Chapter 50
စင်္ကြံပေါ်မှာလမ်းလျှောက်နေသည့် ရိုစီနာ က ရုတ်တရက် တစ်ခုခုကို သတိရသွားရကာ သူ့ကို ပြောလိုက်သည်။
"အိုး... အီလီယန် က ဓားပညာကို သင်ယူချင်တယ်တဲ့....ရှင် ဘယ်လိုထင်လဲ...."
ရာဟန် သည် ရောက်လာလာချင်း ၊ အကြောင်းကို ကြားလိုက်ရသော်လည်း စိတ်ပျက်သွားဟန်မတူပေ။သူမဘာသာသူမ ဆုံးဖြတ်ချက်ချတာထက် သူ့ကိုလာတိုင်ပင်သဖြင့် အိမ်ထောင်ဦး စီးတစ်ယောက်ပမာ နေရာပေးသည့်အတွက် ကြည်နူးရသည်။
"သူ့အရွယ် ကလေးတွေလည်း အခု စပြီး လေ့လာနေကြပြီဆိုတော့ ကိုယ် တစ်ချက် စုံစမ်းကြည့်လိုက်ဦးမယ်..."
"ကျေးဇူးတင်ပါတယ်..."
ရိုစီနာက ထိုသို့ ပြောပြီး ပါးစပ်ပိတ်ထားမိသည်။ ထူးထူးခြားခြား ပြောရလျှင် သူမ နှလုံးသားက အခုထိမငြိမ်သေးပေ။
တစ်ပတ်လောက်စောပြီး လာလို့လား....ဒါမှမဟုတ် အချိန်အတော်ကြာမှ ဆုံဖြစ်လို့လား....
နှစ်ယောက်သား အိပ်ခန်းရှေ့သို့ရောက်လာသောအခါ သူမ တစ်စုံတစ်ခုကို သတိရမိသည်။ ရာဟန် သည် အဝေးတွင် ရှိနေစဉ် သူမသည် အိပ်ခန်းထဲတွင်သာ ဆက်အိပ်နေခဲ့ခြင်း ဖြစ်သည်။ယခု သူရောက်လာသောကြောင့် သူက အိပ်ခန်းထဲတွင်အိပ်ပေလိမ့်မည်။သို့ရာတွင်၊ အကျင့်ပါနေသော သူမ ခြေထောက်က သူ့အလိုလို အိပ်ခန်းဆီကို ရောက်သွားခြင်း ဖြစ်သည်။ထို့ကြောင့် သူမ သတိပြန်ဝင်လာမှ သူမ ယခင်က အိပ်ခဲ့သည့်ပန်းချီပြခန်းဆီကို သွားမည်ပြုစဉ် ရာဟန် က သူမ လက်ကိုဆွဲပြီး အိပ်ခန်းတံခါးအား ဖွင့်လိုက်သည်။
“အရင်ဝင်လေ…”
သူမလည်း အိပ်ခန်းထဲကို အတင်းဝင်ပြီးနောက် သူက တံခါးကို ပိတ်လိုက်သည်။ တံခါးပိတ်သံကြောင့် သူမ ကိုယ်ကလေးမှာ တုန်လှုပ်သွားသည်။ ထို့နောက် ရာဟန် က သူမကိုကြည့်ပြီး သူ့အင်္ကျီကို ချွတ်ရင်း မေးလိုက်သည်။
"အဲ့ဒီတုန်းက ဘာမှမဖြစ်ခဲ့ဘူးလား..."
“ဘာမှမထူးခြားပါဘူး…”
လက်ဖက်ရည်သောက်ပွဲမှာ ဒုတိယမင်းသား၏ ဇနီးနှင့်တွေ့ပြီး သူငယ်ချင်းအသစ် ဖွဲ့ခဲ့ကြောင်းကိုသာ သူမ ပြောပြထားသည်။ထို့အပြင် အပြင်ထွက်ပြီး အိမ်ရှေ့စံနှင့်တွေ့သည့် ကိစ္စကိုလည်း မပြောဖြစ်ပေ။ သူမလည်း အိမ်ရှေ့စံကို သတိရသွားရသဖြင့် မျက်မှောင် တစ်ချက် ကြုတ်လိုက်မိသည်။ အဘယ်ကြောင့်ဆိုသော် သူမသည် ထိုအချိန်က ဇိီဂရစ် ပြောခဲ့သောစကားကို မှတ်မိနေသောကြောင့်ပင်။ သူမ စိတ်ထဲတွင် မေ့ပစ်ရန် ကြိုးစားသော်လည်း ရုတ်တရက် ထွက်ပေါ်လာပြန်သည်။
နတ်ဘုရား၏တန်ခိုး…သူမ၏ တည်ရှိမှုနှင့် ရာဟန် က သူမကိုလက်ထပ်ရခြင်းအကြောင်းရင်း…
အိမ်ရှေ့စံ၏စကားကို မယုံကြည့်ရန် ဆုံးဖြတ် ထားသော်လည်း သူမ စိတ်ရှုပ်သွားပြန်သည်။ထို့နောက် သူမက တစ်ဖက်လှည့်ပြီး ပြောလိုက်သည်။
"ရှင် အလုပ်တွေ ကောင်းကောင်း လုပ်ပြီးပြီလား..."
