အပိုင်း ၇၀
Viewers 15k

Chapter 70

ဟေလာ ၏ အုပ်ချုပ်သူ ဒီဏိ နှင့် ရာဟန် သည် လှေကားထစ်ဘက်သို့ ခဏ ထွက်လာခဲ့သည်။ လှေကားထစ်သည် အပေါ်ဘက်တွင် တည်ရှိသောကြောင့် ပွဲရုံကို မြင်နိုင်သော်လည်း လှေကားထစ်ကိုမူ ပွဲရုံထဲမှ မမြင်ရသောကြောင့် လျှို့ဝှက်စကားတို့ ပြောရန် ပြီးပြည့်စုံသော နေရာတစ်ခုဖြစ်သည်။ နေရာသတ်မှတ်ပြီးသည်နှင့် ရာဟန် သည် လက်ရန်းပေါ်ကို နောက်ပြန်မှီကာ ဒီဏိ ကို ကြည့်လိုက်သည်။

"မင်းမှာ ထူးထူးခြားခြား ပြောစရာရှိပုံပဲ..."

ရာဟန် သည် ဟေလာ မှထွက်ခွာသွားသောအခါ ဒီဏိ ကို အချို့ကိစ္စများပြုလုပ်ရန်တောင်းဆိုထားခဲ့သည်။ ပထမအချက်မှာ မကောင်းဆိုးဝါးများနှင့်ပတ်သက်ပြီး ဒုတိယအချက်မှာ တပ်ဖွဲ့ဝင်များ အကြောင်းဖြစ်သည်။ သူသည် အာဏာမရှိသူဖြစ်၍ ယခုမှစပြီး အခြေခံအုတ်မြစ်ကို ဖြည်းဖြည်းချင်းတည်ဆောက်ရမည်ဖြစ်သည်။ ဤတစ်ကြိမ်တွင်၊ သူသည် ဟေလာ တွင်အခြေစိုက်စခန်းတစ်ခု တည်ထောင်ပြီးအစီရင်ခံစာများ အချိန်နှင့်တစ်ပြေးညီ ရနိုင်ရန် စီစဉ်ထားသည်။ ဟေလာဒေသမှာ မြို့တော်နှင့် ဝေးကွာသောကြောင့် တိတ်တဆိတ် သွားလာရ လွယ်ကူပြီး ဒေသခံများကလည်း သူ့အပေါ်ကို သစ္စာခံထားကြသည်။

"အရှင့်သား အမိန့်ပေးတဲ့အတိုင်း မကောင်းဆိုးဝါးရဲ့ နေရာကို ကျွန်တော်တို့ လိုက်ခဲ့ကြပါတယ်..."

ရာဟန် ထွက်သွားပြီးနောက်၊ ဒီဏိ သည် သူရဲကောင်းအချို့ကိုရွေးချယ်ပြီးနောက် 'မကောင်းဆိုးဝါး ခြေရာခံရေးအဖွဲ့' ကို ဖွဲ့စည်းခဲ့သည်။ သူတို့ တာဝန်က မကောင်းဆိုးဝါးတွေ ဘယ်မှာပေါ်လာပြီး ဘယ်လိုမျိုး သွားလာကြသည်ဆိုတာကို ရှာဖွေဖို့ ဖြစ်၏။

"ဒီတစ်ခါတော့ ထူးထူးခြားခြား တစ်ခုခုဖြစ်သွားပါတယ်..."

"ဘာလဲ..."

“အင်ပါယာရဲ့ နယ်နိမိတ်မှာ မကောင်းဆိုးဝါး ၁၀ ကောင်ကျော်ကို တွေ့ခဲ့ပါတယ်…ပြီးတော့ အဖွဲ့က မကောင်းဆိုးဝါးတွေကိုလိုက်ပြီးနောက် တစ်ပတ်အကြာမှာ မကောင်းဆိုးဝါးတွေဟာ ဟေလာ ကထွက်ပြီး တောင်ဘက်ကို ဆင်းသွားတယ်လို့ ကျွန်တော့်ကို သတင်းပို့ခဲ့ပါတယ်..."

"မကောင်းဆိုးဝါးတွေက လှုပ်ရှားနေကြတာလား..."

