အပိုင်း ၅၃
Viewers 13k

Chapter 53

"ရိုစီနာ..."

ရာဟန်က ခေါ်လိုက်ခါမှ သူမ သတိပြန်ဝင်လာရပြီး အံ့သြသွားဟန်ဖြင့်မေးလိုက်သည်။

"ရှင်ကရော ဘယ်လိုထင်လဲ..."

"အို… သူ့ရဲ့အလှတရားက သိပ်ကို အံ့ဩစရာပါပဲ..."

"…ဟုတ်တယ်နော်"

ယခုအချိန်သည် ပင်လယ်အားလပ်ခရီး ရာသီဖြစ်သော်လည်း လူအနည်းငယ်သာ မြင်တွေ့နေရတာကြောင့် သူမ မေးလိုက်မိသည်။

"လူသိပ်မရှိဘူးနော်..."

"ဟုတ်တယ်…ဒီနေရာက လူတွေသွားကြတဲ့ ကမ်းရိုးတန်းနဲ့ နည်းနည်းဝေးတယ်..."

"မေမေ…သားခြေထောက်ကို စိမ်ချင်တယ်..."

သူမ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ရင်း အီလီယန် က ပြောလိုက်သည်။ ထိုအခါ သူမလည်း ပင်လယ်အနားကို လျှောက်သွားလိုက်လေသည်။ ပင်လယ်ရေသည် သူမ ဒူးဆစ်နားအထိ ရောက်လာသဖြင့် ဂါဝန်ကို အသာမတင်လိုက်သည်။ ပင်လယ်ရေအေးက သူ့ခြေထောက်ကိုထိလိုက်သည်နှင့် အီလီယန် မှာ သဘောကျပြီး ပြုံးနေတော့သည်။အမေဖြစ်သူနှင့် ရေထဲမှာ ဆော့ကစားရသည်ကိုလည်း ပျော်စရာကောင်းနေဟန်တူသည်။

ရာဟန် သည် အီလီယန် နှင့် ရိုစီနာ တို့ ရေထဲတွင် ကစားနေသည်ကို အသာရပ်ကြည့်နေလေသည်။သူ့အတွက် ဤမြင်ကွင်းက အကြည့်မဖယ်နိုင်လောက်အောင် ဖမ်းစားထား၏။ထိုစဉ် ခြေထောက်နှင့် ရေကို လှုပ်ခတ်ပြီး ကစားနေသည့် ရိုစီနာ က ရေထဲကတက်လာပြီး သဲပေါ်မှာ ခြေချရင်း မေးလိုက်သည်။

"ရှင်ရော ပင်လယ်ကို ခဏခဏ ရောက်လား..."

"ဟင့်အင်း…ကိုယ် အခုမှ ရောက်ဖူးတာပဲ..."

ထို့နောက် သူက ဖြည်းဖြည်းချင်း ဒူးထောက်ထိုင်ချလိုက်ပြီး အိတ်ထဲမှ ပုဝါကိုယူကာ သူမ၏ ခြေဖဝါးများကို သုတ်ပေးလိုက်သည်။ ပျော့ပျောင်းနူးညံ့သောပုဝါက သူမ ခြေထောက်ကို ထိလိုက်သည်နှင့် သူမ မျက်နှာမှာလည်း နီရဲလာသည်။

“ကျွန်မဘာသာ သုတ်ပါ့မယ်..."

" ချော်လဲမှာပေါ့...ခြေထောက် တစ်ဖက်တည်း ထောက်ထားရင်..."

ရာဟန်က အေးအေးဆေးဆေး ဖြေလိုက်ပြီး သူမ ဖိနပ်ကို ပြန်စီးပေးလိုက်သည်။ထို့နောက် တစ်ဖန် အီလီယန် ခြေဖဝါးများကို သေချာ သုတ်ပေးလိုက်ပြန်သည်။

"ပင်လယ်ကိုရောက်လာရင် ကိုယ့်နာမည်ကိုယ်ကို ရေးထားသင့်တယ်လို့ အိုင်းဆက် က ပြောတယ်..."

