Chapter 55
ရိုစီနာ သည် အိမ်ရှေ့စံ၏ မျက်နှာကို သတိရပြီး စိတ်ထဲက ရယ်မောချင်သွားရသည်။သရုပ်ဆောင်နှင့် အိမ်ရှေ့စံကြားက ကွာဟချက်က ကြီးမားလွန်းသဖြင့် သူမ ပြဇာတ်ကို စိတ်မဝင်စားနိုင်တော့ပေ။ သို့သော်လည်း ပရိသတ်များသည် အိမ်ရှေ့စံ အစစ်အမှန်ကို တွေ့လိုက်ရသလိုမျိုး ပြဇာတ်ထဲတွင် နစ်မြုပ်နေပြီဖြစ်သည်။ အိမ်ရှေ့စံအဖြစ် ပါဝင်သရုပ်ဆောင်ထားသည့် သရုပ်ဆောင်မှာ ဟန်ပန်အနေအထား ကောင်းလှသူပင်။ ထို့နောက် တတိယမင်းသားအဖြစ် သရုပ်ဆောင်သူသည် ရုပ်ဆိုးပြီး ခါးကုန်းကုန်းနှင့် လူတစ်ယောက်ဖြစ်သည်။ တတိယမင်းသားသည် သိမ်ငယ်စိတ်ဖြင့် ပြည့်နှက်နေပြီး အိမ်ရှေ့စံကို မနာလိုဖြစ်နေဟန်ရှိသည်။ ထိုအချိန်မှစ၍ ရာဟန် သည် လက်ပိုက်ထားကာ ပြဇာတ်ကို စတင်ကြည့်ရှုခဲ့သည်။
ရိုစီနာ သည် ရာဟန် ကို တစ်ချက်ကြည့်လိုက်သည်။ သူ့မျက်နှာမှာ ဘယ်လိုမျက်နှာအမူအရာမှ မရှိဘဲ ပြဇာတ်ကို အသာကြည့်နေသည်။ဇာတ်ပွဲ ပြီးဆုံးသွားသည်နှင့်အမျှ မကောင်းဆိုးဝါးများသည် မြို့တော်ကို ကျူးကျော်ဝင်ရောက်လာကြသည်။ထိုအခါ ပြည်သူအများက အိမ်ရှေ့စံရှေ့မှာ ဒူးထောက်ပြီး ငိုယိုကြ၏။
“အို…အရှင့်သား... နတ်ဆိုးတွေကို ရင်ဆိုင်နိုင်တဲ့ တစ်ယောက်တည်းသောလူက အိမ်ရှေ့စံပဲ..."
နောက်ဆုံးတွင် မင်းသားသည် သူ့ဓားကို ဟိတ်ဟန်ဖြင့် ကြီးကြီးကျယ်ကျယ် မြှောက်လိုက်သည်။
"ငါ မင်းတို့ကို ကာကွယ်ပေးမယ်..."
ထို့နောက် သရုပ်ဆောင်မင်းသားသည် သူ့ဓားကို ကိုင်ကာ မကောင်းဆိုးဝါးများနှင့် ရင်ဆိုင်တော့သည်။ အိမ်ရှေ့စံ၏ ဓားဖြင့် နှိမ်နှိင်းလိုက်သောအခါတွင် မကောင်းဆိုးဝါးများကဲ့သို့ ၀တ်ဆင်ထားသော သရုပ်ဆောင်များသည် ချက်ခြင်းပြိုလဲသွားကြသည်။ထိုသို့ ပြိုလဲသွားတိုင်း ပရိသတ်တွေ၏ အားပေးသံများ ထွက်ပေါ်လာတော့သည်။ အိမ်ရှေ့စံသည် မကောင်းဆိုးဝါးများနှင့် တိုက်နေချိန်တွင် သူ့နောက်တွင် ပုန်းအောင်းနေသည့် တတိယမင်းသားက ညည်းညူလိုက်သည်။
