Chapter 46
“ခင်ဗျားက တစ်ကယ်ပဲ အိမ်ရှေ့စံလား...”
“…..”
ရာဟန် သည် နှုတ်ဆိတ်နေခဲ့ပြီး ငြင်းလည်း မငြင်းသလို အတည်ပြုခြင်းလည်း မရှိပေ။ ထိုအခါ ထိုလူက ရာဟန် သည် အိမ်ရှေ့စံမင်းသားဖြစ်ကြောင်း စိတ်ချလက်ချဖြစ်သွားပြီး သတ္တိရှိရှိ အော်လိုက်သည်။
"ကျေးဇူးပြုပြီး ကျွန်တော်တို့ရွာကိုကယ်ပါ ...အရှင့်သား..."
"...ရွာ"
ရာဟန် က မျက်မှောင်ကြုတ်ကာ မေးလိုက်ရာ ထိုလူသည် အထပ်ထပ် ခေါင်းညိတ်ပြပြီး မြေပြင်ပေါ် ဝပ်တွားသွားသည်။
“နတ်ဆိုးတွေက ကျွန်တော်တို့ရွာကို တိုက်ခိုက်နေကြတယ်... ကျွန်တော်တို့ ပြန်တိုက်ဖို့ ကြိုးစားခဲ့ပေမယ့် မယှဉ်နိုင်ခဲ့ပါဘူး..."
ထိုလူက အလျင်စလိုပြောသောအခါ၊ ရာဟန် အတွေးပေါက်သွားရသည်။ နတ်ဆိုးများသည် ယေဘူယျအားဖြင့် သစ်တောများနှင့် မြစ်များကဲ့သို့ လူဦးရေကျဲပါးသော နေရာများတွင် ပုန်းကွယ်နေတတ်သည်။လွန်ခဲ့သော နှစ်အနည်းငယ်က ရွာများကို ရံဖန်ရံခါ တိုက်ခိုက်မှုများ ရှိခဲ့သော်လည်း ထရိအက် သူရဲကောင်းများ သုတ်သင်ပြီးနောက် ပျောက်ကွယ်လုနီးပါး ဖြစ်ခဲ့သည်။ အထူးသဖြင့်၊ ဤဒေသတွင် မကောင်းဆိုးဝါးများရှိနေကြောင်း တစ်ခါမျှ သတင်းမရခဲ့ပေ။ ထူးဆန်းသည်က မကောင်းဆိုးဝါးတွေ ပေါ်လာလျှင် ဘုရင်မင်းမြတ်ကိုယ်တိုင် သူတို့ကို လာပြောရမည်ဖြစ်ပေသည်။
"ရွာသူကြီးကကော ဘယ်မှာလဲ..."
ထိုလူက စိတ်ပျက်လက်ပျက်နှင့် ပြန်ပြောပြီး မြေပြင်ကို လက်နှင့် ကုတ်လိုက်၏။
“သူကြီးက…ရွာကို စွန့်သွားပြီ...”
ရာဟန် တိတ်ဆိတ်သွားရသည်။ ရွာငယ်လေးတစ်ရွာကို မကောင်းဆိုးဝါးတစ်ကောင် ၏ တိုက်ခိုက်ခံရသည့်အခါ သူကြီးက မသိဟန်ဆောင်ခဲ့ခြင်းပင်။
“ခေါင်းဆောင်....ဒီကောင် လုံးဝသေသွားပါပြီ...”
ရာဟန် သည် ခရေယယ် ၏ အစီရင်ခံစကားကို တုံ့ပြန်ခြင်းမရှိဘဲ ဆုံးဖြတ်ချက်တစ်ခုချရန် စဉ်းစားနေသည်။
သူကြီးကိုယ်တိုင် စွန့်ပစ်ထားတဲ့ရွာကို ကယ်တင်မှာလား.... ဒါမှမဟုတ် လမ်းဖြတ်သွားရင်း မျက်စိမှိတ်သွားမှာလား...
ဘုရင်မင်းမြတ်သည် သူ့ကို မကောင်းဆိုးဝါးများအား သုတ်သင်ရန် တောင်းဆိုခဲ့သည်။ သို့သော် ယခုလို ရွာငယ်လေးတစ်ခုအား ဂရုစိုက်ဖို့ ညွှန်ကြားချက် မပေးထားပေ။ထို့ကြောင့် သူသည် ပြဿနာဖြစ်နိုင်သည့်နေရာများသို့သာ ခရီးထွက်ခဲ့ပြီး ထိုကဲ့သို့ ရွာငယ်လေးကို အစကတည်းကပင် သွားရန်စိတ်မကူးမိပေ။ ရာဟန် မျက်လုံးမှိတ်ထားလိုက်သည်။
ရိုစီနာ သာဆိုရင် သူမ ဘာလုပ်မလဲ....
