အပိုင်း ၄၉
Viewers 13k

Chapter 49

အင်ပါယာနှင့် ဝေးကွာပြီးနောက်တတိယ အပတ်တွင် ရာဟန် နှင့် ထရိအက် သူရဲကောင်းများသည် ဟေလာ သို့ရောက်ရှိလာခဲ့သည်။ ဟေလာ ၏အုပ်ချုပ်သူ ဒီဏိ သည် ပထဝီဝင်ကို ကောင်းစွာသိပြီး ဖြတ်လမ်းများအား သိကျွမ်းသူပင်ဖြစ်သည်။ ရာဟန် သတိရနေခဲ့သော ဟေလာ သည် အမြဲလိုလို နှင်းဖုံးနေသည်။ နွေရာသီမှလွဲ၍ တစ်ချိန်လုံး နှင်းကျပြီး နွေရာသီမှသာ နှင်းခဲများ အရည်ပျော်တတ်သည်။ ရလဒ်အနေဖြင့် ဟေလာ ဒေသရှိ အိမ်များ၊ တောင်ကုန်းများနှင့် ရေကန်များ အားလုံးသည် အဖြူရောင်များသာ ဖြစ်သည်။ ဤကဲ့သို့သော ဟေလာ သည် အချိန်တိုလေးအတွင်း နွေးထွေးသွားသည့် အချိန်ကာလတစ်ခုရှိခဲ့သည်။ ထိုအချိန်သည် ယခုအချိန်ပင် ဖြစ်တော့သည်။

ရာဟန် တို့ အဖွဲ့ရောက်ချိန်တွင် နွေရာသီ ရောက်နေပြီဖြစ်၏။ထို့‌ကြောင့် အမြဲတမ်း ကျဆင်းနေခဲ့သော နှင်းများသည် ခဏရပ်သွားကာ တိမ်ထူနေသော ကောင်းကင်ယံထက်ဝယ် ဝှက်ထားသော နေရောင်ခြည်က မှုန်မှိုင်းစွာ ပေါ်ထွက်လာသည်။ ထိုဒေသတွင် နေရောင်ခြည် ထွန်းတောက်လာသောအခါ သစ်ပင်များရှိ နှင်းများကွာကျကာ အသီးအပွင့်များက ဖူးပွင့်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။

ရာဟန် သည် နှင်းထုအလယ်တွင် ရပ်လိုက်ပြီး ရှေ့သို့ လျှောက်သွားပြီး နှင်းများပြည့်နေသော တောအုပ်တစ်ခုဆီသို့ ဦးတည်သွားခဲ့သည်။ သစ်ပင် အကိုင်းအခက်တွေက ပွင့်နေပြီဖြစ်သော်လည်း နှင်းများက လုံးလုံး မပျော်သေး။ တစ်ပတ်အကြာမှသာ ပန်းပွင့်များပေါ်မှ နှင်းများကျလာမည်ဖြစ်သည်။

ရာဟန် သည် တောထဲသို့ ဦးတည်သွားနေရင်း အေးခဲနေသော ရေကန်ငယ်တစ်ခု ပေါ်လာသောအခါ အနောက်ဘက်ကို ချိုးလိုက်သည်။ အချိန်အတော်ကြာ လျှောက်ပြီးနောက် သစ်ပင်ကြီးတစ်ပင်ကို မြင်လာရသည်။ နှင်းတွေ ဖုံးနေဆဲဖြစ်သော အကိုင်းအခက်တစ်ခုစီမှာ ပန်းတွေပွင့်လန်းနေကြသည်။ထိုသစ်ပင်ကြီးအောက်မှာ နှင်းတွေဖုံးနေသည့် သင်္ချိုင်းတစ်ခုရှိပေသည်။သူက ခါးမှာထိုးထားသည့် ဓားကို ချလိုက်ပြီး အလှဆုံးပန်းပွင့်တွေနှင့် ဝေဆာနေသော ကိုင်းခက်တစ်ခုကို ချိုးလိုက်သည်။ထို့နောက် သူက ဒူးထောက်လိုက်သည်။

“ကြာခဲ့ပြီနော်...”

