Chapter 59
ရှေ့ဆုံးကမြင်းဖြူကို မြင်လိုက်သည့်အခါ ရာနီယာ၏ မျက်လုံးတွေ တောက်ပလာရ၏။ မြင်းဖြူစီးသူမှာ ဒုတိယမင်းသမီး အာဆီလီယာ ဖြစ် နေသည်။ သူမလည်း ရွှေအခွင့်အရေးတစ်ခုဟု ယူဆလိုက်သည်။ အာဆီလီယာ ဦးဆောင်သော မိတ်ဆွေးအသိုင်းအဝိုင်းငယ်လေးသည် တော်ဝင်လူ့အဖွဲ့အစည်းကို ချုပ်ကိုင်ထားသည်။
အဖွဲ့၀င် အမျိုးသမီးတစ်ဦးက တစ်ခုခု ဝင်ရောက်ပြောဆိုလိုက်လျှင်ပင် သူမပတ်ဝန်းကျင််မှာ ရုန်းရင်းဆန်ခတ်ဖြစ်သွားတတ်သည်။ထို့ကြောင့် အာဆီလီယာ တို့အသိုင်းအဝိုင်းကို သူမ သဘောကျသည်။သူမတို့လို နာမည်ပျက် မိသားစုကို အဖက်တစ်ခါမှမလုပ်ခဲ့ဘဲ ယခုမှ လာဖိတ်ခြင်းဖြစ်လေသည်။ ယခုမှစပြီး သူမသည် အာဆီလီယာနှင့် နီးစပ်လာပေလိမ့်မည်။
"အား..."
ရာနီယာ သည် အချိန်မီပင် မြေပြင်ပေါ်သို့ လဲကျသွားဟန်ဆောင်လိုက်သည်။ ထိုအခါ အာဆီလီယာနှင့် မြင်းစီးလာသော အမျိုးသမီးတို့သည် ရပ်လိုက်ကြ၏။ အာဆီလီယာ သည် မြင်းပေါ်မှနေ၍ သူမကို ငုံ့ကြည့်ရင်း သူမ ခန္ဓာကိုယ်အား စိုက်ကြည့်မိသောအခါ သနားစိတ်တို့ဖြစ်လာရလေသည်။
"အဆင်ပြေရဲ့လား..."
အာဆီလီယာက မြင်းပေါ်က မဆင်းဘဲ မေးလိုက်သည်။ ယခုလို ကလေးအထာတွေနှင့် သူမဆီကို ချဉ်းကပ်သူ များလွန်းတာကြောင့် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်မိသည်။ သို့သော် သူမ ဂရုစိုက်ရသည့် အကြောင်းရင်းမှာ သူမ၏ နာမည်ဂုဏ်သတင်းကြောင့် ဖြစ်သည်။
"အိုး…ဟုတ်ကဲ့…ကျွန်မ အဆင်ပြေပါတယ်..."
ရာနီယာ ဖြည်းညှင်းစွာထလာပြီး သနားစရာကောင်းသော မျက်နှာဖြင့် အာဆီလီယာ ကို မော့ကြည့်လိုက်သည်။သူမ အနီးတစ်ဝိုက်မှာ ဘယ်သူမှမရှိဘူးဆိုတာကို အာဆီလီယာ သဘောပေါက်သွားပြီး မေးလိုက်၏။
"မြင်းမပါဘဲ ဒီကို ဘယ်လိုရောက်လာတာလဲ ..."
"ကျွန်မရဲ့ သိမ်းငှက်နဲ့ မြင်းပျောက်သွားခဲ့တာပါ..."