ထူးဆန်းလှသည်။ မကောင်းဆိုးဝါးအများစုသည် သူတို့ ရှိနေသည့်ဒေသတွင်သာ နေထိုင်တတ်ကြပြီး ထိုကဲ့သို့ အုပ်စုလိုက် လှုပ်ရှားသည့်ကိစ္စမှာ ရှားပါးလှသည်။

"ဒါဆို မကောင်းဆိုးဝါးတွေကော..."

"တောင်းပန်ပါတယ်…ကျွန်တော်တို့ရှုံးသွားပါတယ်..."

ဒီဏိ က ရှက်ရွံ့သော မျက်နှာဖြင့် ခေါင်းငုံ့လိုက်သည်။

"ကျွန်တော်တို့ မနိုင်ခဲ့ပါဘူး..."

ရာဟန် သူ့ကို အပြစ်မတင်ရက်ပေ။သူတို့သည် မကောင်းဆိုးဝါးများကို လိုက်ရှာရန် ရည်မှန်းထားပြီး ဖွဲ့ပေးခြင်းဖြစ်ကာ ပရော်ဖက်ရှင်နယ် လေ့ကျင့်သင်ကြားထားသော သူရဲကောင်းများလည်း မဟုတ်ပေ။ထို့ကြောင့် မကောင်းဆိုးဝါးများ နောက်ကိုလိုက်ရုံနှင့်ပင် လုံလောက်ပေသည်။ ထို့အပြင်၊ မကောင်းဆိုးဝါး တစ်ကောင်ချင်းစီသည် မတူညီသောအသွင်အပြင် ရှိတာကြောင့် ညရေးညတာ ကိစ္စများမှာလည်း အားနည်းနေပေလိမ့်မည်။

သူ ခဏလောက်စဉ်းစားကြည့်လိုက်သည်။မကောင်းဆိုးဝါးများ လှုပ်ရှားလာခြင်းသည် ပုံမှန်မဟုတ်သော ပြဿနာတစ်ခုဖြစ်သည်။ နောက်ပိုင်းမှ သူ ထရိအက် သူရဲကောင်းများနှင့် စကားပြောရပေဦးမည်။ထို့နောက် သူက ပွဲခန်းမဆီသို့ လှည့်ကြည့်လိုက်ရာ လူအုပ်ကြားထဲမှ ရိုစီနာ ကို ချက်ချင်းတွေ့သွားသည်။ လူများစွာနှင့် စကားပြောနေသော သူမသည် ပွဲရုံရှိ တစ်ခုတည်းသော ကြယ်တစ်ပွင့်ကဲ့သို့ တောက်ပနေသည်။ထိုအခါ စေ့ထားသော သူ့နှုတ်ခမ်းထောင့်များကလည်း ဖြည်းညှင်းစွာ ဖြေလျော့သွားရသည်။ ထို့နောက် တစ်ချက်ပြုံးကာ သူမကို တစိမ့်စိမ့်ကြည့်နေလေ၏။

ထိုမြင်ကွင်းကို အံ့အားသင့်နေသော ဒီဏိ မှာ သိပ်မကြာလိုက်ပေ။ ရာဟန် မျက်နှာပျက်သွားတာကို တွေ့လိုက်ရသည်။ထို့နောက် ရာဟန် သည် စကျင်ကျောက်များ စီခြယ်ထားသော လက်ရန်းကို ဆုပ်ကိုင်လိုက်ရာ ကျောက်ဖြူမှုန့်များက တဖွားဖွား ပြုတ်ကျလာတော့သည်။ ဒီဏိ ထိတ်လန့်သွားစဥ် ရာဟန်က ချက်ချင်းပင် ဧည့်ခန်းမဆီကို စူးရဲသော မျက်လုံးအစုံနှင့် စိုက်ကြည့်နေမှန်း ရိပ်မိသွားတော့သည်။သူလည်း အသေချာကြည့်လိုက်မှ ရိုစီနာ ဘေးတွင် ရပ်နေသော လူတစ်ယောက်ကြောင့် ရာဟန် ဒေါသထွက်သွားမှန်း ရိပ်မိသွားတော့သည်။အမျိုးသားတစ်ယောက်သည် နူးညံ့စွာပြုံးကာ ရိုစီနာ နှင့် ပရောပရည်လုပ်နေခြင်း ဖြစ်သည်။

“ရုတ်တရက် ကိစ္စပေါ်လာလို့ကွာ…ဒီကိစ္စကို နောက်မှ ပြီးအောင် လုပ်ရအောင်...”