သူ့စကားက တိတ်ဆိတ်နေသောသင်္ချိုင်းကို လွှမ်းမိုးသွားသည်။ အုတ်ဂူမရှိသော မြေပုံပိုင်ရှင်မှာ ရာဟန် ၏ မိခင်ပင်ဖြစ်သည်။ဤသည်မှာ သူကိုယ်တိုင် လုပ်ထားသည့် မြေပုံလည်း ဖြစ်သည်။

ထို့နောက် ရာဟန် ဘေးတွင် ရပ်နေသော သူရဲကောင်းများသည် နောက်ပြန်ဆုတ်ကာ ဘေးသို့ ရွေ့သွားကြသည်။ သူတို့ ပျောက်ကွယ်သွားသောအခါ ရာဟန် သည် သူခူးထားသည့် ပန်းခက်ကို ချလိုက်တော့သည်။

“ဒီနေ့ ပန်းတွေ ယူလာပေးတယ်နော်...အမေ"

ရာဟန် က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ရိုစီနာကတော့ သူ့အမေက သူယူလာသည့်ပန်းတွေကို သဘောကျလိမ့်မည်ဟု ပြောခဲ့ဖူးသည်။ ငယ်ငယ်တုန်းက သူ့အမေသည် တောရိုင်းပန်းတွေ ခူးနေရလျှင်တောင် ပျော်ရွှင်နေသူဖြစ်သည်။

ရာဟန် သည် အုတ်ဂူကို ငုံ့ကြည့်လိုက်ရာ သူ့အမေက ပြုံးပြီး သူ့ကို ကြည့်နေသလို ခံစားရသည်။ထို့နောက် ဖြည်းညှင်းစွာထလိုက်ပြီး တိုးတိုးလေးပြောသည်။

"တစ်နေ့တော့ အမေ့ကို ကျွန်တော် ချစ်တဲ့လူနဲ့ မိတ်ဆက်ပေးမယ်နော်..."

ထို့နောက် အုတ်ဂူပေါ်ရှိ ပန်းပွင့်များသည် ပြန်ဖြေနေသကဲ့သို့ လှုပ်ခါနေသည်။ ထိုစဉ် ရာဟန် သည် သူ့ဆီသို့ ပျံသန်းလာနေသော ငှက်တစ်ကောင်ကို တွေ့လိုက်ရသည်။ ငှက်ကလေး နီးကပ်လာသည်နှင့်အမျှ နန်းတော်သို့ လွှတ်လိုက်သော သိမ်းငှက်ဖြစ်ကြောင်း သူ သိလိုက်သည်။ထို့နောက် သူက လက်ကို ဆန့်လိုက်လိုက်ရာ သိမ်းငှက်ကလေးက သူ့လက်မောင်းပေါ်မှာ နားနေလိုက်သည်။ သိမ်းငှက်က‌လေး၏ လည်ပင်းမှာ စာရွက်လေးတစ်ရွက်ရှိနေသဖြင့် သူက စာရွက်ကို ချက်ချင်းဆွဲထုတ်လိုက်သည်။ထို့နောက် သိမ်းငှက်သည် သူ့ခေါင်းပေါ်၌ လှည့်ပတ်ပြီး ပြန်‌သွားတော့သည်။

ထို့နောက် ရာဟန် က သူ့လက်အိတ်ကို ချွတ်လိုက်ပြီး ခေါက်ထားသည့် စာရွက်ကို ရေမစိုအောင် သေချာဖွင့်လိုက်သည်။ မကြာသေးမီက သူမ ကြုံတွေ့ခဲ့သော အဖြစ်အပျက်များကို အတိုချုံး ဖော်ပြထားပြီး ရေးထားခြင်းပင်။သူသည် စာကို တစ်လုံးပြီးတစ်လုံး စေ့စေ့စပ်စပ်ဖတ်နေရင်းနှင့် နောက်ဆုံးစာကြောင်းကို ရောက်သွားသည်။

[ကျွန်မ ရှင့်ကိုစောင့်နေမယ်....ပြန်လာခဲ့နော်...]

