အပိုင်း ၅၈
Viewers 13k

Chapter 58

မြေခွေးတွေက ရိုစီနာ ကို ဒုက္ခပေးမည်ဟု သူတို့ ထင်နေတာကြောင့် လူတိုင်း ထအော်ကြသည်။ သို့သော် ရိုစီနာ ဆီသို့ ပြေးလာသော မြေခွေးများသည် သူမရှေ့တွင် ရပ်ကာ အမြီးများကို ဝှေ့ယမ်းကာ နှုတ်ဆက်လိုက်ကြသည်။ သူတို့ကြည့်ရသည်မှာ ကောင်းကောင်းလေ့ကျင့်ထားသည့် ခွေးတွေလိုပင်ဖြစ်နေသည်။

ရိုစီနာ သည် ထိုမြေခွေးများကို တစ်ချက်ကြည့်ကာ လက်ကမ်းလိုက်ရာ မြေခွေးတွေက သူမ လက်ကို လျှာနှင့် လျက်ကြတော့သည်။ထူးဆန်းသော မြင်ကွင်းကြောင့် လူတိုင်း မှင်တက်မိနေကြသည်။ သူတို့ မျက်စိနှင့် မြင်ရတာတောင်မှ မယုံနိုင်လောက်အောင် အံ့သြနေသည့် မျက်နှာထားများနှင့်ပင်။ မြေခွေးက ဘယ်လောက်ပဲ ယဉ်ပါးနေပါစေ၊ သူစိမ်းတစ်ယောက်ကို ယခုလို ကြင်နာပြဖို့ မဖြစ်နိုင်ပေ။ထို့အပြင်၊ တစ်ကောင် ၊နှစ်ကောင်လည်း မကပေ။မြေခွေးအများစုသည် သူမ ပတ်လည်တွင် ဝိုင်းရံနေသည်။ မြေခွေးများသည် သူမကို သဘောကျနေပုံရပြီး အမြီးများကို အားတက်သရော ဝှေ့ယမ်းကာ သူမလက်ကို ပါးနှင့် ပွတ်သပ်နေကြတော့သည်။

"အဲ့ဒါ…”

ထိုမြင်ကွင်းကို ရူးသွပ်စွာကြည့်နေသော အာဆီလီယာ သည် ရိုစီနာ ရှေ့တွင် ချစ်စဖွယ်ကောင်းအောင် လုပ်ပြ‌နေသော သူမ မြေခွေးကိုတွေ့သောအခါ လက်သီးကို တင်းတင်းဆုပ်ထားလေသည်။သူမ၏ မြေခွေးသည် ဉာဏ်ကောင်းသော်လည်း သူမ စကားကို နားမထောင်ခဲ့ဖူးပေ။ သို့သော်လည်း ယနေ့မှ ပထမဆုံးမြင်ဖူးသည့် ရိုစီနာ ဆီကို ဝမ်းသာအားရ အမြန်ပြေးသွားလေ၏။သူမ စိတ်တိုကာ မြေခွေးကို လှမ်းခေါ်လိုက်သော်လည်း သူက အဖက်တောင်မလုပ်ပေ။ဘုရင်မရှေ့မှာ ဆဲဆိုကြိမ်းမောင်း လို့လည်းမဖြစ်တာကြောင့် မျက်နှာကိုသာ ရှုံ့မဲ့ရတော့သည်။

"မင်းသမီး....အဆင်ပြေရဲ့လား"

အီဘယ်လာသည် နောက်ပါအစေခံများနှင့်အတူ ဖြူဖျော့သော မျက်နှာဖြင့် ပေါ်လာသည်။ မြေခွေးတွေက ရိုစီနာ ကို တိုက်ခိုက်နေသည်ထင်ပြီး သူမ အံ့သြသွားပုံရသည်။

ထိုအခါ ရိုစီနာ က ဘာမှမဟုတ်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။

"ရပါတယ်..."