သူမသည် ချိုမြိန်ပြီး သဘောကောင်းသူဖြစ်တာကြောင့် သာမည်ကာလျှံမည်ကာ သဘောထားလိမ့်မည် မဟုတ်ကြောင်း သေချာသည်။ လွန်ခဲ့သည့် ခုနစ်နှစ်က သူ့ကို ပဲ့တင်သံ တောအုပ်ထဲကနေ ကယ်တင်ခဲ့သည့် စိတ်ထားကို ကြည့်လျှင် သိနိုင်သည်။
"ခေါင်းဆောင်..."
"ငါတို့ရွာကိုသွားမယ်..."
ခရေယယ် အပါအဝင် သူရဲကောင်းများသည် ရာဟန် ၏ဆုံးဖြတ်ချက်ကို ကြောင်စီစီဖြစ်သွားရသည်။
"ဒီညပဲ သွားမယ်..."
သူ ရည်ရွယ်ထားတာထက် နည်းနည်းနောက်ကျပြီးမှ ရိုစီနာ ဆီကို ပြန်သွားရနိုင်သော်လည်း အနည်းဆုံးတော့ သူမရှေ့မှာ ခေါင်းကို မတ်မတ်ထားချင်သည်။ ရာဟန် သည် မြင်းကို အသင့်ပြင်လိုက်သောအခါ သူရဲကောင်းများသည်လည်း တညီတညွှတ်တည်း လှုပ်ရှားကြသည်။ သူတို့က မီးပုံကို သဲများဖြင့် ငြိမ်းသတ်ပြီး တဲများအား ဖျက်ပြီး၊အိတ်များအားလုံးကို ထုပ်ပိုးလိုက်သည်။
ရာဟန် စီးလာသော မြင်းနက်ကြီးသည် ချက်ချင်းပင် ပြေးသွားသည်။ တောအုပ်တွေထဲကို သူတို့ ဖြတ်ပြေးလာပြီး လရောင်ကို ရောင်ပြန်ဟပ်နေသည့် အဖြူရောင်သစ်ပင်တွေကြားထဲမှ ဖြတ်သွားကြ၏။
တောအုပ်မှ ထွက်လာသောအခါတွင် အလင်းရောင်ကဲ့သို့ တောက်ပသော ရွာကလေး ပေါ်လာသည်။ နေရာတိုင်းတွင် မီးတောက်များ မြူခိုးများက တိမ်များလို၊ ရွာအနှံ့ ပျံ့လွင့်နေသည်။
တောင်ပေါ်မှဆင်းလာသော ရာဟန် သည် ပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်သည်။ ရွာသားများမှာ အော်ဟစ်ငိုယိုနေကြပြီး ပြိုကျနေသည့် အဆောက်အဦးမှာလည်း များပြားလှသည်။
“အနည်းဆုံး မကောင်းဆိုးဝါးသုံးကောင် ရှိတယ်...”
သူရဲကောင်းများက ခေါင်းညိတ်လိုက်သောအခါ ရာဟန် သည် မြင်းဇက်ကြိုးကိုကိုင်ကာ စီးသွားခဲ့သည်။သူရဲကောင်း တွေကလည်း သူ့ဘေးမှာ တန်းစီ၍ စီးနင်းလာကြ၏။
ရွာထဲကိုဝင်လာတော့ ရာဟန်သည် သူမြင်လိုက်ရသည့် မကောင်းဆိုးဝါးတစ်ကောင်ကို ခုတ်သတ်ပစ်လိုက်သည်။ အဆင့်နိမ့် မကောင်းဆိုးဝါးတစ်ကောင် ဖြစ်သောကြောင့် နောက်ပြန်မဆုတ်ဘဲ တိုက်ခဲ့သဖြင့် အမြန်ကျဆုံးသွားသည်။
သူရဲကောင်းများသည် ရာဟန် နောက်သို့ လိုက်ခဲ့ကြသည်။ နတ်တန်ခိုးမရှိသော သူရဲကောင်းများသည် မကောင်းဆိုးဝါးများကို နက်ရှိုင်းစွာ မထိခိုက်စေနိုင်သောကြောင့် ရာဟန် နောက်ကသာ လိုက်ရခြင်းဖြစ်သည်။ထိုစဥ် တစ်စုံတစ်ယောက်၏ အော်သံသည် ကောင်းကင်ယံ၌ ပြည့်နှက်နေသည်။ ရာဟန် က ဓားကို ဓားအိမ်ထဲက ချွတ်ပြီး သူရဲကောင်းတွေကို အမိန့်ပေးလိုက်သည်။
“အနောက်ဘက်မှာ...”