ရာဟန်က သူ့ကို တစ်ခွန်းတည်းပြောလာတော့သည်။

တစ်ခဏအတွင်းမှာ ရိုစီနာ ကို လူအများအပြား ဝိုင်းထားကြတော့သည်။ သူမသည် အားလုံးဆီက လှိုက်လှိုက်လှဲလှဲ နှုတ်ခွန်းဆက်စကားများကြောင့် ဝမ်းသာ‌နေကာ စကားကို လည်း ရွှန်းရွှန်ဝေအောင် ပြန်ပြောနေမိသည်။ သူတို့ထဲက အများစုဟာ အကောင်းအမြင်သဘောနှင့် လာပြောကြခြင်း ဖြစ်၍ သူမအနေနှင့် အကောင်းဆုံးဖြစ်အောင် လုပ်ချင်မိသည်။တစ်ကယ်တမ်းတွင် သူမနှင့် ပတ်သက်သည့် အရာအားလုံးက လူတွေ၏ အာရုံကို ဖမ်းစားခဲ့ခြင်းဖြစ်သည်။။

သူမ ဝတ်ဆင်ထားသည့် ၀တ်စုံနှင့် အသုံးအဆောင်ပစ္စည်းများသာမက မိတ်ကပ်နှင့် ဆံပင်ပုံစံကိုလည်း သူတို့ စိတ်ဝင်စားနေကြသည်။ အများစုမှာ ဖက်ရှင်နှင့် သိပ်မစိမ်းသူများဖြစ်တာကြောင့် သူမ၏ ဖက်ရှင်အမြင်ကို ချီးကျုးပေးကြသည်။ ငှက်တွေလို တေးဆိုနေကြသည့် မိန်းမပျိုလေးတွေက သူမ ဘေးမှာ ဝိုင်းဝိုင်းလည်နေတော့လေသည်။

မာနကြီးသော အာဆီလီယာ နှင့်မတူဘဲ ရိုစီနာ သည် အဆင့်အတန်းကိုမခွဲခြားဘဲ လေးစားစွာဆက်ဆံတာကြောင့် အားလုံးက သူမ ဘေးမှာ ဝိုင်းနေရခြင်းဖြစ်သည်။

"မင်းသမီး ကျွန်မတို့ စံအိမ်မှာ လက်ဖက်ရည်သောက်ပွဲလေး လုပ်ရင်လေ ဆက်ဆက်လာပေးပါနော်..."

"ကျွန်မ မွေးနေ့ပွဲလေးကိုရော ဆက်ဆက်လာပါဦးနော်........."

သူမကို ဖိတ်ခေါ်ချင်တာကြောင့် လူတိုင်းက အော်ဟစ်နေကြပြီး တရားဝင် ဖိတ်စာများ မကြာမီ ပေးပို့မည်ဟု ပြောနေကြလေသည်။ ဆူညံသံတွေ နည်းနည်း အေးလာစဉ် သူမဆီကို လူတစ်ယောက် ချဉ်းကပ်လာပြီး ရှေ့မှာရပ်ကာ ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်

"တွေ့ရတာဝမ်းသာပါတယ် မင်းသမီး…ကျွန်တော်က မြို့စားမင်း အိုလီဒန် ပါ..."

ထိုသူက သူ့သွားဖြူဖြူတွေ ပေါ်လွင်သွားအောင် ပြုံးပြလေသည်။ သူ့ပုံပန်းသဏ္ဍာန်အရ သူမထက် သုံးလေးနှစ်လောက် ပိုကြီးနိုင်သော်လည်း သူ့နှုတ်ခမ်းမွေးတို့ကြောင့် ရုပ်ရင့်နေသည်။ သူမလည်း ခေါင်းညိတ်ပြလိုက်လျှင် မြို့စားမင်းက သူမ လက်ကို ပေါ်တင်ကြီး ငုံကြည့်လာသည်။သူမ တစ်ချက် တုံ့ဆိုင်းသွားသော်လည်း သူက လက်ရဲဇက်ရဲနှင့် သူမလက်ကို ဆုပ်ကိုင်လိုက်ပြီးနောက် ပြုံးလိုက်ပြီး လက်ဖမိုးကို နှုတ်ခမ်းနှင့် ဖိထားလိုက်သည်။

