အပိုင်း ၄၈
Viewers 13k

Chapter 48


"ရိုစီနာ"

ဇီဂရစ် က သူမ နာမည်ကို ချစ်ခင်စွာ ခေါ်နေသည်။ ရိုစီနာ ကလည်း သူ့အလိုလို တွန့်ချိုးသွားသော မျက်ခုံးများကို ပြန်ဖြေဖို့ မကြိုးစားတော့ပေ။

"အရှင့်သား....ကျွန်မကိုခေါ်တဲ့ နာမည်က မှားနေပါတယ်..."

အနည်းဆုံး တစ်ကြိမ် တော့ ထောက်ပြရပေမည်။ သူမ နာမည်ကို အချိန်တိုင်း အဖျားဆွတ်ပြီး ခေါ်နေပါက တစ်နေ့မှာ ပြဿနာဖြစ်လာလိမ့်မည်။

"အာ... တောင်းပန်ပါတယ်..."

သူက တောင်းပန်လိုက်သော်လည်း သူ့မျက်နှာကတော့ ဝမ်းနည်းစိတ်မကောင်းဖြစ်သွားဟန် မတူပေ။ရည်ရွယ်ချက်ရှိရှိ လုပ်ခြင်း ဖြစ်နိုင်သည်။

ရိုစီနာ သူ့ကို တိတ်တဆိတ် စိုက်ကြည့်နေမိသည်။ တောက်ပသော ရွှေရောင်ဆံပင်နှင့် ကြည်လင်သော အပြာရောင် မျက်လုံးများရှိသော သူသည် သူ့မျက်နှာပေါ်တွင် အမြဲတမ်း နူးညံ့သောအပြုံးကို ပိုင်ဆိုင်ထားသည်။ သို့သော် သူမ စိတ်ထဲတွင် မျက်နှာဖုံးတပ်ထားသလို ခံစားရသည်။ ထိုအပြုံးမျက်နှာဖုံးအောက်တွင် သူဘာတွေ စီစဉ်နေမှန်း သူမ,မသိ။

ခေတ္တတိတ်ဆိတ်သွားပြီးနောက် ဇီဂရစ် က သိမ်မွေ့စွာ မေးလာသည်။

"အင်ပါယာကို ဘယ်လိုတည်ထောင်ခဲ့လဲ ဆိုတဲ့ ဒဏ္ဍာရီကို မင်းသိလား..."

တည်ထောင်ခဲ့တဲ့ ဒဏ္ဍာရီ....

သူမသည် ရုတ်တရက် သူ့အမေးကို ခဏတိတ်ဆိတ်နေပြီးမှ ဖြည်းဖြည်းချင်း ပြန်ဖြေလိုက်သည်။

"အသေးစိတ်တော့ ကျွန်မ မသိဘူး... ဒါပေမယ့် အခုလို အင်ပါယာကြီး ဖြစ်လာအောင် တည်ထောင်ခဲ့တဲ့ နတ်ဘုရားတစ်ပါးရဲ့ ဇာတ်လမ်းမဟုတ်လား..."

“ဟုတ်တယ်.... ပြီးတော့ နတ်ဘုရားအနားမှာ နှင်းဆီတစ်ပွင့် အမြဲရှိနေတယ်လို့ ဆိုထားတယ်..."

သူမလည်း သူ့စကားကြောင့် ဒဏ္ဍာရီနှင့် ပတ်သက်သည့် စာအုပ်တစ်အုပ်ကို ပြန်စဉ်းစားကြည့်မိသည်။ ဇီဂရစ် ပြောသည့်အတိုင်း၊ နတ်ဘုရားနှင့်နှင်းဆီသည် အမြဲအတူတကွရှိနေခဲ့ပြီး နတ်ဘုရား၏ ပန်းချီကားများတွင် နှင်းဆီပန်းများကို ခြွင်းချက်မရှိ ဆွဲထားတတ်သည်။သို့သော်လည်း၊ သူဘာကြောင့် ယခုလိုပြောရသည့် သူ့ရည်ရွယ်ချက်အမှန်ကို သူမ နားမလည်နိုင်ခဲ့ပေ။

"ကိုယ် အမြဲတွေးခဲ့တယ်...နတ်ဘုရားရဲ့နှင်းဆီပွင့်က ဘာလဲ ဆိုတာကို..."