အင်္ကျီချွတ်နေသော ရာဟန်က ခဏရပ်ပြီး ပြောလိုက်သည်။
"ဟုတ်တယ်… ကိုယ် ထင်ထားတာထက် ပိုလွယ်တယ်… အိုး…”
သူက ရေရွတ်လိုက်ပြီး သူ့အင်္ကျီအိတ်ထဲက တစ်ခုခုကို ဆွဲထုတ်လိုက်သည်။ ရိုစီနာ ငုံ့ကြည့်လိုက်တော့ သူ ဆွဲထုတ်လိုက်သည့် အရာကို တွေ့လိုက်ရပြီး သေတ္တာ သေးသေးလေးတစ်ခု ဖြစ်နေလေသည်။
"ဒီတစ်ခါ ကိုယ် ဟေလာ ကို ရောက်ခဲ့တယ်…ဒါပေမယ့် မင်းဘယ်တုန်းကမှ ပြောခဲ့တာကို ငါ သတိရနေတော့ ငါ ယူလာခဲ့တယ်..."
ရိုစီနာ သည် သေတ္တာကိုဖွင့်လိုက်သောအခါ သစ်ကိုင်းတစ်ခု ထွက်ပေါ်လာသည်။ သူမဘဝတွင် တစ်ခါမှမမြင်ဖူးသော ထူးခြားသည့် ပန်းပွင့်များသည် ကိုင်းခက်ပေါ်တွင် အပြည့်ပွင့်နေကြပြီး ကြွေကျတော့မလို နုဖတ်နေလေသည်။
“ဒီကိုတော့ ရှုခင်းတွေ ယူလာလို့မရဘူး…နှမြောစရာပဲ...”
ရာဟန် သည် ရိုစီနာ အား ဟေလာ ၏ ရှုခင်းများကို ပြချင်သော်လည်း အချိန်တိုလေးအတွင်း ပန်းချီဆရာကို ရှာမတွေ့ခဲ့ပေ။ထို့ကြောင့် သူက စေ့စေ့စပ်စပ်စဉ်းစားပြီးနောက် မြို့တော်သို့ရောက်သောအခါ ရာသီဥတု ပူမည်ဖြစ်၍ မပွင့်သေးသော ပန်းပွင့် ကိုင်းခက်ကို ချိုးယူလာခြင်းဖြစ်သည်။ထို့နောက် ရက်အနည်းငယ်ကြာလျှင် ပန်းတွေ အပြည့်ပွင့်လာမည်ဖြစ်သည်။
“…..”
ရိုစီနာ သည် ပန်းပွင့်များကို ငုံ့ကြည့်လိုက်သည်။ ဟေလာ မှ မြို့တော်သို့ ခရီးတွင် သေချာဂရုစိုက်ခဲ့သဖြင့် ပွင့်ချပ်များ မပျက်စီးသေးပေ။ သူမသည် ပန်းခက်ကို ကိုင်ထားရင်း ပြင်းထန်သော ပန်းများ၏ ရနံ့သည် သူမ၏ နှာသီးဖျားအထိ တိုးဝင်လာရသည်။ သူမ ဘဝတွင် တစ်ခါမှမရဖူးသည့် ထူးခြားသောရနံ့သည် ဟေလာ ၏ အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။ ပန်းခက် တစ်ခုမျှသာဖြစ်သော်လည်း ဟေလာ၏ ရှုခင်းသည် သူမရှေ့တွင် ပွင့်လန်းနေသလိုပင်။
"ကျေးဇူးတင်ပါတယ်...ကျွန်မ တစ်ကယ် ကြိုက်တယ်..."
ရိုစီနာ က ရိုးသားစွာ ဖြေသောအခါ သူက နူးညံ့စွာ ပြုံးပြသည်။ တစ်ခါတစ်လေ သူက အေးစက်စက်ဖြစ်နေတတ်သော်လည်း တစ်ခါတစ်လေ ပြုံးလိုက်လျှင်လည်း တစ်ဖက်သားကို စိတ်ချမ်းသာစေသည်။ ယခု၊ သူ့မျက်နှာသည် နွေဦးလေညှင်းများ တိုက်ခတ်နေသော လှပသည့် ရှုခင်းတစ်ခုလိုပင်။
"အဝတ်အစားလဲလိုက်အုံးမယ်..."
