Chapter 45
ရိုစီနာ သိချင်စိတ်ဖြစ်သွားရသည်။ အီဘယ်လာသည် ဘာကြောင့် အချိန်ပေးဖို့ တောင်းဆိုနေမှန်းမသိပေ။ ရိုစီနာသည် လက်ဖက်ရည်သောက်ပွဲ၌ သူမ၏ သဘောထားနှင့်ခံယူချက်ကို သတိရသွားသောအခါ ခေါင်းညိတ်လိုက်သည်။
"ဒီမှာဆို စကားပြောလို့ မကောင်းဘူး...ကျွန်မရဲ့ နန်းတော်ကို လာချင်လား..."
တော်ဝင်နန်းတော်၌ နားများစွာရှိသဖြင့် နေရာမရွေးဘဲ စကားပြောလိုက်လျှင် ကောလာဟလတွေ မြန်မြန်ဆန်ဆန် ပျံ့နှံ့သွားမည်ဖြစ်သည်။
ထို့နောက် ရိုစီနာ နှင့် အီဘယ်လာ တို့သည် တတိယမင်းသား၏ နန်းတော်သို့ ဦးတည်သွားကြသည်။ ထိုအချိန်တွင် ရိုစီနာ သည် ထူးဆန်းသောခံစားချက်တစ်ခုက သူမစိတ်ကို ဖုံးလွှမ်းသွားသည်။ အကြောင်းမှာ သူမသည် တတိယမင်းသား၏ နန်းတော်သို့ မည်သူ့ကိုမျှ မဖိတ်ကြားခဲ့ဖူးသောကြောင့်ဖြစ်သည်။တွေးကြည့်လျှင် ပထမဆုံး သူမ သွားတွေ့သူတွေကလည်း ယနေ့ လက်ဖက်ရည်ပွဲပင် ဖြစ်သည်။ သူတို့နှစ်ယောက်သည် ပင်မတံခါးပေါက်မှတစ်ဆင့် တတိယမင်းသား၏ နန်းတော်သို့ ဝင်ရောက်လာကြသည်။
အီဘယ်လာ သည် ရိုစီနာ နောက်မှ နေ၍ ဘေးဘီကို လှည့်ပတ်ကြည့်ရှုသည်။ ပင်မတံခါးမှ စဝင်လိုက်သညနှင့် တော်ဝင်နန်းတော်နှင့် ကွဲပြားစွာပင် တစ်ခြားကမ္ဘာတစ်ခုသို့ ရောက်သွားသလို ဖြစ်နေရသည်။ ဒုတိယမင်းသားနန်းတော်၏ ဥယျာဉ်သည် စုံလင်စွာ ဖွဲ့စည်းထားပြီး အတုအယောင်ဟု ခံစားရသော်လည်း တတိယမင်းသားနန်းတော်၏ ဥယျာဉ်သည် သဘာဝအတိုင်းပင် ဖြစ်သည်။ အမည်မသိ တောရိုင်းပန်းများမှသည် နွေဦးရာသီ ဆန်လှသော မြင်ကွင်းအထိ ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်လို့ နေသည်။
“…အရမ်းလှတယ်”
အီဘယ်လာ စကားသည် ဟန်ဆောင်ထားခြင်း မဟုတ်ပေ။ရှေ့မှ တိတ်တိတ်လေး သွားနေသူ ရိုစီနာ က ပြန်ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်...ကျွန်မကိုယ်တိုင် ပန်းခြံမှာ အလုပ်လုပ်နေတာ..."
"မင်းသမီး လုပ်ထားတာလား..."
အီဘယ်လာ အံ့သြသွားသည်။ တတိယမင်းသားနန်းတော်၏ ဥယျာဉ်သည် ရိုစီနာ နှင့် တူနေတာကြောင့်လားမသိ၊သဘာဝအလှနှင့် တင့်တယ်နေ သည်။ ထို့နောက် နှစ်ယောက်သား ဥယျာဉ်ကိုဖြတ်၍ နန်းတော်ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာကြသည်။ တော်ဝင်နန်းတော်၏ နန်းတော်များစွာထဲမှ အသေးငယ်ဆုံးနှင့် အရိုးရှင်းဆုံး နန်းတော်ဖြစ်သော်လည်း စေ့စပ်သေချာပြီး သပ်ရပ်လှပနေသည့် အပြင်အဆင်တို့က ထူးခြားသော ဆွဲဆောင်မှုတစ်ခု ဖြစ်စေသည်။ မင်းသားနန်းတော်ထဲသို့ ဝင်ရောက်လာသောအခါ နန်းတော်သည် တိတ်ဆိတ်လွန်းကြောင်း အီဘယ်လာ သဘောပေါက်သွားသည်။အကြောင်းမှာ အစေခံဦးရေ နည်းပါးလှတာကြောင့်ဖြစ်သည်။
"ဘတ်ဂျက်ကို ခြွေတာဖို့ဆိုပြီး အစေခံ နည်းနည်းပဲထားထားတာ..."
