အပိုင်း ၅၄
Viewers 13k

Chapter 54

ရာဟန် ၏လက်ကောက်ဝတ်များသည် အလွန်တုတ်ခိုင်သောကြောင့် သူမ လက်ကောက်ဝတ်များနှင့်ဆိုလျှင် အတော်ကြီးကွာခြားပေသည်။သူမသည် သူ့လက်ကောက်ဝတ်မှ ဆန့်ထွက်လာသော လက်ကြွက်သားများကို ကြည့်ရင်း ငေးကနဲဖြစ်သွားရသည်။ထို့နောက် လက်ပတ်ကို အမြန်ဝတ်ပေးလိုက်သည်။ နောက်ဆုံးတွင် သူမနှင့် ဆင်တူ သားရေလက်ပတ်တစ်ခု သူ့လက်ပေါ်ဝယ် ရောက်သွားပြီဖြစ်သည်။

“…"

သူတို့မှာ တူညီသည့် အရာတွေ ရှိနေတာကြောင့် သူမစိတ်ထဲ ထူးဆန်းသလို ခံစားလိုက်ရသည်။ထို့နောက် သူမက အကြည့်ကို သူ့လက်ကောက်ဝတ်မှ လွှဲဖယ်လိုက်သည်။

"တစ်ခြားဟာတွေ ကြည့်ရအောင်..."

ရိုစီနာ က ဦးဆောင်ပြီး နှစ်ယောက်သား ထွက်လာခဲ့သည်။ လမ်းကြားထဲကို ဝင်လိုက်သည်နှင့် အစားအသောက် အနံ့က နေရာအနှံ့ ပျံ့သွားသည်။ တစ်ဖက်တစ်ချက်စီတွင် အစားအသောက်ဆိုင်များ တန်းစီနေတာကြောင့် ဖြစ်သည်။ လူတွေကလည်း အစားအသောက်တွေကို လက်ထဲမှာ ကိုင်ပြီး လျှောက်လာကြသည်။ သူမသည် အရသာရှိသော အနံ့ကို ရှူမိသောအခါတွင် ဗိုက်ဆာလာရသည်။ထိုအခါမှ သူမ ညစာမစားရသေးမှန်း အမှတ်ရသွား၏။သူမအကြည့်ကို သဘောပေါက်သော ရာဟန် က မေးလိုက်သည်။

"ဗိုက်ဆာနေပြီလား..."

"နည်းနည်း…"

ရိုစီနာ ၏အဖြေကိုကြားပြီးနောက် ရာဟန် သည် သူမအား ခဏထိုင်ခိုင်းပြီး တင်းကုပ်ဆီသို့ ချက်ချင်း ဦးတည်သွားခဲ့သည်။ သူမ ကုလားထိုင်ပေါ်တွင် ခဏထိုင်ပြီးနောက် ရာဟန် သည် အစားအစာမျိုးစုံကို လက်ထဲတွင် ကိုင်လာရင်း လျှောက်လာတော့သည်။ သူ ယူလာခဲ့သည့် စားစရာတွေက အသေအချာပင် သူမ အကြိုက်များ ဖြစ်နေလေ၏။ရာဟန်က သူမဘေးတွင် ထိုင်ချလိုက်ပြီး ဆိုင်ထဲက လက်သုတ်ပဝါတစ်ခုကို ဖြန့်၍ သူမ ဒူးပေါ်မှာ တင်လိုက်သည်။

"…ကျေးဇူးတင်ပါတယ်"

“စားရအောင်လေ"

သူမလည်း ဟန်တောင်မဆောင်နိုင်ဘဲ တစ်ခုပြီးတစ်ခု မြည်းကြည့်လိုက်၏။ ပင်လယ်ကမ်းစပ်ရှိ ရွာတစ်ရွာဖြစ်သောကြောင့် ပင်လယ်စာများသာ ဖြစ်လေသည်။သူမသည် ပုဇွန်ကင်နှင့် အရသာရှိသော အစားအစာများကို စားကြည့်ပြီးနောက် မျက်လုံးများပင် ပြူးရတော့သည်။သူမ စားဖူးသည့် မြို့တော်က စားသောက်ဆိုင်အများစုထက်စာရင် ပိုအရသာရှိနေ‌သည်။

"စားလို့ကောင်းလိုက်တာ..."

