အပိုင်း ၇၁
Viewers 13k

Chapter 71

မှူးမတ်များသည် ခန်းမထဲတွင် စုဝေးကြပြီး ပါတနာများ၏ လက်ကို ကိုင်ကာ အလယ်ဗဟိုနေရာသို့ ဦးတည်သွားကြသည်။ တစ်ချို့ကလည်း တစ်ကယ့် အတွဲများဖြစ်သည်။ ဧည့်ခန်းမဆောင်၏ ဗဟိုနေရာတွင် ကခုန်ရန် သီးခြားနေရာ ရှိသည်။

ဧရာမ မီးဆိုင်းကြီးအောက်တွင် လှပသော ဝတ်စုံကို ဝတ်ထားသည့် အာဆီလီယာ သည် ဒုတိယမင်းသား လက်ကို ကိုင်ကာ ကပြနေသည်။နေရာကလည်းအလယ်မှာဖြစ်၍ အားလုံးက သူမတို့ကို အာရုံစူးစိုက်မှု အပြည့်ထားနိုင်ကြသော်လည်း ကံမကောင်းစွာဖြင့်၊ ဒုတိယမင်းသားက သိပ်မကတတ်ပေ။ အာဆီလီယာ ၏ အကစွမ်းရည်သည် မည်မျှပင် ထူးချွန်ပါစေ၊ ဒုတိယမင်းသားက သူမကို အမှီမလိုက်နိုင်သောကြောင့် သူမတို့အတွဲမှာ ရယ်စရာကောင်းနေတော့သည်။

ဒုတိယမင်းသားအတွက် အနှေးက ကခြင်းသာ လွယ်ကူသော်လည်း အာဆီလီယာက ကကွက်အဆန်းများကို တမင်ထွင်နေခြင်းဖြစ်၏။ ထို့ကြောင့် ပရိသတ်များမှာ ပေါ်တင်မရယ်တာကြောင့် ကြိတ်ရယ်နေကြတော့သည်။ အာဆီလီယာ နှင့် မဝေးသောနေရာတွင် ရာနီယာ သည် အခြားအမျိုးသားတစ်ဦးနှင့် ကခုန်နေသည်။ နောက်ဆုံးအကြိမ်က နတ်ဘုရားဝတ်ပြုခြင်း အခမ်းအနားသို့ သူမနှင့်အတူရှိနေသည့် ခင်ပွန်းလည်း မဟုတ်ပေ။ ပထမဆုံးသီချင်းကို များသောအားဖြင့် ခင်ပွန်း သို့မဟုတ် လက်တွဲဖော်နှင့်သာ ကပြရခြင်းဖြစ်၍ သူမ အပြုအမူက ထူးခြားနေ၏။ ရာနီယာ နှင့် သူမ၏ ပါတနာတို့သည် အတိုင်းအတာတစ်ခုအထိ ပြောင်မြောက်စွာ က,နေကြသော်လည်း တစ်ခြားလူများက သိပ်အာရုံမစိုက်ကြချေ။

ရိုစီနာ သည် သက်ပြင်းတစ်ချက်ချလိုက်ပြီး ရာဟန် ကို မော့ကြည့်လိုက်သည်။ စောစောတုန်းက သူ လာခေါ်သဖြင့် သူမလည်း ကရန် သဘောတူလိုက်ခြင်း ဖြစ်သည်။တစ်ကယ်တမ်းတွင် သူမ ဘယ်တုန်းက ကခဲ့မှန်းတောင် အမှတ်မရတော့ပေ။နှစ်ယောက်သားသည် ကခုန်နေကြသော လူအုပ်ကြီးနှင့် အနည်းငယ် ဝေးသော ထောင့်တစ်နေရာကို ထွက်လာပြီး သူမ သူ့လက်ကို ကိုင်လိုက်ရာ သူက အနည်းငယ် တုန်လှုပ်သွားသည်။

ထို့နောက် သူကလည်း သူမ လက်ကို ညင်သာစွာ ဆုပ်ကိုင်ထားလိုက်ပြီး နောက်လက်တစ်ဖက်က သူမ ခါးကိုဖက်ထား၍ ကိုယ်ချင်း ကပ်ထားလိုက်၏။သူတို့ ရင်ဘတ်အချင်းချင်း ထိလိုက်သည်နှင့် သူမ ရင်တွေ တဒိတ်ဒိတ်ခုန်ပြီး နှလုံးသားက ခုန်ထွက်တော့မည့် ပုံပင်။

"...တော်တော်ကြာနေပြီမို့ ကျွန်မ မှားချင်မှားသွားနိုင်တယ် သိလား..."