"ကျွန်တော် အဝေးကနေ ကြည့်နေတာ…မင်းသမီး အရမ်းလှတာပဲ…"

ထို့နောက် ထိုသူက သူမကို ချီးကျူးရင်း သူ့အကြောင်းကို အတိုချုပ်ပြောပြနေလေသည်။သူက ယနေ့နံနက်မှ မြို့တော်သို့ ရောက်ရှိလာသူဖြစ်ပြီး ကလေးတစ်ယောက်ရှိသူ အိမ်ထောင်ကွဲ အမျိုးသားတစ်ဦး ဖြစ်ကြောင်း ၊စသည်ဖြင့် စုံစိနေ၏။

ရိုစီနာ ခမျာ သူ့ကို ဘယ်လိုနည်းနှင့် စကားစဖြတ်ရမှန်း မသိပြီး အခက်တွေ့နေစဉ် သူက နောက်ထပ် တရစပ် သူမအလှကိုသာ ချီးကျူးလိုက်ပြန်သည်။သူကချည်း ပြောနေတာကြောင့် ဂုဏ်သရေရှိ အမျိုးသမီးများသည် တစ်ယောက်ပြီး‌တစ်ယောက် သူမ ဘေးကနေ ရှောင်ရှားကုန်ကြတော့သည်။

တစ်ယောက်တည်း ပြောပြီး ပျော်ရွှင်စွာ ရယ်မောနေသော မြို့စားမင်းသည် ရိုစီနာ၏ အင်္ကျီလည်ပင်းဝမှ ပေါ်နေသော ဖွေးဖွေးဖြူနေသည့် လည်ပင်းကို ကြည့်နေရင်း ချောင်းဆိုးလိုက်သည်။ထို့နောက် သူမကို မတော်တဆ ခြေချော်ပြီး ထိမိသလိုနှင့် အသားယူရန် ကြိုးစားနေချိန်မှာ တစ်စုံတစ်ယောက်က သူမ ပခုံးကို အားနည်းနည်းသုံး၍ ဆွဲယူလိုက်သည်။ သူမလည်း လန့်သွားပြီး ထိုသူကို မော့ကြည့်လိုက်ရာ...

"နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်..."

ရာဟန် က တိုးတိုးလေးပြောပြီး သူမကို ကြည့်နေသည်။သူ့ရင်ခွင်ထဲ တစ်ဝက်ခန့် ရောက်လုရောက်ချင်ဖြစ်သွားတာကြောင့် သူ့ကိုယ်သင်းနံ့က သူမ ‌နှာခေါင်းကို လာကျီစယ်လေသည်။ ရေမွှေးနံ့ မျိုးစုံကြားထဲမှာတောင် သူ့ကိုယ်သင်းနံ့က သူမ ရင်ထဲအထိ ထိုးဖောက်နိုင်စွမ်း ရှိပေသည်။

ရာဟန်၏ မျက်နှာထားကြောင့် အိုလီဒန် အေးခဲသွားပြီး မဝံမရဲမော့ကြည့်လာ၏။

"မင်းက ငါ့မိန်းမနဲ့ တစ်ခြား ပတ်သက်စရာရှိလို့လား..."

“အဲ… မဟုတ်ပါဘူး…အရှင့်သား..."

မြို့စားမင်း အိုလီဒန် အံ့အားသင့်သွားစဥ် ရာဟန် သည် အေးစက်သော မျက်နှာထားဖြင့် သူ့ကို စိုက်ကြည့်လိုက်ရာ ထိတ်လန့်ပြာတာနေတော့သည်။ထိုအခါမှ သူ ယခုထိ ရာဟန် ကို မနှုတ်ဆက်ရသေးမှန်း သိလိုက်ရသည်။

“ကျွန်တော် ရိုင်းရိုင်းစိုင်းစိုင်း ပြုမူမိတဲ့အတွက် ခွင့်လွှတ်ပါ… တတိယမင်းသား..."