“သူက နတ်ဆိုးတွေကို တစ်ကယ်သတ်နိုင်တာ လုံးဝမယုံဘူး… အိမ်ရှေ့စံမှာ ဘုရားသခင်ရဲ့ ကောင်းချီးတွေ တကယ်ရှိသလား… ငါ အိမ်ရှေ့စံကိုသာ သတ်လိုက်နိုင်ရင် အဲ့ဒီ တန်ခိုးက ငါ့မှာ ရှိသွားနိုင်တယ်…”
ထိုသို့ ပြောလိုက်ရာ ရာဟန် ၏ မျက်နှာအမူအရာသည် ပို၍ထူးဆန်းလာသည်။တတိယ မင်းသားသည် မနာလိုစိတ်ဖြင့် ဖုံးလွှမ်းကာ ပို၍ပို၍ ရုပ်ဆိုးလာသည်။ တတိယမင်းသား ပေါ်လာတိုင်း၊ လူကြမ်းတစ်ယောက်၏ ဇာတ်ရုပ်အတိုင်း လိုက်နင်းသွားလေ့ရှိသည်။ အိမ်ရှေ့စံသည် နေမင်းဖြစ်ပြီး တတိယမင်းသားသည် အမှောင်၏ မကောင်းဆိုးဝါးဖြစ်သည်။နောက်ပိုင်းတွင် တတိယမင်းသားသည် မကောင်းမှုမျိုးစုံကို ကျူးလွန်စပြုလာကာ ပြဇာတ်ထဲ နစ်မြုပ်နေသော ပရိသတ်များက တတိယမင်းသားအဖြစ် သရုပ်ဆောင်သော သရုပ်ဆောင်အား ကျိန်ဆဲကြသဖြင့် ဇာတ်က အထွတ်အထိပ်ကို ရောက်သွားသည်။
နောက်ဆုံးတွင် တတိယမင်းသား၏ မကောင်းမှုအားလုံးကို ဖော်ထုတ်နိုင်ခဲ့သည်။ နောက်ပြန်လှည့်၍မရသော လုပ်ရပ်များကို ကျူးလွန်ခဲ့သော တတိယမင်းသားသည် နောက်ဆုံးတွင် အိမ်ရှေ့စံလက်ထဲ၌ ကွယ်လွန်သွားခဲ့သည်။ ညီငယ်သေဆုံးမှုအပေါ် အိမ်ရှေ့စံသည် ဝမ်းနည်းပူဆွေးသောကဖြစ်နေလျက် ပြဇာတ်အဆုံးသတ်ကာ ငြိမ်းချမ်းသော အင်ပါယာသို့ ရောက်ရှိသွားကာ ပြဇာတ်အဆုံးသတ်သွားသည်။
ပြဇာတ်အပြီးတွင် ရိုစီနာ သည် ခေတ္တမျှ ကြောင်ပြီး ကြည့်နေမိသည်။ပြဇာတ်သည် တစ်နာရီကျော်ကြာပြီး နိဂုံးချုပ်မှာ တတိယမင်းသားသည် ရုပ်ဆိုးပြီး ဆိုးသွမ်းသူဖြစ်ကာ အိမ်ရှေ့စံက ကြီးမြတ်ပြီး မွန်မြတ်သော ပုဂ္ဂိုလ်ဖြစ်နေတော့သည်။သူမ ရာဟန် ကို သတိထားပြီး ကြည့်လိုက်ရာ သူ့မျက်နှာထားမှာ ဘာခံစားချက်မှ ရှိမနေကြပေ။
“… သိပ်အလေးအနက်မထားပါနဲ့...”
သူမ စကားကြောင့် ရာဟန် လေးနက်သောမျက်နှာထားဖြင့် ခေါ်လိုက်သည်။
"ရိုစီနာ..."
"ဟင်..."
"မင်းမျက်လုံးထဲမှာ ကိုယ်က အဲ့ဒီလိုပဲလား..."
လေးနက်သည့် သူ့စကားကြောင့် သူမ အမြန်ပင် ခေါင်းခါလိုက်သည်။
“မဟုတ်ပါဘူး...”
“ဒါဆို ရပြီ...”
