် ရေအိုင်တို့ ဖြင့် ဖန်တီးထားသည့် မြင်ကွင်းက ခမ်းနားလွန်းလှသည်။နေရောင်ခြည်သည် သစ်ရွက်များမှတစ်ဆင့် စိမ့်ဝင်သွားကာ ရေကန်၏ မျက်နှာပြင်ကို ဖြာထိုးနေကြသည်။
ရတနာတွေလို တောက်ပနေပြီး ငြိမ်သက်နေသည့် ရေကန်ကို ကြည့်ပြီး သူမ ဝမ်းနည်းသွားေလသည်။ အချိန်အတော်ကြာအောင် မေ့ထားခဲ့သော အရာတစ်ခုကို ပြန်တွေ့လိုက်ရသလိုပင် တောင့်တနေသည့် ခံစားချက်တစ်ခုက ရင်ထဲဝယ် ခိုအောင်းလာရသည်။
"မေမေ..."
အီလီယန် က သူမကိုခေါ်လိုက်ခါမှ သူမလည်း သတိပြန်ဝင်လာရတော့သည်။ထို့နောက် သူမသည် ရေကန်ဆီမှ မျက်လုံးများကို မခွာနိုင်ဖြစ်နေလျက်နှင့် ဖျာကိုဖြန့်ခင်းလိုက်သည်။ သူမ ဤနေရာကို ပထမဆုံးအကြိမ် ရောက်ဖူးသည်မှာ သေချာသော်လည်း စိတ်ထဲမှာအတော်လေး ရင်းနှီးနေသည်။
သူမ ဒီကို ခဏခဏရောက်ဖူးသလို ဖြစ်နေပြီး ရင်းနှီးတဲ့ခံစားချက်ကဘာလဲ....
အီလီယန် သည် နေ့လည်စာစားနေစဉ် ရိုစီနာ မှာ ရေကန်ကို အကြာကြီး လှမ်းကြည့်နေမိသည်။ အချိန်ကြာကြာ စိုက်ကြည့်လေ၊ သူမစိတ်ထဲမှာ ပြုံးချင်သလို ခံစားလာရသော်လည်း မကြာခင်မှာပင် ငိုချင်လာရတော့သည်။သူမလည်း ထူးဆန်းသည်ဟု တွေးကာ ခေါင်းယမ်းလိုက်သည်ပတ်ဝန်းကျင်တွင် လေတိုက်သည်နှင့် သစ်ရွက်ခြောက်သံများသာ ကြီးစိုးနေသည်။
"?"
ရိုစီနာ သည် ရယ်မောသံများ ကြားလိုက်ရသဖြင့် အနီးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သော်လည်း အီလီယန် နှင့် သူမမှလွဲ၍ မည်သူမျှ မရှိပေ။ ထူးဆန်းသော ခံစားချက်ကို ခံစားရပြီး သူမသည် နှင်းဆီပန်းများပြည့်နေသော ကန်၏ အစွန်အဖျားကိုသာ အချိန်အကြာကြီး စိုက်ကြည့်နေမိ တော့သည်။
ပျော်ပွဲစားအပြီး နန်းတော်သို့ပြန်လာသော ရိုစီနာ သည် လုပ်စရာရှိသည်များကို အားလုံးပြီးအောင် လုပ်လိုက်၍ အီလီယန် ကို သိပ်ပြီးနောက် ညဉ့်နက်မှ သူမ အိပ်ခန်းသို့ ပြန်သွားခဲ့သည်။ သူမသည် အီလီယန် နှင့် အတူ အိပ်ချင်သော်လည်း ယခုအချိန်မှစ၍ အခန်းခွဲသိပ်ရန် လေ့ကျင့်ရမည်ဟု သူနာပြုဆရာမက အကြံပေးထားတာကြောင့် လိုက်နာရခြင်း ဖြစ်သည်။ပြီးလျှင်၊သူမသည် ကုတင်ကြီးပေါ်တွင် လဲလျောင်းနေပြီး မျက်နှာကျက်ကို စူးစိုက်ကြည့်နေမိချိန်မှာ သူမသည် အမှောင်ထဲတွင် တစ်ယောက်တည်း အထီးကျန်နေသလို ခံစားရသည်။