အာစီလီယာ၏ မျက်နှာတွင် မထီမဲ့မြင်ပြုသော အမူအရာ ပေါ်လာသည်။ ယခုလို ထူးထူးဆန်းဆန်း နည်းမျိုးနှင့် သူမကို ချဉ်းကပ်ဖို့ လုပ်ကြသူများစွာ ရှိပေသည်။ အထူးသဖြင့် အဆင့်အတန်းနိမ့်သူများပင် ဖြစ်သည်။သူမ ရာနီယာ ကို တစ်ချက်ကြည့်လိုက်သည်။ သပ်ရပ်သောဆံပင်နှင့် အဝတ်အစားများက ယခုတော့ ရယ်စရာပုံစံ ဖြစ်ကာ ဖက်ရှင်မကျတော့ပေ။နဂိုကမူ ဈေးအကြီးဆုံးအ၀တ်အစားများကို ၀တ်ဆင်ထားပုံရသည်။သို့သော် ဝတ်စုံက တောဆန်နေသည်။ သူမနှင့် စကားပြောရန် ယခုလို အပင်ပန်းခံ ကြိုးစားအားထုတ်သည့်အတွက် သဘောကျသလိုရှိကာ အလိုက်အထိုက် ပြန်ပြောလိုက်သည်။
"ဟုတ်လား…နာမည်ဘယ်လိုခေါ်လဲ..."
"ကျွန်မ နာမည်က ရာနီယာ အက်စတာရော့ ပါ"
“အက်စတာရော့…”
အာဆီလီယာ သည် အက်စတာရော့ ဟူသောအမည်နှင့် သိပ်မရင်းနှီးသောကြောင့် ရေရွတ်ကြည့်လိုက်သည်။ သူမ ပေါင်းသင်းဆက်ဆံနေသည့် လူမှုရေးလောကမှာ ထိုနာမည်မျိုး တစ်ခါမှ မကြားဖူးပေ။ခဏကြာမှပင် သူမသည် အက်စတာရော့ ဟူသော အမည်ကို ကြားခဲ့သည့်နေရာကို သတိရသွားခဲ့သည်။ သူမ အမုန်းဆုံး တတိယမင်းသမီး၏ မိသားစုဖြစ်ပင်။
"ဒါဆို နင်က တတိယမင်းသမီးရဲ့ မိသားစုဝင်လား..."
ရိုစီနာ သည် အက်စတာရော့ အမည်ကို စွန့်လွှတ်ခဲ့ပြီးဖြစ်၍ မိသားစုဝင်မဟုတ်တော့သော်လည်း ရာနီယာ က တစ်မျိုးပြန်ဖြေလိုက်သည်။
"ကျွန်မတို့က ညီအစ်မတွေပါ..."
အာဆီလီယာ က မျက်မှောင်ကြုတ်၍ ပြင်းပြင်းထန်ထန် ကြည့်လိုက်တော့ သူမ မြန်မြန် ခေါင်းခါပြလိုက်သည်။ ဒုတိယမင်းသမီးက တတိယမင်းသမီး ရိုစီနာ ကို မုန်းတီးနေသည်ဟု သူမ တစ်နေရာရာက ကြားဖူးသည်။ထို့ကြောင့် သူမသည် ရိုစီနာ နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသည်ဟု ဟန်ဆောင်ခြင်းထက် အမှန်အတိုင်း ရိုးသားခြင်းကသာ ပိုကောင်းသည်။
"ဒါပေမယ့် ကျွန်မတို့က သိပ်မရင်းနှီးပါဘူး"
ရာနီယာ နောက်ထပ်ဖြည့် ပြောသော စကားကြောင့် အာဆီလီယာ ၏ပါးစပ်ထောင့်များ ညွတ်တက်သွားသည်။
"ကြည့်ရတာ အရမ်းနာနေပုံပဲ… ငါတို့နဲ့ လိုက်ခဲ့ချင်လား..."
အာဆီလီယာ က သူမကို စိတ်ဝင်စားနေတာကြောင့် ရာနီယာ ရင်ခုန်နေရတော့သည်။
"ဟုတ်ကဲ့…လိုက်ချင်ပါတယ်..."