ရာဟန် သည် ရိုစီနာ ၏ ချီးကျူးစကားကြောင့် တစ်ချက်ပြုံးလိုက်သည်။သူမသည် ဗိုက်ဆာနေတာကြောင့် ပုံမှန်ထက် ပိုမြန်မြန်စားနေမိသည်။ အချို့သော ဟင်းလျာများသည် သူမအကြိုက်နှင့် တစ်ထပ်တည်းဖြစ်နေသဖြင့် အတော်လေး ခံတွင်း‌တွေ့နေသည်။ရာဟန်ကလည်း သူမ စားနေတာကို ကြည့်ပြီး အားကျလာသဖြင့် သူလည်း လိုက်စားလေသည်။ဆိုင်အပြင်က ခုံတန်းလျားမှာ စားသောက်နေကြသော်လည်း သူ့ပုံစံက အထက်တန်းဆန်ပြီး ကြော့ရှင်းနေသည်။သူက ခေါင်းမဖော်တမ်း စားနေရာမှ မော့ကြည့်လိုက်ရာ သူ့ကို စိုက်ကြည့်နေသော သူမ၏ မျက်လုံးတွေနှင့် ရင်ဆိုင်ရသည်။

အမှောင်ထဲမှာတောင် ပေါ်လွင်နေသည့် အပြာရောင်မျက်လုံးတွေက ရိုစီနာ ကို ဖမ်းစားထားလေသည်။ ရုတ်တရက်၊သူ့လက်ချောင်းတွေက သူမ မျက်‌နှာပေါ်ရောက်လာသဖြင့် သူမ အလိုလို မျက်လုံးမှိတ်ထားပစ်လိုက်မိသည်။ ထို့နောက် သူ့လက်ချောင်းက သူမ၏ နှုတ်ခမ်းများကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။

"ဒီနားလေးမှာ ပေနေလို့..."

သူမ မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သောအခါတွင်တော့ သူ့ဘေးတစောင်းမျက်နှာကိုသာ မြင်ရတော့သည်။သူက မုန့်များကို ပြန်ငုံ့စားနေသဖြင့် သူမလည်း ကြောင်စီစီဖြစ်သွားကာ သူ့မျက်နှာကို စိုက်ကြည့်လိုက်မိသည်။စောစောက ပတ်ဝန်းကျင်မှ ဆူညံသံတွေ မှိန်ဖျော့သွားသော်လည်း ယခုတော့ သူမ အရင်က ကြားခဲ့ရသည့် အသံက ပိုကျယ်လောင်လာသည်။ပင်လယ်ခရုကဲ့သို့ ကျယ်လောင်သော အသံသည် သူမ နားထဲသို့ ပျံ့နှံ့သွားရသည်။ သူမ နှုတ်ခမ်းကို ကိုက်ထားလိုက်သည်။သူမ နှလုံးသားကို သဲဖြင့် ဖြည်းဖြည်းချင်း ပေါက်နေသော ဤခံစားချက်ကို ဖုံးကွယ်ချင်မိသော်လည်း သူ့ဆွဲဆောင်အားကို သူမ ဘယ်တုန်းကမှ ရုန်းမထွက်နိုင်ခဲ့ပေ။

ထမင်းစားပြီးနောက် နှစ်ယောက်သား သပ်သပ်ရပ်ရပ်ဖြစ်သွားအောင် အဝတ်အစားများကိုပြင်၊ပါးစပ်ကို သေချာသုတ်လိုက်သည်။ ထို့နောက် ရာဟန် သည် ခဏမျှ အပြင်ထွက်သွားပြီး ပြန်လာကာ ရိုစီနာ အား သစ်သီးသကြားလုံး ပေးလိုက်သည်။ သကြားရည်ဖြင့်ပြုပ်ထားသော သစ်သီးသကြားလုံးသည် ရတနာပစ္စည်းများကဲ့သို့ တောက်ပြောင်နေသည်။သူမ သစ်သီးသကြားလုံးကို ကိုက်ကြည့်လိုက်ရာ တစ်ချက်ချဉ်သွားပြီး ချိုသွားရသည်။ ဤကဲ့သို့သော အချိုပွဲမျိုးကို သူမ ပထမဆုံးအကြိမ် စားဖူးခြင်းဖြစ်၍ ခဏလေးနှင့် အမြန်ကုန်သွားတော့သည်။

"မင်းကြိုက်တယ် ထင်တယ်..."