သူက ရိုကျိုးစွာ နှုတ်ဆက်လိုက်သော်လည်း ရာဟန်၏ မျက်နှာထားက တင်းမာနေဆဲပင်။ ဆန့်ကျင်ဘက်အနေနှင့်မူ အေးစက်သော မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်နေသည်။ ထိုအခါမှ သူလည်း စောစောက အေးစက်စက်အကြည့်မှာ နှုတ်ဆက်ခိုင်းနေတာမဟုတ်ဘဲ နှင်လွှတ်နေမှန်း သဘောပေါက်သွားလေ၏။

"ကျွန်တော် အ​ရေး​ပေါ်ကိစ္စ ရှိလို့သွားလိုက်ပါဦးမယ်..."

အေးစက်နေသည့် ချွေးတွေစီးကျနေသည့် မြို့စားမင်းက ကမန်းကတန်း ထွက်ပြေးသွားလေသည်။

မြို့စားမင်း မြင်ကွင်းမှ ပျောက်ကွယ်သွားသောအခါ ရိုစီနာ သည် သူ့ကိုမော့ကြည့်လိုက်ရာ သူ့မျက်နှာမှာ အနည်းငယ် ပျော့ပျောင်းသွားသလို ရှိ‌သည်။ အသေးအဖွဲ ပြောင်းလဲမှုတစ်ခုသာ ဖြစ်သော်လည်း သူမ ချက်ချင်းသတိပြုမိခဲ့သည်။ ထို့နောက် သူမ ပတ်ဝန်းကျင်ကို သတိထားပြီးလှည့်ကြည့်လိုက်ရာ စောစောက သူမအနားကို ကပ်နေကြသူတွေမှာ ဝေးရာကို ထွက်သွားကြောင်း တွေ့လိုက်ရလေသည်။

သူမ၏ social image သည် တိုးတက်လာသော်လည်း ရာဟန်ကမူ မတိုးတက်သေးပေ။မနေ့က နတ်ဘုရားဝတ်ပြုသည့် အခမ်းအနားမှာ သူက မယုံနိုင်စရာ တစ်ခုခု လုပ်ခဲ့သဖြင့် လူတော်တော်များများက သူ့ကို ကြောက်ရွံ့ခဲ့ကြသည်။သူမလည်း သူ့လက်ကောက်ဝတ်ကနေကိုင်ပြီး လူသူမနီးသည့် ထောင့်တစ်နေရာကို ဆွဲခေါ်သွားလိုက်သည်။

"ကျေးဇူးတင်ပါတယ်..."

ရာဟန် သာ ပြန်မလာပါက၊ သူမသည် မြို့စားမင်း၏ တစ်ဘဝစာ အတ္ထုပ္ပတ္တိကို တိတ်တဆိတ် နားထောင်နေရပေလိမ့်မည်။သူမကိုယ်တိုင်က အပြင်သိပ်မထွက်၍ ပရိယာယ်ဖြင့် စကားကို ဘယ်လိုရှောင်ရှားရမှန်း နားမလည်သေးတာလည်း ပါသည်။

"သူ မင်းကို ဘာမှ ထူးထူးခြားခြား မလုပ်ခဲ့ဘူးလား
..."

“မလုပ်ပါဘူး...”

ရာဟန် သည် အိမ်ရှေ့မင်းသားကြောင့်လည်းမသိ၊သူမနှင့် လာပတ်သတ်သူများကို အထူးသတိထား နေသည်။သို့သော် မြို့စားမင်းကတော့ အိမ်ရှေ့စံလောက် ဆိုးမည်မထင်ချေ။

"ဒါနဲ့…အီလီယန် ဘယ်မှာလဲ..."

"ကျွန်မ သူ့သူငယ်ချင်းတွေနဲ့ တွေ့ဖို့ ခေါ်သွားပေးထားတာ..."

"အဲဒါ ကောင်းသားပဲ..."

“သူ့ရဲ့ မွေးနေ့ကျရင် သူ့သူငယ်ချင်းတွေကိုလည်း ဖိတ်ရ‌အောင်လို့...”

"ဗိုက်ဆာနေပြီလား..."

"နည်းနည်း..."

အချိန်အတော်ကြာအောင် စကားများများပြောလိုက်ရ၍ ယခုတော့ ဗိုက်ဆာလာရသည်။

"စားစရာတစ်ခုခု ယူလာပေးမယ်..."

"အတူတူသွားရအောင်..."