ရိုစီနာ ၏ရှင်းပြချက်ကို အီဘယ်လာ က ခေါင်းညိတ်လိုက်သည်။ တတိယမင်းသား၏နန်းတော်သည် ဧကရာဇ်နန်းတော်၏ တစ်စိတ်တစ်ပိုင်းဖြစ်သော်ငြားလည်း မကောင်းသော ကောလာဟလများကို သူမ ကြားသိနေရသည်။ သို့သော် လူကိုယ်တိုင်လာရောက်လည်ပတ်သောအခါ၊ ငွေကြေးကို ခြွေတာနေခြင်းကြောင့်ဟု သဘောပေါက်သွားတော့သည်။
တိတ်ဆိတ်ငြိမ်သက်သော စင်္ကြံကိုဖြတ်၍ ရိုစီနာ သည် ဧည့်ခန်းတံခါးကိုဖွင့်လိုက်သည်။ မှူးမတ်များ၏ ဧည့်ခန်းများနှင့် မတူဘဲ အလွန်ကြီးကျယ်ခမ်းနားသော အရာဝတ္ထုများ ပြည့်နှက်နေသော တတိယမင်းသား နန်းတော်၏ ဧည့်ခန်းသည် သပ်ရပ်လှပနေသည်။
"ကျေးဇူးပြုပြီး ထိုင်ပါဦး..."
အီဘယ်လာ တစ်ဖက်တွင် ထိုင်နေချိန်တွင် ရိုစီနာ က အစေခံများအား လက်ဖက်ရည်ပွဲ ချပေးရန် ပြောလိုက်သည်။အစေခံများကို တလေးတစားပြောဆိုနေသည့် သူမကို အီဘယ်လာ သေချာကြည့်နေတော့သည်။ခဏကြာတော့ အစေခံတစ်ဦးက လက်ဖက်ရည်ခွက်များနှင့် ပြန်လာခဲ့သည်။
အီဘယ်လာ သည် သူမရှေ့က လက်ဖက်ရည်ခွက်ကို ငုံ့ကြည့်သည်။
"?"
သူမရှေ့တွင် ချထားသည့် လက်ဖက်ရည်ခွက်သည် ငွေများစွာ ပေးရပြီး အတော်လေး ဈေးကြီးသည့် လက်သမား ဆရာတစ်ဦး၏ လက်ရာတစ်ခုပင်။ထို့ကြောင့် လက်ဖက်ရည်ခွက်တစ်ခု၏ တန်ဖိုးက အစေခံဆယ်ယောက်အတွက် တစ်နှစ်ပတ်စာ ကုန်ကျငွေနှင့် တူနေတော့သည်။သူမ ခဏလောက် စဉ်းစားနေခဲ့သည်။ ဧည့်ခန်းသည် သပ်ရပ်ပြီး ရိုးရှင်းသော်လည်း၊ ပစ္စည်းတစ်ခုစီကို အရည်အသွေး အမြင့်ဆုံး ပစ္စည်းများဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။
ဒီနေရာကဘာလဲ....
သူမ အံဩနေချိန်မှာပင် အစေခံတစ်ဦးသည် လက်ဖက်ရည် လာထည့်ပေးလိုက်သည်။ထို့နောက် သူမလည်း လက်ဖက်ရည်ကို အသာသောက်နေရင်းက ခေါင်းမော့ကြည့်မိသွားသည်။သူမ သောက်နေသော လက်ဖက်ရည်မှာ Black Tea ဖြစ်သော်လည်း အရသာက အတော် ထူးခြားနေ၏။ဤအရသာကို သူမ သိသည်။ ဤလက်ဖက်ရည်သည် အာစတေးနီးယား မှ လူတစ်ယောက်က သူမအား လက်ဆောင်ပေးထားသောလက်ဖက်ရည်နှင့် တူနေခြင်းဖြစ်သည်။
"ဒါက အာစတေးနီးယား က black tea လား"
ရိုစီနာ သည် သူမ စကားကြောင့် အံ့သြသွားကာ လက်ထဲက လက်ဖက်ရည်ခွက်ကို ချထားလိုက်သည်။ အီဘယ်လာ ကသာ ဤလက်ဖက်ရည်ကို သိသူဖြစ်သည်။
"ဘယ်လိုလုပ် သိတာလဲ..."
