အပိုင်း ၅၁
Viewers 13k

Chapter 51

နယ်စားမင်း၏ စကားကိုကြားသောအခါ ထာရှာ မျက်နှာ ပျက်ယွင်းသွားသည်။

"အဖေ ဘယ်လိုလုပ်လိုက်တာလဲ..."

“အင်း… ဘာမှ မလုပ်ပါဘူး… ငါ သူ့ကို မင်္ဂလာဆောင် လက်ဖွဲ့ကလေး ပေးလိုက်ရုံပဲ...”

"အဖေ့..."

ထာရှာ စိတ်ဆိုးသွား‌‌ရသော်လည်း အယ်လိုအာ နယ်စားမင်း ကမူ အလွန်စိတ်လှုပ်ရှားနေသလိုမျိုး သူမကို စိုက်ကြည့်နေသည်။ ထို့နောက် သူမ စိတ်တည်ငြိမ်အောင် ထိန်းထားပြီး သေ‌သေချာချာ မေးလိုက်သည်။

" အဖေ လူသတ်သမားတွေ လွှတ်လိုက်တာလား..."

"ဒါပေမယ့် သူ့ကို ဘယ်လိုမှ မသတ်နိုင်ခဲ့ဘူး"

"ဘာလို့ဒီလိုလုပ်ရတာလဲ....အဖေ သူ့ကို မဆင်မခြင်သတ်ဖို့ကြိုးစားရင် နောက်ဘာဆက်ဖြစ်လာမလဲ ဆိုတာ အဖေ သိလား..."

ယခုအချိန်တွင် သူမသည် ရာဟန် သေဆုံးသွားမည့်ကိစ္စကို အိမ်ရှေ့စံရာထူး တွင် အစားထိုးခံရသည်ထက် ပိုမိုစိုးရိမ်ပူပန်နေသည်။ ရာဟန် ယခုသေဆုံးသွားပါက ဇီဂရစ် သည် မကောင်းဆိုးဝါးများနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ယခုချိန်မှာ အရာအားလုံး အနည်းငယ် တည်ငြိမ်နေသော်လည်း နောင် ဘာဆက်ဖြစ်လာမည်ဆိုတာကို ဘယ်သူမှ မသိနိုင်ပေ။ယခုလည်း ရာဟန် သည် မကောင်းဆိုးဝါးများကိုအနိုင်ယူရန် ဟေလာသို့ ခရီးထွက်သွားခြင်း ဖြစ်သည်။

"ဘုရင်မက သူ့ကို ထာဝရရှင်သန်ခိုင်းမလို့လား..."

တုန်လှုပ်ချောက်ချားစရာ ကောင်းသော စကားလုံးများကြောင့် ထာရှာ ဆတ်ကနဲတုန်သွားရသည်။

"အန္တရာယ်အရှိဆုံး အပင်ကို တဒီတိုင်း ထားလိုက်ရင် ဘာဆက်ဖြစ်သွားမလဲ... တို့အားလုံး ဘေးကင်းပါ့မယ်လို့ ဘုရင်မ အာမခံနိုင်မလား..."

“……”

ထာရှာ ဘာမှပြန်မပြောနိုင်‌ေပ။နယ်စားမင်းပြောသည့်အတိုင်း ရာဟန်သည် သူမကိုခြိမ်းခြောက်နေသူ ဖြစ်သည်။ယခုလောလောဆယ်မှာ၊သူ့အတွက် ထီးနန်းဆက်ခံခွင့်က နိမ့်ကျနေပြီး သူ့ကို ထောက်ပံ့ရန် ဘယ်သူ့မှာမှ အခွင့်အာဏာမရှိပေ။ သို့သော်၊ဤသည်ကလည်း အပေါ်ယံအမြင်တစ်ခုမျှသာ ဖြစ်သည်။

ယခုပင် သူသည် မကောင်းဆိုးဝါးများအား သတ်နိုင်သော တန်ခိုးကို ရရှိနေပြီ ဖြစ်လေသည်။သူမ နှုတ်ခမ်းကို ကိုက်ထားလိုက်သည်။ ပြီးပြည့်စုံမှုများကို အမြဲရှာဖွေခဲ့သော သူမအတွက် ရာဟန်က သူမစိတ်ကို မတည်မငြိမ်ဖြစ်စေပြီး စိုးရိမ်မှုများစေသူ ဖြစ်လေသည်။

"ဘာတွေ အရမ်းစိတ်ပူနေတာလဲ..."