"တစ်ကယ်လား.... ကျွန်မ တစ်ခါမှ မကြားဖူးဘူး"

ထို့နောက် သူက ရိုစီနာ ဆိုသည့်အမည်ကို သဲထဲတွင် လက်နှင့်ရေးခြစ်၍ ရေးထွင်းလိုက်လေသည်။ ပြီးလျှင်၊ သူ့နာမည်ကို ရေးပြီး နောက်ဆုံးမှာ အီလီယန် နာမည်ကို ရေးထိုးလိုက်၏။ဖြူလွသော သဲသောင်ယံအလယ်မှာ နာမည်သုံးမျိုး ရေးထွင်းထားသည့်အတွက် သူမ အကြည့်တောင်မခွာနိုင်တော့ပေ။ ဘေးချင်းကပ် လျက် ရေးထွင်းထားသော လူသုံးဦး၏ အမည်များသည် မိသားစုဟု ဆိုင်နိုင်ရလောက်အောင် အနွေးဓာတ်ကလေးများ ဖြာထွက်နေသည်။ ပင်လယ်ပြင်မှ နွေးထွေးသော လေနုသည် သူမနှလုံးသားထဲသို့ စိမ့်ဝင်သွားသည်။ဤသို့ဖြင့်၊သူမသည် လှိုင်းတွေဝင်လာပြီး ဖတ်မရတော့သည်အထိ ထိုနာမည်တွေကို အကြာကြီး စိုက်ကြည့်နေတော့သည်။


***

နေဝင်သွားပြီး ကောင်းကင်က နီမြန်းလာသောအခါ သုံးယောက်သား ပင်လယ်ပြင်မှ တက်လာကြသည်။ ယခုလိုမျိုး ပျော်ပွဲစားထွက်လာရသည်မှာ ပျော်စရာကောင်းသဖြင့် ယနေ့ ဤနေရာမှာ အိပ်ပြီး မနက်ဖြန် မနက်စောစောမှ ပြန်လာရန် ဆုံးဖြတ်လိုက်ကြသည်။ရထားတွဲဖြင့် ရွာထဲသို့ ဝင်လိုက်သည်နှင့် လူရှုပ်သော လမ်းမများကို တွေ့ရသည်။ ရွာကလေးသည် တိတ်ဆိတ်သော ပင်လယ်ဒေသ ဖြစ်တာကြောင့် သေးငယ်မည်ဟု သူမ ထင်ထားသော်လည်း မထင်မှတ်ဘဲ ရွာက ကြီးမားနေလေသည်။ စတိုးဆိုင်တိုင်းတွင် စွဲမက်ဖွယ်ကောင်းသော ဆိုင်းဘုတ်တစ်ခုစီရှိပြီး အိမ်တစ်အိမ်စီတွင် ငါးရောင်ခြယ် ရောင်စုံမီးခွက်တစ်ခုစီရှိသည်။

ရိုစီနာ သည် လမ်းမများပေါ်တွင် ရောင်စုံမီးများ ခြယ်လှယ်နေသဖြင့် ရထားတွဲ ပြတင်းပေါက်မှ မျက်လုံးများ မခွာနိုင်ဖြစ်နေရသည်။နေ့ခင်းဘက် ပင်လယ်ပြင်က သာယာပြီး ညဘက်မှာ ရွာက သာယာချမ်းမြေ့နေသည်။ညကြီးမင်းကြီး လမ်းတိုင်းလိုလိုမှာ လူတွေ အများကြီး လျှောက်သွားနေသည်ကို သူမ တွေ့လိုက်ရသဖြင့် ရေရွတ်လိုက်မိသည်။

"လူတွေအများကြီးရှိနေပါလား..."

“အင်း…ပွဲရှိတယ်လို့ ကြားတယ်"

သူမ လည်း အီလီယန် ကို ငုံ့ကြည့်ရင်း သူကြည့်ချင်မလားဟု တွေးမိသည်။သို့သော်လည်း အီလီယန်သည် နေ့ခင်းဘက်မှာ အပြင်းအထန် ရေကစားထားတာကြောင့် ပင်ပန်းနေပုံရသည်။သူမလည်း စိတ်ပျက်သွားကာ သူ့ပါးကို ထိလိုက်သည်။

"မေမေတို့ တည်းခိုခန်းကိုပဲ သွားမယ်နော်..."