သူမကိုကြည့်နေသော ရာဟန် က အနည်းငယ်ပြုံးရင်း ပြောလိုက်သည်။သူမလည်း နည်းနည်းရှက်သွားရသော်လည်း နောက်ထပ် သစ်သီးသကြားလုံးနှစ်လုံး ထပ်ဝယ်လိုက်သည်။သူမ လက်နှစ်ဖက်စလုံးတွင် သစ်သီးသကြားလုံးများ တစ်ခုစီ ကိုင်ထားရသဖြင့် သူမ ကမ္ဘာပေါ်က အရာအားလုံး ပိုင်ဆိုင်သွားသလို ခံစားရသည်။ပြီးလျှင်၊ ပွဲတော်ကို ကြည့်ရန် တစ်ဖန်ထွက်လာပြန်သည်။

"ကဲ....အားလုံးပဲ ခဏလေး အာရုံစိုက်ပေးကြပါခင်ဗျာ"

ပုံမှန်မဟုတ်ဘဲ ကျယ်လောင်သော ဈေးသည်တစ်ယောက်၏ အသံကြောင့် လမ်းပေါ်၌ လျှောက်သွားနေသူများသည် ခြေလှမ်းများကို ရပ်တန့်ကာ လှည့်ကြည့်လိုက်ကြ၏။ဈေးသည်သည် မြားပစ်ဂိမ်းအတွက် ပရိုမိုးရှင်း လုပ်နေခြင်းဖြစ်သည်။ နံပါတ်များကို သစ်သားပြားကြီးပေါ်တွင် ရေးမှတ်ထားရာ ဗဟိုအစက်နှင့် နီးကပ်လာသည်နှင့်အမျှ နံပါတ်အရေအတွက်များ တိုးလာသည်။ စိန်ခေါ်သူ အများအပြားရှိသကဲ့သို့ ဘေးမှာရပ်ပြီး ကြည့်ရှုသူကလည်း အနည်းငယ်ရှိသည်။

ရိုစီနာ သည် ခင်းကျင်းပြသထားသည့် ပစ္စည်းများကို ကြည့်လိုက်ရာ အမှတ်နည်းဇုန်တွင် ကမာလည်ဆွဲကဲ့သို့သော အရည်အသွေးညံ့ ပစ္စည်းများသာ ဖြစ်နေလေသည်။ ရမှတ်မြင့်လေ၊ ဆွဲဆောင်မှုပိုရှိသော ပစ္စည်းများ ထည့်ထား‌လေလေဖြစ်သည်။သူမသည် ပစ္စည်းများကို တစ်ခုချင်းစီ သေချာကြည့်နေစဉ်မှာပင်။

“အဲ့ဒါ…”

သူမ မျက်လုံးများကို ဖမ်းစားလိုက်သည်မှာ ဂီတသေတ္တာငယ်လေးဖြစ်သည်။

"အမှတ်ပြည့် ရရှိသူများအတွက် ရွှေနဲ့ပြုလုပ်ထားတဲ့ ဂီတသေတ္တာလေးပါခင်ဗျာ..."

ဈေးသည်စကားကြောင့် ကြည့်နေသူများ အံအားသင့်ကြသည်။ဤအရွယ် ရွှေစစ်စစ်ဖြင့် လုပ်ထားသည့် သေတ္တာသာ ရောင်းမည်ဆိုပါက ငွေပမာဏတော်တော်လေး များပေလိမ့်မည်။ သို့သော် ရိုစီနာ အတွက်၊ ၎င်းသည် ရွှေဖြင့်ပြုလုပ်ထားသော ဂီတသေတ္တာတစ်ခုမျှသာ မဟုတ်ပေ။ ငယ်ငယ်က အဖေဖြစ်သူ သူမ အခန်းကို လာလည်ပြီး ဖွင့်ထားပေးတတ်သည့် ဂီတ သေတ္တာ ဖြစ်နေတာကြောင့်ပင်။