သူ့မျက်နှာကို အံ့အားသင့်စွာ စိုက်ကြည့်နေသော ရိုစီနာ သည် ထိုအခါမှ သတိပြန်ဝင်လာသည်။
"ကျွန်မ အပြင်ထွက်ပေးမယ်..."
"မလိုပါဘူး...သိပ်လည်း ကြာမှာမဟုတ်ဘူး...”
ရာဟန် က ခေါင်းယမ်းပြီး ဖြည်းဖြည်းချင်း တစ်ဖက်လှည့်လိုက်သည်။ ရိုစီနာ ကလည်း နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ သူ့ကျောပြင်ကို တစ်ချက်ကြည့်လိုက်မိသည်။ ခိုးကြည့်ဖို့ မရည်ရွယ်သော်လည်း သူမ မျက်လုံးတွေက သူ့ဆီကို တည့်တည့်တိုးဝင်သွားရသည်။ ရာဟန် သည် သူ့အင်္ကျီကို ချွတ်ရန် လက်မြှောက်လိုက်သော်လည်း တစ်ချက် တုံ့ဆိုင်းသွားသည်။
"လက်ကို ထိခိုက်သွားတာလား..."
သူမ အမေးကို ရာဟန် က စိတ်ရှုပ်နေပုံဖြင့် ပြန်ဖြေသည်။
“နည်းနည်းပါ… အပြန်လမ်းမှာ…”
"ကျွန်မ အင်္ကျီချွတ်ပေးရမလား..."
ရာဟန် က အံဩတကြီး သူမဘက်ကို လှည့်လာသဖြင့် သူမလည်း အံ့အားသင့်သွားသည်။
"မဟုတ်ပါဘူး...ရှင်လုပ်ရင် အတော်ကြာမယ်ထင်တယ်လေ..."
ရှက်ရွံ့စွာဖြင့် ရိုစီနာက ဖာထေးလိုက်သော်လည်း သူက အနားတိုးလာသည်။
"ဒါဆိုလည်း ချွတ်ပေးပါ..."
မငြင်းနိုင်သည့် ရိုစီနာ က သူ့အင်္ကျီ၏ ပထမဆုံး ကြယ်သီးကို ဖြုတ်လိုက်သည်။ သူမသည် ကြယ်သီးတစ်ခုကို ဖြုတ်လိုက်ရုံသာ ရှိသေးသော်လည်း ထူးဆန်းနေသလို ခံစားလိုက်ရသည်။ သူ့လည်ပင်းအထိ ရောက်နေသည့် ပထမဆုံး ကြယ်သီးကို ဖြုတ်လိုက်သည့်အခါ သူ၏ ဖြောင့်စင်းနေသော လည်တိုင် ပေါ်လာသည်။
ထို့နောက် သူမသည် အသက်ပြင်းပြင်းရှူပြီး ဒုတိယကြယ်သီးကို ဂရုတစိုက် ဖြုတ်လိုက်သည်နှင့် လည်ညှပ်ရိုးက သူမ မျက်လုံးများကို ဖမ်းစားသွားခဲ့သည်။ဖြောာင့်စင်းထင်ရှားလှသော သူ့လည်ညှပ်ရိုးကို မြင်ရသည့်အခါ သူမ လက်တွေက တစ်စတစ်စ တုန်ယင်လာကြသည်။
ထို့ကြောင့် တတိယကြယ်သီးကို ဖြုတ်မရ ဖြစ်နေသည်။အတော်ကြာ ကြိုးစားလိုက်မှ ကြယ်သီး ပြုတ်သွားပြီး တင်းမာသည့် ရင်အုပ် ပေါ်လွင်လာတော့သည်။သူမ မသိစိတ်က မျက်လုံးကို မှိတ်ထားလိုက်မိသည်။ သူမသည် မင်္ဂလာပွဲနေ့က ရာဟန် နှင့် ချစ်ခဲ့သော်လည်း မှောင်နေတာကြောင့် သူ့ခန္ဓာကိုယ်ကို ကောင်းကောင်းမမြင်နိုင်ခဲ့ပေ။ယခုလို နေ့ခင်းကြီးတွင် သူ့ခန္ဓာကိုယ်ကို သူမ နောက်ဆုံးမြင်ရသည်မှာ လွန်ခဲ့သော ခုနစ်နှစ်ခန့်က တောထဲတွင် သူ ဒဏ်ရာရနေစဥ်က ဖြစ်သည်။ထိုအချိန်တွင် သူမသည် တွေးတောမနေဘဲ ဒဏ်ရာကို ပတ်တီးစည်းရန်သာ လုပ်နေတာကြောင့် မျက်နှာမပူသော်လည်း အခုမှ မျက်နှာက နီရဲပူကျစ်နေတော့သည်။