"ကျွန်မ အာစတေးနီးယား က လူတစ်ယောက်နဲ့ အဆက်အသွယ်ရှိတယ်..."
သူမ စကားကြောင့် ရိုစီနာ သည် အာစတေးနီးယား ကို ခဏလောက် ပြန်သတိရသွားသည်။ အထူးသဖြင့် နက်ပြာရောင်ပင်လယ်ကြီးနှင့် ရွှေရောင်ကျွန်းများကိုပင်။သူမသည် ထိုနေရာတွင် အပန်းဖြေရသည်ကို နှစ်သက်သည်။ နေဝင်သွားသည်နှင့်အမျှ ပင်လယ်ရေသည် အနီရောင်အသွေးနှင့် စိုစွတ်လှပနေသဖြင့် သူမရင်ထဲတွင် စကားလုံးများဖြင့် မဖော်ပြနိုင်သော ခံစားချက်များဖြင့် ပြည့်နှက်နေရသည်။ အင်ပါယာကို ပြန်ရောက်ပြီးနောက်မှာပင် သူမသည် ထိုအချိန်ကို လွမ်းဆွတ်နေမိသဖြင့် အာစတေးနီးယား လက်ဖက်ရည်ကို မကြာခဏ သောက်ခဲ့ခြင်း ဖြစ်သည်။
ငြိမ်သက်စွာကြည့်နေသော အီဘယ်လာ က အသေအချာမေးလာသည်။
"မင်းသမီးက အာစတေးနီးယား ပြည်သူတွေနဲ့လည်း သိနေတာလား..."
"ဟုတ်တယ်..."
သိကျွမ်းရုံနဲ့ မလုံလောက်သေး သူမ ထိုတိုင်းပြည်မှာ နှစ်အတော်ကြာအောင် နေခဲ့ဖူးသည်။သို့သော်လည်း၊သူမ ဖွင့်မပြောပေ။သူမ အာစတေးနီးယား မှာ အကြာကြီးနေခဲ့ရသည်ကို တစ်ခြားသူတွေသိသွားလို့လည်း ကောင်းမည်မဟုတ်ပေ။ထို့ကြောင့် သူမသည် စကားဝိုင်း၏ အကြောင်းအရာကို ပြောင်းပစ်လိုက်သည်။
"ဒါနဲ့ လေဒီက ဘာလို့ ကျွန်မကို တွေ့ချင်နေတာလဲ..."
"ရုတ်တရတ်တော့ ဖြစ်နိုင်ပေမယ့်..."
အီဘယ်လာ သည် သူမကို တည့်တည့်ကြည့်ကာ ဆုံးဖြတ်ထားသည့်အတိုင်း ပြောလိုက်သည်။
"ကျွန်မ မင်းသမီးရဲ့လူဖြစ်ချင်တယ်..."
"... ကျွန်မရဲ့ လူဖြစ်ချင်တယ်"
ရိုစီနာ သည် နားကြားမှားသလားဟု တွေးကာ သေချာပြန်မေးလိုက်ရာ အီဘယ်လာ က ခေါင်းညိတ်ပြလိုက်သည်။ သူမ စကားမပြောနိုင်အောင် ဆွံ့အသွားရသည်။ အီဘယ်လာ သည် သူမအား ဤသို့မေးဖူးသော တစ်ဦးတည်းသော သူဖြစ်သည်။ အာဆီလီယာ သည် အီဘယ်လာ ကို အစောပိုင်းက ဆက်ဆံပုံအား တွေးတောကြည့်လျှင် သူမသည် အတော်အဆင့်မြင့်သော မိသားစုမှ ဆင်းသက်လာကြောင်း သေချာသည်။ ဘာလုပ်ရမှန်းမသိ ဖြစ်နေသော သူမသည် ခဏကြာမှ စကားပြန်လိုက်သည်။
"တောင်းပန်ပါတယ်....ကျွန်မက ဘာအာဏာမှ မရှိပါဘူး..."
ရိုစီနာ နှင့် အာဆီလီယာ တို့သည် မင်းသမီးများဖြစ်သော်လည်း ဆက်ဆံခံရပုံချင်း မတူကြပေ။ အဘယ်ကြောင့်ဆိုသော် ရိုစီနာ သည် မည်သည့်အရေးတွင်မှ သူမ ဝင်ပြောပိုင်ခွင့်မရှိသောကြောင့်ဖြစ်သည်။
"ဒါမှမဟုတ် လေဒီက တခြားတော်ဝင်မိသားစုဝင်တွေနဲ့ ပေါင်းသင်းဆက်ဆံချင်တယ်ဆိုရင်လည်း..."