အချိန်တိုလေးသာ သူနှင့်အတူရှိနေခဲ့ရသော်လည်း သူ့ကို သံယောဇဉ်ဖြစ်နေပြီထင်သည်။ထို့နောက် သူမ သည် ဗလာကျင်းနေသော ကုတင်တစ်ဖက်ခြမ်းကို လက်ဖြင့် အသာအယာစမ်းကြည့်ပြီးနောက် မကြာမီ အိပ်ပျော်သွားတော့သည်။
***
ရိုစီနာ သည် လမ်းဘေးမှာ ရပ်နေပြီး သူမရှေ့မှာလည်း တစ်ခါမှ မမြင်ဖူးသည့် အဆောက်အဦးတွေ ရှိနေသည်။ လမ်းမကြီးတစ်လျှောက်တွင် ကျောက်စရစ်ခဲများ တင်ဆောင်ထားသော လှည်းတစ်စီး ဖြတ်သွားကာ ထူးဆန်းသော အဝတ်အစားများ ၀တ်ဆင်ထားသည့် လူအများသည် သူ့လမ်းသူ လျှောက်နေကြသည်။စောစောကမှ သူမ အိပ်ပျော်သွားတာဖြစ်သော်လည်း ယခု ချက်ချင်းကြီး အိမ်မက်လာမက်နေရသဖြင့် ကြောင်စီစီဖြစ်သွားရသည်။ယခု အခြေအနေတို့သည် အိမ်မက်ဟု ဆိုသာဆိုရသော်လည်းအတော်လေး လက်တွေ့ဆန်နေသည်။ သူမလည်း တအံ့တသြနှင့် ဖြည်းဖြည်းချင်း လျှောက်ပတ်ကြည့်နေမိသည်။
ထို့နောက် သူမရှေ့က အဆောက်အဦးမှာ တံခါးပွင့်လာသည်။
"ဒီနေရာကနေ ထွက်သွားစမ်း...."
လူကောင်ကြီးကြီးနှင့် လူတစ်ယောက်က ဆဲဆိုကာ ကောင်လေးတစ်ယောက်ကို ပစ်ချလိုက်ပြီး တံခါးကို ပြန်ပိတ်လိုက်သည်။ထိုမြင်ကွင်းကိုကြည့်နေသော သူမသည် လဲကျနေသူအနားကို သွားကြည့်ရာ ဆံပင်တွေ ရှုပ်ပွနေသော ကောင်လေးတစ်ယောက်ကို တွေ့ရလေသည်။သူ့ကို အဆင်ပြေလားဟု မေးဖို့ကြိုးစားသော်လည်း သူမ အသံက အမှိုက်များတစ်နေသည့် ရေပိုက်ခေါင်းလို တစ်စက်မှထွက်မလာပေ။
ထို့နောက် သူမသည် ကောင်လေး၏ပုခုံးပေါ်ကို လက်တင်ကြည့်လိုက်ရာ ရေကိုထိနေရသလို ဘာခံစားမှုမှ မရှိတာကြောင့် နောက်ကိုခြေတစ်လှမ်း ခုန်ဆုတ်မိသွားရ၏။ထို့နောက် သူမသည် မြေကြီးပေါ်က ကျောက်တုံးတစ်တုံးကို ကောက်ယူရန် ကြိုးစားသော်လည်း ကျောက်တုံးကို မထိသွားပေ။ ထိုမှသာ သူမသည် ဤနေရာတွင် သူမ လုပ်နိုင်သော အရာမရှိဟု သဘောပေါက်သွားသည်။
