Ch 10
Viewers 5k

🍲Chapter 10

: မင်းနိုင်တယ်

 



"သွမ့်ထင်ရွှမ်း… ရှင့်မှာ အရှက်ရော ရှိသေးရဲ့လား…"

 

စုနွမ်နွမ်က နှုတ်ခမ်းထောင့်တွင် ပဲနီအနှစ်စများ ကပ်နေဆဲဖြစ်သော လူယုတ်မာကို စိုက်ကြည့်ရင်း ဒေါသများ ဆူပွက်တက်လာသည်။ သူမက ဒေါသထွက်နေသော မျက်နှာဖြင့် မီးဖိုချောင်ထဲသို့ ပြေးဝင်သွားလေသည်။ 

 

"ကျွန်မရဲ့ စားစရာကို ခွင့်မတောင်းဘဲ စားတယ်… ဒီလိုလုပ်ရပ်က ခိုးတာနဲ့ ဘာထူးလို့လဲ… ရှင်က တော်ဝင်မျိုးနွယ် ဟုတ်သေးရဲ့လား…ရှင်စွန့်ပစ်ထားတဲ့ မိန်းမတစ်ယောက်ဆီကနေ စားစရာလာခိုးရဲတယ်… ရှင့်မှာ အရှက်ရော ရှိသေးရဲ့လား…"

 

စုနွမ်နွမ်က ဒေါသကြောင့် ပေါက်ကွဲလုမတတ်ဖြစ်ကာ  သူမ၏ နှုတ်ဖျားမှ ကြမ်းတမ်းသော ဆဲဆိုသံများက ချော်ရည်ပူများကဲ့သို့ ထွက်ကျလာသည်။ ယခင်က စုမုန့်နွမ်သာဆိုလျှင် ဤကဲ့သို့ ရိုင်းစိုင်းသောနည်းလမ်းများကို မည်သို့သောအခါမှ သုံးမည်မဟုတ်ပေ။ ဤအပြုအမူက စစ်ဖျင်၊ ဟုန်လျန်နှင့် ရှန်းယွင်တို့ကို ကြောက်လန့်တကြားဖြစ်စေကာ မလှုပ်မယှက် ရပ်နေစေသည်။ ဘေးတစ်ဖက်တွင် ပုန်းနေသော စစ်ဖျင်က တုန်ယင်နေပြီး သူ့ဘာသာသူ တီးတိုးရေရွတ်နေလေသည်။

"ငါပြောသားပဲ… သခင်မက နတ်ဆိုးမဟုတ်ဘူး… သူက မိစ္ဆာမကြီးပဲ…"

 

စိတ်မခိုင်သော စစ်ဖျင်နှင့်ယှဉ်လျှင် သွမ့်ထင်ရွှမ်းကမူ စစ်ပွဲပေါင်းများစွာကို ဖြတ်သန်းဖူးသော ဗိုလ်ချုပ်ကြီးတစ်ဦးနှင့်တူပြီး 'အရှက်မရှိသောသူအတွက် ဆုံးရှုံးစရာ ဘာမှမရှိ' ဟူသော ဆိုရိုးစကားကို အပြည့်အဝ ဖော်ကျူးနေသည်။ သူက လက်ပိုက်ကာ ယုတ်မာသော ရယ်သံဖြင့် စုနွမ်နွမ်၏ စွပ်စွဲချက်များကို ရင်ဆိုင်လိုက်လေသည်။ 

 

"ဘယ်သူက ငါခိုးတယ်ပြောလဲ… ဒါက ငါ့စံအိမ်ပဲ… ဒီမေယွဲ့အိမ်တော်က ဒီသခင်ရဲ့ မေယွဲ့အိမ်တော်ပဲ… ကိုယ့်အိမ်က စားစရာကို ကိုယ်ခိုးတယ်လို့ ဘယ်လိုပြောလို့ရမလဲ… စုမုန့်နွမ်… မင်းမေ့နေပြီလား… ငါမင်းကို ကွာရှင်းစာ မပေးရသေးဘူး… မင်းက ငါ့ရဲ့ တရားဝင်ဇနီးပဲ… မင်းပြောနေတဲ့ စွန့်ပစ်ခံဇနီးဆိုတာ ဘယ်မှာလဲ…"

 

ဒီလူယုတ်မာက သေချာပေါက် ကြိုတင်ပြင်ဆင်လာခဲ့တာပဲ…

 