သူရဲကောင်းများသည် ရှေ့သို့ ပြေးလိုက်ကြသည်။ ဦးဆောင်သူ အဲဆစ် သည် မကောင်းဆိုးဝါးကို ပထမဆုံးတွေ့ပြီး မြှားနှင့်ပစ်ရသူဖြစ်သည်။ မြှားသည် မကောင်းဆိုးဝါး၏ မာကျောသော အရေခွံထဲသို့ နက်နက်နဲနဲ မထိုးဖောက်သွားသော်လည်း ဒေါသဆွပေးရာရောက်ပေသည်။
မကြာမီ ဧရာမဝံပုလွေနှင့်တူသော မကောင်းဆိုးဝါးသည် သူရဲကောင်းများထံ ပြေးလာသောအခါ သူရဲကောင်းများသည် မြင်းများကို နောက်ပြန်ဆုတ်ဖို့ ကြိုးစားကြရသည်။ နောက်ကနေ ပြေးလာသည့် ရာဟန် က မကောင်းဆိုးဝါး၏ ခန္ဓာကိုယ်ထဲကို ဓားနဲ့ ထိုးလိုက်ပြီးလျှင် သူရဲကောင်းများသည်လည်း အမျိုးမျိုး ပူးပေါင်းတိုက်ခိုက်ကြ၍ ဘီလူးများကို သတ်လိုက်နိုင်သောအခါတွင် အာရုဏ်တက်လာပြီဖြစ်သည်။
အပြာရောင် အလင်းတန်းတစ်ခုက ရွာကလေးကို လွှမ်းခြုံလာပြီး ရာဟန် နှင့် သူရဲကောင်းများသည် ပင်ပန်းနေကာ ဓားရှည်များကို ချလိုက်သည်။မကောင်းဆိုးဝါး များ၏ အရိပ်အယောင် မရှိတော့ေပ။ သူတို့အားလုံး မြင်းပေါ်မှဆင်းလိုက်သောအခါ ပုန်းအောင်းနေသော လူများ က တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကြသည်။ သူတို့မျက်နှာတွေက လည်း ကြောက်ရွံ့မှုတွေ ပြည့်နှက်နေလျက်။
"အားလုံး စိတ်ချပါ...ကျွန်တော်တို့ မကောင်းဆိုးဝါးတွေအားလုံးကို ရှင်းပြီးပါပြီ..."
အဲဆစ် က လူတွေကို လှမ်းအော်လိုက်ရာ တစ်ဖက်မှ အော်ဟစ်သံကို ကြားလိုက်ရပြီး လူတစ်ယောက် ရှေ့ကိုရောက်လာသည်။ထို့နောက် သူက အနက်ရောင် ယူနီဖောင်းဝတ် သူရဲကောင်းများကို တွေ့သောအခါ အော်ဟစ်လိုက်သည်။
"...ခင်ဗျားတို့တွေက ထရိအက် သူရဲကောင်းတွေလား..."
ထရိအက် သူရဲကောင်းများ၏ ဂုဏ်သတင်းသည် အင်ပါယာ အနှံ့ ပျံ့နှံ့နေပြီဖြစ်သည်။ အနက်ရောင် ဝတ်စုံဝတ် သူရဲကောင်းများသည် ရုတ်တရက် ပေါ်လာပြီး မကောင်းဆိုးဝါးများကို သတ်ခဲ့ကြောင်း ကလေးငယ်များက အစ သိကြသည်။
ပုန်းအောင်းနေသူ များအားလုံးသည် 'ထရိအက် သူရဲကောင်းများ' ဟူသော အသံကြားသည်နှင့် အလျှိုလျှို ထွက်လာကာ အံ့အားသင့်နေကြလေသည်။
မိုးလင်းလာသည်နှင့်အမျှ၊ နီရဲနေသော နေရောင်သည် ရာဟန် ၏ ခေါင်းပေါ်သို့ ထွန်းတောက်လာသည်။ အနီရောင်မီးရောင်က ရွှေရောင်ဆံပင်အပေါ်ကို သွန်းလောင်း ဖြာကျနေချိန်မှာ လူတစ်ယောက်က ထပြောလိုက်၏။
“အိမ်....အိမ်ရှေ့စံ”
သူ့စကားက ခဏရပ်သွားပြီး ရွာသားတွေက ဒူးထောက်ထိုင်လိုက်ကြသည် အကြောင်းမှာ သူတို့သည် ထရိအက် သူရဲကောင်းများကိုဦးဆောင်သူမှာ အိမ်ရှေ့စံဖြစ်သည်ကို သူတို့ သိကြပြီးဖြစ်သည်။ ထို့အပြင် ဤရွာကလေးသည် မြို့တော်နှင့်ဝေးကွာသောကြောင့်လူအများစုသည် အိမ်ရှေ့စံ၏မျက်နှာကို မမြင်ဖူးကြပေ။
အဲဆစ် သည် တုန်လှုပ်နေသော မျက်နှာဖြင့် ရာဟန် ကို တစ်ချက်ကြည့်လိုက်သည်။ ရာဟန်သည် တစ်ခါတစ်ရံ အထင်လွဲခံရသော်လည်း ယခုလို လူအများကြီးရှေ့မှာ အထင်မခံရဖူးပေ။ ဘယ်လိုပင်ဖြစ်ဖြစ်၊ ရာဟန် သည် အိမ်ရှေ့စံနေရာမှာ အစားထိုးထားသူ ဖြစ်သည်။ မကောင်းဆိုးဝါးတွေကို သတ်ပြီး လူတွေကို ကယ်တင်ဖို့က တတိယမင်းသား အတွက် မဟုတ်ဘဲ အိမ်ရှေ့စံ၏ အလုပ်ပင်ဖြစ်သည်။
ရာဟန် သည် လူတိုင်း၏မျက်လုံးများကို ကြည့်ပြီး ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် လူတိုင်းက ခေါင်းကို မြေကြီးပေါ်အထိ တင်းတင်းဖိထားကြသည်။
"ကျွန်တော်တို့ အိမ်ရှေ့စံကို ကြိုဆိုပါတယ်..."