ရာဟန် က သူမကလွဲ၍ တခြားဘာကိုမှ ဂရုမစိုက်သလိုပင်။ ပွဲအပြီးမှာ ပရိသတ်များသည် တစ်ယောက်ပြီးတစ်ယောက် ဟိုဒီ သွားလာကြတော့သည်။ သူက ရှေ့ဆက်လျှောက်ရန် ခြေလှမ်းပြင်လိုက်သော်လည်း သူမ သဘောထားကို သိချင်သေးတာကြောင့် ငုံ့ကြည့်လိုက်သည်။
"ကျေးဇူးပြုပြီး ဒီမှာ ခဏနေဦးနော်…”
"အင်းအင်း…”
ထို့နောက် သူသည် လူရှင်းသော ဘက်သို့ ဦးတည်သွားလျှင်၊သူ့နောက်မှ ခြေသံများကို ကြားလိုက်ရသည်။ သူက ရိုစီနာ နှင့် အတိုင်းအတာတစ်ခုအထိ ကွဲကွာသွားသဖြင့် စိတ်မချ၍ နောက်ပြန်လှည့်ကြည့်လိုက်သည်။ထိုအခါ သူနှင့် မလှမ်းမကမ်းမှာ ရပ်နေသည့် ယောက်ျားသားများကို တွေ့လိုက်ရ၏။သူလည်း သေသေချာချာကြည့်လိုက်ရာ မြှားပစ်လောင်းကစားဆိုင်ရှင် ဟန့်ကို တွေ့ရှိသွားရသည်။
"ငါ့ကို ဂီတသေတ္တာ ပြန်ပေး..."
ရာဟန် သည် အေးစက်စက်ပြောနေသည့် သူ့ကို ငုံ့ကြည့်ရင်း ငြိမ်နေလိုက်သည်။ ရာဟန် က ပြန်မဖြေသောအခါ ဟန့် ခေါင်းခါလိုက်သည်။ထိုအခါ သူ့နောက်မှာ ရပ်နေသည့် လူကြီးတွေအားလုံး ရာဟန် ဆီကို ပြေးလာကြတော့သည်။
“!”
မျက်စိတစ်မှိတ်အတွင်းမှာ ရာဟန် ၏ လက်ချက်ကြောင့် ကိုယ်ခန္ဓာကြီးကြီး ယောက်ျားသားများမှာ အရိုက်ခံရလေသည်။ ခေါင်းမှ ခြေဖျားအထိ အရိုက်ခံရသော အမျိုးသားများသည် ချက်ချင်း ဒူးထောက်ကာ အသက်ချမ်းသာပေးရန် တောင်းပန်နေကြသည်။ ရာဟန် သည် ထိုသူများကြားထဲမှ လျှောက်လာကာ ဟန့် အနားကို တိုးကပ်လာခဲ့သည်။
ဤမြင်ကွင်းကို ကြည့်နေသော ဟန့် သည် စိတ်ထဲက တုန်လှုပ်လာသည်။ ရာဟန် ၏ မျက်နှာသည် သူ့အတွက်တော့ သေမင်းတစ်ယောက်ကဲ့သို့ ဖြစ်နေရသည်။
"ကာလန်..."
ရာဟန် က ခေါ်လိုက်ရာ သူ့နောက်ကွယ်မှာ ပုန်းနေသည့် ကာလန် ပေါ်လာလျှင် ဟန့်၏ မျက်နှာသည် ဖျော့တော့လာပြီး ရာဟန် ၏ ဘောင်းဘီကိုဆွဲရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။
"အေးအေးဆေးဆေး ဖြေရှင်းလိုက်..."