သူမ နယ်စားမင်း၏ မေးခွန်းကိုကြားလျှင် မျက်မှောင်ကြုတ်လိုက်သည်။

“ဖြစ်နိုင်ရင် သူ့ကို ချက်ခြင်း ဖယ်ရှားပစ်ချင်တယ်…ဒါပေမယ့်…”

"ဒါဆို ဘာလို့ သူ့နေရာမှာ အစားမထိုးတာလဲ..."

နယ်စားမင်း၏ သိမ်မွေ့တည်ငြိမ်သော လေသံကြောင့် သူမ ဆွံ့အသွားရ၏။သူ့နေရာမှာ အစားထိုးဖို့ သူမ ရှာဖွေကြည့်သေးသည်။ သို့သော်လည်း တော်ဝင်မိသားစုဝင်များကသာ မကောင်းဆိုးဝါးများကို လုံးလုံးလျားလျား ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့တာဖြစ်သည်။ ထို့ကြောင့် သာမန် သူရဲကောင်းများဆိုလျှင်၊ အဆင့်နိမ့် မကောင်းဆိုးဝါးများနှင့်သာ ရင်ဆိုင်နိုင်သည်။

"ကျွန်မမှာ အစားထိုးစရာရှိရင် စောစောကတည်းက တစ်ခြားတစ်ယောက်ကို သူ့နေရာမှာ ထားပြီးပြီပေါ့..."

"ဘုရင်မ…နတ်ဘုရားရဲ့ တန်ခိုးတော်က တော်ဝင်မိသားစုဝင်အားလုံးမှာ လည်ပတ်နေတာပါ… ဟုတ်ပါတယ်…ဒါကြောင့်လည်း တတိယမင်းသားက အစွမ်းထက်နေတာပေါ့..."

“…..”

"ဒါပေမယ့် သူ့လို နတ်ဘုရားတန်ခိုးရှင်တွေ အများကြီးရှိရင် တတိယမင်းသားလည်း ဘေးရောက်သွားလိမ့်မယ်..."

ထာရှာသည် တုန်ရီသောမျက်လုံးများဖြင့် နယ်စားမင်းကို စိုက်ကြည့်နေမိသည်။ သူမ ယခုအချိန်အထိ လျစ်လျူရှုထားခဲ့သော အရာတစ်ခုရှိသည်။ဤသည်မှာ နတ်ဘုရား၏တန်ခိုးတော်သည် တော်ဝင်မိသားစုကိုသာ တိုက်ရိုက် စီးဆင်းလာခဲ့သည်မဟုတ်ပေ။ အားနည်းသော်လည်း၊ နတ်တန်ခိုးတော်သည် အင်ပါယာမိသားစု၏ သွယ်ဝိုက်သောမျိူးဆက်များအပေါ် လည်း စီးဆင်းသွားခဲ့သည်။

ထိုသူတို့ အများကြီးစုမိလိုက်လျှင် ရာဟန် နေရာမှာ အစားထိုး၍ ရနိုင်သည်။ကိစ္စများပြီးသောအခါ အိမ်ရှေ့စံသည် လူရှေ့ထွက်ပြီး မျက်နှာပြလိုက်ရုံပင်ဖြစ်သည်။နယ်စားမင်းက သူမကို ကြည့်ပြီး လောဘနှင့်ပြည့်နေသော လေသံဖြင့် တိုးတိုးလေးပြောလာသည်။

"အင်ပါယာမိသားစုရဲ့ ဆွေမျိုးတော်တွေဆီကနေ လူလေးဘာလေး စုံစမ်းလိုက်မယ်..."

ထာရှာ နှုတ်ဆိတ်နေခြင်းဖြင့် သဘောတူလိုက်သည်။ မည်သို့ပင်ဆိုစေ၊ ရာဟန် ဆိုသည့် ကောင်စုတ်လေးမောက်မာထောင်လွှားနေဖို့ ရက်အများကြီးမကျန်တော့ပေ။

***

ရာဟန် နန်းတော်သို့ ပြန်ရောက်ခဲ့သည့် ဒုတိယနေ့တွင် နန်းတော်တစ်ခုလုံး မနက်ခင်းကတည်းက စည်ကားသိုက်မြိုက်လျက်ရှိသည်။အကြောင်းမှာ ယနေ့သည် တတိယမင်းသားနှင့် သူ၏မိသားစုတို့ ခရီးထွက်သည့် နေ့ဖြစ်တာကြောင့်ပင်။အစေခံများသည် အဝတ်အစားအနည်းငယ်နှင့် ကြမ်းတမ်းသော လမ်းများတွင် မောင်းနှင်နိုင်ရန် ခိုင်ခံ့သော ရထားတွဲတစ်စီးကို ပြင်ဆင်ခဲ့ကြသည်။ယခု အစေခံများသည် ခရီးဆောင်သေတ္တာများစွာကို သယ်ဆောင်လာနေကြ၏။ ထုပ်ပိုးဖို့ နေ့တစ်ဝက်လောက် အချိန်ယူခဲ့ရသော်လည်း အရာအားလုံးက မြန်ဆန်ချောမွေ့နေ၏။

"ဒါပေမယ့် ကျွန်မတို့ ဒီလိုရုတ်တရက် ထွက်သွားလို့ရပါ့မလား..."