သူမသည် သေတ္တာအောက်ခြေတွင် ရေးထွင်းထားသည့် လက်သမားဆရာ၏ အမည်ကို ရှင်းရှင်းလင်းလင်း မှတ်မိနေသည်။ သူမတို့ မိသားစု ဒုက္ခရောက်နေချိန်မှာ ရောင်းစားခဲ့သည့် ပစ္စည်းတွေကို နောက်တစ်ကြိမ် ပြန်မြင်ခွင့်ရလိမ့်မည်ဟု သူမ မထင်ခဲ့ရိုး အမှန်ပင်။

"ကျွန်တော် စမ်းကြည့်မယ်..."

ကြည့်ရှုသူများကြားထဲမှ လူတစ်ယောက်သည် သူ့လက်ကို မြှောက်၍ အော်ပြောလိုက်သည်။ သူ့ဘေးနားက လူတွေကလည်း သဘောတကျပြုံးနေကြချိန်မှာ သူက ယုံကြည်မှုအပြည့်ရှိသည့် အနေအထားနှင့် ရှေ့ကို လှမ်းလာခဲ့သည်။

"အခု မြှားသေးသေးလေး ဆယ်ချောင်းရှိတယ်....ဒီဟာ‌တွေကို အကောင်းဆုံးရမှတ်ကို ရဖို့အတွက် သုံးလို့ရပါတယ်ဗျ..."

ဆိုင်ရှင်က ထိုလူကို မြှားတွေ ပေးလိုက်ရာ ကြည့်နေသူအများလည်း စိတ်လှုပ်ရှားလာကြပြီး ရိုစီနာလည်း ထို့အတူပင်။ပျော်နေသည့် သူမကို ကြည့်နေသော ရာဟန်ကလည်း စိတ်ဝင်စားလာဟန်ရှိသည်။ ပထမဆုအဖြစ် ‌မိတ်ဆက်ပေးလာသည့် ဂီတသေတ္တာကို သူမ မြင်သောအခါ ထူးထူးခြားခြား အံဩဝမ်းသာသွသလို ဖြစ်သွားသည်။သူမသည် ထိုဂီတသေတ္တာကို လိုချင်နေပုံရသဖြင့် သူက စကားစလိုက်၏။

"တစ်ကယ်တော့ ကိုယ်က လှံပစ်တို့ မြှားပစ်တို့ ကစားရတာ ကြိုက်တယ်..."

"တစ်ကယ်လား..."

သူမ သူ့ကို အံ့သြတကြီး လှည့်ကြည့်လိုက်သည်။သူမ၏ မျက်လုံးများက သူ့ကို အံအားသင့်ပြီး အားကိုးနေပုံရသဖြင့် သူက မေးလာသည်။

"ကြည့်ချင်လား..."

သူမလည်း စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းညိတ်လိုက်ချိန်မှာ ဆိုင်ရှင်၏ အသံ ထွက်ပေါ်လာရသည်။

"နောက်ထပ် စိန်ခေါ်မယ့်သူ မရှိဘူးလားခင်ဗျာ ..."

သို့သော် စိန်ခေါ်သူများက အလွယ်တကူ ထွက်မလာပေ။

"တစ်ကယ် မရှိတော့ဘူးလားဗျ..."

ဆိုင်ရှင်က ညှိုးငယ်သော မျက်နှာဖြင့် အသံကို မြှင့်ပြောလိုက်သည်။ ထိုအချိန်မှာပင်.....

"ခဏစောင့်ပါဦး..."

ပရိသတ်များထဲမှ ရာဟန် သည် သူ့လက်ကို မြှောက်လိုက်သဖြင့် လူတိုင်းက သူ့ကို အာရုံစိုက်သွားသောအခါ....

"ကျွန်တော် စိန်ခေါ်ပါမယ်..."

