အပိုင်း ၅၇
Viewers 15k

Chapter 57

အတိုင်းအတာတစ်ခုအထိ မြင့်မြတ်သော အမျိုးသမီးအားလုံး ပါဝင်ရန် လိုအပ်‌နေခြင်းဖြစ်သည်။ မင်းသား၏ဇနီးသည်ဖြစ်သူ ရိုစီနာ သည် အခြားသူများရောက်လာတာတောင်မှ ဝင်မပါလျှင် တော်တော်ရုပ်ဆိုးသွားပေမည်။

“… ဒါနဲ့ ကျွန်မတို့မှာ ယဉ်ပါးတဲ့ မြေခွေးတွေ မရှိဘူး”

မြေခွေးမရှိလျှင် သိမ်းငှက်ကို တစ်ခါတစ်ရံ ယူဆောင်လာ၍ ရသော်လည်း တတိယမင်းသားနန်းတော်တွင် သီးခြားအစောင့်အကြပ်မရှိသောကြောင့် ယဉ်ပါးသော တိရစ္ဆာန်များမရှိပေ။

"တစ်ကယ်တော့ ကိုယ် မင်းကို မပါစေချင်ဘူး…ဒီလိုမျိုးသာ ထပ်ဖြစ်ရင်…”

ရာဟန် သည် ရိုစီနာ ကို စိုးရိမ်နေဟန်ဖြင့် ကြည့်လိုက်သည်။ ဘုရင်မက သူမကို ပါးရိုက်ပြီးကတည်းက ရာဟန် ဟာ သူမတို့နှစ်ဦးကို တွေ့ခွင့်ပေးဖို့ တွန့်ဆုတ်နေခဲ့သည်။

စိတ်ပူနေသော သူ့မျက်လုံးများကြောင့် ရိုစီနာသည် ကိုယ့်လက်ကိုယ်ကို ဖျစ်ညှစ်နေမိသည်။

"ကျွန်မက ရပါတယ်..."

သူမက တိုးတိုးပြောပြီး ရာဟန် ၏ မျက်လုံးများကို ကြည့်လိုက်သည်။ သူမ၏ မယိမ်းယိုင်သော မျက်လုံးများသည် ရာဟန် တွေးထားသည်ထက် များစွာ အားကောင်းနေ၍ သူ အနည်းငယ် စိတ်သက်သာရာ ရသွားသည်။

"ဒါဆို ကိုယ်က အစောင့်ကို ခေါ်ပြီး မြေခွေးကို ထိန်းဖို့ ကြိုးစားလိုက်မယ်..."

“မဟုတ်ဘူး...”

သူမက ယုံကြည်မှုအပြည့်နှင့် ပြောလိုက်သည်။

"ယဉ်ပါးတဲ့ အကောင်ကို မလိုပါဘူး..."

***

ရိုစီနာ သည် သူမ၏ ၀တ်စုံကို ပထမဆုံးအကြိမ် ပြောင်းဝတ်ခဲ့သည်။ သူမအမြဲတမ်း ဂါဝန်၊စကတ်များကိုသာ ဝတ်တတ်တာမို့ ဘောင်းဘီကြပ်ကြပ်များ ဝတ်ရသည်မှာ သိပ်အဆင်မပြေပေ။ထို့နောက် သူမသည် ဒူးအထိရှည်သည့် ဘွတ်ဖိနပ်ကို ဝတ်ဆင်လိုက်ပြီး ဆံပင်ကို ကျစ်ပြီး ဆံထုံးအဖြစ် လိပ်တင်ထုံးထားလိုက်သည်။ နောက်ဆုံးတွင် သူမသည် အလျားကျယ်သည့် ဦးထုပ်ကြီးကို ဝတ်ဆင်ကာ မှန်ရှေ့တွင် ရပ်ကြည့်လိုက်သည်။ မှန်ထဲမှာ ထင်ဟပ်နေသည့် သူမ၏ ပုံရိပ်ဟာ အတော်လေးကို ထူးထူးခြားခြားပင်။

"ဟိုင်း"

