Ch 11
Viewers 5k

🍲Chapter 11

လူပြက်သုံးဖော်

 



စစ်ဖျင်က မျက်လုံးလှန်လိုက်ပြီး ပြောလိုက်လေသည်။


"မင်းသာ ဖျားနေတာ… သခင်ရဲ့ စိတ်အခြေအနေ ဒီရက်ပိုင်းအတွင်း ဘယ်လိုဖြစ်နေလဲဆိုတာ မင်းမမြင်ဘူးလား… အဲဒါအတွက် ပထမသခင်မကိုပဲ ကျေးဇူးတင်လိုက်တော့… သူ့ကို လျှော့မတွက်နဲ့… ငါပြောရမယ်ဆိုရင် အခုသခင်မက အရင်ကလို စိတ်အနှောင့်အယှက်ပေးပြီး ပြဿနာရှာတတ်သူနဲ့ ဘာမှမဆိုင်တော့ဘူး… စားဖိုဆောင်ထဲမှာ သူပြဿနာရှာခဲ့တဲ့အချိန်ကို မင်းမေ့သွားပြီလား…

သူ သေမင်းနဲ့ နဖူးတွေ့ဒူးတွေ့ကြုံပြီးတဲ့နောက်မှာ သူ့ခေါင်းထဲကို ထူးဆန်းတဲ့ အသိတရားတစ်မျိုး ရောက်သွားသလိုပဲ… သူ့ဦးနှောက်စွမ်းရည်က သုံးဆလောက် တက်သွားတယ်… သခင်မယွင်က ဘယ်လိုလူစားမျိုးလဲ ဆိုတာ မင်းသိသားပဲ… သူက မေယွဲ့အိမ်တော်ကို ထောက်ပံ့ကြေး ဘယ်လောက်များများ ပေးခဲ့လို့လဲ… သာမန်လူတစ်ယောက်သာဆိုရင် ငတ်သေတာကြာလှပြီ… ဒါပေမဲ့ အဲဒီသခင်မက သူ့အစေခံမလေးနှစ်ယောက်နဲ့အတူ အဲဒီမှာ အတော်လေး ကောင်းကောင်းမွန်မွန် နေထိုင်နေကြတယ်…"

 

"ဒါ... ဒါဘယ်လိုဖြစ်နိုင်မှာလဲ… တကယ်တော့ ဘာတွေဖြစ်နေတာလဲ… သူ့ကို နာနာဘာဝ ပူးကပ်နေတာများလား…" 

 

ရွှမ်ရှီး၏ မျက်လုံးများက ထိတ်လန့်ဖွယ်သတင်းကြောင့် ဆေးထိုးအပ်ထိပ်လောက်ပင် ကျဉ်းမြောင်းသွားရသည်။ ထိုအချိန်တွင်ပင် သွမ့်ထင်ရွှမ်း၏ အသံနက်ကြီးက ထွက်ပေါ်လာတော့သည်။ 

"မင်းတို့နှစ်ယောက် အပြင်မှာ ဘာတွေတီးတိုးပြောနေကြတာလဲ… အထဲကို ဝင်ခဲ့စမ်း…"

 

စစ်ဖျင်နှင့် ရွှမ်ရှီးတို့က တံခါးဝတွင် တစ်ယောက်ကိုတစ်ယောက် ကျော်တက်လုမတတ် အလုအယက်ဝင်လာကြပြီး နှုတ်ခမ်းပေါ်တွင် အပြုံးများက ခိုင်မြဲစွာ နေရာယူထားပြီးဖြစ်လေသည်။

"သခင်… ကျွန်တော်တို့ ဘာလုပ်ပေးရမလဲဟင်…"

 

သွမ့်ထင်ရွှမ်းက သူတို့အတွက် တာဝန်ပေးစရာအလုပ် တကယ်မရှိပေ။ စစ်ဖျင်က သူ၏ 'အကြီးအကျယ် ရှုံးနိမ့်မှု' အကြောင်းကို ရွှမ်ရှီးနှင့် စာကြည့်ခန်းရှေ့တွင် အတင်းအဖျင်းပြောနေသည်ဟု သံသယရှိသောကြောင့် သူတို့ကို ခေါ်လိုက်ခြင်းသာ ဖြစ်သည်။ သူတို့၏ စိတ်အားထက်သန်နေသော မျက်နှာများကို ကြည့်ရင်း သူက မျက်လုံးကျဉ်းလိုက်လေသည်။

 

