အပိုင်း ၅၂
Viewers 15k

Chapter 52

လက်ဆေးရန် ဆိုင်ထဲမှ ထွက်လာသော ရိုစီနာ သည် လက်ဆေးပြီးသောအခါ ရေခါလိုက်ပြီး လက်ကိုင်ပုဝါဖြင့် သုတ်လိုက်သည်။

"ဆူညံနေပါလား..."

ယခင်က ဆူညံသည်ဟု သူမ ထင်ခဲ့ဖူးသော်လည်း ယခုမူ အပြင်ဘက်အထိ အသံများကြားလာရပြီဖြစ်သည်။ သူမ သက်ပြင်းချလိုက်မိသည်။ ကြေးစားစစ်သည်များ၏ သဘောထားမှာ မနှစ်မြို့ဖွယ် ဖြစ်သော်လည်း မည်သူကမှ အရေးယူဆောင်ရွက်နိုင်ခြင်း မရှိပေ။သူတို့လို လူများသည် အီလီယန် ကို နာကျင်စေခဲ့ဖူးသည်။ ရာဟန် နှင့် ပြန်လည်ဆုံတွေ့သည့်နေ့က အမည်မသိယောက်ျားသားကြီးတွေက အီလီယန် ကို‌ မြေကြီးပေါ် ပစ်ချလိုက်သည့်မြင်ကွင်းအား သူမ ရှင်းရှင်းလင်းလင်း မှတ်မိနေပါသေးသည်။

"အခုတော့ မြန်မြန်စားဖို့ပဲ လုပ်ရမှာပဲ..."

ထို့နောက် သူမ ခပ်သုတ်သုတ် ဆိုင်ထဲကို ဝင်သွားရာ ဆိုင်က ဟာလာဟင်းလင်းဖြစ်နေပြီး လူတွေအားလုံး ဘယ်ရောက်သွားမှန်း မသိတော့ပေ။ အချိန်အတော်ကြာ လှည့်ပတ်ကြည့်နေပြီးမှ သူမ မျက်ကြုတ်လိုက်မိသည်။ ကြေးစားစစ်သည်များထိုင်နေသည့် စားပွဲမှာ လွတ်နေသဖြင့် တစ်ခုခုမှားနေပြီဟု သူမ ထင်မိလိုက်သည်။

ထွက်သွားကြပြီလား....

သူမ ပဟေဠိဖြစ်နေပြီး မူလနေရာသို့ ပြန်သွားခဲ့သည်။

“…..?”

ထိုင်ခုံနေရာကို လျှောက်သွားနေစဉ် သူမ ခြေလှမ်း ရပ်တန့်သွားသည်။အကြောင်းမှာ ရာဟန် မပါဘဲ အီလီယန် တစ်ယောက်တည်း ထိုင်နေတာကြောင့်ပင်။

သူ့ကို ကြေးစားသမားတွေက ခေါ်သွားတာများလား....

သူမလည်း စိတ်ပူလာပြီး အီလီယန် ကို မေးလိုက်သည်။

"အီလီယန် …သား ဖေဖေဘယ်မှာလဲ..."

"အိမ်သာသွားတယ်... သူ အီးပါချင်တယ်တဲ့..."

"ဟုတ်လား…"

သူမ အီလီယန်ကို ပခုံးတွန့်ပြီး ပြုံးပြလိုက်သော်လည်း စိတ်ထဲထင့်နေမိသည်။သူမ ထိုင်ပြီး သိပ်မကြာခင်မှာ ရာဟန် ဆိုင်ထဲဝင်လာသည်။ သူမလည်း သူ့ကို မြင်မှစိတ်အေးသွားရလေသည်။

"ရိုစီနာ..."

သူမ သူ့ကို ကြည့်ကာ တစ်ခုခုပြောရန် ကြိုးစားရသည်။

"ရှင် အိမ်သာတက်မယ် ဆိုရင်လည်း ကျွန်မထက် အရင်သွားရမှာ..."

"...အိမ်သာကို"

ရာဟန် နားမလည်နိုင်ဖြစ်ကာ အီလီယန် ကို ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်သည်။ ထိုအခါ အီလီယန် က သူ မြင်ရအောင် လျှာထုတ်ပြလိုက်သဖြင့် သူလည်း အခြေအနေကို သဘောပေါက်သွားရလေသည်။

ရာဟန် ဘေးမှာ ထိုင်လိုက်စဉ် အပြင်ကနေ ထူးဆန်းသည့် အသံတစ်ခုကို ရိုစီနာ ကြားလိုက်ရသည်။စောစောက ဆိုင်ထဲမှာ ဆူညံနေသော်လည်း အခုတော့ အပြင်မှာ ဆူညံနေခြင်းဖြစ်သည်။သူမလည်း ပြတင်းပေါက်မှ လှမ်းကြည့်နေစဉ် သူက သူမ ပန်းကန်ပြားကို ကိုင်ရင်း ပြောလိုက်သည်။

"မအေးခင် စားလေ...အေးသွားမှဆို အရသာမကောင်းတော့ဘူး..."