စုနွမ်နွမ်က လျင်မြန်စွာ စိတ်ငြိမ်အောင် ထိန်းလိုက်သည်။ အရှက်မရှိသောသူတစ်ယောက်ကို ရင်ဆိုင်ရာတွင် အကြမ်းနည်းသုံး၍ အကျိုးမရှိပေ။ ဤလမ်းကြောင်းအတိုင်း ဆက်သွားနေလျှင် အဓိပ္ပာယ်မရှိပေ။ ဤကဲ့သို့သော မြေရှင်ပဒေသရာဇ်လူ့အဖွဲ့အစည်းက မိန်းမတစ်ယောက်ဘက်က မည်သည့်အခါမှ ရပ်တည်ပေးမည်မဟုတ်ပေ။ သူမက ထွက်သွားချင်လေလေ၊ ဤလူက သူမကို လွှတ်ပေးရန် ပို၍ မဖြစ်နိုင်‌တော့ပေ။

 

စုနွမ်နွမ်က ခဏစဉ်းစားပြီးနောက် အဓိပ္ပာယ်မရှိသော ငြင်းခုံမှုများကို စွန့်လွှတ်လိုက်ပြီး သွမ့်ထင်ရွှမ်းအပေါ်ထားသော သူမ၏မထီမဲ့မြင်ပြုမှုကို အပြုအမူဖြင့် ပြသရန် ဆုံးဖြတ်လိုက်သည်။ ဆုံးဖြတ်ချက်ချပြီးသည်နှင့် သူမက သွမ့်ထင်ရွှမ်း လုယူထားသော ပန်းကန်များထံသို့ ပြတ်ပြတ်သားသား လျှောက်သွားပြီး မြင်မြင်သမျှ အကုန်လုံးကို တံတွေးဖြင့် ထွေးထည့်လိုက်တော့သည်။

 

"စုနွမ်နွမ်… မင်း သတ္တိရှိလှချည်လား…" 

 

သွမ့်ထင်ရွှမ်းက အရာအားလုံးကို လွှမ်းမိုးသွားမည့် ဒေါသဖြင့် ဟိန်းဟောက်လိုက်သော်လည်း ယင်းက ခဏမျှသာ ဖြစ်သည်။ တံတွေးများဖြင့် ဖုံးလွှမ်းနေသော အစားအစာများကို ကြည့်ရင်း သူက စိတ်ဓာတ်ကျသွားလေသည်။

 

"မင်းအမေကြီးပဲ… ငါက မင်းဟင်းနည်းနည်းလောက် စားချင်တာနဲ့ပဲ ဒီလောက်အထိ အဆိပ်ပြင်းရလား… အနည်းဆုံးတော့ မင်းက ငါ့ဆီက ထောက်ပံ့ကြေး ရနေတုန်းပဲ မဟုတ်လား… ဒီဟင်းတွေက ငါ့မီးဖိုချောင်က ပစ္စည်းတွေနဲ့ ချက်ထားတာ မဟုတ်ဘူးလား… မင်း... မင်း… ဘယ်လိုတောင် သဘောထားသေးသိမ်နိုင်ရတာလဲ… မင်းမျက်နှာ ဘယ်ရောက်သွားလဲ…"

 

တုန်ယင်နေသော စစ်ဖျင်၊ ဟုန်လျန်နှင့် ရှန်းယွင်တို့က ခေတ္တမျှ ငြိမ်သက်စွာ ရပ်နေကြလေသည်။ သူတို့သုံးယောက်က ကြောင်တောင်တောင် မျက်နှာဖြင့် အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ပြီးနောက် ဇာတ်လိုက်နှင့် ဇာတ်လိုက်မတို့၏ စစ်မြေပြင်အဖြစ်သို့ ပြောင်းလဲသွားသော မီးဖိုချောင်ထဲမှ ဂရုတစိုက် နောက်ဆုတ်ထွက်လာကြသည်။ သူတို့၌ ရွေးချယ်စရာမရှိပေ။ ဤမျှကျဉ်းမြောင်းသော ဇာတ်ခုံပေါ်တွင် သတိမထားမိပါက ဘေးမှရပ်ကြည့်နေသူများပင် အလွယ်တကူ ယမ်းစာမိသွားနိုင်သည်။

 

"ကျွန်မရဲ့ စားစရာကို ကာကွယ်နိုင်သရွေ့တော့ မျက်နှာကို ဘာလို့ ဂရုစိုက်ရမှာလဲ… မျက်နှာကို စားလို့ရတာမှ မဟုတ်တာ…"

