အပိုင်း ၄၃
Viewers 13k

Chapter 43

ထိုစဉ် သူမ နိုးလာရ၏။

“ဟူး…”

ရိုစီနာသည် အသက်ပြင်းပြင်း ရှူထုတ်လိုက်ပြီး အေးစက်နေသည့် ချွေးတွေတဒီးဒီးကျနေကာ စောင်ကို လက်နှင့် ကိုင်ထားလိုက်သည်။ အိပ်မက်က သူမ မျက်စိရှေ့မှာတင် ဖြစ်ပျက်နေသလို လက်တွေ့ဆန်လှသည်။ စောင်ကို အချိန်အတော်ကြာ ဆုပ်ကိုင်ထားရင်း သူမ ပါးပြင်ပေါ်သို့ နွေးထွေးသည့် တစ်စုံတစ်ရာက စီးကျလာသည်။

"ဟင်..."

သူမလည်း ပါးပြင်ကို ပွတ်သပ်လိုက်ရာ မျက်ရည်စက်များက သူမ၏ လက်ချောင်းပေါ်တွင် ဝဲကျနေတော့သည်။ သူမလည်း မျက်လုံးကို ပွတ်သပ်နေရင်း အိမ်မက်ထဲက အသံကို သတိရသွား၏။

'ဒါက ရိုစီနာ မျိုးနွယ်တွေ သိသင့်တဲ့ အတိတ်ပါ...'

အတိတ်တစ်ခု...

အိပ်မက်တစ်ခုအဖြစ် သတ်မှတ်ဖို့ ဖော်မပြနိုင်လောက်အောင် လက်တွေ့ကျပေသည်။ထို့နောက် သူမသည် အိပ်ရာမှထကာ ထိုင်ခုံပေါ်ဝင်ထိုင်လိုက်သည်။ ပြီးလျှင်၊ သူမ အဖေ၏ ဒိုင်ယာရီမှာ ရေးထားသည့် စာကြောင်းကို သူမ သတိရသွားလေသည်။

[ဖလိုဝီ မသေဆုံးခင်က ရိုစီနာ မိသားစုရဲ့ လျှို့ဝှက်ချက်ကို ပြောပြခဲ့တယ်...ငါ မယုံနိုင်ခဲ့ဘူး]

သူမ ခေါင်းယမ်းလိုက်သည်။

သူမ အိမ်မက်ထဲက အဖြစ်က ရိုစီနာ မိသားစုရဲ့ လျှို့ဝှက်ချက်လား....

ရိုစီနာ သည် သူမ ခေါင်းထဲမှ မှတ်ဉာဏ်များကို ပြင်းပြင်းထန်ထန် တူးဆွနေသော်လည်း မှန်ကန်သောအဖြေကို မရရှိသေးပေ။အိပ်မက်က သူမကို မည်သည့်အရာအား ပြောပြရန် ကြိုးစားနေမှန်း သူမ မသိခဲ့ပေ။

"ရေကန်….."

သူမ အိပ်မက်ထဲမှာ မြင်ခဲ့ရသည့် ရေကန်က သူမနှင့် အီလီယန် တို့ မနေ့က သွားခဲ့သည့်နေရာဖြစ်ကြောင်း ထင်ရှားပေသည်။

ရာဟန် နဲ့ မျက်လုံးချင်းတူတဲ့ ကောင်လေး...

သူမသည် ပြတင်းပေါက်မှ အပြင်ဘက်ကို အကြောင်းမဲ့ လှမ်းကြည့်နေမိသည်။ အနက်ရောင်ပင်လယ်ကြီးလို ဖြစ်နေသော ကောင်းကင်ကြီးသည် တဖြည်းဖြည်း ပြာသွားပြီးသူမ မသိခင် မှာပင် နေ ထွက်လာတော့သည်။

***
ထုံးစံအတိုင်း ရိုစီနာ သည် မနက်စောစော အိပ်ယာထပြီး အီလီယန် နှင့် မနက်စာစားလေသည်။ ထို့နောက် အိပ်ခန်းထဲသို့ ပြန်ဝင်ကာ သူမထံ ပေးပို့ထားသော စာများကို စစ်ဆေးကြည့်သည်။ သူတို့ အိမ်ထောင်ရေး ပထမရက်အနည်းငယ်အတွင်းမှာ စာအမြောက်အမြား လက်ခံခဲ့ရသော်လည်း ယ‌ခုတော့ တစ်ရက်ကို ငါးစောင် သို့မဟုတ် သည့်ထက်နည်းနည်း လာတော့သည်။

