အပိုင်း ၄၇
Viewers 15k

Chapter 47

အပြင်ထွက်ရန် အဆင်သင့်ဖြစ်ပြီးနောက် သားအမိနှစ်ယောက်သား ရထားလုံးပေါ်တက်ကာ နန်းတော်ထဲမှ ထွက်သွားကြသည်။ သူတို့ အပြင်မထွက်ရသည်မှာ တော်တော်ကြာနေပြီ ဖြစ်သည့် အတွက် အီလီယန် က ပျော်နေပုံရသည်။ ပြတင်းပေါက်ကနေ လှမ်းကြည့်နေသည့် အီလီယန် ကို ရိုစီနာ က မေးကြည့်လိုက်သည်။

"သား ဖေဖေ့ကို မလွမ်းဘူးလား..."

ထိုစကားကြောင့် အီလီယန် ၏ ပခုံးများ တုန်လှုပ်သွားသည်။

"…လွမ်းတာပေါ့"

အချိန်အတော်ကြာပြီးနောက်မှ၊ အဖြေထွက်လာသည်ကို သူမက အီလီယန် ရှက်နေသည်ဟု ထင်သွားရသည်။

"မေမေသိလား...သား ဓားပညာကို သင်ယူချင်တယ်..."

"ဓားပညာ"

ရိုစီနာ သည် မမျှော်လင့်ထားသော တောင်းဆိုမှု တစ်ခုကြောင့် အံဩသွား၏။ အီလီယန် က တစ်ခုခုကို ယခုမှ စိတ်ဝင်စားမှုပြပြီး လုပ်ချင်စိတ်ပေါ်လာသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။သူမ စိတ်ထဲက တစ်ချက်တော့ နာကျင်သွားသည်။

သူလို ကလေးလေးကို ဓားပညာ သူမ သင်ပေးလို့ ရပါ့မလား...

အခြားသော မင်းမျိုးမင်းနွယ် ယောက်ျားလေးများသည် ဓားပညာသင်တန်းများ တက်ရောက်ကြသော်လည်း အီလီယန် သည် အသက်ငယ်ပြီး သူ့ရွယ်တူများထက်လည်း ငယ်သောကြောင့် သူမ ပေးမလုပ်ခဲ့ခြင်းပင်။သို့သော်လည်း၊သူမ မငြင်းတော့ဘဲ အီလီယန် ၏ လက်ကိုကိုင်ပြီး ပြောလိုက်သည်။

"ကောင်းပြီ...ဒါပေမယ့် မေမေနဲ့ သဘောတူညီချက် တစ်ခု လုပ်ရအောင်"

ထို့နောက် ရိုစီနာက ကတိသုံးခုလိုချင်သည်ဟု ပြောလိုက်သည်။၎င်းမှာ၊ အခြားဘာသာ အတန်းများကို ပစ်မထားဘဲ အမြဲ ကြိုးစားရန်၊ အတန်းတက်လျှင်လည်း သစ်သားဓားဖြင့် လေ့ကျင့်ရန် နှင့် အလွန်အကျွံ မလေ့ကျင့်ရန် ဟူသော ကတိသုံးခုပင်။ ထို့နောက် အီလီယန် ကလည်း ကတိပေးလိုက်တော့သည်။

နောက်ဆုံးအချက် ရောက်ခါမှ သူမ စိတ်ရှုပ်သွားရသည်။ သူမသည် ဓားပညာအကြောင်း များများစားစား မသိသောကြောင့် ဆရာကောင်းတစ်ဦးကို မရှာဖွေတတ်ပေ။ထို့ကြောင့် ရာဟန် ကို နောက်မှမေးလျှင် ပိုကောင်းလိမ့်မည်ဖြစ်သည်။ ထို့နောက် သူမသည် စိုးရိမ်မှုများကို ဘေးဖယ်ထားကာ အီလီယန် ကို ငုံ့ကြည့်လိုက်သည်။သူ့အသက်မှာ ခြောက်နှစ်သာရှိသေးပြီး ကလေးလေးဟု သူမ ထင်ထားသော်လည်း သူ့ကိုယ်သူ အသေအချာ ပြောလာတာကို တွေ့ရတော့ ထူးဆန်းသလိုလိုပင်။