သူမလည်း အပြုံးကြီးပြုံး၍ ပြန်ဖြေလိုက်လေသည်။
အမျိုးသမီးများမှာ ဝိုင်းကြည့်နေကြသည်။ ရှဉ့်၊ ယုန်ဖြူ၊ ငှက်တစ်ကောင်…စသည်ဖြင့် များစွာ ဖမ်းမိထားပြီဖြစ်သည်။ အာဆီလီယာ သည် သမင်တစ်ကောင်ကို ဖမ်းမိမည်ဟုပင် မမျှော်လင့်ထားသောကြောင့် အမျိုးသမီးများက သူမအား အဆက်မပြတ် ချီးကျူးနေကြသည်။
"မင်းသမီးက တော်လိုက်တာ..."
"မင်းသမီး သမင်တစ်ကောင်ဖမ်းမိသွားတာကို ယုံကိုမယုံနိုင်ဘူး…လက်စသတ်တော့ မင်းသမီးမှာ အမဲလိုက် အရည်အချင်းတွေ ရှိနေတာပဲ..."
"တစ်ကယ့်ကို သွေးမျိူးကောင်းတဲ့ မြေခွေးတွေက ထူးခြားတာပဲနော်...”
အာဆီလီယာသည် ဂုဏ်ယူသော အပြုံးဖြင့် သူတို့၏ ချီးကျူးမှုကို ခံယူနေတော့သည်။ တစ်ကယ်တော့ သူတို့မသိသည့် အကြောင်းရင်းတစ်ခုရှိသေးသည်။အမဲလိုက်ပွဲ စတင်သည်နှင့်တပြိုင်နက် အာဆီလီယာ သည် သူမ၏ နောက်လိုက်များအား တောနက်ထဲသို့ ခေါ်ဆောင်သွားခဲ့သည်။ထိုနေရာမှာလည်း သားကောင်တွေ အများကြီးရှိနေကြ၏။
သို့သော်လည်း သူမ၏မြေခွေးသည် သူမ ထင်ထားသလို မစွမ်းဆောင်နိုင်ခဲ့ဘဲ သူမ နောက်မှလိုက်လာသော မြို့စားကတော်၏ သိမ်းငှက်ကသာ သားကောင်များကို ကောင်းစွာဖမ်းမိခဲ့ခြင်း ဖြစ်သည်။ သူမလည်း စိတ်ဆိုးသွားပြီး ထိုမြို့စားကတော်ကို စိုက်ကြည့်လိုက်ရာ သားကောင်အားလုံးကို သူမအား ပေးပါ့မည်ဟု ကတိပြုလိုက်တော့သည်။
သူမလည်း ထိုအခါမှ စိတ်ဆိုး ပြေသွားရပြီး အခြားအမျိုးသမီးများကလည်း သူတို့ဖမ်းမိထားသော သားကောင်များကို သူမအား ဂုဏ်ပြုသည့်အနေဖြင့် ပေးအပ်ခဲ့သည်။ထို့ကြောင့် သူမက အများဆုံးသားကောင် ဖမ်းမိသူဖြစ်သွားသည်။ ထို့ကြောင့် သူမသည် လူဆယ်ယောက်နီးပါး၏ သားကောင်များကို လုယက်ယူထားခြင်း ဖြစ်လေသည်။
အာဆီလီယာ သည် ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ အများစုက ပြန်သွားကြသော်လည်း တတိယမင်းသမီး ရိုစီနာ ကို မတွေ့မြင်ရသေးပေ။
"တတိယမင်းသမီး မလာသေးဘူး..."
“လက်ဗလာနဲ့မလို့ ပြန်လာရမှာ ရှက်လို့နေမှာပေါ့...”
