Ch 14
Viewers 5k

🍲Chapter 14

: လှုံ့ဆော်ခြင်း

 



သွမ့်ထင်ရွှမ်းက သူ့မိခင်ထံ လာရောက်လည်ပတ်တိုင်း ဤစကားဝိုင်းကို အကြိမ်ကြိမ်အခါခါ ပြန်လည်ပြောဆိုရသဖြင့် သူက သည်းမခံနိုင်တော့လုမတတ် ဖြစ်နေရသည်။ သို့သော် သူ့မိခင်က သူ့အနာဂတ်အတွက် အမှန်တကယ် စိုးရိမ်နေမှန်း သူသိသောကြောင့် သူ၏စိတ်အနှောင့်အယှက်ဖြစ်မှုကို မျိုချကာ ပြောလိုက်ရလေသည်။

 

"အမေ… ဒီကိစ္စအတွက် ကျွန်တော့်မှာ ကိုယ်ပိုင်အစီအစဉ်တွေ ရှိပါတယ်… အဖေက ကိုယ်လုပ်တော်လင်နဲ့ ညီလေးကို မျက်နှာသာပေးနိုင်ပေမယ့် သူက အဘိုးကြီးအရွယ် စိတ်မနှံ့သူတော့ မဟုတ်ပါဘူး… ပြီးတော့ ကျွန်တော့်ဘက်မှာ ဧကရာဇ်မင်းနဲ့ ဧကရီဘုရင်မတို့လည်း ရှိပါတယ်… အမေ့ရဲ့ ဒီအမွေဆက်ခံသူကို အလွယ်တကူ စွန့်ပစ်မှာမဟုတ်ပါဘူး… ဒီအတွက် စိတ်မပူပါနဲ့နော်…"

 

သခင်မယန်က သက်ပြင်းချကာ ဝမ်းနည်းစွာ ခေါင်းခါလိုက်လေသည်။ 


"တုံးအလိုက်တဲ့ ကလေးရယ်… ဒီလူတွေရဲ့ နှလုံးသားကို မင်းဘယ်လိုသိနိုင်မှာလဲ..." 

 

သူမက ဤနေရာတွင် စကားဆက်မပြောနိုင်ဘဲ ရပ်တန့်သွားရသည်။ နောက်ဆုံးတွင် သူမ၏သားကို အိပ်ရာတွင်းစကားများအကြောင်း ပြောဆိုရန်က မသင့်တော်သေးပေ။

 

မိခင်နှင့်သားက ခဏတာ တိတ်ဆိတ်သွားကြလေသည်။ နောက်ဆုံးတွင် သူမ၏အပျိုဘဝကတည်းက အတူပါလာသော သခင်မယန်၏ ကိုယ်ပိုင်အစေခံမလေးက ပေါ်လာပြီး တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ 


"သခင်မ… အဘွားသခင်မကြီးက ဒီနေ့ သက်သတ်လွတ်စားမှာမို့လို့ သခင်မရဲ့ နေ့စဉ်ဂါရဝပြုမှုကို ပြုလုပ်စရာမလိုပါဘူးတဲ့… စားဖိုဆောင်ကလည်း သခင်မ တခြားဘာများ စားချင်သေးလဲလို့ သိချင်နေပါတယ်… အထူးတောင်းဆိုချက်တွေ ရှိရင် နေ့လည်ဘက်မှာ ပြင်ဆင်ပေးနိုင်အောင်ပါတဲ့…"

 

သခင်မယန်က အေးစက်စွာ ပြောလိုက်လေသည်။

"အဘွားသခင်မကြီးက သက်သတ်လွတ်စားမှတော့ ငါလည်း အတူစားလိုက်မယ်… စားဖိုဆောင်က သူတို့ရဲ့ အားအင်တွေကို ဖြုန်းတီးစရာ မလိုပါဘူး… အစားအသောက် အဆင်သင့်ဖြစ်ရင် ယူလာခဲ့လိုက်…" 

 

ထိုသို့ပြောပြီး သူမက သွမ့်ထင်ရွှမ်းဘက်သို့ လှည့်လိုက်လေသည်။ 

"မင်းက ဒီလောက်စောစောထနေမှတော့ မနက်စာ မစားရသေးဘူးထင်တယ်… မသွားခင် ဒီမှာ တစ်နပ်စားသွားပါလား…"