 

စုနွမ်နွမ်က မျက်နှာကို ခပ်တည်တည်ထားရင်း ရင်ထဲ၌မူ ပီတိဖြစ်နေလေသည်။


ဟမ်… လက်လျှော့တော့မယ်မလား… သေနာကျလူယုတ်မာ… ရှင့်ဘဝမှာ ဒီလိုအရှက်မရှိတဲ့ မိန်းမမျိုးနဲ့ တစ်ခါမှ မကြုံဖူးဘူးမလား… 'အရှက်မရှိတဲ့လူအတွက် ဆုံးရှုံးစရာ ဘာမှမရှိဘူး' ဆိုတဲ့ ဆိုရိုးစကားက ရှင်တစ်ယောက်တည်းအတွက်ပဲ သုံးလို့ရတယ်လို့ ထင်နေတာလား… ထွီ… မျက်စိဖွင့်ကြည့်စမ်း… ရှင့်ရဲ့နိုင်ငံငယ်လေးအပြင်ဘက်မှာ ရှင့်ထက် တတ်ကျွမ်းတဲ့သူတွေ အများကြီးရှိတယ်…

 

"ကောင်းပြီ… ဒီတစ်ခါတော့ မင်းနိုင်တယ်…"


သွမ့်ထင်ရွှမ်းက စုနွမ်နွမ်က ဤမျှအထိ အကျိုးအကြောင်းမသိတတ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူမ၏ဒေါသကို ယခင်က ရင်ဆိုင်ခဲ့ဖူးသော်လည်း၊ ရက်အနည်းငယ်ကြာလျှင် ပျောက်ကွယ်သွားမည့် ယာယီမုန်တိုင်းတစ်ခုဟုသာ သူထင်ခဲ့သည်။ သူမက မကျေမနပ်ဖြစ်နေဦးလျှင်ပင် မိမိကိုယ်ကိုယ် သိပ်အထင်ကြီးရဲမည်မဟုတ်‌ဘဲ ပြန်လည်သင့်မြတ်ရေးအတွက် စိတ်ဓာတ် ဖွင့်ဟမှုရှိလာနိုင်သည်ဟု တွေးမိကာ သူက ယနေ့ အထူးတလည် လာခဲ့ခြင်းဖြစ်သည်။

 

ဤအချိန်တွင် မြို့စားငယ်လေးက သူ၏ 'ခန္ဓာကိုယ်ကို အခြားဝိညာဉ်တစ်ခုက သိမ်းပိုက်ခြင်း' သီအိုရီကို မေ့လျော့နေပြီး ဒေါသထွက်နေရုံသာ ဖြစ်နေရသည်။ သူက ဂုဏ်သိက္ခာကြီးမားလှသော ခင်ပွန်းဖြစ်သူကို မနာခံဝံ့သည့် သူ၏ ဤဇနီးဆိုးကြောင့် ဒေါသထွက်နေရလေသည်။ 

 

သူက တော်လှန်ပုန်ကန်ဖို့ ကြိုးစားနေတာလား…

 

မည်သို့ပင်ဖြစ်စေ သူ မည်မျှပင် ဒေါသထွက်နေပါစေ၊ မြို့စားငယ်လေး၏ မျက်လုံးများက စုနွမ်နွမ်၏ လက်ထဲမှ အစိမ်းရောင်အပင်ငယ်များထံသို့ အကြိမ်ကြိမ် ရောက်သွားသည်။ သူ့ဒေါသက တဖြည်းဖြည်း စူးစမ်းလိုစိတ်ဖြင့် အစားထိုးလာတော့သည်။ 

 

ငါ ဒါတွေကို မြင်ဖူးသလိုပဲ… ဒါတွေက ပျိုးပင်တွေ မဟုတ်လား… စားလို့ရလို့လား… ဒီမိန်းမက ဆာလွန်းလို့ ပျိုးပင်တွေ၊ သစ်ခေါက်တွေ၊ မြက်တွေကို စားရလောက်အောင် ရူးသွားတာဖြစ်နိုင်တယ်… အိုး… နေဦး… မီးဖိုချောင်ထဲမှာ တကယ်တော့ တခြားစားကောင်းသောက်ဖွယ်တွေ ရှိသေးတာပဲ...