ရိုစီနာ က ဘေးပတ်ဝန်းကျင်ကို စူးစူးဝါးဝါး စိုက်ကြည့်ရင်း တိုးတိုးလေး ပြောလိုက်သည်။ ထိုအခါ မြေခွေးများမှာ ဝမ်းနည်းနေသည့် မျက်နှာများနှင့် ဘေးကို ဆုတ်ခွာသွားကြသည်။ သူတို့သည် ပိုင်ရှင်ဘက်ကို ပြန်လာကြသော်လည်း ရိုစီနာကို စိုက်ကြည့်နေကြမြဲပင်။ထိုမှသာ အမျိုးသမီးများသည် ဒေါသစိတ်ပြေသွားကြပြီး သူမတို့ မြေခွေးများကို စပြီး ကြိမ်းမောင်းကြသည်။

ရိုစီနာ ၏မြေခွေးသည် အခြားမြေခွေးများကို လှည့်ပတ်ကြည့်ရှုပြီး ဂုဏ်ယူသောမျက်နှာထားဖြင့် ကြိတ်ရယ်လိုက်သည်။မြေခွေးတွေထဲမှာ အောင်နိုင်သူက မြေခွေးပင်ဖြစ်သွားသည်။ သူမ အနီးနားက လူတွေလည်း တဖြည်းဖြည်း ကွဲကွာသွားစဉ် အီဘယ်လာ က ကြောက်ရွံ့နေဟန်ဖြင့် ပြောလိုက်သည်။

“မြေခွေးတွေ ရုတ်တရက် ပြေးလာတာကို ကျွန်မတောင် အရမ်းအံ့သြသွားတယ်..."

“ပိုင်ရှင်တွေက သူတို့နဲ့ မကစားလို့ ပျင်းနေတာ ဖြစ်ရမယ်…ကဲ အစ်မတို့သွားကြမလား..."

ရိုစီနာ သည် မြင်းပေါ်ကို ချက်ချင်းခုန်တက်လိုက်ပြီး ဇက်ကြိုးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ တောထဲသို့ ဦးတည်သွားခဲ့သည်။ အီဘယ်လာ သည်လည်း မကြာမီ မြင်းပေါ်တက်ကာ ရိုစီနာ နှင့်အတူယှဉ်၍ လိုက်လာခဲ့သည်။

ထို့နောက် စတင်အမဲလိုက်ပြီး အလုပ်များလာကြသည်။တစ်ချို့ အမျိုးသမီးများသည် စောစောစီးစီး အမဲဆက်မလိုက်ကြတော့ဘဲ နောက်သို့ ဆုတ်သွားသော်လည်း အများစုမှာ ဘုရင်မပေးမည့် ရင်ထိုးကို လိုချင်သောကြောင့် အမဲဆက်လိုက်ကြသည်။

" ကျား..."

အရပ်ရပ်မှ အော်သံများ ထွက်ပေါ်လာသည်။ အများစုမှာ လက်သပ်မွေးမြူထားသည့် မြေခွေးများကို ခေါ်လာသောကြောင့် စကား ကောင်းစွာ နားမထောင်ဘဲ အမဲလိုက်ရန် ငြင်းဆန်သော မြေခွေးများ ရှိကြသည်။ တချို့မြေခွေးတွေကမူ မတ်တပ်တောင်မရပ်ဘဲ ခွေအိပ်နေကြ၏။ အမဲလိုက်ဖို့တောင် မသိနားမလည်သည့် အိမ်မွေးတိရိစ္ဆာန်လေးတွေကို ခေါ်လာရသလိုပင်။

"ဘာမှ မပြင်ဆင်လာကြဘူးမသိ..."

အာဆီလီယာ သည် ပြဿနာတက်နေသော အမျိုးသမီးများကို ကြည့်ကာ သူမ၏ မြေခွေးကို ငုံ့ကြည့်နေလိုက်သည်။ သူမ၏ မြေခွေးသည် အမဲလိုက်သော မြေခွေးများထဲမှ အကောင်းဆုံးမျိုးသန့်ဖြစ်သည့် အမွှေးကောက်ပြီး ရွှေရောင်ရှိသည့် မြေခွေး မျိုးဖြစ်သည်။ထိုမျိုးများသည် ထက်မြက်ပြီး သခင်အပေါ် သစ္စာစောင့်သိကာ အလွန်ကောင်းမွန်စွာ အမဲလိုက်တတ်ပေသည်။ ထို့အပြင် သူ့ကို တော်ဝင်နန်းတော်မှာ အစောင့်အကြပ်များက စီမံခန့်ခွဲပြီး ပုံမှန်လေ့ကျင့်ပေးထားခြင်းဖြစ်သည်။

ရိုစီနာ သည် အာဆီလီယာ ကိုင်ထားသည့် သေတ္တာကို တစ်ချက်ကြည့်လိုက်သည်။ သေချာသည်က သူမသည် နောက်များမကြာမီ စတားဖြစ်လာပြီး ရင်ထိုးပိုင်ရှင် ဖြစ်လာပေတော့မည်။

"ဒီလမ်းက သွားရအောင်..."