ကုန်သည် ဟန့် သည် နိုင်ငံတစ်ဝှမ်းရှိ ပွဲတော်များကို သွားရောက်လည်ပတ်သည့် ကျွမ်းကျင်သော ကုန်သည်တစ်ဦးဖြစ်သည်။ ဟန့် သည် ဖောက်သည်တစ်ဦးအဖြစ် ဟန်ဆောင်ရန် လူတစ်ဦးကို ငှားရမ်းကာ လှံများပစ်ခိုင်းတတ်သည်။လာစမ်းကြသည့် ဖောက်သည်များကိုတော့ အနည်းငယ်ကွေးသော မြားများကိုသာ ပေးခဲ့သည်။

ထိုအခါ၊ လူတိုင်းက ပထမဆုရရန် ကြိုးစားချင်စိတ် ပေါ်လာကြမည်ဖြစ်သည်။ သို့သော် ဟန့် ငှားထားသောလူကို မည်သူမျှ အနိုင်ယူနိုင်ပေ။ ဤသို့ဖြင့် စိတ်ခေါ်သူများမှာ ငှားထားသူကိုမနိုင်ဘဲ ပေးထားသည့် ပိုက်ဆံဆုံးရမည်ဖြစ်လေသည်။

"ကျွန်တော်ကြိုးစားကြည့်မယ်..."

ဟန့် သည် ရှေ့သို့ ထွက်လာသော လူကို ကြည့်လိုက်သည်။မှောင်နေတာကြောင့် သူ့မျက်နှာကို ကောင်းကောင်းမမြင်ရသော်လည်း တော်တော်လေးရုပ်ရည်ချောမောသူဟု ပြောနိုင်သည်။ ဟန့်သည် တစ်ခဏမျှ ငြိမ်သက်စွာ ရပ်နေမိကာ သူ့မျက်နှာအသွင်အပြင်ကြောင့် အာရုံပြောင်းသွားပြီးမှ အသိစိတ်ဝင်လာပြီး လက်ခုပ်သြဘာပေးလိုက်သည်။

"စိန်ခေါ်သူအသစ်ပါခင်ဗျာ..."

ပရိသတ်များကလည်း တစ်ခဲနက် အားပေးကြသည်။ ဟန့် သည် စိတ်ထဲက ညစ်ကျယ်ကျယ် ပြုံးပြီး စိန်ခေါ်သူအသစ်ကို ကြည့်လိုက်သည်။ သူသည် မြားပစ်ရာတွင် အယုံကြည်ချက်ရှိပုံရသော်လည်း ပြင်ဆင်ထားသော မြှားများကြောင့် 3 မှတ်ထက် ပိုရမှာမဟုတ်ပေ။

သူ ငှားရမ်းထားသော အမျိုးသားတစ်ဦးနှင့် ဆံပင်ရွှေရောင်ရှိသည့် စိန်ခေါ်သူသည် ဘေးချင်းယှဉ်ရပ်နေသည်။ငှားထားသူသည် ဦးစွာအနေအထားတစ်ခု ယူပြီးနောက် မြားတစ်ချောင်းကိုကိုင်ကာ ရှေ့သို့ပစ်ပေါက်လိုက်သည်။ ထို့နောက် ဖျတ်ကနဲအသံနှင့်အတူ နံပါတ် ၉ နေရာတွင် မြား ကျရောက်သွားရသည်။

"ဟမ်.... ၁၀ မှတ်ရတော့မလို့ကွာ....နည်းနည်းပဲလိုတော့တာ..."

လှံတံကို ပစ်ချသော လူလိမ်က ဦးစွာ ညည်းညူလိုက်ရာ သူ့ဘေးနားကလည်း လူတွေက လက်ခုပ်တီးပြီး လိုက်ညည်းတွားကြသည်။

"သူ အမှတ်များနေတယ်နော်..."

"ဟုတ်တယ်...နေက်တစ်ခေါက်ထပ်ပစ်ရင် သေချာပေါက် အမှတ်များမှာပဲ..."