ရာဟန် သည် ချက်ချင်းပင် သူ့ကိုထားခဲ့ပြီး တစ်ဖက်ကို ဆက်သွားလိုက်သည်။ လောင်းကစားဆိုင်ရှင်က သူ့ နောက်ကျောကို ပြူးတူးပြဲတဲ စိုက်ကြည့်ကာ အသက်ချမ်းသာပေးရန် တောင်းပန်နေတော့သည်။
အဆုံးတွင် ပျော်ရွှင်စရာ ပွဲတော်၏ နောက်ကွယ်မှာ တစ်စုံတစ်ယောက်၏ အော်သံ ထွက်ပေါ်လာတော့သည်။
ညသည် နက်သထက်နက်လာပြီး ပွဲတော်ကြီးကလည်း စည်ကားလာသည်။မိဘများသည် ကလေးများအိပ်ငိုက်နေကြသဖြင့် အိမ်သို့ အမြန် ပြန်သွားကြသဖြင့် ယခုအခါ ဧည့်သည်အများစုသာ ကျန်နေကြတော့သည်။
ရိုစီနာ သည် ဂီတသေတ္တာကို မကိုင်ထားသည့် အခြား လက်တစ်ဖက်ဖြင့် ရာဟန် လက်ကို ကိုင်ထားရင်း လမ်းလျှောက်လာခဲ့သည်။ဖြတ်ကူးစရာ လမ်းမရှိသော်လည်း လူများနေသဖြင့် လက်ကိုင်ထားခြင်းဖြစ်သည်။နှစ်ယောက်သား ဤပွဲတော်မှာ အမှတ်တရတွေ မရေမတွက်နိုင်အောင် အများကြီးရှိခဲ့ကြသည်။
နှစ်ယောက်သားသည် တည်းခိုခန်းသို့ ပြန်ရန် လာရာလမ်းအတိုင်း လျှောက်လာခဲ့သည်။ ရိုစီနာသည် အပြန်လမ်းမှာ မျက်နှာဖုံး အမျိုးမျိုး ချိတ်ဆွဲထားသည့် ဆိုင်တစ်ဆိုင်တွင် ရပ်လိုက်သည်။ သူမသည် ပစ္စည်းများကို တစ်ခုပြီးတစ်ခု လှန်လှောကြည့်လိုက်ပြီး ချစ်စရာ ယုန်မျက်နှာဖုံးကို မြင်သွားသဖြင့် ကောက်ကိုင်ကြည့်လိုက်သည်။ မျက်လုံးကိုသာ ဖုံးအုပ်နိုင်သော မျက်နှာဖုံးတစ်ခု ဖြစ်သော်လည်း နားရွက်ကြီးများက စွဲမက်ဖွယ်ကောင်းလှသည်။
"ရိုစီနာ..."
ရာဟန် က ခေါ်လိုက်သောအခါ သူမကလည်း မျက်နှာဖုံးကို သူ့ကို ကောက်စွပ်ပေးလိုက်ရာ သူ့မျက်နှာထားက အေးခဲသွားသလို တောင့်တင်းသွားသည်။ မျက်လုံးပြူးများ၊နားရွက်ကြီးများဖြင့် ချစ်စရာ ယုန်မျက်နှာဖုံးသည် ရာဟန် ၏ ကြံ့ခိုင်သော ခန္ဓာကိုယ်နှင့် လုံးဝ မလိုက်ဖက်ပေ။
“အာဟ… ဟားဟား…”
သူမ ဟက်ဟက်ပက်ပက် ရယ်မောမိတော့သည်။ သူမ၏ ရယ်မောသံကို ပထမဆုံးအကြိမ် ကြားလိုက်ရသဖြင့် ရာဟန် အေးစက်သွားသည်။ အချိန်အကြာကြီး မရယ်မောခဲ့သော ရိုစီနာ သည် မျက်ရည်များ ထွက်လာသည်အထိ ရယ်မောပစ်လိုက်တော့သည်။ ယခုလို မရယ်ရတာ ဘယ်လောက်ကြာပြီလဲ သူမ မသိတော့ချေ။
"ဆောရီး..."
သူမက မျက်နှာဖုံးကို ချွတ်ပေးလိုက်သောအခါ ရာဟန် ၏ အဆင်မပြေသော မျက်နှာ ပေါ်လာသည်။ သူမလည်း သူ့မျက်နှာကို တစ်ချက်ကြည့်ပြီး ရယ်မောလိုက်ပြန်သည်။အေးမြသောညလေပြေနှင့်အတူ ရယ်မောသံများက လန်းဆန်းနေလေ၏။
"ကျွန်မတစ်ခုယူမယ်နော်..."
အီလီယန် အတွက် ဝယ်ပေးဖို့ ရာဟန် ဝတ်ထားသည့် မျက်နှာဖုံးကို ဝယ်ခဲ့ပြီး ထပ်ပြောလိုက်ပြန်၏။
“ဒီနေ့ အရမ်းပျော်စရာကောင်းတယ်… ဒီပွဲတော်ကို ကျွန်မ ပထမဆုံး ရောက်ဖူးတာပါပဲ...”
“ေကာင်းတာပေါ့…ကိုယ်လည်း ပွဲတော်ကို ပထမဆုံး ရောက်ဖူးတာပဲ..."