သူ့ခေါင်းကို သူမခြေဖဝါးနှင့် လာပွတ်နေသည့် မြေခွေးကို ငုံ့ကြည့်လိုက်သည်။ဤမြေခွေးသည် တော်ဝင်နန်းတော်တွင် ပုန်းအောင်းနေသည့် မြေခွေး တစ်ကောင်ဖြစ်ပြီး လွန်ခဲ့သော နှစ်ပတ်က သူမ တွေ့ရှိပြီး နန်းတော်သို့ ခေါ်လာခဲ့ခြင်းဖြစ်သည်။ ထိုအချိန်ကတည်းက သူမသည် ထိုမြေခွေးနှင့်အတူ လှည့်ပတ်ကာ အမဲလိုက်တတ်ရန် သင်ပေးခဲ့သည်။

တစ်ယောက်နှင့်တစ်ယောက် နားလည်လာသည့်အခါ သင်ကြားရတာ မခက်ပေ။ သို့သော် သူမသည် စိတ်ပျော်ရေးအတွက် တိရစ္ဆာန်များကို မသတ်ချင်ပေ။ထို့ကြောင့် မြေခွေးအား ယုန်ကို မသတ်ဘဲ ဘယ်လိုဖမ်းရမလဲဆိုသည်ကို သင်ပေးရင်း အလုပ်ရှုပ်နေခဲ့ရ၏။

ရိုစီနာ က မြေခွေး ခေါင်းကို ပုတ်လိုက်သည့်အခါ မြေခွေးက ကျေနပ်စွာ ရယ်မောလိုက်သည်။

“…ဟား”

(မြေခွေးအော်သံ)

အတန်းပြီးသောအခါ၊ အီလီယန် သည် သူ့ကုတင်ပေါ်တွင် ထိုင်နေရင်းက မကျေမနပ်ဖြစ်ကာ မြေခွေးကို ငုံ့ကြည့်လိုက်သည်။ ထိုမာနကြီးသော မြေခွေးသည် ရိုစီနာ ၏အချစ်ကို လက်ဝါးကြီးအုပ်နိုင်ခဲ့ပြီး အချိန်တိုအတွင်း သူသည် တတိယမင်းသားနန်းတော်၏ ဒုတိယအရေးပေးခံရသူ ဖြစ်လာခဲ့သည်။ရာဟန် နှင့် အီလီယန် တို့ကို စိတ်မသက်မသာ ဖြစ်စေခဲ့ပြီး ရိုစီနာ ကိုသာ စိတ်ကျေနပ်မှုပေးနိုင်ခဲ့၏။နောက်ဆုံးအကြိမ်က သူ့ကို ကြိမ်းမောင်းဖို့ ကြိုးစားသော်လည်း သူ့အမြီးကြီးနှင့် လာရိုက်သဖြင့် စိတ်ဆိုးသွားရလေသည်။

ရိုစီနာ အခန်းထဲမှ ခဏထွက်သွားပြီးနောက်၊ အီလီယန် နှင့် မြေခွေး သာကျန်ခဲ့သဖြင့် အီလီယန် က မြေခွေးကို ငုံ့ကြည့်ကာ ပြောလိုက်သည်။

"ဒီနေ့ပြီးရင် မင်းအပြင်မှာ အိပ်ရမယ်..."

မြေခွေးက ခေါင်းညိတ်ပြ၍ ညည်းတွားပြီး တစ်ခုခုပြောလိုက်ရာ အီလီယန် စိတ်ဆိုးသွားတော့သည်။

"မရယ်ပါနဲ့…ငါကတော့ မင်းကို အိမ်မွေးတိရစ္ဆာန်အဖြစ် ထားမှာ မဟုတ်ဘူးနော်..."

ထို့နောက် မြေခွေးက ကုတင်ပေါ်ကို ခုန်တက်လာပြီးနောက် နှစ်ယောက်သား စကားများ ရန်ဖြစ်ကြစဥ် တံခါးပွင့်လာပြန်သည်။

“အီလီယန်…”

