အပိုင်း ၅၆
Viewers 13k

Chapter 56

နောက်တစ်နေ့မှာတော့ ကောင်လေးဆီရောက်လာသည့် ကောင်မလေးက သူ ငိုနေသည်ကိုတွေ့တော့ အံ့ဩသွားပြီး သူ့အနားကို ကပ်သွားသည်။ သို့သော် ကောင်လေးက ကောင်မလေးကို တွန်းထုတ်လိုက်သည်။

"ငါ မင်းနဲ့ ပေါင်းလို့မရဘူး… ငါက လူသားမဟုတ်ဘူး
..."

ကောင်မလေးက ကောင်လေးကို လှမ်းကြည့်ပြီးနောက် ခါတိုင်းလို ခပ်ကျယ်ကျယ် ရယ်မောလိုက်သည်။

" ဒါလည်း ရပါတယ်…ငါက နင့်ကို ချစ်တာကိုးဟ..."

ထိုစကားများကို ကြားသောအခါ ကောင်လေး မျက်လုံးပြူးသွားသည်။ဤကောင်မလေးကသာ သူ့ကို ပထမဆုံး ချစ်သည်ဟု ပြောသူပင်ဖြစ်သည်။ ထိုအချိန်မှစ၍ ကောင်လေးနှင့် ကောင်မလေးသည် ပို၍ ရင်းနှီးလာခဲ့သည်။ တစ်နေ့မှာတော့၊ကောင်မလေး၏ လက်ထပ်ပွဲ နီးကပ်လာသည့်အခါမှ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးမှာ ခင်မင်ရင်းနှီးမှု သက်သက် မဟုတ်မှန်း သိလိုက်ရသည်။

" ငါ အိမ်ထောင်မပြုချင်ဘူး...ငါ ချစ်တာ နင့်ကိုပါ..."

ကောင်မလေးသည် ရေကန်ဆီသို့ ပြေးသွားပြီး အိမ်ထောင်မပြုမီတွင် ငိုကြွေးနေခဲ့သည်။ ကောင်လေးက ငိုနေသည့် ကောင်မလေးကို ပွေ့ဖက်ထားရင်း အချိန်အတော်ကြာအောင် တိတ်ဆိတ်နေခဲ့ပြီးနောက် ကောင်မလေး၏လက်ကို ကိုင်ကာ လှမ်းခေါ်သည်။

" ငါတို့ သွားကြရအောင်..."

သူတို့နှစ်ဦးသည် ပထမဆုံးအကြိမ် ရေကန်မှ ထွက်လာကြပြီး အခြားမြို့သို့ သွားမည့် ရထားပေါ် တက်ခဲ့ကြသည်။သို့သော် သူတို့ ဘယ်သွားလို့သွားရမှန်း မသိကြသေးပေ။သူမတို့ အတူတူရှိ​နေ​သော​ကြောင့် စိတ်ထဲ ပျော်နေမိတာက အမှန်ပင်။ ခဏအကြာတွင် မြစိမ်းရောင်ပင်လယ်ပြင်သို့ ရောက်ရှိလာသည်။ လှိုင်းလုံးများသည် နေရောင်အောက်တွင် တောက်ပနေသော သဲဖြူဖြူပေါ်တွင် ပျံဝဲနေလေသည်။ ငြိမ်သက်နေသော ပင်လယ်ကိုကြည့်နေရင်း ကောင်လေးသည် ကောင်မလေး၏ လက်ကို ဆုပ်ကိုင်ထားလိုက်သည်။

" တခြားလူတွေနဲ့ ငါ မနေတော့ဘူး…ဒါပေမယ့် မင်းကို ငါပေးမယ်…ငါ့မှာရှိတဲ့ အစွမ်းအားလုံးရဲ့တစ်ဝက်ကိုပေါ့..."

