အပိုင်း ၄၄
Viewers 15k

Chapter 44

လက်ဖက်ရည်ခွက်များကို အကြိမ်အနည်းငယ် ထပ်ဖြည့်ပြီးနောက် မကြာမီ ငှက်များလို ကျီကျီကျာကျာမြည်နေသော အသံများ တဖြည်းဖြည်း လျော့ပါးလာသည်။ အာဆီလီယာက လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ပြီး သူမ ဘေးမှာ ထိုင်နေသည့် အမျိုးသမီးကို ပြောလိုက်သည်။

"ဘာပဲဖြစ်ဖြစ် ဒီတစ်ခါတော့ လာခဲ့ပြီပေါ့...မြို့ဝန်မင်းကတော် လီယွန်နယ်..."

[လီယွန်နယ်-UK,USနှင့် Canadaတို့တွင် 1880-1992အတွင်း နာမည်လှ၍ မှည့်ခေါ်လေ့ရှိကြသော မိသားစုမျိုးရိုးနာမည် ( Last Name ) ]

သူမ ခေါ်လိုက်သော အမျိုးသမီးမှာ ရိုစီနာ ကို စူးစိုက်ကြည့်နေသော မိန်းမပျိုဖြစ်သည်။

"အရင်တုန်းက ဖိတ်စာပို့ရင်တောင်မှ မလာဘူးနော်..."

အာဆီလီယာ သည် မြို့ဝန်မင်းကတော် လီယွန်နယ် နှင့် ရင်းနှီးဟန်ဆောင်ရသည့် အကြောင်းရင်းတစ်ခုရှိသည်။သူမတို့ မြို့ဝန်မင်းမိသားစုသည် အင်ပါယာရှိ သက်တမ်းအကြာဆုံး မိသားစုများထဲမှ တစ်ခုဖြစ်သည်။သူမတို့ မိသားစုသည် ရာထူးကြီးသူများကို ကြိမ်ဖန်များစွာ မွေးထုတ်ပေးခဲ့ပြီး သူမတို့ စားရသည့် နယ်မြေမှာလည်း နေထိုင်သူ အများအပြားရှိသည်။

လွန်ခဲ့သောနှစ်အနည်းငယ်က မြို့ဝန်မင်း လီယွန်နယ် နှင့်လက်ထပ်ခဲ့သော အီဘယ်လာ သည် အနောက်ပိုင်းဒေသရှိ မြို့ဝန်မင်း၏ တစ်ဦးတည်းသောသားဖြစ်သည်။ အီဘယ်လာ ၏မိဘများသည် အရောင်းအ၀ယ်လုပ်ပြီး အနောက်ဘက်ဒေသ တစ်ဖျားတွင် တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားသူများ ဖြစ်သည်။

အာဆီလီယာ သည် ထိုကဲ့သို့ဩဇာကြီးမားသည့် အီဘယ်လာ တို့မျိုးနွယ်ကို ညှိနှိုင်းရန် ရည်ရွယ်ထား၏။ ထို့အပြင် သူမ၏ ရည်မှန်းချက်သည် အိမ်ရှေ့စံကို ဖြုတ်ချပြီး ခင်ပွန်းဖြစ်သူ ဒုတိယမင်းသားကို ထီးနန်းတင်ဖို့ ဖြစ်လေသည်။ သို့သော် ထိုသို့ဖြစ်ရန် တွန်းအားတစ်ခု လိုအပ်ပြီး မြို့ဝန်မင်း လီယွန်နယ် ကို အသုံးချမည်ဟု တွေးထားသည်။

သို့သော် အီဘယ်လာ က ဖိတ်ကြားချက်ကို ဘယ်တော့မှ လက်မခံဘဲ ငြင်းဆန်နေခဲ့သည်။သို့သော်လည်း အာဆီလီယာသည် လက်မလျှော့ခဲ့ဘဲ ဖိတ်စာများကို အဆက်မပြတ်ပေးပို့ခဲ့ပြီး နောက်ဆုံးတွင် တက်ရောက်မည်ဟု အီဘယ်လာ ထံမှ အကြောင်းပြန်စာ ရခဲ့သည်။ တိတ်ဆိတ်စွာထိုင်နေသော အီဘယ်လာ သည် ပထမဆုံးအကြိမ် စကားစလိုက်သည်။

"ကျွန်မက လူတစ်ယောက်နဲ့ တွေ့ချင်လို့ ဒီကိုရောက်နေတာပါ..."