 

မီးဖိုချောင်ထဲက စားကောင်းသောက်ဖွယ်များကို စဉ်းစားမိသောအခါ မြို့စားငယ်လေး၏ ရင်ထဲက ဒေါသများက တဖန် ပြန်လည်ဆူပွက်လာရသည်။ သွမ့်ထင်ရွှမ်းက စုနွမ်နွမ်ကို အချိန်အတော်ကြာ သုန်မှုန်စွာ စိုက်ကြည့်နေပြီးနောက် နောက်ဆုံးတွင် သူမ၏ဘက်သို့ ခေါင်းညိတ်ပြလိုက်လေသည်။ 

 

"သိပ်ကောင်းတယ်…" ဟူသော လျှို့ဝှက်ဆန်းကြယ်သည့် စကားကိုသာ ပြောပြီးနောက် သူက ထွက်သွားလေသည်။

 

 မာနကြီးပြီး ထောင်လွှားသော ဤမြို့စားငယ်လေးက သူ၏မာနအတောင်ပံများ လုံးဝခေါက်သိမ်းခံလိုက်ရကာ ဤသို့ဆုတ်ခွာသွားရခြင်းကို စစ်ဖျင်၊ ဟုန်လျန်နှင့် ရှန်းယွင်တို့က မည်သည့်အခါကမှ မမြင်ဖူးခဲ့ကြပေ။ သုံးယောက်စလုံးက သက်ပြင်းချလိုက်ကြသည်။ မြို့စားငယ်လေး၏ မျက်လုံးထဲမှ အန္တရာယ်အရိပ်အယောင်ကိုမူ စုနွမ်နွမ်တစ်ယောက်သာ မြင်လိုက်လေသည်။ ထိုအရိပ်အယောင်၏ အဓိပ္ပာယ်ကို စဉ်းစားရင်း အောင်ပွဲခံပျော်ရွှင်မှုလေးက ပျောက်ကွယ်သွားရလေသည်။

 

"သခင်မလေး… စားစရာကို ဒီလိုလုပ်တာ နည်းနည်းတော့ နှမြောစရာမကောင်းဘူးလား…"

 

သွမ့်ထင်ရွှမ်း၏ အရိပ်က သူတို့၏ခြံဝင်းမှ ထွက်ခွာသွားသည်နှင့် ဟုန်လျန်နှင့် ရှန်းယွင်တို့က တံတွေးများဖြင့် ဖုံးလွှမ်းနေသော ပန်းကန်များအနီးသို့ တိုးကပ်လာကြသည်။ ဤမျှအရသာရှိသော အစားအစာများ အလဟဿဖြစ်သွားခြင်းကို မြင်ရ၍ သူမတို့၏ ရင်ထဲတွင် နာကျင်နေကြရသည်။ ၎င်းတို့က သူမတို့၏ နေ့လည်စာ ဖြစ်သင့်ပေသည်။ အမှန်တကယ်တွင် သခင်နှင့် အစေခံများအားလုံးက ချွေတာသော အလေ့အကျင့်ရှိကြရာ အစားအစာလုသူများထံမှ ပြင်းပြင်းထန်ထန် ကာကွယ်ပြီးနောက် ဤအစားအစာများ ပုပ်သိုးသွားနိုင်သည်ကို မြင်ရခြင်းက ပို၍ပင် သည်းမခံနိုင်စရာဖြစ်စေသည်။ အထူးသဖြင့် ဝက်သားနှပ်အိုးလေးပင်။ သခင်မက အိုးထဲသို့ တံတွေးထွေးထည့်လိုက်ခြင်းက အတော်လေး လွန်လွန်းလှသည်။ ထိုအိုးက သူမတို့အတွက်  နံနက်စာနှင့် တွဲဖက်စားရန် တစ်လစာ ဖြစ်လေသည်။

 

"ရေရှည်ဒုက္ခမခံရအောင် ရေတိုနာကျင်မှုကို ခံလိုက်တာက ပိုကောင်းတယ်…" 