 

သွမ့်ထင်ရွှမ်းက ပြုံးလိုက်လေသည်။

"အမေ့သားက ဒီနေ့ ဗိုက်ပြည့်အောင် စားပြီးပါပြီ… ပဲနို့ရည်နဲ့ အီကြာကွေးတွေနဲ့ ဗိုက်တင်းနေပြီ… ကျွန်တော့်အတွက် အမေ စိတ်ပူစရာမလိုပါဘူး…"

 

သခင်မယန်က အံ့ဩပြီး ရှုပ်ထွေးသွားလေသည်။ 

"ပဲနို့ရည်နဲ့ အီကြာကွေး ဟုတ်လား… မနက်စောစောစီးစီး ဘာလို့ဒီလိုအရာတွေ စားနေရတာလဲ… အရမ်း ဆီမများလွန်းဘူးလား… ဘယ်လို မျက်နှာချိုသွေးတတ်တဲ့သူက မင်းကို ဒီလိုအမှိုက်သရိုက်တွေကို မနက်စာအဖြစ် ပြင်ဆင်ပေးတာလဲ…"

 

သခင်မယန်က ၎င်းက သူမ၏သားအပေါ် မျက်နှာသာရရန် ကြိုးစားနေသော မောင်းမတစ်ဦး၏ 'လုပ်ရပ်' ဟု ထင်နေလေသည်။ သွမ့်ထင်ရွှမ်း၏ ချစ်ခင်မှုကို ရရှိရန် ပြိုင်ဆိုင်မှုက ပြင်းထန်လှသလို သူ၏ လည်လည်ဝယ်ဝယ်ရှိသော သဘာဝနှင့် ပေါင်းစပ်လိုက်သောအခါ သူ၏မျက်နှာသာကို ရရှိရန်က မလွယ်ကူလှပေ။

 

ဤအရှက်မရှိသော အမျိုးသမီးများက ပေါ်ပေါ်ထင်ထင်ဖြစ်စေ၊ လျှို့ဝှက်စွာဖြစ်စေ နည်းလမ်းအမျိုးမျိုးကို အသုံးပြုကြလိမ့်မည်။ အစားအသောက်ကို ယောက်ျားတစ်ယောက်ကို ဆွဲဆောင်ရန် နည်းလမ်းအဖြစ် အသုံးပြုခြင်းက သာမန်နည်းဗျူဟာတစ်ခုသာဖြစ်ပြီး၊ ရှုရန်ယွင်ကလည်း ဤနည်းဗျူဟာကို နှစ်သက်ပေသည်။ သူမ၏ အဆောင်တွင် ဘဲပေါင်းစွပ်ပြုတ် အမြဲတမ်းရရှိနိုင်သည်ကို ကြည့်လျှင် သိနိုင်ပေသည်။ ယင်းက သွမ့်ထင်ရွှမ်းက ဘဲသားစားခြင်းကို နှစ်သက်သောကြောင့် ဖြစ်ပေသည်။ အမှန်တကယ်တွင် အန်းဖျင်အိမ်တော်၌ သူ့အကျိုးအတွက် ဘဲများစွာ အသက်စတေးခဲ့ရပြီး ဤနေရာက ဘဲများ၏ ငရဲဘုံဟု ဆိုလျှင်ပင် လွန်မည်မဟုတ်ပေ။

 

"ဒါက သူတို့နဲ့ ဘာမှမဆိုင်ပါဘူး… ကျွန်တော် မေယွဲ့အိမ်တော်မှာ မနက်စာစားခဲ့တာပါ…" 

 