ရာဟန်ကလည်း မနေနိုင်တော့ဘဲ ရထားမောင်းသမားအား တည်းခိုခန်းသို့ သွားရန် ပြောခဲ့သည်။ထိုအခါ ရထားတွဲသည် လမ်းမကြီးတစ်လျှောက် တည်းခိုခန်းများစွာ စုဝေးရာနေရာကို ဒုန်းစိုင်းသွားတော့သည်။ မှူးမတ်များသည် မကြာခဏ အားလပ်ရက်၌ ဤဒေသသို့ လာလေ့ရှိတာကြောင့် ဇိမ်ခံ တည်းခိုခန်း အနည်းငယ် ရှိ‌ပေသည်။

ရာဟန် သည် ရထားကို အသင့်တော်ဆုံး တည်းခိုခန်းတွင် ရပ်ခိုင်းလိုက်ပြီး အီလီယန် ကို ပွေ့ခေါ်လာသည်။ အီလီယန် သည် အလွန်အမင်း အိပ်မောကျနေသဖြင့် နိုးတောင်နိုးမလာပေ။ထို့နောက် သူက အပေါ်ထပ်ရှိ အခန်းအားလုံးကို မနေ့ကလိုပင် ယူပစ်လိုက်သဖြင့် ဘေးမှာ ရပ်နေသည့် ရိုစီနာ က သူ့ကို အံ့သြတကြီး ကြည့်ပြီး တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

"အစောင့်အကြပ်လုပ်ရမယ့် သူရဲကောင်းတွေ အနားယူဖို့ နေရာလိုတယ်လေ....အခုလိုဆိုတော့ သိပ်လည်း အန္တရာယ် မများတော့ဘူး..."

နှမြောစရာ ကောင်းသော်လည်း သူမ လက်ခံရမည်ဖြစ်သည်။သူသည် မင်းသားနန်းတော်တွင် တိတ်တိတ်ဆိတ်ဆိတ် နေထိုင်ခဲ့သော်လည်း တော်ဝင်မိသားစုဝင်အဖြစ် ရှိနေဆဲဖြစ်သည်။ လူတစ်ချို့ကလည်း သူ့ကို မှတ်မိသွားနိုင်တာကြောင့် ကြိုတင်ပြင်ဆင်ထားခြင်းက မမှားပေ။

ထို့ကြောင့်၊ရာဟန် သည် အပေါ်ဆုံးထပ်သို့တက်ကာ အခန်းတစ်ခု၏ တံခါးကိုဖွင့်လိုက်သည်။ ထို့နောက် အိပ်ပျော်နေသော အီလီယန် ကို ကုတင်ပေါ် လှဲသိပ်လိုက်သည်။ထို့နောက် စောင်ကို အီလီယန် ၏ ရင်ဘတ်အထိ ဆွဲခြုံပေး၍ ရိုစီနာ အားပြောလိုက်သည်။

"ခဏလောက် အပြင် ထွက်ချင်လား..."

"ဘာလို့လဲ..."

“ဒီပွဲတော်က အရမ်းမိုက်တယ်…ပြီးတော့ အကြာကြီးနေမှ တစ်ခါ လုပ်တာမို့ သွားကြည့်တာ ကောင်းမယ်ထင်တယ်...”

သူမကိုယ်တိုင်ကလည်း စောစောက ရထားစီးရင်း ပွဲတော်ကို သွားချင်ခဲ့သဖြင့် ယခု အတော်သွားချင်စိတ် ဖြစ်လာမိသည်။

“ဒါပေမယ့် အီလီယန်…”

သူမက အိပ်နေသော အီလီယန် ကို ငုံ့ကြည့်ကာ တစ်ဝက်တစ်ပျက်နှင့် စကားရပ်ထားလိုက်၏။ ထို့နောက် ရာဟန် သည် ချက်ချင်းပင် စင်္ကြံဘက်ကို သွားလိုက်လေသည်။

“အိုင်းဆက်...”

ထိုအခါ စင်္ကြံတွင်ရပ်နေသော အိုင်းဆက် ပေါ်လာသည်။

"ကျေးဇူးပြုပြီး အီလီယန် ကို ဂရုစိုက်ပါနော်..."

"ဟုတ်ကဲ့ အရှင်..."