ဤသို့ဖြင့်၊ရိုစီနာ နှင့် ရာဟန် တို့သည် အစားအသောက် ပြင်ဆင်ထားသည့် စားပွဲဆီသို့ သွားလိုက်ကြသည်။ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း သူမ နောက်ကျောအထိ လာမှန်သော စူးစူးရှ အကြည့်များကို သူမ ဂရုမစိုက်လိုက်ပေ။ ပိုးသားများ ဖုံးအုပ်ထားသော စားပွဲရှည်ကြီးသည် အစားအသောက်များစွာ တန်းစီတင်ထားသည်။ သက်တမ်းမြင့်စပျစ်ဝိုင်နှင့် လတ်ဆတ်သော သစ်သီးဖျော်ရည်များ၊ နွားငယ်စွပ်ပြုတ်၊ ဆော်လမွန်ငါးနှင့် ကောင်းစွာချက်ပြုတ်ထားသော ငန်းဘဲများကို ခင်းကျင်းစီရီထားသည်။ အချိုပွဲများတွင် ပေါင်မုန့်ချို၊ သကြားလုံးသီးများ၊ သံပုရာ သကြားခဲများနှင့် ကွတ်ကီးများပါဝင်သည်။

ရိုစီနာ သည် ပန်းကန်ပြားတစ်ချပ် ယူကာ အစားအသောက်များကို စတင်ထည့်လိုက်သည်။ အစားအသောက်အနံ့က ချက်ချင်းပင် သူမကို ဗိုက်ဆာစေသဖြင့် အမြန်ယူပြီး အနောက်က စားပွဲမှာ ဝင်ထိုင်လိုက်၏။ ရာဟန် ကလည်း လက်သုတ်ပုဝါများနှင့် ပန်းကန်ခွက်ယောက် များအားလုံးကို ယူလာပြီး သူမ အနားမှာ လာထိုင်သည်။ သူမ ယူလာသည့် ပန်းကန်တွေက သုံးချပ်ရှိသော်လည်း သူကမူ အသားမုန့်တစ်မျိုးတည်းသာ ယူလာသည်။

"ဒါပဲလား..."

“ကိုယ် ဗိုက်မဆာဘူး….”

ရာဟန် က ရည်ရွယ်ချက်ရှိရှိဖြင့် ဆင်ခြေပေးခြင်း ဖြစ်သည်။သူမကို အတင်းမတောင်းဆိုသော်လည်း သူ ဗိုက်ဆာနေသည်ထင်ပြီး သူ့ကို အချိုပွဲပေးလိုက်သည်။

"ကြိုက်လား..."

“…အင်း”

ကြည့်လိုက်ရုံနှင့် ချိုမြိန်ပုံ ပေါက်နေသည့် သစ်သီးသကြားလုံး တစ်ခုပင်။ အပြင်မှာ တောက်ပြောင်နေပြီး ကြည့်ရသည်မှာ အတော်လှပေသည်။

ရာဟန် သည် ရိုစီနာ ပေးသော ဌာပနာမုန့်ကို အကြာကြီးကြည့်ပြီးနောက် တစ်ကိုက်ကိုက်လိုက်ရာ ကြောက်စရာကောင်းသော ချိုမြိန်မှုသည် သူ့လျှာကို အကြောသေသွားသလို ထိမိသွားတော့သည်။ သူ မျက်နှာပျက်နေပြီ‌ဖြစ်သော်လည်း ထုံးစံအတိုင်း ဟန်ဆောင်ဖုံးဖိထားရ၏။ဆက်လက်၍ ညစာဆက်စားကြစဉ် ခမ်းနားသော တေးဂီတသံသည် ဧည့်ခန်းမထဲတွင် ပဲ့တင်ထပ်လာနေသည်။

ရိုစီနာသည် ညစာတစ်ဝက်ကုန်ပြီဖြစ်၍ ပွဲရုံအဝင်ပေါက်ဆီသို့ လှမ်းကြည့်လိုက်ရာ ဘုရင်မင်းမြတ်နှင့် ဘုရင်မတို့သည် ရွှေရောင်ဝတ်ရုံကို ၀တ်ဆင်ကာ ခန်းမထဲသို့ ဘေးချင်းကပ်လျက် ဝင်လာနေသည်ကို တွေ့ရလေသည်။ ရတနာများဖြင့် တန်ဆာဆင်ထားသော သရဖူများကလည်း မီးရောင်အောက်မှ တောက်ပနေသည်။ထို့နောက် စကားစမြည်ပြောဆိုနေကြသော မှူးမတ်တို့သည် နောက်သို့ဆုတ်၍ နှုတ်ဆက်လိုက်ကြပြီး ဘုရင်မင်းမြတ်သည် ဧည့်ခံပွဲခန်းမအတွင်းရှိ စင်မြင့်ပေါ်သို့ တက်လာသည်။

"အားလုံး ဒီမှာရှိနေကြတာ ဝမ်းသာပါတယ်..."