သွမ့်ထင်ရွှမ်းက သူမကို သတိလက်လွတ် အသိပေးလိုက်မိသည်။ သူက သူ့မိခင်ကို နှုတ်ဆက်ရန်သက်သက်သာ လာခဲ့ခြင်းဖြစ်သော်လည်း သူ့ဇနီး၏ ပြောင်းလဲမှုများက သူ့နှလုံးသားထဲတွင်လည်း တစ်စုံတစ်ခုကို ပြောင်းလဲစေခဲ့သည်။ ဤအကြောင်းကြောင့် သူက စုနွမ်နွမ်ကို ယခင်ကဲ့သို့ ပေါ့ပေါ့ဆဆ မထီမဲ့မြင်ပြုခံရခြင်းနှင့် မုန်းတီးခံရခြင်းမျိုးဖြင့် ဆက်ဆံခံရခြင်းကို မမြင်လိုတော့ပေ။ မဟုတ်လျှင် သူက သူမကို အတွင်းဆောင်သို့ ပြန်ရွှေ့ရန် ကြိုးစားသောအခါ ပြဿနာဖြစ်စေနိုင်လိမ့်မည်။

 

မျှော်လင့်ထားသည့်အတိုင်းပင် သခင်မယန်က ထိတ်လန့်သွားပြီးနောက် သူမ၏မျက်နှာအရောင်ပြောင်းသွားကာ တင်းမာစွာ ပြောလိုက်လေသည်။ 


"မေယွဲ့အိမ်တော် ဟုတ်လား… အဲဒီမိန်းမကို မင်းစွန့်ပစ်လိုက်ပြီ မဟုတ်ဘူးလား… မင်း အဲဒီမိန်းမကို မုန်းတယ်လို့ ငါထင်ခဲ့တာ… ဘာလို့အခု အဲဒီမှာ သွားစားနေရတာလဲ… ငါ့သား… မင်းက အတွေးအခေါ်မှာ အမြဲတည်ငြိမ်ခဲ့တယ်… ဘယ်လိုလုပ်ပြီး ဒီလိုမသင့်တော်တဲ့အရာကို လုပ်ရတာလဲ… အဲဒီမိန်းမကို မဆင်မခြင် ချဉ်းကပ်လို့မရဘူး… ဒီရက်ပိုင်းတွေမှာ သူဘာပြဿနာမှ မရှာလို့ ငါက ဘုရားကို ကျေးဇူးတင်နေမိတာ… ဒါပေမဲ့ မင်းက ကိုယ့်သဘောနဲ့ကိုယ် သူ့ဆီသွားတယ်… ဒါက သူ့ကို တစ်လက်မပေးလိုက်တာနဲ့ တစ်မိုင်လောက် အလျှော့ပေးလိုက်တာမျိုး မဟုတ်ဘူးလား…"



သွမ့်ထင်ရွှမ်းက ရှင်းပြရန် ပြင်ဆင်နေစဉ်တွင် အစေခံတစ်ယောက်က တံခါးဝတွင် ပေါ်လာပြီး ပြောလိုက်လေသည်။ 


"သခင်မ… စစ်ဖျင်က ဒုတိယတံခါးမှာ သတင်းပို့ဖို့ ရောက်နေပါတယ်… အိမ်ရှေ့စံမင်းသားဆီက သံတော်ဆင့်တစ်ယောက်က သခင့်ကို တွေ့ခွင့်တောင်းနေပါတယ်တဲ့…"

 

ဤစကားများကြောင့် သခင်မယန်က သူမ၏စစ်ဆေးမေးမြန်းမှုများကို ရပ်တန့်လိုက်တော့သည်။ သူမက သွမ့်ထင်ရွှမ်းကို ချက်ချင်းနန်းတော်သို့ သွားရန် အလျင်အမြန် တိုက်တွန်းလိုက်လေသည်။ သွမ့်ထင်ရွှမ်းကမူ ဝမ်းထဲ၌ စကားများပြည့်နေသော်လည်း ၎င်းတို့ကို ထုတ်ဖော်ပြောဆိုရန် အခွင့်အရေးမရရှိဘဲ မောင်းထုတ်ခံလိုက်ရလေသည်။

 