သူမသည် တော်ဝင်မိသားစုထဲသို့ ဝင်ရောက်ခဲ့သည်ဟု ဆိုရသော်လည်း သူမက အာဏာမရှိသော တတိယမင်းသား၏ ဇနီးသာ ဖြစ်သည်။ ထို့အပြင် သူတို့၏ ပွဲသို့ ဖိတ်ကြားစာကို ပယ်ချခံရသောကြောင့် လူတိုင်းလက်လျှော့သွားကာ နောက်ထပ်စာသိပ်မပေးကြတော့ချေ။ သူမသည် အထီးကျန်စွာ နေနေရသော်လည်း အဆင်ပြေအောင် နေတတ်ပေသည်။

သူမသည် မူလက မြို့စားမင်း မိသားစုမှ ဖြစ်သော်လည်း လူမှုအသိုင်းအဝိုင်းနှင့် အတတ်နိုင်ဆုံး ဝေးဝေးနေခဲ့သည်။ ဟန်ဆောင်မှုများ ပြည့်နှက်နေသော အသိုင်းအဝိုင်းထဲက ဘယ်သူ့ကိုမဆို သူမ မရင်းနှီးချင်ပေ။ သူမသည် နောက်ပိုင်းတွင် အာစတေးနီးယား သို့ ပြန်သွားမည်ဖြစ်သော်လည်း မင်းသား၏ ဇနီးသည်အဖြစ် နေနေရဦးမည်ဖြစ်၍ စာများကိုတော့ တတ်နိုင်သလောက် အပင်ပန်းခံပြီး ပြန်ခဲ့သည်။ထိုစဥ် အခြားစာလုံးများနှင့် မတူအောင် ရွှေရောင်စာလုံးများဖြင့် ရေးထားသော စာအိတ်အနီကို ကောက်ကိုင်လိုက်၏။

“ဒါက…..”

သူမလည် တော်ဝင်တံဆိပ်ပါရှိသော စာဖြစ်နေ၍ အံ့အားသင့်သွားသည်။ဤစာကိုရေးသူမှာ တော်ဝင်မိသားစုထဲက တစ်ယောက်ပင်ဖြစ်ရမည်။သူမလည်း စာပေးပို့သူ၏ အမည်ကို အမြန်ကြည့်လိုက်သည်။

[အာဆီလီယာ ဟာဘက်]

သူမသည် ရာဟန် ၏ အစ်ကို၊ ဒုတိယမင်းသား၏ ဇနီးသည်ဖြစ်သည်။ရိုစီနာသည် တော်ဝင်မိသားစုဝင်က သူမ ကို စာပို့သည်မှာ ပထမဆုံးအကြိမ် ဖြစ်တာမို့ စာအိတ်ကို သေချာဖွင့်လိုက်သည်။ ဖယောင်းတံဆိပ်ကို ခွာလိုက်ပြီးနေက်တွင် တန်ဖိုးကြီး စာအိတ်ထဲက စာရွက်တစ်ရွက် ထွက်လာရသည်။ သပ်သပ်ရပ်ရပ် ခေါက်ထားသည့် စာရွက်ကို လှန်လိုက်ရာ ပြေပြစ်သော လက်ရေးဖြင့်ရေးထားသော စာကြောင်းတိုတိုလေးကို မြင်လိုက်ရသည်။အကြောင်းအရာမှာ ဒုတိယမင်းသား၏ ဇနီးဖြစ်သည် ကျင်းပမည့် လက်ဖက်ရည်သောက်ပွဲသို့ သူမကို ဖိတ်ကြားခြင်းဖြစ်သည်။

ရိုစီနာ က စာကို ခဏလောက် ချထားလိုက်သည်။ မင်္ဂလာပွဲပြီးလျှင် သူမတို့ ဇနီးမောင်နှံသည် ဒုတိယမင်းသားနှင့် သူ့ဇနီးတို့ကို သွားတွေ့ကြရမည်ဖြစ်သည်။ သို့သော်လည်း ဘုရင်မကြောင့် သူမ၏ ပါးတွေ ရောင်ရမ်းနေရသဖြင့် သွားတွေ့ဖို့ မဖြစ်နိုင်ခဲ့ပေ။