အီလီယန် သည် မြေခွေး၏ အမြီးကို ကိုင်ထားတာကို မြင်သောအခါ ရိုစီနာ လန့်သွားရသည်။ထိုအခါ အီလီယန် ကအမြီးကို လွှတ်ပေးလိုက်ရာ မြေခွေးသည် ရိုစီနာ ဆီကို ပြေးသွားခဲ့သည်။ ထို့နောက် မြေခွေးက စိတ်မကောင်းဖြစ်ချင်ဟန်ဆောင်ပြီး အသံထွက်၍ တစ်ခုခု တိုင်တန်းနေတာကြောင့် အီလီယန် တရားမမျှတသလို ခံစားနေရ၏။သူ့ဒေါသတို့ ပေါက်ကွဲသွားသလို ခံစားလိုက်ရသော်လည်းခုအခြေအနေက ထိုသို့ လုပ်၍ အဆင်မပြေလှပေ။

"အီလီယန်…သူ့အမြီးကို မကိုင်နဲ့နော်…. အမြီးဆိုတာ တိရိစ္ဆာန်တွေရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းပဲ”

“…အမ်…သား မှားသွားပါတယ်"

အီလီယန် က ချက်ချင်းတောင်းပန်ပြီး အောက်ကိုငုံ့ကြည့်လိုက်တော့ မြေခွေးက သူ့ပါးစပ်ကို ရှေ့ခြေသည်းတွေဖုံးထားရင်း ပြုံးနေသည်ကို တွေ့လိုက်ရသည်။

"အီလီယန်…မေမေ ခဏ အပြင်ထွက်ဦးမယ်…ဒီမှာ သား အေးအေးဆေးဆေး နေလို့ရမလား..."

အီလီယန် က ခေါင်းညိတ်ပြရင်း သူမကို ကြည့်ကာ ပြောလိုက်သည်။

"မေမေက အရမ်းလှနေတာပဲ"

ထိုစကားတစ်ခွန်းက ရိုစီနာ ကို စိတ်ဆိုးပြေပြီး ပြုံးစေခဲ့သည်။ ထို့နောက် သူမက ကလေး၏ပါးကိုနမ်းလိုက်ပြီး သူ့ခေါင်းကို ပုတ်ပေးလိုက်သည်။

"ကောင်းကောင်းနေနော်"

ထို့နောက် ရိုစီနာ သည် မြေခွေးနှင့်အတူ နန်းတော်မှ ထွက်လာခဲ့သည်။ နန်းတော်ရှေ့တွင် လေ့ကျင့်ထားသော မြင်းတစ်ကောင်သည် သူမ ကို ငြိမ်သက်စွာ ရပ်စောင့်နေသည်။သူမက မြင်း၏ ကျောပြင်ကို ပုတ်ပေးလိုက်သည်။

"ကျေးဇူးပြုပြီး ဒီနေ့ ငါ့ကို ဂရုစိုက်ပေးနော်"

ထိုအခါ မြင်းကလေးက တစ်ချက်ဟီပြပြီး ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူမသည် နန်းတော်မှ မြင်းစီး၍ ထွက်လာခဲ့သည်။အမဲလိုက်ပြိုင်ပွဲကျင်းပသည့်နေရာသည် တော်ဝင်နန်းတော်ပိုင် သစ်တောတစ်ခုဖြစ်သည်။သစ်တောကို တော်ဝင်နန်းတော်မှ စီမံခန့်ခွဲထားတာကြောင့် အန္တရာယ်ရှိသော တိရစ္ဆာန်များမရှိသည့်အပြင် လူနေထိုင်၍တောင် ရပေ သည်။

ယနေ့ အီဘယ်လာ လည်း အမဲလိုက်ရန် ရောက်လာမည်ဖြစ်ကြောင်း ရိုစီနာ သတင်းရထားသည်။ သူမသည် မြေခွေးကို သင်ပေးရင်း မြင်းစီးကျင့်နေတာကြောင့် အီဘယ်လာကို မတွေ့တာကြာပြီဖြစ်သည်။ အချိန်အတော်ကြာပြီးမှ သူငယ်ချင်းနှင့် တွေ့ဆုံရမည့်အတွက် သူမ အနည်းငယ် စိတ်လှုပ်ရှားနေမိလေသည်။