အချိန်အတော်ကြာ ကြည့်နေခဲ့သော ရာဟန် သည် စာရွက်ကို ညင်ညင်သာသာ ထိလိုက်ပြီး ဖွဖွလေး နမ်းလိုက်သည်။ 'စောင့်ဆိုင်းခြင်း' ဟူသော စကားလုံးသည် အဘယ်ကြောင့် ဤမျှလောက် တုန်လှုပ်သွားရသည်ကို သူနားမလည်နိုင်ပေ။ယနေ့တောင်မှ ရိုစီနာ က သူ တစ်ခါ မခံစားဖူးသည့် ခံစားချက်တွေကို သင်ပေးခဲ့ပြီဖြစ်၏။စာရွက်ကို မြတ်နိုးစွာ စိုက်ကြည့်နေသော ရာဟန် သည် ပြေးဆင်းလာရာ တောင်အောက်တွင် စောင့်နေသည့် သူရဲကောင်းများသည် သူ့ဘေးနားတွင် ချက်ချင်း စုရုံးလာသည်။ပြီးလျှင်၊ရာဟန် က သူတို့ကိုကြည့်ပြီး အမိန့်ပေးလိုက်သည်။

“မြန်မြန်ရှင်းပြီး မြို့တော်ကို ပြန်မယ်...”


***

ထရိအက် သူရဲကောင်းများသည် ဟေလာသို့ ရောက်ရှိလာသည့်နေ့မှစ၍ ချက်ချင်းပင် မကောင်းဆိုးဝါးများကို တိုက်ခိုက်ခဲ့ကြသည်။ ဟေလာ တွင်သာမက နယ်စပ်ပြင်ပမှာလည်း မကောင်းဆိုးဝါးအချို့ ရှိနေသည်။ သို့သော် ရက်များကြာလာသည်နှင့်အမျှ မကောင်းဆိုးဝါး အရေအတွက်မှာ သိသိသာသာ လျော့နည်းလာသည်။ ရွာတစ်ဝိုက်မှာ ဝိုင်းအုံနေသည့် မကောင်းဆိုးဝါးတွေ ပျောက်ကွယ်သွားသဖြင့် အိမ်ထဲကတောင် မထွက်နိုင်ဖြစ်နေသည့် ရွာသားတွေမှာ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြ၏။

ရာဟန် ၏အကူအညီဖြင့် ဒီဏိ သည်ရွာသားများအားကူညီခဲ့သဖြင့် ဟေလာ သည် ယခင်ကလို ပြန်ဖြစ်လာရသည်။ထို့ကြောင့် မြို့ခံများသည် ရာဟန် နှင့် ထရိအက် သူရဲကောင်းများအား စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်နေကြသည်။တဖြည်းဖြည်းဖြင့် ရွာသားများသည် ရာဟန်၏ သရုပ်မှန်ကို သိလာကြသည်။ထို့ကြောင့် ရာဟန် ဒုက္ခရောက်နေသောအခါ၊ ဒီဏိ သည် ရပ်ကွက်အတွင်းရှိနေထိုင်သူများကို လုံးဝနှုတ်ပိတ်မည်ဟု ကျိန်ဆို၍တောင် ပြောခဲ့သည်။ ရာဟန် အောက်တွင် သစ္စာခံမည်ဟု ကတိပြုခဲ့သော ဒီဏိ သည် သူ တတ်နိုင်သမျှ အကုန်လုပ်ပေးခဲ့သည်။ဤသို့ဖြင့် ဒီဏိ ၏ ကျေးဇူးကြောင့် ထရိအက် သူရဲကောင်းများသည် နွေးထွေးသောနေရာတွင် အိပ်စက်နိုင်ပြီး အစားအသောက်လည်း ကောင်းကောင်းမွန်မွန် စားနိုင်ကြသည်။

ရုတ်တရက်၊ ဟေလာ ၏ တိုတောင်းသော နွေရာသီသည် ကုန်ဆုံးလာပြီး တစ်ပတ်အကြာတွင် နှင်းများ ထပ်မံကျလာသည်။ နှစ်ရက်အကြာတွင် အိမ်ခေါင်မိုးပေါ်မှာ နှင်းတွေစုပုံလာပြီး နေရာတိုင်းတွင် မူလအဖြူရောင်အတိုင်း ပြန်ဖြစ်သွားသည်။

"အိုး.... ဒါက ဂျုံမှုန့်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ..."