ထိုစကားကြောင့် အာဆီလီယာ စိတ်ရှုပ်သွားသည်။ နောက်ဆုံးတော့ သူမအား လာတွေ့ပြီဟု ထင်ထားသော်လည်း အကြောင်းပြချက်က တစ်ခြားတစ်ယောက်ဖြစ်နေသည်။သူမသည် စိတ်ခုသွားရသော်လည်း ဟန်ဆောင် ရယ်မောလိုက်လေ၏။တစ်ခြားသူသာ ဖြစ်ခဲ့လျှင် ချက်ချင်းပင် သူမကို နှင်ထုတ်ပစ်ရပေလိမ့်မည်။သို့သော်၊ အီဘယ်လာ လီယွန်နယ် သည် သူမအတွက် လိုအပ်သောလက်တစ်ဖက်သာ ဖြစ်သည်။

"အခုကစပြီး အစ်မဆီ ခဏခဏလာတွေ့ပါနော်..."

အာဆီလီယာ က ဟက်ဟက်ပက်ပက် ရယ်မောလိုက်သောအခါတွင် သူမ ပတ်ဝန်းကျင်မှ အမျိုးသမီးများကလည်း ရယ်မောလိုက်ကြသည်။ ယုတ်ညံ့သော လေထုသည် အနည်းငယ်ပျက်ပြယ်သွားသောအခါ၊ အာဆီလီယာ သည် နောက်ထပ်အကြောင်းအရာတစ်ခုကို စလိုက်သည်။

“ဒါနဲ့လေ မြို့တော်မှာ အဝတ်လဲခန်း အသစ်တစ်ခုရှိနေတယ်တဲ့…”

ယနေ့ခေတ် မိန်းမငယ်များ အာရုံစိုက်နေကြသော အဝတ်ဆိုင်နှင့်ပတ်သက်သည့် အကြောင်းဖြစ်သည်။ ထို့နောက် သူတို့၏ စကားဝိုင်းသည် အဝတ်အစားများဆီသို့ လျင်မြန်စွာပြောင်းသွားသည်။

" 'ရီအက်ရဲ့ ဗီဒို 'ဆိုတဲ့ ဆိုင်မှာ ဘိုကင်အပြည့်ရှိနေတယ်တဲ့..."

"အိုး...ဟုတ်လား...ကျွန်မတုန်းကလည်း အနည်းဆုံး သုံးလလောက် စောင့်ရမယ်လို့ ပြောတယ်...”

ရိုစီနာသည် သူမနှင့် ရင်းနှီးနေသော အဝတ်ဆိုင်နာမည်ကို ကြားရသည့်အခါ သူမလည်း ခဏလောက် နားထောင်လိုက်သည်။သူတို့ ပြောနေသည့်ဆိုင်မှာ အရင်က ရာဟန် နှင့် သူမတို့ သွားလည်ဖူးသည့် ဆိုင်ပင်။ထို့အပြင် မက်စယ်လာ နှင့် ရာနီယာ တို့ကိုလည်း ထိုဆိုင်မှာ တွေ့ခဲ့ခြင်းဖြစ်သည်။ သူတို့နှစ်ယောက်အကြောင်းကို တွေးမိသည့်အတွက် သူမ မျက်နှာ အနည်းငယ် ညှိုးသွားရသည်။

“ရှင့်ရဲ့ ဝတ်စုံအရောင်က သိပ်လှတာပဲ..."

သူတို့က အဝတ်အစားဘက်ဆီ အာရုံရောက်သွားပြန်တော့ ချီးကျူးစကားတွေ ထွက်လာပြန်သည်။သို့သော်လည်း သူမတို့သည် ဆင်တူဝတ်စုံများ ၀တ်ထားတာကြောင့် သိပ်လည်းများများစားစား ပြောစရာမရှိပေ။

"စဉ်းစားကြည့် တော့ တတိယမင်းသမီး ဝတ်ထားတဲ့ ဝတ်စုံက တစ်ကယ့်ကို ထူးခြားပြီး သိပ်လှတယ်နော်..."