ထို့နောက် သူက အရာအားလုံး ပြေလည်သွားပြီဆို သဘောနှင့် သူမအား ကြည့်လိုက်သည်။သူမ ခဏတုံ့ဆိုင်းသွားရသည်။ ဤခရီးစဉ်သည် အီလီယန် အတွက်ဖြစ်ကြောင်း သူမက ယူဆထား၍ အီလီယန် မပါဘဲ သွားကြည့်ပါက ခရီး၏ အဓိပ္ပါယ်ပျောက်ကွယ်သွားမည်ဖြစ်သည်။ထို့အပြင် သူမကိုယ်တိုင်လည်း ရာဟန် နှင့် တတ်နိုင်သမျှ ဝေးဝေးမှာနေသင့်သည်ဟု ယူဆမိလေသည်။သို့သော်လည်း သူမသည် ပွဲမလည်ရတာ ကြာပြီဖြစ်၍ သွားလည်ချင်မိပြန်သည်။သူမ ခဏစဉ်းစားပြီးနောက် နောက်ဆုံး ရာဟန် နောက်ကို လိုက်လာခဲ့သည်။တစ်ညတည်းလည်ပတ်ရုံနှင့် ဘာမှတော့ ဖြစ်မသွားနိုင်ပေ။

"မင်း ရထားစီးချင်လား..."

"ဟင့်အင်း.... နီးနီးလေးဆိုတော့ လမ်းလျှောက်သွားမယ်လေ..."

မြို့လယ်ခေါင်ရှိ လမ်းသည် စောစောက မြင်သည့်အတိုင်းဆိုလျှင် အတော် ကျဉ်းနေသဖြင့် ရထားစီးရတာ အဆင်မပြေ ဖြစ်နိုင်သည်။ထို့အပြင် ကမ်းခြေက လေနုအေးထဲမှာ အေးအေးဆေးဆေး လျှောက်သွားချင်စိတ်လည်း ဖြစ်မိလေသည်။

ဤသို့ဖြင့်၊ရိုစီနာ နှင့် ရာဟန် သည် စကားတစ်ခွန်းမှ မပြောဘဲ လမ်းလျှောက်လာခဲ့သည်။ယခုနေရာသည် တည်းခိုခန်းများ စုဝေးရာနေရာ ဖြစ်သောကြောင့် တိတ်ဆိတ် ငြိမ်သက်သော်လည်း လမ်းပေါ်တွင်ချိတ်ထားသည့် မီးပုံးလေးက လှပတာကြောင့် သူမ မီးပုံးကလေးများကို ကြည့်ရင်း အလုပ်များနေတော့သည်။

"အလုပ်များနေပေမယ့် ကျွန်မကို ဒီကို ခေါ်လာပေးလို့ အရမ်းကျေးဇူးတင်တယ်..."

"မဟုတ်ပါဘူး....ကိုယ်လည်းပျော်ခဲ့တာပဲဟာ..."

သူမတို့နှစ်ယောက်လုံး အလုပ်တွေကြားထဲက အလုပ်ကို စွန့်ခွါပြီး အခုလို ခရီးထွက်ခဲ့ကြသည်မှာ ပထမဆုံးအကြိမ်ပင်ဖြစ်သည်။ တစ်ခဏချင်းပင်၊မီးရောင်တွေက ပိုတောက်ပလာပြီး လမ်းပေါ်မှာလည်း လူတွေနှင့် ပြည့်ကျပ်လာသည်။ သူမ ထိုမြင်ကွင်းကို ကြည့်ပြီး သဘောကျသွားသည်။ ပွဲတော်ကျင်းပရာ လမ်းပေါ်မှာ ကြည့်စရာ၊ရှုစရာတွေ အများကြီး ရှိပြီး အားလုံးကလည်း အံ့သြစရာ ကောင်းပေသည်။

သူမသည် ကလေးလေးတစ်ယောက် ပြန်ဖြစ်သွားရသလို ခံစားရသည်။ အီလီယန် ကို ကိုယ်ဝန်ဆောင်ထားပြီးနောက် သူမသည် မိခင်တစ်ယောက်အနေနှင့် နေထိုင်ဖို့ ဘဝ၏ လွတ်လပ်ခွင့်တွေ အများကြီးကို စွန့်လွှတ်ပစ်ခဲ့သည်။ သို့သော်လည်း ယနေ့တော့ ကလေးတစ်ယောက် ပြန်ဖြစ်ခွင့်ရသဖြင့် စိတ်ချမ်းသာသွားပြီဖြစ်သည်။

“……”