"ကျွန်မ အဲ့ဒီလိုမလုပ်ချင်ပါဘူး..."
အီဘယ်လာ က ခေါင်းခါလိုက်သည်။ ရိုစီနာ က သူမကို ငြင်းဆိုထားသော်လည်း သူကတော့ အတင်းတောင်းဆိုနေဆဲပင်။
"မင်းသမီး...ကျွန်မ အကြောင်းကို နားထောင်မှာလား..."
"…ကောင်းပါပြီ"
ရိုစီနာ က သဘောတူလိုက်သောအခါ၊ အီဘယ်လာ သည် လက်ဖက်ရည်ခွက်ကို လှမ်းကိုင်လိုက်ပြီး ဖြည်းညှင်းစွာ ပြန်ပြောပြသည်။
"ပြောရတာ ရှက်ပါတယ်... ဒါပေမယ့် ကျွန်မရဲ့ မိသားစုက အနောက်ပိုင်းဒေသမှာ ချမ်းသာတယ်ဆိုပြီး ကျော်ကြားတယ်..."
“……”
"ကျွန်မက တစ်ဦးတည်းသောသမီးမို့ ချို့ယွင်းချက်မရှိနဲ့ ကြီးပြင်းလာခဲ့ပြီး လူတိုင်းက ကျွန်မကို အရမ်း ဂရုစိုက်ကြပါတယ်..."
အီဘယ်လာ သည် အမှန်တရားကို ရိုးရိုးရှင်းရှင်း ပြောနေခြင်းဖြစ်ပြီး အမွှမ်းတင်ပြီး ပြောခြင်းမရှိဟု ဘယ်သူမဆို ခံစားနိုင်သည်။
“ဟန်ဆောင်မှုတွေ ပြည့်နှက်နေတဲ့ ကမ္ဘာမှာ နေထိုင်ရင်း ကျွန်မ သံသယဖြစ်မိလာတယ်....အဲ့ဒီ သံသယဟာတဖြည်းဖြည်း ကြီးထွားလာပြီး ကျွန်မနဲ့ တခြားသူတွေကြားမှာ တံတိုင်းတစ်ခု ဆောက်လာရတယ်...”
အေးအေးဆေးဆေး စကားဆက်ပြောနေသော သူမသည် ရှက်ရွံ့သလို ခေါင်းငြိမ့်လိုက်သည်။
“အခုချိန်ထိတော့ တခြားသူတွေနဲ့မတူဘဲ ကျွန်မဟာ လူတွေကို မလိုမုန်းထားတဲ့ အမြင်နဲ့ ကြည့်နေတယ်လို့ ကျွန်မကိုယ်ကျွန်မ ထင်တယ်...”
သူမ စကားပြောရင်း ခေတ္တရပ်လိုက်သောအခါ ရိုစီနာ လည်း တိတ်တဆိတ်စောင့်နေသည်။
“ဒါပေမယ့် ဒီနေ့တော့ ကိုယ့်ကိုယ်ကို ရှက်မိတယ်....ကောလဟာလတွေကို ယုံစားပြီး တခြားသူတွေလိုပဲ မင်းသမီးကိုသာ မယုံနိုင်ဖြစ်ပြီး တိတ်တိတ်လေး အကဲခတ်နေမိတယ်..."
ယနေ့၊ အီဘယ်လာ သည် သူမ၏ ဖခင်က တတိယမြောက် မင်းသမီးနှင့်တွေ့ဆုံရန် တောင်းဆိုထားတာကြောင့် ပထမဆုံးအကြိမ် လက်ဖက်ရည်သောက်ပွဲသို့ လာရောက်ခဲ့ခြင်းဖြစ်သည်။ အာဆီလီယာ သည် သူမအား ဖိတ်စာတစ်စောင် အဘယ်ကြောင့် စွဲစွဲမြဲမြဲ ပို့နေသည်ကို သူမ မသိတာကြောင့် သူမလည်း သိချင်စိတ်ဖြင့် လာခဲ့ရ၏။ ရိုစီနာ လက်ဖက်ရည်သောက်ပွဲမှာ ပထမဆုံးပေါ်လာတုန်းက သူမ နည်းနည်း အံ့သြသွားမိသည်။
ရိုစီနာသည် ကောလဟာလတွေနှင့် ဆန့်ကျင်ဘက်ဖြစ်စွာပင်၊ အေးအေးဆေးဆေး နိုင်လှပြီး ပြေပြစ်သူဖြစ်သည်။ ရိုစီနာ သည် လက်ဖက်ရည်သောက်ရင်း ငြိမ်သက်ပြီး ဘာမှဝင်မပြောဘဲ နေခဲ့သည်။ အားလုံးက ရိုစီနာ ကို ရည်ရွယ်ချက်ရှိရှိ လျစ်လျူရှုထားသည်ဟု သူမတောင် သိနေသည်။ထို့အပြင် ရိုစီနာသည် အစားအသောက်ကိုလည်း နည်းနည်းသာ စားသည်။ရိုစီနာ က စိတ်ဝင်စားဖို့ ကောင်းသည်ဟု သူမ ထင်ထားသော်လည်း သူမမှာ မာနမရှိပေ။