ထို့နောက်တွင်လည်း၊ ရာဟန် အမဲလိုက်သွားရန်အတွက် ပြင်ဆင်နေရပြီး အလုပ်ရှုပ်နေသောကြောင့် သူမ မေ့သွားခဲ့သည်။ ယခုအချိန်အထိ သူမသည် အခြားသော ဖိတ်ကြားချက်အားလုံးကို ပယ်ချထားသည်။ သို့သော် ဤဖိတ်ကြားချက်ကို ငြင်းပယ်လိုက်လျှင် သေချာပေါက် ပြဿနာတက်သွားနိုင်သည်။ အချိန်အတော်ကြာ တုံ့ဆိုင်းနေသော ရိုစီနာ သည် ဘောပင်ကို ကောက်ကိုင်လိုက်သည်။

အပြာရောင်အမိုး မိုးထားသော ဒုတိယမင်းသားနန်းတော်သည် ပုံမှန်ထက် ပိုမိုစည်ကားနေသည်။ ဒုတိယမင်းသား နန်းတော်ပိုင် ကျေးကျွန်များသည်လည်း အပြေးအလွှား အလုပ်ရှုပ်နေကြသည်။

စမ်းချောင်းတစ်လျှောက်မှာ ရှားပါးပန်းပွင့်မျိုးစုံဖြင့် လန်းဆန်းနေပြီး အိမ်နောက်ဖေးတွင်လည်း စားပွဲကြီးတစ်လုံး ချထားသည်။ ရောင်စုံပန်းများ ထိုးထားသည့် စားပွဲခင်းကို ဖြန့်ခင်းပြီး နိုင်ငံခြားမှ တင်သွင်းထားသော ပန်းကန်ခွက်ယောက်များကို ခင်းကျင်းထားသည်။ အရာအားလုံးက အကောင်းဆုံးဖြစ်နေပြီး စိတ်ပျက်စရာမရှိပေ။ပြင်ဆင်မှုများ ပြီးသောအခါတွင် မိသားစုတံဆိပ် မျိုးစုံပါသော ရထားလုံးများက နန်းတော်ရှေ့တွင် တန်းစီလာကြသည်။

ထို့နောက် ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားသည့် အမျိုးသမီးများသည် အစေခံ၏အကူအညီဖြင့် ရထားပေါ်ကဆင်းလာကြသည်။ ယနေ့ လက်ဖက်ရည်သောက်ပွဲ၏ အပြင်အဆင်သည် အပြာရောင်ဖြစ်နေသောကြောင့် အားလုံးက အပြာရောင်ဝတ်စုံများကိုသာ ၀တ်ဆင်ထားကြသည်။ ထို့အပြင် သူတို့ကိုယ်သူတို့ အထင်ရှားဆုံးဖြစ်အောင် လက်ဝတ်ရတနာတွေနှင့် ခမ်းနားသည့် အသုံးအဆောင်ပစ္စည်းများကို ပေါပေါသီသီ ဝတ်ဆင်ထားကြ၏။

အစေခံများက အိမ်နောက်ဖေးသို့ လမ်းပြသွားရာ အမျိုးသမီးများသည် ရာထူးအလိုက် ထိုင်လိုက်ကြပြီး နှုတ်ဆက်ကြ၍ ဟန်ဆောင်ထားသော ချီးကျူးစကားတွေ ဖလှယ်ကြသည်။ အိမ်ရှေ့စံနှင့် ဘုရင်မပြီးလျှင် ဒုတိယမင်းသမီးသည် သြဇာ အရှိဆုံးသူ ဖြစ်သည်။ထို့ကြောင့် သူမသည် အမြဲလိုလို၊ သြဇာအရှိဆုံး အမျိုးသမီးများကိုသာ သူမ၏ လက်ဖက်ရည်သောက်ပွဲသို့ ဖိတ်ကြားခဲ့သည်။

လာရောက်ကြသော အမျိုးသမီးများမှာလည်း လက်ဖက်ရည်သောက်ပွဲသို့ ဖိတ်ခေါ်ခံရခြင်းကြောင့် သူတို့၏ ဂုဏ်သိက္ခာ တိုးလာကာ လူအများ၏ မနာလိုခြင်းကိုတောင် ခံခဲ့ရသည်။ ထို့ကြောင့် လူတိုင်းက သူမ၏ လက်ဖက်ရည်သောက်ပွဲသို့ ဖိတ်ကြားခံရရန် ကြိုးစားကြသည်။