အမျိုးသမီးတစ်ယောက်၏ စကားကြောင့် လူတိုင်း ပါးစပ်ပိတ်သွားကြသည်။ တစ်ချိန်တည်းမှာပင် လေထုသည် ရေအေးများ လောင်းချလိုက်သလို အေးစက်လာပြီး အာစီလီယာ၏ မျက်နှာမှာလည်း သိသိသာသာ ယိုယွင်းလာသည်။ယခုတော့ ထိုအမျိုးသမီးက ဤလက်ဖက်ရည်သောက်ပွဲ၏ မရေးထားသည့် စည်းကမ်းကို ချိုးဖောက်လိုက်ပြီဖြစ်သည်။

သူစိမ်းတစ်ယောက်လို ဆက်ဆံခံနေရသော ရိုစီနာ သည် သူမ နာမည်ကို တစ်ယောက်က ပြောလာသောအခါ ခေါင်းမော့ကြည့်လိုက်ရာ ထိုသူသည် သူမနှင့် မလှမ်းမကမ်းတွင် ထိုင်နေသော မြို့စားမင်းကတော် လီဗီတာ ဖြစ်နေသည်။

"ဒါနဲ့ ရှင့်ရဲ့ ဝတ်စုံကို ဘယ်က ဝယ်ခဲ့တာလဲ (ရိုစီနာ ကို ပြောတာမဟုတ်)..."

သူမ ဘေးနားရှိ အမျိုးသမီးက မျက်နှာလွှဲကာ ‌ပြောလာပြီး လီဗီတာ နှင့် တခြားသူများသည်လည်း ထိုအမျိုးသမီးကို ကြည့်လာသည်။ လီဗီတာ သည် သူမစကားကို လစ်လျူရှုခံရသည့်အတွက် စိတ်ထဲက ကသိကအောက်ဖြစ်သွားရ၏။

“အဲ့ဒါ…..”

လူတိုင်းက လီဗီတာ စကားကို လျစ်လျူရှုကာ အခြားသူတစ်ဦးနှင့် စကားပြောနေကြသည်။ထိုစဥ် သူမဘေးမှာ ထိုင်နေသည့် အမျိုးသမီးမှာ လက်ကလှုပ်သွားသဖြင့် လက်ဖက်ရည်ခွက်က ပြုတ်ကျသွားလေတော့သည်။

“ဟယ်...”

လက်ဖက်ရည် အနီတွေက စားပွဲပေါ်ကို ဖိတ်ကျသွားသဖြင့် လီဗီတာ ၏ ဂါဝန်မှာ စိုရွှဲကုန်တော့သည်။

"အို ဘုရားသခင်...အဆင်ပြေရဲ့လား..."

ထို့နောက် လက်ဖက်ရည်ခွက် ဖိတ်ကျသွားသော အမျိုးသမီးကို လူတိုင်းက ဂရုစိုက်စွာ‌ မေးလိုက်ကြသည်။ထိုအမျိုးသမီးက လီဗီတာ ကို တောင်းပန်ခြင်းမရှိဘဲ တခြားသူတွေကို အဆင်ပြေသည်ဟု ပြောပြီး ပြုံးပြနေတော့သည်။

သို့သော် လက်ဖက်ရည်များ စိုရွှဲနေသည့် လီဗီတာ ကို ဘယ်သူမှ ဂရုမစိုက်ကြချေ။သူမသည် စိတ်ထဲက ခံပြင်းလာရသဖြင့် အပယ်ခံဖြစ်သွားသည့်အတွက် နှုတ်ခမ်းကိုကိုက်ထားမိသည်။ထိုမြင်ကွင်းကို ကြည့်နေသော ရိုစီနာ ၏ မျက်နှာအမူအရာမှာ တည်ငြိမ်သွားသည်။