ဟွန်း…

 

သူ၏သံသယက မှန်ကန်နေခြင်းက ထင်ရှားပေသည်။ သူက ဤ 'ယုံကြည်ရသော အစေခံ' နှစ်ယောက်ကို သေသည်အထိကန်ပြီး အသံတိတ်သွားစေချင်စိတ် ပေါက်သွားသော်လည်း၊ သူ၏ ကျိုးကြောင်းဆင်ခြင်နိုင်သော စိတ်က တစ်နည်းနည်းဖြင့် အနိုင်ရသွားလေသည်။

 

ကောင်းပြီလေ…

 

နောက်ဆုံးတွင် စုနွမ်နွမ်၏ ညစ်ပတ်သော နည်းဗျူဟာများရှေ့တွင် သူက အမှန်တကယ်ကို ကူကယ်ရာမဲ့နေခြင်းက အမှန်ပင်။ ဤအရူးနှစ်ယောက်က လောကတွင် အတောက်ပဆုံးသော ဉာဏ်ပညာမရှိသော်လည်း၊ သူအသုံးပြုနိုင်မည့် လှည့်ကွက်လေးများ သို့မဟုတ် ကောက်ကျစ်သော အကြံဉာဏ်များ ရှိကောင်းရှိနိုင်ပေသည်။

 

သူက သူတို့၏ အားနည်းသော ဉာဏ်ကို အသုံးချရန် သူ့ဒေါသကို ဖိနှိပ်လိုက်ရသည်။ သူက မျက်လုံးကိုကျဉ်းလိုက်ကာ စားပွဲကို လက်ညှိုးဖြင့် တစ်ချက်ချင်း ခေါက်ရင်း ပြောလိုက်လေသည်။


"ကဲ… ရွှမ်ရှီး… မင်းဒီကိစ္စရဲ့ အကျဉ်းချုပ်ကို သဘောပေါက်လောက်ပြီ မဟုတ်လား… အင်း… မင်းတို့သခင်က မေယွဲ့အိမ်တော်မှာ ဘယ်လိုနည်းနဲ့ ဂုဏ်သိက္ခာရှိရှိ အလကားစားသောက်လို့ရမလဲဆိုတဲ့ အကြံဉာဏ်များ ရှိလား…"

 

ရွှမ်ရှီးက မြေပြင်ပေါ်သို့ လဲကျလုမတတ်ဖြစ်သွားလေသည်။ သူက မျက်ရည်များဝိုင်းနေသော မျက်လုံးများဖြင့် သူ့သခင်ကို စိုက်ကြည့်ရင်း ပြောလိုက်လေသည်။

"သခင်… သခင်က သခင်မရဲ့ ခင်ပွန်းလေ… မေယွဲ့အိမ်တော်မှာ ထမင်းစားတာက သခင့်အတွက် လုံးဝသဘာဝကျပါတယ်… 'အလကားစားသောက်တယ်' လို့ ခေါ်ဖို့မလိုပါဘူးနော်… ဇနီးတစ်ယောက်အနေနဲ့ သခင့်ကို အလုပ်အ‌ကျွေးပြုဖို့က သခင်မရဲ့ တာဝန်ပဲ မဟုတ်လား…"

 

သွမ့်ထင်ရွှမ်းက မျက်လုံးလှန်လိုက်သည်။

"မဟုတ်ကဟုတ်ကတွေ… ငါ ဒါတွေကို မသိဘူးများ ထင်နေလား… ဒါပေမဲ့... အဟမ်း… အတိတ်တုန်းကတော့ ငါကပဲ သူ့ကို အရင်လျစ်လျူရှုခဲ့တာ… သူဘာပဲလုပ်လုပ် သူက သူ့အမှားကို ဝန်ခံမှာမဟုတ်ဘူး… သဘာဝကျပါတယ်လေ… သူက ငါ့ကို ဂရုမစိုက်မိတဲ့အတွက် အပြစ်တင်ပြီး မုန်းတီးနေမှာပေါ့… အဲဒီအပေါ်မှာ သူက တစ်နည်းနည်းနဲ့ အရင်ကထက် ပိုပြီးတော့ တော်လာတယ်… ဒါပေမဲ့ ငါက သူ့ရဲ့ တကယ့်စိတ်နေစိတ်ထားကို သေချာမသိသေးတဲ့အတွက် သူ့ကို အတွင်းဆောင်ကို ချက်ချင်းပြန်မရွှေ့နိုင်သေးဘူး… ပြီးတော့ သူ့စားစရာကို ရဖို့အတွက် အကောင်းဆုံးအကြောင်းပြချက်ကို ရှာရမယ်… နားလည်လား…"