မြို့စားငယ်လေးက အိမ်ရှေ့စံမင်းသား၏ နန်းတော်သို့ အမြန်သွားနေစဉ် မျက်နှာမည်းကြီးဖြင့် ထွက်ခွာသွားရခြင်းက ပြောစရာပင် မလိုပေ။ အိမ်ရှေ့စံက သူ့ကို ငါးမျှားခြင်း သို့မဟုတ် ငှက်ဖမ်းခြင်းကဲ့သို့သော သေးငယ်သည့်ကိစ္စအတွက် ခေါ်ခဲ့လျှင် သူက အိမ်ရှေ့စံကို စွပ်ပြုတ်လုပ်ပြီး ငှက်များနှင့် ငါးများကို ကျွေးမည်ဟု တိတ်တဆိတ် ကျိန်ဆိုလိုက်သည်။ သခင်မယန်ကမူ သူမ၏သားကို လွှတ်လိုက်ပြီးနောက် လေးလံသော နှလုံးသားဖြင့် စားသောက်ခန်းမသို့ သွားခဲ့သည်။ သူမက စားချင်စိတ်မရှိဘဲ အစားအသောက်များပြည့်နေသော စားပွဲကို ရင်ဆိုင်ရင်း  ဆန်ပြုတ်အနည်းငယ်သောက်ပြီးနောက် သူမက ရှုရန်ယွင်နှင့် ရွှယ်ကျိလန် နှစ်ယောက်လုံးကို ခေါ်ဆောင်လာရန် အစေခံများကို အမိန့်ပေးလိုက်တော့သည်။

 

အမျိုးသမီးနှစ်ဦးစလုံးက အလွန်လျင်မြန်စွာ ရောက်ရှိလာကြသည်။ သူမတို့က အချင်းချင်းနောက်ပြောင်ကာ စောင်းပါးရိပ်ခြည်ပြောဆိုရင်း အဝင်ဝတွင် ပေါ်လာကြတော့သည်။ သခင်မယန်က သူမတို့၏ စကားများကို သူမ၏အခန်းထဲမှ ကြားလိုက်ရပြီး အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်သလို အနည်းငယ် ကူကယ်ရာမဲ့သလိုလည်း ခံစားလိုက်ရသည်။ အိမ်ကြီးအများစု၏ အတွင်းဆောင်များက အတော်လေး ဆင်တူသည်ဟု ဆိုနိုင်ပေသည်။ ရည်ရွယ်ချက်များက နှုတ်ဖျားတွင်သာ ရပ်တန့်နေသရွေ့ အတော်လေးကောင်းသည်ဟုသာ မှတ်ယူနိုင်ပေသည်။

 

မနာလိုမှုနှင့် ပြိုင်ဆိုင်မှုများက တကယ့်ဓားများအဖြစ် နောက်ကျောမှအထိုးခံရခြင်းအထိ မြင့်တက်လာသောအခါ၊ ယုတ်မာသော လှည့်ကွက်များက အတွင်းဆောင်ကို လူသတ်မှုနှင့် ရှင်းမပြနိုင်သော မတော်တဆမှုများဖြင့် ပြည့်နှက်စေသောအခါ၊ ၎င်းက သူမကို ဖျားနာစေတော့သည်။ အကယ်၍ ထိုစုမိသားစုက ကောင်မလေးက မွှေနောက်ရန် မရှိခဲ့ပါက သူမ၏သား၏ မောင်းမဆောင်က မဆိုးဟု မှတ်ယူနိုင်ပေသည်။ လေထုကို ချဉ်စုတ်သွားစေမည့် မနာလိုမှုများ ပေါများနေသော်လည်း၊ ယုတ်မာသော လှည့်ကွက်များ မရှိသရွေ့ သခင်မယန်က ကျေနပ်နေပေသည်။

 

အမျိုးသမီးနှစ်ဦးစလုံးက ဝင်လာပြီး နှုတ်ဆက်ကြလေသည်။ သခင်မယန်သည် ရွှယ်ကျိလန်က သူမ၏နေ့စဉ်ဝတ်စုံဖြင့်ပင် ပြိုင်ဘက်ကင်းသော ဂန္တဝင်အလှနှင့် နူးညံ့သိမ်မွေ့သော လှုပ်ရှားမှုများက အတော်လေး အထင်အရှားဖြစ်စေခြင်းကို မြင်ရပြီး ထိုအံ့ဩဖွယ်ကောင်းသော မြင်ကွင်းရှေ့တွင် ပျော်ရွှင်လန်းဆန်းသွားရသည်။ ရှုရန်ယွင်က သူမ၏အမူအရာကို သတိထားမိလိုက်သည်။ သူမ၏ယောက္ခမ၏အမြင်တွင် သူမ၏အလှက အတော်လေး အားနည်းကြောင်း သိရှိရကာ စိတ်မတည်မငြိမ်ဖြစ်မှုကို မထိန်းနိုင်တော့ပေ။