သူမသည် သူ့အတွက် ဂုဏ်ယူနေမိသော်လည်း၊ တစ်ချိန်တည်းမှာပင် သူမ ရင်ခွင်ထဲမှ ထွက်သွားတော့မည်ဟု တစ်ထစ်ချ တွေးမိနေတော့သည်။ နှစ်အနည်းငယ်ကြာသောအခါတွင်၊ အီလီယန် သည် သူ အရွယ်ရောက်လာသည်အထိ ပညာသင်ကြားရန် အကယ်ဒမီ (ပညာတော်သင်ကျောင်း)သို့ ထွက်သွားရမည်ပင်။ထိုအချိန်ရောက်သောအခါ သူမ လည်း အင်ပါယာနန်းတော်မှ ထွက်ခွာသွားမည် ဖြစ်သည်။

သူမသည် အီလီယန် ၏ပါးကို လက်နှင့်ခပ်ဖွဖွ ထိကြည့်လိုက်သည်။ ဘယ်လောက်ပဲ အရပ်ရှည်ပြီး အသက်ကြီးလာသည်ဖြစ်စေ၊ အီလီယန် သည် သူမအတွက် အမြဲတမ်း ကလေးတစ်ယောက်လို ဖြစ်နေလိမ့်မည်။

အီလီယန် အကယ်ဒမီကို သွားရမယ့်နေ့ ရောက်လာရင်တောင် သူမက နောင်တမရဘဲ သူ့ကို လွှတ်ပေးနိုင်မှာလား....

သူမ ပြတင်းပေါက် အပြင်ဘက်ကို လှည့်ကြည့်လိုက်တော့ ရာဟန် ၏ မျက်နှာကို ပြတင်းပေါက်ကနေ အထင်းသား တွေ့ရသည်။ သူနှင့် ပထမဆုံးပြန်တွေ့သည့်အခါ မဆိုင်းမတွ လမ်းခွဲမည်ဟု သူမ တွေးထားသည်။ တစ်နေ့တွင် သူမသည် အီလီယန် ကိုထားခဲ့ပြီး အာစတေးနီးယား သို့ ပြန်သွားနိုင်မည်ဟု သူမ စိတ်ထဲက ယုံကြည်နေမိသည်။ သို့သော် ယခု အရင်ကလို မသေချာတော့‌ေပ။ အီလီယန်ကို ထားခဲ့ဖို့ဆိုသည်က ဖြစ်နိုင်သော်လည်း အချိန်တွေကြာလာသည်နှင့်အမျှ ရာဟန် ကသာ သူမ စိတ်ကို ကြီးစိုးလာရတာကြောင့် ဖြစ်သည်။

သူ့ရဲ့ ထူးဆန်းတဲ့ ဆွဲဆောင်မှုတစ်ခုကြောင့် သူ့ကို လိုချင်နေတာ ဘာကြောင့်လဲ...

ရိုစီနာ သည် တုန်လှုပ်နေသော သူမ နှလုံးသားကို ထိန်းချုပ်ရန် မျက်လုံးများကို တင်းတင်းမှိတ်ထားသည်။ သိပ်မကြာခင်မှာ ရထားလုံးက ရဲတိုက်ကနေ လုံးဝထွက်သွားသည်။ လမ်းကျယ်မှာ ပြေးနေသည့် ရထားလုံး ရပ်သွားသည့်အခါ သူမလည်း အီလီယန် လက်ကို ကိုင်ပြီး ဆင်းသွားသည်။အတတ်နိုင်ဆုံး ကျိုးနွံစွာ ဝတ်စားထားသော သူမကို မင်းသားတစ်ပါး၏ ဇနီးဟု ဘယ်သူကမှ မမှတ်မိနိုင်ပေ။သူမသည် လမ်းကြားဆီသို့ ဦးတည်သွားနေစဉ် ကြောင်များသည် နံရံကို တွယ်တက်သွားနေကြသည်ကို တွေ့လိုက်ရ၏။ ထိုစဉ် ကြောင်လေးတစ်ကောင်က အော်လိုက်တာကြောင့် သူမတို့နှစ်ယောက် လှည့်ကြည့်လိုက်ကြသည်။သူမတို့ အနောက်မှာ လမ်းကြားတစ်ခုရှိနေ၏။

“ထွက်လာခဲ့...”