"အင်း”

သူမ အစာစားဖို့ တစ်ဖက်ပြန်လှည့်လာစဉ် ရာဟန် သက်ပြင်းတစ်ချက်ချလိုက်သည်။

ထို့နောက် သုံးယောက်သား တိတ်တိတ်ဆိတ်ဆိတ် စားသောက်ကြပြီး သူမ ဗိုက်ပြည့်လာသဖြင့် ပန်းကန်ကို ချထားလိုက်သည်။ ထို့နောက် သားအဖနှစ်ယောက်ကလည်း ခက်ရင်းများနှင့် ဓားများကို ချလိုက်ကြ၍ သူမ မှင်တက်သွားရလေသည်။

"ဘာလို့ မစားတာလဲ..."

"ကိုယ် ဗိုက်ပြည့်ပြီ‌လေ..."

"သား စားပြီးပါပြီ..."

သူမလည်း ပြောစရာမရှိဖြစ်ကာ ခေါင်းသာ ညိတ်ပြလိုက်ပြီး အနားယူချင်စိတ် ဖြစ်လာမိသည်။

"အပေါ်ထပ်မှာ အခန်းတွေ ရှိတယ်... "

ဤသို့ဖြင့် ရိုစီနာ၊ ရာဟန် နှင့် အီလီယန် တို့သည် လှေကားမှ တက်ကာ အပေါ်ထပ်သို့ ဦးတည်သွားကြသည်။ အပေါ်ဆုံးထပ်သည် အကောင်းဆုံးအခန်းများ စုစည်းရာ ဖြစ်သောကြောင့် အခြားထပ်များနှင့်ယှဉ်လျှင် အထူးသပ်ရပ်သည်။

ရိုစီနာသည် လျှောက်လမ်းပေါ်တွင် လမ်းလျှောက်နေရင်း ခြေလှမ်းကိုခဏရပ်လိုက်၏။

"အခန်းက ဘယ်နှစ်ခန်း မှာထားတာလဲ..."

"နှစ်ခန်းတည်း ကြိုမှာထားတာ..."

ရာဟန်က တမင်သက်သက် နှစ်ယောက်က တစ်ခန်းအိပ်၊ကျန်တစ်ယောက်က တစ်ခန်းအိပ်ခွင့်ရရန် ပြောလိုက်ခြင်းဖြစ်သည်။ မကြာခင်၊သူတို့ သားအဖနှစ်ယောက်လုံးက သူမနှင့်အတူတူ အိပ်ချင်ကြောင်း အကြောင်းပြချင်တွေ ပေးလာကြတော့သည်။

“အခန်းတစ်ခန်းမှာ ကုတင်သေးသေးလေးတစ်လုံးပါတယ်...ကျန်တစ်ခန်းမှာ နှစ်ယောက်အိပ် ကုတင်ကြီးတစ်လုံးရှိတယ်..."

"သားက ဒီကို ပထမဆုံးအကြိမ် ရောက်ဖူးတာဆိုတော့ တစ်ယောက်တည်းအိပ်လို့မဖြစ်ဘူး..."

သူမလည်း အကြံအိုက်နေရာမှ ရုတ်တရက် အတွေးပေါက်သွားကာလက်ဖျစ်တစ်ချက် တီးလိုက်သည်။

"ကောင်းပါပြီ....ဒါဆို ဒီလိုလုပ်ရအောင်..."

ရာဟန် တို့ သားအဖနှစ်ယောက်ကမူတရားသူကြီး၏ စီရင်ချက်ကို စောင့်ဆိုင်းနေသကဲ့သို့ သူမ စကားကို မျက်လုံးအပြူးသားနှင့် စောင့်ဆိုင်းနေလေသည်။ သေချာသည်က၊ သူမက ရယ်ရမည့်သူ ဖြစ်သော်လည်း ကျန်နှစ်ယောက်မှာမူ ငိုရမည့်ကိန်းဆိုက်နေတော့သည်။

“ဒီည ရှင်တို့နှစ်ယောက် အတူတူ အိပ်သင့်တယ်...”