 

သူမ၏မသက်မသာဖြစ်မှုကို မျိုချလိုက်ပြီး သူမက သခင်မယန်ကို သူမ၏ထိုင်ခုံသို့ ထောက်ပံ့ရန် အလျင်အမြန်သွားကာ တောက်ပသော အပြုံးဖြင့် ပြောလိုက်လေသည်။ 

“သခင်မက ကျွန်မတို့ကို ခေါ်မှတော့ ကျွန်မတို့ကို ဘာများလုပ်စေချင်လို့ပါလဲ… သေးငယ်တဲ့ကိစ္စတစ်ခုခုဆိုရင် ဒီချွေးမကိုပဲ အသိပေးလိုက်ပါ… ညီမလေးလန်က အတွင်းဆောင်ထဲကို ဝင်လာကတည်းက ကလေးသုံးယောက်တောင် မွေးဖွားပြီးပြီ… သူ့ကို တိတ်တိတ်ဆိတ်ဆိတ် အနားယူခိုင်းထားတာက အကောင်းဆုံးပါပဲ…"

 

သခင်မယန်က ပြုံးလိုက်လေသည်။ 

"မင်းခန့်မှန်းတာမှန်တယ်… မင်းရဲ့စိုးရိမ်မှုအတွက် ငါအရမ်းပျော်မိပါတယ်…" 

 

ဤသို့ပြောပြီး သူမက သူတို့ကို ထိုင်ခိုင်းလိုက်ပြီးနောက် မျက်မှောင်ကြုတ်လိုက်လေသည်။

 

"မင်းတို့နှစ်ယောက် ရွှမ်းအာကို ဒီနှစ်ပိုင်းအတွင်း ကောင်းကောင်း ခစားခဲ့တယ်… ငါလည်း တိုင်တန်းစရာ သိပ်မရှိပါဘူး… ဒါပေမဲ့ မင်းတို့နှစ်ယောက် ဒီရက်ပိုင်းအတွင်း နည်းနည်းပေါ့ဆနေကြသလားလို့…"

 

ရှုရန်ယွင်နှင့် ရွှယ်ကျိလန်တို့က တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် သခင်မယန်၏စကားကို နားမလည်ဖြစ်ကာ အတူတကွပြောလိုက်ကြသည်။ 

"ချွေးမတို့ မဝံ့ရဲပါဘူး… သခင်မရဲ့မေးခွန်းအတွက် အကြောင်းရင်းကို သိခွင့်ပြုပါလား…"

 

"မင်းတို့နှစ်ယောက်စလုံး တာဝန်မလစ်ဟင်းခဲ့ဘူးဆိုရင် ဘာဖြစ်လို့ ရွှမ်းအာက မေယွဲ့အိမ်တော်ကို သွားလည်နေတာကို မင်းတို့နှစ်ယောက်စလုံး မသိကြတာလဲ… ဒီမနက် ရွှမ်းအာက မေယွဲ့အိမ်တော်မှာ မနက်စာစားခဲ့တယ်လို့ ပြောတဲ့အထိ ငါမသိခဲ့ဘူး… သူက ဒီစကားကို မျက်နှာပေါ်မှာ တောက်ပတဲ့အပြုံးနဲ့တောင် ပြောခဲ့သေးတယ်…"

 

ဤစကားကြောင့် အမျိုးသမီးနှစ်ဦးစလုံးက ထိတ်လန့်သွားကြတော့သည်။ ရှုရန်ယွင်က ရွှယ်ကျိလန်ဘက်သို့ လှည့်ကြည့်ကာ မျက်မှောင်ကြုတ်ရင်း ပြောလိုက်လေသည်။


"မနေ့ညက အရှင်က နင့်နေရာမှာ အနားယူခဲ့တာ… နင်ဒီကိစ္စကို မသိဘူးလား…"

 