"ဟာ…ကိုယ်လည်း အတူတူပါပဲ..."

ရာဟန် က အလွန်စိတ်လှုပ်ရှားနေသော ရိုစီနာ အား တိုးတိုးပြောလိုက်သည်။

"ကိုယ်လည်း တခြားတစ်‌ယောက်နဲ့ တွဲကတာ ဒါပထမဆုံးအကြိမ်ပဲ..."

သူ့စကားကြောင့် သူမ စိတ်သက်သာ သွားရသည်။ တစ်ကယ်တော့ သူမလည်း တစ်ခြား ယောက်ျားတစ်ယောက်နှင့် အတူတွဲကရသည်မှာ ယခု ပထမဆုံးအကြိမ်ပင်။ယခင်က ကဖူးခြင်းမှာ အကဆရာထံ၌ အကသင်ဖူးထားခြင်းသာ ဖြစ်သည်။သူမသည် နဂိုကတည်း လူအများကြီးနှင့် မ‌ပေါင်းတတ်၍ ပွဲလမ်းသဘင်များလည်း သိပ်မတက်ခဲ့ပေ။နောက်ပိုင်း သူမ အသက်ကြီးလာသောအခါလည်း ဖခင်၏ လစ်လပ်နေရာအား ဖြည့်ဆည်းရန် အတတ်နိုင်ဆုံး အလုပ်ကို ကြိုးစားလုပ်ကိုင်နေခဲ့ရ၍ ကဖို့ အချိန်မရှိချေ။

သူမ လက်ချောင်းများကြားတွင် သူ့လက်ချောင်းများက နေရာယူထားသည်။ လက်ချောင်းများသည် အမြစ်များကဲ့သို့ တင်းတင်းကျပ်ကျပ် ချည်နှောင်ထားရာ နှစ်ယောက်စလုံး၏ ခန္ဓာကိုယ် အပူချိန်များ ပြောင်းလဲသွားသည်။

နှစ်ယောက်သား ဂီတသံဆီသို့ ဖြည်းညှင်းစွာ ရွေ့သွားကြသည်။ ဆန်းသစ်သော ကကွက်ဆန်းများ မသုံးဘဲ တစ်ယောက်ကိုတစ်ယောက် နားလည်ပေးကာ တည်ငြိမ်စွာ ကနေကြသည်။ တီးလုံးက အနည်းငယ်မြူးလာသောအခါ သူက သူမခါးကို အားထည့်၍ ဖျစ်ညှစ်လိုက်သည်။

ထိုအခါ ရိုစီနာ ကလည်း သီချင်း၏ tempo အတိုင်း လိုက်ဖက်အောင် ကနိုင်ခဲ့သည်။အလွှာလိုက်ဖြစ် နေသာ သူမ ဝတ်စုံက တစ်ချက်ခါလိုက်တိုင်း ဝတ်လိုက်တိုင်း ပန်းပွင့်များလို ပြန့်ကျဲသွားသည်မှာ စကျင်ကျောက်ကြမ်းပြင်ပေါ်မှာ ပန်းတွေ ထိုးထားသလိုပင်။နှစ်ယောက်သား ခန္ဓာကိုယ်အချင်းချင်း ထိလိုက်မိတိုင်း သူမ အသက်ကို ပြင်းပြင်းရှူမိလေသည်။တစ်ချက်တစ်ချက် သူမ မျက်နှာက သူ့ရင်ဘတ်ကို ထိလိုက်တိုင်း သူမ ပါးပြင်တွေ နီရဲလာတတ်၏။

ဤနေရာတွင် သူတို့နှစ်ဦးသာ ရှိနေရသလို ဘေးပတ်ဝန်းကျင်ကိုလည်း မေ့လျော့သွားတော့သည်။ သူမ မျက်လုံးကို မှိတ်ထားလိုက်သောအခါ သူ့ရင်ခွင်ထဲတွင် ပွေ့ဖက်ခံထားရသကဲ့သို့ နူးညံ့သော ခံစားချက်ကို ခံစားလိုက်ရသည်။ နှစ်အတော်ကြာပြီးသည့်တိုင် သူ့ကိုယ်သင်းနံ့က ဘာမှ မပြောင်းလဲပေ။ကခုန်နေစဉ်၊ သူ့လက်ချောင်းသည် သူမ အသားကို တစ်ခါတစ်ခါ လာထိတတ်ပြီး ထိုအစိတ်အပိုင်းသည် မီးတောက်တစ်ခုလို ပူလာတော့သည်။