ထိုစဉ် မြေကြီးပေါ်တွင် လဲကျနေသော ကောင်လေးသည် ထလာသည်။ထိုခဏမှာပင်၊ ညစ်ပတ်ပေရေနေသော ခွေးလေခွေးလွင့် တစ်ကောင်သည် ကုပ်ချောင်းချောင်းနှင့် သူ့ကိုယ်မှ ဖုန်မှုန့်များကို သုတ်နေသော ကောင်လေး အနားကို ချဉ်းကပ်လာသည်။ ကောင်လေးကလည်း ခွေး၏ ကျောကို လှမ်းရိုက်လိုက်၏။
သို့သော် ဖြတ်သွားသော လူများက ကောင်လေးကို ပလိပ်ရောဂါဖြစ်နေသူအား ကြည့်နေသလို အထင်အမြင်သေးစွာ ကြည့်နေကြသည်။ ရိုစီနာ သည် ထိုကောင်လေးနေရာမှာ အီလီယန် သာဆိုလျှင် ဟူသည့် အတွေးဝင်လာပြီး ကောင်လေးကို သနားသွားသဖြင့် အနားတိုးသွားလိုက်မိသည်။ကောင်လေးမှာ ရွှံနွံ့ထဲကို ပြုတ်ကျထားသလိုပင် သူ့ပုံစံက ပေရေနေပြီး သူ့ဆံပင်ကလည်း အရောင်မမြင်ရတော့ပေ။
ထို့နောက် သူမသည် တိတ်တဆိတ် ချဉ်းကပ်လာပြီး ကောင်လေး၏ ပုခုံးပေါ် ကို လက်ဖြင့် ပုတ်လိုက်သည်။သူ့ကို သွားထိမှာမဟုတ်သော်လည်း သူမ နှစ်သိမ့်ပေးချင်မိသည်။ အတန်ကြာတော့ ကောင်လေးက ထလာပြီး အနီးတစ်ဝိုက်ကို လှည့်ပတ်သွား လေသည်။ သို့သော် ကောင်လေးကို ဘယ်သူကမှ ဆေးဖော်ကြောဖက် မလုပ်ချင်ကြပေ။
ကောင်လေးမှာလည်း သူ့ကို နှင်ထုတ်ကြသဖြင့် စိတ်ပျက်လာပုံပေါ်သည်။ညမှောင်လာသောအခါ ကောင်လေးသည် ကျဉ်းမြောင်းသော လမ်းကြားတစ်ခုထဲတွင် တစ်ညတာကုန်ဆုံးခဲ့ပြီး နောက်တစ်နေ့တွင်လည်း ရွာအနှံ့ကို လှည့်ပတ်သွားပြန်သည်။ အိပ်မက်ထဲမှာ အချိန်တွေက အင်မတန်မြန်လှသည်။ ရိုစီနာ သည် ကောင်လေးကို ကြည့်နေစဉ်မှာပင် ညပေါင်းများစွာ ဖြတ်ကျော်သွားခဲ့ပြီဖြစ်သည်။
တစ်နေ့မှာ၊ ဘယ်သူ့ဆီကမှ နွေးထွေးမှုမရခဲ့သည့် ကောင်လေးသည် ပင်ပန်းနွမ်းနယ်နေပြီး တဖြည်းဖြည်းနှင့် တောထဲက ရေကန်ကို ရောက်သွားသည်။ထိုရေကန်သည် နှင်းဆီပန်းများ နှင့်ဝေဆာလှပနေပြီး ကြည်လင်သော ရေကန်တစ်ခုဖြစ်လေသည်။
“!”