သူမ နောက်မှာရပ်နေသည့် ရာနီယာ က ပြုံးပြီးပြောသောအခါ အာဆီလီယာ ကျေနပ်သွားသည်။ သူမသည် ရာနီယာ ကို ဟိုးအရင်ကတည်းက ကြည့်မရခဲ့ခြင်းဖြစ်၏။ထို့အပြင် သူမသည် ရိုစီနာ ထက် ညီမဖြစ်သူ ရာနီယာ ကိုသာ ပို၍နှစ်သက်နေမိသည်။ရိုစီနာ နှင့် ရာနီယာ၏ အားနည်းချက်များကို သူမ တော်တော်များများ သိထားပြီ ဖြစ်သောကြောင့် တစ်ချိန်ချိန်မှာ ထိုအချက်များသည် အသုံးဝင်မည်ဟု ထင်ထားခဲ့သည်။
"မင်း…ငါ့ရဲ့ နန်းတော်မှာ လက်ဖက်ရည်သောက်မလား..."
အာစီလီယာ၏ မေးခွန်းကြောင့် ရာနီယာ မျက်လုံးများ ပြူးကျယ်သွားသည်။သူမ ပါးစပ်ကို မစိနိုင်တော့ဘဲ လက်ဖဝါးဖြင့် အုပ်ထားလိုက်ရသည်။ သူမသည် အာဆီလီယာ ၏ အသိုင်းအဝိုင်းငယ်နှင့် နီးကပ်လာရန် ခြေတစ်လှမ်း တိုးနိုင်တော့မည် ဖြစ်၍ ပျော်ရွှင်မှုကို မဖုံးကွယ်နိုင်တော့ပေ။
"ဒါ ဂုဏ်ယူစရာပါပဲရှင်..."
သိပ်မကြာခင်မှာပင် ဘုရင်မ၏စီးတော်မြင်းဟာ ဖြည်းညှင်းစွာ ချဉ်းကပ်လာပြီး ဘုရင်မက ပတ်ပတ်လည်ကို ကြည့်လိုက်ရင်း သူမ မျက်လုံးတွေက အာဆီလီယာဆီမှာ ရပ်တန့်သွားလေသည်။
ဘုရင်မ၏ အကြည့်ကြောင့် အာဆီလီယာ၏ ပခုံးက ဆတ်ကနဲ တုန်လှုပ်သွားကြသည်။သူမသည် တစ်နေ့မှာ ဘုရင်မဧကရီ လို ဖြစ်ချင်သည်။ ဘုရင်မသည် အမြဲတမ်း ခေါင်းမာပြီး မည်သူကိုမျှ သူမနှင့် တန်းတူမဆက်ဆံပေ။ဘုရင်မင်းမြတ်က တိုင်းပြည်အုပ်ချုပ်ရသော်လည်း ဘုရင်မကသာလျှင် နည်းမျိုးစုံနှင့် သူမ အာဏာတည်တံ့ရန်အတွက် လက်ဝါးကြီးအုပ်ထားသူပင်။အကယ်၍ ဘုရင်မသာ သူမဘက်တွင် ရှိနေပါက၊ အိမ်ရှေ့စံကို ဖယ်ထုတ်ပြီး ခင်ပွန်းဖြစ်သူ ဒုတိယမင်းသား နန်းတက်ရန်အတွက် အိပ်မက်တစ်ခု အကောင်အထည် ဖော်၍ရနိုင်သည်။
"အရမ်းတော်တာပဲ…ဒုတိယမင်းသမီး..."
ဘုရင်မက သူမ ဖမ်းမိထားသော သားကောင်များကို တစ်ချက်ကြည့်ပြီး ပြောလိုက်ရာ သူမလည်း လက်လွတ်မခံဘဲ ခေါင်းညိတ်လိုက်သည်။
"ဒါဟာ ဘုရင်မရဲ့ ကျေးဇူးတော်ကြောင့်ပါပဲ..."
ဘုရင်မသည် ေမြှာက်ပင့်ပြောလိုက်သော အာဆီလီယာ စကားကို ဘာအမူအရာမှ မပြခဲ့ပေ။
"အားလုံးပြန်ေရာက်ကြပြီလား..."