သေချာသည်ကတော့ သူမ မုန်းတီးသည့် မျက်နှာတစ်ခုကို ကြည့်ရမှာဖြစ်သည်။သို့သော် သူမ ကြောက်စိတ်တော့ရှိမနေချေ။သူမလည်း သတ်မှတ်ထားသည့် နေရာကို ​ရောက်သောအခါ အမျိုးသမီးအများစု ရောက်နှင့်နေကြလေပြီ​။ အများစုမှာ ပြီးခဲ့သည့် လက်ဖက်ရည်သောက်ပွဲတွင် တွေ့ခဲ့ရသူများ မဟုတ်ဘဲ သူမတို့ပုံစံမှာ အမဲလိုက်ခြင်းထက် ချစ်ကြည်ရင်းနှီးမှု တည်ဆောက်ရန် အာရုံစိုက်နေပုံရသည်။ သူမတို့သည် မလိုအပ်ဘဲ ကြီးမားပြီး အမိုက်စား ဦးထုပ်များကို ၀တ်ဆင်ထားကြ၍ မြင်းစီးသည့် ဝတ်စုံများကိုလည်း အလှဆင်ထားကြသေးသည်။

သို့သော်လည်း ရိုစီနာ မျက်လုံးကို ဖမ်းစားသွားတာက တခြားအရာတစ်ခုပင်။ ငွေရောင်မြေခွေးများမှ အစပြု၍ အမျိုးကောင်းသမီးများသည် ‌သူတို့ ခေါ်လာသော မြေခွေးများကို ကြိုးဖြင့် ချည်နှောင်ကာ ဆွဲထားကြသည်။ ထိုသို့သော မြေခွေးများသည် လူ့လက်ထဲတွင် ကြာမြင့်စွာ ချုပ်နှောင်ခံထားရသဖြင့် အရိုင်းမဆန်ကြတော့ချေ။သို့သော်လည်း ထိုသို့လူယဉ်ပါး မြေခွေးလေးများကို အမဲလိုက်ရန် ခေါ်လာကြပြီဖြစ်ပေသည်။သူမသည် မြေခွေးများကို သနားလာကာ တစ်ချက်ကြည့်လိုက်လျှင် မြေခွေးတွေကလည်း သူမကို ညည်းညူပြကြ၏။

ရိုစီနာ ပေါ်လာသောအခါ စကားပြောနေသော အမျိုးသမီးများသည် ရပ်ပြီး အဝေးကို မျှော်ကြည့်ကြသည်။

“သူမက…”

ထို့‌နောက် သူတို့အချင်းချင်း တိုးတိုးပြောကြသည်။ ရိုစီနာ သည် မြင်းပေါ်မှ ဖြည်းညှင်းစွာ ဆင်းကာ ပတ်ဝန်းကျင်ကို လှမ်းကြည့်သည်။ ထို့နောက် အဝေးမှ အမျိုးသမီးတစ်ဦးသည် အများ၏ အာရုံကို ဖမ်းစားလိုက်သည်။သေချာပေါက်၊ ဒုတိယမင်းသမီးလေး အာဆီလီယာ ပင်ဖြစ်လေသည်။ အာဆီလီယာသည် ခေါင်းကို တည့်တည့်ထားကာ သူမဆီကို လျှောက်လာနေသည်။ နောက်ဆုံးအကြိမ် လက်ဖက်ရည်သောက်ပွဲမှာ သူမ တွေ့ခဲ့ရသည့် အမျိုးသမီးတွေက သူမ နောက်မှ တသွေမတိမ်း လိုက်လာကြပြီး ခြံရံထားကြပုံမှာ ဘုရင်တစ်ပါးလိုပင်။

"မတွေ့တာကြာပြီနော် တတိယမင်းသမီး..."

သူမသည် ပြောပြာဆိုဆို ရိုစီနာအား ခေါင်းမှ ခြေဖျားအထိကြည့်လိုက်သည်။ သူမပုံစံမှာ တစ်စုံတစ်ခုကို အရယူရန် စိတ်အားထက်သန်နေပုံရသည်။ သို့သော်လည်း သူမ ဝတ်စားလာသည်က သာမာန်မျှသာပင်။ တခြားသူတွေလောက် မဆန်းသော်လည်း သပ်ရပ်ပြီး အထည်က အသားကောင်းသည်။ အာဆီလီယာက သူမကို စူးစိုက်ကြည့်နေရင်း စကားစလိုက်တော့သည်။

"ဒါက တတိယမင်းသမီးရဲ့ မြေခွေးလား..."