သူ့မျက်လုံးများသည် အပြာရောင် တောက်ပနေသည်။ သူမသည် စူးစူးရဲရဲရှိလှသော သူ့မျက်လုံးများကို မြင်လိုက်ရသောအခါ သက်မရှိုက်လိုက်မိသည်။

"ရာဟန် က လူသားမဟုတ်ဘူးလို့ မင်း ခံစားဖူးလား..."

"အရှင် ဘာတွေ ပြောနေတာပါလဲ…"

"မင်း သူနဲ့ အတူရှိတုန်းမှာ ထူးဆန်းတာတစ်ခု ဖြစ်ခဲ့ရမယ်..."

“.….”

သူမ အံ့သြသွားပြီး အသက်ပြင်းပြင်းရှူလိုက်သည်။ သူမ၏ မျက်နှာအမူအရာကို တည်ငြိမ်ရန် ကြိုးစားသော်လည်း တုန်လှုပ်နေသော မျက်လုံးများကိုမူ မဖုံးကွယ်နိုင်ပေ။ ဇီဂရစ် ၏ ကြည်လင်သော အပြာရောင်မျက်လုံးများထက်ဝယ် ပြင်းပြသော ဆန္ဒတစ်ခုက ပူလောင်စွာ ဖြစ်တည်နေသည်။ ထိုအလင်းရောင်သည် သူမကို ဆုပ်ကိုင်ထားပြီး မျိုချတော့မလို ဖြစ်နေတော့သည်။သူမ ယခုချက်ချင်း ထွက်ပြေးချင်သလိုတောင် ခံစားမိသော်လည်း လက်တစ်ချောင်းမှ မလှုပ်ရှားနိုင် ဖြစ်နေသည်။

"ဘာပြောချင်တာပါလဲ..."

ရိုစီနာ က အေးအေးဆေးဆေး ဖြစ်အောင် နေပြီး မေးလိုက်၏။ထိုအခါ ဇီဂရစ်သည် သူမ ဘက်ကိုကိုင်းညွတ်လာပြီး လက်ဖက်ရည်ကို အေးအေးဆေးဆေး တစ်ငုံသောက်လိုက်သည်။သူ့လုပ်ရပ်တိုင်းက သူမကို ခြမ်းခြောက်ဖို့ ကြိုးစားနေသလိုပင်။

"အဲ့ဒါနဲ့ ပတ်သက်ပြီး လျှို့ဝှက်ချက်ကို ကိုယ် သိတယ်..."

တိုးတိုးလေး ပြောလိုက်တာကြောင့် သူမ၏ နှလုံးခုန်သံတွေ မြန်လာရသဖြင့် ဘာမှမပြောဘဲ အသာနေလိုက်သည်။

"အရှင် ဘာတွေပြောနေတာလဲ ဆိုတာ ကျွန်မ မသိဘူး..."

ဇီဂရစ် သည် လက်ဖက်ရည်ခွက်ကို ပန်းကန်ပြားပေါ် ချလိုက်သောအခါတွင် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။ထို့နောက် သူက သူမကို တည့်တည့်ကြည့်နေလေသည်။

"ဆိုလိုတာက မင်းရဲ့တည်ရှိမှုက နတ်ဘုရားရဲ့ တန်ခိုးနဲ့ ဆက်စပ်နေတယ် ဆိုတာပဲ..."

သူက လေးလေးနက်နက် ပြုံးနေရင်းက တစ်ခုခုဖြစ်သွားသလို အံဩသွားပုံနှင့် ထပ်ပြောလာလေသည်။

" မင်းဒါကို ပထမဆုံးကြားတာမလား....အဲ့ဒီလူယုတ်မာက မင်းကို ပြောမှာမဟုတ်ဘူး...”