 

"ဘာ… သခင်က သခင်မကို အတွင်းဆောင်ကို ပြန်ရွှေ့ချင်နေတာလား…" 

ရွှမ်ရှီးက သူ့သခင်ကို မျက်နှာသေဖြင့် ကြည့်လိုက်မိလေသည်။ 

 

ဟေး… သခင်မကို မေယွဲ့အိမ်တော်မှာ ပစ်ထားပြီး သေခိုင်းမယ်လို့ ပြောခဲ့တာ သခင်ပဲ မဟုတ်ဘူးလား… သူကံကောင်းလို့ မသေရင်တောင် ကွာရှင်းပစ်မယ်လို့ ပြောခဲ့တယ်လေ… မဟုတ်ရင် သခင်မယွင်က ဘယ်လိုလုပ် ဒီလောက်အထိ ရဲရဲတင်းတင်း အနိုင်ကျင့်ရဲမှာလဲ…

 

ဘယ်လို... ဘယ်လိုလုပ်ပြီး ရက်ပိုင်းအတွင်းမှာ အခြေအနေတွေက ဒီလောက်အထိ ပြောင်းလဲသွားနိုင်ရတာလဲ… သခင်က သခင်မကို အတွင်းဆောင်ကို ပြန်ရွှေ့ဖို့ အလေးအနက် စဉ်းစားနေတာလား… ထူးဆန်းလိုက်တာ… သခင်မက နတ်ပြည်က စားစရာတွေ ချက်တတ်တယ်လို့တော့ မပြောနဲ့နော်… တကယ်ပဲ အဲဒီလောက်တောင် အရသာရှိနိုင်လို့လား…


 

"ငါစဉ်းစားနေတုန်းပဲ… ဘာမှမဆုံးဖြတ်ရသေးဘူး…" 

သွမ့်ထင်ရွှမ်းက သူ့လက်ကို ဆတ်ခနဲ ယမ်းလိုက်လေသည်။

 

သူ့သခင်၏ ထူးဆန်းသော စိတ်အပြောင်းအလဲများနှင့် အတွေ့အကြုံအရှိဆုံးဖြစ်သော စစ်ဖျင်က သွမ့်ထင်ရွှမ်းက ဒေါသပေါက်ကွဲလုနီးပါးဖြစ်နေကြောင်းကို သဘောပေါက်လိုက်လေသည်။ သူက သူနှင့် ရွှမ်ရှီးတို့၏ စကားဝိုင်းကို အမြန်ပြန်စဉ်းစားပြီး ရှေ့သို့တိုးကာ တိုးတိုးလေးပြောလိုက်သည်။

 

"သခင်… နည်းလမ်းတစ်ခုတော့ ရှိနိုင်ပါတယ်… ဒါပေမဲ့ သခင်က ဒီအချက်အလက်တွေက ကျွန်တော့်ဆီကလာတာလို့ မဖော်ထုတ်ပါဘူးလို့ ကတိပေးရပါမယ်… မဟုတ်ရင် ကျွန်တော် မပြောရဲပါဘူး…"

 

"အင်း… ပြော…" 


သွမ့်ထင်ရွှမ်း၏ မျက်လုံးများတွင် အမှောင်ရောင်အရိပ်တစ်ခု လက်ခနဲဖြစ်သွားပြီးနောက် သူ့လက်များက ချီလင်ရုပ်စာရွက်ဖိတုံးတစ်ခုကို ကောက်ယူကာ ဆော့ကစားနေလေသည်။ အကြံဉာဏ်က မည်သို့ပင်ဖြစ်စေ မေယွဲ့အိမ်တော်၏ အစားအစာကို သူရနိုင်သရွေ့ သူက ၎င်းကို အစီအစဉ်ကောင်းတစ်ခုအဖြစ်သာ မှတ်ယူမည်ဖြစ်သည်။

 

ယခင်က သူက မိမိကိုယ်ကိုယ် အစားအသောက် အလွန်အမင်း ရွေးချယ်တတ်သူဟု မထင်မိခဲ့ပေ။ နေ့စဉ်နှင့်အမျှ ကျွေးမွေးသော ဇိမ်ခံအစားအစာများကို ငြီးငွေ့နေပြီဖြစ်ကြောင်းကိုမူ ဝန်ခံရမည်ဖြစ်ပေသည်။ သူက စစ်စခန်းတွင် နေထိုင်ခဲ့ဖူးပြီး သာမန်စစ်သားများ၏ ရိုးရှင်းသော အစားအစာများကိုပင် ပြဿနာမရှိဘဲ စားသုံးခဲ့ဖူးလေသည်။ 