"ဘုရင်မင်းမြတ်ကို ကြိုပြောထားလို့ ခွင့်ပြုချက်ပေးထားတယ်လေ..."

ထိုအခါ ရိုစီနာ စိတ်အေးသွားရကာ ပါးစပ်ကို ပိတ်ထားလိုက်သည်။

"အိုး....ဒါနဲ့ ကျွန်မ အီလီယန်ရဲ့ ကျူရှင် ဆရာကို မပြောရသေးဘူး..."

“အဲ့ဒါအတွက် စိတ်မပူပါနဲ့...မနက်ဖြန်ကျရင် ညအိပ်ခရီး အပန်းဖြေခရီးထွက်မယ်လို့ သူ့ကို ကိုယ် ပြောထားခဲ့တယ်...ပြီးတော့ အိုင်းဆက် နဲ့ ကာလန် ကလည်း ကိုယ်တို့ကို လိုက်ပို့ပေးလိမ့်မယ်...”

ရာဟန် သည် နှစ်ရက်အတွင်း အရာအားလုံးကို ပြီးပြည့်စုံအောင် လုပ်ဆောင်ထားခဲ့သည်။သူမ သူ့ကို စိုက်ကြည့်နေမိစဉ် သူက ရထားတံခါးကို ဖွင့်လိုက်သည်။

"အထဲဝင်...”

ထို့နောက် သူမသည် သူ့လက်ကို ဆုပ်ကိုင်လိုက်ပြီး ခြေထောက်တင်ခုံပေါ်တက်ကာ ရထားပေါ်သို့ တက်လိုက်သည်။အီလီယန်က နောက်ကနေ လိုက်လာပြီး နောက်ဆုံးမှာ သူက ရထားထဲ ဝင်လာပြီး တံခါးပိတ်လိုက်သည်။

"သွားပါတော့မယ်..."

ရထားတွဲကြီးသည် ရထားထိန်း၏ ကျယ်လောင်သော အသံဆုံးသည်နှင့် တစ်ပြိုင်နက် စတင်ရွေ့ရှားလာသည်။ ခရီးသွားရထားတွဲဖြစ်သောကြောင့် အတွင်းခန်းသည် လူသုံးယောက်အိပ်ရန် လုံလောက်ပေသည်။

အီလီယန် နှင့် ရိုစီနာ သည် ဘေးချင်းယှဉ်ထိုင်ပြီး ရာဟန် က မျက်နှာချင်းဆိုင်ခုံတွင် ထိုင်နေသည်။ သူတစ်ယောက်တည်း ခရီးထွက်ဖို့ ပြင်နေခဲ့မှန်း နောက်ကျမှ သိရသည့်အတွက် သူမ စိတ်ထဲက သူ့ကို အားနာရသည်။ အလုပ်ကပြန်လာသူကို လုပ်စရာမှန်သမျှအား အလုပ်ခိုင်းခဲ့မိ၍ သူမကိုယ်သူမ အပြစ်ရှိသလို ခံစားရသည်။

"တောင်းပန်ပါတယ် ...ကျွန်မ ကူညီသင့်တာပါ..."

“မဟုတ်ပါဘူး...ကိုယ်က ဒီလိုတွေ ပြင်ဆင်နေရတာကို သဘောကျတာ”

သူ့ပုံစံက စိတ်အေးလက်အေး ဖြစ်နေတာကြောင့် သူမလည်း ရင်အေးသွားရသလိုရှိကာ ပြတင်းပေါက်မှ အပြင်ဘက်ကို လှမ်းကြည့်လိုက်လျှင် တတိယမင်းသား၏ နန်းတော်သည် တရွေ့ရွေ့ ဝေးသွားသည်ကို မြင်တွေ့ရသည်။

"အင်း...အခုဘယ်သွားမလို့လဲ"

"မြို့တော်ကနေ အနီးဆုံးပင်လယ်ကို သွားမယ်..."

"ပင်လယ်..."

မြို့တော််နားမှာ ပင်လယ်ရှိသလား...