ထို့နောက် အာဆီလီယာက ရင်ထိုးဘူးကို ပြန်ချကာ တစ်ခြားအမျိုးသမီးတွေကို တစ်ဖက် ခေါ်သွားလေသည်။

***

သိမ်းငှက်များသည် ကောင်းကင်တွင် မြင့်မားစွာ ပျံသန်းနေကြပြီး ရိုစီနာ က မြင်းကို သာမာန် အရှိန်ဖြင့် မောင်းနှင်ခဲ့သည်။ သစ်ရွက်ခြောက်တက်နင်းသံများနှင့် တောအုပ်ထဲတွင် နေထိုင်သော တိရစ္ဆာန်မျိုးစုံတို့၏ အသံများက သူမ နားထဲကို တိုးဝင်လာရသည်။ စိမ်းလန်းသည့် တောအုပ်အလယ်မှာ ရပ်၍ သူမ အသက်ပြင်းပြင်းရှူလိုက်ရာ သန့်ရှင်းလတ်ဆတ်သောလေသည် အဆုတ်ထဲသို့ ဝင်ရောက်လာတော့သည်။

သူမ၏ မြေခွေးသည် တောထဲသို့ လျင်မြန်စွာ ပြေးသွားခဲ့သည်။သူသည် တောထဲတွင်နေထိုင်ခဲ့ပြီး တော်ဝင်နန်းတော်၌ တစ်ဖန် ပုန်းအောင်းနေထိုင်ခဲ့တာကြောင့် သစ်တောက သူ့အိမ်လိုဖြစ်နေရ၏။ ဟိုဒီ ပြေးလွှားနေသော မြေခွေးသည် မကြာမီ ယုန်တစ်ကောင်ကို တွေ့ရှိသွား၍ လန့်ဖျပ်သွားသော ယုန်သူငယ်မှာ ချက်ချင်းပင် ထွက်ပြေးသွားတော့သည်။ ထိုအခါ မြေခွေးကလည်း ယုန်ကလေးကို အမြန် လိုက်ရှာနေတော့သည်။ ခဏအကြာတွင်၊ မြေခွေးသည် ပါးစပ်ထဲမှာ ယုန်တစ်ကောင်နှင့်အတူ သူမအနားကို ချဉ်းကပ်လာတော့သည်။

ရိုစီနာ သည် မြင်းပေါ်ကဆင်းပြီး ယုန်ကို စစ်ဆေးကြည့်ရာ အတင်းအားသုံးပြီး ကိုက်ခဲထားတာ မဟုတ်သည့်အတွက် ထိခိုက်ဒဏ်ရာ ရှိမနေပေ။သူမ မြေခွေးကို အချိန်ကုန်ခံပြီး သင်ပေးရကျိုးနပ်ပေသည်။ထို့နောက် သူမသည် ကြောက်လန့်နေရှာသည့် ယုန်ကို စကားပြော၍ မထိခိုက်အောင် အေးအေးဆေးဆေး နေခိုင်းလိုက်သည်။ ထို့နောက် ယုန်ကလေးက သစ်ပင်အောက်တွင် လှဲလျောင်းကာ သေဆုံးသွားဟန်ဆောင်လိုက်တော့သည်။

"တော်တယ်ကွာ..."

မြေခွေးသည် ရိုစီနာက ချီးမွမ်းလိုက်၍ တခစ်ခစ်ရယ်ကာ ထွက်ပြေးသွားတော့သည်။ထို့နောက် သူမလည်း စိတ်လှုပ်ရှားနေသော မြေခွေးနောက်မှ မြင်းစီး၍ လိုက်သွားခဲ့သည်။