အဲဆစ် အပါအဝင် သူရဲကောင်းများသည် ထိုမြင်ကွင်းကို တိတ်တဆိတ် သာ ကြည့်နေကြသည်။ ခရေယယ် သည် ရာဟန် ကို သနားစဖွယ် ကြည့်နေသော်လည်း ရာဟန် မှာ တည်ကြည်နေလေသည်။
“အရှင့်သား မလာဘူးဆိုရင် ကျွန်တော်တို့ရွာ ရှိကိုရှိတော့မှာမဟုတ်ပါဘူး..."
"ကျေးဇူးအများကြီးတင်ပါတယ်..."
ရာဟန် ကို အိမ်ရှေ့စံအဖြစ် နားလည်မှု လွဲနေသူများသည် ကျေးဇူးတင်ကြောင်း တစ်ယောက်ပြီးတစ်ယောက် ပြောနေကြသည်။ တစ်ချို့က ငိုနေကြပြီး တစ်ချို့က ကျေးဇူးတင်ကြောင်းပြဖို့ မြေပြင်ပေါ်ကနေ ခေါင်းတောင် မထောင်လာကြပေ။
စကားအများကြီးမပြောဘဲ ရပ်နေသည့် ရာဟန် က နေထွက်လာသောအခါ မြင်းပေါ်တက်ဖို့ ကြိုးစားလိုက်လျှင်၊ လူအုပ်ကြားထဲက လူတစ်ယောက်က ဝင်လာပြီး အော်ဟစ်လိုက်သည်။
"အရှင့်သား..."
ရာဟန် လည်း တုံ့ဆိုင်းသွားကာ သူ့ကိုငုံ့ကြည့်လိုက်သည်။ထိုသူသည် အခြားသူများနှင့်မတူဘဲ သပ်ရပ်သောအဝတ်အစားကို ၀တ်ဆင်ထားသူ ဖြစ်သည်။ ရာဟန် သူ့ကို တစ်ချက်ကြည့်လိုက်ရုံနှင့် အ ရေးမပါသူဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ထို့ကြောင့် ရာဟန် ကမြင်းပေါ်တက်ရန် ကြိုးစားသောအခါ၊ ထိုလူက အမြန်ထလာပြီး သူ့ရှေ့မှာ ရပ်လိုက်သည်။ ထိုအခါ သူရဲကောင်းများသည် ဓားရှည်များကို ထုတ်၍ ထိုလူအားတညီတညွတ်တည်း ချိန်ရွယ်ထားသော်လည်း သူက မကြောက်ပေ။ ထို့နောက် သူက တခြားသူတွေ မကြားနိုင်အောင် တိုးတိုး ပြောလိုက်သည်။
"ကျွန်တော် အရှင့်ရဲ့ သရုပ်မှန်ကို သိပါတယ်..."
ရာဟန် ဇဝေဇဝါဖြင့် ထိုလူကို စိုက်ကြည့်နေသည်။
လျှောက်ပြောနေတာလား... ဒါမှမဟုတ် သူ့မှာ ဘာရည်ရွယ်ချက် ရှိနေတာလဲ...
"ခဏနေပါဦး....ကျွန်ေတာ့်ကို အချိန်လေးတစ်မိနစ် ပေးလို့ရမလား..."
“…အင်း....ဆိုစမ်း”
ရာဟန် က သူ့ကိုခွင့်ပြုလိုက်သောအခါ သူရဲကောင်းများသည် ဓားများကို အောက်ချလိုက်သည်။ သူတို့ စကားစမြည်ပြောကြသည့်နေရာသည်မကောင်းဆိုးဝါးများ တိုက်ခိုက်ခြင်းမပြုခံရသော အိမ်တစ်ခုမှာ ဖြစ်သည်။ ရာဟန် သည် စားပွဲဝိုင်းရှေ့တွင် ဦးစွာထိုင်လိုက်ပြီး သူရဲကောင်းနှစ်ယောက်မှာ ဘေးက မတ်တပ်ရပ်နေသည်။ မျက်နှာချင်းဆိုင်ထိုင်နေသော လူသည် စောစောကနှင့်မတူဘဲ စိတ်လှုပ်ရှားနေပုံရသည်။
"မင်းငါ့ကို ဘာပြောချင်တာလဲ..."