သူမ အကြောင်းကို ပြောလိုက်ရုံနှင့် လီဗီတာ ကို မရှိတော့သည့်လူတစ်ယောက်လို ဆက်ဆံနေကြလေသည်။အာဆီလီယာသည် ဆက်လက်၍ ရုပ်သေးရုပ်များကဲ့သို့ ထိုင်နေသော အမျိုးသမီးများအား တခြားကိစ္စများကို ဆက်ပြောနေတော့သည်။

ခေါင်းငုံ့ကာ မျက်ရည်များကို ထိန်းထားသည့် လီဗီတာ အတွက် စိတ်မကောင်းဖြစ်ကာ ရိုစီနာ သည် အာဆီလီယာ ဘက်သို့ လှည့်လိုက်သည်။အာဆီလီယာ ကလည်း စကားရပ်လိုက်ပြီး ရိုစီနာ နှင့် မျက်လုံးချင်းဆုံလိုက်၏။

"ပြောစရာရှိလို့လား"

"ဒါက ကလေးဆန်တယ် မဟုတ်လား..."

ရိုစီနာ ၏ စကားကို ကြားသောအခါ လက်ဖက်ရည် ငှဲ့နေသည့်အသံတောင် ရပ်သွားရသည်။လူတိုင်းက သူမတို့နှစ်ယောက်ကို အာရုံစိုက်လာတာကြောင့် အာဆီလီယာ သည် နှုတ်ခမ်းများပင် တုန်လာရသလိုပင်။

"ကလေးဆန်တယ်...ဟုတ်လား..."

"ဟုတ်တယ်...က​လလေးတွေတောင်​ ဒါမျိုးမလုပ်ပါဘူး..."

ရိုစီနာ က အေးအေးဆေးဆေး ပြောလိုက်သည်။

"လူတစ်​​ယောက်​ကို လျစ်​လျူရှုဖို့ မင်းသမီးက အတော်ကို ကြိုးစားပြီး လုပ်နေတယ်...ဒါ က​လေလေးဆန်တာမဟုတ်​လား..."

ထိုစကားကိုကြားတော့ အာဆီလီယာဘေးတွင်ထိုင်နေသော အမျိုးသမီးက ကြားဖြတ်ပြောလိုက်သည်။

"တတိယမင်းသမီးက သိပ်ကို ရိုင်းပါလား..."

"ရှင်လည်း တစ်ချိန်ချိန်ကျ ဒီလို အပယ်ခံဖြစ်ချင် ဖြစ်သွားနိုင်တယ်ဆိုတာ သိတယ်မဟုတ်လား..."

ထိုအခါ ထိုမိန်းမမှာ ပါးစပ်ပိတ်သွားရ၏။ သူမတို့ လက်မခံနိုင်ဖြစ်နေသော်လည်း လူတိုင်း သိကြသည်။အကြောင်းအရာမရှိပေမယ့် လူတိုင်းသိပါတယ်။ သူမမျက်နှာသာလွှဲသွားပါက သူမသည် Countess Levita ကဲ့သို့ဖြစ်မည်ဟု သူမပြောခဲ့သည်။

"သိပ်ကို လွဲမှားလွန်းတယ်..."

အဆီလီယာသည် လေထုကို ငြိမ်သက်သွားရန် သူမ၏ ယပ်တောင်ကို ညင်သာစွာ ဝှေ့ယမ်းပြီး အနီးနားတွင် ထိုင်နေသော သူများနှင့် မျက်လုံးချင်းဆုံရင်း ပြောလိုက်သည်။

"ဘယ်သူမှဒီလိုမခံစားရဘူး မဟုတ်လား..."

“ဟုတ်...ဟုတ်ပါတယ်..."

အာဆီလီယာ၏ အကြည့်ကို သဘောပေါက်သူများသည် ပြိုင်တူ ခေါင်းညိတ်ကြသည်။ ဘယ်လိုကိစ္စပင် ဖြစ်လာလာ၊သူမတို့သည် ရိုစီနာဘက်မှာ ရပ်မှာမဟုတ်ပေ။သူမ ဘာပဲပြောပြော ဤနေရာကို ဖိတ်ကြားခံရသူတွေက အာဆီလီယာ၏ လူတွေသာဖြစ်သည်။ လေထုသည် အာဆီလီယာဘက်သို့ တစ်ဖန် အလေးသာသွားသည့်အချိန်တွင် တစ်ယောက်က ထပြောလိုက်သည်။

"ကျွန်မလည်း အဲ့ဒီလိုပဲ ခံစားရတယ်...."