သူမက လွတ်နေသော လမ်းကြားထဲသို့ စိုက်ကြည့်ရင်း တစ်ယောက်ယောက်ကို ကြည့်ရင်း ပြောလိုက်သည်။

"နင် ငါ့နောက်ကို ဒီအတိုင်း လိုက်နေမှာလား..."

ရိုစီနာ ငြိမ်သက်စွာ စောင့်ဆိုင်းနေချိန်တွင် မကြာမီ လမ်းအဆုံးတွင် လူနှစ်ယောက်ပေါ်လာသည်။သူတို့သည် သူမရိပ်မိသွားသဖြင့် အတော်‌လေး အံဩသွားပုံရသည်။

“ရှင်တို့က…”

ရိုစီနာ သည် ရင်းနှီးနေသော လူနှစ်ယောက်၏ မျက်နှာကို မြင်လိုက်သောအခါ မျက်လုံးပြူးသွားသည်။ သူတို့ နှစ်ယောက်ထဲက တစ်ယောက်သည် သူမကို နောက်ဆုံးအကြိမ်တုန်းက အိမ်ကို လိုက်ပို့ပေးခဲ့သော အိုင်းဆက် ဖြစ်နေသည်။

"…တောင်းပန်ပါတယ်... မင်းသားက ခိုင်းထားလို့ပါ..."

အိုင်းဆက် ဝန်ခံလိုက်သည့်အခါ ရိုစီနာ အံဩသွားရသည်။ ရာဟန် သည် သူမနှင့်ဝေးနေချိန်တွင် သူမ၏ အသေးစိတ် ကိစ္စတိုင်းကို ဂရုစိုက်နေပုံရသည်။ ရုတ်တရက် သူမသည် ရာဟန် တန်ဖိုးကို သတိရလာပြန်သည်။

"ဟုတ်လား..."

"ဒါပေမယ့် ကျွန်တော်တို့ မင်းသမီးနောက်ကို လိုက်နေတာ ဘယ်လိုသိတာလဲ..."

အိုင်းဆက်သည် လေ့ကျင့်ပေးထားသည့် လူအများစုပင် သတိမပြုနိုင်သော သူ့အရည်အချင်းအတွက် ဂုဏ်ယူမိသည်။ သူ့ကိုယ်သူ ပိုင်လှပြီအောက်မေ့နေသော်လည်း သူမက ဘယ်လိုလုပ်ပြီး သတိပြုမိသွားသည်ကို သိချင်နေခဲ့သည်။

"ထင်တာပါ..."

ရိုစီနာ ၏အဖြေကြောင့် အိုင်းဆက် သည် ဝင်္ကပါထဲသို့ ပြုတ်ကျသွားရပြီး သူ့ဘေးတွင် ရပ်နေသော ကာလန်ကို ကြည့်သည်။သူ့အကြည့်ကြောင့် ကာလန်သည် အလွန်စိတ်ရှုပ်ထွေး နေရသော်လည်း သူလည်း ဘာမှနားမလည်ပေ။

ရိုစီနာ က သူ့ကိုကြည့်ကာ မေးလိုက်သည်။

"ကျွန်မနောက်ကို လိုက်နေမှာ မဟုတ်လား"

"…ဟုတ်ပါတယ်"

"ဒါဆို အတူတူသွားရအောင်..."

ရိုစီနာ ၏ အကြံပြုချက်ကြောင့် သူတို့နှစ်ဦး မျက်လုံးများ ပြူးကျယ်သွားကြသည်။

သူတို့ နားကြား မှားသလား....