စုနွမ်နွမ်က အစားအစာများကို သုန်မှုန်စွာ ကြည့်ရင်း အံကြိတ်ကာ ပြောလိုက်လေသည်။ 


"ဒီနေ့ ငါတို့ ဒီလိုမလုပ်ခဲ့ရင် အဲဒီလူယုတ်မာက အကျင့်ပါသွားပြီး ဘယ်သူမှ မလိုချင်တဲ့ ယင်ကောင်တစ်ကောင်လို လာလာနေလိမ့်မယ်… သူ့ကို အလွယ်တကူ မောင်းထုတ်နိုင်မယ် ထင်လို့လား… ဒီလိုပြတ်သားတဲ့ လုပ်ရပ်တွေနဲ့မှ ငါတို့နဲ့ တိုက်ခိုက်လို့ သူ့အတွက် အကျိုးမရှိဘူးဆိုတာကို သူနားလည်အောင် လုပ်နိုင်မှာ… သူ့ကိုလက်လျှော့သွားအောင် ငါတို့က တံတားကို မီးရှို့ဖျက်ဆီးဖို့အထိ ဝန်မလေးဘူးဆိုတာကို ပြရမှာ… ဒါတွေအားလုံးက သူ့ရဲ့ လျစ်လျူရှုမှုအောက်မှာ ငါတို့အတွက် အေးချမ်းတဲ့နေ့ရက်တွေကို ပြန်ရဖို့အတွက်ပဲ…"

 

ဟုန်လျန်နှင့် ရှန်းယွင်တို့က စုနွမ်နွမ်၏ မိမိခင်ပွန်းအပေါ် ထားရှိသော အရိုးထဲစွဲနေသည့် အမုန်းတရားကို နားမလည်နိုင်သော်လည်း သူမ၏စိတ်ကို ပြောင်းလဲနိုင်မည်မဟုတ်ကြောင်းကိုမူ သိလိုက်ကြလေသည်။ သူတို့က တံတွေးများဖြင့် ဖုံးလွှမ်းနေသော အစားအစာများကို ကြက်များကျွေးရန် ခြံထဲသို့ သယ်သွားကြရင်း သူမတို့၏သခင်က အခက်အခဲများ ကြုံတွေ့ရုံဖြင့် နောက်ဆုတ်မည့်သူမျိုးမဟုတ်ဟု တိတ်တဆိတ် တွေးနေကြသည်။ 

 

သခင်မရယ်… ဒီလိုနည်းလမ်းတွေနဲ့ သခင့်ကို ဖယ်ရှားနိုင်မယ်လို့ ထင်နေတာက သိပ်ပြီးတော့ မရိုးသားလွန်းဘူးလား…


 အမှန်တွင် စုနွမ်နွမ်ကိုယ်တိုင်ကလည်း သွမ့်ထင်ရွှမ်းကို အလွယ်တကူ ဖယ်ရှားနိုင်မည်မဟုတ်ကြောင်းကို သိလေသည်။ ထို့ကြောင့် သူမက သူ့ကို ရင်ဆိုင်ရန် နည်းလမ်းများ စဉ်းစားရင်း တစ်နေ့လုံး ဦးနှောက်ခြောက်ခဲ့ရသည်။ သို့သော် နေ့လည်စာအချိန်ကုန်သွားပြီး ညစာအချိန်ရောက်သည်အထိ ကောင်းမွန်သော အကြံဉာဏ်တစ်ခုမျှ ထွက်ပေါ်မလာခဲ့ပေ။ သူမက ယနေ့ဖြစ်ပျက်ခဲ့သမျှကို ဟုန်လျန်၏ နမိတ်မရှိသော နှုတ်ခမ်းကြောင့်ဟုသာ အပြစ်တင်ကာ သူမ၏အစေခံမလေးများကို 'မင်္ဂလာရှိသောစကားများသာ ပြောဆိုရန်' ဟူသော လေ့ကျင့်ခန်းတစ်ခု ပြုလုပ်ပေးပြီး ဤကိစ္စကို ခေါင်းထဲမှ ထုတ်လိုက်လေသည်။ သူမတို့က အနာဂတ်ကျူးကျော်မှုအတွက် ပြင်ဆင်ရမည်ဖြစ်ပြီး အခြေအနေအရပ်ရပ်အောက်တွင် အကောင်းဆုံးရင်ဆိုင်ဖြေရှင်းရမည်ဖြစ်ပေသည်။


"သခင်… သခင်မက တဖြည်းဖြည်းနဲ့ ထိန်းမနိုင်သိမ်းမရ ဖြစ်လာပါပြီ... ကျွန်တော်... ကျွန်တော်တော့ သူဘာတွေစဉ်းစားနေလဲဆိုတာ မသိတော့ပါဘူး…"

 