ကောင်မလေးက ကောင်လေးကိုကြည့် ပြီး ခေါင်းကို ဖြည်းညင်းစွာ ညိတ်ကာ သဘောတူလိုက်သည်။ထို့နောက် ကောင်လေးက ကောင်မလေး၏ နဖူးကိူ အနမ်းပေးလိုက်စဉ် အပြာရောင်အလင်းတန်းတစ်ခုက ကောင်မလေးကို ဖုံးလွှမ်းသွားသည်။

"ကိုယ့်ရဲ့ အစွမ်း(power)တွေက မင်းရဲ့နာမည်ပေါ်မှာပဲ တည်ရှိနေတာပါ..."

ထို့နောက် သူ့မျက်လုံးများသည် အပြာရောင်အလင်းတန်းများ လင်းလက်လာသည်။ သူ၏ စွမ်းအင်များက ကောင်မလေးကို လေထုအလွှာတစ်ခုကဲ့သို့ ဖုံးအုပ်ထားပေးလေသည်။ ကောင်မလေးက မျက်လုံးတွေကိုမှိတ်ထားပြီးမှ ဖွင့်ကြည့်လိုက်ရာ ငှက်အော်သံလိုလို၊တစ်ယောက်ယောက်၏ အော်သံမျိုးကို နားထဲမှာ ကြားနေရသည်။မဟုတ်သေး၊ငိုတာ မဟုတ်နိုင်၊ တစ်ယောက်ယောက် စကားပြောနေပုံရသည်။

ထိုထူးဆန်းသော ခံစားချက်ကြောင့် ကောင်မလေးသည် ကောင်လေးကို အံ့သြစွာ မော့ကြည့်လိုက်သည်။ ထိုအခါ ကောင်လေးက အရင်ကထက် ပိုပြီး လေးနက်သည့် မျက်နှာထားနှင့် တိုးတိုးလေး ပြောလိုက်သည်။

"အခု ကိုယ့်ရဲ့အရာအားလုံးကို မင်းပိုင်သွားပြီ.... "

ကောင်လေးက ဖြည်းညှင်းစွာ ပြုံးပြီး သူမလက်ကို နောက်တစ်ကြိမ် နမ်းပြန်သည်။

"ကိုယ် မင်းကို လက်ထပ်ပါရစေ...ရိုစီနာ ..."

***

“ဟား….”

ရိုစီနာ အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူမ ဆံပင်များသည် အေးစက်သော ချွေးများဖြင့် စိုစွတ်နေ၏။ သူမ ပြတင်းပေါက်အပြင်ဘက်ကို ခဏ ကြည့်လိုက်တော့ မနက်အရုဏ်မတက်သေး၍ ပြာလဲ့လဲ့တောက်ပနေ၏။ သူမခုထိ အိပ်မက်နှင့် လက်တွေ့ကို ခွဲခြားလို့ မရသေးပေ။သူမသည် စောင်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး ဘေးတွင် အိပ်နေသော အီလီယန် ကို ငုံ့ကြည့်သည်။ ထိုအချိန်မှပင် သူမမြင်လိုက်ရသည်မှာ အိပ်မက်တစ်ခုဖြစ်ကြောင်း သိလိုက်ရသည်။

"အိပ်မက်ပါလား..."

သို့သော် ထူးဆန်းသည်မှာ သူမ၏မျက်စိရှေ့တွင် ဖြစ်ပျက်သွားသလိုပင် သူမ၏ စိတ်ထဲမှာ ကွက်ကွက်ကွင်းကွင်း ရှိနေခဲ့သည်။

- ရိုစီနာ

သူမ နာမည်ခေါ်သံကို ထပ်ကြားရပြန်သဖြင့် စိတ်ထဲမှာ ရှုပ်ယှက်ခတ်နေတော့သည်။ နောက်ဆုံးအကြိမ် အိမ်မက်တုန်းက ရေကန်ကိုမက်သော်လည်း ဤအိပ်မက်ထဲမှာ မနေ့က သူမ သွားခဲ့သည့် စိမ်းမြမြ ပင်လယ်ပါဝင်နေ၏။

" အိပ်မက်တစ်ခုပဲလား..."