 

ဒါပေမယ့် ဘာလို့ အဲဒီမိန်းမ ချက်ပြုတ်ထားတဲ့ စားစရာတွေနဲ့ ဝေးဝေးနေလို့မရတာလဲ… သူက ငါ့ကို တစ်နည်းနည်းနဲ့များ ကျိန်စာတိုက်ထားတာလား…

 

သူက စဉ်းစားရင်း အလုပ်ရှုပ်နေစဉ်တွင် စစ်ဖျင်က တိုးတိုးလေး ဆက်ပြောလေသည်။


"သခင်… သခင်မကို မေယွဲ့အိမ်တော်ကို ပို့လိုက်တဲ့အချိန်ကစပြီး သခင်မယွင်ရဲ့ ထောက်ပံ့ကြေးနဲ့ တခြားထောက်ပံ့ပစ္စည်းတွေက... အဟမ်း… အဲဒါတွေက... နည်းနည်း မမှန်မကန် ဖြစ်လာပါတယ်… ကျွန်တော် စဉ်းစားမိတာက သခင်မက ကောင်းကောင်းစားသောက်နေရသလို ပုံပေါ်နေပေမယ့် မေယွဲ့အိမ်တော်ရဲ့ မီးဖိုချောင်မှာ တကယ်တော့ ဘာမှသိပ်မရှိပါဘူး… ကျွန်တော်တို့ မီးဖိုချောင်ထဲကို ပထမဆုံးဝင်တုန်းက သခင်က ချက်ပြီးသားဟင်းတွေကို ရှာဖို့ အာရုံစိုက်နေချိန်မှာ ကျွန်တော်က ဆန်အိုးနဲ့ ဂျုံအိတ်တွေကို ခိုးကြည့်လိုက်ပါတယ်… ဆန်နဲ့ ဂျုံသိပ်မကျန်တော့ပါဘူး… ငါးနဲ့ အသားလည်း သိပ်မရှိပါဘူး… သခင်က အလကားစားသောက်ချင်တယ်ဆိုရင် ဘာလို့ စားဖိုဆောင်ကနေ ကုန်ကြမ်းတချို့ ယူမသွားတာလဲ… ပြီးတော့ သခင်မက ကုန်ကြမ်းတွေကို လက်ခံတယ်ဆိုရင် သခင့်ကို ချက်မကျွေးဘဲ ဘယ်လိုငြင်းနိုင်မှာလဲ… ဟုတ်တယ်မလား…"

 

သွမ့်ထင်ရွှမ်းက ၎င်းကို စဉ်းစားလိုက်ပြီး သူ့မျက်မှောင်ကြုတ်မှုက ပြေလျော့သွားကာ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ပွင့်လန်းလာလေသည်။


"ကောင်းပြီ… ကောင်းပြီ… မင်းတို့ခွေးကောင်တွေက အသုံးဝင်သေးသားပဲ… ဒါက အစကတည်းက ငါ့အမှားပဲ… ငါက သူတို့ရဲ့ အကန့်အသတ်ရှိတဲ့ စားစရာကို လျော်ကြေးမပေးဘဲ လုယူမိတယ်… ဘယ်လိုဖြစ်ပြီး ဒီလိုအခြေခံယဉ်ကျေးမှုကိုတောင် ငါမေ့သွားရတာလဲ…"

 

စစ်ဖျင်က ချက်ချင်းပင် ပြုံးလိုက်လေသည်။

"သခင့်ကို ဘယ်သူက အပြစ်တင်နိုင်မှာလဲ… သခင့်ရဲ့ စိတ်ထဲမှာ နိုင်ငံ့အရေးကြီးကိစ္စတွေနဲ့ ပြည့်နေတာပဲ… အိမ်တွင်းရေးလို အရေးမပါတဲ့ ကိစ္စလေးတွေက သခင့်စိတ်ထဲကနေ လွတ်သွားတာ အံ့ဩစရာမှ မဟုတ်တာ…"