ထို့နောက် သူမက စထွက်လိုက်ရာ သူတို့ နှစ်ယောက်ကလည်း အနောက်ကနေ လိုက်လာနေသည်။ ထို့နောက် သူမသည် လမ်းကြားထဲမှ ထွက်ခွာပြီး လမ်းမကြီးအတိုင်း လျှောက်သွားသည်။ အနက်ရောင်ဝတ် အမျိုးသာများလည်း လိုက်လာကြသဖြင့် လူတိုင်းက သူမတို့ကို ကြည့်နေကြ၏။ သူမလည်း ဘယ်သွားလို့ သွားရမှန်းမသိ ဖြစ်လာသည်။ထို့နောက် ခဏကြာမှ စာအုပ်ဆိုင်ကို အရင်သွားကြည့်တာ ပိုကောင်းမည်ဟု တွေးမိသည်။ဆိုင်မှာ စာအုပ်ရှိမရှိ စစ်ဆေးပြီး ကြိုတင်စာရင်းပေးထားရမည်ဖြစ်သည်။

လမ်းလျှောက်လာရင်း သူမသည် စာအုပ်ဆိုင်ကို ရှာရန် ဆိုင်းဘုတ်များအား တစ်ခုပြီးတစ်ခုဖတ်လာသည်။ မြို့တော်၏ ပထဝီဝင် အနေအထားကို သူမ အစိမ်းသက်သက် ဖြစ်နေသောကြောင့် လှည့်ပတ်ပြီး ရှာဖွေရလေသည်။ ခဏလောက် လမ်းလျှောက်ပြီးနောက် စာအုပ်ဆိုင်ကို တွေ့သွားရပြီး အထဲကို ဝင်သွားသည်။ သူရဲကောင်းများသည် သူမ သတ်မှတ်ထားသော အကွာအဝေးတွင် လှည့်ပတ်ကာ စောင့်ကြပ်နေခဲ့ရသည်။ အီလီယန် အတွက် စာအုပ်အသစ်ရှာရန် သူမလည်း စာအုပ်စင်ကို လှမ်းကြည့်လိုက်သည်။

“ဒီနားမှာ ရှိမယ်ထင်တယ်… ”

ထို့နောက် သူမသည် စင်မြင့်ကြီးပေါ်က စာအုပ်တစ်အုပ်ကို တွေ့သွားရသည်။ သူမ ခြေထောက်ကို ဘယ်လိုပင်ထောက်ထောက် လှမ်းမမီနိုင်ဖြစ်နေ၍ စာရေးတစ်ယောက်ယောက်ကို အကူအညီတောင်းကြည့်မည်ဟု တွေးလိုက်မိသည်။ထိုအချိန်မှာပင် သူမနောက်ကို တစ်ယောက်ယောက် လာရပ်နေပြီး ထိုသူ၏ ရင်အုပ်က သူမကျောပြင်ကို လာထိနေလေသည်။သူမ အံ့အားသင့်ပြီး လှည့်ကြည့်လိုက်ရာ စာအုပ်က ပြုတ်ကျသွားသည်။

“…အာ... အိုး”

မျက်လုံးချင်း ဆုံလိုက်သောအခါတွင်တော့ သူ့မျက်လုံးများက ရီဝေဝေ ပြုံးနေ၏။ စာအုပ်ကိုင်ထားသူမှာ အိမ်ရှေ့စံ ဇီဂရစ်ပင် ဖြစ်နေတာကြောင့် ရိုစီနာ လည်း အံ့အားသင့်စွာဖြင့် ပါးစပ်အဟောင်းသားဖြစ်နေတော့သည်။

“အရှင့်သား....အိမ်ရှေ့စံ”

သူမလည်း စိတ်ရှုပ်သွားရကာ ဇီဂရစ်ကို ကမန်းကတန်းနှုတ်ဆက်လိုက်ရသည်။ထို့နောက် ဇီဂရစ်က သူကိုင်ထားသော စာအုပ်ကို မြှောက်ပြလိုက်ပြီး....

"ဒီမှာ လာတွေ့ရတာ တိုက်ဆိုင်လိုက်တာ.... ဒါ မင်းရှာနေတဲ့စာအုပ်လား..."