နောက်ဆုံး ရိုစီနာ သည် နောက် ကြယ်သီးတစ်ခုကို ဖြုတ်လိုက်ရာမာကျောသော ကြွက်သားများအောက်တွင် တက်တူးထိုးထားသကဲ့သို့ ထင်ရှားစွာ ထွင်းထုထားသော အမာရွတ်များကို တွေ့ရသည်။သေးငယ်သည့် အမာရွတ်ကနေ ကြီးမားသော အမာရွတ်များအထိ သူ့ခန္ဓာကိုယ်ပေါ်တွင် ထင်ရှားပြတ်သားနေကြသည်။အရင်တုန်းက ဖြစ်ခဲ့သော အမာရွတ်များမှ လောလောဆယ်ဖြစ်ထားသည့် အမာရွတ်များ အထိ ပုံစံမျိုးစုံပင်။
“အဲဒီတုန်းကထက် ဒဏ်ရာတွေ အများကြီး ရှိနေပါလား…”
ရိုစီနာ ၏ ဝမ်းနည်းမှု ညည်းညူသံကြောင့် ရာဟန် ၏ မျက်လုံးများ တုန်လှုပ်သွားခဲ့သည်။ထို့နောက် ရှည်လျားကြမ်းတမ်းသော လက်ချောင်းတစ်ချောင်းသည် သူမ ပါးပြင်ကို လာထိသည်။ ခိုင်မြဲနွေးထွေးသော အထိအတွေ့က သူမ ပါးပြင်ပေါ်ရောက်လာသောအခါ ခေါင်းမော့ကြည့်လိုက်သည်။ သူ၏ အပြာရောင်မျက်လုံးများသည် သူမကိုသာ ဦးတည်နေခဲ့သည်။ ရေကန်ကဲ့သို့ ကြည်လင်သော အပြာရောင်အလင်းတန်းများကလည်း မျက်လုံးထဲက တဖိတ်ဖိတ်ထွက်ပေါ်နေလေသည်။
ရာဟန် ၏လက်ချောင်းများသည် သူမ ပါးပြင်အောက်သို့ လျှောကျလာပြီး မေးစေ့ကို ဆုက်ကိုင်ထားလေသည်။ ရိုစီနာ စိတ်ထဲကို ပထမဆုံးရောက်လာတာက ရနံ့ပင်ဖြစ်သည်။ဤရနံ့သည် အမည်မသိ ပန်းတစ်ပွင့်၏ ရနံ့တစ်ခုပင်။ထို့နောက် သူမ ခံစားလိုက်ရတာက ရာဟန် ၏ အသက်ရှုသံပင်။သူ့ အသက်ရှုထုတ်လိုက်သည့် လေငွေ့နွေးနွေးက သူမ မျက်နှာကို ထိတွေ့လိုက်သည်နှင့် နွေးထွေးမှုက ညင်သာစွာ ပျံ့နှံ့သွားသည်။ သူမရင်ထဲကို နောက်ဆုံးထိမိသည်က သူ့နှုတ်ခမ်းတွေပင်ဖြစ်သည်။သူမ နှုတ်ခမ်းကို ညင်သာစွာ ဖိလာသော နှုတ်ခမ်းများသည် မာကျောသော သူ့ခန္ဓာကိုယ်နှင့် နှိုင်းယှဉ်ပါက ပွင့်ချပ်များလို နုဖတ်အိစက်နေတော့သည်။ သူ့အသက်ရှုသံက ပွင့်နေသော သူမ နှုတ်ခမ်းများထဲသို့ စိမ့်ဝင်လာသည်။
ရိုစီနာ သူ့ကို တွန်းထုတ်ဖို့တောင် မစဉ်းစားနိုင်တော့ဘဲ သူ့နှုတ်ခမ်းတွေကို တရှိုက်မက်မက် နမ်းလိုက်သည်။ ရာဟန် ၏ လက်များသည် သူမ ခါးတွင် ရစ်ပတ်ထားသည်။ ခဏတာ ကွဲကွာသွားသော သူတို့ နှုတ်ခမ်းများသည် ပြန်လည်ဆုံတွေ့သွားကြပြီး လျှာအချင်းချင်း ရွေ့လျားသွားကြသည်။
သူမသည် နွေလယ် နေရောင်အောက်တွင် အချိန်အတော်ကြာ နေနေရသကဲ့သို့ မူးဝေနေတော့သည်။ဆင်ခြင်တုံတရားမဲ့သော တွန်းအားများကို သူမ စိတ်ထဲက မခံစားရသော်လည်း၊ သူမ ကိုယ်သည် တုန်ယင် လှုပ်ခါနေသည်။ သူမ လက်ချောင်းများက တုန်တုန်ယင်ယင်နှင့် လက်ချောင်းများက သူ့ရင်ဘတ်ကျယ်ကြီးကို သွားထိမိသည်။ သူ့ ရင်ဘတ်ပေါ်ရှိ အမာရွတ်တစ်ခုကို သူမ ထိတွေ့လိုက်သောအခါ သတိပြန်ဝင်လာပြီး သူ့ကို တွန်းထုတ်ပစ်လိုက်သည်။ထိုအခါ ရာဟန် က သူမ၏ နှုတ်ခမ်းတွေကို တပ်မက်မောစွာ နမ်းနေရာမှ ရပ်လိုက်ပြီး ဖြည်းညှင်းစွာ နောက်ပြန်ဆုတ်လိုက်သည်။
“…..”