စွမ်းအားတစ်ခုတည်းကို နှစ်ပိုင်းခွဲပြီးတစ်ဝက်ကို ကောင်မလေးကို ပေးလိုက်တယ်တဲ့ ... ဒီအိပ်မက်က သူမကို ဘာပြောချင်တာလဲ… အဲ့ဒီကောင်လေးနဲ့ ကောင်မလေးက ဘယ်သူလဲ…

သို့သော်လည်း ရေကန်နှင့် ပင်လယ်ကလွဲလို့ အိပ်မက်ထဲမှ အရာအားလုံးကို သူမ ပထမဦးဆုံး မြင်ဖူးခြင်း ဖြစ်သည်။ထိုအဆောက်အဦးတွေ၊ အဝတ်အစားတွေကို ဘယ်သူမှ ဝတ်တာ မမြင်ဖူးပေ။

အချိန်အတော်ကြာ စိတ်ထဲ တစ်မျိူးကြီး ခံစားနေရသော ရိုစီနာ သည် နေထွက်လာသည်ကို ကြည့်နေမိသည်။ ထိုအခါ အိပ်ချင်စိတ်ပါ ပြေသွားတော့သည်။ထို့ကြောင့် အီလီယန် မနိုးခင် သူမ အမြန်ရေချိုးလိုက်သည်။ ယနေ့ မနက်စောစောတွင် ပင်လယ်ပြင်မှာ ခဏ ရပ်ကြည့် အပန်းဖြေပြီး တော်ဝင်နန်းတော်ကို ပြန်သွားဖို့ စီစဉ်ထားသည်။

သူမ ရေချိုးနေစဉ် အီလီယန် သည် အိပ်ရာထဲမှနေ၍ မျက်လုံးမဖွင့်ဘဲ အော်ညည်းနေလေသည်။

“ဟင့်အင်း…အင်းးး”

အီလီယန် သည် အိပ်ရာပေါ်ကနေ မထသေးသဖြင့် အလွန်အိပ်ချင်နေတာ ဖြစ်ရမည်။ ထိုသို့ အချိန်အတော်ကြာ အော်နေခဲ့သော အီလီယန် သည် တစ်ဖန် အိပ်ပျော်သွားသကဲ့သို့ တိတ်ဆိတ်သွားသည်။

"အီလီယန်..."

ရိုစီနာ ခေါ်လိုက်သောအခါ၊ အီလီယန် ၏ ခန္ဓာကိုယ်မှာ ဆတ်ကနဲ တုန်လှုပ်သွားသည်။ ထိုအခါ ပိုးကောင်တစ်ကောင်လို အချိန်ဆွဲနေရာမှ ဖြည်းဖြည်းချင်း ထလာပြီး ဝါးကနဲ ကျယ်လောင်စွာ သန်းလိုက်သည်။ ညနေကတည်းက အိပ်နေသော်လည်း ယခုထိ ထချင်သေးပုံမရပေ။ထို့နောက် သူမသည် ယမန်နေ့က ပွဲတော်တွင် ဝယ်ခဲ့သော လက်ပတ်နှင့် ယုန်မျက်နှာဖုံးကို ထုတ်ကာ အီလီယန် အား ပြလိုက်သည်။

" မေမေ့မှာ သားအတွက် လက်ဆောင်တစ်ခုရှိတယ်..."

"လက်ဆောင်..."

"သား မျက်နှာသစ်ပြီးရင် ပေးမယ်..."

ထိုအခါ အီလီယန်သည် ကုတင်ပေါ်မှ ဆင်းကာ ရေချိုးခန်းဆီသို့ ဦးတည်သွားလိုက်သည်။သူမလည်း သားဖြစ်သူကို ကြည်နူးစွာ ကြည့်နေရင်း တံခါးခေါက်သံကို ကြားလိုက်ရသည်။

"ကိုယ် ဝင်လာလို့ရမလား ..."

ရာဟန်၏ အသံပင်ဖြစ်သည်။ မနေ့ညက အိပ်မက်ကို ခဏလောက် သတိရသွားကြောင့် သူမ အံ့အားသင့်နေရာမှ သတိပြန်ဝင်လာရသည်။

"အထဲဝင်ပါ..."