ဥယျာဉ်အတွင်းရှိ လမ်းငယ်လေးအတိုင်း လျှောက်လာကြစဉ် စစ်ဖျင်က သူ့သခင်၏ မျက်နှာအမူအရာကို ခိုးကြည့်လိုက်လေသည်။ သူက သခင်၏ တကယ့်သဘောထားကို သိရှိရန် 'သခင်မကို အပြစ်တင်ခြင်း' နည်းဗျူဟာကို တမင်အသုံးပြုခဲ့ပြီး၊ ထိုမြင့်မြတ်သော နှုတ်ဖျားမှ ထုံးစံအတိုင်း ခါးသီးသော စကားများ ထွက်ကျလာမည်ကို မျှော်လင့်တကြီး စောင့်ဆိုင်းနေသည်။ ဘုံရန်သူတစ်ဦးကို အသုံးချ၍ သူ့သခင်နှင့် ရင်းနှီးမှုတည်ဆောက်ပြီး ယခုလေးတင်ဖြစ်ပွားခဲ့သော ထူးဆန်းသည့် အဖြစ်အပျက်ကို ကျော်လွှားနိုင်ရန် မျှော်လင့်နေလေသည်။

 

သွမ့်ထင်ရွှမ်းက ဘာမှမပြောဘဲ ရှုံးနိမ့်သွားသော ကြက်ဖတစ်ကောင်ကဲ့သို့ ခေါင်းငုံ့ကာ ဆက်လျှောက်နေလေသည်။ 

 

ရှက်စရာကောင်းလိုက်တာ… ဒါက သိပ်ကိုရှက်စရာကောင်းတယ်… အဲဒီမိန်းမလုပ်သွားတာက ဘာမှမဟုတ်ပေမယ့် သခင့်ရဲ့ တုံ့ပြန်ပုံက ဒီလိုဖြစ်နေပြီ… ရည်မှန်းချက်က မအောင်မြင်… ဖက်ထုပ်ကြီးတွေကို မတွေ့… ဝက်သားနှပ်ကို အိမ်ပြန်မယူလာနိုင်တာတွေက မြို့စားငယ်လေးအတွက်တော့ သူ့ဘဝတစ်လျှောက်လုံးမှာ ကြုံတွေ့ခဲ့ရတဲ့ အရေးအကြီးဆုံး ရှုံးနိမ့်မှုတစ်ခုပဲ…

 

"သခင်… တကယ်တော့ သခင်... လုံးဝအရှုံးမပေးခဲ့ရပါဘူး…" 


စစ်ဖျင်က တံတွေးမြိုချကာ ဆက်ပြောသည်။ 


"အဲဒါ... သခင်က သူ့မုန့်တော်တော်များများကို စားခဲ့ရတယ် မဟုတ်လား… သခင်... နှုတ်ခမ်းမှာ ပဲနီအနှစ်စတွေတောင် ကပ်နေတုန်းပဲလေ…"

 

သူ့စကားမဆုံးမီမှာပင် သွမ့်ထင်ရွှမ်းက လျင်မြန်စွာ မတ်တတ်ရပ်လိုက်ပြီး လက်ခုပ်တစ်ချက် တီးလိုက်လေသည်။ 

"မင်းပြောတာမှန်တယ်… မင်းသခင်က ကြက်ခိုးမရတဲ့အပြင် ဆန်ပါပါသွားတာမျိုး မဖြစ်ခဲ့ဘူး… ငါတကယ်တော့ အဲဒီမုန့်နည်းနည်းပါးပါး စားခဲ့ရတယ်… ပြီးတော့ ငါက ဆန်လည်းယူသွားတာ မဟုတ်ဘူး..."

 

ထိုသို့ပြောရင်း သူက ရုတ်တရက် လှည့်ကာ စစ်ဖျင်ကို မုန်းတီးစွာဖြင့် စိုက်ကြည့်လိုက်လေသည်။ 


"မင်းအမေကြီးပဲ… အသုံးမကျတဲ့ကောင်… မင်းက ဒီကိစ္စကို လာပြောရဲတယ်… မင်းက မေယွဲ့အိမ်တော်ကို မြင်ရုံနဲ့တင် ကြောက်နေပြီ… တကယ့်စစ်မြေပြင်ကို သွားရရင် ဘယ်လိုလုပ်မလဲ… ငါက မင်းရဲ့ သစ္စာစောင့်သိမှုနဲ့ အကာအကွယ်ကို အားကိုးလို့ရပါဦးမလား… ဒါမှမဟုတ် မင်းက ငါ့ကို ဈေးအများဆုံးပေးတဲ့သူဆီ ရောင်းမစားသရွေ့ ငါ့ကိုယ်ငါ ကံကောင်းတယ်လို့ မှတ်ယူရမလား…"