ရွှယ်ကျိလန်က ပြန်ဖြေလေသည်။ 

"အရှင်ကက မှောင်နေတုန်းမှာပဲ ဘယ်သူ့ကိုမှ မနှိုးဘဲ ထွက်သွားခဲ့တာ… ကျွန်မနိုးလာတော့ သူ့အရိပ်အယောင်တောင် မရှိတော့ဘူး… အစေခံတွေကို မေးကြည့်တော့ အရှင်က ကျွန်မကိုမနှိုးဖို့ ပြောခဲ့တယ်… ပြီးတော့ မျက်နှာသစ်ပြီး ထွက်သွားတယ်လို့ ပြောတယ်… သူက အရေးကြီးတဲ့ကိစ္စတစ်ခုခု လုပ်စရာရှိလို့နေမယ်လို့ ကျွန်မက ထင်ခဲ့တာ… ဘယ်သူက သူ မေယွဲ့အိမ်တော်ကို ထွက်သွားလိမ့်မယ်လို့ ထင်မိကြမှာလဲ…"

 

ရှုရန်ယွင်က ထပ်ပြောရန် ပြင်ဆင်နေစဉ်တွင် သခင်မယန်က ပြောလိုက်ခြင်းကို ကြားလိုက်ရသည်။


"တော်ပြီ… ငါ့ရှေ့မှာ ဒီလိုဆွေးနွေးနေတာက အဓိပ္ပာယ်မရှိဘူး… မင်းတို့ရဲ့အားအင်ကို ရွှမ်းအာရဲ့နှလုံးသားကို ဘယ်လိုဖမ်းစားမလဲဆိုတာကို စဉ်းစားဖို့ အာရုံစိုက်တဲ့နေရာမှာသုံးတာက ပိုကောင်းလိမ့်မယ်… မင်းတို့အားလုံးက အဲဒီမိန်းမရဲ့စိတ်ဓာတ်ကို အကောင်းဆုံးနားလည်သင့်တယ်… သူသာ အတွင်းဆောင်ထဲကို ဝင်လာရင် ငါ့အတွက် ငြိမ်းချမ်းမှုရှိမှာမဟုတ်သလို မင်းတို့အတွက်လည်း အဆုံးမရှိတဲ့ ပြဿနာတွေ ဖြစ်လာလိမ့်မယ်…"

 

နှစ်ယောက်စလုံးက ဤအချက်ကို သဘောတူလိုက်ကြသည်။ သခင်မ၏ မပျော်ရွှင်သော အမူအရာကို မြင်သောအခါ သူမတို့က ထပ်မပြောရဲတော့ဘဲ ထွက်ခွာသွားကြလေသည်။

 

အပြင်ဘက်သို့ ရောက်သောအခါ ရွှယ်ကျိလန်က ရှုရန်ယွင်ကို ပြောလိုက်လေသည်။ 


"သခင်မယွင်က နည်းဗျူဟာကောင်းတယ်လို့ ပြောကြတယ်… ဒါပေမဲ့ ဘယ်လိုဖြစ်လို့ အခုထိ မေယွဲ့အိမ်တော်က လူတွေက ပျော်ရွှင်စွာ ခုန်ပေါက်နိုင်နေကြသေးတာလဲ… ရှင်က ဒီလောက်သနားကြင်နာတတ်တဲ့ နှလုံးသားရှိလိမ့်မယ်လို့ ကျွန်မ မမျှော်လင့်ထားခဲ့မိဘူး… ရှင့်မှာ တခြားအစီအစဉ်တွေ မရှိဘူးဆိုရင်တော့ ဂရုစိုက်ပါ… ကိုယ့်ခြေထောက်ပေါ် ကိုယ် ကျောက်တုံးချမိသလို မဖြစ်အောင် သတိထားပါ…"

 

ဤသို့ပြောပြီးနောက် သူမက ရှုရန်ယွင်၏ အဖြေကိုမစောင့်ဘဲ ထွက်ခွာသွားပြီးနောက် သူမ၏ကိုယ်ပိုင်ခြံဝင်းထံသို့ လှပစွာ လျှောက်သွားလေတော့သည်။ ထို့နောက် ရွှယ်ကျိလန်၏ အစေခံမလေး လင်လုံက ပြောလေသည်။ 