သူမ၏ စီရင်ချက်ကြောင့် သူတို့နှစ်ယောက်လုံးအား ငိုရတော့မည်ဆိုတာကို သူတို့ မသိခဲ့ကြပေ။

"ဘယ်လို…"

ရာဟန် က ထိတ်လန့်တုန်လှုပ်နေပုံဖြင့် ရေရွတ်လိုက်သည်။

"ရှင်တို့နှစ်ယောက်လုံး အတူတူမအိပ်ဖူးဘူးမဟုတ်လား"

“ဟုတ်တယ်လေ.... ဒါပေမယ့်….”

"ရှင်တို့နှစ်ယောက် အတူတူ အမှတ်တရတွေ ဖန်တီးဖို့ အခွင့်အရေးကောင်းပဲလေ....ကဲ... ဒါဆို သွားတော့... မနက်ဖြန်တွေ့မယ်..."

ရိုစီနာ က ရာဟန်ကို နှုတ်ဆက်ပြီး အီလီယန် ပါးကို နမ်းလိုက်၍ အခန်းထဲသို့ တန်းတန်းမတ်မတ် ဝင်သွားလေသည်။ ရာဟန် နှင့် အီလီယန် တို့မှာ သူမ တံခါးပိတ်သွားသည်အထိ ကြည့်ပြီးနောက် တစ်ယောက်ကို တစ်ယောက် တစ်ဖန်ပြန်ကြည့်ကာ တစ်ချိန်တည်း သက်ပြင်းချလိုက်သည်။

"ကဲ…ဘယ်တတ်နိုင်ပါ့မလဲ..."

ထို့နောက် ရာဟန်က ကျန်အခန်း တံခါးကို ဖွင့်လိုက်သည်။အပေါ်ထပ်မှ အခန်းတွေအားလုံးကို ယူထားခြင်းဖြစ်၍ ဘယ်အခန်းမဆို သုံးလို့ အဆင်ပြေသော်လည်း မနက်မိုးလင်းချိန်မှာ အီလီယန်နှင့် တစ်ကယ်မအိပ်ဘဲ တစ်ခြားအခန်းက ထွက်လာပါက ခက်ပေတော့မည်။ တစ်ဖက်တွင်၊အီလီယန်သည် မှုန်ကုပ်ကုပ်နှင့် အခန်းထဲသို့ ဝင်သွားရာ ကုတင်တစ်လုံးတည်းသာ တွေ့ရသဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

"ကုတင်ပေါ်မှာ ဘယ်သူအိပ်မှာလဲ..."

"သား အဲ့ဒီမှာအိပ်လိုက်လေ..."

ရာဟန်က သူ့ကို အိပ်ရာပေါ်မှာအအိပ်ခိုင်းလိုက်သောအခါ သူက တစ်ချက် ပေစောင်းစောင်းကြည့်လာ၏။သို့သော် ရာဟန် စကားတစ်ခွန်းမှ မပြောဘဲ ရေချိုးခန်းထဲသို့သာ ဝင်သွားခဲ့သည်။သူသည် နာရီ အတော်ကြာနေပြီမို့ ရိုစီနာနှင့် မအိပ်ရ၍ စိတ်ဆိုးနေမိသည်။ ထို့ကြောင့် နှစ်ယောက်သား စကားများများမပြောဘဲ သက်ဆိုင်ရာ နေရာများတွင် အသီးသီး အိပ်လိုက်ကြသည်။သားအဖဖြစ်၍ တတ်နိုင်သမျှ အဆင်ပြေအောင် နေကြသော်လည်း တစ်ခါမှ အတူမအိပ်ဖူးတာကြောင့် အိုးတိုးအမ်းတမ်း ဖြစ်နေရသေးသည်။

အချိန်အတော်ကြာအောင် အခန်းထဲက မီးတွေ လင်းသွားပြီးနောက် အီလီယန် သည် ကုတင်ပေါ်မှ ထလိုက်ပြီး တံခါးဖွင့်၍ အပြင်ကို ထွက်သွားသည်။ တံခါးပိတ်သံကြောင့် ရာဟန် နိုးလာပြီး မျက်လုံးဖွင့်ကြည့်လိုက်ကာ ဆိုဖာပေါ်မှ ထလာခဲ့သည်။အီလီယန်က ရိုစီနာ နှင့် အတူအိပ်နေကျဖြစ်၍ ဟိုဘက်အခန်းသို့ ကူးသွားခြင်းများ ဖြစ်လေသလားဟု သူ တွေးမိသေးသည်။