မြင့်မြတ်သော အမျိုးသမီးတစ်ဦးအတွက် သူမ၏ မြေခွေးမှာ ရိုးရှင်းလွန်းလှသည်။

"ဘာမျိုးလဲ…မျိုးရိုးရှိလား..."

အာဆီလီယာ က အားနည်းချက်ကိုထောင်ပြပြီး မျက်ခုံးပင့်ကာ မေးလိုက်သည်။ ရိုစီနာ ကလည်း သူမ၏ ရည်ရွယ်ချက်တွေကို မြင်ပြီး အေးအေးဆေးဆေး ဖြေလိုက်၏။

"မင်းသမီး မြင်တဲ့အတိုင်းပဲ…သူက အင်ပါယာမှာ တွေ့ရအများဆုံး မြေခွေးပါပဲ… ပြီးတော့ သူ့မှာ သီးခြားမျိုးရိုးလည်း မရှိပါဘူး...”

ရိုစီနာ ၏အဖြေသည် သူမကို အံသြသွားစေသည်။ အမဲလိုက်ရန်အတွက် တော်ဝင်မိသားစုများ မွေးမြူထားသော မြေခွေးအများစုသည် မျိုးရိုးကောင်းသည့် မြေခွေးများမှ ပေါက်ဖွားလာခြင်းဖြစ်သည်။သို့သော်လည်း ရိုစီနာ၏ မြေခွေးကမူ မျိုးရိုးလည်းမရှိသလို တောတောင်တွေ ဆီသွားသည့်အခါ အကိုက်ခံရလေ့ရှိသည့် သာမာန် မြေခွေးနီတစ်ကောင်ပင် ဖြစ်နေသည်။

"အိုး…မင်းသမီးက တောင်ပေါ်ကနေတော့ ကောက်လာခဲ့တာမဟုတ်ဘူးမလား..."

ထိုအခါ သူမ အနောက်မှာ ရပ်နေသည့် အမျိုးသမီးငယ်တွေက ရယ်မောလိုက်ကြသည်။ ရိုစီနာ သည် မြေခွေးတစ်ကောင် မွေးမြူရန် ငွေကြေး မတတ်နိုင်သဖြင့် တွေ့ကရာမြေခွေးရိုင်းတစ်ကောင်ကို ခေါ်လာသလားဟု ရွဲ့စောင်းကာ မေးလိုက်ခြင်း ဖြစ်သည်။

"မင်းသမီးက ဘယ်လိုလုပ်ပြီး သိတာလဲ..."

ရိုစီနာ ၏မေးခွန်းကြောင့် အာဆီလီယာ ဘာမှမပြောနိုင်ဘဲ မယုံနိုင်သော အကြည့်ဖြင့် မြေခွေးကို ကြည့်ကာ မေးသည်။

"တောင်ပေါ်ကနေ တစ်ကယ် ကောက်လာတာလား..."

"ဟုတ်ပါတယ်…ညီမက နောက်နေတယ်လို့ ထင်လို့လား..."

ရိုစီနာ ၏အဖြေကြောင့် သူမ မျက်နှာသည် အနည်းငယ်နီမြန်လာပြီး အရှက်ပြေအောင် တခြားသူများ၏ မျက်လုံးတွေကို သတိထားပြီး လှည့်ကြည့်ကာ ပြောလိုက်သည်။

"ဒီလို အဆင့်နှိမ့်တဲ့မြေခွေးနဲ့ ယုန်ကိုဘယ်လိုများ ဖမ်းမလဲဆိုတာ အစ်မ စောင့်မျှော်နေပါ့မယ်ကွယ်..."