ခြေချင်း မနင်းမိစေရန် ကြမ်းပြင်ကို ငုံ့ကြည့်နေသော ရိုစီနာ သည်‌ ခေါင်းကို ယခုမှ မော့ကြည့်လိုက်ရာ ရာဟန် ၏ အပြာရောင်မျက်လုံးများကို တွေ့သွားရသည်။ သူ့အကြည့်တွေက စောစောက သူမနှင့် စကားပြောခဲ့သော မိန်းမပျိုလေးတွေလို မလန်းဆန်းဘဲ လိုချင်တပ်မက်မှုနှင့် လောဘကြီးခြင်းကဲ့သို့သော ခံစားချက်များသာ ရှိသည်။

ဂီတသည် အထွတ်အထိပ်သို့ ရောက်သည်နှင့်အမျှ ပိုမြန်လာသည်။ သို့သော် ရာဟန် သည် သူမကို ကောင်းမွန်စွာ ဦးဆောင်နိုင်ခဲ့သောကြောင့် သူမသည် ကရတာကို တဖြည်းဖြည်း ကျွမ်းလာသည်။သူမ စိတ်ထဲက တင်းမာမှုတို့ လုံးဝသက်သာသွားပြီး၊ တောင့်တောင့်ကြီးကနေရာမှ အတော်အတန် ပြေပြစ်လာ၏။

ရှည်လျားသော သံစဉ် ဆုံးခါနီးလာသောအခါ ရာဟန် က သူမလက်ကို လည်ပင်းမှာ ပတ်ထားခိုင်းလိုက်ပြီး ခါးမှနေ၍ စွေ့ကနဲနေအောင် ချီပွေ့လိုက်သည်။ထိုအခါ သူမ ဂါဝန်သည် လေထဲတွင် လွင့်သွားရသည်။ သီချင်းလည်း ဆုံးလျှင်၊သူမကို ကြမ်းပြင်ပေါ် အသာချလိုက်ပြီး သူက ဦးညွတ်နှုတ်ဆက်လေ၏။သေချာတာကတော့ သူမတို့ အတော်လေး ကာရန်ညီစွာ ကခဲ့ခြင်း ဖြစ်သည်။

"ကိုယ် ပျော်လိုက်တာ..."

သူက ခါးကိုင်းဦးညွတ်ထားရာမှ သူမကို မော့ကြည့်ရင်း ပြောလိုက်လျှင် သူမ မျက်နှာတွေ နီရဲလာရတော့သည်။ရိုစီနာသည် သူ့ကို စိုက်ကြည့်နေရင်း အသက်ရှုဖို့ မေ့သွားတာကြောင့် အတန်ကြာမှ ဦးပြန်ညွှတ်လိုက်မိသည်။ ပတ်ဝန်းကျင်ကို သူမ ကြည့်လိုက်တော့ သူတို့က သူမတို့ နှစ်ယောက်ကို အချိန်အတော်ကြာအောင် အာရုံစိုက်ထားပုံရသည်။ အတူတွဲကတာက မကျွမ်းသော်လည်း လိုက်ဖက်ညီသဖြင့် လူတိုင်းက သူမတို့ကို နှစ်သက်ဖွယ်မျက်လုံးများဖြင့် ကြည့်နေကြသည်။

"ဒီမှာ ခဏရပ်နေဦးနော်…ကိုယ် သောက်စရာတစ်ခုခု ယူလာပေးမယ်..."