နှင်းတွေက အသုံးမကျကြောင်း ညည်းတွားနေသည့် ရယ်ဗင် က နှင်းလုံးများကို ကန်ထုတ်လိုက်သည်။သူ့ဘေးမှာ လမ်းလျှောက်နေသည့် ခရေယယ် က ကောင်းကင်ကို မော့ကြည့်လိုက်ရာ တိမ်များသည် ကောင်းကင်ထက်တွင် ထူးထူးခြားခြား လွင့်မျောနေသည်ကို တွေ့လိုက်ရသည်။

“နောက်ဆို နှင်းတွေ ထူထပ်လာမှာ...”

နွေရာသီက ပြီးဆုံးနောက်တွင် နှင်းများထူထပ်စွာကျလာသဖြင့် မြင်ကွင်းက အဖြူ ရောင် ညှို့မှိုင်းနေသည်။ တစ်ပတ်လုံး ဆီးနှင်းများ ထူထပ်စွာကျခဲ့သဖြင့် ဘယ်သူမှ အပြင်မထွက်နိုင်ကြချေ။ နှင်းတွေက ထူထပ်လွန်းသဖြင့် လမ်းများအားလုံးကိုလည်း ပိတ်ဆို့ထားကြသည်။

ထရိအက် သူရဲကောင်းများသည် အင်ပါယာ နယ်နိမိတ်ဆီသို့ ဦးတည်သွားကြသည်။ ဟေလာ ဧရိယာတဝိုက်ကို လျှောက်သွားပြီးနောက် အင်ပါယာ အနီးစပ်က နှင်းတွေကျနေသည့် တောင်ကြီးကို သွားရမည် ဖြစ်သည်။ သူရဲကောင်းများသည် ‌နေရပ်မပြန်ခင် နောက်ဆုံးအကြိမ် သွားရခြင်းဖြစ်တာကြောင့် မောပန်းနွမ်းနယ်မှုကို တွန်းလှန်ကာ ရှေ့သို့ဆက်တိုးသွားကြသည်။ နှင်းတွေထူထပ်သည့် တောင်ပေါ်ကို ရောက်လာသော သူရဲကောင်းများက မကောင်းဆိုးဝါးကို ခြေရာခံလိုက်ကြသည်။ မကောင်းဆိုးဝါးအများစုသည် ဤနေရာတွင် ပုန်းအောင်းနေကြသည်ဟု သူတို့ အစက ထင်ခဲ့ကြသော်လည်း ထူးဆန်းသည်မှာ မည်သည့်လက္ခဏာမျှ မတွေ့ရပေ။

ထိုစဉ် မြင်းကို ဖြည်းညှင်းစွာ စီးနေသော ရာဟန် က လက်တစ်ဖက်ကို မြှောက်လိုက်သောအခါ သူရဲကောင်းများအားလုံး ရပ်တန့်သွားကြသည်။ နှင်းဖုံးနေသည့် တောင်ကုန်းအစွန်းမှာ လူတစ်ယောက်၏ ဦးခေါင်းကို မြင်နေရတာကြောင့် ရာဟန်က အရပ်ခိုင်းလိုက်ရခြင်းပင်။

“အနီးနားမှာ ရွာတွေမရှိတော့ နယ်စပ်နားက လူတစ်ယောက်များလား…"