ချိန်းထားသည့်အချိန် ကျရောက်လာသောအခါ အများစုမှာ စားပွဲတွင် ထိုင်နေကြပြီဖြစ်သည်။ သို့သော် အဓိက ဇာတ်ဆောင် ဒုတိယမင်းသမီးအတွက် ရည်ရွယ်ထားသည့် ထိုင်ခုံတစ်ခုကျန်သေးသည်။ ထိုစဉ် အမျိုးသမီးတစ်ယောက်က အဝေးကနေ လျှောက်လာနေသဖြင့် ဘယ်သူများလဲဟုတွေးကာ သူတို့ တစ်ပြိုင်တည်း ကြည့်လိုက်ကြသည်။သူမသည် အပြာရောင်ဝတ်စုံကို ၀တ်ဆင်ထားပြီး ဆံပင်ကိုလည်း ကျက်သရေရှိစွာ ဖြန့်ချထားသည်။စင်စစ် သူမသည် ပါတီပွဲကျင်းပသူ မင်းသမီး အာဆီလီယာ ဖြစ်ပေတော့သည်။

လူမှုကွန်ရက်မှာ ဖက်ရှင်လောကကို ဦးဆောင်ရသည့် အနုပညာရှင်တစ်ယောက်လိုပင် သူမသည် ထူးထူးခြားခြား အသုံးအဆောင်ပစ္စည်းတွေကိုသာ ဆင်မြန်းလာခဲ့ပြီး ထုတ်ဖော်ပြသခဲ့‌ေလသည်။ သူမ၏ ၀တ်စုံ၊ လက်ကောက်များနှင့် ဖိနပ်တွေတောင်မှ တလက်လက်တောက်ပနေတော့သည်။ထို့နောက် ထိုင်နေသူတိုင်းက မတ်တပ်ရပ်ပြီး သူမကို နှုတ်ဆက်ကြသည်။

"ဒုတိယမင်းသမီးကို နှုတ်ဆက်ပါတယ်..."

အာဆီလီယာ က သူတို့ကို ပြုံးပြပြီး...

“ကဲ...အားလုံးပဲ ထိုင်ကြပါ"

သူမ၏ ခွင့်ပြုချက် ရရှိသောအခါ အမျိုးသမီးများသည် ထိုင်လိုက်ကြသည်။ နောက်ဆုံး သူမ ထိုင်သောအခါတွင် လူတိုင်းက သူမကို ရွှန်းရွှန်းဝေအောင် ချီးကျူးကြတော့သည်။

"မင်းသမီးက ဒီနေ့ အရမ်းလှနေတာပဲ..."

"မင်းသမီးက အသားအရမ်းဖြူတော့ ဘယ်အရောင်နဲ့မဆို သိပ်လိုက်ဖက်နေတာ..."

သို့သော် သူမက မဖြေဘဲ ဖွဖွလေးသာ ပြုံးလိုက်ပြီး လွတ်နေသော ထိုင်ခုံတစ်ခုကို ကြည့်ကာ ပြောလိုက်သည်။

"သြော်... တတိယမင်းသမီး မလာသေးဘူးလား..."

'တတိယမင်းသမီး' ဟူသော စကား ကြောင့် စားပွဲဝိုင်းတစ်ဝိုက်တွင် အခိုက်အတန့်မျှ တိတ်ဆိတ်သွားပြီး ကမန်းကတန်းဖြင့် လွတ်နေသော ထိုင်ခုံကို လှမ်းကြည့်လိုက်ကြသည်။ အာဆီလီယာ က မျက်လွှာကိုအသာချထားကာ စိုးရိမ်နေသကဲ့သို့ နူးညံ့သောလေသံဖြင့် ရေရွတ်လိုက်သည်။

"တစ်ခုခုဖြစ်နေလို့များလား..."

ယခု စုဝေးနေကြသော လူအများစုသည် အဆီလီယာနှင့် ဧကရီဘက် တော်သားများ ဖြစ်ကြသည်။ ထို့ကြောင့် အာဆီလီယာ သည် တတိယမင်းသမီးကို မကြိုက်ကြောင်း သူတို့လည်း ကောင်းကောင်းသိကြသည်။ ကပ်ဖားရပ်ဖားလုပ်ပြီး ပါးနပ်သူများကလည်း သူမ၏ စကားကို အမြန် တုံ့ပြန်လိုက်ကြသည်။

"မင်းသမီးက သူမကို ပုဂ္ဂိုလ်ရေးအရ ဖိတ်ထားပေမယ့် သူမကတော့ နောက်ကျနေလိုက်တာ..... မိုက်ရိုင်းတယ်..."

"တတိယ မင်းသမီးကို သတိထားမှဖြစ်မယ်..."