ထို့အပြင် သူမသည် ဒုတိယမင်းသမီး၏ ကဲ့ရဲ့ခြင်းကို ခံရလေ့ရှိပုံရသည်။သို့သော်၊ သိပ်မကြာခင်မှာပဲ အီဘယ်လာ ၏ အတွေးတွေက ကွဲအက်သွားရ၏။မြို့စားကတော် လီဗီတာ သည် အရိပ်အခြည်မသိဘဲ ရိုစီနာ ၏ ၀တ်စုံကို ချီးကျူးခဲ့သည်။ တစ်ချက်ကြည့်လိုက်ရုံနှင့်၊ အာစီလီယာနှင့် သူမ၏ အရုပ်တွေက သိပ်မကျေနပ်သွားပုံ ပေါ်နေလေသည်။
ထို့ကြောင့် အီဘယ်လာ သည် အာဆီလီယာက ကလေးဆန်သည်ဟု ထင်မိသော်လည်း ဝင်ရောက်စွက်ဖက်ရန် စိတ်မ၀င်စားခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူမသည် ကိုယ်နှင့် မရင်းနှီးသော သူတစ်ယောက်အား ကူညီချင်စိတ်မရှိတာကြောင့်ပင်။
သို့သော်၊ ရိုစီနာ ကတော့ မတူပေ။ သူမသည် လျစ်လျူရှု ခံရစဥ်ကလည်း ဘာတစ်ခွန်းမှမပြောဘဲ ငြိမ်သက်နေခဲ့သည်။ထို့နောက် မြို့စားကတော် လီဗီတာ ဒုက္ခရောက်သောအခါ သူမသည်ချက်ချင်း ရှေ့ထွက်ပြီး အာဆီလီယာ ကို ဝေဖန်ခဲ့သည်။ ရိုစီနာ ၏ သဘောထားသည် ကြီးကျယ်လှနိုင်သော်လည်း အာဆီလီယာ ဘေးတွင်ထိုင်နေသော အီဘယ်လာ မှာ ကိုယ့်ကိုယ်ကို ရှက်သွားရလေသည်။ ရိုစီနာ သည် မြို့စားကတော် လီဗီတာ ကို ကာကွယ်ပေးလိုက်သည့်အချိန်မှစ၍ အီဘယ်လာ တွေးမိသည်မှာ သူမနှင့် အတူတူရှိနေချင်စိတ်ပင် ဖြစ်လာတော့သည်။
"ကျွန်မ မင်းသမီးရဲ့ခွန်အားဖြစ်ချင်တယ်..."
ရိုစီနာ သည် အီဘယ်လာက ပွင့်ပွင့်လင်းလင်းပြောသောအခါ တိတ်ဆိတ်သွားရသည်။ ဤကဲ့သို့ ရိုးသားသော တစ်စုံတစ်ယောက်အား သူမ မဆက်ဆံခဲ့ရသည်မှာ အတော် ကြာခဲ့ပြီဖြစ်သည်။ လှည့်စားမှု တစ်စက်မှ မပါဝင်သော အီဘယ်လာ ၏ မျက်လုံးများကို ကြည့်ပြီး သူမ စိတ်ထဲမှာ သက်တောင့်သက်သာ ခံစားရစေသည်။တခြားလူများသည် သူမကို ဆွဲချနိုင်သော်လည်း၊အီဘယ်လာကိုမူ မလွန်ဆန်ရဲမှာမဟုတ်ပေ။
"ကောင်းပါပြီ..."
ရိုစီနာ က ခေါင်းညိတ်ပြီး ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။
"ဒါဆို သူငယ်ချင်းလုပ်ရအောင်..."
အီဘယ်လာ သည် သူမ စကားကြောင့် မျက်လုံးများ ပြူးကျယ်သွားသည်။ရိုစီနာ သည် သူမ၏ အံ့သြနေသော မျက်နှာကို ကြည့်ရင်း ရယ်မောလိုက်သည်။ သူမသည် အီဘယ်လာ နှင့် အမှန်တစ်ကယ် ကောင်းမွန်စွာ ပေါင်းသင်းနိုင်လိမ့်မည် ဖြစ်သည်။
"ညီမက အစ်မနဲ့ ခင်ရင် အရမ်းကောင်ပါတယ်...အစ်မ ဝမ်းသာပါတယ်..."