သူလက်ကမ်းပေးလာသည့် စာအုပ်က သူမ လိုချင်သည့် စာအုပ်ဖြစ်နေသည်။သို့သော် သူမ သည် စာအုပ်ထက် သူမ ရှေ့တွင် ရတ်တရက် ပေါ်လာသော ဇီဂရစ် ကို ပို၍ စိတ်ဝင်စားနေသည်။ မတော်တဆ တွေ့ဆုံသည်ဟု ဆိုနိုင်သော်လည်း သံသယဖြစ်ဖွယ် အချက်တွေက ပေါများနေ၏။သူ့လို အိမ်ရှေ့စံတစ်ပါးက စာအုပ်ဆိုင်ကို လာလည်သဖြင့် သူမ မယုံနိုင်ဖြစ်သွားမိသည်။အစေခံများကို အမိန့်​​ပေးလိုက်လျှင် မထွက်​​သေးသည့် စာအုပ်​​တွေ​တောင်​ သူ့အိပ်​ခန်းထဲ ​ရောက်​​နေလိမ့်မည်ဖြစ်သည်။

"ဒါနဲ့ အရှင်ကရော ဘာလို့လာတာလဲ..."

"ကိုယ် ရှာချင်တဲ့ စာအုပ်တစ်အုပ်ရှိလို့ လာတာပါ..."

"…ဟုတ်လား"

ရိုစီနာ သည် သူမ၏ သံသယများကို လုံးဝရှင်းမထုတ်နိုင်သော်လည်း ခေါင်းညိတ်ကာ ထောက်ခံလိုက်ရသည်။

"တစ်ခုခုများဖြစ်လို့လား မင်းသမီး..."

အဝေးမှာရပ်နေသည့် သူရဲကောင်းတွေက သူမ နောက်ကို အလျင်အမြန် ရောက်လာကြပြီး ဇီဂရစ် ကို မြင်သည်နှင့် သူတို့ မျက်နှာထားပြောင်းသွားရသည်။သူ ဘယ်သူလဲ ဆိုတာကို သူမပြောပြရင်တောင် သူတို့ ချက်ချင်းသိသွားသည်။

အိုင်းဆက် နှင့် ကာလန် တို့သည် ဇီဂရစ် ကို အလွန်သတိထားနေပြီး မျက်စိဒေါက်ထောက် ကြည့်နေကြသည်။သူတို့က ဓားရှည်များကို မထုတ်ကြသော်လည်း သူတို့ မျက်လုံးများက အတော်လေး တင်းမာနေသည်။သူတို့ကြားက ရန်ငြိုးရန်စသည် အလွန်ပြင်းထန်သဖြင့် ကြားထဲက ရိုစီနာ သည် ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။

"အားလုံး စိတ်အေးအေးထားပါ....ဘာမှမဖြစ်ပါဘူး...”

ရိုစီနာ က သူတို့ကို စိတ်ပြေသွားအောင် ပြောလိုက်ရသည်။သူတို့လည်း ထိုအခါမှ သူမ ရှိနေကြောင်း သဘောပေါက်သွားသလိုပင်။သူမကသူတို့ကို စိတ်တည်ငြိမ်အောင် ထိန်းထားချိန်မှာ ဇီဂရစ် ၏ မျက်လုံးတွေက အိုင်းဆက် နှင့် ကာလန် ကို မမှိတ်မသုန် စူးစိုက်ကြည့်နေလေသည်။ အေးစက်သော အပြာရောင် မျက်လုံးများသည် ကြောက်မက်ဖွယ်ကောင်းသဖြင့် အိုင်းဆက် နှင့် ကာလန် ၏ မျက်နှာများက ပိုပြီး တင်းမာလာပြန်သည်။

"သူတို့က မင်းရဲ့ ကိုယ်ရံတော်တွေလား..."

ဇီဂရစ် က အိုင်းဆက် နှင့် ကာလန် ကို အကြည့်မလွှဲဘဲ ရိုစီနာ ကို မေးလိုက်သည်။

“ဟုတ်ကဲ့”

ရိုစီနာ က တိုတိုတုတ်တုတ် ပြန်ဖြေလိုက်သည်။ သူတို့သည် သာမာန် အနက်ရောင် ၀တ်စုံကို ဝတ်ထားသော်လည်း ရာဟန် ၏ အစေခံများဖြစ်ကြောင်း ဇီဂရစ် သိနေနိုင်သည်။ထို့အပြင် အရင်ကလည်း တစ်ခါ၊နှစ်ခါ ဆုံဖူးပြီးသား ဖြစ်ရပေမည်။ထို့နောက် သူက ချက်ချင်း ပြုံးလိုက်ပြီး ထုံးစံအတိုင်း နူးညံ့သည့် အမူအရာနှင့် သူမကို စကားစလာသည်။

"ဘာပဲဖြစ်ဖြစ် တိုက်ဆိုင်လိုက်တာ....တစ်ခုပဲရှိတယ်...ကိုယ့်ကို အချိန်ခဏ ပေးလို့ရမလား..."