ကံမကောင်းစွာဖြင့် သူ့သခင်ကို မြှောက်ပင့်သည့် ဤကြိုးပမ်းမှုက အလုပ်မဖြစ်ခဲ့ပေ။ သွမ့်ထင်ရွှမ်းက သက်ပြင်းရှည်ကြီးချကာ ခေါင်းခါရင်း ပြောလိုက်လေသည်။


"ဘာအရေးမပါတဲ့ အိမ်တွင်းရေးလဲ… ရှင်းလင်းတဲ့စိတ်ရှိတဲ့ အရာရှိတစ်ယောက်က အိမ်တွင်းရေးနဲ့ နိုင်ငံ့အရေးကို ခွဲခြားထားသင့်တယ်လို့ တချို့ကယုံကြည်ကြတယ်… ဒါပေမဲ့ ကိုယ့်အိမ်ကိုတောင် မအုပ်ချုပ်နိုင်ရင် တစ်တိုင်းပြည်လုံးကို ဘယ်လိုအုပ်ချုပ်နိုင်မလဲ…"

 

စစ်ဖျင်နှင့် ရွှမ်ရှီးတို့က ဤမှတ်ချက်ကို အလျင်အမြန် ထောက်ခံလိုက်ကြစဉ် သွမ့်ထင်ရွှမ်းက ပြောလိုက်လေသည်။


"စစ်ဖျင်… မင်းခုနကပြောတာက… ရန်ယွင်က ပထမသခင်မရဲ့ လစဉ်ထောက်ပံ့ကြေးနဲ့ ခွဲတမ်းကို ပေါ့ဆခဲ့တယ်ဆိုတာ… ဒါအမှန်ပဲလား…"

 

စစ်ဖျင်က ရင်ထဲတွင် ခါးသီးစွာ အော်ဟစ်လိုက်သည်။ သခင်က ဤကိစ္စအကြောင်းကို ကောက်ချက်ချမည်ကို သူကြောက်နေခဲ့ခြင်းပင် ဖြစ်လေသည်။ သို့သော် သူငြင်းဆိုရန် နည်းလမ်းမရှိတော့ပေ။ သူက သခင်မယွင်ကို သစ္စာမဖောက်ချင်သော်လည်း သခင်က သူ့အမေအိုကြီးထံမှ ဂေါ်ဖီဖက်ထုပ်များ လာမတောင်းတော့စေချင်တော့ပေ။ 

 

အခုဆို ငါတို့အိမ်လေးက ကြက်သွန်မြိတ်နံ့တွေ ထောင်းလမောင်းထနေပြီး ကြက်တွေတောင် ဖက်ထုပ်စားရတာကို ငြီးငွေ့နေကြပြီ… သိရဲ့လား…

 

ကြက်သွန်မြိတ်နံ့ရရုံဖြင့်ပင် သူ့ဗိုက်ထဲက ကလီစာများ လှန်တက်လာလေသည်။

 

"အင်း… သခင်… အဲဒါက... သခင်မယွင်က အိမ်တွင်းရေးကိစ္စ အကြီးအငယ်မှန်သမျှတွေကို ကြည့်ရှုနေရတော့ အလုပ်များနေပါတယ်… သူက... တစ်ခုခုကို လျစ်လျူရှုမိသွားတာ ဖြစ်နိုင်ပါတယ်…" 

 

စစ်ဖျင်က အခြေအနေကို ကယ်တင်ရန် အကောင်းဆုံးကြိုးစားလိုက်သော်လည်း သွမ့်ထင်ရွှမ်းက သူ့ကို ပယ်ချသည့်အနေဖြင့် လက်ယမ်းပြလိုက်သည်ကိုသာ မြင်လိုက်ရသည်။ သူက အတော်လေး အေးစက်သော အသံဖြင့် ပြောလိုက်လေသည်။


 

"အိမ်တွင်းရေးကိစ္စတွေကို ဂရုတစိုက်ကြည့်ရှုတဲ့သူက ဒီလိုကိစ္စမျိုးကို တကယ်လျစ်လျူရှုမိနိုင်လို့လား… အဘွားနဲ့ အမေတို့ရဲ့ ခွဲတမ်းကို မေ့သွားတယ်ဆိုတဲ့ သတင်းတော့ ငါမကြားမိပါဘူး…"

 

စစ်ဖျင်က သခင်မယွင်ကို ကာကွယ်ရန် မကြိုးစားပေးတော့ပေ။ ထိုအခါ သွမ့်ထင်ရွှမ်းက ပို၍ပင် စိတ်မရှည် ဖြစ်လာလေသည်။