 

စစ်ဖျင်က အလျင်အမြန်ပင် သူ၏  အချိုသာဆုံးသော အပြုံးမျက်နှာပေးကို ပြင်ဆင်လိုက်လေသည်။

"သခင်က ကျွန်တော့်ကို အသိဆုံးပါ… မေယွဲ့အိမ်တော်မှာ ကျွန်တော်က... ကျွန်တော်က သခင်မကို စိတ်ကြည်လာအောင် စနောက်နေတာပါ… ဟုတ်တယ်မလား… ကျွန်တော် စဉ်းစားနေတာက သခင်မသာ ရယ်လိုက်ရင် သူအာရုံလွဲသွားပြီး သခင်ကို စကားစပြောဖို့ အခွင့်အရေးရမှာပေါ့… ဘယ်သူက သခင်မက ဒီလောက်ဒေါသထွက်လိမ့်မယ်လို့ ထင်မိမှာလဲ… ကျွန်တော့်ရဲ့ ကြီးကျယ်တဲ့ သရုပ်ဆောင်မှုကြီးက အဲဒီလိုနဲ့ပဲ ပျက်သွားတာပေါ့… ဒါက တကယ့်စစ်မြေပြင်သာဆိုရင် ကျွန်တော်က သခင့်ရှေ့မှာ သေဒဏ်ထိုက်တန်ပါတယ်…"

 

"သွားစမ်း… သွားစမ်း… သွားစမ်း… မင်းသခင်က ဒီလိုမဟုတ်ကဟုတ်က စကားတွေကို ယုံမယ်ထင်နေလား…" 

 

သွမ့်ထင်ရွှမ်းက ကန်ကျောက်လိုက်ရာ စစ်ဖျင်က ရှောင်တိမ်းလိုက်သည်။ သူ့မျက်နှာကမူ အပြုံးများပြည့်နေဆဲဖြစ်ပြီး ဤသည်က မကောင်းမှုပြုပြီးနောက် အပြစ်မှလွတ်မြောက်ခြင်းဟု ယုံကြည်နေလေသည်။

 

ဥယျာဉ်၏ အဝင်ဝတွင် သူ့သခင်က မည်သည့်နေရာသို့ သွားရမည်ကို မဝေခွဲနိုင်ဘဲ ရပ်နေသည်။ ဤသည်က မကောင်းသော အမှတ်တရများကို ပြန်လည်သတိရစေမည်ကို စိုးရိမ်သဖြင့် သူက တိုးတိုးလေးပြောလိုက်လေသည်။ 

 

"သခင် ဘယ်ကိုသွားချင်ပါသလဲ… စာကြည့်ခန်းလား ဒါမှမဟုတ် သခင်မယွင်ရဲ့ နေရာကိုလား… ဒါမှမဟုတ် သခင်မလန်ရဲ့ နေရာကို မရောက်တာ ရက်အတော်ကြာပြီဆိုတော့ အလည်သွားမလား… သခင်မလန်က ဘာမှမပြောပေမယ့် ကျွန်တော့်ကို တွေ့တိုင်း သခင့်အကြောင်း အမြဲမေးပါတယ်..."

 

"ဟုတ်တယ်… ဟုတ်တယ်… ငါသိတယ်… မင်း သူတို့ဆီက ပိုက်ဆံဘယ်လောက်တောင် ယူထားတာလဲ…"

 

သွမ့်ထင်ရွှမ်းက မျက်လုံးလှန်လိုက်မိသည်။ 

 

"ငါဘယ်မှမသွားဘူး… စာကြည့်ခန်းကိုပဲ ပြန်ကြစို့…"

 

"သခင်… ညစာမစားရသေးဘူးလေ… ခုနက မုန့်နည်းနည်းပဲ စားထားတာ… အဲဒါနဲ့ ဘယ်လောက်မှာလဲ… သခင်မယွင်ဆီသွားပြီး သူ့ဘဲပေါင်းစွပ်ပြုတ်လေး သွားမြည်းကြည့်ပါလား..."