ခရေယယ် ၏ ညည်းညူသံကြောင့် လူတိုင်း အသက်ရှုကြပ်သွားကြသည်။ သူရဲကောင်းများသည် တဖြည်းဖြည်း ချဉ်းကပ်လာကြသည်။ ထို့နောက် ရပ်နေသော အမျိုးသားက ခေါင်းကို ငုံ့ထားလိုက်သည်။ သူတို့ ထင်ထားသည်က လူသားပင်။တစ်ကယ်တမ်းတွင် ၊ လူသားနှင့် အလွန်ဆင်တူသည့် သတ္တဝါဖြစ်နေသည်။ထိုသူ၏ မျက်လုံး၊ နှာခေါင်း နှင့် ပါးစပ်တို့သည် လူသားနှင့် တူသော်လည်း ဒေါင်လိုက်ဖြစ်နေသော သူငယ်အိမ်များနှင့် အပြာရောင် အရေပြားတို့က လူသားမဟုတ်ကြောင်း ပြောနေကြသည်။ ထို့ကြောင့် အားလုံးက ဓားရှည်တွေကို တစ်ချက်တည်း ဆွဲထုတ်လိုက်သည်။ နေရောင်က နှင်းဖြူတွေ ပေါ်ကနေ ဓားသွားပေါ် ဖြာကျလိုက်သည်နှင့် အမြန်ပြေးလာခဲ့သည်။

“အိုး"

သူတို့လည်း အနားတိုးလာသောအခါ အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့သည်။ လက်သည်းများကဲ့သို့ ချွန်ထက်နေသော ခြေသည်းများသည် ခရေယယ် ၏ ပေါင်ကို ထိုးဖောက်ဝင်ရောက်သွားရသည်။ သူရဲကောင်းများသည် သူတို့ ဓားများဖြင့် ခုတ်ထစ်ကြသော်လည်း လူ့အရေပြားနှင့်မတူဘဲ ချပ်ဝတ်တန်ဆာကဲ့သို့ မာကျောသောကြောင့် ဓားသည် ထိုးဖောက်မဝင်သွားပေ။ထိုသူက သူရဲကောင်းတွေဆီ အပြေးအလွှားသွားခါနီးမှာ ရာဟန် က သူ့ဓားဖြင့် အလျင်အမြန် ထိုးခုတ်ပစ်လိုက်သည်။ ထိုသူ၏ လည်ပင်းထိပ်ကို ဓားဖြင့် ခုတ်ဖြတ်မိသောအခါတွင် သူ့ခန္ဓာကိုယ်ပေါ်မှာ အမာရွတ်များ ကျန်ရစ်ခဲ့ရသည်။ နှင်းဖြူဖြူတွေပေါ်မှာ သွေးနီနီတွေ ထွက်နေသည့်ညထိုသတ္တဝါမှာ လူသုံးတစ်ယောက်လို ဖြစ်နေ၍ သူရဲကောင်းများသည် တုန်လှုပ်သွားကြသည်။

"...အဲဒါက မကောင်းဆိုးဝါးလား"

သူတို့သည် ယခုအချိန်အထိ မကောင်းဆိုးဝါးများစွာကို ဖမ်းမိထားသော်လည်း ပထမဆုံးအကြိမ်အဖြစ် သွေးနီများ ထွက်လာတာကို ကြုံရခြင်းပင်ဖြစ်သည်။ ထို့အပြင်၊ သားရဲနှင့်တူသော မကောင်းဆိုးဝါးများ အပါအဝင် မကောင်းဆိုးဝါး အမျိုးမျိုး တွေ့ကြုံခဲ့ရသော်လည်း လူသားနှင့် ဤမျှလောက် ဆင်တူသည့် သတ္တဝါမျိုးကို တစ်ခါမှ မတွေ့ဖူးပေ။ ဘယ်လိုပင်ဖြစ်ဖြစ်၊ သူသည် လူသားမဟုတ်ကြောင်း ထင်ရှားသည်။မကြာမီ၊ သူက ပြန်လည်တိုက်ခိုက်ရန် သူ့ခန္ဓာကိုယ်ကို လိမ်ကျစ်ကာ အားယူထားသည်။ ရာဟန် သည် ဤအခိုက်အတန့်ကို လက်လွတ်မခံဘဲ ဓားဖြင့် သူ့ရင်ဘတ်ထဲသို့ ထိုးထည့်လိုက်ရာ ရှေ့သို့ လဲကျသွားသည်။