တစ်ကောင်၊ နှစ်ကောင်…

တစ်ဖြည်းဖြည်း မြေခွေးသယ်လာသော သားကောင် အရေအတွက်သည် ဆက်များပြားလာသည်။ နောက်ပိုင်းတွင် တောထဲရှိ တိရစ္ဆာန်ငယ်လေးများသည် သူမ ရှေ့ကို တစ်ကောင်ပြီးတစ်ကောင် ရောက်လာတော့သည်။ သေဆုံးဟန်ဆောင်နေသည့် တိရစ္ဆာန်များ စုပုံလာသောအခါ၊ တစ်ခြားနေရာတွင် အမဲလိုက်နေသော အီဘယ်လာ သည် သူမဆီကို လျှေက်လာ၍ အံဩနေတော့၏။

"အများကြီးပဲ...အစ်မက အရမ်းအံ့သြဖို့ကောင်းတာပဲ"

“အစ်မက ဘာမှ မလုပ်ခဲ့ပါဘူးလေ…တစ်ကယ်က မြေခွေးက တော်တာပါ..."

အီဘယ်လာ က ခေါင်းညိတ်ပြသော်လည်း သူမကို မချီးမွမ်းဘဲ မနေနိုင်ပေ။

နေက တဖြည်းဖြည်း နိမ့်ဆင်းသွားချိန်မှာ ရိုစီနာ ၏သားကောင်ပုံကြီးက ပိုပိုမြင့်လာသည်။ထို့ကြောင့် တိရစ္ဆာန်များ၏ ပူးပေါင်းဆောင်ရွက်မှုကို ကျေးဇူးတင်ရပေသည်။ အမဲလိုက်ပြီးသွားသောအခါ၊အခြားသူများကို မတွေ့အောင် ရှောင်ရှားရင်း တောထဲပြန်ပို့ရန် စီစဉ်ထားခဲ့သည်။

“ဒီလောက် အလုပ်ကြိုးစားလိမ့်မယ်လို့ မရည်ရွယ်ထားဘူး…”

သူမသည် သားကောင်ကို ငုံ့ကြည့်ရင်း ရေရွတ်လိုက်သည်။ သူမက သာမာန်ကာလျှံမည်ကာသာ လုပ်မည်ဟု တွေးထားသော်လည်း ယခုတော့ ရပ်တန့်လို့မရတော့ပြီ။ပထမဆုအဖြစ် ရင်ထိုးလေးရလာလျှင် သူမတို့မိသားစု အသက်မွေးဝမ်းကြောင်းပြုဖို့ အထောက်အကူဖြစ်မည်ဟု သူမ တွေးခဲ့ခြင်းဖြစ်သည်။

အို…ရောင်းလို့ဖြစ်ပါ့မလား…

သူမ မကောင်းတာတစ်ခုခုလုပ်ဖို့ တွေးနေချိန်မှာပင် ခေါင်းပေါ်ကို အရိပ်တစ်ခု ဖြတ်သန်းလာသည်။သူမလည်း မိုးပေါ်ကို မျှော်ကြည့်လိုက်သောအခါ သိမ်းငှက်တစ်ကောင်သည် သူမ ခေါင်းအနီးကို ပျံသန်းလာနေခြင်းဖြစ်သည်။ သိမ်းငှက် ပျံသန်းနေပုံမှာ မတည်မငြိမ်ဖြစ်နေ၍ ပြုတ်ကျသွားတော့မလိုပင်။သူမ အံ့သြသွားပြီး လက်ကို ဆန့်ထုတ်ပေးလိုက်ရာ အောက်ပြုတ်ကျနေသော သိမ်းငှက်သည် သူမ လက်ပေါ်ကို ဖြည်းညှင်းစွာ ဆင်းသက်လာသည်။

“…အာ”

သူမလည်း လက်ပေါ်တွင်ကျနေသောသိမ်းငှက်၏ အမွေးများကိုစစ်ဆေးပြီးနောက် ရာနီယာ ခေါ်လာသောသိမ်းငှက်ဖြစ်ကြောင်း သဘောပေါက်သွားသည်။ တစ်ချိန်က သူမ အဖေ ချစ်မြတ်နိုးခဲ့သည့် သိမ်းငှက်လေးပင်။ အသက်အရွယ်ကြီးရင့်လာသောကြောင့် အချိန်ကြာမြင့်စွာပျံသန်းလိုက်လျှင် သူ့ကိုယ်သူ ဟန်ခက်ညီအောင် ကောင်းစွာထိန်းနိုင်တော့ဟန် မတူပေ။ သူမ အဖေအသက်ရှိစဥ်ကတည်းက မွေးထားခဲ့သဖြင့် အသက်တော်တော်ကြီးနေပြီ ဖြစ်သည်။ သူမသည် သိမ်းငှက်၏ မျက်လုံးများကို သနားစိတ်ဖြင့် ကြည့်လိုက်သည်။

"ဒါ ဘာလုပ်နေတာလဲ..."