"... အရှင်က အိမ်ရှေ့စံမဟုတ်ဘူးဆိုတာ ကျွန်တော် သိတယ်..."
အနောက်တွင် ရပ်နေသော သူရဲကောင်းများသည် အံ့အားသင့်စွာ သက်မရှိုက်လိုက်ကြသည်။ရွာသားများသည် ရာဟန် က အိမ်ရှေ့မင်းသားမဟုတ်ကြောင်း မည်သူမျှ သံသယမရှိခဲ့ပေ။ ရွှေရောင်ဆံပင်နှင့် အပြာရောင်မျက်လုံးများရှိသူသည် ထရိအက် သူရဲကောင်းများကို ဦးဆောင်သဖြင့် သေချာပေါက် အိမ်ရှေ့စံဟုသာ အထင်လွဲကြမှာပင်။ထို့အပြင် မင်္ဂလာဆောင်မှသာ လူသိရှင်ကြား သူ့ကို သိကြခြင်းဖြစ်တာကြောင့် ရာဟန် အမှန်တကယ် ဘယ်သူဘယ်ဝါ၊ ဖြစ်သည်ကို လူအနည်းငယ်ကသာ သိထားသည်ဟု ဆိုနိုင်သည်။
ရာဟန် သည် အေးစက်သော မျက်လုံးများဖြင့် ထိုလူကို လှမ်းကြည့်လိုကသည်။ထိုလူ၏ အသက်နှင့်သေခြင်းသည် သူ့အဖြေပေါ်မှာသာ မူတည်နိုင်သည်။
"ဒါကြောင့် မင်းငါ့ကို ခြိမ်းခြောက်ချင်တာလား..."
"အဲ့ဒီလို မဟုတ်ပါဘူး"
ထိုလူက ခေါင်းယမ်းလိုက်ကာ အသက်ပြင်းပြင်းရှူလိုက်သည်။
"တစ်နေ့မှာ အရှင့်ကို တစ်ကယ်ကျေးဇူးတင်ချင်ခဲ့တာ....ကျွန်တော်က ဟေလာရဲ့ မြောက်ဘက်စွန်းပြည်နယ်ရဲ့ အုပ်ချုပ်သူ ဒီဏိ ပါ..."
“….”
"ကျွန်တော် ဒီမြို့ကို အလုပ်ကိစ္စလုပ်ဖို့ လာခဲ့ပေမယ့် ကျွန်တော် ဘာမှ မလုပ်ရသေးပါဘူး.... အရှင်ကသာ ကျွန်တော့်အစား ရွာသားတွေကို နတ်ဆိုးတွေကို သတ်ပြီး ကယ်လိုက်တာ..."
ဒီဏိ သည် သူ့ကျေးဇူးကို ဘယ်လိုဖော်ပြရမှန်းမသိ ဖြစ်နေပုံရသည်။
"အိမ်ရှေ့မင်းသားက နတ်ဆိုးတွေကို သုတ်သင်တယ်လို့ မသိတဲ့လူတွေက ထင်နေကြတယ်... ဒါပေမယ့် တစ်ချို့နေရာတွေထဲမှာ ကောလဟာလတွေ ထွက်နေပြီ...”
သူ့အသံကို နည်းနည်းလျှော့လိုက်ပြီး ဆက်ပြောပြန်သည်။
"နတ်ဆိုးတွေနဲ့ တိုက်ခိုက်တဲ့သူဟာ အိမ်ရှေ့စံ မဟုတ်ဘူးဆိုတဲ့ ကောလဟာလတစ်ခုပါပဲ....နောက်ပြီး ကျွန်တော်လည်း နားလည်သွားရတယ်..."