ထို့နောက် ရာဟန် သည် အချိုရည်များ ပြင်ဆင်ထားသည့် စားပွဲဆီသို့ တည့်တည့်သွားလိုက်သည်။ သူ လှုပ်ရှားလိုက်တိုင်း မရေမတွက်နိုင်သော အမျိုးသမီးများက သူ့ကို ထပ်ချပ်မကွာ လိုက်ကြည့်ကြ၏။သူတို့ မျက်လုံးများထဲတွင် ဝှက်ထားသော ချစ်စိတ်ကိုလည်း သူမ ကောင်းကောင်းကြီး သတိပြုမိသည်။ အရင်က ရာဟန် ကို နတ်ဆိုးတစ်ကောင်လို ဆက်ဆံခဲ့သူ တွေကလည်း ယပ်တောင်တဖျပ်ဖျပ်နှင့် နှစ်လိုဟန်များ အပြည့်ရှိသော မျက်ဝန်းတွေနှင့် ကြည့်နေလေသည်။သူမ စိတ်ထဲက တစ်မျိုးကြီးဖြစ်ကာ စိတ်ပျက်သွားရသလို ဖြစ်လာတာကြောင့် မျက်မှောင်တစ်ချက် ကြုတ်လိုက်မိ၏။ သူ့ကို တခြားသူတွေက လျစ်လျူမရှု စေချင်သော်လည်း အခုလို အာရုံစိုက်လာပြန်တော့လည်း သူမ အဆင်မပြေပေ။သူမလည်း ဆံပင်ကို တစ်ချက်ဆွဲဖွလိုက်ပြီး လက်ဖဝါးများကို ငုံ့ကြည့်လိုက်သည်။ ရာဟန် ၏ ကိုယ်ငွေ့နွေးနွေးသည် ယခုတော့ သူမ လက်ထဲမှာ တင်ကျန်မနေတော့သလိုပင်။

"မင်းသမီး..."

တစ်စုံတစ်ယောက်၏ ခေါ်သံကြောင့် သူမ ခေါင်းကို လှည့်လိုက်သည်။

"လေဒီ လီယွန်နယ်..."

တစ်ဖက်လူကို မြင်လိုက်သောအခါ သူမနှုတ်ကအလိုလို နွေးထွေးစွာ ခေါ်မိသွားရာ အီဘယ်လာ က သူမကို ပြုံးပြနေတော့သည်။ အီဘယ်လာသည် ဆံပင်ကို တောက်ပြောင်လွန်းအောင် လုပ်မထားဘဲ သေသေသပ်သပ် အလှဆင် ထုံးဖွဲ့ထားတာကြောင့် မြင်သူတိုင်းရင်မှာ အေးချမ်းလှပေသည်။ အခြားအမျိုးသမီးများ ကြားထဲတောင်မှ သူမ၏ အငွေ့အသက်သည် တောက်ပနေရသည်။

"အခုမှ ရောက်တာဆိုတော့ နှုတ်ဆက်ဖို့နောက်ကျသွားတယ်..."

"ဟုတ်လား..."

အီလီယန် မွေးနေ့တုန်းက သူမတို့နှစ်ယောက်သည် နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့ကြတာဖြစ်သည်။ အီဘယ်လာ ပေါ်လာသောအခါ ပတ်ဝန်းကျင်သည် အနည်းငယ် ဆူညံသွားသည်။ အီဘယ်လာ သည် အာဆီလီယာ လိုပင် ကျော်ကြားသူ ဖြစ်သည်။ အကယ်၍ အာဆီလီယာ ကသာ ဆိုရှယ်လောကတွင် အာဏာရထားသည် ဆိုပါက အီဘယ်လာ သည် ကြွယ်ဝချမ်းသာမှုကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သို့သော်၊ အီဘယ်လာ သည် အာဆီလီယာ ထက် အရောဝင်ပေါင်းသင်းရန် ပို၍ခက်ခဲသည်။အကြောင်းမှာ သူမက လူတစ်ယောက်ကို ရာထူးအာဏာကို ကြည့်၍ ဆက်ဆံသူ မဟုတ်တာကြောင့်ပင်။

အီဘယ်လာ သည် ရိုစီနာ နှင့် စကားပြောနေသည်ကို တွေ့လိုက်ရာ လူတိုင်းက စိတ်ဝင်စားလာခဲ့သည်။ အာဆီလီယာ ထက်ပင် စကားပြောရခက်သော အီဘယ်လာ သည် စွမ်းအားမရှိသော တတိယမင်းသမီးလေးထံ ဦးစွာချဉ်းကပ်ပြီး နှုတ်ဆက်သည်မှာ သိပ်သဘာဝမကျပေ။

"စကားမစပ် မြို့ဝန်မင်းက ဘယ်မှာလဲဟင်…"

ရိုစီနာ က အီဘယ်လာ ဘေးပတ်ပတ်လည်ကို ကြည့်ကာ မေးလိုက်သည်။

"အဖေက ခဏနေ လာမှာပါ…အဲ့ဒါကြောင့် ညီမလည်း နောက်ကျနေတာ..."