သူတို့သည် အာဆီလီယာကိုယ်စား တတိယ မင်းသမီးကို အော်ဟစ်အပြစ်တင်နေကြသည်။ သို့သော် ငြိမ်သက်စွာ နားထောင်နေသော အာဆီလီယာ က ကြားဝင်ပြောလိုက်သည်။

"ဘယ်တတ်နိုင်မလဲ...ကဲ...စလိုက်ကြမလား"

ထိုအခါ နောက်တန်းမှာ တန်းစီနေသည့် အစေခံတွေက စားပွဲဆီကို ချက်ချင်း ချဉ်းကပ်သွားကြပြီး လက်ဖက်ရည်ခွက်အလွတ်ထဲကို လက်ဖက်ရည်များ ငှဲ့ထည့်ပေးသံက စားပွဲပေါ်မှာ ပဲ့တင်ထပ်နေသည်။ ထို့နောက် အစေခံတွေ နောက်​ဆုတ်​သွားသည့်အခါ ဥယျာဉ်​ထဲက​နေ တိုး​ညှင်းလှသည့် အသံ​တစ်ခုကို ကြားလိုက်သဖြင့် အားလုံးက ခေါင်းလှည့်ကြည့်လိုက်ကြလေသည်။

အနီဖျော့ဖျော့ဝတ်စုံဝတ် အမျိုးသမီးတစ်ဦး လမ်းကို သာယာညင်သာစွာ လာ‌နေခြင်းဖြစ်သည်။ သူမ ဘယ်သူ၊ဘယ်ဝါ ဖြစ်ကြောင်းကို အားလုံး ချက်ချင်းသိကြသည်။သူမသည် တတိယ မင်းသမီး ရိုစီနာ ဖြစ်ပေသည်။ ထိုင်ခုံတွင် အသာထိုင်နေသော အမျိုးသမီးများသည် ရိုစီနာ ကြောင့်စိတ်ရှုပ်သွားသည်။အကြောင်းမှာ အနီရောင်ဝတ်စုံကို ၀တ်ဆင်ထားတာကြောင့်ပင်။

သူမ၏ ဖြူဖွေးသော အသားအရည်သည် စာရွက်ကလေးလို ဖြူဖွေးနေကာ အနီရောင်ဖျော့ဖျော့ဆံပင်များကလည်း ဝတ်စုံနှင့် လိုက်ဖက်သည်။ ရဲရဲနီနေသော ဝတ်စုံဖြစ်ပါက သိသိသာသာ ပေါ်လွင်နေမည်ဖြစ်သော်လည်း အနီ‌အရောင်ဖျော့ဖျော့ဖြစ်တာကြောင့် နူးညံ့မှုတို့အပြည့်ရှိနေသည်။ ဖိတ်ကြားခံရသူများသည် တောက်ပသော လက်ဝတ်ရတနာများနှင့် နှိုင်းစာရလျှင် ရိုစီနာ သည် ခမ်းနားသော အနုပညာလက်ရာတစ်ခုပင် ဖြစ်နေစည်။ထို့ကြောင့်လည်း မျက်စိကျိန်းစရာ အဆင်အပြင်များကြားတွင် သူမ ပုံစံကသာ ထင်လင်းနေရ၏။

ရိုစီနာ သည် လူတိုင်းက သူမအား ဝိုင်းကြည့်နေကြသဖြင့် မျက်လွှာကိုအသာချထားသည်။ ဖိတ်ထားသည့်အချိန်ထက် သူမက စောရောက်လာသည်မှာ သေချာသော်လည်း အားလုံးထိုင်နေကြပြီဖြစ်သည်။ သူမလည်းအချိန်မှားလာစရာ အကြောင်းမရှိပေ။

"တတိယ မင်းသမီး..."

အလယ်မှာထိုင်နေသည့် အာဆီလီယာ က ရိုစီနာ ကိုခေါ်လိုက်ရာ သူမကလည်း အဝတ်ကို အသာမပြီး တော်ဝင်ကျင့်ဝတ်အတိုင်း နှုတ်ဆက်လိုက်သည်။ ရိုစီနာ က နှုတ်ခွန်းဆက်လိုက်သည့်အခါ အာဆီလီယာ က ပါးစပ်ကို လက်ဖြင့် အုပ်ထားကာ တိုးတိုးလေးပြောလိုက်သည်။

"အစ်မက စောင့်နေသေးတာ.... ​​မလာတော့တာ သေချာတယ်ဆိုရင်လည်း ထိုင်ခုံကို ဖယ်လိုက်တော့မလို့ဟာ..."