ထရိအက် သူရဲကောင်းများ ကို ဦးဆောင်သူသည် အိမ်ရှေ့စံ မဟုတ်ဘဲ တတိယ မင်းသားဖြစ်သည်။ ယခုအချိန်အထိ ဘုရင်မင်းမြတ်နှင့် ဘုရင်မတို့သည် စေ့စေ့စပ်စပ် ဖုံးကွယ်ရန် ကြိုးစားခဲ့ကြောင်း ဤလူက သတိပြုမိခဲ့သည်။ အိမ်ရှေ့စံသည် ထရိအက် သူရဲကောင်းများကို ဦးဆောင်ခြင်း မပြုကြောင်း ရံဖန်ရံခါ ကောလဟာလများ ထွက်ပေါ်ခဲ့သော်လည်း တတိယမင်းသားအကြောင်းကိုတော့ ဘယ်သူကမှ ဝင်မပြောကြချေ။
အိမ်ရှေ့စံသည် အလင်းရောင် ဖြစ်လျှင်၊ တတိယမင်းသား ရာဟန် သည် အိမ်ရှေ့မင်းသားကို ပိုပြီးထင်ပေါ် တောက်ပစေမည့် အရိပ်တစ်ခုပင်။ အလင်းနှင့် အရိပ်သည် လုံးဝ မလိုက်ဖက်ပေ။ ရာဟန် သည် ဓားလက်ကိုင်ကို တစ်ချက်ပွတ်သပ်လိုက်၏။
'ငါ သူ့ကို အခုသတ်ရမှာလား'
ဤအကြောင်း တစ်ခြားသူတွေဆီရောက်သွားရင် သူလည်း တတ်နိုင်မှာမဟုတ်တော့ေပ။လူတိုင်းကို သတ်ပစ်လို့မရပေ။ ဘုရင်မသည် သူ့ကို အသက်ရှင်လျက် ထားရသည့်အကြောင်းမှာ လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားခြင်းကြောင့် ဖြစ်ပြီး ရိုစီနာ နှင့် အီလီယန် ကိုလည်း အမြဲ စောင့်ကြည့်နေခဲ့သည်။
“ဘုရင်မင်းမြတ်က အစွန်းအဖျား ဒေသတွေကို စိတ်မဝင်စားပါဘူး.... ရွာကို လာကူပါလို့တောင်းတဲ့အခါ ဘယ်သူမှ မဖြေကြဘူး...”
ထိုလူသည် ရာဟန် က သူ့ကို သတ်ချင်နေမှန်းမသိဘဲ ဆက်ပြောသည်။
“ကျွန်တော်တို့က စစ်သားတွေကို ငှားရမ်းထားပေမယ့် သူတို့လည်း မကောင်းဆိုးဝါးတွေကို မနိုင်တော့ ကျွန်တော်တို့ စိတ်ပျက်ခဲ့ရတယ်...အရှင့်သား ရောက်လာတုန်းက ကျွန်တော်တို့ရွာကို စွန့်ဖို့ပဲ တွေးနေကြတာ..."
ထိုလူက ခေါင်းကို မော့ပြီး သူရဲကောင်းကို ကြည့်လိုက်သည်။သူ့မျက်လုံးထဲတွင် နက်နက်ရှိုင်းရှိုင်း နစ်မြုပ်နေသည့် သစ္စာစောင့်သိမှုကို အထင်းသားမြင်နေရ၏။
"ကျွန်တော် အရှင့်ရဲ့ အကာအကွယ်အောက်မှာ ရှိနေခဲ့တာကြောင့် အရှင့်ရဲ့ ကျေးဇူးကို ကျွန်တော် ပြန်ဆပ်ချင်တယ်..."
ထို့နောက် သူက ထိုင်ခုံမှ ထလာပြီး ဘုရင်ကို ဦးညွတ်သလိုမျိုး ဒူးထောက်ထိုင်ချလေ၏။
"ဟေလာရဲ့ အုပ်ချုပ်သူ ဒီဏိ မီလီယမ် ဟာ အခုကစပြီး အရှင့်အပေါ် သစ္စာစောင့်သိမယ်လို့ ကတိပြုပါတယ်..."
***
ရာဟန် သည် တော်ဝင်နန်းတော်မှ ထွက်သွားသည်မှာ ရက်သတ္တပတ်များစွာကြာခဲ့ပြီဖြစ်သည်။ သူထွက်သွားသောအချိန်သည် နွေဦးနှောင်းပိုင်းဖြစ်သော်လည်း ယခုနွေရာသီက သဲကြီးမဲကြီး နီးကပ်လာပြီဖြစ်သည်။
ရိုစီနာ သည် ထိုင်ခုံမှထကာ သူမဘေးနားရှိ ကုတင်ကို နေ့တိုင်းကြည့်ရတာ အမောပင်။ ရာဟန် မပါဘဲ မကြာခင် ဘဝကို ပြုပြင်ပြောင်းလဲပြီး နေထိုင်တော့မည်ဟု သူမထင်ခဲ့သော်လည်း မှားခဲ့သည်။တစ်ခါတစ်ရံ သူမသည် ရာဟန် မရှိတာကို မေ့သွားပြီး သူ့ရုံးခန်းသို့ သွားကာ သူ့ကိုရှာတတ်သည်။သူသည် သူမ ဘ၀ထဲတွင် သဘာဝအတိုင်း စိမ့်ဝင်နေခဲ့သည်။ နွေဦးမိုးလိုပင် တစိမ့်စိမ့် ရွာချနေတာကြောင့် သူမကိုယ်သူမ မိုးရေစိုလို့စိုမှန်းပင်မသိပေ။