သူမသည် အီဘယ်လာ ပင်ဖြစ်သည်။

"... လေဒီ လီယွန်နယ်"

အာဆီလီယာ သည် သူမ နားကြားများမှားသလားဟု သိချင်နေသည့် အမူအရာဖြင့် အီဘယ်လာ ကိုခေါ်လိုက်သည်။အီဘယ်လာ ကလည်း လက်ဖက်ရည်ခွက်ကိုချလိုက်ပြီး အာဆီလီယာ ကို တည့်တည့်ကြည့်သည်။

"တတိယမင်းသမီးရဲ့ ဝတ်စုံက အရမ်းလှတယ်လို့လည်း ကျွန်မလည်း ထင်တယ်...ဒါဆို ရှင်လည်း ကျွန်မကို လျစ်လျူရှုတော့မှာ မလား..."

"အို....လေဒီ...ရှင် ဘာတွေပြောနေတာလဲ…"

အာဆီလီယာ သည် အံ့သြသောအကြည့်ဖြင့် ထုတ်ပြောလိုက်သည်။ထိုအခါ ကျေးကျွန်များကဲ့သို့ ထိုင်နေကြသော အမျိုးကောင်း သမီးများမှာလည်း အရိပ်အခြည်ကြည့်နေရတော့သည်။သူမတို့အားလုံးသည် အာဆီလီယာ ၏ အရုပ်များသာဖြစ်ပြီး ကိုယ့်သဘောနှင့်ကိုယ် လှုပ်ရှား၍မရချေ။

ရိုစီနာ မှာ အီဘယ်လာ ကို အနည်းငယ် အံ့သြစွာဖြင့် ကြည့်နေမိလေသည်။ ယုံကြည်မှုအပြည့်နှင့် ပြောတတ်သည့် အီဘယ်လာ ဟာ အာဆီလီယာ ၏ လူယုံတော် အမျိုးသမီးတွေနှင့် အလွန်ကွာခြားပေသည်။အီဘယ်လာသည် ယခင်က ထူးခြားနေသည်ဟု ထင်ခဲ့သော်လည်း သူမ ဘက်တွင် ရှိနေမည်ဟု မသိခဲ့ပေ။

"ကျွန်မက သူမကို ပုဂ္ဂိုလ်ရေးအရ ဖိတ်ထားတာလေ....ဒါပေမယ့် သူမက စပြီး စကားပြော ရိုင်းတာမဟုတ်လား…ကျွန်မနဲ့ ဘာမှ သက်ဆိုင်တာမဟုတ်ဘူး..."

အာဆီလီယာ သည် အသံကိုထိန်းပြီး သေချာပြန်ဖြေလိုက်၏။ရိုစီနာ မှာ အာဆီလီယာ သူမအပေါ်အပြစ်တင် လာတာကြောင့် စိတ်ထဲက သက်ပြင်းချလိုက်မိသည်။အာစီလီယာ၏ စိတ်တိုနေသာ မျက်နှာထားကြောင့် သူမလည်း ဤနေရာမှာမနေချင်တော့ပေ။သူမ သည် မြို့စားကတော် လီဗီတာ ကို တစ်ချက် ကြည့်လိုက်သည်။ စောစောက တည်ကြည့်ဖြောင့်မတ်နေသည့် မျက်လုံးတွေက သူမကိုသာ စူးစိုက်ကြည့်နေလေသည်။ထို့နောက် သူမသည် ထိုင်နေရာမှ ထရပ်လိုက်သည်။

"ကျွန်မ အခုသွားတော့မယ်..."

"သွားတော့မလို့လား..."

သူမ‌ လေသံက ထွက်ပြေးတာလားဟု မေးသလိုလိုပင်၊ ရွဲ့စောင်းစောင်း လေသံ ဖြစ်၏။ရိုစီနာကလည်း သူမကို ပြုံးပြလိုက်သည်။

"မင်းသမီးရဲ့ ဧည့်ဝတ်ကျေပွန်မှုအတွက် ကျေးဇူးတင်ပါတယ်..."