အနီရောင်သွေးများ စိမ်ထားသည့် နှင်းတွေပေါ်မှာ ထိုသူက တခစ်ခစ်ရယ်နေတော့သည််။သူက ခါးကွေးသွားသည်အထိ ရယ်မောရင်း လက်ကို ဆန့်ထုတ်လိုက်သဖြင့် ရာဟန် က ဓားဖြင့် လက်မောင်းကို ခုတ်ပစ်လိုက်သည်။ နာကျင်နေရသော်လည်း သူ့လက်မောင်းကို ဖြတ်လိုက်လျှင်တောင် အရယ်မရပ်သွားပေ။ သူရဲကောင်းများသည် သူတို့၏ စိတ်ထဲသို့ ထိုးဖောက်လာသလို ရယ်မောသံကြောင့် မျက်မှောင်ကြုတ်သွားကြပြီး ရာဟန် ကို တည့်တည့်ကြည့်လိုက်ပြီး တခြားလက်တစ်ဖက်ဖြင့် ရာဟန် အား လက်ညှိုးထိုးကာ တိုးတိုးလေး ပြောလိုက်သည်။

" မင်းလည်း ငါတို့လိုပဲကိုး... "

ထို့နောက် ရယ်မောသံများ ရုတ်တရက် ရပ်တန့်သွားပြီး တိတ်ဆိတ်သွားသည်။ ရာဟန်၏ ခေါင်းထက်မှာလည်း နှင်းတွေကျနေပြီး သူက ဓားကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်သည်။ ရာဟန် ကို ကြည့်နေသည့်အကြည့်တို့က စိတ်ရှုပ်နေပုံရသည်။သူ နားမလည်နိုင်သော်လည်း တစ်ခုခုပြောနေတာ သေချာသည်။ထို့အပြင် သူ့မျက်လုံးတွေက သူနှင့် မျိုးနွယ်တူများကို ကြည့်နေသလိုပင်။

"ငါတို့ပြန်မယ်..."

ထို့နောက် ရာဟန် သည် ပထမခြေလှမ်းကိုလှမ်းလိုက်ရာ သူရဲကောင်းများသည် မကောင်းဆိုးဝါး၏ အလောင်းကို အမြန်ပြန်ယူကြသည်။

***

ရိုစီနာ သည် မင်းသားနန်းတော်တွင် ထုံးစံအတိုင်း နေ့စဉ်အလုပ်များကို တစ်ခုပြီးတစ်ခုလုပ်နေခဲ့သည်။ ရာဟန် ပြန်လာဖို့ တစ်ပတ်လောက် ကျန်သေးသော်လည်း သူ့ကို ကြိုဆိုဖို့ ဖြည်းဖြည်းချင်း ပြင်ဆင်နေရသည်။ နန်းတော်ကို သပ်သပ်ရပ်ရပ် ပြင်ဆင်မည်ဟု သူမ တွေးနေမိသည် ။ရိုစီနာသည် ဥယျာဉ်ထဲကို ထွက်လာစဥ် တွေ့ရ‌သော သစ်ပင်တို့ကြောင့် အံဩသွားရ၏။

“ထူးဆန်းလိုက်တာ…”

အချို့သစ်ပင်များမှာ ပျက်စီးနေကြသည်။ ဓား ၊ ပုဆိန်တို့လို မထက်မြက်ဘဲ သစ်သားဓား သို့မဟုတ် တစ်ခုခုဖြင့် ထိမှန်ထားပုံရသည်။

"သူရဲကောင်းတွေ လေ့ကျင့်ခဲ့တာလား..."

အလွန်အကျွံ လေ့ကျင့်ခဲ့ကြလျှင်လည်း ယခုလို ရှင်းရှင်းလင်းလင်းမရှိနိုင်ပေ။ သစ်ပင်က နောက်တစ်ကြိမ် သူတို့ကို ပြန်ပြောပြရမယ်ထင်သည်။ရိုစီနာ သည် သူမ၏ အကြည့်ကို ဖြည်းညှင်းစွာ ဖယ်လိုက်ပြီး ပန်းခြံထဲသို့ လျှောက်သွားသည်။ မနှစ်က စိုက်ထားသည့် ချယ်ရီခရမ်းချဉ်သီးတွေမှာ သူမ ထပ်ပြီး ပြုပြင်လိုက်၍ ကြီးထွားလာတာကြောင့် ယနေ့ ရိတ်သိမ်းဖို့ စီစဉ်နေကြသည်။