ရိုစီနာ သည် အထင်အမြင်သေးနေသော အာဆီလီယာ ကိုကြည့်ရင်း ဒူးထောက်ထိုင်ချကာ မြေခွေး၏ ခေါင်းကို ကိုင်လိုက်သည်။ သူမသည် ဤမြေခွေးကို တောင်ပေါ်မှ ယူလာခြင်းမဟုတ်သော်လည်း တောဝင်နန်းတော်တဝိုက်တွင် သူ့ဘာသာ လှည့်လည်ကျက်စားနေသောကြောင့် သာမာန် မြေခွေးဖြစ်ကြောင်း လုံးလုံးမမှားပေ။

သို့ သော်လည်း သူမကမူ ကိုယ့်မြေခွေးကသာ အကောင်းဆုံးဖြစ်ကြောင်း ယုံကြည်ထားလေသည်။ ဘုရင်မကို စောင့်ဆိုင်းနေစဉ်၊ ရိုစီနာ သည် အဝေးက လူတစ်ယောက်နှင့် စကားပြောနေသည့် ရာနီယာ ကို တွေ့သွားရသည်။ ရာနီယာ လည်း ဖိတ်စာရထားခြင်း ဖြစ်နိုင်ပြီး သူမက သိမ်းငှက်တစ်ကောင်ကို ခေါ်လာသည်။ သူမ မြင်မြင်ချင်းပင် ထိုသိမ်းငှက်ကို သတိပြုမိသည်။ ထိုသိမ်းငှက်မှာ၊အမဲလိုက်ဖို့အတွက် အဖေဖြစ်သူ မွေးမြူထားသည့် သိမ်းငှက်တစ်ကောင်ပင်။ဖခင်လက်ထက်ကတည်းက သုံးခဲ့ရသဖြင့် အမဲလိုက်ဖို့ အသက်ကြီးနေသော်လည်း ရာနီယာ မှာ တခြားတိရစ္ဆာန်မရှိသလို မျိုးရိုးလည်း ကောင်းတာကြောင့် ခေါ်လာပုံရ၏။

ရိုစီနာ ၏မျက်လုံးများကို ခံစားမိသွားသော ရာနီယာ က မော့ကြည့်လိုက်သည်။ မျက်လုံးချင်းဆုံလိုက်သောအခါ သူမက ခေါင်းကို မောက်မာစွာ ချာကနဲတစ်ဖက်လှည့်ပစ်လိုက်သည်။ သူမက ဦးစွာ လျစ်လျူရှုခဲ့ခြင်းကို ရိုစီနာ သူမ စိတ်ထဲက ပြုံးနေမိတော့သည်။ ယခုတော့ ရာနီယာ နှင့် သူမတို့မှာ ဆက်စပ်မှု ဘာမှ မရှိတော့ဟု သူမ ခံစားမိသဖြင့် စိတ်မကောင်း မဖြစ်သလို မည်သည့်ခံစားချက်မျှ မခံစားရပေ။

"မင်းသမီး..."

တစ်စုံတစ်ယောက်၏ ခေါ်သံကြောင့် ရိုစီနာ သည် ခေါင်းကို တစ်ဖက်လှည့်လိုက်ရာ အီဘယ်လာ ဖြစ်နေ၏။သူမသည်လည်း ဤစုဝေးပွဲ၏ ရည်ရွယ်ချက်ကို မမေ့မလျော့နှင့် သပ်ရပ်စွာ ၀တ်ဆင်ထားသည်။သူမတို့နှစ်ယောက်ကသာ အမဲလိုက်ပြိုင်ပွဲအတွက် သပ်ရပ်ရိုးရှင်းစွာ ၀တ်ဆင်လာခဲ့ကြသူများပင်။

"မတွေ့ရတာကြာပြီနော်..."

အီဘယ်လာ က နှုတ်ဆက်စကား ဆိုလိုက်လျှင် သူမသည် အေးဆေးစွာပင် ပြုံးနေခဲ့သည်။အီဘယ်လာ ပေါ်လာသောအခါ တခြားသူများက သူမကို စူးစိုက်ကြည့်နေကြသည်။ယနေ့ခေတ်၏ လူမှုကွန်ရက်(social network)လောကတွင် အကျော်ကြားဆုံး လူနှစ်ယောက်သည် အတူတကွ ရပ်နေကြတာကြောင့် အာရုံစိုက်နေခြင်းဖြစ်နိုင်သည်။ အီဘယ်လာ ကို နှုတ်ဆက်ရန် စိတ်အားထက်သန်သူများသည် သူမ ဘေးတွင်ရှိနေတာကြောင့် ချဉ်းကပ်ရန် မဝံ့မရဲဖြစ်နေကြသည်။

"အစ်မ ညီမအတွက် လက်ဆောင်ဝယ်ထားတယ်…ဒါကြောင့် မပြန်ခင်နန်းတော်ကို ဝင်ခဲ့ဦးနော်"

"လက်ဆောင်..."