ဘားမန်း သည် ဘေးပတ်ဝန်းကျင်ကို ကြည့်ပြီး​ သူအရင်​က​ပြောခဲ့သည့် သိပ်​မကွာခြားသော မိန့်ခွန်းကို ပြောလိုက်ပြန်သည်။ဆက်လက်၍ သူက အိမ်ရှေ့စံသည် နတ်ဆိုးများအား ဘယ်လိုဘယ်ပုံ တိုက်ခိုက်နေကြောင်း ပြောပြသည်။ အိမ်ရှေ့စံ အသက်ရှင်နေသရွေ့ အင်ပါယာမှာ ငြိမ်သက်အေးချမ်းမှု ရှိမှာဖြစ်ကြောင်း အလေးပေး ပြောကြားခဲ့သည်။ မှူးမတ်များကလည်း တအံ့တဩဖြစ်နေကာ ရိုစီနာ မှာ စားချင်စိတ်မရှိတော့၍ ခက်ရင်းကို ချထားလိုက်သည်။အိမ်ရှေ့စံသည် မည်မျှပင် အင်ပါယာ ပြည်သူများ၏ အမြင်မှာ သူရဲကောင်းဖြစ်ပါစေ၊သူမအတွက်တော့ စိတ်မသက်မသာ ဖြစ်စေသူ ဖြစ်လေသည်။

စကားမစပ်၊ သူက ဘီလူးများကို အမဲလိုက်ရန် အလုပ်များနေသည် ဆိုပါလား....

"ကျွန်မ သူ့ကို တော်ဝင်နန်းတော်မှာ ခဏခဏတွေ့ဖူးတယ်…သူက ဘယ်လိုလုပ်ပြီး မကောင်းဆိုးဝါးတွေကို နှိမ်နင်းဖို့ အလုပ်ရှုပ်နေနိုင်မှာလဲ..."

ရာဟန် သည် သူမ စကားကြောင့် တုန်လှုပ်သွားရသည်။သူမသည် တော်ဝင်မိသားစုနှင့် ဆက်စပ်နေသော လျှို့ဝှက်ချက်များကို မသိသေးသည့်အပြင် သူက အိမ်ရှေ့စံ နေရာကို အစားထိုးပြီး မကောင်းဆိုးဝါးများအား သတ်နေရတာကိုလည်း မသိသေးချေ။ ဘုရင်မင်းမြတ်နှင့် သူ ညှိနှိုင်းထားသည့်နေ့မှစ၍ ဤလျှို့ဝှက်ချက်များအားလုံးကို သေရာပါ ယူသွားမည်ဖြစ်ကြောင်း နှစ်ယောက်သား ကတိပြုခဲ့သည်။

ထို့ကြောင့် သူမကိုလည်း လျှို့ဝှက်ထားခဲ့ရခြင်း ဖြစ်သည်။ထို့အပြင် သူမ သိသွားလျှင် အန္တရာယ်ဖြစ်သွားနိုင်တာကြောင့် အမှန်တရားကို မထုတ်ဖော်လိုခြင်း ဖြစ်သည်။ လူအများစုသည် မကောင်းဆိုးဝါးများကို ဘယ်ပုံဘယ်နည်း နှိမ်နှင်းရသည်ကို မမြင်ဖူးကြသောကြောင့် ကောလာဟလများကိုသာယုံကြည်ပြီး အိမ်ရှေ့စံကို သူရဲကောင်းအဖြစ် သဘောထားကြခြင်း ဖြစ်သည်။

သို့သော် နောက်ဆုံးတွင်၊ မကောင်းဆိုးဝါးများကို နှိမ်နင်းခြင်းသည် လူသတ်သမား ဖြစ်သွားခြင်း ဖြစ်သည်။ မကောင်းဆိုးဝါးများအား သူကိုယ်တိုင် သတ်ဖြတ်သည်ကို မျက်မြင်တွေ့သူတွေမှာ ဖြည်းဖြည်း သူ့ကို ကြောက်လာကြ၏။ ရိုစီနာ ကို မပြချင်သော အရာများစွာကို တစ်ခြားသူများအားလုံး မြင်ဖူးပြီးကြပြီဖြစ်သည်။ ထို့ကြောင့် သွေးများဖြင့် ဖုံးလွှမ်းနေပြီး မကောင်းဆိုးဝါးများကို ခုတ်ထစ်နေသည့် သူ့ပုံသဏ္ဍာန်ကို မပြချင်ပေ။

"ရာဟန်..."