ရိုစီနာ နှုတ်ခမ်းကို ကိုက်ထားလိုက်သည်။ နတ်ဘုရား၏ တန်ခိုးတော်သည် တော်ဝင်မိသားစု နှင့် နတ်ဘုရား၏ သားစဉ်မြေးဆက်များထံ အပ်နှံကြောင်း သူမအား ပြောပြခဲ့သည်။ သို့သော်လည်း သူမသည် ၎င်းကို ဒဏ္ဍာရီတစ်ခုအဖြစ်သာ သဘောထားခဲ့သည်။ နတ်ဘုရားများသည် သမိုင်းစာအုပ်များထဲတွင်သာ တည်ရှိသည်။

ထို့အပြင် နတ်ဘုရားများကို ဟာဘက် အင်ပါယာသာမက အခြားနိုင်ငံများ၏ ဒဏ္ဍာရီများတွင်လည်း အဓိကကျစွာ ဖော်ပြထားတက်သည်။ ထို့ကြောင့် တော်ဝင်မိသားစုသည် ၎င်းတို့၏ အာဏာ တည်မြဲစေရန် တီထွင်ခဲ့သည်ဟု လူအများက ယုံကြည်ထားကြသည်။ထို့ကြောင့် သူမသည် ဇီဂရစ် နောက်သလားဟု အလေးအနက် တွေးနေမိလေသည်။

" မင်းမယုံဘူးထင်တယ်..."

ဇီဂရစ် က ပခုံးတစ်ချက် တွန့်ပြလိုက်ပြီး ထိုင်ခုံနောက်မှီကို မှီရင်းပြောလိုက်သည်။

“နတ်ဘုရားရဲ့ တန်ခိုးတော်ဆိုတာ တစ်ကယ် ရှိတယ်... ဒါကြောင့် တော်ဝင်မိသားစုကသာ မကောင်းဆိုးဝါးတွေကို အပြည့်အဝ အနိုင်ယူနိုင်တာပါ...”

“….!”

ရိုစီနာ သည် မကောင်းဆိုးဝါး ဆိုသည့် စကားကြောင့် လန့်သွားသည်။သူမသည် ယခင်က မကောင်းဆိုးဝါးတစ်ကောင်ကို လူကိုယ်တိုင် မမြင်ဖူးသော်လည်း ထိုမကောင်းဆိုးဝါးများကို ရှင်းပစ်သူမှာ အိမ်ရှေ့စံ ဇီဂရစ်ဖြစ်ကြောင်း သူမ ကြားဖူးထားသည်။

နတ်ဘုရား၏ တန်ခိုးဆိုတာ အမှန်တကယ် ရှိသလား....ဒါဆိုရင် သူမနဲ့ နတ်ဘုရား တန်ခိုးကြားက ဆက်စပ်မှုက ဘာလဲ....

"မင်းရဲ့တည်ရှိမှုက နတ်ဘုရားရဲ့တန်ခိုးကို တိုးမြှင့်စေတယ်..."

နောက်ကျမှ အသိဝင်လာသော သူမသည် ခေါင်းခါလိုက်သည်။

“ဘာတွေပြောနေတာလဲ…”

"အဲ့ဒါကြောင့် ရာဟန် က မင်းကို လက်ထပ်ခဲ့တာ..."

သူမ တွေးနေသမျှသည် ဇီဂရစ် ၏ စကားလုံး တစ်လုံးတည်းဖြင့် ရပ်တန့်သွားပြီး အသက်ရှူဖို့ မေ့သွားသည်။

"သူက မင်းရဲ့ ခွန်အားကို လိုအပ်တယ်..."

ထို့နောက် ဇီဂရစ် သည် ထိုင်ခုံမှထကာ သူမကို ငုံ့ကြည့်လာရင်း သူမ လက်နားကို လက်လှမ်းလာသည်။

"ကိုယ့် စကားတွေ မှန်လား၊ မမှန်လား ဆိုတာ စမ်းသပ်ကြည့်ချင်လား..."

ရှည်လျားဖြူဖွေးသော လက်ချောင်းများသည် သူမ လက်ဆီကို အမြန်ရောက်လာသည်။သူမ တွေးချိန်တောင် မရလိုက်ဘဲ စိတ်တွေ လွတ်နေရသည်။နောက်ဆုံးတွင် ဇီဂရစ် ၏ လက်ချောင်းများသည် သူမ၏ လက်ကောက်ဝတ်ကို ထိလာသည်။

ရိုစီနာ လက်နှင့်ထိတွေ့ရသောအခါ ဇီဂရစ် ၏ မျက်နှာသည် ရွှင်လန်းလာသလိုပင်။ခဏနေမှ ရိုစီနာ သည် သတိပြန်ဝင်လာပြီး သူမ လက်ကို ဆွဲထုတ်လိုက်သည်။

"ဘာလုပ်တာပါလဲ..."