"တစ်ကယ်လား..."
သူမ သူ့စကားကြောင့် အံဩသွားရသည်။သူက အစားအသောက်တွေ အများကြီး ဝယ်တတ်ပြီး မြှားပစ်လည်း ကျွမ်းကျင်သူပင်။ထို့ကြောင့် ပွဲတော်များစွာကို သူ ရောက်ဖူးလောက်သည်။ ထိုမှသာ ရာဟန် သည် တစ်ခါမှ မရောက်ဖူးဘဲ သူမလိုချင်သမျှ ဝယ်ပေးတာကြောင့် သူမအပေါ် အလွန်စာနာပြီး စေတနာထက်သန်ကြောင်း သဘောပေါက်သွားသည်။ သူမ ရင်ဘတ်ကို ညင်သာစွာ ဖိထားလိုက်မိသည်။ နှလုံးခုန်သံက မထင်မှတ်ဘဲ ပရမ်းပတာ စည်းချက်မကျစွာပင် တုန်ခါနေ၏။
'ငါ ဘာဖြစ်နေတာလဲ...'
သူမ ကိုယ့်ကိုယ်ကိုယ် ရေရွတ်လိုက်သည်။ အကြောင်းတစ်ခုခုကြောင့် သူမ လက်တွေ ပိုပူလာသလိုပင်။ သူမ သတိမထားမိစေရန် မျက်လုံးလွှဲထားသော်လည်း နောက်ဆုံးတွင် သူမ၏ အာရုံအားလုံးသည် လက်ဖဝါးပေါ်တွင် ရှိနေသည်။
ရိုစီနာ နှင့် ရာဟန် တို့သည် တည်းခိုခန်းဆီသို့ တိတ်တဆိတ် လျှောက်သွားကြသည်။ စကားစမြည်ပြောဆိုခြင်း မရှိသော်လည်း သူမ ရင်ဘတ်ထဲမှ ရုန်းရင်းဆန်ခတ်ဖြစ်နေပြီး လုံးဝတိတ်ဆိတ်သွားခြင်းမရှိပေ။ သူမသည် တည်းခိုခန်းသို့ ရောက်ရှိလာသောအခါ အီလီယန် အိပ်နေသော အခန်းရှေ့တွင် ရပ်လိုက်သည်။
"ဒီနေ့ ကျွန်မ အီလီယန် နဲ့ အိပ်မယ်..."
သူမကို နှမြောတသစွာဖြင့် ကြည့်လိုက်သည့် သူ၏ အပြာရောင်မျက်လုံးများသည် အာစတေးနီးယား ပင်လယ်နှင့်တူနေလေသည်။ သူမ တံခါးလက်ကိုင်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားမိတော့သည်။ သူ့အကြည့်တွေက သူမ တစ်ကိုယ်လုံးကို နေရောင်လို စူးရှစွာ ဖမ်းစားထားတော့သည်။
"ကောင်းကောင်း အိပ်ပါနော်..."
ထို့နောက် ရာဟန် သည် ယနေ့ ပွဲတော်မှာ သူဝယ်ခဲ့သည့် ပစ္စည်းလက်တစ်ဆုပ်စာနှင့် အိပ်ခန်းထဲကို ဝင်သွားလေသည်။သူမလည်း အသာ ရပ်ပြီး ကြည့်နေပြီးမှ နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်မိသည်။ သူမ အခန်းထဲသို့ ဝင်လိုက်သည်နှင့် ကုလားထိုင်ပေါ်တွင် ထိုင်နေသော အိုင်းဆက် က ကမ်းကတန်း ထလိုက်၏။
"တောင်းပန်ပါတယ်…ပြီးတော့ ဒီနေ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်နော်...”
ရိုစီနာက ပွဲတော်တွင် သူမဝယ်ခဲ့သော အစားအစာများ ပေးလိုက်ပြီး ကျေးဇူးတင်စကားဆိုလိုက်သည်။
“ရပါတယ်ဗျ…ကောင်းကောင်းစားပါ့မယ့်..."