သူမ သိချင်လာသည်။ အင်ပါယာအများစုသည် ကုန်းတွင်းပိုင်းမှာ ဖြစ်သောကြောင့် ပင်လယ်ကိုမြင်ရရန်ခက်ခဲလှသည်။သူမသည် တောင်အလယ်ပိုင်းဒေသတွင် မွေးဖွားကြီး ပြင်းလာသူဖြစ်သဖြင့် အာစတေးနီးယားကို ဖြတ်ကူးသောအခါကလွဲ၍ ပင်လယ်ကို တစ်ခါမှမမြင်ဖူးခဲ့ပေ။ သူမသည် အာစတေးနီးယားတွင် ပင်လယ်ကို ငြီးငွေ့လာသည်အထိ မြင်ဖူးသော်လည်း အင်ပါယာမှာ မြင်ရလိမ့်မည်ဟု မမျှော်လင့်ထားပေ။

"နီးတော့ မနီးပါဘူး...ဒါပေမယ့် ဒီကနေ ဆိုရင် အနီးဆုံးလို့ ပြောလို့ရတာပေါ့... အခုဆို ဒီရာသီမှာ အလှဆုံးဖြစ်နေပါပြီ..."

ရာဟန် စကားကြောင့် သူမ အတွေးလွန်မိသွားသည်။ သူမသည် ပင်လယ်ကို နှစ်သက်သူဖြစ်ပြီး အင်ပါယာရှိ ပင်လယ်သည် အာစတေးနီးယား က ပင်လယ်နှင့် ဘယ်လိုဘယ်ပုံ ကွာခြားလိမ့်မည်ကို သူမ တွေးမိသည်။ ခဏကြာတော့၊သူမကုလားထိုင်ပေါ် ပြန်မှီပြီး သားအဖနှစ်ယောက်ကို ကြည့်လိုက်သည်။ ရထားစီးလာသည်မှာ ကြာပြီဖြစ်၍ ပျင်းသလိုရှိလာကာ ဖြစ်ပြီးသမျှ ကိစ္စတို့ကို ရောက်တတ်ရာရာ ပြန်တွေးကြည့်မိသည်။

သူမ တော်ဝင်နန်းတော်ထဲကို ပထမဆုံးအကြိမ် ဝင်လာစဥ်က အဖြစ်ကို ရုတ်တရက် သတိရမိသွားသည်။ ထိုအချိန်က ရာဟန် နှင့် စကားတစ်ခွန်းမှ မပြောဘဲ လိုက်လာရသည့်အတွက် ညောင်းညာကိုက်ခဲသွားသည်အထိ စိတ်မသက်မသာဖြစ်ခဲ့သော်လည်း ယခုတော့ ဘာမှမဟုတ်တော့ပေ။ လွန်ခဲ့သော လအနည်းငယ်ခန့်က သေသွားသလို နေမကောင်းဖြစ်ခဲ့သည့် အီလီယန်ကိုလည်း ငုံ့ကြည့်မိသည်။ယခုတော့ သူ ကောင်းကောင်းကျန်းမာလာပြီဖြစ်သည်။ထို့ကြာင့် အရာအားလုံးအတွက် ဘုရားသခင်ကို ကျေးဇူးတင်နေမိသည်။

ရထားတွဲသည် တစ်နေကုန် အသောနှင်လာသည်။ ထမင်းစားချိန်တွင် ရထားပေါ်မှဆင်းကာ လတ်ဆတ်သောလေကောင်းလေသန့်ကို ရှူရှိုက်၍ အထဲမှာသာ ထမင်းစားကြသည်။အားလုံး စိတ်ချမ်းသာနေ၍ ခရီးက သိပ်မပန်းလှပေ။

အီလီယန်၏ နေ့လယ်စာဘူးကို ပြန်သိမ်းနေသည့် ရိုစီနာ သည် ပြတင်းပေါက် အပြင်ဘက်မှတစ်ဆင့် နေဝင်ချိန်ကို ကြည့်နေမိသည်။နေရောင်က တောမီးကဲ့သို့ ပျံ့နှံ့နေသဖြင့် အတော်လေး လှပသည်။

"ကိုယ်တို့ ဒီနေ့ဒီမှာအိပ်မယ်..."