ရိုစီနာ သည် ခရမ်းချဉ်သီးစိုက်ရာအရပ်သို့ သွားနေစဉ် တော်ဝင်နန်းတော်မှ ခွေးနှစ်ကောင်က ပြေးဝင်လာခဲ့သည်။သူမက ဒူးထောက်ထိုင်ချပြီး လက်ဆန့်ပေးလိုက်ရာ ခွေးများက သူမ လက်ဖမိုးကို လာနမ်းကြလေသည်။ထို့နောက် ခွေးနှစ်ကောင်သည် တစ်ယောက်ကိုတစ်ယောက် ဟောင်စပြုလာသည်။ ခွေးဟောင်သံသည် မည်သူမျှမကြားရသော်လည်း ရိုစီနာ အတွက်တော့ လူသားများ စကားပြောသံတစ်ခုလိုပင်။

"ဘာလဲ"

ရိုစီနာ က အံ့သြတကြီးနှင့် မတ်တပ်ထပြီး ပတ်ကြည့်လိုက်သည်။ ခွေးများ ပြောနေသည့်ကိစ္စမှာ တစ်ကယ်မဖြစ်နိုင်ပေ။ရာဟန် ပြန်ရောက်ဖို့ တစ်ပတ်လိုနေသးသည်။ထို့ကြောင့် ယခု သူ ပြန်လာတာမဟုတ်တန်ရာ။ ရိုစီနာ က ခွေးတွေကို ငုံ့ကြည့်ပြီး မဟုတ်လောက်ဘူးဟု ပြောနေချိန်မှာပင် သစ်ရွက်များ ကြွေကျလာပြီး သူမ ရှေ့တွင် အရိပ်တစ်ခု ကျရောက်လာသည်။သူမ မော့ကြည့်လိုက်လျှင် မလှမ်းမကမ်းတွင် ရပ်နေသည့် ရာဟန်ကို တွေ့လိုက်ရ၏။ သူမကို ပြုံးပြုံးရွှင်ရွှင် ကြည့်နေသော သူက တဖြည်းဖြည်း ပြုံးပြပြ ရှေ့ကို တစ်လှမ်းတိုးလာသည်။ တိုက်ဆိုင်စွာပင်၊နေရောင်က သူ့အပေါ်ကို တောက်ပစွာ လင်းလက်နေသည်။

"ပြန်ရောက်ပြီ..."

ရိုစီနာ သည် အံ့သြနေမိပြီး သူ့ကို ကြောင်ပြီး ကြည့်သည်။ သူမ နောက်ဆုံးသူ့ကို မြင်လိုက်ရတုန်းကထက် အနည်းငယ်ပိုရှည်နေသော ရွှေရောင်ဆံပင်သည် နေရောင်အောက်တွင် တလက်လက် တောက်ပနေသည်။သူမ မျက်လုံးကို လက်ဖမိုးဖြင့် ပွတ်သပ်ကြည့်လိုက်သည်။ သူမ အမြင်မှားသလားဟု တွေးမိသော်လည်း စိတ်ကူးယဉ်နေခြင်းလည်းမဟုတ်ပေ။

"ဘာမှ ကြိုမပြောဘဲ လာရတာ တောင်းပန်ပါတယ်..."

“မဟုတ်ဘူး…ရပါတယ်…”

ရာဟန်သည် အံ့ဩနေသော သူမ ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာသည်။ တစ်လကျော်သာ ကြာသွားသော်လည်း သူ့မေးရိုးက ကိုယ်အလေးချိန်ကျသွားသလိုမျိုး အရင်ကထက် ပိုထင်ရှားပြတ်သားလာသည်။ ထို့အပြင် သူ့ဆံပင်သည် နာရွက်ကို ဖုံးလောက်အောင် အနည်းငယ်ရှည်နေသည်။ မပြောင်းလဲသည့် အရာတစ်ခုက‌ တော့ သူမကို ကြည့်နေသည့် သူ့မျက်လုံးတွေပင်။