ရိုစီနာ ၏ စကားကြောင့် အီဘယ်လာ သည် အသာအယာ ပြုံးလိုက်သည်။
***
မြင်းနက်များစွာသည် တောထဲကဖြတ်လာခဲ့သည်။ မြင်းစီးသံများမှာ ပဲ့တင်ထပ်နေပြီး အေးမြသောလေသည်ထူထပ်သော သစ်ပင်များကို ဖြတ်သန်းတိုက်ခတ်နေသည်။ဤဒေသမှာ အလယ်ပိုင်း၊ မြောက်ပိုင်းဒေသတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ဒေသဖြစ်ပြီး ရာသီဥတုမှာလည်း အလယ်ပိုင်းဒေသထက် ပို၍အေးသည်။ ဆောင်းသစ်ပင် ဖြူဖြူများကို နှင်းခဲများက ဖုံးလွှမ်းသွားသည့် အချိန်တွင် ပြေးနေသော မြင်းနက်ကြီး ရပ်တန့်သွားသည်။ ဇက်ကြိုးကိုင်ပြီး မြင်းကို နှစ်သိမ့်ပေးနေသည့် ရာဟန် က လုံးဝရပ်လိုက်ပြီး သူ့နောက်လိုက်လာသော သူရဲကောင်းတွေကို ပြောပြသည်။
"ငါတို့ ဒီည ဒီမှာ အိပ်မယ်..."
သူရဲကောင်းများ၏ မျက်နှာများသည် ရွှင်မြူးမှုများနှင့် ပြည့်နှက်သွားရသည်။ ညမိုးမချုပ်ခင် အနားယူနိုင်ခဲ့သည့်အတွက် သူတို့ ကျေးဇူးတင်နေရ၏။ ထို့နောက် သူတို့သည် တောထဲသို့ သွားကာ ထင်းခွေပြီး သစ်ကိုင်းများဖြင့် တဲများ ဆောက်ကြ၏။ ယနေ့ဆိုလျှင် တော်ဝင်နန်းတော်ကနေ ထွက်ခွာပြီးသည်မှာ ၁၅ ရက်မြောက်နေ့ ဖြစ်သည်။
ထရိအက် သူရဲကောင်းများနှင့် ရာဟန် တို့သည် တတ်နိုင်သမျှ ဟေလာ သို့ မြန်မြန်ရောက်ရန် မြောက်ဘက်လမ်းကို ဖြတ်ပြီး လာခဲ့ကြသည်။ မူလက မရှိသောလမ်းကို ဖောက်ပြီး လာရသဖြင့် အတော်လေး အခက်တွေ့ရသည်။ သူ မသိလိုက်ခင်မှာပင် မီးလောင်နေသည့် အသံကို ကြားလိုက်ရသည်။ သူရဲကောင်းများသည် အိတ်ထဲမှ အသားခြောက်နှင့် ပေါင်မုန့်ခြောက်များကို ထုတ်လိုက်သည်။ ထို့နောက် ရယ်ဗင် ကျိုချက်နေသာ ဟင်းရည်မှာ ဆူပွက်လာသည်နှင့်အမျှ ရာဟန် က အိတ်ထဲမှ စာရွက်တစ်ရွက်နှင့် ဘောပင်တစ်ချောင်းကို ယူလိုက်သည်။
သူရဲကောင်းများသည် ရာဟန် ကို အတူတူ မော့ကြည့်လိုက်သည်။ ထို့နောက် သူက ဘောပင်ကိုကိုင်ပြီး စာရွက်ကို အကြာကြီးစိုက်ကြည့်နေသည်။သူသည် နေ့တိုင်း ၁၅ ရက်လုံးလုံး စာတစ်စောင် ရေးခဲ့သော်လည်း ရိုစီနာ ဆီကို စာတစ်စောင်မှ မပို့ခဲ့ဘဲ သူ့အိတ်ထဲသာ ထည့်ထား၏။
"ညစာ အဆင်သင့်ဖြစ်ပြီ..."
သူရဲကောင်းများသည် ခရေယယ် ၏ ကျယ်လောင်သော အသံကိုကြားသောအခါ စုရုံးလိုက်ကြသည်။ သူရဲကောင်းများသည် မီးပုံဘေးတွင် ထိုင်နေစဉ် အဲဆစ် သည် ရာဟန် အနားကို ချဉ်းကပ်လာသည်။
"စားပြီးရင် ပြီးအောင် ရေးပါ...ခေါင်းဆောင်ရဲ့"
သို့သော် ရာဟန် ကတော့ မလှုပ်ပေ။ထို့ကြောင့် အဲဆစ်က နောက်ဆုံးအားကိုးရာတစ်ခုကို အသုံးပြုလိုက်သည်။
"ဒါကိုမြင်ရင် သူမ သဘောကျမှာ သေချာတယ်..."