အိုင်းဆက် သည် ယဉ်ကျေးစွာ ဦးညွှတ်ပြီး အခန်းထဲက ထွက်သွားသည်။
အခန်းတစ်ခုလုံး တိတ်ဆိတ်သွားပြီးနောက် ရိုစီနာ သည် ဝတ်စုံကို ချွတ်ချပြီး အိပ်ယာပေါ် လှဲချလိုက်သည့်ခဏဝယ် သူမ အတွေးထဲတွင် လွင့်မြောသွားခဲ့သည်။ ယနေ့ ပွဲတော်မှ အဖြစ်အပျက် တစ်ခုစီကို သူမ မှတ်မိနေသည်။ အရသာရှိသည့် အစားအသောက်တွေလည်း နှစ်ယောက်သား အတူစားခဲ့ကြပြီး နာမည်ပါသော လက်ပတ်ကလေးများ... စသည်ဖြင့်....
ရိုစီနာ ခေါင်းကို ဖြည်းညှင်းစွာ တစ်ဖက်လှည့်လိုက်သည်။သူမ အကြည့်အဆုံးတွင်ရှိနေသည်မှာ ရာဟန် ပေးထားသည့်ဂီတသေတ္တာဖြစ်သည်။သူမသည် ဂီတသေတ္တာကို အိပ်ယာဘေးမှာချထားပြီးနောက် အဖုံးကိုဖွင့်ကာ ခလုတ်ကို ဖြည်းညှင်းစွာလှည့်လိုက်သည်။ ထို့နောက် အလယ်ဗဟိုရှိ အရုပ်သည် လှည့်ပတ်လာပြီး သီချင်းတစ်ပုဒ် ထွက်ပေါ်လာသည်။ထို့နောက် သူမသည် ဖခင်ဖြစ်သူလိုပင် အီလီယန် ၏ဆံပင်ကို ပွတ်သပ်ပေးလိုက်သည်။ သူမ မျက်လုံးတွေကို ဖြည်းညှင်းစွာမှိတ်ပြီးသောအခါ သူမ အဖေ၏ လက်ကို ခံစားလိုက်ရသည်။ သူမ အိပ်မပျော်သည့်အခါတိုင်း၊ ဖခင်ဖြစ်သူသည် သူမ အနားတွင်နေရန် အလုပ်များသည့် ကြားထဲမှ အချိန်ယူခဲ့ရသည်။
- အဖေ သမီးကို ချစ်တယ် ရိုစီနာ…
သူမ မကြားနိုင်တော့သော ကြင်ကြင်နာနာ အသံသည် နားထဲတွင် မြည်ဟည်းနေရသည်။ ဤဂီတသေတ္တာသည် သူမအတွက် ဖခင်ဖြစ်သူနှင့် အတူရှိခဲ့သော အမှတ်ရစရာများ ကျန်ရစ်ခဲ့သည်။ မိသားစု အခြေအနေ ပိုဆိုးလာသောအခါ၊ မက်စယ်လာ သည် သူမ အဝေးသို့တစ်ခါတစ်ခါ ထွက်သွားစဉ်က ဂီတသေတ္တာကို ရောင်းချခဲ့သည်။ယခုထိ သူမ ရှာမတွေ့ခဲ့ပေ။သို့သော် ယခုလိုမျိုး သူမဆီ ပြန်ရောက်လာမည်ဟု မမျှော်လင့်ထားမိချေ။
သီချင်းပြီးဆုံးသောအခါ ရိုစီနာ သည် ဂီတသေတ္တာကို ပိတ်လိုက်သည်။ ထို့နောက် စောင်ခြုံလိုက်ပြီး အီလီယန် ပါးကို နမ်းလိုက်ကာ မျက်နှာကျက်ကို မော့ကြည့်လိုက်ရာ ရာဟန် မျက်နှာသည် မှိန်ပျသော မျက်နှာကျက်ပေါ်တွင် ပေါ်လာသည်။ သူမ ခေါင်းယမ်းလိုက်သော်လည်း သူ့မျက်နှာက အလွယ်တကူ ပျောက်မသွားသေးပေ။
သူမ ဘာဖြစ်နေတာလဲ…
ဘာကြောင့် သတိတရနဲ့ သူ့အကြောင်း အမြဲတွေးနေမိတာလဲ…