ရိုစီနာ သူ့ကို တိတ်တဆိတ် စိုက်ကြည့်နေမိသည်။ တစ်ခါတစ်ရံ အိပ်မက်ထဲတွင် သူ ပေါ်လာတတ်သည်။ အံ့အားသင့်စွာ ခုန်နေသော သူမ၏ နှလုံးသားသည် မတူညီသော ခံစားချက်တစ်ခုဖြင့် ခုန်နေလျက်ရှိသည်။အပြင်က လေတိုးသံသာ တစ်ခါတစ်ခါ တိုးလျသွားတတ်လျှင် သူမ၏ နှလုံးခုန်သံကို အပြင်မှာ အတိုင်းသား ကြားရတတ်သည်။ရာဟန်က ခြေလှမ်းတစ်လှမ်း လှမ်းလာပြီး သူမ ရှေ့မှာ ရပ်လိုက်ပြီး မျက်လုံးချင်းဆုံးကာ တည့်တည့်ကြည့်ပြီး ပြောလိုက်သည်။

"ကတိတည်ဖို့ စောစောပြန်လာခဲ့တာ..."

ဘာကတိလဲ.....

ရိုစီနာ စဉ်းစားနေစဉ် သူက ထပ်ပြောသည်။

"ကိုယ်တို့ နွေရာသီမှာ ခရီးထွက်မယ် ဆိုတာလေ..."

“အာ…”

ထိုအခါမှ ရာဟန် ပြောခဲ့သည့်စကားကို သတိရသွားသည်။သူ ထွက်သွားသည့်နေ့က နွေရာသီရောက်လျှင် ပင်လယ်ကို အတူတူသွားမည်ဟု ပြောခဲ့ခြင်းဖြစ်သည်။ထိုကိစ္စကို သူမ လုံးဝ မေ့သွားသော်လည်း သူက အမြဲသတိရနေမည်ဟု မထင်ထားပေ။

ရာဟန် ၏ ပင်ပန်းနွမ်းနယ်သောအကြည့်ကို သူမ ခံစားလိုက်ရသဖြင့် သူ့မျက်လုံးများကို ရှောင်လွှဲပြီး အနားယူရန် ပြောလိုက်သည်။

"ကဲ အထဲဝင်ရအောင်..."

ထို့နောက် သူမရှေ့က ‌သွားလိုက်လျှင် သူက နောက်မှနေ၍ လိုက်လာလေသည်။ သူနှင့် အတူ လျှောက်လာစဉ် သူမ နှလုံးခုန်သံတွေကတစ်စက်မှ မငြိမ်သက်လာသေးပေ။သူမရင်ထဲဝယ် ပျော်‌လည်းပျော်ရသလို၊စိတ်လည်းလှုပ်ရှားနေကာ စိတ်လည်း ရှုပ်နေရပေတော့သည်။

“မင်းသား… မင်းသား…”

နန်းတော်ထဲဝင်သွားတော့ အစေခံတွေက ရာဟန် ကိုတွေ့တော့ အံ့သြသွားကြသည်။ တစ်ပတ်အတွင်း လာမည်ဟု သိထားတာကြောင့် သူ့ကိုကြိုဆိုဖို့ အဆင်သင့်မဖြစ်သေးပေ။ အစေခံတွေမျက်စိမျက်နှာ ပျက်သွားချိန်မှာ ရိုစီနာ က ရာဟန် ကိုကြည့်ပြီး ပြောလိုက်သည်။

"ဒီနေ့ ရှင်လာမယ်ဆိုတာ သူတို့မသိဘူးဆိုတော့ ဘာမှ မပြင်ဆင်ထားဘူး..."

"ရပါတယ်..."

ရာဟန် က ဘာမှမဖြစ်ကြောင်း ပြောကာ ခေါင်းယမ်းလိုက်သည်။ သူက စစ်တိုက်ခဲ့ခြင်း မဟုတ်သည့်အတွက် တရားဝင်ကြိုဆိုနေစရာ မလိုပေ။

"အီလီယန် က တစ်ရေး အိပ်နေတယ်... သူ့ကို နှိုးလိုက်ရမလား..."

"ရတယ်.... အိပ်ရာထမှ သွားတွေ့လိုက်မယ်..."