ရိုစီနာ သည် ခပ်ဝေးဝေးမှ အသံကြောင့် ခေါင်းကို မော့လိုက်ရာ ရာနီယာ က မြင်းဇက်ကြိုးကို ကိုင်ကာ ရပ်နေသည်ကို တွေ့ရလေသည်။ထို့နောက် ရာနီယာ သည် သူမ၏ မြင်းအနားကို အမြန်ရောက်လာပြီး သူမလက်မောင်းမှာ သိမ်းငှက် နားနေတာကိုမြင်တော့ စိတ်ဆိုးသွားသလိုပင်။

"အဲ့ဒါ ကျွန်မရဲ့ အကောင်လေ"

“ငါသိပါတယ်..."

ရိုစီနာက ရာနီယာ ကို တည့်တည့်ကြည့်ရင်း ပြောလိုက်သည်။

ထို့နောက် ရာနီယာသည် လက်နှစ်ဖက်ကို ဆန့်တန်းကာ သိမ်းငှက်ကို ယူလိုက်သည်။ သိမ်းငှက်သည် လက်ဖြင့်ဖျစ်ညှစ်ခံရသည့်အတွက် နာကျင်နေသော်လည်း အသံထွက်ရန် ခွန်အားမရှိရှာပေ။ထို့နောက် သူမသည် ရိုစီနာ ခြေရင်းမှာ သားကောင်တွေ စုပုံနေတာကို တွေ့လိုက်ရသည်။

“အဲ့ဒီသားကောင်တွေကို ကျွန်မရဲ့ သိမ်းငှက်က ဖမ်းလာတာမဟုတ်ဘူးလား…မင်းသမီးရဲ့ မြေခွေးက ဘယ်လိုလုပ်ပြီး ဖမ်းနိုင်မှာတဲ့လဲ..."

အစ်မဟု မသုံးနှုန်းတော့သည့် ရာနီယာ က ရိုစီနာ ဘေးက မြေခွေးကို လှမ်းကြည့်သည်။အခြားသော အမျိုးကောင်းသမီးများ၏ မြေခွေးများနှင့် နှိုင်းယှဉ်ပါက သူမ၏ မြေခွေးသည် သာမန်မျှသာဖြစ်ပြီး သားကောင်များစွာကို မဖမ်းမိနိုင်ဟု ရာနီယာ တွေးထားပုံရသည်။ သူမလည်း ဘာပြောဦးမလဲဆိုသည့်သဘောနှင့် လက်ကိုဟန်ပါပါပိုက်ထားလိုက်၏။

"ကဲ…ကျွန်မရဲ့ သိမ်းငှက် ဖမ်းမိထားတဲ့ သားကောင်ကို ပြန်ပေးပါ..."

အနီးကပ်ကြည့်လျှင် သိမ်းငှက်သည် သားကောင်ကို ဖမ်းရန် ခွန်အားမရှိကြောင်း တွေ့နိုင်ပေသည်။

“ငါ နင့်ကို ပေးစရာ မရှိဘူး…ဘာလို့လဲဆိုတော့ ငါ့မြေခွေးက အားလုံးကို ဖမ်းမိထားလို့ပဲ..."

"ကျွန်မကို မလိမ်ပါနဲ့..."

"နင်မယုံရင် နင့်ရဲ့ သိမ်းငှက်ကို ကြည့်လိုက်ပေါ့..."

ရိုစီနာ ၏စကားကြောင့် ရာနီယာ သည် သူမ လက်ထဲတွင်ရှိသော သိမ်းငှက်ကို ငုံ့ကြည့်လိုက်သည်။ တုန်လှုပ်နေသော သိမ်းငှက်သည် သူမ အတွက် အနည်းငယ် ထူးဆန်းနေသည်။ မနက်က ခေါ်လာတုန်းက ယခုလို ပုံစံမဟုတ်ပေ။ထို့နောက် သူမ တစ်ခုခုတွေးမိသွားပြီး ခေါင်းတဆတ်ဆတ်ညိတ်ကာ မေးလိုက်သည်။

"မင်းသမီး တစ်ခုခုလုပ်ခဲ့တာမဟုတ်လား..."