ရာဟန် သည် ရိုစီနာ ၏ စိတ်လှုပ်ရှားနေသော မျက်နှာကို စိုက်ကြည့်နေသည်။ တလက်လက် တောက်ပနေသော သူမ မျက်လုံးများသည် နေ့ခင်းဘက် တွင် သူကိုယ်တိုင် မြင်ခဲ့ရသော ပင်လယ်ကဲ့သို့ပင်။ သူမ သဘောကျနေသည်ကိုကြည့်ရင်း သူလည်း ပျော်ရွင်လာရသဖြင့် ဘေးဘီကို ငေးကြည့်နေမိလေသည်။ ထိုစဉ် စိတ်လှုပ်ရှားနေသော သူမက ရှေ့ကို လျှောက်သွားတာကြောင့် လက်ကောက်ဝတ်ကို ဖမ်းကိုင်ထားလိုက်ရသည်။သူမလည်း အံ့သြသွားပြီး သူ့ကို ကြည့်နေသည်။

"... မင်း လမ်းပျောက်သွားမှာစိုးလို့ပါ"

ရိုစီနာက သူကိုင်ထားသည့် လက်ကောက်ဝတ်မှာ ပူလောင်သွားသလို ဖြစ်လာတာကြောင့် ငုံ့ကြည့်လိုက်သည်။ရုတ်တရက် လက်ကောက်ဝတ်မှ သွေးခုန်နှုန်းများသည် ရွေ့လျားလာပြီး သူမ ရင်ဘတ်ဆီ ပြေးလာသလို ခံစားလိုက်ရသည်။ လက်ကောက်ဝတ်ကို ဖမ်းထားသဖြင့် သူမ လွတ်လပ်စွာ လမ်းမလျှောက်နိုင်တော့ပေ။ထို့ကြောင့် နောက်ဆုံးတွင် သူ့ကို အဖြေပေးရန်ဆုံးဖြတ်ချက်တစ်ခု ချလိုက်ရတော့သည်။

“အင်း...ကျွန်မလက်ကို သေချာကိုင်ထား...”

ရာဟန် အံ့ဩသွားပြီး သူမကိုကြည့်လိုက်သည်။ ကြီးမားသောတောင်းဆိုမှု တစ်ခုကို ကြားလိုက်ရသလိုပင် သူ့မျက်နှာမှာ ဖော်မပြနိုင်သော ခံစားချက်တို့ဖြင့် ပြည့်နှက်နေသည်။ သူလည်း တစ်ချက် တုံ့ဆိုင်းနေပြီးမှ သူမ လက်ကို ဂရုတစိုက် ကိုင်လိုက်သည်။ထို့နောက် သူတို့ လက်ချောင်းတွေက တင်းတင်းကြပ်ကြပ် ချည်နှောင်ထားသလို ထွေးဆုပ်ထားလိုက်ကြ၏။ ထို့နောက် ဘာကြောင့်မှန်းမသိ၊ သူ့လက်တွေ ယားယံလာရသည်။

ရိုစီနာ နှင့် ရာဟန် တို့သည် လက်ကိုင်ထားကြရင်း ပွဲတော်ကို သဲကြီးမဲကြီး ကြည့်ရှုခဲ့ကြသည်။ လူများလွန်းသောကြောင့် အပန်းဖြေခရီးထွက်လာသည့် ခံစားချက်မျိုး မဖြစ်လာသော်လည်း ပွဲတော်အငွေ့အသက်ကြောင့် ပို၍ပျော်စရာကောင်းလာသည်။ မင်းမျိုးမင်းနွယ် အသိုင်းအဝိုင်းကြားထဲတွင် ကြီးပြင်းလာသည့် ရိုစီနာ မှာ သာမန်လူတွေလို ညဥ့်နက်သန်းခေါင်ကြီးတွင် ဘယ်ပွဲမှ မလည်ခဲ့ရ‌ပေ။

သူမ အဖေ ဆုံးပြီးကတည်းက ထိုကန့်သတ်ချက်တွေကို နည်းနည်း လျှော့ထားသော်လည်း ထိုစဉ်ကလည်း ငွေရှာရ၍ အလုပ်ရှုပ်နေသဖြင့် ထွက်မလည်ခဲ့ရပေ။ယခု သူမသည် ပွဲဈေးမလည်ဖူး၍ ဘယ်ပစ္စည်းကို အရင်ဆုံး ကြည့်ရ၊ဝယ်ရမည်ကို မသိ‌ပေ။ဈေးသည် အများအပြားသည် ပစ္စည်းများကို ခုံများတွင် ချထားကာ တန်းစီနေကြသည်။ဆိုင်မျိုးစုံမှ အသံဗလံများကို နားထောင်ရင်း သူမ ရှေ့ဆက်သွားလိုက်သည်။