ရိုစီနာက ဘာမှမပြောဘဲ တိတ်ဆိတ်နေသဖြင့် ငြင်းဆိုသည်မှာ ထင်ရှား‌ေနသော်လည်း ဇီဂရစ် သည် နောက်ပြန်မဆုတ်သွားပေ။

"ကိုယ် မင်းကို ပြောစရာရှိတယ်..."

မျှော်လင့်ထားသည့်အတိုင်း ဇီဂရစ် သည် ရည်ရွယ်ချက်တစ်ခုဖြင့် သူမထံချဉ်းကပ်ခဲ့ခြင်း ဖြစ်သည်။သူမ နန်းတော်ထဲက ထွက်ကတည်းက သူမနောက်ကို လိုက်နေတာ ဖြစ်နိုင်သည်။

"ဒီလိုနေရာမျိုးမှာလား..."

ရိုစီနာ လှည့်ကြည့်လိုက်သည်။ စာအုပ်ဆိုင်ဖြစ်သောကြောင့် တိတ်ဆိတ်ငြိမ်သက်နေသဖြင့် အခြားသူများ၏အသံကို ကြားနိုင်ပေသည်။ ထို့အပြင် ဇီဂရစ် သည် သူမအနားကို ရောက်လာကတည်းက ဆိုင်ထဲက လူအများက သူမတို့နှစ်ယောက်ကို ကြည့်နေခဲ့ကြသည်။

"မင်း အဆင်မပြေရင် ကိုယ်တို့ တခြားနေရာကို သွားလို့ရတယ်..."

ဇီဂရစ် က နူးညံ့သည့် အပြုံးနှင့် လာညှိနေသည်။

ရိုစီနာ စိတ်ထဲက သက်ပြင်းချလိုက်မိသည်။ယခု သူမ ငြင်းဆိုခဲ့လျှင်ပင် ဇီဂရစ် သည် သူမနောက်သို့ ဆက်လိုက်လာနိုင်သည်။ ဘာပဲဖြစ်ဖြစ်၊သူမဆီ လာရသည့် အကြောင်းရင်းကို သူမ နားထောင်ရပေမည်။

“ကျွန်မမှာ လုပ်စရာတွေရှိလို့ အချိန်သိပ်မရှိဘူး..."

"ခဏဆိုရင် ရပါပြီ..."

သူမသည် ဇီဂရစ် နောက်ကို လိုက်ရန် တွန့်ဆုတ်နေချိန်မှာ အီလီယန် သူမ၏ စကတ်ကို ကိုင်ကာ မေးလိုက်သည်။

"မေမေ.... ဒီဦးလေးက ဘယ်သူလဲ..သား သူ့ကို မြင်ဖူးတယ်...."

အီလီယန် က အပြစ်ကင်းသည့် မျက်နှာနှင့် မေးလိုက်သောအခါ ရိုစီနာ ဇီဂရစ် ကို အမြန်ကြည့်လိုက်မိရာ နူးညံ့သော သူ့မျက်နှာက ပျက်ယွင်းသွားကြောင်း တွေ့ရလေသည်။

"အီလီယန်...အဲဒီလို မပြောရဘူး... သူက သား ဖေဖေရဲ့ အစ်ကိုကြီးပဲ... သူ့ကို အိမ်ရှေ့စံလို့ ခေါ်ရမယ်..."