သူမ ထင်မိသည်က သူနှင့်မတွေ့တာ တစ်လကျော်ရှိပြီမို့ ခဏတစ်ဖြုတ်သာ သတိရလိမ့်မည်ဟု တွေးမိသည်။သူမလက်သီးကို ခပ်ဖွဖွ ဆုပ်ထားလိုက်မိသည်။ သို့သော် သူမ လက်ထဲမှာ ရှိနေသည့် နွေးထွေးမှုက မထွက်သွားသေးပေ။သူမ အိပ်ရာပေါ် လှဲချလိုက်သော်လည်း တော်တော် အိပ်ပျော်မည့်ဟန်မတူပေ။ သူနှင့် လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့တာတောင်မှ ယခုလို အတည်ပေါက်ကြီး မတွေးခဲ့ဖူးပေ။အချိန်တန်လျှင် သူမ အဝေးကို ထွက်သွားနိုင်မည်ဟုသာ ပေါ့ပေါ့ပါးပါးသာ တွေးခဲ့မိသည်။
သူက ဘယ်အချိန်ကစလို့ သူမအတွက် ဒီလောက်ကြီးကြီးမားမားဖြစ်လာတာလဲ…ဘယ်ကတည်းကလဲ…
တစ်ရက်တည်းနှင်တော့ ဖြစ်မလာနိုင်ပေ။ရိုစီနာသည် သတိမထားမိဘဲ ဖြည်းဖြည်းချင်း မျက်လုံးမှိတ်ထားလိုက်သည်။ဤခံစားချက်ကို သူမ သတိမထားမိသည့် အချိန်သို့ တိုက်ရိုက် ပြန်သွားချင်မိတော့သည်။သို့သော်၊ ရာဟန် သည် သူမ ဝှက်ထားသောတံခါးကို ဖွင့်ပြီး အထဲကိုတောင် ဝင်ရောက်နေပြီးသား ဖြစ်နိုင်သည်။
ယခု…သူမသည် ဟိုးတုန်းက မက်ခဲ့သည့် အိပ်မက်ကိုသာ မက်ပြန်တော့သည်။
ရုတ်တရက် ရပ်နေသော ရိုစီနာ သည် ဘေးဘီကို လှည့်ပတ်ကြည့်နေသည်။နှင်းဆီပန်းများ ရွှဲရွှဲစို အောင် ပွင့်လန်းနေသော ဤနေရာသည် သူမနှင့် အီလီယန် တို့ ဟိုနေ့က သွားခဲ့သော ရေကန် ကမ်းစပ်ပင် ဖြစ်သည်။ရုတ်တရက် သူမသည် ရယ်သံများ ကြားလိုက်ရတာကြောင့် ဖြည်းဖြည်းချင်း အသံလာရာဘက်ကို လျှောက်သွားကြည့်မိသည်။ သူမ တွေ့ရသည်က ရေကန်ရှေ့မှာ ထိုင်နေသည့် ကောင်မလေးတစ်ယောက်နှင့် ကောင်လေးတစ်ယောက်ကိုပင်။သူတို့ပုံစံက ဟိုတစ်ခါကထက် ပိုပြီးထွားလာကြသည်။သူတို့ နှစ်ယောက်သားမှာ အတူထိုင်ပြီး အကြောင်းအရာ မျိုးစုံကို ချစ်ခင်ကြင်နာစွာ ပြောဆိုနေကြသည်။ အများစုမှာ ကောင်မလေးက ပြောပြီး ကောင်လေးကသာ နားထောင်တတ်သည်။
- မနက်ဖြန်တွေ့မယ်နော်...
ထိုင်ရာမှ မတ်တပ်ရပ်လိုက်သော ကောင်မလေးက တောက်ပစွာပြုံးကာ လက်ကိုဝှေ့ယမ်းရင်း နှုတ်ဆက်လိုက်သည်။ ကောင်လေးက သူမ နှုတ်ဆက်လိုက်သည့်အခါ မျက်နှာပျက်သွားရသော်လည်း ကောင်မလေးသည် တစ်နေရာဆီ ပြေးသွား၏။ ကောင်လေးက ကောင်မလေး ကျောပြင်ကို ငေးတိငေးကြောင် စိုက်ကြည့်နေလေသည်။ အချိန်အတော်ကြာ တုံ့ဆိုင်းသွားပြီးနောက် ကောင်လေးသည် ကောင်မလေး ထွက်သွားသော အရပ်ကို ဦးတည် လျှောက်လာခဲ့သည်။ ကောင်မလေးသည် ရေကန်နှင့် မဝေးသော ရွာတစ်ရွာသို့ သွားနေခြင်း ဖြစ်သည်။ ကောင်လေးက သူမ ခြေရာအတိုင်း လိုက်သွားရာ ရွာသူရွာသားတွေက သူ့ကို မြင်သွားပြီး ညည်းညူကြသည်။
- မင်းကဘာလဲ…မင်းက တစ်ကယ် လူသားဟုတ်လို့လား…
- ထွက်သွား...