ထိုအခါမှ ဇီဂရစ်သည် ပြန်ထိုင်လိုက်ပြီး သူမ မျက်နှာကို တည်ကြည်ခိုင်မာသောအကြည့်ဖြင့် စိုက်ကြည့်နေသည်။

"ကျွန်မက တတိယမင်းသားရဲ့ ဇနီးပါ... ကျေးဇူးပြုပြီး ယဉ်ကျေးပါ..."

သူသည် အရေးမပါသည့် ကိစ္စတစ်ခုလို သဘောထားပြီး အနည်းငယ် ပြုံးလိုက်မိသည်။ ထို့နောက် ရိုစီနာ သည် မတုန်လှုပ်ဘဲ နောက်ထပ် စကားကို အခိုင်အမာထပ်ပြောလိုက်သည်။

"ကျွန်မနဲ့ သူ့ကို မ​စော်​ကားပါနဲ့..."

ထို့နောက် သူမ ချက်ချင်းထပြီး ဇီဂရစ် ကို ငုံ့ကြည့်လိုက်ရာ သူက အေးအေးလူလူပင် ပြန်စိုက်ကြည့်နေ၏။

"ကျွန်မကို ခွင့်ပြုပါဦး..."

နောက်ဆုံးနှုတ်ဆက် စကားတစ်ခွန်းတည်းဖြင့် သူမသည် လာရာလမ်းကို ပြန်လျှောက်လာသည်။ ထို့နောက်တွင်၊ အီလီယန် နှင့် အဝေးမှစောင့်ဆိုင်းနေသော သူရဲကောင်းများသည် သူမအနားကို အမြန်တိုးလာကြသည်။

"ဒီကနေ ထွက်သွားရအောင်..."

ရိုစီနာ ၏ စကားကြောင့် အိုင်းဆက် နှင့် ကာလန်က ချက်ချင်း တံခါးကို ဖွင့်လိုက်ပြီး သူမတို့အတူ စတိုးဆိုင်ထဲမှ အမြန် ထွက်လာတော့သည်။သူမရင်ထဲက ပထမဆုံး ဖြစ်ချင်သည့် ကိစ္စမှာ အိမ်ရှေ့စံနှင့် တတ်နိုင်သမျှ ဝေးဝေးကို သွားချင်မိသည်။ သူမလည်း ခပ်မြန်မြန် လမ်းလျှောက်လာရာ သူရဲကောင်းများက သူမ နောက်မှ လိုက်လာခဲ့သည်။ အီလီယန်လေးမှာ အမြန်မလျှောကနိုင်သဖြင့် အိုင်းဆက်က သူ့ကို ဆွဲပွေ့ထားလိုက်တော့သည်။

ရိုစီနာ သည် သူမ နောက်ကို လိုက်လာနေသော လူသုံးယောက်ကို လုံးဝမေ့သွားသည်အထိ အတွေးလွန်သွားခဲ့သည်။

အိမ်ရှေ့စံက ဘာရည်ရွယ်ချက်နဲ့ ဒီလိုပြောတာလဲ....

သူမ၏ တည်ရှိမှုသည် နတ်ဘုရား၏ တန်ခိုးကို ထိခိုက်စေသည်တဲ့လေ။ သူမ ခေါင်းယမ်းလိုက်သည်။သူ့စကားမှန်ကြောင်း သေချာ အတည်မပြုနိုင်သလို သူ့စကားမှတစ်ပါး အခြားအထောက်အထားမရှိပေ။ သူ့စကားကိုသာ ကြားပြီး မျက်စိစုံမှိတ် ယုံဖို့မှာ သိပ်ကို ရယ်စရာကောင်းလှသည်။

ပြီးတော့ နတ်ဘုရားရဲ့တန်ခိုးကို ထိခိုက်စေဖို့ သူမမှာ ဘာစွမ်းရည်ရှိလို့လဲ....