"သခင်မ… သခင်မက အမြဲတမ်း နွေးထွေးတဲ့နှလုံးသားရှိခဲ့တာပါ… သခင်မယွင်က မမှန်ပေမယ့် ကျွန်မတို့က ဒီအချိန်တစ်လျှောက်လုံး သည်းခံခဲ့ကြတာပဲ… ဘာလို့ ရုတ်တရက် သူ့ကို ရန်စဖို့ ဆုံးဖြတ်လိုက်ရတာလဲ… ဒီသခင်မယွင်က မတည်ငြိမ်တဲ့ ဒေါသစိတ်ရှိတယ်… သူက ဘယ်လောက်တောင် ဒေါသထွက်နေမလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ…"

 

ရွှယ်ကျိလန်က အေးစက်စွာ ပြုံးလိုက်လေသည်။ 

"အဲဒါက တမင်လုပ်ခဲ့တာ… သူက လူတွေကို ကောင်းကောင်းမဆက်ဆံနိုင်ရင် ငါလုပ်နိုင်တာ သိပ်မရှိဘူး… ဘာလို့လဲဆိုတော့ ငါတို့သခင်က သူ့ မောင်းမဆောင်မှာ လူတွေအများကြီးရှိနေတာကိုး… ငါတို့က ငါတို့ရဲ့အရည်အချင်းတွေကို ဆက်ပြီးဖုံးကွယ်ထားရင် ငါတို့က အနင်းခံရမှာကိုပဲ စိုးရိမ်နေရမယ်… တစ်ခါတစ်ရံမှာတော့ ငါတို့ရဲ့ အစွယ်တွေကို ထုတ်ပြသင့်တယ်… ပြီးတော့ ဒီကိစ္စမှာ တစ်ခုခု မသင်္ကာစရာရှိနေတယ်… ဘာဖြစ်လို့ သခင်က မေယွဲ့အိမ်တော်က အဲဒီမိန်းမနားမှာ ဆက်နေချင်နေသေးတာလဲ… ငါက သခင်ကို တိုက်ရိုက်မမေးနိုင်တဲ့အတွက် တခြားသူတွေကို ငါတို့အတွက် ရှာဖွေခိုင်းလိုက်မယ်… သခင်မယွင်က မာနကြီးတဲ့မိန်းမ… သူ ဒီစော်ကားမှုကို မျိုချနိုင်မှာမဟုတ်ဘူး… ငါက သူ့ကို ခုလေးတင် လှုံ့ဆော်လိုက်ပြီ… သူက အခု ငါတို့အတွက် လမ်းဖွင့်ပေးမယ့် ကျောက်တုံးတစ်ခုပဲ… ငါတို့က စောင့်ကြည့်ပြီး အခြေအနေကို လေ့လာရုံပဲလေ…"

 

လင်လုံက ဤသို့ကြားသောအခါ သူမ၏သခင်မ၏ ကြီးမြတ်မှုအပေါ် လုံးဝယုံကြည်သွားပြီး သူမကို ချီးကျူးစကားမိုးများဖြင့် သွန်းချပေးရန် ပြင်ဆင်နေစဉ်တွင်ပင် သူမ၏သခင်မက ရုတ်တရက်ပြုံးကာ ပြောလိုက်လေသည်။ 


"ကိုယ်လုပ်တော်ကျင်း ရောက်နေပြီ… သူ့ရဲ့ပျော်ရွှင်နေတဲ့အမူအရာအရ ကောင်းတဲ့အရာတစ်ခုခု ဖြစ်ခဲ့ရမယ်… လာ… ငါတို့သွားပြီး ကိုယ်တိုင်ရှာဖွေကြစို့…" 

 

ဤသို့ပြောပြီး သူမက ထိုအမျိုးသမီးနှင့်တွေ့ရန် ချက်ချင်းထွက်ခွာသွားတော့သည်။

 

ထိုအချိန်တွင် ရှုရန်ယွင်က ရွှယ်ကျိလန်၏စကားများကြောင့် ဒေါသထွက်ပြီး စိတ်မတည်မငြိမ်ဖြစ်ရင်း သူမ၏အခန်းသို့ ပြန်လာရသည်။ ထိုအချိန်တွင် သူမ၏ယုံကြည်ရသော အစေခံမလေး ဖုန်းရှန်က လက်ဖက်ရည်ငှဲ့ပေးပြီး ညင်သာစွာ ပြောလိုက်လေသည်။ 