အီဘယ်လာ မျက်လုံး ပြူးသွားသည်။ ရိုစီနာ ခရီးထွက်ခဲ့သည်ဟု ကြားထားသော်လည်း လက်ဆောင်ရဖို့ သူမ မမျှော်လင့်ထားပေ။

အီဘယ်လာ နှင့် ရိုစီနာ တို့ စကားအနည်းငယ်ပြောနေကြစဉ် မြင်းခွာသံကို ကြားလိုက်ရသည်။ ထို့နောက် ဝတ်ကောင်းစားလှ ဝတ်ဆင်ထားသော လက်ထောက်များက ဘေးချင်းကပ်စီးကြပြီး ဘုရင်မသည် အလယ်ဗဟိုရှိ မြင်းပေါ်၌ စီးလျက်လိုက်ပါလာသည်။ ဘုရင်မသည် အမြဲလိုလို မောက်မာသော မျက်နှာထားသာ ရှိဟန်တူသည်၊ယခုလည်း မျက်နှာထားက ဆူပုပ်တင်းမာနေ၏။ အာဆီလီယာ သည် ဘုရင်မကို အတုယူရန် ပြင်းပြင်းထန်ထန် ကြိုးစားခဲ့သော်လည်း ဘုရင်မလို ကြောက်စရာမကောင်းပေ။ ပတ်ဝန်းကျင်ကို ကြည့်နေသော ဘုရင်မ၏ မျက်လုံးများသည် ရိုစီနာ ထံမှာ ခဏရပ်သွားသည်။ ထို့နောက် သူမသည် အကြည့်ပြန်လွှဲကာ မြင်းပေါ်မှ မဆင်းဘဲ အမျိုးသမီးများကို ငုံ့ကြည့်နေသည်။

"ဒီနေ့ မြေခွေးအမဲလိုက်ပွဲကို တက်ရောက်လာတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်..."

ကျေးဇူးတင်ကြောင်းကို ရိုးရိုးရှင်းရှင်းပြောပြပြီး သူမဘေးနားရှိ အစေခံကို လက်ယပ်ခေါ်သည်။

“သားကောင်အများကြီးဖမ်းမိတဲ့ သူတွေအတွက် လက်ဆောင်လေးတစ်ခုရှိတယ်...”

ထိုအခါ အစေခံက သေတ္တာသေးသေးလေး တစ်လုံးကို ထုတ်လိုက်သည်။ အဖုံးဖွင့်လိုက်သောအခါတွင် ရွှေနှင့် နီလာ ရောစပ်ထားသည့် ရင်ထိုးတစ်ခု ပေါ်လာပြီး အမျိုးသမီးများကြားတွင် အာမေဍိတ်သံများ ထွက်ပေါ်လာသည်။ဤသည်မှာ တစ်ချိန်က ဘုရင်မ ဝတ်ခဲ့သည့် ရင်ထိုးတစ်ခုပင်။ မိဖုရားကို မနာလိုသော အမျိုးသမီးများသည် ရင်ထိုးကို မက်မောစိတ်တို့ ဖြစ်‌တည်နေကြသည်။

"စလိုက်ကြစို့..."

ဘုရင်မ၏စကားသံနှင့်အတူ အစေခံက ကျွဲချိုကိုမှုတ်လိုက်ရာ ထိုအသံက တောအုပ်ကို လွှမ်းခြုံပြီး သစ်ပင်တွေပေါ်မှာ နားနေသည့် ငှက်တွေခမျာ ထိတ်လန့်ကာ ကောင်းကင်ကို ပျံတက်သွားလေသည်။ထိုအခါ အမျိုးသမီးတွေက သူတို့ယူလာသည့် တိရိစ္ဆာန်တွေ၏ ချည်ထားသည့် ကြိုးကို ဖြည်လိုက်ကြသည်။ သို့သော်လည်း ဖြည်ထားသော မြေခွေးများသည် တောထဲကို မပြေးဘဲ ရုတ်တရက် ထကာ ရိုစီနာ ဆီသို့ ပြေးလာကြ‌တော့သည်။

“!”