ထိုစကားကြောင့် ရာဟန် ၏ ပခုံးများ က တဆတ်ဆတ် တုန်သွားသည်။ထို့နောက် သူက ဘောပင်ကို ချထားလိုက်ပြီး ဆံပင်ကို သပ်တင်လိုက်၍ မီးပုံကြီးဆီသို့ ဦးတည်သွားစဉ် အဲဆစ် က စာရွက်ကို ခိုးကြည့်လိုက်သည်။ စာရွက်က သန့်ရှင်းနေပြီး မပျက်စီးသေးပေ။ရာဟန် သည် စကားလုံးတစ်လုံးမှ မရေးဘဲ အချိန်အတော်ကြာ စဉ်းစားနေခဲ့ခြင်း ဖြစ်ရမည်။သူ့အတွက် ပထမဦးဆုံးအကြိမ် စာရေးခြင်းဖြစ်တာကြောင့် အတော်လေးခက်ခဲနေပုံပင်။
ထို့နောက် အားလုံးက အနက်ရောင် ဝတ်ရုံကို ချွတ်ထားလိုက်ပြီး ညစာ စားကြပါတော့သည်။သူတို့သည် ဤအစားအစာကို 15 ရက်ကြာအောင် ထပ်တလဲလဲ စားနေခဲ့ရသည်။ သို့သော်သူတို့သည် မပူမပင် စားနိုင်သည့်အတွက် ကျေးဇူးတင်ကြသည်။ရာဟန်က အဖွဲ့သားများနှင့် အလွန်လိုက်လျောညီထွေ ဖြစ်လာသောကြောင့်လည်း ဖြစ်နိုင်သည်။ ခဏကြာလျှင် ရယ်ဗင်နှင့် ခရေယယ် တို့သည် လက်ကျန်ဟင်းရည်ကို လုနေကြစဉ်တောအုပ်အတွင်းမှ အသံလေးတစ်ခု ထွက်ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် အားလုံးသည် ဓားရှည်များကို လက်နှစ်ဖက်ဖြင့် ဆုပ်ထားကြသည်။ လေသံဟု ယူဆနိုင်သော တိုးလျသော အသံတစ်ခုဖြစ်သော်လည်း မည်သူမျှ သတိ မလွှတ်ကြပေ။ အသံက ပိုနီးကပ်လာရသဖြင့် အားလုံး ဓားကို ချွတ်လိုက်ကြသည်။ မကြာခင်မှာ ပင် မှောင်မည်းနေသည့် တောထဲက လူတစ်ယောက် ပြေးထွက်လာလေသည်။
“ကယ်.... ကယ်ပါဦး…”
မျက်ရည်များကျပြီး ငိုကြွေးလာသူက အော်ဟစ်အကူအညီ တောင်းနေပြီး ချော်လဲကျသွားသည်။ ရာဟန် နှင့် သူရဲကောင်းများသည် ဓားရှည်များကို တစ်ချိန်တည်းမှာပင် ချိန်လိုက်ကြရာ ထိုလူက ခေါင်းကို ဖြည်းဖြည်းချင်း မော့လာသည်။ထို့နောက် ချက်ချင်းပင် နက်မှောင်သော တောအုပ်ထဲမှ ပြင်းထန်သော အသက်ရှုသံတစ်ခု ထွက်ပေါ်လာပြီး သစ်ပင်များသည် ယမ်းထိုးလှုပ်ရှားလာသည်။
မကြာမီ၊ တောဝက်နှင့် တောဝက်ဝံတို့ ပုံစံပေါက်နေသော သားရဲအမျိုးအစား မကောင်းဆိုးဝါးတစ်ကောင်သည် သစ်ပင်များကြားမှ ထွက်လာတော့သည်။သူ့နှာခေါင်းက ပြားချပ်နေပြီး သူ့နဖူးပေါ်မှာလည်း မီးလုံးတမျှ ရဲရဲနီနေသော မျက်လုံးကြီးရှိသည်။မြေကြီးပေါ်လဲကျသွားသည့် လူက တုန်တုန်ယင်ယင်နှင့် မကောင်းဆိုးဝါးကြီးကို မော့ကြည့်လိုက်သည်။ ထိုလူ၏ မျက်နှာမှာ စိတ်ပျက်အားငယ်မှုဖြင့် ပြည့်နှက်နေပြီး အရာအားလုံးကို စွန့်လွှတ်လိုက်ပုံရသည်။