သူမသည် သာမန်လူသားတစ်ဦးသာဖြစ်ပြီး လွန်ခဲ့သည့်နှစ်အနည်းငယ်က တည်းက တော်ဝင်မိသားစုနှင့် အဆက်အသွယ်မရှိခဲ့သော မြို့စားမင်း၏ သမီးသာဖြစ်သည်။ ဇီဂရစ် ပြောသည့်အချက်များကို တစ်ခုပြီးတစ်ခု ချေဖျက်နေသည့် သူမ ရုတ်တရက် ရပ်သွားသည်။အကြောင်းမှာ သူ ပြောလိုက်သော နောက်ဆုံးစကားက သူမခေါင်းထဲက ထွက်လာတာကြောင့်ပင်။

ရာဟန် နဲ့ လက်ထပ်ရတဲ့အကြောင်း...

သူမ ရင်ဘတ်တွေ တဆတ်ဆတ်တုန်နေရတော့သည်။ အိမ်ရှေ့စံ၏ စကားအတိုင်း ရာဟန် သည် ထိုကိစ္စအတွက်နှင့် လက်ထပ်ရန်ကမ်းလှမ်းခြင်း ဖြစ်ပါက၊ သူ့ကို ထားခဲ့ရန်အတွက် နောင်တရစရာအကြောင်းမရှိချေ။

"မင်းသမီး..."

အိုင်းဆက် က သူမကို အော်ခေါ်လိုက်သဖြင့် သခေါင်းမော့ပြီး သူတို့ကို ကြည့်လိုက်ရာ သူတို့ အားလုံး စိုးရိမ်နေကြပုံပင်။

"တောင်းပန်ပါတယ်....ကျွန်မ လုပ်ရပ်က ရုတ်တရတ်ဖြစ်သွားတဲ့အတွက်..."

ရိုစီနာ တောင်းပန်လိုက်သောအခါ၊ အိုင်းဆက်က ခေါင်းယမ်းပြလိုက်သည်။ သူ့မှာ မေးခွန်းတွေ အများကြီးရှိပုံရသော်လည်း ဘာမှ မမေးလာပေ။

"အီလီယန်..."

ရိုစီနာ သည် အိုင်းဆက် ၏ရင်ခွင်ထဲတွင်ရှိသော အီလီယန် ကို လက်ကမ်းပေးလိုက်သည်။ အီလီယန် ၏ မျက်နှာလေးကို မြင်လိုက်ရသဖြင့် သူမ ပို၍တောင် စိတ်မကောင်းဖြစ်သွားသည်။ သူမ၏ စိတ်ခံစားချက်များကို ကောင်းစွာ မထိန်းနိုင်သောကြောင့် ကလေးအား စိတ်ပူပန်စေမိသွားသည်။

" မေမေ လမ်းလျှောက်တာ အရမ်းမြန်နေလား...တောင်းပန်ပါတယ်ကွယ်..."

“ဟုတ်…”

ထို့နောက် အီလီယန် သည် သူမကို ပွေ့ဖက်လာသည်။ သူမကလည်း အီလီယန် ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ပြီး မြေကြီးပေါ် ချပေးလိုက်၍ အိုင်းဆက် နှင့် ကာလန် ကို တစ်ချက်ကြည့်လိုက်သည်။

"ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေကို သူ့ကို လျှို့ဝှက်ထားပေးဖို့ ရှင့်တို့ကို မတောင်းဆိုပါဘူး..."

အိမ်ရှေ့စံနှင့် တွေ့သည့်ကိစ္စကို သူမ ဖုံးကွယ်ထားဖို့ ရည်ရွယ်ချက်မရှိပေ။ သူမကိုယ်တိုင် အရင်နောက်ဆုတ်လာတာကြောင့် ရှက်စိတ်လည်း မရှိပေ။

သူမသည် ဇီဂရစ်၏ စကားများကိုပြန်သတိရလာကြောင့် ခေါင်းကို တွင်တွင်ခါယမ်းလိုက်မိသည်။ မည်သို့ပင်ဆိုစေ၊ အိမ်ရှေ့စံ၏ စကားများသည် အဓိပ္ပာယ်မရှိပေ။

“ပြီးတော့ အိမ်ရှေ့စံနဲ့ စကားပြောတာက ကြီးကြီးမားမားတော့ မဟုတ်ပါဘူး....သူက နည်းနည်းလေးပဲ ပြောခဲ့တာ... ဒါပေမယ့် သူ့စကားတွေက ထူးဆန်းတယ်...သိပ်လည်း စိတ်ပူစရာမလိုပါဘူး..."