သူမ ခေါင်းပြန်ညိတ်ပြလိုက်သည်။ တစ်ကယ်တော့ သူမသည် မြို့ဝန်မင်း ဂျာဂန်နှင့် တွေ့ဆုံဖို့ တည်ထောင်သည့်နေ့ကို စောင့်နေခဲ့ခြင်း ဖြစ်သည်။သူမကိုယ်တိုင်က ခွင့်ပြုချက်မရှိဘဲ ဝေးဝေးသွားလို့မရတာကြောင့် တွေ့ဆုံရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။မြို့ဝန်မင်း ဂျာဂန် သည် သူမ၏ မိခင်အရင်းအကြောင်း သိထားပုံရတာကြောင့် သူ့ကိုမေးလျှင် ရပေလိမ့်မည်။

အီဘယ်လာ နှင့် သူမတို့ ခဏ စကားပြောပြီးချိန်အထိ ရာဟန် ပြန်မလာသေးပေ။ စောစောက သူသွားရာ လမ်းဘက်ကို သူမ တစ်ချက်ကြည့်လိုက်သည်။ သူ့ပုံပန်းသဏ္ဍာန်က အများကြားထဲမှာ ထင်းနေသဖြင့် သူမ အချိန်တိုအတွင်း ရှာတွေ့နိုင်ခဲ့သည်။သူမသည် အဝေးမှာ ရပ်နေသည့် သူ့ကို စိုက်ကြည့်နေမိ၏။ လှပသည်ဟု ဆိုနိုင်သော မျက်နှာကျ၊ သိမ်မွေ့သော မျက်နှာထားဟန်ပန်နှင့် နက်ပြာရောင် ၀တ်စုံအောက်မှ အထင်းသားမြင်နေရသော တောင့်တင်းတင်း ခန္ဓာကိုယ်သည် သူမ မျက်လုံးများကို ဖမ်းစားထားတော့သည်။ သူက ပန်းချီကားထဲက ထွက်လာသလိုပင်။

သူမလည်း ခဏ ငေးကနဲဖြစ်သွားပြီးမှ သူသည် တစ်စုံတစ်ယောက်နှင့် စကားပြောနေမှန်း သိလိုက်ရသည်။သူ့ရှေ့မှာ ရပ်နေသူက ရုပ်ရည်ချောမောလှပသော အမျိုးသမီးတစ်ယောက်ပင်။ သူမ၏ ပါးပြင်များက နီရဲနေကာ သွားများပေါ်အောင် ပြုံးနေတာကြောင့် မိန်းကလေးဖြစ်သူမှာ သူမကိုယ်တိုင်ပင် ငေးကြည့်လောက်အောင် လှပပေသည်။ သူတို့ဘာတွေပြောနေကြမှန်း မသိသော်လည်း ရာဟန် လက်ထဲမှာ အချိုရည်ခွက်နှစ်ခွက်ကို ကိုင်ထားရင်း ထိုမိန်းကလေး စကားကို ပြုံးနားထောင်နေသည်။ ထို့နောက် ထိုအမျိုးသမီးက တစ်ခုခုပြောလိုက်ရာ သူက ရယ်မောလိုက်ပြန်သည်။

“…!”

သူမနှလုံးသား တစ်ခုလုံး ကွဲအက်သွားသည်။ တစ်ခါတစ်ရံမှသာ သူမကို ပြုံးလေ့ရှိသော သူက ယခု ထိုအမျိုးသမီးကို လွယ်လွယ်လေး ပြုံးပြနေပေပြီ။ သူမ လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ထားမိပြီး ရင်ဘတ်ထဲကလည်း တင်းတင်းကျပ်ကျပ် ကြီးဖြစ်၍ တုန်ယင်လာသည်။သူမ တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေသည့်အထိ ခံစားရတော့သည်။ ခေါင်းကိုသာ လှည့်ကြည့်သော်လည်း မလှုပ်နိုင်ဖြစ်နေသည်။သူက တခြားလူတွေနှင့် ရယ်နေရသည်ကို မြင်လိုက်ရုံနှင့် သူမ ရူးသွပ်သွား‌တော့မလိုပင်။ အကြောင်းပြချက်မဲ့ အမုန်းတရားတွေက သူမကို နှိပ်စက်နေကြ၏။သူတို့ နှစ်ယောက်ကို ကြည့်ပြီး ထိုမိန်းမကိုလည်း စိတ်ဆိုးလာသည်။သူမ လက်သီးဆုပ်ထားရာမှ ပြန်ဖြန့်လိုက်သည်။ ကြေကွဲဝမ်းနည်းရလောက်အောင် ဒေါသစိတ်တို့က ထုထောင်းနေလျက်ပင်။