ဟန့် ဘက်မှလူကသာ အနိုင်ရမည်ဟု လူတိုင်းက သံသယမရှိကြပေ။ ဆံပင်ရွှေရောင်နှင့် လူကိုလည်း ယုံကြည်ကြသူများ ရှိနေသေးသည်။

“ဒါဆို အခုချက်ချင်း…”

ဟန့် စကားမဆုံးသေးမီ ပရိတ်သတ်များက ဟင်ကနဲ၊ဟာကနဲ ဖြစ်သွားကြပြီး လေတိုးသံတစ်ခု ထွက်ပေါ်လာတော့သည်။လူတိုင်း မှင်တက်နေစဉ်မှာပင် မြှားတစ်စင်းက အမြင့်ဆုံး ရမှတ် 10 နေရာမှာ စိုက်သွားတော့သည်။

“မဟုတ်ဘူး…ဘယ်လိုမှမဖြစ်နိုင်ဘူး...”

ဟန့် သည် သူ့မျက်လုံးများကို လက်ဖမိုးဖြင့် ပွတ်သပ်ကြည့်ပြီး ရေရွတ်လိုက်သည်။ သေချာသည်မှာ မြှားတံများသည် အနည်းငယ်ကွေးနေသောကြောင့် ဖြောင့်တန်းစွာ ချိန်ညှိရန် လုံးဝ မဖြစ်နိုင်ပေ။

ဒါပေမယ့် 10 မှတ်ကြီးလား.....

သူ တုန်လှုပ်ချောက်ချားစွာ မတ်တပ်ရပ်နေချိန်တွင် ထိုလူက မြှားအသစ်တစ်စင်းကို နောက်ထပ် ပစ်လိုက်သည်။ပြီးလျှင်၊ မြှားပစ်သံတွေ အဆက်မပြတ် တဝှစ်ဝှစ် ထွက်ပေါ်လာပြီ အားလုံးက ၁၀ မှတ်မျဥ်းပေါ်မှာချည်း ဖြစ်သည်။ စောင့်ကြည့်နေသူများရော ဟန့် ရောပါ၊ တုန်လှုပ်ခြောက်ခြားသော မျက်နှာဖြင့် ဘုတ်ပြားကို တစ်ပြိုင်တည်း ကြည့်လိုက်သည်။

နောက်ဆုံး လက်ကျန် လက်သည်းခွံအရွယ် မြှားလေးတစ်စင်းသည် 10 မှတ်မျဉ်းပေါ်မှာ ထိုးစိုက်ရန် နေရာမရှိတော့ပေ။သို့သော်လည်း လေတိုက်သံ တစ်ခု ထပ်မံကြားရပြီး မြှားတစ်စင်းအပေါ်ကို ထပ်မံ ထိုးစိုက်လိုက်ပြန်သည်။ထို့ကြောင့် 10 အမှတ်တွင် စိုက်ထားသော မြားကို တွန်းထုတ်ပစ်ပြီး အသစ်တစ်ချောင်းက နေရာဝင်လုလိုက်၏။ ဟန့် ငှားရမ်းထားသော လူသည်လည်း စကားမပြောနိုင်တော့ဘဲ ချိန်ထားသော ဒုတိယမြှားကို

အောက်စိုက်ပြန်ချလိုက်ရတော့သည်။မြှားတံအားလုံး 10 မှတ်ရထားတာမို့ သူ ဘယ်လောက်ပဲ ကောင်းကောင်း ပစ်နိုင်ပါစေ ၊ရှုံးပွဲတစ်ပွဲဖြစ်သွားလေသည်။

"ရပြီလား..."

ထိုလူက ဟန့်ကို မေးလိုက်သည်။ ဟန့် တိတ်ဆိတ်နေချိန်တွင် ထိုလူက ပစ္စည်းများထားရာ နေရာဆီသို့ လျှောက်သွားရင်း ရေရွတ်လိုက်သည်။

"ဒါဆို ကျွန်တော် ဂီတသေတ္တာကို ယူလိုက်မယ်..."

ပါးစပ်ထောင့်ကို တစ်ဖက်တည်း တွန့်ချိုးပြီး ပြုံးလိုက်သည့် သူ့မျက်နှာက ဗီလိန်နှင့် တစ်ထေရာတည်း တူလှသည်။

ပထမဆုရရှိသွားသော ရာဟန် သည် ချက်ချင်းပင် ဂီတသေတ္တာကို လှမ်းကိုင်လိုက်၏။ ထိုအခါ အနောက်မှကြည့်နေသော ရိုစီနာ သည် သူ့အနားကို အလျင်အမြန် ချဉ်းကပ်လာသည်။

"ရှင် မြှားပစ် ကောင်းကောင်း ကစားနိုင်မှန်း ကျွန်မ မသိခဲ့ဘူး..."