စကားဆုံးသည်နှင့် တံခါးပွင့်လာပြီး ရာဟန် ဝင်လာတော့သည်။ မျက်နှာသစ်ပြီးသွားသော အီလီယန် သည် ရာဟန် ကိုကြည့်နေရင်း အနားမကပ်မီ ခေတ္တရပ်လိုက်သည်။

"သား မျက်နှာသစ်ပြီးပြီ…သားကိုလက်ဆောင်ပေးတော့..."

အီလီယန် သည် ရာဟန် ကို စိုက်ကြည့်ကာ အမေဖြစ်သူက သူ့အတွက် လက်ဆောင်ဝယ်ပေးကြောင်း ရည်ရွယ်ချက်ရှိရှိ အလေးပေးပြောဆိုလိုက်သည်။

"ဒီမှာ..."

ရိုစီနာ က ပြောပြောဆိုဆို ယုန်မျက်နှာဖုံးအား အီလီယန် မျက်နှာပေါ်တွင် တပ်ပေးလိုက်သည်။ထူးဆန်းသည်ဟု ခံစားရသဖြင့် အီလီယန် သည် မျက်နှာဖုံးကို လက်ဖြင့် ကိုင်ထားလိုက်သည်။သူ့ကိုကြည့်ရင်း ရိုစီနာ သဘောကျစွာ ပြုံးလိုက်မိသည်။ရာဟန် မျက်နှာဖုံးတပ်ထားလျှင် ရယ်စရာကောင်းသော်လည်း အီလီယန် နှင့် ကြည့်လို့ကောင်းပေသည်။

"သားအတွက် နောက်ထပ်လက်ဆောင်တစ်ခုရှိသေးတယ်..."

သူမက မျက်နှာဖုံးကို မဖြုတ်ပေးသေးဘဲ လက်ပတ်ကို အီလီယန် ၏လက်ပေါ်တွင် တင်ထားလိုက်သည်။

"အီလီယန်…ဒါက သားနာမည်ပါတဲ့ လက်ပတ်လေ..."

သူက လက်ကောက်ကို ပတ်ကြည့်နေစဉ်၊ အမေဖြစ်သူ၏ လက်ကောက်ဝတ်မှာလည်း အလားတူ လက်ပတ်မျိုး ပတ်ထားသည်ကို တွေ့သွားပြီး အားရပါးရ ပြုံးလိုက်သည်။

"သားတို့လက်ပတ်က အတူတူပဲလား..."

"ဟုတ်တယ်လေ..."

ထိုအခါ အီလီယန်က အောင်ပွဲခံသော မျက်နှာဖြင့် ရာဟန် ကို ကြည့်လိုက်ရာ ရာဟန် မျက်နှာက ဘာမှမဖြစ်သွားသည်ကို တွေ့ရတော့သည်။ထို့နောက် သူက တစ်ဆက်တည်းပင် အင်္ကျီလက်ကို ပင့်တင်ပြီး သူ့လက်ပတ်ကို ပြလိုက် လေ၏။ထိုခဏဝယ် အီလီယန် ၏ ခန္ဓာကိုယ်မှာ အေးစက် တောင့်တင်းသွားသည်။ ကြည့်ရသည်မှာ သူတို့ စုံတွဲ တစ်နေရာရာကို သွားထားခြင်း ဖြစ်ရပေမည်။သူလည်း ဘာမှမသိရသည့်အတွက် သစ္စာဖောက်သလို ခံစားရကာ အော်ဟစ်လိုက်တော့သည်။

"သားကို မခေါ်ဘဲ မေမေတို့က အပြင်ထွက်ပြီး အတူတူ ကစားခဲ့ကြတာလား..."

"အိုး..."

ရိုစီနာ တုံ့ဆိုင်းသွားရသည်။ ပွဲတော်ကိုသွားခဲ့သည်ဟု ပြောလိုက်လျှင် အီလီယန် သေချာပေါက် ငိုသွားတော့မည်ဖြစ်သည်။

ဘာအဖြေစကားမှ မကြားရသောအခါ အီလီယန် စိတ်တိုသွားသည်။

" မေမေ့ကို အရမ်းစိတ်ဆိုးတယ်..."