ရိုစီနာ သည် ရာဟန် ကို တုန်လှုပ်ခြောက်ခြားသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။သူမ၏ မျက်လုံးထောင့်နားက အနီရောင်ပေါက်နေကြောင်း ရာဟန် သဘောပေါက်သွားသည်။သူမ၏ မျက်နှာကို ယခုလို မြင်ဖူးတာ ပထမဆုံးအကြိမ်ပင်ဖြစ်သည်။
"တောင်းပန်ပါတယ်..."
ရာဟန် က တောင်းပန်နေသည်။ မည်သို့ပင်ဆိုစေ၊ သူမ၏ သဘောဆန္ဒကို မတောင်းဆိုဘဲ တစ်ဖက်သတ်နမ်းလိုက်သော အနမ်းတစ်ခုဖြစ်သည်။ သူနည်းနည်း ပိုစိတ်ရှည်သင့်တာ မှန်သော်လည်း ယခုမူ တားလို့မရတော့ပြီ။
"ပတ်ဝန်းကျင်ကြောင့် ကျွန်မတို့ အမှားလုပ်မိနိုင်တယ်...”
ရိုစီနာ က အေးအေးဆေးဆေး ဖြေဖို့ ကြိုးစားသော်လည်း ပြတ်ပြတ်သားသား အဖြေတစ်ခု ချက်ခြင်းပြန်ထွက်လာသည်။
“အဲ့ဒါ အမှားမဟုတ်ပါဘူး...”
ရာဟန်က သူမကို တည့်တည့်ကြည့်သည်။ ထိုအကြည့်ကို မြင်ရသောအခါ လက်ခံလိုက်သောအခါ ရိုစီနာ သည် သူမပုံမှန်မဟုတ်သော အရာတစ်ခုကို ပြုလုပ်ခဲ့သည်။
"ဒါဆို ဘာလဲ..."
အမြဲတမ်းရှောင်ခဲ့သည့် ရိုစီနာ နှင့်မတူဘဲ တိုက်ရိုက်မေးလာသည့်အခါ ရာဟန် က အကြာကြီးစဉ်းစားပြီးမှ ပြန်ဖြေလိုက်သည်။
"ကိုယ်....ကိုယ့်သဘောနဲ့ကိုယ် လုပ်လိုက်တာပါ..."