"သခင်မ… သခင်မလန်က ပုံမှန်အားဖြင့် အရမ်းနူးညံ့ပြီး ဖော်ရွေပါတယ်… ဒီနေ့ ဘာဖြစ်သွားလို့ ဒီလိုမနှစ်မြို့စရာကောင်းတဲ့စကားတွေ ပြောသွားလဲမသိဘူး… သူပုန်ကန်လာရင် သခင်မက ဒီလိုအပြုအမူမျိုးကို သတိထားရပါမယ်…"

 

ရှုရန်ယွင်က လက်ဖက်ရည်ကို သောက်လိုက်ပြီးနောက် သူမ၏ ဝမ်းဗိုက်ထဲမှ ဒေါသမီးတောက်များအပေါ် အေးမြသွားရသလို ခံစားလိုက်ရသည်။ သူမက ခွက်ကို စားပွဲပေါ်သို့ ပြင်းထန်စွာ ချလိုက်ပြီးနောက် အေးစက်စွာ လှောင်ရယ်လိုက်ပြီး ပြောလိုက်လေသည်။


"နင်တောင်မြင်နိုင်သေးတယ်… ဟွန်း… သူက ငါ့ကို သူ့အတွက် ညစ်ပတ်တဲ့အလုပ်တွေလုပ်ခိုင်းဖို့ လှုံ့ဆော်နေတာကို ငါမသိဘူးများထင်နေတာလား… ဟက်… တခြားသူတွေရှေ့မှာ နူးညံ့ပြီး နွေးထွေးတယ်ပေါ့… တွက်ချက်တတ်ပြီး ယုတ်မာတဲ့နှလုံးသားကို ဖုံးကွယ်ထားတာလေ… သူ့ကိုတိုက်ခိုက်နိုင်တဲ့သူက သိပ်မရှိဘူး… ငါတောင် သူ့လက်ထဲမှာ ရှုံးနိမ့်ခဲ့ဖူးတယ်… ငါသာ သူ့ကိုကာကွယ်ဖို့ ကိုယ့်ကိုယ်ကိုယ် မပြင်ဆင်ထားခဲ့ရင် ငါ့ခန္ဓာကိုယ်က  အမှတ်အသားမရှိတဲ့သင်္ချိုင်းတစ်ခုထဲမှာ ဘယ်နေရာမှာ အမြှုပ်ခံရမယ်ဆိုတာတောင် သိနိုင်မှာမဟုတ်ဘူး…"

 

သူမ၏သခင်မ၏စကားကို ကြားသောအခါ ဖုန်းရှန်က အနည်းငယ်စိတ်အေးသွားပြီး ပြုံးလိုက်လေသည်။

"သခင်မလန်က ကစားကွက်ကောင်းကောင်း ကစားသွားတာပဲ… ကံကောင်းစွာနဲ့ပဲ သခင်မက မျက်စိလျင်ပြီး စိတ်ရှင်းလင်းတော့ သူ့ထောင်ချောက်ထဲကို မကျသွားဘူး… သူ့ကို ဒီလမ်းကို တစ်ယောက်တည်းလျှောက်ခိုင်းလိုက်ပါ… သခင်က မနေ့ညက သူ့နေရာမှာ နေခဲ့တာမဟုတ်ဘူးလား… သူက သခင်ထွက်သွားတာကို မမြင်ဘဲနဲ့ သခင်မကို ဒေါသထွက်ရဲတဲ့မျက်နှာရှိနေသေးတယ်… သူက တကယ်ကို အရှက်မရှိဘူး…"

 

ရှုရန်ယွင်၏ မျက်နှာအမူအရာက အကြိမ်အနည်းငယ် ပြောင်းလဲသွားပြီး နောက်ဆုံးတွင် သူမက သက်ပြင်းချကာ ခေါင်းခါလိုက်တော့သည်။ 


"ထားလိုက်တော့… ဒါကို ထပ်မပြောနဲ့တော့… သူ ငါ့ကို အစောပိုင်းက မလှုံ့ဆော်ခဲ့ရင်တောင် ငါက မေယွဲ့အိမ်တော် ကို သွားကြည့်ရမှာပဲ…"




🍲🍲