ဘုရင်မစကားဆုံးသည်နှင့် အနောက်မှ မြင်းခွာသံများ ထွက်ပေါ်လာသဖြင့် အားလုံး နောက်လှည့်ကြည့်လိုက်ကြ၏။လူတိုင်း၏ မျက်လုံးများသည် အသံလာရာဆီသို့ လှည့်သွားကြသည်။
"အို ဘုရားရေ..."
လူတိုင်းသည် ရိုစီနာ ကို ပါးစပ်အဟောင်းသားဖြင့် ကြည့်နေကြသည်။ ရိုစီနာ ၏နောက်တွင် မရေမတွက်နိုင်သော သားကောင်များကို တန်းစီပုံထားခြင်း ဖြစ်သည်။ ဘယ်နှစ်ကောင် မှန်းတောင် ဖမ်းမိလာသည်မသိ၊သားကောင်များက တောင်ငယ်တစ်ခုလို စုပုံနေကြ၏။သူမသည် သားကောင်များစွာကို ဖမ်းမိထားသော်လည်း တည်ငြိမ်နေသည်။ ဆန့်ကျင်ဘက်ဖြစ်စွာပင်၊သူမ၏ မြေခွေးသည် မေးစေ့ကို မြှောက်ထားပြီး အောင်ပွဲခံကာ လျှောက်လာနေလေသည်။
“….”
အာဆီလီယာ နှုတ်ခမ်းကို အနည်းငယ် ကိုက်ထားလိုက်မိသည်။ စောစောကအထိ သူမသည် အောင်နိုင်သူ နေရာကို ဆက်လက် သိမ်းပိုက်ထားခဲ့ခြင်း ဖြစ်သည်။သို့သော်၊ ရိုစီနာ ဖမ်းလာသော သားကောင်အရေအတွက်မှာသူမနှင့် အလားတူပုံပေါက်နေသဖြင့် အနည်းငယ် စိတ်သက်သာရာရသွားမိသည်။ အာဆီလီယာ က သူ့ကိုယ်သူ နှစ်သိမ့်ပေးလိိုက်သည်။
ရိုစီနာ မြင်းက ရပ်သွားသောအခါ ကျေးကျွန်များသည် သားကောင်များကို စစ်ဆေးရန် အပြေးအလွှား လာကြသော်လည်း ရိုစီနာ သည် သားကောင်များပါသည့် အိတ်အပြည့်ကို မချပေးသေးပေ။ ထိုအခါ အာဆီလီယာက ရွဲ့စောင်းသည့် လေသံနှင့် မေးလိုက်သည်။
"တတိယမင်းသမီး…ဘာလို့ အိတ်ကြီးနဲ့ သယ်လာတာလဲ..."
“တောင်းပန်ပါတယ်..…ဒါ တောင် ကျွန်မရဲ့ သားကောင်တွေရဲ့ တစ်ဝက်တောင် မပြရသေးပါဘူး...”
ဤသို့ဖြင့် အမဲလိုက်ပြိုင်ပွဲသည် ရိုစီနာ အတွက် အနိုင်ရရှိကာ ပြီးဆုံးခဲ့ပြီဖြစ်သည်။ သူမ ဖမ်းမိလာသော သားကောင်အားလုံးကို မြင်ရသောအခါတွင် မည်သူမျှ နှုတ်ဆိတ်မနေနိုင်ကြပေ။ အဘယ်ကြောင့်ဆိုသော် အခြားအမျိုးသမီးများ ဖမ်းမိထားသော သားကောင် စုစုပေါင်းသည် ရိုစီနာ ဖမ်းမိသည့် ပမာဏထက် နည်းနေတာကြောင့် ဖြစ်သည်။ ထို့အပြင် အမြီးဖြူရှိသော သမင်တစ်ကောင်ပင် သူမ ဖမ်းမိလာသေးသည်။ သမင်ငယ်တစ်ကောင်တည်း ဖမ်းမိတာတောင် ဂုဏ်ဆာနေသည့် အာဆီလီယာ မှာ နှုတ်ခမ်းကိုကိုက်ထားလိုက်သည်။
"မင်းသမီး တစ်ခုခုများ လုပ်လိုက်တာလား…ဒီလောက်အများကြီးကို မင်းသမီး ကိုယ်တိုင် ဘယ်လိုဖမ်းနိုင်မှာလဲ..."