သူဘယ်လိုပဲတွေးနေပါစေ၊ထိုအဖြေကသာ အမြဲတမ်း ထွက်လာရသည်။ယခု ကိစ္စကလည်း ပတ်ဝန်းကျင်အခြေအနေကြောင့်မဟုတ်ဘဲ သူမ၏ ချစ်စဖွယ်အမူအရာတွေကို သည်းမခံနိုင်တာကြောင့်ပင်။သူ၏ ဗီဇစိတ်ကိုရော ၊ ဆင်ခြင်တုံတရားကိုပါ ဘယ်လိုမှ မရပ်တန့်နိုင်ခဲ့ပေ။
“……”
ရိုစီနာ သည် အကြာကြီး တိတ်ဆိတ်နေခဲ့သည်။ တိတ်ဆိတ်မှုကြောင့် စိတ်ထဲက လေးလံစွာ ခံစားလာရသည်အထိ သူမ နှုတ်ခမ်းများကိုပင် မလှုပ်နိုင်ပေ။ သူ့ကို သူမလည်း သဘောကျနေတာကြောင့် ဆက်ပြီးမေးမနေတော့ပေ။သို့သော်၊သူမ သူ့ကို သဘောမကျသင့်ပေ။ ဆင်ခြင်တုံတရားမဲ့သော တွန်းအားများကြောင့် သူမ ထက်ပြီးစိတ်မပျက်ချင်တော့ဘဲ နောက်မှ အာစတေးနီးယား သို့ ပြန်သွားရန်သာ စိတ်ထဲ တွေးနေမိသည်။
ဤ အင်ပါယာတွင် သူမ၏ မိသားစုဟု ခေါ်ရန် အခြားမည်သူမျှ မရှိပေ။ထိုနေ့မှစ၍ မက်စယ်လာ နှင့် ရာနီယာ တို့သည် သူမ၏ မိသားစုထဲတွင် မပါဝင်ခဲ့ကြပေ။ အာစတေးနီးယား တွင် သူမသည် ဘဝတစ်သက်တာလုံး မိသားစုအဖြစ် ထည့်သွင်းစဉ်းစားမည့် သူများရှိသည်။ ထို့ကြောင့် သူမနှင့် ကွာရှင်းပြတ်စဲသည်အထိ ဤအရာကို စွဲမှတ်ထားရမည်ဖြစ်သည်။
“ကျွန်မ…”
သူမ လည်ချောင်းထဲမှာ သဲတစ်စေ့ ရောက်နေသလိုပင် ဆို့တစ်နေရသည်။ ခါတိုင်းလို ကြမ်းကြမ်းတမ်းတမ်း စကားလေးတစ်ခွန်းသာ ပြောလိုက်လျှင် သူ့ကို တွန်းထုတ်လိုက်နိုင်သည်။
ဒါပေမယ့် သူမ ဘာလို့ မပြောနိုင်ရတာလဲ....
သူမသည် အချိန်အတော်ကြာ စကားလုံးရှာနေခဲ့ပြီးမှ ပြောလိုက်သည်။
"ကျွန်မလည်း မသိတော့ဘူး..."
ဤသည်မှာ လောလောဆယ် ရိုစီနာ ပြောနိုင်သည့် အရိုးသားဆုံးစကားတစ်ခွန်းသာ ဖြစ်သည်။သူမက ရာဟန် အတွက် ဘယ်လိုခံစားချက်မျိုးကို ဖြစ်စေသူမှန်း သူမ မသိပေ။ သူပြုံးလိုက်တိုင်း ရင်ဘတ်တွေ တဆတ်ဆတ် တုန်ရသည့် အကြောင်းရင်းကိုလည်း အဖြေရှာမရ။
သူ့က နမ်းတာကို ဘာကြောင့် သူ့ကို မမုန်းရတာလဲ.....
ရာဟန် သူမရှေ့မှာ ရောက်လာရုံနှင့် သူမ ဘဝအတွက် ပထမဆုံး အကြိမ်အဖြစ် ကိစ္စများစွာကို ကြုံတွေ့နေခဲ့ရသည်။
"ဒီလောက်ဆို ရပါပြီ..."
ရာဟန် က ညင်သာစွာ ပြုံးလိုက်သည်။
“မေ…မေမေ”
ထိုစဉ် တံခါးကို ပြင်းပြင်းထန်ထန် တွန်းဖွင့်လိုက်သော အသံ ထွက်ပေါ်လာသည်။ တံခါးဖွင့်ပြီး ဝင်လာသော အီလီယန် သည် တံခါးနားမှာ ရပ်နေ၏။အကြောင်းမှာ ရာဟန် သည် သူ့အင်္ကျီကြယ်သီးမှာ ပွင့်ထွက်နေပြီး ရိုစီနာ ၏ ပါးပြင်မှာ အနည်းငယ်နီမြန်းနေတာကြောင့်ပင် ဖြစ်သည်။ ထူးဆန်းသောလေထုကို သေချာ အကဲခတ်ပြီးနောက်၊ အီလီယန် သည် မျက်မှောင်ကြုတ်ကာ ရိုစီနာ ရှေ့တွင်ရပ်နေလိုက်သည်။ထို့နောက် ရာဟန်ကို ဘာလုပ်လိုက်တာလဲ ဆိုသည့် မကျေမနပ်အကြည့်ဖြင့် သေချာကြည့်နေတော့သည်။
" မတွေ့ရတာ ကြာပြီနော်..."
ရာဟန် က သူ့လက်ကို မြှောက်လိုက်ပြီး အီလီယန် ခေါင်းကို လှမ်းကိုင်လိုက်သည်။ အီလီယန် က မျက်မှောင်ကြုတ်လိုက်သော်လည်း သူ့လက်ကို မတွန်းထုတ်ပေ။
"ဟုတ်တယ်နော်....ဖေဖေ ခရီးမှာ ဘေးကင်းရဲ့လား..."