“အံသြစရာပဲ...”

ထို့နောက် ချက်ချင်းပင် မြေခွေးသည် ကျယ်လောင်သော အသံဖြင့် ဟိန်းဟောက်လိုက်သည်။ ခြိမ်းခြောက်သလို လုပ်လိုက်တာကြောင့် ရာနီယာ ဆတ်ကနဲ တုန်လှုပ်သွားသည်။ သို့သော် သူမ နောက်ပြန်မဆုတ်ပေ။

"ကျွန်မ အကောင်က နေကောင်းပါတယ်..."

ထို့နောက် သူမက သိမ်းငှက်ကို ဆောင့်ခါပြလိုက်ရာ သိန်းငှက်ကလေးသည် ဖြည်းညှင်းစွာ အတောင်ပံခတ်စပြုလာသည်။သူမက ရိုစီနာ ရှေ့မှာအောင်ပွဲခံပြချင်သော်လည်းရန် သိမ်းငှက်သည် ယိမ်းထိုးစပြုလာကာ အခြေအနေမကောင်းပေ။ သူမလည်း အရှက်ခွဲခံရသဖြင့် ရှက်သွားကာ အော်ဟစ်လိုက်သည်။

"ငတုံး…ငါ နင့်ကို အခုထိ ကျွေးမွေးပြုစုနေတာလေ…ငါ့ကို ကျေးဇူးမကန်းနဲ့..."

သိမ်းငှက်လည်း ဟန်ချက်ပျက်သွားသောအခါ၊ ရာနီယာ သည် ချက်ချင်းပင် အတင်းတွန်းထုတ်ပြီး အပျံခိုင်းနေတော့သည်။

"သူ့ဟာသူနေပါစေ..."

ရိုစီနာ ပဲ့တင်သံကဲ့သို့ ပျံ့နှံ့သွားပြီး သစ်တောများထဲထိပါ တုန်ခါသွား၍ ပျံ့နှံသွားရသည်။ ထိုအခါ မုန်တိုင်းကျလာသလိုမျိုး သစ်ပင် အကိုင်းအခက်တွေ က ကြွေကျလာသည်။ရာနီယာ သည် ပုံမှန်မဟုတ်သော ခံစားချက်ကြောင့် ​ခေါင်းကို ​မော့ကာ ပတ်​ပတ်လည်​ကို ကြည့်​လိုက်​သည်​။

"ကျွီ"

တောထဲရှိ ငှက်မျိုးစုံတို့သည် ရာနီယာ ဆီသို့ ပျံဆင်းလာပြီး သူမ ခေါင်းနှင့် အဝတ်များကို နှုတ်သီးများဖြင့် ထိုးဆိတ်ကြသည်။သူမက လက်ခါ၍ ခြောက်လှန့်နေသော်လည်း ငှက်များက ပို၍ပြင်းထန်စွာပင် ထိုးဆိတ်ကြပြန်သည်။ကြာတော့ သူမ သည်းမခံနိုင် အရူးလို အော်ဟစ်ပြီး တောထဲကို ဝင်ပြေးတော့သည်။

ထိုအခါ ငှက်များက အဆက်မပြတ် ညှဉ်းဆဲကြ၍ အသက်ရှုမဝဘဲ မောဟိုက်လာသည်အထိ သူမလည်း ပြေးတော့သည်။ သူမ အကြိမ်ပေါင်းများစွာ လဲကျပြီး သူမအကြိုက်ဆုံး ၀တ်စုံ ညစ်ပတ်သွားသော်လည်း သူမ ဝတ်စုံကို ခေါင်းထဲတောင် မထည့်အားပေ။ အချိန်အတော်ကြာအောင် လိုက်ဖမ်းနေသည့် ငှက်တွေလက်ထဲမှ သူမ လွတ်မြောက်ဖို့ ခဲယဉ်းလှသည်။ အတန်ကြာတော့ သူမသည် သစ်ပင်ရှေ့တွင်ရပ်ပြီး လေကိုတစ်ဝကြီးရှူရှိုက်လိုက်သည်။

"...ဘာဖြစ်တာလဲ..."