ရွာသားတွေက ဦးဆောင်ပြီး ကောင်လေးကို ခြိမ်းခြောက်သဖြင့် ကောင်လေးမှာ ဘာလုပ်ရမှန်းမသိဘဲ ရွာထဲကို ပြေးဝင်သွားတော့သည်။ ထိုအခါ ရွာသားများလည်း ဒေါသထွက်သွားကာ အော်ကြဟစ်ကြပြီး ပြေးလိုက်လာကြတော့သည်။ကောင်လေးက ကောင်မလေးကို တွေ့ချင်သဖြင့် လိုက်လာရသော်လည်း လူတွေက သူ့ကို ပလိပ်ရောဂါလို ရှောင်ဖယ်ပြီး မောင်းထုတ်ဖို့ ကြိုးစားကြသည်။
ထိုစဉ် တစ်ယောက်ယောက်၏ လက်ချက်ကြောင့် ကောင်လေး၏ ခေါင်းကို ကျောက်ခဲလာထိသွားသည်။ ထိုအခါ ကောင်လေးမှာ ထွက်ပြေးလာရင်း မြေပြင်ပေါ် လဲကျသွားလေတော့သည်။ခဏအကြာတွင် ကောင်လေးသည် အသိစိတ်ဝင်လာပြီး ရေကန် ကမ်းစပ်တွင် ဖြည်းညှင်းစွာ ဒူးထောက်လိုက်၍ ရေကန်ထဲက သူ့ပုံရိပ်ကို ကြည့်လိုက်၏။
လူတွေက သူ့ကို ဘာလို့ ဒီလောက် မုန်းနေကြတာလဲ…
-…….
ကောင်လေးက သူ့ကိုယ်သူ သေသေချာချာကြည့်ပြီး ရေရွတ်လိုက်သည်။ တောက်ပသော ရွှေရောင်ဆံပင်နောက်ကွယ်တွင် ဝှက်ထားသော မိုးပြာရောင်မျက်လုံးများသည် ရွာသားများနှင့် ကွဲပြားနေသည်။ ရှည်လျားပြီး ဒေါင်လိုက်ဖြစ်နေသော သူငယ်အိမ်လေးဆီသို့ အလင်းရောင်ဖျော့ဖျော့ တစ်ခု စီးဆင်းလျက် ရှိသည်။ ပျံသန်းနေသော ငှက်ကလေးများသည် ရေကန်ကို ငြိမ်သက်စွာ ငေးစိုက်ကြည့်နေသော ကောင်လေးအား စကားပြော ကြလေသည်။
ထိုအခါ ကောင်လေးမှာ ငှက်ကလေးများ၏ စကားကို လုံးဝ သဘောပေါက်သွားလေတော့သည်။ လူတွေက တိရိစ္ဆာန်တွေနှင့် စကားပြောလို့မရပေ။ သူ့ကိုယ်သူ လူသားဖြစ် ကြောင်း သေချာသိနေတာကြောင့် ထူးဆန်းနေသလိုခံစားရသည်။ထို့ကြောင့်လည်း လူအများက သူ့ကို ဖယ်ကျဥ်နေကြတာဖြစ်နိုင်သည်။ ကောင်လေးသည် လူအများနှင့် ဘယ်လိုမှ မိတ်ဆွေဖွဲ့မပေါင်းသင်းနိုင်တော့ကြောင်း သတိပြုမိသဖြင့် ဝမ်းနည်းပူဆွေးရင်း အချိန်အတော်ကြာ ငိုကြွေးခဲ့သည်။