ထို့နောက် သူသည် နံရံဘက်ကို ပြေးဝင်သွားပြီး သူအရမ်းချစ်သည့် အမေဖြစ်သူကို ချန်ထားခဲ့သည်။ပြေးသွားသည်အထိ ရိုစီနာ ဝတ်ပေးထားသည့် မျက်နှာဖုံးကို မချွတ်ထားသဖြင့် နားရွက်ကြီးတွေက လှုပ်ခါသွားတော့သည်။သေချာပေါက် သူ့ပုံစံကို ကြည့်ပြီး သူတို့နှစ်ယောက်သား ရယ်နေကြမှာ သေချာသည်။

ခရီးရှည်ကြီး ထွက်ပြီးနောက် တတိယမင်းသားနှင့် သူ့မိသားစုကို တင်ဆောင်လာသော ရထားသည် တော်ဝင်နန်းတော်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ တော်ဝင်နန်းတော်သို့ရောက်သည်နှင့် ရိုစီနာ သည် သူမ၏ ခရီးဆောင်အိတ်ကို ပြန်ဖြည်ရသည်။ ခရီးထွက်ရင်းနှင့် သူမ ဝယ်ခဲ့သည့် ပစ္စည်းတွေက အများကြီးရှိသဖြင့် အဝတ်ဗီဒိုကတော့ ပေါက်ကွဲတော့မလို ခံစားရ၏။

သူမသည် အိတ်ထဲမှ အဝတ်များကို ထုတ်နေရင်း ရာဟန် ၏ ဗီဒိုထဲကို ကြည့်လိုက်သည်။သူမ ဗီဒိုက ပြည့်နေပြီး ပစ္စည်းတွေ ထည့်စရာနေရာ မရှိတော့ချေ။ တွေးကြည့်လိုက်လျှင်၊ သူ့ဗီဒိုထဲမှာ ဘာရှိမှန်း သူမ တစ်ခါမှ မမြင်ဖူးပေ။ထို့ကြောင့် သူမလည်း ဗီဒို လက်ကိုင်ကို အသာဆွဲဖွင့်ကြည့်လိုက်သည်။

"ကျွန်မ အဝတ်အစားတွေ ဒီမှာထားလို့ရမလား..."

ရိုစီနာ သည် ဗီဒိုအနားသို့ ချဉ်းကပ်လာသည်နှင့်အမျှ ရာဟန် က သူမအား အမြန်တားထားလိုက်သည်။

"ဗီဒိုထဲမှာ အရေးကြီးတာတစ်ခုရှိလို့..."

ရာဟန် က စိတ်ရှုပ်သွားသလိုမျိုး ဖြစ်နေရင်း ပြောလိုက်သည်။နီရဲနေသည့် သူ့ပါးပြင်တွေကြောင့် တစ်ခုခုကို ဖုံးကွယ်ထားသလားဟု သူမ တွေးမိသည်။ သေချာသည်က ဗီဒိုထဲမှာ သူမကို ပြလို့မရသည့် အရာတစ်ခု ရှိကောင်းရှိနိုင်သည်။တွေးရင်းတွေးရင်း သူမ နည်းနည်းစိတ်ပျက်သွားသည်။ သူ့ကို သူမ မပြောခဲ့သည့် အရာတွေ အများကြီး ရှိသော်လည်း ယခု‌ သူ့မှာ ဖုံးကွယ်ထားစရာ တစ်ခုခု ရှိနေသဖြင့် သူမ အလိုလို ဝမ်းနည်း သွားရ၏။

"ကျန်တဲ့ ခရီးဆောင်အိတ်တွေကို နောက်တစ်ခန်းမှာ ထားလိုက်မယ်လေ..."