“……”
ရိုစီနာ သည် ကုတင်ပေါ်တွင် အချိန်အတော်ကြာ ထိုင်နေခဲ့ပြီး ထထွက်ခါနီးတွင် ပြတင်းပေါက်အပြင်ဘက်မှ အသံတစ်ခုကြားလိုက်ရသည်။သူမလည်း ပြတင်းပေါက်နားသို့ ကပ်လာရာ သိမ်းငှက်ငယ်လေးသည် ပြတင်းပေါက် အပြင်ဘက်တွင် ခေါင်းငိုက်စိုက်ကျလျက် တံခါးကိုခေါက်နေခြင်း ဖြစ်သည်။ ရံဖန်ရံခါတွင် တိရစ္ဆာန်များသည် သူမဆီကို လာရောက်လည်ပတ်ကြသော်လည်း အိပ်ခန်းပြတင်းပေါက်ကို ယခုမှ လာခေါက်ခြင်းဖြစ်သည်။ သူမလည်း အံ့ဩသွားကာ ပြတင်းပေါက်ကို ဖွင့်လိုက်ရာ သိမ်းငှက်၏ လည်ပင်းမှာ စာရွက်လေးတစ်ရွက် ချိတ်ဆွဲထားသည်ကို တွေ့လိုက်ရသည်။
“အား…”
သိမ်းငှက်သည် သူမဆီကို ဦးညွှတ်လာပြီး အော်လိုက်သည်။ သူမလည်း ရာဟန် က သိမ်းငှက်ကို လွှတ်လိုက်ကြောင်း သူမ သိလိုက်သောအခါ ချင်ချင်း စာရွက်ကို ဆွဲထုတ်လိုက်သည်။ စာကို စားပွဲပေါ် ချလိုက်ပြီးနောက် သိမ်းငှက်အတွက်အစာသွား ယူပေးလိုက်၏။ အချိန်အတန်ကြာ အဆက်အသွယ်မရဖြစ်နေရာမှ သိမ်းငှက်ကလေးကြောင့် စာရလာသဖြင့် သူမ တတ်နိုင်သလောက် ကျေးဇူးဆပ်ချင်မိသည်။ထို့နောက် သူမသည် စားသောက်နေသည့် သိမ်းငှက်ကလေး အသံကို နားထောင်ရင်း စားပွဲရှေ့မှာ ထိုင်လိုက်သည်။ စာတစ်စောင်သာ ဖြစ်သော်လည်း သူမ ဘာကြောင့်စိတ်ပူနေရသည်မသိ။အချိန်ကြာမှ ပထမဆုံးစာရလာခြင်းကြောင့် ဖြစ်နိုင်သည်။
ရိုစီနာ စာကိုဖွင့်ဖတ်လိုက်သည်။
[ကိုယ်မင်းကိုလွမ်းတယ်]
စာထဲမှာ စာကြောင်းတစ်ကြောင်းသာရှိလေသည်။သူမသည် ထိုစာကြောင်းကို အကြာကြီး အခါခါ ပြန်ဖတ်မိသည်။
ဒီစကားလေးက ဘာလို့ စိတ်လှုပ်ရှားစရာ ကောင်းနေရတာလဲ....
ထို့နောက် သူမသည် စာရွက်တစ်ရွက်ကို ထုတ်ကာ အချိန်အတော်ကြာ စဉ်းစားပြီးမှ စကားလုံးတစ်လုံးချင်း ရေးချလိုက်သည်။
"အမြန်ပြန်လာပါတော့....ကျွန်မ စောင့်နေတယ်..."
ထို့နောက် ရိုစီနာ သည် သိမ်းငှက်၏ လည်ပင်း၌ ဤစာကိုချည်၍ ကျောနှင့် ခါးကို ညင်သာစွာ ပုတ်တ်လိုက်ရာ သိမ်းငှက်သည် ခေါင်းတဆတ်ဆတ်ညိတ်ကာ ပျံတက်သွားတော့သည်။ထို့နောက် သူမလည်း ထိုင်ရာမှ ထလိုက်ရင်း ယနေ့ နန်းတော်ထဲက အပြင်ထွက်ဖို့ စိတ်ကူးနေမိသည်။ ယခုနွေရာသီရောက်လာပြီဖြစ်လေရာ အာစတေးနီးယား ထံမှစာ လက်ခံရရှိမည်ဖြစ်ပြီး အီလီယန် အတွက် အဝတ်အစားများလည်း ထွက်ဝယ်ပေးချင်မိသည်။
ရိုစီနာ သည် အီလီယန် ၏ စာကျက်ခန်းဆီသို့ ဦးတည်သွားလိုက်သည်။ အတန်းပြီးသည်နှင့် သူ့ကို ခေါ်သွားဖို့ စီစဉ်ထားခြင်းဖြစ်သည်။ စင်္ကြံတွင်ရပ်နေသော သူမသည် အတွင်းမှထွက်လာသောအသံကို ကြားလိုက်ရသောအခါ ထိတ်လန့်သွားသည်။ စကားများကို ကောင်းစွာ မကြားနိုင်သော်လည်း ခါတိုင်းနှင့်မတူဘဲ အီလီယန် က စကားကိုရှင်းလင်းစွာ ပြောဆိုနေသည်။
"ဆရာက ကျွန်တော် ထင်ထားတာထက် ပိုကောင်းတဲ့ ဆရာပဲ...”