ကောင်လေးကို ကြည့်နေသော ရိုစီနာ သည် အံ့သြသွားသည်။ ထိုရေကန်သည် နေ့ခင်းဘက်တွင် သူမ အီလီယန် နှင့် သွားခဲ့သည့် ကန်ဖြစ်သည်။ ကောင်လေးက ပင်ပန်းနေပုံနှင့် ဒူးကိုပိုက်ထားပြီး မျက်နာကို မှောက်ချထားတော့သည်။ ကောင်လေး ရှိုက်ကြီးတငင် ငိုနေချိန်မှာ တောထဲမှာရှိသည့် တိရစ္ဆာန်တွေက တစ်ကောင်ပြီးတစ်ကောင် ချဉ်းကပ်လာကြသည်။ ပျံသန်းနေသော ငှက်များ၊ သစ်ပင်များပေါ်တွင် အိပ်နေသော ရှဥ့်များမှာ ကောင်လေးနားတွင် ပျံဝဲနေလေတော့သည်။
ထို့နောက် ကောင်လေးက ခေါင်းငုံ့ပြီး တိရိစ္ဆာန်တွေကို တစ်ခုခုပြောနေလိုက်သည့်အခါ တိရိစ္ဆာန်များသည် သူ့စကားကို နားလည်သွားသလို ကောင်လေးနှင့် အတူနေခဲ့သည်။ အံဩစရာ ကောင်းသည်မှာ၊ကောင်လေးသည် သူမလို တိရစ္ဆာန်များနှင့် စကားပြောနိုင်သူ ဖြစ်နေသည်။
ဒီကောင်လေးက ဘယ်သူလဲ…
ဤသည်မှာ အိပ်မက်တစ်ခုပင်၊သို့သော်လည်း တစ်ကယ်ဖြစ်နေသလို ခံစားရသည်။ အချိန်အတော်ကြာအောင် ငိုနေသော ကောင်လေးသည် ဖြည်းဖြည်းချင်း ခေါင်းကိုမော့လိုက်ရာ သူ၏ ကောက်ကွေးသော ဆံပင်များနှင့် သူ့မျက်လုံးများကို သူမ မြင်ခွင့်ရသွားသည်။ရုတ်တရက် သူမ ထိုကောင်လေး၏ အပြာရင့်ရောင် မျက်လုံးများကို မြင်ရသောအခါ အသက်ရှူဖို့ မေ့သွားရတော့သည်။သူမ ထိုမျက်လုံးတွေကို ကောင်းကောင်းသိသည်။ ထိုမျက်လုံးများသည် ဆင်ခြင်တုံတရား ပျောက်ဆုံးသွားတတ်သောအခါ ဖြစ်လာသည့် ရာဟန် ၏ မျက်လုံးများပင်။
ချောက် ချောက်...
ထိုစဉ် လူတစ်ယောက်၏ ခြေသံကို ကြားလိုက်ရသဖြင့် ကောင်လေး အံ့အားသင့်သွားသည်။ ထို့နောက် ပွင့်နေသော နှင်းဆီပန်းများကြားထဲမှ လက်သေးသေးလေး ထွက်ပေါ်လာသည်။
– ဟင်...
ထို့နောက် နှင်းဆီပန်းတွေကြားထဲက မိန်းကလေးတစ်ယောက် ပေါ်လာတော့သည်။ ကောင်လေးက သတိကြီးကြီးထားပြီး နောက်ပြန်ဆုတ်ဖို့ ကြိုးစားသော်လည်း ကောင်မလေးက သူ့ကို ဖော်ရွေစွာပြုံးပြနေသည်။
- မင်္ဂလာပါ....
ကောင်မလေး၏ ထိုစကားတစ်ခွန်းသည် ကောင်လေး၏ တင်းမာမှုကို ချက်ချင်းချိုးဖျက်ပစ်လိုက်ကာ တုံ့ဆိုင်းနေသော ကောင်လေးက ကောင်မလေးအတိုင်း လိုက်ပြုံးလိုက်၏။ထိုခဏတွင် တစ်နေရာမှ စကားသံအချို့သည် ရိုစီနာ နားထဲသို့ ရောက်လာရသည်။
"ဒါက ရိုစီနာ မျိုးနွယ်တွေ သိသင့်တဲ့အတိတ်ပါ..."