သို့သော် ညဝတ်အင်္ကျီအပေါ်မှ ကုတ်အင်္ကျီ ထပ်ဝတ်ထားသဖြင့် အပြင်သို့ ထွက်သွားပုံရသည်။ သူသည် အီလီယန် ကို ကလေးဘဝတုန်းက မတွေ့ခဲ့ရသော်လည်း သူ့မျက်စိထဲတွင် ထာဝရ ကလေးတစ်ယောက်သာ ဖြစ်လေသည်။ထို့ကြောင့် သူ ချက်ချင်းပင် အင်္ကျီခပ်ပါးပါး ဝတ်ကာ ဓားတစ်လက်ဖြင့် ထွက်လာလေသည်။သစ်သားကြမ်းပြင်ပေါ် တက်လှမ်းလာသည့် သူ့ခြေသံကိုသာ ကြားရသည်အထိ တည်းခိုခန်းတစ်ခုလုံး တိတ်ဆိတ်နေသည်။

ရာဟန် သည် တည်းခိုခန်းထဲက လုံးဝထွက်လာရင်း တည်းခိုခန်းနောက်ဘက်ရှိ မြေကွက်လပ်နေရာမှ အသံများကို ကြားလာရသည်။သူလည်း အဆောက်အဦးကို မှီ၍ အသံထွက်လာသည့်နေရာကို လှည့်ကြည့်လိုက်လျှင် သစ်သားဓားကိုကိုင်ပြီး တစ်စုံတစ်ယောက်နှင့် တိုက်ခိုက်နေသည့် အီလီယန် ကို တွေ့ရလေသည်။

"ငါ မင်းကို တိုက်မယ်...မင်းက ကာကွယ်ရမယ်…”

ရင်းနှီးသောအသံမှာ အိုင်းဆက်၏ အသံဖြစ်သည်။ ရာဟန် ရှေ့သို့ တိုးလာကာ နှစ်ယောက်သား တိုက်ခိုက်နေပုံကို လက်ပိုက်ထားပြီး ကြည့်နေလေသည်။ သူ နောက်မှာ ရပ်နေမှန်း နှစ်ယောက်စလုံး မသိတော့သည်အထိ တိုက်ပွဲထဲမှာ နစ်မွန်းနေကြသည်။သူသည် အီလီယန် ၏ လှုပ်ရှားမှုတိုင်းကို ဖမ်းစားကြည့်လိုက်သည်။ အီလီယန် သည် ငယ်ရွယ်သေးသော်လည်း ဓားကျွမ်းကျင်မှု စွမ်းရည်ရှိသည်။မှန်မှန်သာလေ့ကျင့်လျှင် အင်ပါယာထဲမှာ ကျွမ်းကျင်သည့် ဓားသမား တစ်ယောက်ဖြစ်လာနိုင်သည်။ အီလီယန် က ရိုစီနာထက် သူနှင့် ပိုတူကြောင်းမှာ ငြင်းမရသည့်အချက်ဖြစ်၏။

"မင်းရဲ့ ပခုံးက ညာဘက်ကို စောင်းနေတယ်..."

ရာဟန် အသံကြောင့် အီလီယန် နှင့် အိုင်းဆက် တို့ ဓားကစားနေရာမှရပ်တန့်သွားသည်။သူက အံ့အားသင့်နေသော နှစ်ယောက်စလုံးကို ဂရုမစိုက်ဘဲ ရှေ့သို့ ဖြည်းညှင်းစွာလျှောက်လာသည်။

"ဒီကို ဘာလာလုပ်တာလဲ..."

"ငါက မင်းကို ဂရုမစိုက်ရဘူးလား...မင်းအဖေ လေကွာ..."

အီလီယန်က ပြတ်ပြတ်သားသား တစ်ချက်‌မေးပြီး သစ်သားဓားကို သူ့နောက်မှာ ဝှက်ထားလိုက်သည်။

ရာဟန် သူ့ကို ဘုကလန့် ပြန်ပြောလိုက်သော််လည်း စိတ်ထဲက ပြုံးမိသွားလေသည်။

"ကောင်းပြီ....သား မှန်မှန် လေ့ကျင့်ရင် တော်လာလိမ့်မယ်"

"ဒါဆို မေမေ့ကို ကာကွယ်ဖို့ လုံလောက်ပြီလား..."

အီလီယန် ၏ လေးနက်သော မျက်နှာကို မြင်သောအခါ သူ တစ်ဖန် ပြုံးလိုက်မိသည်။

“အင်း...ရပြီ"

ထို့နောက် အီလီယန်က သူ့သစ်သားဓားကို ဆွဲထုတ်လိုက်သည်။

"ဦးရဲ့ ဓားစွမ်းကိုကြည့်ရအောင်..."