"…ကောင်းပါပြီ"

အိုင်းဆက် နှင့် ကာလန် က ဘာမှ မမေးသဖြင့် သူမလည်း စိတ်သက်သာရာသရသွားပြီး အီလီယန် ကို ငုံ့ကြည့်လိုက်သည်။

"ကဲ ...မေမေတို့ အရသာရှိတာ တစ်ခုခု သွားစားကြမလား..."

ထို့နောက် အီလီယန်က ခေါင်းညိတ်လိုက်တာကြောင့် သူမလည်း ကလေးကိုလက်တွဲပြီး ဖြည်းဖြည်းချင်း လမ်းလျှောက်လာခဲ့သည်။

***

နန်းတော်သို့ပြန်ရောက်ပြီးနောက် ရိုစီနာ သည် ဘာမှမစားဘဲ အိပ်ခန်းထဲကို ချက်ချင်းဝင်လိုက်သည်။ အဆင်​​ပြေသည်ဟု ထင်ရ‌သော်လည်း ​နေ့ခင်းတုန်းက အိမ်​​ရှေ့စံနှင့်တွေ့ခဲ့ရသဖြင့် စိတ်​ရှုပ်​​နေ​သေးသည်။အထူးသဖြင့် ရာဟန် အကြောင်း တွေးလိုက်သည့်အခါ သူမ နှလုံးသား နာကျင်သွားရသည်။ ထို့နောက် သူမသည်အိပ်ရာမှထကာ ရေမြန်မြန်ချိုးပြီး ပါးလွှာသော ၀တ်စုံတစ်စုံကို ၀တ်လိုက်ပြီး ပြန်မအိပ်ခင် စားပွဲရှေ့မှာ ထိုင်လိုက်၏။

စောစောက စတိုးဆိုင်မှာ ရပ်ပြီး ဈေးဝယ်စဉ် စာတစ်စောင် ရလိုက်သဖြင့် သူမ ထိုစာကိုတစ်ချက်ကြည့်လိုက်မိသည်။ အဖြေတစ်ခုခု ထွက်လာမည်ဟု သူမ မျှော်လင့်ထားတာကြောင့် နှလုံးခုန်မြန် နေရသည်။ သူမသည် ဖယောင်းတံဆိပ်ကို ဂရုတစိုက် ခြစ်ထုတ်ပြီး စာရွက်ကို ထုတ်လိုက်သည်။ ရွှေရောင် စာရွက် ပေါ်တွင် မင်မည်းမည်းဖြင့် ရေးထားသော အာစတေးနီးယား ဘာသာစကားကိုတွေ့ရလေသည်။

[လေးစားရပါသော ရိုစီနာ]

စာသည် အာစတေးနီးယား တွင် သူမ အကြွေးတင်ခဲ့သော မြို့တော်ဝန် ၏ ဇနီးသည် အယ်လီဆာ ထံမှဖြစ်သည်။