 

"ထားလိုက်တော့… သခင်မယွင်အတွက် စကားကောင်းပြောစရာမလိုဘူး… ငါတို့လက်ထပ်ထားတာ နှစ်အနည်းငယ်ကြာပြီ… သူ့စိတ်ဓာတ်ကို ငါဘယ်လိုလုပ်မသိဘဲနေမလဲ… အာဏာရှိသူကို မြှောက်ပင့်ပြီး အားနည်းသူကို အနိုင်ကျင့်တာက လူ့သဘာဝပဲ… ဒါက တစ်စိတ်တစ်ပိုင်းအားဖြင့် ငါ့အမှားလည်း ပါတယ်… ရန်ယွင်က ဒါကို ငါလိုချင်တယ်လို့ ထင်ပြီးလုပ်ခဲ့တာ ဖြစ်နိုင်တယ်…"

 

စစ်ဖျင်က သက်ပြင်းကျယ်ကြီးချလိုက်လေသည်။

ဘာပဲဖြစ်ဖြစ် သခင်က ဒီအချက်ကို နားလည်သရွေ့တော့ ပြီးတာပါပဲ…

 

ဒါပေမယ့် သွမ့်ထင်ရွှမ်းကစဉ်းစားရင်း ရင်ထဲက ခေါင်းခါနေတာကို သူက ဘယ်လိုသိနိုင်မှာလဲ… ဘာပဲဖြစ်ဖြစ် မေယွဲ့အိမ်‌တော်က လူတွေကို ငတ်သေအောင်လုပ်ဖို့ရည်ရွယ်ချက် ငါ့မှာ ဘယ်တုန်းကမှ မရှိခဲ့ဘူး… လည်လည်ဝယ်ဝယ်ရှိတဲ့ မိန်းမတစ်ယောက်အနေနဲ့ ရန်ယွင်က ဒါကို ဘယ်လိုလုပ်မသိဘဲနေနိုင်မလဲ… သူက ဉာဏ်ကောင်းပြီး အာရုံစူးစိုက်မှုရှိတယ်လို့ ငါယုံကြည်ခဲ့ဖူးတယ်… သူ့အတွေးအခေါ်က သာမန်အဆင့်လောက်ပဲရှိလိမ့်မယ်လို့ ထင်မထားမိခဲ့ဘူး…

 

သွမ့်ထင်ရွှမ်းက ရှုရန်ယွင်အပေါ် အနည်းငယ် စိတ်ပျက်သွားသော်လည်း အလုံးစုံတော့မဟုတ်ပေ။ သွမ့်ထင်ရွှမ်းက အတော်လေး စိတ်အားထက်သန်သော အမျိုးအစားဖြစ်လေသည်။ ဤဇနီးအတွက် ချစ်ခြင်းမေတ္တာမျိုးစေ့က အေးစက်သော နှင်းမုန်တိုင်းကို ဖြတ်သန်းနေရသော်လည်း၊ သူက သူမကို အတော်လေး သဘောကျနေဆဲဖြစ်ပေသည်။ စာကြည့်ခန်းတွင် ခဏကြာ အချိန်ဖြုန်းပြီးနောက် မကြာမီ ညနေစောင်းလာတော့သည်။ သူက ရှုရန်ယွင်ကို သွားတွေ့ရန် ရည်ရွယ်ထားသော်လည်း၊ ဘဲပေါင်းစွပ်ပြုတ်၏ ပုံရိပ်က သူ့စိတ်ထဲတွင် ပေါ်လာသောအခါ ခါးသက်ပြီး ဆီပြန်နေသော အရသာက သူ့လျှာကို လွှမ်းမိုးလာသလိုဖြစ်လာသည်။

 

နောက်ဆုံးတွင် အနည်းငယ် တုံ့ဆိုင်းနေပြီးနောက်တွင် သူက ရွှယ်ကျိလန်ကို သွားတွေ့လိုက်သည်။ သူက မိမိကိုယ်ကိုယ် နှစ်သိမ့်လိုက်သည်က အရသာရှိသော အစားအစာကို မစားသုံးနိုင်သော်လည်း၊ ရွှယ်ကျိလန်၏ မြို့ပြတစ်ခုကိုပင် ပြိုလဲသွားစေနိုင်သော အလွန်လှပသည့်ရုပ်ရည်ကို ရှုစားနိုင်သေးသည် ဟူ၍ဖြစ်ပေတော့သည်။




🍲🍲