ရထားတွဲသည် အလွန်ကြီးမားပြီး အထဲမှာ အစုံအလင်ရှိသောကြောင့် သူမသည် ရထားတွဲပေါ်မှာ အိပ်ဖို့ တွေးနေသော်လည်း ရာဟန် ကမူ နေစရာနေရာရှာရန် စဉ်းစားနေပုံရသည်။ သူမလည်း သူ့အကြံကို သဘောတူလိုက်သဖြင့် မကြာမီ ရထားတွဲသည် အနီးနားရှိ မြို့တစ်မြို့ဆီသို့ ဦးတည်သွားခဲ့သည်။ မြို့ကလေးက သိပ်မကျယ်သော်လည်း သယ်ယူပို့ဆောင်ရေး အချက်အချာကျသည့် မြို့ဖြစ်သည့်အတွက် ဆိုင်တိုင်းမှာ ခရီးသွားတွေနှင့် စည်ကားနေ၏။

ရာဟန် သည် တည်းခိုခန်းများကြားတွင် အကျော်ကြားဆုံးနှင့် အသန့်ရှင်းဆုံး တည်းခိုခန်းကို ရွေးချယ်၍ ရပ်ခိုင်းလိုက်သည်။ ရိုစီနာ သည် သူ့လက်ကို ဆွဲကာ ရထားတွဲပေါ်မှ ဆင်းလာခဲ့သည်။ ထို့နောက် အပြင်မှာစောင့်နေသည့် အစေခံတွေက သူမတို့ ခရီးဆောင်အိတ်များကို သယ်သွားကြသည်။ အစောင့်အကြပ်များနှင့် နောက်မှကပ်လိုက်လာသော အိုင်းဆက် နှင့် ကာလန် တို့သည် အလုပ်ကိစ္စတစ်ခုကြောင့် အပြင်ပြန်ထွက်သွားခဲ့ပြီး သူမတို့ မိသားစုသုံးယောက်သာလျှင် တည်းခိုခန်းထဲသို့ ဝင်လာခဲ့သည်။

ပထမထပ်သည် စားသောက်ဆိုင်ဖြစ်ပြီး လူများတည်းခိုသည့်နေရာသည် ဒုတိယထပ်မှာ ဖြစ်၏။ ညစာစားချိန် ဖြစ်သောကြောင့် စားသောက်ဆိုင်တွင် လာရောက်စားသောက်သော စားသုံးသူများဖြင့် စည်ကားနေပေသည်။

ရိုစီနာ ဟိုဒီလှည့်ပတ်ကြည့်ရှုနေစဉ် ရာဟန် က အခန်းမှာထားလိုက်သည်။

"အပေါ်ထပ်တစ်ခုလုံးကိုပါ..."

"အပေါ်ထပ်တစ်ခုလုံးကိုလား...."

ဝန်ထမ်းက ရာဟန်ကို တော်ဝင်မျိုးနွယ်မှန်း မသိသေးဘဲ သာမာန်လူတစ်ယောက်ဟုသာ ထင်နေ၍ အံ့သြသွားပြီး မသေချာမှာစိုး၍ တုံ့ဆိုင်းနေသေးသည်။

"ဟုတ်ကဲ့ ရပါတယ်..."

ရာဟန်က စကားတစ်ခွန်းမှ မဆိုဘဲ အိတ်ကပ်ကို တစ်ချက်ကြည့်လိုက်သည်။ ရွှေဒင်္ဂါးပြားများ ပြည့်နေသော အိတ်ကပ်ကို တွေ့သောအခါ ဝန်ထမ်းမှာ မျက်လုံးပြူးသွားသည်။

"ဒါဆို မလောက်ဘူးလား..."

“အိုး...မဟုတ်ပါဘူး…မဟုတ်ပါဘူး”

ဝန်ထမ်းများသည် နားလည်မှုယူကာ ကြိုတင်မှာထားသူများကို ချက်ချင်းမေးမြန်းစုံစမ်းပြီး အပေါ်ဆုံးထပ်အား အလွတ်ထားလိုက်သည်။ အခန်းများအတွက် ရွှေဒင်္ဂါးများကို ဖြုန်းတီးခဲ့သည်ကို ရိုစီနာသာ သိပါက အံ့အားသင့်သွားလိမ့်မည်။သို့သော် ကံကောင်းထောက်မစွာပင်၊ သူမ မသိလိုက်ပေ။ထို့နောက် စားသောက်ဆိုင်တစ်ဝိုက်ကို အရူးအမူးကြည့်နေသော သူမ အား ပြောလိုက်သည်။

"ဒီမှာ ညစာစားဖို့ စဉ်းစားနေတာ...ဘယ်လိုလဲ"

"ကျွန်မလည်း ဒီနေရာကို ကြိုက်တယ်..."

စောစောက ကြည့်ထားတာကြောင့် စားသောက်ဆိုင်မှာ တော်တော်ကျယ်ပြီး အီလီယန် စားလို့ရသည့် အစားအစာတွေလည်း ရှိပေသည်။

"ဒီမှာ စားချင်လား…ဒါမှမဟုတ် အခန်းထဲမှာစားချင်လား..."