ထိုအချိန်တွင် အာဆီလီယာ အနည်းငယ် ငြိမ်သက်သွားသောအခါ ရိုစီနာ သည် လီဗီတာ ကို လှည့်ကြည့်လိုက်သည်။ လီဗီတာ သာ ဤနေရာမှာဆက်နေနေလျှင် ထပ်ပြီး အနိုင်ကျင့်ကြတော့မည်ဖြစ်သည်။

"ကျွန်မ လေဒီကိုပြောစရာရှိတယ်... ကျေးဇူးပြုပြီး ကျွန်မနဲ့ ခဏလောက်လိုက်ခဲ့လို့ရမလား..."

“… ကောင်းပါပြီ "

လုံး၀ အံ့အားသင့်ပြီး ငြိမ်ငြိမ်လေးထိုင်နေသော လီဗီတာသည် ရိုစီနာ၏ စကားကြောင့် မတ်တပ်ထရပ်လိုက်သည်။

"တတိယမင်းသမီး...သူမက ကျွန်မရဲ့ ဧည့်သည်ပါ...”

အာဆီလီယာ သည် မျက်နှာထားတင်းတင်းထားကာ အသံကို မြှင့်လိုက်သော်လည်း ရိုစီနာ ကမူ တည်ငြိမ်ပြီး ပြုံးနေသည်။

“မင်းသမီးမှာလည်း ဧည့်သည်တွေ များလွန်းတော့ ကိုင်တွယ်ဖြေရှင်းနိုင်မယ် မထင်ပါဘူး...ဒါကြောင့် သူ့မကို ကျွန်မပဲ ဧည့်ခံလိုက်မယ်... နားလည်ပေးပါ..."

ဒါဆို သူမကို ဘာလို့ စောစောက ဂရုမစိုက်တာလဲ....

ထို့နောက် သူမသည် အားလုံးကိုနှုတ်ဆက်ပြီး လှည့်ထွက်သွားခဲ့သည်။ သူမ၏ လုပ်ရပ်ကို မတ်တပ်ရပ်ပြီး စောင့်ကြည့်နေသည့် လီဗီတာ ကလည်း နောက်ကနေ လိုက်လာတော့လေသည်။ အနောက်မှ အော်ဟစ်ခေါ်နေသံများကို ကြားရသော်လည်း သူမသည် မကြားချင်ယောင်ဆောင်ကာ အရာအားလုံးကို လျစ်လျူရှုခဲ့သည်။

ထို့နောက် သူမလည်း ဥယျာဉ်ထဲမှ ထွက်သွားသောအခါ အာဆီလီယာ သည် ဒေါသကို မခံနိုင်တာကြောင့် စားပွဲကို ပုတ်လိုက်ပုံရသည်။ထို့နောက် ကျယ်လောင်သော အသံများနှင့်အတူ အိုးခွက်ပန်းကန်များမှာ ကျကုန်တော့သည်။ လက်ဖက်ရည်ဇွန်းများမှာလည်း တချွင်ချွင် ကြမ်းပြင်ပေါ် ပြုတ်ကျပြီး လက်ဖက်ရည်များမှာလည်း ဖိတ်ကျကုန်ပြီး စားပွဲမှာ ညစ်ပတ်သွား၏။

အာဆီလီယာသည် ဤကဲ့သို့ လူကြားထဲတွင် ဒေါသထွက်ရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သဖြင့် အားလုံးက သူမကို ကြောက်ရွံ့စွာ ကြည့်နေကြတော့သည်။ထိုစဉ် ထိုင်ခုံဆွဲသံကို ကြားလိုက်ရသဖြင့် အသံထွက်သည့် နေရာကို လူတိုင်း စိုက်ကြည့်လိုက်ရာ အီဘယ်လာ ဖြစ်နေသည်။

"ကျွန်မလည်း ပြန်လိုက်မယ်..."

အီဘယ်လာ ၏စကားကြောင့် ကြမ်းတမ်းသော လေထုသည် ထပ်မံပြင်းထန်လာပြန်သည်။ထိုအခါ အာဆီလီယာသည် လက်သီးကို တုန်တုန်ယင်ယင် ဆုပ်ထားတော့သည်။

" လေဒီ လီယွန်နယ်..."