သူမ မျက်နှာသည် မယုံနိုင်လောက်အောင် အံ့အားသင့်နေသဖြင့် သူက ခပ်ဖျော့ဖျော့ပြုံးကာ ဂီတသေတ္တာကို ကိုင်ထားလိုက်သည်။

“ယူလိုက်နော်...”

ရိုစီနာသည် ဂီတသေတ္တာကို ခဏကြာမှ လှမ်းယူလိုက်ပြီး ဖြည်းညှင်းစွာ ကြည့်လိုက်သည်။ ကောင်းစွာ ထိန်းသိမ်းထားသောကြောင့် လွန်ခဲ့သည့် 10 နှစ်က သူမ ရောင်းခဲ့သည့်အချိန်နှင့် သိပ်မကွာခြားပေ။သူမ ခလုတ်ကို လှည့်လိုက်သည်နှင့် ရင်းနှီးသော သီချင်းတစ်ပုဒ် ထွက်ပေါ်လာသည်။

ငယ်ငယ်က အိပ်ခါနီး ကုတင်ဘေးမှာ ကြားခဲ့ဖူးသည့် သီချင်းတစ်ပုဒ်ပင်။ သီချင်းသံနှင့်အတူ သူမ ခေါင်းကို လာပွတ်သပ်လေ့ရှိသည့် ဖခင်ဖြစ်သူ၏ လက်ကို သတိရလာသည်။သူမ ဝမ်းနည်းစိတ်တို့ ယိုဖိတ်လာကာ ဂီတသေတ္တာကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားမိတော့သည်။

“…တစ်ကယ်ကျေးဇူးတင်ပါတယ်…”

အသံတစ်ခု တည်ငြိမ်အေးဆေးစွာ ထွက်ပေါ်လာပြီး ရာဟန် သည် ရိုစီနာ ပုခုံးကို ခပ်ဖွဖွဖက်ထားပေးလိုက်သည်။သူမ ပခုံးတွေကို ကိုင်ထားသည့် သူ့လက်ဖဝါးတွေက ကြီးမားပြီး နွေးထွေးလှသည်။ ခဏကြာပြီးနောက် သူမသည် မျက်လုံးကို ညင်သာစွာ ပွတ်သပ်ပြီး‌နောက် စကားစလိုက်သည်။

"တစ်ခြားဟာတွေ လျှောက်ကြည့်ရအောင်..."

"ဟိုမှာ ပြဇာတ်ရုံကလေးရှိတယ်… စောစောကမြင်လိုက်တာ..."

“ကြည့်ချင်တယ်...”

ရိုစီနာ ကမန်းကတန်း ရှေ့က သွားလိုက်သည့်အခါ နောက်က ရပ်နေသည့် ရာဟန် လည်း လိုက်သွားခဲ့၏။သစ်သားဖြင့် ပြုလုပ်ထားသော စင်မြင့်ဝိုင်းတစ်ခုနှင့် စျေးပေါသော ရွက်ဖျင်တဲတစ်ခုကို သုံး၍ ပြဇာတ်ရုံတစ်ခု လုပ်ထားခြင်းဖြစ်သည်။သို့သော်လည်း ခြေချရန် နေရာမရှိသောကြောင့် အလွန်ကျော်ကြားသည့် ရုံပင် ဖြစ်ရမည်။ ရှေ့တွင် ထိုင်နေသောကလေးများကိုကြည့်ရင်း သူမ အီလီယန် ကို ခေါ်မလာမိသည့်အတွက် စိတ်မကောင်းဖြစ်မိသည်။ပြဇာတ်စရန် စောင့်ဆိုင်းနေစဉ်တွင် ရယ်မောသံများ ရုတ်တရက် ထွက်ပေါ်လာသည်။အကြောင်းမှာ ပြဇာတ်ထဲမှာ ပါဝင်သရုပ်ဆောင်မည့်ဟန်ရှိသည့် ကလေးတစ်ယောက်က ဦးထုပ်ကြီးကြီးတစ်ခု ကိုင်ပြီး ပရိသတ်ကို ကမ်းပေးလာတာကြောင့်ပင်။