​မနာလိုစိတ်တွေလား.... ဒီခံစားချက်က သူ့လက်ကို ကိုင်ပြီး ဘယ်သူမှမရှိတဲ့နေရာကို ပြေးချင်နေသလိုပါပဲလား…

ထို့နောက် ရာဟန် သည် သူမကို ဖြည်းညှင်းစွာ မော့ကြည့်လာပြီး သူမနှင့် မျက်လုံးချင်းဆုံမိသွားသည်။ ထိုအချိန်တွင် အသက်ရှူကြပ်သလို ဖြစ်နေရာမှ ချက်ချင်းပွင့်ထွက်လာပြီး သူ့မျက်နှာကို မြင်လိုက်ရုံနှင့် ငိုချင်သလို ဖြစ်နေတော့သည်။ကြည်လင်သော မျက်လုံးပြာများက သူမ တစ်ကိုယ်လုံးကို လွှမ်းခြုံထားချိန်မှာ သူမ သဘောပေါက်သွားသည်။ သူမသည် အပြင်ပန်းကသာ သူ့ကို ငြင်းဆန်နေသော်လည်း စိတ်ထဲမှာ သူ့ကို ချစ်မိနေပေပြီ။

ချက်ချင်းပင်၊ ရိုစီနာ သည် အီဘယ်လာကို ထားခဲ့ပြီး လှေကားထစ်အနားကို တန်းတန်းမတ်မတ် ပြေးသွားသည်။သူမ ရင်ထဲက ခံစားချက်တို့ကို သဘောပေါက်လာချိန်ကစပြီး စိတ်မတည်ငြိမ်တော့ပေ။လက်ချောင်း ထိပ်များဆီမှ စတင်လာသော တုန်ခါမှုသည် ခန္ဓာကိုယ်အနှံ့ လျင်မြန်စွာ ပျံ့နှံ့သွား၏။ အေးမြသောလေကို ခံစားနေရသော်လည်း မျက်နှာက ပူလောင်နေဆဲပင်။

“…ဟား…ဟား”

အချိန်အတော်ကြာအောင် ထိန်းထားသော အသက်ရှုသံများ ထွက်လာပြီး သူမ မျက်နှာကို လက်ဖဝါးဖြင့် ဖုံးအုပ်ထားမိသည်။ သူမ အမြင်အာရုံကို ဖုံးကွယ်ထားလျှင်တောင် သူ့မျက်နှာပေါ်က နူးညံ့သည့် အပြုံးလေးတွေက သူမ စိတ်ထဲမှာ လာထင်ဟပ်နေ၏။သူမ ငိုပစ်ချင်လာသည်။ တစ်စုံတစ်ယောက်ကို ချစ်မိလျှင် ချိုမြိန်ပြီး တစ်ဘဝလုံး ပျော်ရွှင်ရမည်ဟု သူမ ထင်ခဲ့မိသည်။

သို့ရာတွင် ချိုမြိန်မှုကြောင့် ယစ်မူးခြင်း မပြုမီ ခါးသီးမှုသည် ပထမ ခံစားရမည့်အရာ ဖြစ်သည်။ သူမသည် ရာဟန် ကိုမချစ်ကြောင်း ပြောခဲ့တုန်းက ကိုယ့်ကိုယ်ကို ပြန်တွေးမိပြီး ရယ်ချင်မိသည်။ သူနှင့်ပတ်သတ်၍ မနာလိုစိတ်တို့ ဖြစ်​လာလိမ့်မည်ဟု သူမ တစ်ကယ်​မသိခဲ့ပေ။ အတန်ကြာမှ အီဘယ်လာ ကိုတောင် ဘာမှမပြောဘဲ ထွက်လာရကြောင်း သတိရသွားသည်။သူမလည်း ပွဲရုံသို့ ပြန်လာရန်ပြင်လိုက်ရာ လှေကားထစ်တံခါး ပွင့်လာသည်။

"ရိုစီနာ..."

ရာဟန် က လှေကားထစ်ကို ရောက်လာသည်။ ပိပြားနေသော ဆံနွယ်တွေက သူ အမောတကော လိုက်လာရကြောင်း သိသာပေသည်။

"တစ်ခုခုဖြစ်သွားတာလား…ဘာဖြစ်တာလဲဟင်..."