ရာဟန် သည် ထိုလူ နောက်တွင်ရပ်နေရာမှ ဓားကိုကိုင်၍ ရှေ့သို့ ခုန်ဆင်းသွားလိုက်သည်။ ချက်ချင်းပင်၊ ရာဟန် သည် အဝေးသို့ လွင့်သွားတော့သည်။ဤမကောင်းဆိုးဝါးနှင့် ရင်ဆိုင်ရန် သူ တစ်ယောက်တည်း မစွမ်းသာပေ။အားလုံး ဝိုင်းတိုက်မှရမည်ဖြစ်သည်။
သို့သော် ရာဟန် သည် အားမလျှော့သေးဘဲ၊ သစ်ပင်ပေါ်ကို ပြေးတက်သွားတော့သည်။ရာဟန် တစ်ယောက် အဖြူရောင်သစ်ပင်တွေနှင့် အမှောင်ထဲမှာ ပျောက်ကွယ်သွားချိန်မှာ မကောင်းဆိုးဝါးကြီးက သူ့ကို လှည့်ပတ်ရှာနေတော့သည်။ချက်ချင်းပင်၊သူ့လက်တံရှည်ကြီးဖြင့် သစ်ပင်ကိုင်း ခက်တစ်ခက်ကို ပုတ်ချလိုက်ရာ ဓားတစ်လက်က ကိုင်ကြားထဲမှ ထွက်လာလေသည်။ဓား၏အရောင်က လရောင်နှင့် ရောင်ပြန်ဟပ်ပြီး ပတ်ဝန်းကျင်ကို လက်ကနဲဖြစ်သွားလေသည်။
ထိုအခါ သူ့ဓားသည် နတ်ဆိုး၏ လက်တံများကို ဖြတ်တောက်ပစ်လိုက်ပြီး အရည်စိမ်းစိမ်းများ ပေါက်ကွဲထွက်လာကာ မကောင်းဆိုးဝါးကြီးက အော်ဟစ်နေတော့သည်။ ထို့နောက် ရာဟန်သည် မရပ်မနား သစ်ပင်ပေါ်သို့ လျင်မြန်စွာ ဆက်တက်သွားပြီး လရိပ်ကို သူကိုယ်နှင့် ကာထားလိုက်သည်။ထိုအခါ လကြတ်လိုက်သကဲ့သို့၊ မှောင်ရိပ်ကျလာပြီး ဓားသည် မကောင်းဆိုးဝါး၏ ငယ်ထိပ်သို့ နက်နက်ရှိုင်းရှိုင်း ထိုးစိုက်သွားလေသည်။ ထိုအခါ မကောင်းဆိုးဝါးကြီးမှာ လဲကျသွားပြီး အော်သံတောင် ထွက်မလာတော့ပေ။
“……”
ထိုလူက ရာဟန် ကို စိုက်ကြည့်နေသည်။သူ့စိတ်ထဲမှာ အဖြစ်အပျက်ကို အိပ်မက်ဟုသာ ထင်နေမိသည်။ရာဟန် သေသွားရမည်ဟု သူထင်ခဲ့သော်လည်း ဆန့်ကျင်ဘက်တွင် မကောင်းဆိုးဝါးကို ရာဟန်က လုံးဝ သတ်ပစ်လိုက်နိုင်သည်။
"သွားကြည့်လိုက်....သေပြီလားဆိုတာ..."
ရာဟန် က ဓားကို လက်ကိုင်ပုဝါနှင့် သုတ်ရင်း ပြောလိုက်ရာ သူရဲကောင်းများသည် သူ့အနားကို ချဉ်းကပ်လာပြီး တစ်ချို့က မကောင်းဆိုးဝါးကြီးကို သွားကြည့်ကြသည်။ ရာဟန် သည် သူ့ကိုတစ်ယောက်ယောက်က စိုက်ကြည့်နေသည်ကို ခံစားလိုက်ရသဖြင့် ထိုလူ့ကို ငုံ့ကြည့်လိုက်သည်။ချက်ချင်းပင် ထိုလူက သူ့ဘောင်းဘီအနားစကို လာကိုင်ထားလေတော့သည်။
"ဘာလဲ..."
ရာဟန် က အေးစက်သော မျက်နှာထားဖြင့် မေးလိုက်ရာ ထိုလူက တုန်တုန်ယင်ယင် အသံဖြင့် သတိကြီးစွာထားပြီး မေးလိုက်သည်။
"အ....အရှင့်သား.....ခင်ဗျားက အိမ်ရှေ့စံလား..."