အာဆီလီယာ ကရှေ့သို့ တိုးလာကာ ပြောလိုက်ရာ တစ်ခြားသူများကလည်း ကန့်ကွက်လာကြတော့သည်။ထိုအခါ ရိုစီနာ က အာဆီလီယာ ၏ သားကောင်ကို ကြည့်ရင်း ပြန်ဖြေလိုက်သည်။
"မင်းသမီးလည်း ကိုယ်တိုင် ဖမ်းတာတောင် အရမ်းများနေတာပဲကို..."
အာဆီလီယာ ဆွံ့အသွားတော့သည်။ သူမသည် တစ်ခြားသူများ၏ သားကောင်ကို လုယက်ထားခြင်းမှာ ဟုတ်၊မဟုတ် ရိုစီနာ မသိသေးပေ။
“ကျွန်မရဲ့ မြေခွေးက မုဆိုးကြီးပဲ…ဒီလောက်တော့ ရှိရမှာပေါ့…ဒါပေမယ့် တတိယမင်းသမီးရဲ့ မြေခွေးက မျိုးရိုးမရှိတဲ့အကောင် မဟုတ်လား..."
အာဆီလီယာ က ဇွဲရှိရှိ လိုက်ပြောလိုက်ရာ လူအုပ်ကြီးက ရုန်းရင်းဆန်ခတ် ဖြစ်သွားပြန်၏။ သူမပြောသည့်အတိုင်းပင် ရိုစီနာ၏ မြေခွေးသည် သာမန်မျိုးရိုးမျှသာ ဖြစ်ပြီး မျိုးရိုးအတည်တကျမရှိပေ။ ထိုမြေခွေးမျိုးသည် သားကောင်ကို ဖမ်းမိလျှင်ပင် ဘယ်လောက်မှ ဖမ်းမိမှာမဟုတ်ပေ။
“ကျွန်မ မြင်ပါတယ်..."
ထိုအချိန်တွင် လူတိုင်းသည် ရုတ်တရက် ထွက်ပေါ်လာသော အသံဆီသို့ ဦးတည်ကာ ကြည့်လိုက်ကြရာ အီဘယ်လာကို တွေ့လိုက်ရ၏။
“ကျွန်မက တတိယမင်းသမီးနဲ့ အတူရှိနေခဲ့တာပါ… လိုအပ်ရင် သက်သေပြပါ့မယ်..."
သူမ၏ တည်ငြိမ်သော စကားလုံးများက သူတို့ကို နှိုးဆော်လိုက်ပြန်သည်။သို့သော်လည်း သူမကို ဘယ်သူကမှ ဆန့်ကျင်ပြောဆိုခြင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် သူမ စိတ်ဆိုးသွားပြီး မျက်နှာသာ အပေးမခံရမှာကို မလိုလားကြတာကြောင့်ပင်။
တစ်ချိန်တည်းတွင် လေထုသည် ရိုစီနာ ဘက်သို့ အလေးသာသွားသည်။ အာဆီလီယာ ကလည်း ငြင်းခုံခြင်းမရှိဘဲ ပါးစပ်ပိတ်ထားသည်။
“ဒီအမဲလိုက်ပွဲမှာ အနိုင်ရသူကတော့ တတိယမြောက် မင်းသမီးပါ...”
ခဏတာ စောင့်ကြည့်နေသည့် ဘုရင်မက ပြောလိုက်လျှင် ပတ်ဝန်းကျင်မှာ တိတ်ဆိတ်သွားပြီး သူမက သူ့ဘေးနားက အထိန်းတော်တစ်ယောက်ကို ခေါင်းညိတ်ပြလိုက်သည်။ ထိုအခါ အထိန်းတော်က အပြာရောင် ကတ္တီပါသေတ္တာတစ်လုံးကို ယူလာပေးလေသည်။
"တတိယမင်းသမီး..."