ရိုစီနာ သည် နောက်ဆုံးနောက်ကျနေသော်လည်း တောင်းပန်ခြင်းမရှိတာကြောင့် အရှက်မဲ့သည်ဟု အမျိုးသမီးများက အချင်းချင်း တိုးတိုးပြောနေကြသည်။ အာဆီလီယာ သည် အတင်းပြောနေသူတို့ကို အပြစ်တစ်စက်မှ မတင်ဘဲ ရိုစီနာ ကိုကြည့်ကာ ပြုံးလိုက်သည်။

"လူတိုင်း ညီမကို စောင့်နေတာ ကြာပြီ...ညီမ တောင်းပန်သင့်တယ် မဟုတ်လား..."

ရိုစီနာ သည် စိတ်ရှုပ်ထွေးနေပြီး အာဆီလီယာ ကို ကြည့်လိုက်ရာ သူမ၏ နှုတ်ခမ်းထောင့်က ညွတ်လာသည်ကို မြင်လိုက်ရသောအခါ ရိပ်မိသွားရသည်။ ထင်ရှားသည်မှာ၊ သူမအား ဖိတ်ကြားလိုက်သော ပွဲတွင် တခြားသူများနှင့်မတူပဲ တမင်သက်သက် အချိန်လွဲရေးထားခြင်းပင် ဖြစ်ရပေမည်။

ထို့အပြင် လူတိုင်းသည် အပြာရောင်ဝတ်စုံများကို ဝတ်ဆင်ထားသည်။ ထို့ကြောင့် အာဆီလီယာ သည် အချိန်ကိုသာမက အ၀တ်အစားဒီဇိုင်းကိုပင် လွှဲပြောထားခြင်းဖြစ်သည်။ ရိုစီနာ သည် သူမ၏ ကလေးဆန်သော နောက်ပြောင်မှုများကြောင့် ရယ်ချင်ပက်ကျိ ဖြစ်နေရသည်။သူမအား အရှက်ရစေရန် ရည်ရွယ်သော အာဆီလီယာ ၏ နှလုံးသားကို ဖြတ်၍ မြင်လိုက်ရသည်။

"အချိန်နဲ့ အဝတ်အစားတွေက အစ်မ ပြောထားတဲ့အတိုင်း မတူနေတော့ ကျွန်မ ရက်စွဲ မှားသွားတာ ဖြစ်ပါလိမ့်မယ်..."

အာဆီလီယာ၏ မျက်နှာသည် သိသိသာသာ ပျက်ယွင်းသွားသည်။ ရိုစီနာ သည် သူမ၏ လှည့်ကွက်ကြောင့် ရှက်အမ်းသွားပြီး တောင်းပန်လိမ့်မည်ဟု ထင်ထားခဲ့သော်လည်း သူမ လိုချင်သည့် ပုံစံအတိုင်း ဖြစ်မလာခဲ့ပေ။ထို့နောက် ရိုစီနာက ပြုံးပြီး နောက်ဆုံးထိုးနှက်ချက်ကို ပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ်... ဒါဆို ကျွန်မ အခုပြန်တော့မယ်..."

ရိုစီနာ က သွားတော့မည်ဟု ပြောသည့်အခါ အာဆီလီယာ မှာမျက်နှာပျက်သွားပုံ ပေါ်သည်။ ရိုစီနာ ယခုလို တုံ့ပြန်လိမ့်မည်ဟု သူမ မထင်ခဲ့မိပေ။သူမလည်း အတော်ခံရခက်သွားကာ ရှက်စိတ်ကို ဖုံးထားလိုက်ရ၏။

"အင်း...ဒီကိုရောက်နေပြီဆိုတော့ ထိုင်လိုက်ပါ..."

"ကျေးဇူးတင်ပါတယ်..."

ရိုစီနာ က အရာအားလုံးကို သိသလိုလိုပင် အေးအေးဆေးဆေး ပြုံးပြသည့်အခါ အာဆီလီယာ က နှုတ်ခမ်းကိုမဲ့လိုက်သည်။ထို့နောက် သူမက ရိုစီနာ အတွက် နေရာကို လက်ညှိုးထိုးပြလိုက်သည်။ အာဆီလီယာ ညွှန်ပြလိုက်သော နေရာသည် အလယ်မှ အဝေးဆုံးထိုင်ခုံဖြစ်သည်။လက်ရှိနေရာ ထိုင်ခင်းကို အလယ်ဗဟိုတွင် ထိုင်နေသည့် အာဆီလီယာ မှစ၍ တဖြည်းဖြည်း ဝေးသွားသည့် ပုံစံဖြင့် အဆင့်လိုက် ထားရှိထားသည်။ ထို့ကြောင့် အလယ်ဗဟိုမှ အဝေးဆုံးနေရာသည် အဆင့်အနိမ့်ဆုံးသူ ထိုင်ခုံဖြစ်သည်။