ထို့နောက် သူက အီလီယန် လက်ကို ငုံ့ကြည့်နေရာမှ သစ်သားဓားကို လက်ခံယူလိုက်သည်။ ဓားက၊ကလေးများအတွက်ပြုလုပ်‌တာကြောင့်ထင်သည်၊သူ့လက်နှင့်ယှဥ်လျှင် အတော်သေးငယ်လှသည်။သူသည် လက်ထဲတွင် သစ်သားဓားကို ကိုင်ထားရင်း လက်ကောက်ဝတ်ကို ပေါ့ပေါ့ပါးပါး ဖြစ်အောင် ပြင်ဆင်လိုက်သည်။

အီလီယန် အထင်ကြီးသွားရလေသည်။ ခဏလေးအတွင်းမှာ သူ့သစ်သားဓားသည် တစ်ကယ့်ဓားနှင့် တူသွားလေသည်။ ထို့နောက် ရာဟန်က ကြွေကျလာသော သစ်ရွက်တစ်ရွက်ကို ဓားနှင့်ခုတ်ပိုင်းလိုက်ရာ သစ်သားဓားပင်ဖြစ်သော်ငြား သစ်ရွက်ကလေးသည် နှစ်ပိုင်းပြတ်ထွက်သွားလေသည်။

အီလီယန် သည် သစ်သားဓားကို တင်းကျပ်စွာ ကိုင်ထားပြီး မြေကြီးကို ငုံ့ကြည့်ကာ ခေါင်းကိုတစ်ဖန် ပြန်မော့လာလေသည်။

“ကျွန်တော်လည်း ဒီလိုဖြစ်လာမှာ သေချာပါတယ်...”

နီရဲနေသော မျက်လုံးများက သူ့ဘက်သို့ လှည့်လာသောအခါ ရိုစီနာ နှင့် တစ်ထေရာထဲ တူနေသဖြင့် ရာဟန် မှင်တက်မိသွားလသည်။ထို့နောက် သူက အဆောက်အဦးဆီသို့ ညွှန်ပြလိုက်သည်။

"မနက်​ဖြန်​​စော​စောထွက်​မှာမလို့ အခန်းထဲ ပြန်တော့နော်..."

ထို့နောက် အီလီယန် သည် စကားတစ်ခွန်းမှ မပြောဘဲ နောက်သို့လှည့်ထွက်သွားသည်။ သာမာန်အားဖြင့် သူသည် ငြင်းဆန်တတ်သော်လည်း အကြောင်းတစ်ခုခုကြောင့် ယခုတော့ နာခံနေကာ သူ့ဓားဆရာ အိုင်းဆက် အား ညင်သာစွာ ဦးညွှတ်ပြီး အဆောက်အဦးထဲသို့ ဝင်သွားခဲ့သည်။

ရာဟန်က သူ အဆောက်အဦးထဲကို ဝင်သွားသည်အထိ စောင့်ကြည့်နေပြီး ရေရွတ်လိုက်သည်။

"သား အဖေ့ကို အဖေလို့ မခေါ်သေးဘူးလားကွာ..."

"အရှင့်သားက ကြားချင်လို့လား..."

အိုင်းဆက် မေးခွန်းကြောင့် ရာဟန် မျက်မှောင်ကြုတ်ထားလေသည်။

"ဆိုပါတော့..."

ယခင်က သူ့အတွက်၊ အီလီယန် သည် ရိုစီနာ ကို အနားခေါ်ထားနိုင်ရန် ဓားစာခံဖြစ်သော်လည်း ယခုအချိန်တွင် သူ့ကလေးအဖြစ် အများက သတ်မှတ်ထားပြီဖြစ်သည်။ထို့ကြောင့် အီလီယန် ထံမှ 'အဖေ' ဟူသော စကားလုံးကို ဟန်ဆောင်၍မဟုတ်ဘဲ အနည်းဆုံး တစ်ကြိမ်ကြားချင်မိသည်။သို့သော် ယခုတော့ မဖြစ်နိုင်သေးပေ။

"မင်း သူ့ကို ဘယ်အချိန်ကတည်းက ဓားပညာကို သင်ပေးခဲ့တာလဲ..."

“သုံးပတ်တောင် မပြည့်သေးပါဘူး...အရှင့်သား... သူက အရမ်းကို သင်ယူတတ်တယ်..."