“အင်း…..ဒီမှာ”

နောက်ဆုံးမှာတော့ အပေါ် မတက်ခင် ဤနေရာမှာ စားဖို့ ဆုံးဖြတ်လိုက်ကြသည်။ အိပ်ခန်းထဲမှာ စားလျှင် အစားအသောက်နံ့တွေ နံစော်ရုံသာမက ဝန်ထမ်းတွေလည်း အလုပ်ရှုပ်မှာ ဖြစ်တာကြောင့် အောက်ထပ်မှာစားဖို့ လုပ်လိုက်ကြသည်။သို့နှင့်၊ သုံးယောက်သား မထင်ရှားသော ထောင့်တစ်နေရာမှာ ထိုင်လိုက်ကြသည်။ သို့သော် သူတို့မိသားစုသည် တန်ဖိုးကြီးအဝတ်အစားများ ဝတ်ထားပြီး ရာဟန် ၏ တောက်ပသော ရွှေရောင်ဆံပင်တို့ကြောင့် ဆိုင်ထဲရှိလူများက သူတို့ကို စိုက်ကြည့်‌နေကြတော့သည်။

ရိုစီနာ သည် အချိန်နည်းနည်းနောက်ကျသွား၍ ဗိုက်ဆာနေမိသည်။ ထို့ကြောင့်၊ရာဟန် နှင့် အီလီယန် တို့က သူမအတွက် မီနူးကိုသာ လုနေကြသည်။

“အဲ့ဒါ မေမေ အကြိုက်ဆုံးပဲ…”

"ဒါကိုမစားနဲ့...သား ဒီဟာကို ကောင်းကောင်းမစားနိုင်ဘူးမလား..."

သူတို့နှစ်​​ယောက်​က စားချင်​ရာကို မ​ရွေးဘဲ သူမကိုသာ အာရုံစိုက်​​နေကြသည်​။သူမ သားအဖနှစ်ယောက်ကိုကြည့်ပြီး ပြုံးနေမိသည်။ သူတို့နှစ်ယောက်သား မီနူးကို ခဏကြာအောင် ကြည့်ပြီးနောက်မှ သူမ လှမ်းယူလိုက်သည်။ထို့နောက် စားပွဲထိုးကို ခေါ်ပြီး ချက်ချင်းမှာလိုက်သည်။

"အမဲသားကင် နှစ်ပွဲပေးပါ....တစ်ပွဲက သွေးနည်းနည်း သန်းနေပါစေနော်... အိုး…အဲ့ဒီပွဲအတွက် ငရုတ်သီးနဲ့ ပဲ ပါ ထည့်ပေးပါ...ပြီးတော့ ပန်းသီးဖျော်ရည် တစ်ခွက်..."

သူမမှာပြီးသည်နှင့်၊ရာဟန် တို့နှစ်ယောက်မှာ သူမအား အံ့အားသင့်စွာ ကြည့်နေကြတော့သည်။ အချိန်အတော်ကြာ မီနူးလုနေကြသော ပြဿနာကို သူမ ချက်ချင်းဖြေရှင်းခဲ့ခြင်း ဖြစ်သည်။

"ကြိုက်တယ်မဟုတ်လား..."

နှစ်ယောက်စလုံး တစ်ချိန်တည်း ခေါင်းညိတ်ကြသည်။ရာဟန် နှင့် အီလီယန်က သာ သူမ အကြိုက်အရသာကိုသိနေခြင်းမဟုတ်ပေ။ သူမလည်း သူတို့နှစ်ယောက်၏ အကြိုက်ကို သိထားသည်။ အီလီယန်က သူမ မွေးထားသော သားဖြစ်တာကြောင့် သိခြင်းဖြစ်သော်လည်း ရာဟန် အကြိုက်ကိုမူ လအတော်ကြာ အတူတူစားပြီးနောက်မှ တဖြည်းဖြည်းသိလာခဲ့ခြင်း ဖြစ်သည်။ သူက အစားအသောက်ကို ဇီဇာကြောင်ပုံမပေါ်သော်လည်း အလွန်ကြိုက်သောအစားအစာအချို့ရှိသည်။ထို့ကြောင့် သူကြိုက်တတ်တာလေးများကို ရွေးပြီး ‌မှာပေးထားသည်။

မိသားစု သုံးယောက် တိတ်တိတ်ဆိတ်ဆိတ် အစာစားနေစဉ် ပတ်ဝန်းကျင်က ရုတ်တရက် ဆူညံသွားရသည်။ စောစောကတည်းက လူများနေသဖြင့် ‌ဆူညံနေခဲ့သော်လည်း ယခုမူ ပိုပြီး ထူးထူးခြားခြား ဆူညံနေခြင်းပင်။

"ကဲ… ဒီတစ်​ခါ​တော့ ငါက အချီကြီးမိထားတာဆိုတော့ ငါ ဒကာခံမယ်ကွာ..."