သူ အနားကို ချဉ်းကပ်လာစဉ် မသိစိတ် ကြောင့် သူမ နောက်ပြန်ဆုတ်သွားမိပြီး မာကျောသော စကျင်ကျောက်လက်ရန်းက သူမ ခါးကိုလာထိသည်။ ငြိမ်သက်နေသော သူမ နှလုံးသားသည် တဖန်ပြန်ထလာပြီး အသက်ရှူလည်းမဝတော့သလို သူမကိုယ်သူမ ထိန်းမနိုင်သိမ်းမရ ဖြစ်လာရသည်။

" မင်းပြေးသွားတာ တွေ့လို့ ကိုယ် စိတ်ပူပြီး လိုက်လာတာ..."

ရာဟန် သည် ထိုနေရာတွင် ရပ်ပြီး အနားမကပ်တော့ဘဲ ပြောလေသည်။ သူမ သူ့ကို တစ်ခွန်းမှ ပြန်မပြောနိုင်။ သူ့ကို လှမ်းကြည့်ရုံနှင့် စကားမပြောနိုင်လောက်အောင် တုန်လှုပ်သွားသည်။

"လေတိုက်နေတယ်လေ..."

ရာဟန် က ပြောပြောဆိုဆို သူ့အင်္ကျီကို ချွတ်လိုက်ပြီး သူမကို အနားဆွဲခေါ်လိုက်သည်။ သူမက မလှုပ်မယှက်ဖြစ်နေရာမှ သူ့ကို မော့မကြည့်ဘဲ ပြောလိုက်လေသည်။

"အဲ့ဒီလူနဲ့ စောစောက ဘာပြောနေကြတာလဲ..."

"ဘယ်သူလဲ"

သူက အံ့ဩသောမျက်နှာထားဖြင့် ကြည့်နေသဖြင့် သူမလည်း ဖာထေးရန် ကြိုးစားလိုက်မိသည်။

“မဟုတ်ဘူး....ကျွန်မ ဆိုလိုတာက…”

သို့ရာတွင် သူမ ပါးစပ်က ထွက်ကျလာသမျှက မရေရာသည့် စကားလုံးတွေပင်။ ထိုအခါ သူလည်း နားမလည်နိုင်ဖြစ်သွားပြီး ခြေတစ်လှမ်းချင်း တိုးကပ်လာပြီးနောက် သူ့အင်္ကျီကို သူမ ပုခုံးပေါ်တင်ကာ ပြန်ပြောလိုက်သည်။

"စကားက သိပ်မပြောဖြစ်ခဲ့ပါဘူး..."

ထို မပြောဖြစ်ခဲ့သည့် စကားတွေကိုသာ သူမ သိချင်လွန်း၍ ရူးမတတ်ဖြစ်သွားပြန်သည်။

"ကိုယ်တို့ မင်းအကြောင်း နည်းနည်းပြောကြတာ..."

'…ငါ့အကြောင်း'

ရိုစီနာ သူ့ကို မော့ကြည့်လိုက်ရာ သူက ပြုံးပြီးပြန်ဖြေလေသည်။

"မင်းဒီနေ့အရမ်းလှတယ်လို့ သူမက ပြောတယ်..."

သူမ အသက်ရှုရပ်သွားမတတ်ပင်။ ရိုးရိုးသားသား မိန်းကလေးတစ်ယောက်ကို မနာလိုဖြစ်ရခြင်းအတွက် ကိုယ့်ကိုယ်ကိုယ် ရှက်သွားမိသည်။တစ်ဆက်တည်းမှာပင် သူမရင်ထဲမှာ အလုံးကြီးလည်း ကျသွားရ၏။ ထို့နောက် ခြေထောက်ကို မတ်မတ်ထောက်ထားသည့် တွန်းအားက ပြေလျော့သွားပြီး ခန္ဓာကိုယ်က ရှေ့ကို အနည်းငယ် စောင်းသွားရသည်။ထို့နောက် ရာဟန် ရင်ခွင်ကျယ်ကြီးထဲမှာ ခေါင်းမှီထားရတော့သည်။

သူ အံ့သြသွားချိန်မှာပင် သူမ အမြန်ဖြေရှင်းချက်ထုတ်လိုက်သည်။

“ခေါင်းမူးနေတယ်…"

သူမက တမင်သက်သက် အကြောင်းပြလိုက်သော်လည်း သူ့နှလုံးသား၏ အသံကို အသေအချာ ကြားလိုက်ရသည်။ထို့နောက် သူမ မျက်လုံးကို ဖြည်းညှင်းစွာမှိတ်ထားလိုက်သည်။

'ရှင့်ကို ချစ်တယ်...'