မျှော်လင့်ထားသည့်အတိုင်း အီလီယန် က သူနှင့် တစ်ထေရာတည်းတူနေသည်။ညချမ်းချိန်ခါမှာ အေးမြသော လေနုအေးလေးက တဖြူးဖြူး မှုတ်ထုတ်နေစဉ် အိုင်းဆက်က ပြောလိုက်သည်။

"အရှင့်သား… တော်တော် နူးညံ့ပျော့ပျောင်းလာပြီ..."

"ငါကလား..."

ပြီးခဲ့သည့် နှစ်တွေတစ်လျှောက် သူ့မှာခံစားချက်မရှိသလို ဖြစ်နေခဲ့သော်လည်း သူသည် ပြီးခဲ့သော လအနည်းငယ်အတွင်းမှာ အများကြီး ပြောင်းလဲခဲ့၏။ အထင်ရှားဆုံးသော ပြောင်းလဲမှုမှာ ထက်မြက်မာထန်နေသော သူ့စိတ်ထားတို့မှာ ဓားအရောင် မှိန်သွားသလိုမျိုး ဖြစ်သွားခြင်းပင်ဖြစ်သည်။ဘယ်လိုပင်ဖြစ်ဖြစ်၊ သူရဲကောင်းတွေအတွက်တော့ ကောင်းပေသည်။

"ငါ အခု အီလီယန် ကို မင်းဆီ အပ်မယ်နော်..."

"ကောင်းပါပြီ..."

"ဒါဆို ဘာပြောချင်သေးလဲ..."

မြို့တော်ကို ပြန်ရောက်သည်နှင့်၊ အလုပ်ရှုပ်နေတာကြောင့် အခုထိ သူ ဘာသတင်းမှ မကြားရသေးပေ။ထိုအခါ အိုင်းဆက်က သူအဝေးရောက်နေချိန်မှာ ဖြစ်ပျက်ခဲ့သမျှကို တစ်ခုပြီးတစ်ခု အသေးစိတ်ပြောပြလေသည်။

“မင်းသမီး.. နန်းတော်ထဲကနေ အပြင်ထွက်သွားတုန်းက…”

အိုင်းဆက် စကားအဆုံးတွင် မှုန်ဝါးသွားပြီး ရာဟန် မျက်လုံးများကို တိတ်တဆိတ်ကြည့်ကာ စကားဆက်လိုက်သည်။

"အဲ့ဒီမှာ အိမ်ရှေ့စံနဲ့တွေ့ပါတယ်..."

'အိမ်ရှေ့စံ' ဟူသော စကားကိုကြားသောအခါ ရာဟန် မျက်နှာအမူအရာမှာ သိသိသာသာ ယိုယွင်းလာသည်။

"အပြင်မှာလား..."

"ဟုတ်ပါတယ်....သူတို့ နှစ်ယောက် စကားပြောနေကြပေမယ့် ကျွန်တော်တို့ ဘာမှ မကြားရဘူး..."

အပြင်မှာ မတော်တဆ ဆုံကြတာ မဖြစ်နိုင်ပေ။အိမ်ရှေ့စံသည် ရိုစီနာ အကြောင်းကို အမြဲစိတ်ဝင်စားနေသူ ဖြစ်ပြီး ရည်ရွယ်ချက်တစ်ခုဖြင့် သူမ နောက်ကို လိုက်လာခြင်း ဖြစ်နိုင်သည်။ ရာဟန် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။ သူ့ကို ယခုလိုလာပြီး ရန်စပါက ငြိမ်ခံနေဖို့ ရည်ရွယ်ချက်မရှိပေ။ထို့နောက် သူက ဒေါသကို မျိုသိပ်ထားပြီး ဆက်မေးလိုက်သည်။

"ဒါဆို ဒီကောင်တွေကရော ဘယ်လိုလဲ..."

ကြေးစားစစ်သည်တွေအကြောင်း မေးနေမှန်းကို အိုင်းဆက် မြန်မြန်သဘောပေါက်လိုက်သည်။ ရိုစီနာ စောစောက လက်ဆေးရန် သွားစဉ်တွင် သူနှင့် ရဲဘော်များကြား ရန်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်။ရာဟန်က
သူတို့ကို အရင်ဦးအောင် လက်သီးနှင့် အရင်ဝင်ထိုးခြင်း ဖြစ်သည်။ထို့နောက် စစ်သည်များကို မေ့သွားသည်အထိ ရိုက်နှက်ပြီး အိုင်းဆက်နှင့် ကာလန်ထံ အပ်ထားကာ ဆိုင်ထဲ ပြန်ဝင်သွားခဲ့သည်။

"ကာလန်က သူတို့ကို တိရစ္ဆာန်တွေရဲ့ စွန့်ပစ္စည်းတွေ တင်လာတဲ့ လှည်းပေါ်တင်လိုက်တယ်…မနက်ဖြန်မနက်ဆို တခြားမြို့က ဓာတ်မြေသြဇာ အမှိုက်ပုံမှာ စွန့်ပစ်သွားမယ်လို့ စဉ်းစားထားပါတယ်”

"ကောင်းတယ်..."