ရိုစီနာ ဘေးမှာရှိနေတာကြောင့် အီလီယန်မှာ ခံစားချက်အစစ်အမှန်ကိုတောင် မပြောဖြစ်သော်လည်း သူ့လေသံက မကျေမနပ်ဖြစ်နေသည်။
"သား စကားပြောတာ အများကြီး တိုးတက်လာတယ်..."
ရာဟန်က ပြောပြောဆိုဆို ရယ်မောရင်း အီလီယန်ကို ကဲ့ရဲ့သံဖြင့် ပြောလိုက်သည်။
"ဟုတ်တယ်..."
ထို့နောက် သူက တစ်စုံတစ်ခုကို သတိရသွားဟန်တူပုံဖြင့် သူ့အင်္ကျီ အိတ်ကပ်ထဲက တစ်ခုခုကို ဆွဲထုတ်လိုက်သည်။
"လက်ဆောင်လေ..."
လက်ဆောင်လား....
ရာဟန် က သူ့ကို တစ်ခါမှ လက်ဆောင်မပေးဖူးသဖြင့် အီလီယန် မှာ အံအားသင့်နေရတော့သည်။ထို့နောက် သူ့လက်ထဲကို ကျောက်တုံးတစ်တုံး ရောက်လာလေသည်။
"အဲ့ဒါ ကံကောင်းစေတဲ့ ကျောက်တုံးတဲ့..."
"…ကျေးဇူးတင်ပါတယ်"
ထို့နောက် အီလီယန် က ကျောက်တုံးကို အိတ်ကပ်ထဲထည့်လိုက်ပြီး စိတ်မပါစွာ ကျေးဇူးတင်လိုက်သည်။ နောက်မှ ဤကျောက်တုံးကို တစ်နေရာရာတွင် စွန့်ပစ်မည်ဟု ဆုံးဖြတ်ခဲ့သည်။
***
ဘုရင်မ နန်းတော်၏ အစေခံများသည် နန်းတော်ကို စောစီးစွာ သန့်ရှင်းရေးလုပ်ကာ ဧည့်သည်အား ကြိုဆိုရန် ပြင်ဆင်ကြသည်။ မနက်မိုးလင်းခါနီးမှာ နန်းတော်တာဝန်ခံ အမျိုးသမီးက အပြင်ထွက်ပြီး တစ်ယောက်ယောက်ကို စောင့်နေသည်။ နေထွက်ချိန်၌ ရတနာမျိုးစုံဖြင့် စီခြယ်ထားသော ရထားကြီးသည် ဘုရင်မနန်းတော်သို့ ချဉ်းကပ်လာသည်။ ရထားနောက်ဘက်ရှိ အလံတွင် အယ်လိုအာ နယ်စားမင်းမိသားစုကို ကိုယ်စားပြုသည့် တံဆိပ်ပါရှိပေသည်။ ရထားလုံးသည် နန်းတော်ရှေ့တွင် ရပ်လိုက်ပြီး နယ်စားမင်း လည်း အပြင် ထွက်လာခဲ့သည်။ အယ်လိုအာ နယ်စားမင်းသည် ရထားပေါ်မှဆင်းသည်နှင့် တစ်ပြိုင်နက် နန်းတော်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။ ဘုရင်မ အကြိုက် နန်းတော်သည် အနည်းငယ်မျှသာ ကျက်သရေရှိပြီး အေးစက်နေရသည်။
"ဒီနေရာက ဒီအတိုင်းပါပဲလား"
နန်းတော်ကို မကျေမနပ်ဖြစ်ပုံရသည့် နယ်စားမင်းက အရှေ့ဘက်ကိုကြည့်လိုက်ရာ မနီးမေဝးက ပင်မနန်းတော်ကို တွေ့ရသည်။ပင်မနန်းတော်သည် အလွန်ကြီးမားပြီး အခြားနန်းတော်များကို လွှမ်းမိုးထားကာ အလွန်မြင့်မားသောကြောင့် အကောင်းဆုံးနန်းတော်ဖြစ်သည်။
နယ်စားမင်း အယ်လိုအာ သည် လောဘစိတ်ဖြင့် ဘုရင်မနန်းတော်ကို ကြည့်လိုက်သည်။ထို့နောက် ဟန်ဆောင်မျက်နှာပေးဖြင့် ဘုရင်မနန်းတော်ထဲကို လှမ်းလျှောက်သွားသည်။
" ရောက်ပြီလား..."
ဧည့်ခန်းထဲမှာ ထိုင်နေသည့် ဘုရင်မက နယ်စားမင်းကို နှုတ်ဆက်ဖို့ မထလာပေ။ နယ်စားမင်းသည် စကားများများစားစား မပြောဘဲ ဘုရင်မ၏ ဆန့်ကျင်ဘက် နေရာတွင် ထိုင်လိုက်၏။ လက်ဖက်ရည်ခွက် ချပေးပြီးနောက် အစေခံများ ထွက်သွားသောအခါ နယ်စားမင်းက စကားစလိုက်တော့သည်။
"ဘုရင်မ…အခုတစ်လော အလုပ်များနေတာလား..."