ရိုစီနာ သည် အာဆီလီယာ ညွှန်ပြနေသည့်နေရာကို တစ်ချက်ကြည့်လိုက်သည်။ ထောင့်တစ်နေရာက ထိုင်ခုံဖြစ်နေ၍ သူမလည်း ဘာမှ ဝင်‌ပါစရာမလိုဘဲ ပွဲပြီးလျှင် ပြန်သွားရုံသာဖြစ်သည်။ထို့နောက် သူမသည် သတ်မှတ်ထားသော ထိုင်ခုံဆီကို လျှောက်သွားလိုက်သည်။ သူမ ခြေတစ်လှမ်း လှမ်းတိုင်း ၀တ်စုံသည် ပန်းပွင့်ချပ်များကဲ့သို့တဖျပ်ဖျပ် လွင့်ပျံလာသည်။

သူမကို မုန်းတီးကြသူတွေတောင် စကားခဏရပ်ပြီး သူမ ဖက်ရှင်ကို အာရုံစိုက်နေကြလေ၏။ အာစတေးနီးယား တိုင်းပြည် နှင့် ဟာဘက် အင်ပါယာ တို့၏ ဒီဇိုင်းများကို ပေါင်းစပ်ထားသည့် သူမ၏ ဝတ်စုံသည် ထိုအမျိုးသမီးများအတွက် ထူးခြားထင်ရှားလို့ နေသည်။ သူမ ခြေလှမ်းလိုက်တိုင်း ဝတ်စုံအောက်ပိုင်းသည် ပန်းပွင့်များ ပွင့်အာလာသကဲ့သို့ ကျယ်လာတော့သည်။ ဖက်ရှင်ကို အာရုံခံစားတတ်သည့် မိန်းကလေးများ၏ ထုံးစံအတိုင်း အကြည့်တွေက သူမ ဆီမှာသာ ရှိနေကြတော့သည်။

ရိုစီနာလည်း ထိုင်လိုက်သောအခါ အာဆီလီယာ သည် စားပွဲပေါ်မှ ခေါင်းလောင်း‌အား ဂလိုင်ခေါက်လိုက်ပြီး လက်ဖက်ရည်သောက်ပွဲအား စတင်ခဲ့သည်။ထိုအခါ ဖိတ်ကြားထားသော အမျိုးသမီးများသည် လက်ဖက်ရည်များ သောက်ကြပြီး သူတို့ကြားသိခဲ့ရသည့် ကိစ္စများကို ပြောပြနေကြသည်။ မကြာသေးမီက လေလံပွဲတွင် ကျောက်မျက်ရတနာများကို စံချိန်တင်စျေးနှုန်းဖြင့် ရောင်းချခဲ့ကြောင်း၊မြို့စားမင်းတစ်ဦး၏ သမီးဖြစ်သူ နှင့် မြို့ဝန်မင်း၏ သားဖြစ်သူတို့ ဘယ်နေ့က ဘယ်လို စေ့စပ်သွားကြောင်း စသည်ဖြင့် ကောလဟလများပင် ဖြစ်သည်။

ဆိုရှယ်လောကကို ချုပ်ကိုင်ထားသည့် အဆင့်အတန်းမြင့် အမျိုးသမီးတွေ ဖြစ်တာကြောင့် သူမတို့သည် သတင်းအချက်အလက်တွေ အားလုံးကို အချိန်နှင့်တပြေးညီ သိနေကြလေသည်။ရုတ်တရက် စကားဝိုင်းသည် အတင်းအဖျင်းမျိုးစုံဘက် ရောက်သွားပြီး မကြာမီ ကိုယ့်အကြောင်းကို ဂုဏ်တင်နေကြပြန်သည်။

ယခုတစ်ခေါက်တွင်တော့၊ ခင်ပွန်းသည်များ၏ လုပ်ငန်းက ဘယ်လောက် ချမ်းသာလဲ ဆိုသည်နှင့် သူတို့ သားသမီးတွေ ကျောင်းကောင်းကောင်းကို ဝင်ခွင့် ရသည့်အကြောင်းကို ကြွားလုံးထုတ်ကြခြင်း ဖြစ်သည်။