ထွက်ခွာတော့မည့် ဟန်ပြင်နေသော အီဘယ်လာ သည် ခဏရပ်ပြီး အာဆီလီယာကို ကြည့်လိုက်ရာ အာဆီလီယာ သည် ဟန်ဆောင်ပန်ဆောင် တောင်မရယ်နိုင်ဘဲ ပွင့်ပွင့်လင်းလင်းမေးလိုက်သည်။

"ဒီလိုကြီးပဲ ထွက်သွားတော့မှာလား..."

"လိုအပ်ရင်ပေါ့..."

သူမက တုံ့ဆိုင်းမနေဘဲ ပြတ်ပြတ်သားသား အဖြေပေးခဲ့ပြီး စကားမပြောနိုင် ဖြစ်နေသော အာဆီလီယာ ကို ငုံ့ကြည့်ကာ နောက်ဆုံးရိုက်ချက်ဖြင့် ရိုက်လိုက်သည်။

"ကျွန်မက မင်းသမီးရဲ့ အရုပ်မဟုတ်ဘူး..."

***

မဆိုင်းမတွဘဲ ရိုစီနာ သည် ဒုတိယမင်းသားနန်းတော်၏ ဥယျာဉ်ထဲမှ ထွက်လာခဲ့သည်။ ပုံမှန်အားဖြင့် သူမသည် ရှားပါးပန်းပင်များကို ကြည့်ပြီး အေးအေးလူလူ လမ်းလျှောက်လေ့ရှိသော်လည်း ယနေ့တွင် မည်သည့်ပန်းကမှ သူမကို စိတ်မအေးစေနိုင်ပေ။သူမသည် ဖိတ်စာရောက်လာသည့်အချိန်မှစ၍ စိတ်ထဲ တထင့်ထင့်ဖြစ်နေခဲ့ရသည်။

ယခုလည်း မျှော်လင့်ထားသည့်အတိုင်းပင်။အာဆီလီယာ သည် သူမအား ပညာပြရန် ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်ပြီး သူမကို ပုတ်ချရန် ကြိုးစားနေကြောင်း ထင်ရှားသည်။ သူမသည် လက်ဖက်ရည်သောက်ပွဲ ကျင်းပသည့်နေရာမှ အလှမ်းဝေးသော နေရာအထိ လျှောက်လာပြီး နောက်ဆုံးတွင် ခြေလှမ်းကို ရပ်တန့်လိုက်သည်။အကြောင်းမှာ၊ လီဗီတာ က သူမနောက်ကို ခက်ခက်ခဲခဲ လိုက်လာနေရမှန်း သူမ သဘောပေါက်တာကြောင့်ပင်။သူမသည် လီဗီတာ ကိုကြည့်ပြီး တောင်းပန်လိုက်သည်။

"ခြေလှမ်း အရမ်းမြန်သွားတယ်မဟုတ်လား....တောင်းပန်ပါတယ်..."

"အိုး... မဟုတ်ပါဘူး...မဟုတ်ပါဘူး... မင်းသမီး..."

လီဗီတာ က အဆင်ပြေသလို ပြောလိုက်သည်။ရိုစီနာ ကလည်း သူမ စိတ်ငြိမ်သွားအောင် စိတ်ရှည်ရှည်နှင့် စောင့်ဆိုင်းပြီးနောက် ထပ်မံတောင်းပန်လိုက်ပြန်သည်။

"တောင်းပန်ပါတယ်... လေဒီရဲ့ ထင်မြင်ချက်တွေကို နားမထောင်ဘဲ ကျွန်မ နှောက်ယှက်သလို ဖြစ်သွားတာပါ..."