ငှက်တွေက သူမဆီကို တညီတညွတ်တည်း ပြေးလာသည့်အခါ တစ်ကယ်ကို ကြောက်သွားရ၏။ခဏကြာသော် မျက်ရည်ဖြိုင်ဖြိုင်ကျလာပြီး ငှက်များ ထိုးဆိတ်ထား၍ ဖွာလန်ကျဲနေသော ဆံပင်များကို ပြုပြင်လိုက်သည်။ သူမသည် ယနေ့အတွက် သူ့ကိုယ်သူ အလှဆင်ထားသော်လည်း အရာအားလုံးသည် ခေါင်းမှ ခြေဖျားအထိ ရှုပ်ပွနေခဲ့သည်။

ထို့နောက် သူမသည် မြင်းကို တစ်ကောင်တည်းထားခဲ့ကာ ထွက်ပြေးသွားခဲ့သည်။ပြေးရင်းလွှားရင်း သူမ အဝတ်အစားတွေကို တတ်နိုင်သမျှ ပြင်ဖို့ကြိုးစားနေစဉ် သူမ အတွေးထဲမှာ နစ်ဝင်သွားမိသည်။ စကားမစပ်၊ ငှက်များမတိုက်ခိုက်မီ အော်ဟစ်ခဲ့သူမှာ ရိုစီနာပင် ဖြစ်သည်။

“ဟင်…ဘာလဲ”

အမဲလိုက်သည့် အစောပိုင်းတွင် မြေခွေးများသည် ရိုစီနာ ဆီသို့ တန်းပြေးခဲ့ကြသည်။ ဤထူးဆန်းသောမြင်ကွင်းနှစ်ခုသည် သာမာန် တိုက်ဆိုင်မှုမဟုတ်ပေ။ စဉ်းစားကြည့်ပါက၊ရိုစီနာသည် ငယ်စဉ်ကတည်းက တိရစ္ဆာန်များနှင့် အမြဲအတူရှိနေခဲ့သူ ဖြစ်သည်။ တိရိစ္ဆာန်တွေက သူမ နောက်ကို အမြဲ ကောင်းကောင်းလိုက်ကြပြီး တိရိစ္ဆာန်တွေနှင့် စကားပြောနေတာကိုလည်း သူမကိုယ်တိုင် မြင်ဖူးသည်။ထိုစဉ်ကတော့ သူမမှာ သူငယ်ချင်းမရှိသဖြင့် တိရိစ္ဆာန်များနှင့် စကားပြောနေသည်ဟု ထင်ခဲ့ဖူးသည်။

ရာနီယာ မျက်မှောင်ကြုတ်လိုက်သည်။ ငှက်တွေက သူမကို တိုက်ခိုက်အောင် လုပ်ခဲ့သူမှာ ရိုစီနာ လားတောင် မသိပေ။ ရိုစီနာ သည် တိရိစ္ဆာန်များနှင့် ဆက်သွယ်ပြောဆိုနိုင်သည်ကို သူမ မယုံနိုင်ဖြစ်ကာ စိတ်ဆိုးနေမိသည်။ထို့ကြောင့် သူမသည် ရိုစီနာ ကို အချိန်အတော်ကြာ ကျိန်ဆဲလိုက်နေတော့လေသည်။

"အခု ငါ့ သိမ်းငှက်ကလည်း ပျောက်သွားပြီ… ငါ ဘာလုပ်ရမလဲ..."

သိမ်းငှက်နှင့် ပထမနေရာကို ရည်မှန်းဖို့ မဖြစ်နိုင်တော့ပေ။ သူမ အဖေအနားမှာရှိတုန်းက သိန်းငှက်သည် သားကောင်မျိုးစုံကို ဖမ်းမိခဲ့သည်။သို့သ်ောလည်း ယခု အိုနေပြီဖြစ်၍ အသုံးမ၀င်တော့ပေ။သူမ အခု ဘာဆက်လုပ်ရမလဲဆိုသည်ကို စဉ်းစားနေတုန်း အနီးနားက အသံကျယ်ကြီး ကြားလိုက်ရသည်။ သူမသည် အသံကြားရာဆီသို့ လှမ်းကြည့်လိုက်ရာ မြင်းစီး၍ အမျိုးသမီတစ်စု သူမဘက်ကို လာနေမှန်း တွေ့လိုက်ရသည်။