သူမ မမြင်ဖူးသော အရာများကို စျေးဆိုင်များတွင် ထားရှိသောကြောင့် ကြည့်ရသည်မှာ ပျော်စရာကောင်းလှသည်။ ပွဲတော်ကို လာရောင်းသည့် ကုန်သည်တွေက အထူးသဖြင့် အဆင်တန်ဆာပစ္စည်းများကိုသာ အဓိကထား ရောင်းကြသည်။သူတို့၏ အဓိက ဖောက်သည်များမှာ သာမန်လူများ ဖြစ်သောကြောင့် ကျောက်မျက်ရတနာ သို့မဟုတ် ဖန်ဖြင့် ပြုလုပ်ထားသည့် အကြမ်းထည်၊တန်ဖိုးနည်း အဆင်တန်ဆာများသာ ခင်းကျင်းထားသည်။သူမသည် လက်ဝတ်ရတနာတွေကို သိပ်စိတ်မဝင်စားသည့်အတွက် လှည့်ပတ်ကြည့်ရုံနှင့် ကျေနပ်နေသည်။

"ဒါဟာ အာစတေးနီးယား က နည်းပညာကိုသင်ယူပြီး လုပ်ထားတဲ့ လက်ကောက်တစ်လက်ဖြစ်ပါတယ် ခင်ဗျာ… ကျွန်တော် ကိုယ်တိုင်လုပ်ခဲ့တာပါခင်ဗျာ..."

သူမသည် ထိုစကားကို ကြားလိုက်သည်နှင့် ချက်ချင်း ရပ်လိုက်ပြီး ထိုဈေးဆိုင်နားကို ချဉ်းကပ်သွားသည်။

“အိုး....ကြိုဆိုပါတယ်ခင်ဗျာ...”

ဈေးသည်က နှုတ်ခွန်းဆက်စကားဆိုနေစဉ် သူမသည် လက်ပတ်များကို တစ်ရံပြီးတစ်ရံ ကြည့်လိုက်သည်။ ဤလက်ပတ်များပြုလုပ်သည့် နည်းစနစ်ကို အာစတေးနီးယား တိုင်းပြည်ထံမှသင်ယူခဲ့သည်မှာ အမှန်ပင်။သူမလည်း ဤလက်ပတ်မျိုးကို အာစတေးနီးယား တွင် မကြာခဏမြင်ဖူးပေသည်။

"တစ်ခုလိုချင်လား..."

သူမ အကြာကြီး ကြည့်နေသဖြင့် ရာဟန်က မေးလိုက်သည်။ အချိန်အတော်ကြာပြီးမှ အာစတေးနီးယား၏ အ ငွေ့အသက်တစ်ခုကို မြင်ရသည့်အတွက် ဝမ်းသာမိသည်။သို့သော်လည်း ပွဲဈေးလည်ရုံသာ ဖြစ်တာကြောင့် ပိုက်ဆံအများကြီးမယူခဲ့ပေ။ငွေကို ခြွေတာနေရသည့် သူမအတွက် ကံဆိုးခြင်းပင်။

"ညီမတို့ နှစ်ယောက် အတူတူ တွဲဝတ်ရင် အရမ်းလှမှာပဲ....ညီမတို့က စုံတွဲမဟုတ်လား..."

ရာဟန်က ဈေးသည်၏ စကားကြောင့် သူမကို သွား‌အားပေး အားမြှောက်ပြုလိုက်သည်။

"အီလီယန် အတွက်ရော တစ်ခုဝယ်လိုက်ပါလား..."

"ဟုတ်ကဲ့.... အခုဝယ်မယ်ဆိုရင် အစ်ကိုတို့ရဲ့ နာမည်ကို ကျွန်တော်က ရေးထွင်းပေးပါ့မယ်..."

“အိုး…”

"ကိုယ်တို့ ဒီကိုရောက်လာပြီမို့ အမှတ်တရ ပစ္စည်း အဖြစ်ပဲ တွေးလိုက်ပါလား..."