ရိုစီနာ သည် အီလီယန် ထက် ၂နှစ်၊၃နှစ်ကြီးပုံရသော ထိုကလေးအား စိုက်ကြည့်နေမိသည်။ အကြောင်းတစ်ခုခုကြောင့် သူမသည် အီလီယန် ကို တွေးမိပြီးအနည်းငယ် နာကျင်သွားသည်။ ကလေးသည် သူမ အနီးသို့ရောက်သောအခါ ရာဟန် က သူ့အိတ်ကပ်ထဲက တောက်ပြောင်သော ရွှေဒင်္ဂါးပြားတစ်ခုကို ဦးထုပ်ထဲသို့ ထည့်ပေးလိုက်သည်။ ထို့နောက် နောက်ထပ်ရွှေဒင်္ဂါးပြားများကိုထပ်ယူ၍ ကောင်လေး လက်ထဲကို ထည့်ပေးလိုက်လေ၏။ထိုအခါ ကောင်လေးက အံ့ဩသောမျက်နှာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

“ကျေး…ကျေးဇူး... ကျေးဇူးတင်ပါတယ်”

စကားထစ်နေသည့် ကလေးအား မြင်လိုက်ရသဖြင့် သူမ အီလီယန် ကို ပို၍ပင် သတိရလာသည်။

"ရှင်က အရမ်းကြင်နာတတ်တာပဲ..."

ရာဟန် သည် သူမ၏ ချီးကျူးစကားကို ရယ်မောကာ တုံ့ပြန်လိုက်သည်။

"မင်းတစ်ယောက်ပဲ ကိုယ့်ကို ဒီလိုပြောသေးတယ်..."

သူ့စကားမှာ အဓိပ္ပါယ်မဲ့သည်ဟု တွေးလိုက်မိသည်။ ရာဟန် ၏ မျက်နှာထားသည် များသောအားဖြင့် အနည်းငယ် တင်းမာသော်လည်း သူ့အပြုအမူနှင့် လေသံမှာ အခြားသူများထက် ကြင်နာလှသည်။

"ကောင်းပြီ ဒါဆို စလိုက်ရအောင်..."

ကျယ်လောင်သော ရယ်သံများက ရွက်ဖျင်တဲကြီး တစ်ခုလုံး လွှမ်မိုးသွားသည်။ ရိုစီနာ မျှော်လင့်ချက်အပြည့်နှင့် စင်ပေါ်ကို စိုက်ကြည့်နေမိသည်။ မိသားစုအခြေအနေကောင်းစဉ်က သူမသည် ဖခင်ဖြစ်သူနှင့် ပြဇာတ်များကို မကြာခဏသွားကြည့်ဖူးသည်။ ဤကဲ့သို့ ပြင်ပ ပြဇာတ်ကို သူမ ပထမဆုံးမြင်ဖူးခြင်းမှာ မှူးမတ်များ အဓိကအသုံးပြုသည့် အဆင့်မြင့်ပြဇာတ်တစ်ခုတွင် ကြည့်ရှုခဲ့ဖူးတာကြောင့်လည်း ဖြစ်သည်။

မကြာမီ စင်မြင့်ထက်မှ ကန့်လန့်ကာ ဖွင့်လာပြီး သရုပ်ဆောင်တစ်ယောက် ရှေ့ကို တိုးထွက်လာသည်။ သူသည် အနီရောင်ဝတ်ရုံနှင့် သရဖူအတုကို ၀တ်ဆင်ထားပြီး ဓားတစ်ချောင်းကို ကိုင်ကာ ဂုဏ်သိက္ခာရှိသော ကိုယ်ဟန်အနေအထားနှင့် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ငါဟာ နတ်ဘုရားရဲ့တန်ခိုးကို အမွေဆက်ခံထားတဲ့ အင်ပါယာရဲ့ အိမ်ရှေ့စံမင်းသား ဖြစ်တယ်..."

အိမ်ရှေ့စံ....