ထို့နောက် အစေခံတစ်ဦးက ခရီးဆောင်အိတ်ကို နောက်ခန်းသို့ ရွှေ့ပေးလိုက်သည်။ ခရီးဆောင်အိတ်များအားလုံးကို ရွှေ့ပြီးနောက် အိပ်ခန်းသည် ပုံမှန်အတိုင်း သပ်ရပ်သွားလေသည်။

ရိုစီနာ သည် နောက်ဆုံးတွင် ကုတင်ပေါ်ထိုင်ချလိုက်ပြီး ဗီဒိုကို တစ်ဖန် မော့ကြည့်လိုက်သည်။ သူမ ထိုကိစ္စကိုသာ လွန်လွန်ကဲကဲ မတွေးသင့်မှန်းသိသော်လည်း သူမ စိတ်နှင့်ကိုယ် ကပ်ပြီးနောက်မှာပင် ဗီဒိုကို ဆက်လက်ကြည့်ရှုနေမိသည်။

ရိုစီနာ က သူ့ဗီဒိုနှင့်ပတ်သတ်၍ အနှောက်အယှက်ဖြစ်မှန်းသိနေသဖြင့် ရာဟန် ထိတ်လန့်သွားသည်။သူမ မျက်နှာပျက်နေမှန်း ရိပ်မိသွားသောအခါ သူလည်း ထိုင်ရာမှ ထလိုက်သည်။

"သိချင်ရင် ကိုယ် ဖွင့်လိုက်မယ်..."

သူက တစ်ကယ်ထပြီး ဖွင့်တော့မလိုလုပ်နေသဖြင့် သူမ ခေါင်းခါလိုက်သည်။

"မဟုတ်ပါဘူး…ကျွန်မ ဘာမှ မသိချင်ဘူး..."

သူမက ပြောသာပြောသော်လည်း သူမ မျက်လုံးတွေကို ဗီဒိုကနေ လုံးဝ မခွာနိုင်ခဲ့ပေ။

ဗီဒိုထဲမှာ ဘာတွေရှိနေတာလဲ…

သိပ်တော့ ကောင်းသောကိစ္စမဟုတ်ဟု သူမ တွေးမိသည်။ ယခုအချိန်အထိ ရာဟန် သည် သူမအား ဖုံးကွယ်စရာ ဘာမျှမရှိခဲ့သောကြောင့် ပို၍ပင် သံသယဖြစ်စရာဖြစ်နေမိသည်။သို့သော်လည်း သိသာသွားမှာစိုး၍ အတင်းမတိုက်တွန်းချင်ပေ။နှစ်ယောက် အတူတူနေထိုင်ဖို့အတွက် တစ်ယောက်နှင့်တစ်ယောက်၏ privacy ကို လေးစားဖို့ လိုအပ်ပေသည်။

ရာဟန် သည် ဗီရိုရှေ့မှာရပ်မြဲ ရပ်နေပြီး သူမကို လှမ်းကြည့်နေသောအခါ သူမ ခေါင်းကို တစ်ဖက်လှည့်လိုက်သည်။ သူမသည် ဗီဒိုထံမှ စိတ်အာရုံကို ဖယ်ထုတ်ရန် တွေးနေမိသဖြင့် တစ်ခုခုလုပ်ရန် စာများစုပုံနေသည့် စားပွဲနားကို လျှောက်သွားလိုက်သည်။ သူမ အဝေးမှာ အချိန်အတော်ကြာနေခဲ့သဖြင့် စာတွေက ခါတိုင်းထက် နှစ်ဆ ပိုများနေလေသည်။

ရိုစီနာ သည် စားပွဲမှာထိုင်ပြီး အထူးခြားဆုံးဖြစ်နေသည့် ရွှေရောင်စာအိတ်ကို ကောက်ယူလိုက်သည်။ စာအိတ်၏ အနားစကို ဘုရင်မ တံဆိပ်ဖြင့် တံဆိပ်ခတ်ထားသည်။သူမလည်း တစ်ချက် လန့်သွားပြီး စာအိတ်ကိုဖွင့်လိုက်ရာ ချောမွေ့နူးညံ့သော စာရွက်တစ်ရွက် ထွက်ပေါ်လာသည်။ ပထမစာကြောင်းကို ဖြည်းညှင်းစွာ ဖတ်ကြည့်သောအခါ တခြားလူများထံ ပေးပို့ရန်အတွက် ရေးထားသည်ကို သူမ တွေ့မြင်ရသည်။ သူမလည်း အသေးစိတ်လေ့လာရန် မလိုအပ်သော အကြောင်းအရာများကို ဖယ်ထုတ်ပြီး စာ၏ အဓိကအချက်ကို ဖတ်ကြည့်လိုက်သည်။