ရိုစီနာ က အသံတိုးတိုးဖြင့် ရှင်းပြသည်။ အီလီယန် က ခေါင်းညိတ်ပြီး ဇီဂရစ် ကို မော့ကြည့်လိုက်သည်။ ဇီဂရစ် သည် အေးစက်သော မျက်လုံးများဖြင့် အီလီယန် ကို ကြည့်နေသည်။ အီလီယန် သည် ပိုးကောင်တစ်ကောင်ကို ကြည့်နေသလိုဖြစ်နေသော ဇီဂရစ် အကြည့်ကြောင့် ပြန်ပြီး စိုက်ကြည့်နေလိုက်သည်။

“မင်းသမီး…”

အိုင်းဆက် က စိုးရိမ်သောက ရောက်နေပုံဖြင့် ရိုစီနာ ကို ခေါ်လိုက်သည်။ ထိုအခါ သူမက ဇီဂရစ် မကြားနိုင်အောင် တိုးတိုးလေး ပြောလိုက်သည်။

"ကျွန်မ ကိုယ်တိုင် ဆုံးဖြတ်ချက် တစ်ခုချလိုက်ပါပြီ....ရှင်တို့လည်း ဒီမှာရှိနေတာဆိုတော့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး..."

"ကောင်းပါပြီ..."

အိုင်းဆက်က ခေါင်းညိတ်လိုက်ပြီး ရိုစီနာ နောက်ဘက်မှာ နိုးနိုးကြားကြား ရပ်နေသည်။

စာအုပ်ဆိုင်မှ ထွက်သွားပြီး ရိုစီနာ သည် စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။ သူမသည် အီလီယန် နှင့် အပြင်ထွက်ရန် ပျော်ရွှင်စွာ စီစဉ်နေခဲ့သော်လည်း ယခုလို ပြီးဆုံးသွားရသည်ကိုတော့ သူမ မနှစ်မြို့ပေ။

မကြာမီ သူမသည် ဇီဂရစ် နောက်မှလိုက်၍ စာအုပ်ဆိုင်မှ ထွက်လာခဲ့သည်။ သူမ လိုက်လာနေရင်း သူ့နောက်မှာ အဖော်ဆို၍ ဘယ်သူမှမပါလာမှန်း သိလိုက်ရသည်။ဖြစ်နိုင်သည်က မမြင်ရသည့် တစ်နေရာမှာ စောင့်ကြည့်နေနိုင်သည်။

ဇီဂရစ် သည် စာအုပ်ဆိုင်အနီးရှိ လက်ဖက်ရည်ဆိုင်သို့ ဝင်ရောက်လာသည်။ သပ်ရပ်သော ဆိုင်ကလေးသည် မနက်ခင်းဖြစ်သောကြောင့် စားပွဲတစ်လုံးမှာသာ လူရှိသည်။ ရိုစီနာ က ဧည့်သည် တွေထိုင်နေသည့် စားပွဲကို လှည့်ကြည့်လိုက်တာကြောင့် ဇီဂရစ် က မေးလာသည်။

"အခြားသူတွေရှေ့မှာ ပြောရတာ အဆင်မပြေဘူး မဟုတ်လား..."

"ဘာကိုလဲ"

ရိုစီနာ သည် ရုတ်တရက် မေးခွန်းကို ပြန်မေးသည်။

"ဒီကို လာစမ်း..."

သူ ပြောပြီးသည်နှင့် ဘယ်ကရောက်လာမှန်းမသိသည့် လူနှစ်ယောက်ပေါ်လာသည်။ သူတို့ ဘယ်ကလာမှန်း မသိသဖြင့် ရိုစီနာမှာ ရင်ထိတ်သွားရတော့သည်။

ထိုအချိန်တွင် ဇီဂရစ် သည် တစ်ဖက်စားပွဲကို လက်ဟန်ပြလိုက်သည်။ ထိုအခါ ရုတ်တရက်ပေါ်လာသော အမျိုးသားများသည် ဧည့်သည်များထိုင်သည့် စားပွဲဆီသို့ ချက်ချင်း ဦးတည်သွားကြသည်။

"ကျေးဇူးပြုပြီး ထိုင်ပါ..."