ရာဟန် က ဗီလိန်တစ်ယောက်လို ရက်စက်စွာ ပြုံးလိုက်သည်ကို ကြည့်နေသော အိုင်းဆက်သည် တွေးတောနေမိ၏။ သူ၏ နူးညံ့သိမ်မွေ့သည့် အမူအရာက ရိုစီနာ နှင့် အီလီယန် အတွက်သာ ဖြစ်နိုင်သည်။

***

ရိုစီနာ သည် မနက်စောစောထပြီး တည်းခိုခန်း ဝန်ထမ်း ပြင်ဆင်ထားသည့် ရေနွေးလေးနှင့် ရေချိုးလိုက်သည်။ ထို့နောက် သက်တောင့်သက်သာရှိသော အဝတ်အစားများ လဲကာ ဆံပင်ကိုသေချာဖြီးလိုက်၏။သူမ ပြင်ဆင်ပြီးသည်နှင့် တံခါးဖွင့်လိုက်တော့ ရာဟန် နှင့် အီလီယန် တို့မှာစင်္ကြံတွင် အသင့်စောင့်နေကြပြီ ဖြစ်သည်။

"ကောင်းကောင်း အိပ်ပျော်ရဲ့လား..."

ရိုစီနာ စကားကို သူတို့နှစ်ယောက်က ခေါင်းညိတ် သဘောတူလိုက်ကြသည်။ အကြောင်းတစ်ခုခုကြောင့် သူတို့မျက်နှာမှာ အနည်းငယ် ပင်ပန်းနေပုံရသည်။ကြည့်ရသည်မှာ သူတို့နှစ်ယောက် မနေ့ညက အတူအိပ်ပြီး အမှတ်တရတွေ အများကြီး ပိုင်ဆိုင်ထားပုံရသည်။ထို့နောက် သုံးယောက်သား ဘေးချင်းကပ်လာ၍ လှေကားမှဆင်းကာ နံနက်စာ စားကြသည်။ အိုင်းဆက် နှင့် ကာလန် တို့လည်း အတူတူ စားနေကြခြင်းဖြစ်သည်။

သူတို့ မနက်စာစားပြီးသည်နှင့်၊ ပြန်ထုပ်ပိုးကြပြီး ရထားပေါ်တက်ကြသည်။ ရထားတွဲပေါ်မှာ ခရီးသွားရင်း နေရောင်အောက်မှာ အိပ်၍ နေ့လည်စာစားချိန်လောက်မှာ ရထားပေါ်တွင်သာ အသားညှပ်ပေါင်မုန့်စားကြသည်။ ထိုကဲ့သို့ နေ့တစ်ဝက် ခန့် သွားလာပြီးနောက် နောက်ဆုံးတွင် ရိုစီနာ စောင့်ဆိုင်းနေသော ပင်လယ်သို့ ရောက်ရှိလာခဲ့သည်။

"ဟယ်…"

ပြတင်းပေါက်အပြင်ဘက်တွင် အပြာရောင်ပင်လယ်ပြင်သည် အထည်လိပ်တစ်ခုလို အဆုံးမရှိ ခင်းကျင်းထားသည်။ လှိုင်းလုံးငယ်များက တစ်ခုပြီးတစ်ခု ပြိုကျလာပြီး ပန်းပွင့်လေးများကဲ့သို့ အဖြူရောင်အမြှုပ်များ ဖန်တီးပေးလေသည်။

ရိုစီနာ သည် ပြတင်းပေါက်မှ မျက်လုံးကို မခွာနိုင်ဘဲ ဖြတ်သွားသော ရှုခင်းများကို ကြည့်ရင်း အလုပ်များနေရသည်။ ရထားတွဲ ရုတ်တရက် ရပ်သွားပြီးနောက် သူမသည် အီလီယန် လက်ကိုဆွဲကာ ရထားပေါ်မှ ဆင်းလာခဲ့သည်။ သူမ ထွက်လာသည်နှင့် ပင်လယ်၏ ရနံ့သည် သူမ၏ နှာသီးဖျားဆီသို့ လွင့်ပျံသွားနေရပြီး သူမလည်း ကမ်းစပ်ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။