ရာဟန် သည် သူမ၏ နူးညံ့သော အသံကို ကြားလိုက်သည်နှင့် ခေါင်းကို မော့ကြည့်လိုက်သည် ။

"အဆင်ပြေသလားဟင်…ရှင့်ကြည့်ရတာ နေမကောင်းသလိုပဲ..."

ရာဟန် က လည်း အသံချိုချိုလေးဖြင့် စိုးရိမ်တကြီးမေးသံကို အတော် ပြန်ဖြေလိုက်ရသေးသည်။

ဘုရင်မင်းမြတ်၏ မိန့်ခွန်းပြီးဆုံးသောအခါ စောင့်ဆိုင်းနေသော နိုင်ငံခြား သံတမန်များသည် လူတိုင်းကို ချီးကျူးဂုဏ်ပြုရန် လက်ဆောင်များ ပေးအပ်ကြသည်။ ရှားပါးပစ္စည်းများကို ပေးအပ်ကြသဖြင့် မှူးမတ်များက အလွန်စိတ်ဝင်စားကြသည်။ လက်ဝတ်ရတနာ အမျိုးမျိုးသာမက ဆင်စွယ်၊ သားရေ၊ လက်လုပ် လက်နက်များနှင့် ပိုးထည်များလို အင်ပါယာတွင် အလွယ်တကူ မရရှိနိုင်သည့် ပစ္စည်းများပင် ဖြစ်သည်။

"အာစတေးနီးယား သံတမန် မလာသေးဘူးထင်တယ်..."

"ဟုတ်တာပေါ့… အဲ့ဒါကို အမျှော်လင့်ဆုံးပဲ...”

အာစတေးနီးယား ဆိုသည့် နာမည်ကို သူမ ကြားလိုက်ရသောအခါ သူမ တုန်လှုပ်သွားရသည်။ ကေလာ သည် နိုင်ငံခြားတွင် ပညာသင်ကြားရန် အင်ပါယာသို့ ရောက်ရှိလာစဉ် သံတမန်တစ်ဦးအဖြစ် လာပုံရသည်။ ယခုအချိန်အထိ အာစတေးနီးယား သည် ဟာဘက် အင်ပါယာသို့ သံတမန်တစ်ဦးမျှ မစေလွှတ်ခဲ့သဖြင့် လူအများက မျှော်လင့် နေကြတာဖြစ်သည်။ထို့နောက် ဘုရင်မင်းမြတ် ထိုင်ခုံမှထလာသောအခါ၊ ဝေါ့ဇ် ဂီတသံက ခန်းမထဲဝယ် ပဲ့တင်ထပ်သွားရ၏။ဝေါ့ဇ်ဂီတမှာ ဆိုရှယ်လောက၏ ပန်းပွင့်ဟု ခေါ်သည့် ကပွဲအစကို ဖွင့်ပေးသော ဂီတပင်ဖြစ်သည်။

"ရိုစီနာ..."

ရာဟန် သည် သူ့ထိုင်ခုံမှ ဖြည်းညှင်းစွာထလိုက်ပြီး သူမကို ယဉ်ကျေးစွာ ဦးညွှတ်ကာ လက်ဆွဲလိုက်သည်။

"ကိုယ့်ရဲ့ ပထမဆုံး အကကို ဂုဏ်ပြုပေးမှာလား..."

သူမ ပြန်မဖြေဘဲ သူ့လက်ကို ကိုင်လိုက်သည်။ မကြာမီတွင် ခမ်းနားထည်ဝါသော နောက်ထပ် ဝေါ့ဇ် သံစဉ်တစ်ခုသည် ခန်းမထဲတွင် ပြည့်နှက်လာတော့သည်။



Xxxxxx