ရင်ထိုးကိုယူလာသည့် ဘုရင်မက ရိုစီနာ ကို ခေါ်လိုက်ပြီး လူအုပ်ကြားထဲမှ ရိုစီနာ ထွက်လာတော့သည်။ နေရောင်အောက်မှာ တောက်ပနေသည့် နီလာကျောက်ကြီးမှာ စက်ဝိုင်းပုံဖြစ်အောင် ဖြတ်ထားခြင်းပင်။ ရိုစီနာ သည် ထိုနီလာ၏ စျေးနှုန်းကို သူမ ခန့်မှန်းကြည့်ရာ အနည်းဆုံး၊ အီလီယန် ၏ကျူရှင်ခအတွက် နှစ်ပေါင်းများစွာ ပေးလို့ရလောက်ပေသည်။ သူမ အတွေးထဲတွင် တစ်ခဏမျှ တစ်ယောက်တည်း ရှိနေစဉ်၊ ဘုရင်မသည် သူမ၏ နှာခေါင်းရှေ့အထိ တိုးရပ်လိုက်သည်။ ပြီးလျှင်၊ ရင်ထိုးကို သူမ၏ ရင်ဘတ်မှာ ချိတ်ထားရင်း တိုးတိုးလေးပြောလိုက်သည်။
“နင်က နေရာနဲ့ အချိန်ကို မသိဘဲ မြည်းတစ်ကောင်လို အေမျှာ်အမြင်မရှိဘဲ ပြေးနေတာပါလား…နင့် ရှေ့တစ်လက်မလောက်မှာ ဘာရှိနေမှန်းတောင် မသိဘူးမလား...”
ဘုရင်မက သူမကို အေးစက်သော မျက်လုံးများဖြင့် ကြည့်ကာ ပြောနေတော့သည်။
"နောက်ဆိုလည်း မင်းသမီး ဘယ်လို ဖျော်ဖြေမလဲဆိုတာ အရမ်းသိချင်နေပြီ..."
ထို့နောက် ဘုရင်မက ချက်ချင်း လှည့်ကြည့်ထွက်သွားတော့သည်။
အမဲလိုက်ပြိုင်ပွဲပြီးဆုံးပြီဟု မကြေညာဘဲ ထွက်ခွာသွားသဖြင့် အာဆီလီယာ သည် ဘုရင်မ နောက်သို့ အလျင်အမြန်လိုက်သွားခဲ့သည်။သူမအတွက် ဘုရင်မသည် ကောင်းကင်က ကြယ်တွေလိုမျို အလင်းးပေးနိုင်သူပင်။သူမ နောက်ကလိုက်လာတာကို သဘောပေါက်လိုက်သော ဘုရင်မက ခဏရပ်ပြီး နောက်လှည့်ကြည့်လာသည်။ထိုအခါ အဆီလီယာက အလွန်နီမြန်းသော မျက်နှာဖြင့် ဘုရင်မကို ကြည့်လိုက်သည်။
“ဘုရင်မ…”
"ငါ ဒုတိယမင်းသမီးကို သိပ်စိတ်ပျက်တယ်..."
အာဆီလီယာ၏ မျက်နှာသည် ပိုးကောင်တစ်ကောင်ကိုကြည့်နေသလိုမျိုး စူးရဲရဲကြည့်နေသော ဧကရီ၏ အေးစက်သောမျက်လုံးများကြောင့် တင်းမာသွားသည်။ ထို့နောက် ဘုရင်မ၏ ကျောပြင်ကို ငေးကြည့်နေတော့သည်။ဘုရင်မ စကားက တစ်ခွန်းတည်းသာ ဖြစ်သော်လည်း သူမအတွက်တော့ ကောင်းကင်ကြီး ပြိုလဲသွားသလိုပင်။
“….”