အာစတေးနီးယား ၏ပင်လယ်များနှင့် အင်ပါယာရှိ ပင်လယ်တို့သည် အတော်ကွဲပြားပေသည်။ အာစတေးနီးယား ပင်လယ်သည် နီလာကဲ့သို့ နက်ပြာရောင်ဖြစ်နေပြီး အင်ပါယာပင်လယ်သည် စိမ်းမြမြ အရောင်ရှိသည်။ ထို့အပြင် ကုန်းမြေနှင့် ပင်လယ်ကို ဆက်သွယ်ထားသော သဲအရောင်မှာလည်း ကွဲပြားသည်။ အာစတေးနီးယား သည် ရွှေရောင်နီးပါးပေါက်နေသော သဲမြေဖြစ်ပြီး အင်ပါယာက သဲမြေသည် အဖြူရောင်ဖြစ်သည်။ ပင်လယ်ချင်းတူသော်လည်း အလွန်ကွဲပြားသည်မှာ အံ့ဩစရာပင်။

ရိုစီနာ ဖိနပ်ကို ချွတ်ကာ သဲသောင်ပြင်ပေါ်တွင် ခြေဗလာဖြင့် လျှောက်လာရာ သူမ ခြေဖဝါးမှာ ကတ္တီပါအထည်တစ်စ ပတ်ထားသလို နူးညံ့ပျော့ပျောင်းနေတော့သည်။

"အင်ပါယာက ပင်လယ်ကို မြင်တာ ဒါ မင်းအတွက် ပထမဆုံးပဲလား..."

သူမ တိတ်တိတ်လေး ခေါင်းညိတ်လိုက်သည်။ အာစတေးနီးယား မှ အင်ပါယာသို့ ဖြတ်လာသောအခါက ပင်လယ်ကို မြင်တွေ့ခဲ့ရသော်လည်း ယခုလို မမြင်ခဲ့ရပေ။ အင်ပါယာ၏ ပင်လယ်က အလွန် လှမှန်း အစကတည်းက သိခဲ့လျှင် အနည်းဆုံး တစ်ကြိမ်တော့ လာရောက်လည်ပတ်မည် ဖြစ်သည်။

ထို့နောက် သူမသည် အီလီယန် လက်ကိုဆွဲကာ သဲသောင်ပြင်တစ်လျှောက် လမ်းလျှောက်သွားရာ ရာဟန် ကလည်း သူမတို့ နောက်ကို လိုက်လာလေ၏။ သဲသောင်ပြင်တစ်လျှောက် လမ်းလျှောက်ရင်း လှိုင်းလုံးများသည် တစ်ခါတစ်ရံ ခြေကျင်းဝတ်များကို ရိုက်ခတ်လာကြသည်။ နွေရာသီဖြစ်သောကြောင့် နေက အလွန်ပူပြင်းသဖြင့် ရေမျက်နှာပြင်ပေါ်ရှိ အလင်းရောင်က ရောင်ပြန်ဟပ်နေ၍ အရာ အားလုံးကို ခမ်းနားလှပစေသည်။

သူမ ခဏရပ်ပြီး ပင်လယ်ကို စိုက်ကြည့်နေမိသည်။ မိုးကုပ်စက်ဝိုင်းတစ်လျှောက်က ကောင်းကင်ယံကို ဆေးခြယ်ထားသလိုမျိုး ပင်လယ်ပြင်က မှုန်ဝါးဝါးနှင့် တောက်ပလျက်ရှိသည်။ သေချာသည်ကတော့ သူမ ဘဝမှာ ပထမဆုံး မြင်ဖူးတာ ဖြစ်သည်။

သို့သော်လည်း၊ ထူးဆန်းသည်က ပထမဆုံးအကြိမ်ဟု သူမ မထင်ခဲ့ပေ။ မေ့နေသော မှတ်ဉာဏ်အပိုင်းအစကို ယခု ထုတ်ယူလိုက်သလိုပင်။ သူမသည် လှိုင်းလုံးကြီးများကို အဝေးမှ ကြည့်နေသည်။ ယခု သူမ ခံစားနေရ‌သော deja Vu ခံစားချက်ကို သူမ ကောင်းကောင်းကြီး သိနေသည်။ ယခု ခံစားချက်မှာ တော်ဝင်နန်းတော်ရှိ ရေကန်သို့ သူမ အီလီယန်နှင့် သွားခဲ့စဉ်က ခံစားချက်ကြီးမျိုးပင်။

သူမအရင်က မရောက်ဖူးတာသေချာရဲ့သားနဲ့ ဘာလို့ရင်ထဲက လွမ်းဆွတ်နေရတာလဲ....