"ဘာမှ ထွေထွေထူးထူး မရှိပါဘူး..."
ထာရှာသည် ဂရုမစိုက်ဘဲ ပြန်ဖြေပြီး သူမ၏ဖခင် နယ်စားမင်းအယ်လိုအာ ကို ကြည့်နေသည်။ အိမ်ရှေ့စံဟုခေါ်သော အရွယ်ရောက်ပြီးသော မြေးတော်တစ်ဦးကို ငယ်ငယ်ရွယ်ရွယ်ဖြင့် ကြည့်ရှုခဲ့သည်။ အယ်လိုအာ နယ်စားမင်းသည် အင်ပါယာ၏ မြို့စား အနည်းငယ်ထဲမှ တစ်ဦးဖြစ်သည်။ သူ၏ တစ်ဦးတည်းသော သမီးတော် ထာရှာ သည် ဘုရင်မင်းမြတ်နှင့် လက်ထပ်ပြီးနောက် သားနှစ်ယောက် ထွန်းကားခဲ့သော်လည်း သူက အခုထိ ရာထူးကို မစွန့်လွှတ်ဘဲ အာဏာကို ငတ်မွတ်ကာ လောဘကြီးသူ ဖြစ်နေဆဲဖြစ်သည်။
သူသည် ဘုရင်မဖြစ်သင့်သော ထာရှာ ကို ငယ်စဉ်ကတည်းက ဘုရင်မဖြစ်လာရန် ဦးနှောက်ထဲ ရိုက်ထည့်ထားသည်။ သူ၏ ကြိုးစားအားထုတ်မှုအားလုံးကြောင့်ပင်၊ ထာရှာ ဟာ ဘုရင်မဖြစ်လာခဲ့သည်။ နယ်စားမင်း၏ ဆန္ဒအရ ထာရှာ သည် အိမ်ရှေ့စံကို ဖွားမြင်ပေးခဲ့သော်လည်း သူ့လောဘသည် အတော်မသတ်နိုင်သေးပေ။
အယ်လိုအာ နယ်စားမင်းသည် မြေးဖြစ်သူ ဇီဂရစ် နန်းတက်ရန် စောင့်ဆိုင်းနေပြီး သူမတို့ မိသားစုက အင်ပါယာကို အုပ်စိုးနေသည့် အချိန်ကို မှန်းဆကာ အိပ်မက်မက်နေရသည်။ ထာရှာ သည် သူမ အဖေ၏ လောဘစိတ်ကို မသိဟန်ဆောင်ကာ မျက်လုံးမှိတ်ထားသည်။ သူမ အဖေထင်ထားသလို အတိအကျလိုက်လုပ်ဖို့ သူမ အာမမခံနိုင်သော်လည်း သူမလည်း ဖခင်လိုပင် ရည်မှန်းချက်တစ်ခုတည်းသာ ရှိပေသည်။ဤသည်မှာ အိမ်ရှေ့စံ ဇီဂရစ် ကို နန်းတင်ရန် ဖြစ်သည်။
"ဘုရင်မင်းမြတ်အကြောင်းလေး ဘာလေးများ သိရမလားလို့ လာတာ...တစ်ခုခုများ ထူးနေသလားလို့..."
အချိန်အတော်ကြာသည်အထိ မရောက်လာသော အယ်လိုအာ နယ်စားမင်းသည် ထာရှာ မှတစ်ဆင့် အင်ပါယာနန်းတော်အတွင်း ဖြစ်ပျက်နေသည့် ကိစ္စများကို အမြဲကြားချင်သူ ဖြစ်သည်။ ထာရှာ သည် တိုတိုတုတ်တုတ်သာ ပြောနေတာကြောင့် နယ်စားမင်းကလည်း မကျေမနပ်ဖြစ်ပြီး စကားလမ်းကြောင်း လွှဲလိုက်သည်။
“ဒါနဲ့ တတိယမင်းသားက အိမ်ထောင်ကျတာ မကြာသေးဘူးပဲ...”
နယ်စားမင်းက ဘာပဲပြောပြော ငြိမ်သက်နေသော ထာရှာသည် စိတ်ရှုပ်လာသည်။
“အဲ့ဒီအချိန်ကျရင် လုံခြုံရေးတွေ ဖြေလျှော့လိမ့်မယ်လို့ ထင်ခဲ့ပေမယ့် မှားသွားတယ်...”