ရိုစီနာ သည် စာကို ဖြည်းဖြည်းချင်း ဖတ်ကြည့်လိုက်သည်။ လေဒီ အယ်လီဆာ က နှုတ်ခွန်းဆက်စကားဖြင့် စတင် ရေးသားထားသည်။ တတိယမင်းသား လက်ထပ်ခြင်းနှင့်ပတ်သတ်၍ ကောလာဟလများကို ကြားခဲ့ရသော်လည်း ဇနီးလောင်းမှာ ရိုစီနာ ဖြစ်နေမည်ဟု သူမ,မထင်ထားသောကြောင့် အံ့အားသင့်ခဲ့ရသည်ဟု ဆိုသည်။ နောက်ပိုင်းစာများတွင် ရိုစီနာသည် အာစတေးနီးယား တွင် ဖြစ်ပျက်ခဲ့သည်များကို သွယ်ဝိုက်သောနည်းဖြင့် သိလာခဲ့ရသည်။ အထူးတလည် ကြီးကြီးမားမား ဘာမှမဖြစ်ခဲ့ဘဲ၊အယ်လီဆာ နေ့စဉ် ဖြတ်သန်းနေရသည့် နေ့စဉ်ဘဝပုံစံက သူမကို ရယ်မောစေတာကတော့ အမှန်ပင်။ စာ၏ အဆုံးကို မြင်သောအခါ သူမစိတ်ထဲတွင် ဝမ်းနည်းသလိုခံစားရပြီး နောက်ဆုံးစာကြောင်းကို ဖြည်းဖြည်းချင်း ဖတ်ကြည့်မိသည်။

[အို...အစ်မ ညီမကို ပြောစရာတစ်ခုရှိတယ်...အဲ့ဒါကတော့ ကေလာ က တော်ဝင် အကယ်ဒမီ မှာကျေင်းတက်မယ်...]

“…?”

ရိုစီနာ ဤစာကြောင်းကို ခဏခဏ ပြန်ဖတ်မိသွား၏။သို့သော်၊ ဘယ်နှစ်ကြိမ်ပဲ ဖတ်ပါစေ၊ အကြောင်းအရာက အတူတူပင်ဖြစ်သည်။ သူမ စာကို ခဏလောက် ချထားလိုက်သည်။ ကေလာ သည် မြို့တော်ဝန် ၏ အငယ်ဆုံးသမီးဖြစ်ပြီး သူမ စာသင်ပေးခဲ့သည့် ကလေးမလေးဖြစ်သည်။

"သူမကက တော်ဝင်အကယ်ဒမီ ကို လာမယ်ဆိုပါလား...မယုံနိုင်ဘူး..."

အာစတေးနီးယား သည် အလွန်ချုပ်ခြယ်တင်းကြပ်သော နိုင်ငံဖြစ်တာကြောင့် မင်းမျိုးမင်းနွယ်များသည် နိုင်ငံခြားတွင် ပညာမသင်ကြားကြဘဲ အာစတေးနီးယား အကယ်ဒမီ တွင်သာ ပညာသင်ကြသည်။အယ်လီဆာသည် အင်ပါယာကို ဘယ်လောက်ပဲ စိတ်ဝင်စားနေပါစေ၊ယခုလို ဆုံးဖြတ်ကြီးချလိမ့်မည်ဟု သူမ မမျှော်လင့်ထားပေ။

အကယ်၍ ကေလာ သည် တော်ဝင် အကယ်ဒမီ ကို တက်ရောက်မည်ဆိုပါက အတော့်ကို ထူးဆန်းအံ့ဖွယ်ကိစ္စ ဖြစ်လိမ့်မည်။ အင်ပါယာသည် အာစတေးနီးယား နှင့် ကူးလူးဆက်ဆံရန် စိတ်အားထက်သန်သော်လည်း အာစတေးနီးယား ကမူ ငြင်းဆိုမြဲပင်။ယခုတော့၊ ကေလာ သည် တော်ဝင်အကယ်ဒမီ သို့ လာမည်ဟု ဆိုသောကြောင့် အာစတေးနီးယား သည် တံခါးပိတ်ဝါဒ ကျင့်သုံးတော့ပုံမရပေ။

ထို့အပြင်၊ မြို့တော်ဝန် ဟီလစ် သည် အာစတေးနီးယား တွင် သြဇာအာဏာကြီးမားပြီး ဘုရင်၏ အမျိုးအနွယ်ဖြစ်သောကြောင့်၊အင်ပါယာကလည်း ဤအခွင့်အရေးကို လက်လွှတ်ခံမှာမဟုတ်ပေ။ထိုအချက်ကိုနင်း၍ အာစတေးနီယားကို အင်ပါယာက အနိုင်ယူသွားနိုင်သည်။

"...ငါ အရမ်းစိတ်​ပူ​နေမိတာပဲ"