သူမ ပါးစပ်ထဲက အပြင် မထွက်လာနိုင်သည့် စကားလုံးတွေကို ရင်ထဲကသာ ရေရွတ်မိလေတော့သည်။

အီလီယန်သည် ခန်းမထဲသို့ဝင်လာရင်း သက်ပြင်း တစ်ချက်ချလိုက်သည်။ ရိုစီနာ စိတ်ပူနေမှာစိုး၍ ကလေးတွေနှင့် ကစားမည်ဟု ပြောခဲ့ခြင်း ဖြစ်သည်။သူ မျက်လုံးကို တစ်ချက် ထိကြည့်လိုက်သည်။ အစောပိုင်းက ဒုတိယမင်းသမီး အာဆီလီယာ သည် အကြောင်းမဲ့သက်သက် လာတိုက်ခိုက်နေတာကြောင့် ငိုဟန်ဆောင်လိုက်ရာ မျက်လုံး အနည်းငယ်နာသွားခဲ့သည်။

အခုထိ ဤနည်းလမ်းက ကောင်းကောင်း အလုပ်ဖြစ်ပုံရတာကြောင့် ဤနည်းကို ပိုသုံးဖို့ လိုပေသည်။ သူသည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ကန့်လန့်ကာများကို ဖြည်းညှင်းစွာ ဆွဲဖယ်လ်ိုက်ရင်း ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ ပွဲရုံနောက်ဘက်တွင် ကလေးများ ကစားရန် အလှဆင်ထားသည့် နေရာတစ်ခုရှိသည်။ စင်ပေါ်တွင် တစ်နေကုန် ကစားရန် အရုပ်များ လုံလုံလောက်လောက်ရှိပြီး ကြမ်းပြင်ကိုလည်း နူးညံ့သော ကော်ဇောများဖြင့် ဖုံးအုပ်ထားသည်။

တစ်ချို့ကောင်မလေးများသည် သပ်သပ် ဖယ်ပေးထားသော စားပွဲငယ်လေးတွင် ထိုင်နေကြသည်။ တစ်ယောက်နှင့်တစ်ယောက် ဆုံသည့်အခါ စကားစမြည်ပြောနိုင်ရန် ကြိုပြင်ဆင်ထားပုံရပြီး လက်ဖက်ရည်များလည်း သောက်ကြည့်နေကြသည်။ ယောက်ျားလေးများသည် အရုပ်များ သို့မဟုတ် မြင်းရုပ်ကလေးပေါ် တက်စီး၍ ကစားကြသည်။

သူတို့အထဲတွင် ရင်းနှီးသော မျက်နှာများကို အီလီယန် တွေ့သွားသည်။ထိုသူတို့ကား အခြားမဟုတ်၊ ယမန်နေ့က နတ်ဘုရားဝတ်ပြုခြင်း အခမ်းအနားတွင် သူနှင့် အငြင်းအခုံဖြစ်ခဲ့ကြသော အာဆီလီယာ၏ သားသမီးများဖြစ်သည်။ သူတို့သည် အီလီယန် ၏ ဝမ်းကွဲ မောင်နှမများဖြစ်ကြသော်လည်း သူ မုန်းနေမိသည်။ သူက ကန့်လန့်ကာကို ပြန်စေ့ပြီး အထဲကို ဝင်သွားလိုက်ရာ အချင်းချင်း ကစားနေသည့် ကလေးတွေက သူတို့ ကစားနေတာကို ရပ်လိုက်ပြီး သူ့ကို ကြည့်နေကြ၏။

ကလေးများသည် ဒဏ္ဍာရီပုံပြင်စာအုပ်ထဲမှ ပေါက်ထွက်လာသကဲ့သို့ အီလီယန် ၏ လှပသောအသွင်အပြင်ကြောင့် သူတို့ အံအားသင့်နေကြခြင်း ဖြစ်သည်။ တောက်ပြောင်သော ရွှေရောင်ဆံပင်နှင့် အညစ်အကြေးမရှိသော ဖန်နီရောင်မျက်လုံးများကြောင့် သူသည် အရုပ်တစ်ရုပ်နှင့် တူနေသည်။ ထို့နောက် ကလေးများသည် ထိုင်ခုံမှထကာ သူ့အနားကို ချဉ်းကပ်လာသည်။



Xxxxxx