"…ဘယ်လောက်လဲဟင်"

သူမ ဈေးသည်ကို မေးလိုက်သည်။

"တစ်ယူနစ်မှ 3 fleur ပဲကျပါတယ်ခင်ဗျာ..."

(Fleur/ငွေကြေးအခေါ်အဝေါ်တစ်မျိုး)

သူမ မျှော်လင့်ထားသည်ထက် စျေးပိုကြီးနေသည့်အတွက် အံ့အားသင့်သွားသည်။ မင်းသားလေး၏ ဇနီးဖြစ်နေတာတောင်မှ ငွေကို ချွေတာနေရသည့် သူမအတွက် ထိုပမာဏမှာ အတော့်ကို များပြားလှပေသည်။

"ကျွန်မကို သုံးခုပေးပါ..."

သူမ ဆုံးဖြတ်ချက်မချမီကတည်းက ရာဟန် သည် ငွေကိုထုတ်ယူပြီးဖြစ်နေသည်။ သူ့အိတ်ထဲက ထွက်လာသော ကြီးမားတောက်ပြောင်သည့် ရွှေဒင်္ဂါးပြားကြောင့် ဈေးသည်ကြီး၏ မျက်လုံးများ ပြူးကျယ်သွားရသည်။ထို့နောက် သူက ပြန်အမ်းရန်မလို ဆိုသည့်သဘောနှင့် ခေါင်းယမ်းပြလိုက်ရာ ဈေးသည်ကြီးမှာ ပါးစပ်အဟောင်းသား ဖြစ်နေရတော့သည်။

"ဟုတ်…ကျွန်တော် အခုချက်​ချင်းလုပ်ပေးပါမယ်..."

သူမ ရာဟန် ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

"ငွေအတွက် စိတ်ပူစရာ မလိုပါဘူး..."

ရာဟန်၏ အေးအေးဆေးဆေးနိုင်လှသော လေသံကြောင့် သူမတို့နှစ်ယောက်ကြားက ငွေကြေးနှင့်ပတ်သတ်သော အယူအဆ၊အတွေးအခေါ်တို့ကို သဘောပေါက်လာရ၏။ထို့အပြင် ဤငွေများသည် သူ အဝေးကြီးကို သွားပြီး ပင်ပင်ပန်းပန်း အမဲလိုက်၍ ရလာသဖြင့် စိတ်ထဲက ပိုနှမြောမိသည်။

"အခုကစပြီး ပိုက်ဆံပြန်အမ်းရင် ယူရမယ်..."

သူက သူမစကားကို အသာပြုံး၍သာ တုံ့ပြန်လိုက်ပြီး သူတို့နှစ်ယောက်ကြားက လွဲမှားနေသည့် နားလည်မှုကို ချိုသာစွာလက်ခံလိုက်လေသည်။

"ဟုတ်ကဲ့… ဒါဆို နာမည်လေးတွေ ပြောပြလို့ရမလား....ကျွန်တော် အခု ချက်ချင်း ထွင်းလိုက်ပါမယ်နော်..."

ရာဟန် က သူတို့နာမည်များကို ပြောလိုက်ရာ ခဏကြာတော့ ဈေးသည်မှ လက်ပတ်ပေါ်မှာ နာမည်ရေးထွင်းပြီး ပေးလာသည်။ သားရေဖြင့် ပြုလုပ်ထားသော လက်ပတ်၏ အလယ်တွင် သူမ အမည်ကို အရောင်နှစ်ရောင်ဖြင့် ရေးထိုးထားသည်။

သူမ လက်ပတ်ကို အကြာကြီးကြည့်နေမိလေသည်။

"ကိုယ် ဝတ်ပေးမယ်..."

သူမက လက်ကမ်းပေးလိုက်ရာ ရာဟန် သည် လက်ပတ်ကို ဝတ်ပေးလိုက်သည်။ သူမ လက်ဖွေးဖွေးတွင် အနီရောင်သားရေလေးက ပို၍ထင်ရှားစေသည်။ သူမသည်လက်ကောက်ဝတ်ကို လှည့်ပတ်ကြည့်နေရင်း တစ်စုံတစ်ခုကို သတိရသွားသလိုမျိုး သူ့ကို‌ပြောလေသည်။

"ရှင့်လက်ပေး..."