ပျင်းစရာကောင်းပြီး စိတ်ဝင်စားစရာမကောင်းသည့် အကြောင်းများဖြစ်၍ ရိုစီနာလည်း ဝင်မပါလိုက်ပေ။ထိုအချိန်တွင်၊ သူမသည် လူအများရှေ့မှာ လစ်လျူရှုပြီး သူမ အရှက်ရစေဖို့ ရည်ရွယ်ထားသည့် အာစီလီယာ ၏ မူရင်း ရည်ရွယ်ချက်ကို သိလာရသည်။ ဤကိစ္စသည် အာဆီလီယာ ဦးဆောင်သည့် ရုပ်သေးပြခန်းတစ်ခု ဖြစ်သည်။

သို့ရာတွင် သူမကို အမြဲအာရုံစိုက်နေလျှင်လည်း သိပ်မနေတတ်ပေ။ယခု ရောက်လာပြီဖြစ်၍ အရသာရှိသည့် အစားအစာ တစ်ခုခုစားပြီး အိမ်ပြန်ဖို့ စိတ်ကူးခဲ့ထားတာကြောင့် လက်ဖက်ရည် သောက်လိုက်သည်။

“…..”

သူမသည် မျက်မှောင်ကြုတ်ပြီး လက်ဖက်ရည်ခွက်ကို ငုံ့ကြည့်လိုက်သည်။ တတိယမင်းသား နန်းတော်မှာ သူမ သောက်လေ့ရှိသည့် လက်ဖက်ရည်လောက် အရသာမကောင်းပေ။အနီရောင်ဖျော့ဖျော့နှင့် လက်ဖက်ရည်၏ အရောင်က လှပပြီး နှစ်သက်စရာ ကောင်းသော်လည်း အရသာကမူ ခြောက်ကပ်ပြီး ပေါ့ပျက်ပျက်နိုင်လှသည်။

သူတို့က ဒီလိုလက်ဖက်ရည်မျိုး သောက်သလား....

သူမလည်း လက်ဖက်ရည်ခွက်ကို တွန်းဖယ်လိုက်ပြီး တစ်ဖက်က အချိုပွဲကို လှမ်းယူလိုက်သည်။ ယိုများ ထည့်ထားသော ကွတ်ကီးကို သူမ ကိုက်ကြည့်လိုက်ပြီး ဝါးတောင်မဝါးနိုင်သဖြင့် မျိုချလိုက်ရသည်။ ကွတ်ကီးမှာ မီးအားပြင်းပြင်းနှင့် အကြာကြီး ဖုတ်ထားသလားမသိ၊ အပြင်မှာ မည်းတူးနေပြီး ယိုကလည်း ချိုလွန်းသည်။သူမသည် ပွဲကို ရောက်လာပါက အရသာရှိသည့် တစ်ခုခုစားမည်ဟု အားခဲလာခြင်း ဖြစ်သော်လည်း တစ်ခုမှ အရသာမရှိပေ။

သူမလည်း တတိယမင်းသားနန်းတော်၏ စားဖိုမှူး ဖက်ဒရာ ပြုလုပ်သော ကွတ်ကီးများနှင့် ကွာခြားလှတာကြောင့် စကားတစ်ခွန်းမှ မပြောဘဲ ပြန်ချထားလိုက်သည်။ ထို့နောက် သူမသည် တစ်ယောက်ယောက်က ကြည့်နေသည်ကို ခံစားလိုက်ရသဖြင့် တစ်ဖက်ကို လှည့်ကြည့်လိုက်သည်။

ထို့နောက် သူမနှင့် အဝေးတွင်ထိုင်နေသော အမျိုးသမီးတစ်ဦးမှန်း တွေ့သွားရ၏။ယခုအချိန်အထိ စကားဝိုင်းထဲတွင် တစ်ခါမှ ဝင်မပြောသော အမျိုးသမီးသည် သူမကို စိုက်ကြည့်နေသည်။

'ဘာလို့ ငါ့ကိုကြည့်နေတာလဲ'

ရိုစီနာ အံ့ဩသွားသည်။ ဤနေရာသို့ ဖိတ်ကြားထားသော အမျိုးသမီးများသည် သူမအား တမင်တကာ ကျောပေးထားပြီး လျစ်လျူရှုထားကြသည်။သို့သော်လည်း ထိုအမျိုးသမီးက မူ သူမကိုသာ စိုက်ကြည့်နေလေသည်။ ထိုအမျိုးသမီး၏ မျက်လုံးထဲတွင် ရန်ငြိုး၊ရန်စများ မရှိသော်လည်း၊ စူးစမ်းလိုစိတ်ဟုဆိုလျှင် ပိုသင့်တော်သည်။