သူမ ဘာပဲလုပ်လုပ် အီလီယန်သည် စကားထစ်မြဲဖြစ် သော်လည်း ရက်သတ္တပတ် အနည်းငယ်အတွင်းမှာပင် သာမန်ကလေးတစ်ယောက်လို စကားပြောနေလေသည်။ ရာဟန် သာ ကျူရှင်ဆရာကို ဦးစွာငှားရမ်းရန် စိတ်ကူးမထားခဲ့ပါက၊ အီလီယန် လည်း စကားကောင်းကောင်းပြောနိုင်မှာ မဟုတ်ပေ။ အတန်းပြီးသွားပုံရသည်၊အသံ ထွက်မလာတော့ပေ။
ထို့နောက် တံခါးပွင့်လာပြီး ဂရီအော က အိတ်ကို ကိုင်ကာ ထွက်လာခဲ့သည်။
“မင်းသမီး…!”
အံ့အားသင့်စွာဖြင့်၊ ဂရီအော သည် ဦးညွတ်လိုက်သည်။ ရိုစီနာ က လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းကာ စာသင်ခန်းထဲ လှမ်းကြည့်လိုက်သည်။ ထို့နောက် သူမသည် အေးအေးဆေးဆေး ထိုင်နေသော အီလီယန် နှင့် မျက်လုံးချင်းဆုံသွားရသည်။ထိုအခါ အီလီယန်က ထလာလေသည်။
“ကျွန်မ ဖြတ်သွားရင်းနဲ့ အီလီယန် ပြောနေတာကို မတော်တဆ ကြားလိုက်ရတယ်... ကလေး စကားထစ်တာရပ်သွားတာ ဆရာ့ရဲ့ကျေးဇူးပါပဲ…”
ဂရီအော မှာ အံ့ဩသွားပြီး အီလီယန် ကိုကြည့်ကာ ခေါင်းခါလိုက်သည်။
“မဟုတ်ဘူး...ကျွန်တော် ဘာမှမလုပ်ခဲ့ပါဘူး..."
ဂရီအော သည် အမှန်တစ်ကယ် နှိမ့်ချပြီး အမွှန်းတင်မခံလိုသူဟု ရိုစီနာ ထင်သွားရသည်။ထို့နောက် ဂရီအော ပြန်သွားပြီးနောက်၊ အီလီယန် သည် ရိုစီနာ ကို လှမ်းကြည့်ကာ စင်္ကြံထဲသို့ ခိုးဝင်သွားလိုက်သည်။
"အီလီယန်.... ဆရာ့ရှေ့မှာ မတ်မတ်ထိုင်သင့်တယ်..."
"…တောင်းပန်ပါတယ်"
အီလီယန် က ရှုံ့တွနေပြီး ပြန်ဖြေလိုက်သည်။ ရိုစီနာ က အီလီယန် သည် စကားထစ်နေခြင်း မဟုတ်ကြောင်း သဘောပေါက်ပြီး တိုးတိုးလေးမေးသည်။
"အတန်းက အဆင်ပြေရဲ့လား..."
အီလီယန် က စကားတစ်ခွန်းမှ မပြောဘဲ ခေါင်းညိတ်လိုက်သည်။ ရိုစီနာ သည် ခါတိုင်းကဲ့သို့ အီလီယန် ၏ ဆံပင်များကို အသာ ပွတ်သပ်လိုက်သည်။ သူ နည်းနည်း အရပ်မြင့်လာပြီး အင်ပါယာကို ပြန်ရောက်လာကတည်းက တဖြည်းဖြည်း ကြီးပြင်းလာရသလိုပင်။
သူ လူကောင်သေးရတဲ့ အကြောင်းရင်းက အဲ့ဒီတုန်းက သူခံစားနေရတဲ့ ရောဂါကြောင့် ဖြစ်နိုင်သလား....
သူမ အီလီယန် ကို သေချာ ကြည့်လိုက်သည်။ သူ့အသက်အရွယ်နှင့် အရပ်အမောင်းက ကလေးများနှင့် အတူတူပဲဟု ထင်ရသော်လည်း ပိန်ပိန်ပါးပါးမို့ သေးသေးလေး ဖြစ်နေခြင်းပင်။
"မေမေတို့ အပြင်ထွက်မလား..."
ရိုစီနာ စကားကြောင့် အီလီယန် ၏ မျက်နှာသည် ဝင်းလက်တောက်ပလာသည်။
"ယေး....ယေး"