[ဂုဏ်သရေရှိ အမျိုးသမီးတွေရဲ့ ချစ်ကြည်ရင်းနှီးမှုအတွက် အမဲလိုက်ပြိုင်ပွဲကို ကျင်းပတော့မှာ ဖြစ်ပါတယ်…အဲ့ဒီအခါသမယမှာ တောက်ပနိုင်ပါစေ]

"အမဲလိုက်ပြိုင်ပွဲ..."

သူမ စာကိုဖတ်ပြီး တစ်ခုခုများ မှားနေသလားဟု တွေးမိပြန်သည်။ သို့သော် မြင့်မြတ်သော အမျိုးသမီးများကို စုဝေးပြီး မြေခွေးများအား အမဲလိုက်ရန် ဖိတ်ကြားထားကြောင်း ရှင်းရှင်းလင်းလင်း ရေးသားထားခြင်း ဖြစ်သည်။ မြေခွေးများကို အမဲလိုက်ခြင်းသည် မိသားစုအားလုံးနှင့် ရင်းနှီးနေသော အမဲလိုက်နည်းပင်ဖြစ်သည်။

အမျိုးသားများ အမဲလိုက်ခြင်းသည် ရက်စက်ကြမ်းကြုတ်ပါက၊ အမျိုးသမီးများ အမဲလိုက်ခြင်းကမူ ပြေပြစ်ချောမောစွာ အန္တရာယ်ကင်းစေရန် အဓိကထား လုပ်ဆောင်ခြင်း ဖြစ်သည်။ တစ်ကယ်တမ်းတွင် အမဲလိုက်ခြင်းမှာ လူမှုရေးအရ ပြုလုပ်သည့် ပွဲတစ်မျိုးသာ ဖြစ်ပေ၏။

ရိုစီနာ သည် စာကိုကိုင်ပြီး ခဏ တွေးမိလိုက်သည်။ ယခုအချိန်အထိ သူမသည် အမဲလိုက်ခြင်းကို တစ်ခါမှ နည်းစနစ်တကျ မပြုလုပ်ခဲ့ဖူးပေ။ ရံဖန်ရံခါတွင် သူမ၏ ဖခင် အမဲလိုက်ထွက်သည်ကို ဝါသနာတစ်ခုအဖြစ်သာ သူမ မြင်ခဲ့သည်။

"အဲ့ဒီစာက ဘာတဲ့လဲ..."

သူမ မသိလိုက်ခင်မှာ ရာဟန်က နောက်မှာလာရပ်ပြီး ရုတ်တရက်မေးလိုက်တာကြောင့် သူမ အံ့သြသွားပြီး စာကို ချထားလိုက်သည်။ရာဟန် ၏ ကိုယ်သင်းရနံ့သည် သူမစိတ်ထဲရောက်လာသောကြောင့် သူမဘာကိုမှမတွေးနိုင်ဘဲ ခဏတာ ထိုင်နေလိုက်သည်။သူမလည်း သူ့ဆီမှာ မိန်းမောနေမိရာမှ အသိပြန်ဝင်လာပြီး ခေါင်းယမ်းလိုက်သည်။ယခုအချိန်ထိ သူမသည် သူနှင့်ပတ်သတ်လျှင် စိတ်ပျက်လို့တစ်ခါမှမရဖူးပေ။

"အမဲလိုက်ပြိုင်ပွဲရှိမယ်တဲ့..."

"ဘုရင်မ ပို့လိုက်တာလား..."

"ဟုတ်​တယ်​ ကျွန်မကို ​သေချာ​ပေါက်​ ပါခိုင်းနေတာ ဖြစ်မယ်​..."