ရိုစီနာ ထိုင်သည့်နေရာနှင့် မဝေးသော စားပွဲတစ်ခုတွင် ယောက်ျားသားများ ထိုင်နေသည်။ သူတို့ ချွတ်ချထားသော စျေးပေါပေါ ချပ်ဝတ်တန်ဆာများသည် ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေတာကြောင့် ကြေးစားစစ်သည်များ ဖြစ်နိုင်သည်။ သူတို့သည် ကျယ်လောင်စွာ ရယ်မောကာ စတိုးဆိုင်မှာ စားသောက်နေကြသဖြင့် ဧည့်သည်တွေကလည်း မျက်မှောင်ကြုတ်၍သာကြည့်နေကြပြီး ဘာမှလည်း ဝင်မပြောဝံ့ချေ။ အဘယ်ကြောင့်ဆိုသော် သူတို့ကိုယ်တိုင်က ကြေးစားစစ်သည် ၅ဦးအား တိုက်ခိုက်ရန် ယုံကြည်ချက်မရှိသောကြောင့်ဖြစ်သည်။ ထို့ကြောင့် သူတို့အားလုံး ထိုင်ခုံတွေကို ရွှေ့ပြီး တခြားတစ်နေရာမှာ သွားထိုင်လိုက်ကြသည်။

"ဆူလိုက်တာ..."

ရာဟန်က ရိုစီနာ လိုပင် မျက်မှောင်ကြုတ်နေသော်လည်း သူ့မှာဘာမှ လုပ်နိုင်စွမ်း မရှိပေ။ အကြောင်းပြချက်မရှိ တိုက်ပွဲဖြစ်လိုက်လျှင် အီလီယန် နှင့် အတူရှိနေတာကြောင့် အခြေအနေက ခက်ခဲသွားလိမ့်မည်ဖြစ်သည်။ထို့အပြင် သူ၏ သရုပ်မှန်ကို သိသွားပါက ခရီးတစ်လျှောက်လုံး လျှို့ဝှက်ထား၍ရ‌တော့မည် မဟုတ်ပေ။

"မြန်မြန်စားကြရအောင်..."

သူမ အမြန်လောဆော်လိုက်၏။ ခဏကြာသော် စားပွဲထိုးက ဗန်းကြီးတစ်လုံးကိုကိုင်ကာ ထွက်လာသည်။ အရသာရှိသော စားစရာ အနံ့များ တထောင်းထောင်း ထွက်လာသောအခါ ကြေးစားစစ်သည်များက နောက်လှည့်ကြည့်လိုက်ရာ သူမကို တွေ့ရှိသွားသည်။သူမကို မြင်သွားသော ကြေးစားစစ်သည်များသည် အချင်းချင်းတီးတိုးပြောကာ စိတ်ဝင်စားနေကြဟန်ရှိသည်။

သူမသည် အီလီယန် ကိုကျွေးရန် အသားလှီးနေစဉ်တွင် ကြေးစားသမားများက သူမအားပြောင်ပြောင် တင်းတင်း စိုက်ကြည့်နေကြသည်။ ငေးကြည့်နေသည့် အကြည့်များကို ခံစားလိုက်ရစဉ် ရုတ်တရက် လေချွန်သံတစ်ခု ထွက်လာတာကြောင့် သူမ အလိုလို ခေါင်းမော့ကြည့်လိုက်မိသည်။

ထို့နောက် ခေါင်းပြန်ငုံ့ပြီးအသားများကို လှီးဖြတ်နေစဉ် ရာဟန်သည် သူ့လက်ထဲက အသားလှီးဓားကို တိတ်တဆိတ် ဆုပ်ကိုင်လိုက်သည်။ သူ့လက်ကြီးနှင့်ယှဉ်လိုက်လျှင် ဓားက အလွန်သေးနေသော်လည်း မည်သည့်အရာကိုမဆို အလွယ်တကူ ဖြတ်တောက်ပစ်တော့မလိုပင်။သူ ချက်ချင်းပင် ဆိုးရွားသော အဖြစ်တစ်ခုကို ခဏမျှ စိတ်ကူးဖြင့် မှန်းဆကြည့်ခဲ့သော်လည်း စိတ်ထိန်း၍ ဓားကို ပြန်ချလိုက်သည်။ သူတို့ခေါင်းထဲကို မြားတံများဖြင့် ပစ်ခွင်းချင်သော်လည်း ထိုသို့လုပ်ပါက ရိုစီနာ တစ်ယောက် မူးမေ့လဲသွားနိုင်သည်။

"လက်ဆေးသွားဦးမယ်..."