ရိုစီနာ က တောင်းပန်လိုက်တာကြောင့် လီဗီတာ မျက်လုံး ပြူးသွားရသည်။ တစ်ကယ်တော့ တတိယမင်းသမီးက သူမကို ပွဲထဲမှ ဆွဲခေါ်ခဲ့စဉ်က ဘာပြန်ပြောရမှန်း မသိတာကြောင့် သူမ တုန်လှုပ်နေခဲ့ရသည်။ သို့သော် မင်းသမီးထံမှ တောင်းပန်စကားကြားရမည်ဟု သူမ မထင်ထားခဲ့ပေ။ လီဗီတာ မှာ ချက်ချင်းပင် မျက်လုံးများ နီရဲလာရပြီး ရိုစီနာ ၏ ထောက်ထားစာနာမှုအတွက် အလွန်ကျေးဇူးတင်သွားရသည်။

“မဟုတ်ပါဘူး… မင်းသမီးရဲ့အကူအညီအတွက် ကျွန်မက ကျေးဇူးတင်ပါတယ်...”

လီဗီတာ ကလည်း ခေါင်းယမ်းပြကာ ကျေးဇူးတင်ကြောင်း ပြောလိုက်သည်။ ထို့နောက် သူမက လက်ချောင်းများကို အချိန်အတော်ကြာ လိမ်ကျစ်နေပြီးမှ စကားစလိုက်သည်။

"တစ်ကယ်တော့ ဒီနေရာကို လက်ဖက်ရည်သောက်ဖို့ ဖိတ်ခေါ်ခံရတာ ကျွန်မအတွက် ပထမဆုံး အကြိမ်ပါ... ပထမတော့ စိတ်လှုပ်ရှားလွန်းလို့ ခုန်ပေါက်မိမတတ်ပါပဲ... ဒါပေမယ့် ဒီလိုနေရာမျိုးမှန်း မသိခဲ့ဘူး...”

ရိုစီနာ လည်း သူမကို သနားသွားရသည်။တစ်ကယ်တော့ အာဆီလီယာ သည် ယခုလို လက်ဖက်ရည် သောက်ပွဲများကို ပုံမှန်ကျင်းပနေပုံရသည်။ လီဗီတာ သည် သူမ အထင်ကြီးနေသည့် အာဆီလီယာက သူမကို နှစ်သက်တာကြောင့် ဖိတ်ခြင်းဟု ထင်မြင်နေပုံရသည်။

သို့သော် လက်တွေ့တွင်မူ ထိုသို့မဟုတ်ပေ။ ဖြူစင်သည့် ခင်မင်ရင်းနှီးမှုကို လိုချင်သော လီဗီတာ သည် အာဆီလီယာ ၏ လက်ဖက်ရည်သောက်ပွဲနှင့် မလိုက်ဖက်နိုင်ဘဲ ရေနှင့် ဆီလို ဖြစ်နေသည်။ သူမ ယခုပင် ထိုနေရာမှ ထွက်သွားရသည်မှာ ကံကောင်းခြင်း ဖြစ်ပေလိမ့်မည်။

"လေဒီရဲ့ ဝတ်စုံက အရမ်းစိုနေပြီ.... အိမ်ပြန်တော့လေ..."

ရိုစီနာ က လက်ဖက်ရည်များ စိုရွှဲနေသည့် လီဗီတာ ၏ ၀တ်စုံကို ကြည့်ရင်း ပြောလိုက်တယ်။ သိပ်မကြာခင်မှာပင်၊ ရထားတစ်စင်းက သူမကို လာခေါ်ပြီး တက်မလိုက်သွားခင် ရိုစီနာအား အကြိမ်ကြိမ် ကျေးဇူးတင်စကားဆိုခဲ့သည်။

ရိုစီနာလည်း ရထားထွက်သွားတာကို စောင့်ကြည့်နေပြီး ပြန်တော့မည့်အချိန်မှာပင်....

"မင်းသမီး..."

အနောက်ကနေ ထွက်လာသည့် အသံကြောင့် သူမ တုံ့ကနဲ ရပ်သွားသည်။သူမလည်း လှည့်ကြည့်လိုက်တော့ ရင်းနှီးသည့် အမျိုးသမီးတစ်ဦး ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသည်။သူမသည် အီဘယ်လာ လီယွန်နယ်ဖြစ်နေလေသည်။ ရိုစီနာ လည်း အံဩသွားရသဖြင့် အီဘယ်လာ ကို စောင့်ဆိုင်းနေလိုက်သည်။

"အချိန်ခဏ ရနိုင်မလားရှင်..."