သူမသည် အလန့်တကြား ထိုလူများကို ကြည့်နေစဉ် ဇီဂရစ် က ပြောလာတာကြောင့် ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။ အကြောင်းတစ်ခုခုကြောင့် စိုးရိမ်စပြုလာရပြီး သူမလည်း တစ်ဖက်စားပွဲကို ပြန်လှည့်ကြည့်ရာ စောစောက ဧည့်သည်များမှာ တစ်ယောက်မှမရှိတော့သည်ကို သူမ သတိပြုမိသွားရသည်။

သူတို့ နှင်ထုတ်ပစ်လိုက်တာလား....

သူမ စားပွဲအလွတ်ကို တစ်ချက်ကြည့်နေစဉ် ဇီဂရစ် က အီလီယန် ကိုကြည့်ရင်း...

"ဖြစ်နိုင်ရင် ကိုယ်တို့နှစ်ယောက်တည်း စကားပြောချင်တယ်..."

'သူဘာတွေပြောနေတာလဲ'

"ကိုယ်တို့က အချိန်တိုလေးပဲ စကားပြောရတာ... အနှောင့်အယှက် တစ်ခုခု မဖြစ်ချင်ဘူး..."

မယုံသင်္ကာမျက်နှာဖြင့် ဇီဂရစ် ကိုကြည့်နေသော ရိုစီနာ သည် ခေါင်းမညိမ့်ခင် ခဏလောက် စဉ်းစားနေခဲ့သည်။ စောစောကလို၊ အီလီယန် ကသာ ဝင်ပြီး ပြောပြောနေလျှင် ခက်ပေလိမ့်မည်။ထို့ကြောင့် ဤနည်းက ပိုကောင်းပေသည်။ ပြီးလျှင်၊ အစောင့်အကြပ်များသည်လည်း သူမတို့နှင့် တစ်ခန်းတည်း အတူရှိမည်ဖြစ်သည်။

"အိုင်းဆက်.... အီလီယန် ကို ခေါ်ထားလို့ရမလား"

အီလီယန် သည် ရိုစီနာ နှင့် မခွဲချင်သော်လည်း သူမက ခဏကြာမည်ဟု ပြောသောအခါတွင် အိုင်းဆက် ၏ဘေးမှာ သူက အသာ ရပ်နေလိုက်သည်။ထို့ကြောင့်၊ အီလီယန်၊ အိုင်းဆက် နှင့် ကာလန် တို့သည် သူမတို့ ထိုင်နေသည့်နေရာနှင့် ဝေးကွာသွားတာ‌ကြောင့် သူမတို့ စကားကို လုံးဝ မကြားရတော့ပေ။ ခဏအကြာတွင် စားပွဲထိုးက လက်ဖက်ရည်နှင့် အဆာပြေမုန့်များ လာချ‌ပေးသည်။လက်ဖက်ရည်မှာ တော်ဝင်နန်းတော်မှ လက်ဖက်ရည်နှင့် ယှဉ်လို့မရသော်လည်း သိပ်လည်းမဆိုးပေ။

ဇီဂရစ် က လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်ပြီး အနံ့ခံကာ ပြုံးရင်း ပြောလိုက်သည်။

"ဒီနေရာက လက်ဖက်ရည်ကောင်းသောက်လို့ရတဲ့ နေရာပဲ...သိပ်ကို အရသာ...."

"လက်ဖက်ရည်အကြောင်းပြောဖို့ဆိုရင်ကျွန်မမှာ အချိန်မရှိပါဘူး..."

ရိုစီနာ က အမြန်ကြားဖြတ်ပြောလိုက်သည်။ ရိုင်းတယ်ထင်ရသော်လည်း မတတ်နိုင်တော့‌‌ သူနှင့် အချိန်အကြာကြီး စကားမပြောချင်ပေ။ ဇီဂရစ် ရှေ့မှာဆိုလျှင် သူမ ဆံပင်တွေပါ ထောင်လာရသလိုဖြစ်နေရသည်။ ရန်သူ တစ်ယောက်နှင့် ရင်ဆိုင်ရသကဲ့သို့ သူမ အလိုလို ကြောက်လန့်တကြား ဖြစ်ဖြစ်လာတတ်သည်။

"ရိုစီနာ..."

ဇီဂရစ် က သူမ နာမည်ကို ချစ်ခင်စွာ ခေါ်လိုက်သည်။