ရိုစီနာသည် ခပ်တည်တည်ပင် စိတ်ပျက်နေသော အာဆီလီယာ ကို ကြည့်လိုက်သည်။သူမလည်း အကြည့်လွှဲမည်ပြုစဉ် အာဆီလီယာ ဘေးတွင်ရပ်နေသော ရာနီယာ ကိုတွေ့လိုက်ရသည်။ ရာနီယာ သည် စိုးရိမ်နေပုံရပြီး အာဆီလီယာ အား စိတ်အားထက်သန်စွာပင် အားပေး စကားပြောနေသည်။ထိုမျက်နှာထားမျိုးကို သူမ တစ်ခါမှ မမြင်ဖူးပေ။ လေထုက ချက်ခြင်းငြိမ်သက်သွားပြီး တစ်ခြားအမျိုးသမိီးများမှာလည်း ဘာလုပ်ရမှန်း မသိ ဖြစ်နေကြသည်။ ဘုရင်မက ပြိုင်ပွဲပြီးသွားပြီဟု မပြောဘဲ ထွက်သွားသည့်အတွက် ဆက်နေသင့်သလားလည်း မသိတော့ချေ။ ထို့နောက် တစ်စုံတစ်ယောက်သည် ရိုစီနာ အနားကို ချဉ်းကပ်လာသည်။
"မင်းသမီးကို ဂုဏ်ပြုပါတယ်..."
လူအုပ်အားလုံး လှည့်ထွက်သွားသောအခါ။ ရိုစီနာကို လေးစားစွာ လာဂုဏ်ပြုသူမှာ အီဘယ်လာ ပင် ဖြစ်သည်။ သူမလည်း အီဘယ်လာ ကိုပြုံးပြလိုက်ပြီး လက်ဖက်ရည် တစ်ခွက် သောက်ရန် ဖိတ်ခေါ်လိုက်သည်။
"နောက်မှ အချိန်ရရင် အစ်မရဲ့ နန်းတော်ကို လိုက်ချင်လား..."
"ဖိတ်ကြားတဲ့အတွက် ကျေးဇူးတင်ပါတယ်..."
ထို့နောက် ရိုစီနာ နှင့် အီဘယ်လာ တို့သည် တောထဲမှ ထွက်ခဲ့ကြသည်။
မူလက အမဲလိုက်ပြိုင်ပွဲအပြီးတွင် အမျိုးသမီးများအကြား တွေ့ဆုံပွဲလေးတစ်ခုလုပ်ရန် အစီအစဥ်ရှိခဲ့သည််။ သို့သော် အစည်းအဝေးကျင်းပရန် အငွေ့အသက် မရှိသည့်အပြင် ပွဲစီစဉ်သူ ဘုရင်မလည်း ဦးစွာထွက်ခွာသွားခဲ့သည်။ထို့အပြင် ရိုစီနာ ကိုယ်တိုင်ကလည်း တက်ချင်စိတ်မရှိသဖြင့် အတော်ပဲ ဖြစ်သွားသည်။သူမသည် ဓားစာခံများစုဝေးရာ အရပ်ဆီသို့ လှည့်ကြည့်လိုက်ပြီး လက်ချောင်းလေးနှင့် အချက်ပြလိုက်သည်။
"ဟင်..."
ထို့နောက် သားကောင်များကို ဆွဲချနေသည့် အစေခံတွေမှာ ရုန်းရင်းဆန်ခတ်ဖြစ်သွားပြီး သေချင်ယောင်ဆောင်နေသသည့် တိရိစ္ဆာန်များမှာ ရုတ်တရက်ထပြီး ထွက်ပြေးသွားတောာ့လေသည်။ အီဘယ်လာက ထိုမြင်ကွင်းကိုကြည့်ပြီး သဘောတကျရယ်မောနေတော့သည်။ရယ်မောနေသည့် သူမကို ကြည့်ရင်း ရိုစီနာလည်း စိတ်ထဲ လန်းဆန်းသွားရသလိုပင်။