စစ်ဖျင်က အစွမ်းကုန် ကြိုးစားနေလေသည်။ ပိုက်ဆံကို အလကားယူ၍မရ၊ မည်သူ့ကိုယ်စား တိုက်တွန်းနေသည်ဖြစ်စေ အရေးမကြီး၊ အရေးအကြီးဆုံးက သူက သူ၏တိုက်တွန်းခြင်းအလုပ်ကို အကောင်းဆုံးလုပ်ဆောင်နေခြင်းပင်ဖြစ်သည်။

 

"စားဖိုဆောင်ကို အစားအသောက်ပို့ခိုင်းလိုက်…" 

 

သွမ့်ထင်ရွှမ်း၏ စိတ်အခြေအနေက အနည်းငယ် မတည်မငြိမ်ဖြစ်နေဆဲဖြစ်လေသည်။ သူက စစ်ဖျင်ကို အခြားစကားတစ်ခွန်းမှ မပြောစေဘဲ သူ၏စာကြည့်ခန်းသို့ ဦးတည်သော လမ်းအတိုင်းသာ လျှောက်သွားလေသည်။

 

စစ်ဖျင်က ရွေးချယ်စရာမရှိတော့ဘဲ သူ့သခင်၏အမိန့်အရ စားဖိုဆောင်သို့ အမြန်သွားရသည်။ ဤအချိန်တွင် သွမ့်ထင်ရွှမ်းက သူ၏စာကြည့်ခန်းသို့ ရောက်နေပြီဖြစ်လေသည်။ သူက ထိုင်ခုံပေါ်သို့ ဒေါသတကြီးထိုင်ချလိုက်ပြီးနောက် စိတ်ကောက်နေတော့သည်။ နောက်ဆုံးတွင် သူကိုယ်တိုင်ပင် ဤအခြေအနေတစ်ခုလုံးကို အနည်းငယ်ထူးဆန်းသည်ဟု တွေ့ရှိလာသည်။ သူ၏စိတ်အပြောင်းအလဲများကို စုနွမ်နွမ်ကြောင့်ဟု အသိအမှတ်မပြုချင်သောကြောင့် သူ့စာအုပ်များထဲမှ တစ်အုပ်ကို ကျပန်းထုတ်ယူပြီး တဖြည်းဖြည်း စိတ်တည်ငြိမ်အောင် ကြိုးစားနေလေသည်။

 

စာကြည့်ခန်းကို တာဝန်ယူရသော ရွှမ်ရှီးက အခန်းထဲမှ ကျပန်းထွက်ပေါ်လာသော သက်ပြင်းချသံများနှင့် မကျေမနပ် ဟူးဟူးဟားဟားအသံများကြောင့် သူ၏ တည်ရှိမှုကို မပြသရဲပေ။ နောက်ဆုံးတွင် စစ်ဖျင်ကို မြင်သောအခါ သူက ဖမ်းဆွဲပြီး တီးတိုးတိုင်ပင်တော့လေသည်။ 

 

သခင်က ဘာလို့ဒီလိုဖြစ်နေတာလဲ… တကယ်တော့ ဘာဖြစ်ခဲ့တာလဲ…

 

စစ်ဖျင်က လက်ကိုယမ်းပြပြီး တိုးတိုးလေး ပြန်ပြောလိုက်သည်။ 

"ငါ့စကားနားထောင်… ဘာပဲဖြစ်ဖြစ် အဲဒီထဲကို လုံးဝမဝင်နဲ့… သခင်က သခင်မလက်ထဲမှာ အကြီးအကျယ် ရှုံးနိမ့်ပြီး ပြန်လာတာ… အဲဒီထဲဝင်တဲ့ ဘယ်သူမဆို သူ့ဒေါသရဲ့ နောက်ဆက်တွဲဒဏ်ကို ခံရလိမ့်မယ်… ငါကတော့ ခဏလောက် ဒီမှာပဲ ပုန်းနေတော့မယ်…"

 

ရွှမ်ရှီး၏ မျက်လုံးများက ပြူးထွက်လုမတတ်ဖြစ်သွားပြီး သူက ကြောင်ငေးရင်း ကြည့်နေမိလေသည်။

 

"မင်း...မင်း ဘာပြောလိုက်တယ်… မေယွဲ့အိမ်တော်ကို အပစ်ခံထားရတဲ့ သ...သခင်မက... သခင့်ကို ရှုံးနိမ့်အောင် လုပ်လိုက်တယ်ဟုတ်လား… မင်း...မင်း ဖျားနေတာတော့ မဟုတ်ပါဘူးနော်…"





🍲🍲