ရိုစီနာ ခေါင်းယမ်းလိုက်သည်။ ကေလာ က အကယ်ဒမီကို လာမည်ဆိုလျှင် မြို့တော်ကို ရောက်လာမှာ မဟုတ်ပေ။ထို့နောက် သူမလည်း ကေလာ နှင့် သူမတို့ တွေ့သည့်နေ့ကို ပြန်သတိရပြီး စာကို သပ်သပ်ရပ်ရပ်ခေါက်၍ အံဆွဲထဲ ထည့်လိုက်သည်။

***
နန်းတော်သို့ပြန်ရောက်ပြီးနောက်၊ အီလီယန် သည် သူ့အခန်းတွင်သာ နေခဲ့ပြီး ညစာလည်း မစားခဲ့ပေ။ သူအရမ်းချစ်သည့် အမေဖြစ်သူနှင့် အပြင်ထွက်ခဲ့သော်လည်း စိတ်ပျက်ခဲ့ရသည်။ သူသည် ကုတင်ပေါ်လှဲအိပ်ရင်း အိမ်ရှေ့စံကို ပြန်သတိရသွားသည်။ ပိုးကောင်တစ်ကောင်ကို ကြည့်နေသလိုမျိုး သူ့အားကြည့်နေသော သူ့မျက်လုံးများကို မြင်လိုက်ရသည်နှင့် ထိတ်လန့်သွားခဲ့ရသည်။

ယခုချိန်ထိ သူ ဘယ်သူ့ကိုမှ အရှုံးမပေးဘူးဟု ယုံကြည်ထားသော်လည်း အိမ်ရှေ့စံက ခြွင်းချက်ဖြစ်နေသည်။စောစောက သူ လန့်သွားခဲ့မိသောကြောင့် ရှက်စိတ်တို့ အခုမှ ပြန်ဝင်လာရသည်။အမေဖြစ်သူအတွက် တစ်စက်ကလေးမှ ကူညီမပေးနိုင်သဖြင့် ကိုယ့်ကိုယ်ကို ဒေါသလည်း ထွက်နေမိသည်။ ဤအတိုင်းဆိုလျှင်၊ သူသည် မိခင်အတွက် ဝန်ထုပ်ဝန်ပိုးမျှသာ ဖြစ်ပေလိမ့်မည်။ အနည်းဆုံးတော့ သူ့ကိုယ်သူ ကာကွယ်ချင်သည်။

ရိုစီနာ အတွက် ခွန်အားပေးနိုင်ရင်...

အီလီယန် သည် အိပ်ယာမှထကာ အဝတ်အစားလဲပြီး အိပ်ခန်းထဲမှ ထွက်လာခဲ့သည်။ အားလုံး အိပ်ပျော်သွားပြီဖြစ်၍ စင်္ကြံမှာ တိတ်ဆိတ်နေသည်။ ထို့နောက် သူသည် စင်္ကြံမှ တစ်ဆင့် ပန်းခြံဘက်ကို လျှောက်လာသည်။ နွေဦးရာသီ၏ လေသည် ခပ်ဖျော့ဖျော့လေး ပူနွေးနေလေသည်။ သူသည် ဥယျာဥ်ကို စိုက်ကြည့်နေပြီးကာမှ စကားပြောလိုက်သည်။

"ဦး အဲ့ဒီမှာရှိနေလား..."

ဘာသံမကြားရပေ။သို့သော် ဒါပေမယ့် သူ့စိတ်ထဲက က ယုံကြည်မှုကြောင့် ဟိုဒီလျှောက်ကြည့်လိုက်သည်။ သိပ်မကြာခင်မှာ သစ်ပင်တစ်ပင်၏ နောက်ဘက်တွင်ပုန်းအောင်းနေသည့် အိုင်းဆက် ပေါ်လာသည်။ အိုင်ဆက် သည် မျက်မှောင်ကြုတ်ထားပြီး အီလီယန် ကို ငုံ့ကြည့်နေတော့သည်။ထိုအခါ အီလီယန် သည် အိုင်းဆက် ခါးတွင် ချိတ်ထားသော ဓားရှည်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် သေချာပြောလိုက်သည်။

"သားကို ဓားပညာ သင်ပေးပါ..."