အသားလှီးနေခိုက် ငံပြာရည်များ၊ဆော့စ်များ နည်းနည်းပေကျံသွားသည့်အတွက် ရိုစီနာ မတ်တပ်ထရပ်လိုက်သည်။ လက်သုတ်ပဝါနှင့် သုတ်လိုက်လျှင်ရသော်လည်း ညစာစားချိန်တစ်လျှောက်လုံး စေးကပ်ပြီး မနှစ်မြို့စရာဖြစ်နေမှာပင်။

"ကိုယ် မင်းနဲ့လိုက်ခဲ့မယ်..."

"သား မေမေနဲ့လိုက်ခဲ့မယ်..."

ချက်ချင်းပင်၊ထတော့မည့်ဟန်ဖြင့် ရာဟန် နှင့် အီလီယန် တို့က တစ်ချိန်တည်း ပြောလိုက်ကြသည်။

"ရပါတယ်....မကြာခင် ကျွန်မ ပြန်လာခဲ့မယ်....အီလီယန်....ဆက်စားနေနော်..."

နှစ်ယောက်စလုံးကို ဖြေပြီးနောက် သူမ ထထွက်သွားလေသည်။ ရာဟန် နှင့် အီလီယန် တို့သည် သူမ နောက်သို့ လိုက်ချင်သော်လည်း ပြန်ထိုင်ရန်မှတစ်ပါး ရွေးချယ်စရာမရှိပေ။သူမသည် ကြေးစားစစ်သည်းများ ထိုင်နေသည့် နေရာကို ဖြတ်ကျော်သွားရာ ဘီယာ သောက်နေသော ကြေးစားစစ်သည်များသည် သူမ ခန္ဓာကိုယ်ကို ထူးဆန်းစွာ လိုက်ကြည့်နေကြသည်။အသားပဲ့ပါမသွားနိုင်သော်လည်း သူတို့အကြည့်တွေက သူမကို စိတ်ကသိကအောက် ဖြစ်စေသည်။သူတို့အကြည့်များသည် သူမ နောက်ကျောအထိ ကပ်ပါလာကြဆဲပင်။

"သူမရဲ့ ခန္ဓာကိုယ်က တစ်ကယ်လှတာပဲ… ဒီလိုမိန်းကလေးမျိုးနဲ့ တစ်ခါလောက် ကစားဖူးချင်လိုက်တာ...”

ထိုသူသည် မိမိကိုယ်ကို ပြောနေခြင်းဖြစ်နိုင်သော်လည်း ရာဟန် နှင့် အီလီယန် တို့ ရှင်းရှင်းလင်းလင်း ကြားခဲ့ရသည်။ထို့နောက် ရာဟန် သည် စောစောက ချထားသည့် ဓားကို ချက်ချင်း ကောက်ကိုင်လိုက်သည်။အီလီယန်က ရိုစီနာ ထွက်သွားပြီလားဆိုသည်ကို သေချာကြည့်လိုက်ပြီး သူ့ကို ခေါင်းငြိမ့်ပြလိုက်၏။

ထိုအခါ ရာဟန် သည် ထိုင်ခုံမှထကာ ပြုံးပြုံးရွှင်ရွှင် စားသောက်နေသော ကြေးစားသမားများ၏ စားပွဲဆီသို့ ဦးတည်သွားလိုက်သည်။ သူတို့သည် ရိုစီနာ အကြောင်းကို ပြောနေကြစဥ် အရိပ်ကြီးတစ်ခု သူတို့အပေါ်ကို အုပ်မိုးလာရာ စကားရပ်လိုက်ပြီး အပေါ်မော့ကြည့်လိုက်သည်။ ထိုအချိန်တွင် သူတို့ အသံတစ်ခုကြားလိုက်ရသဖြင့် အသံလာရာဘက်ကို တဖန် ခေါင်းလှည့်ကြပြန်သည်။ ဓားတစ်ချောင်းကို သစ်သားစားပွဲပေါ်တွင် ထိုးစိုက်ထားတာကြောင့် အသံထွက်လာရခြင်းပင်။ထို့နောက် ကြောက်စရာကောင်းသည့်အသံတစ်ခုက ကျရောက်လာတော့သည်။

" ခုနက ပြောတာကို ပြန်ပြောလိုက်စမ်း..."