အပိုင်း ၆၉
Viewers 13k

Chapter 69

ရာနီယာ မျက်နှာပျက်သွားပြီး သူမပတ်ဝန်းကျင်ရှိ အမျိုးသမီးငယ်များကို ပေါ့ပေါ့တန်တန်ကြည့်ကာ ဆက်ပြောနေသည်။

"လူတိုင်းက မင်းသမီးကို စိတ်ဝင်စားလို့ ကျွန်မတို့ အတူတူ လာခဲ့တာပါ..."

သူမ ဘာမှပြန်မပြောသည့်အခါ ရာနီယာ က ခေါက်ထားသည့် ယပ်တောင်ကို ကိုင်ထားရင်း ခေါင်းညိတ်လိုက်၏။

"အင်း…မင်းသမီးနားလည်မှုလွဲတာကလည်း ပုံမှန်ပါပဲ…မင်းသမီးက ငယ်ငယ်ကတည်းက ဘယ်သူနဲ့မှ သူငယ်ချင်းမဖွဲ့ဖူးဘူးမလား...”

ထို့နောက် အမျိုးသမီးများက အချင်းချင်းကြည့်ကာ တဟင်းဟင်း ရယ်မောလိုက်ကြသည်။ ထို့နောက် သူမ ကြားသည်ဖြစ်စေ၊ မကြားသည်ဖြစ်စေ ဂရုမစိုက်ဘဲ တိုးတိုးစကားဆိုနေကြတော့သည်။ လူကို သူတို့ရှေ့မှာထားပြီး လူမိုက်တွေလို ပြောင်ပြောင်တင်းတင်း လူပါးဝနေကြခြင်းသာ။

သူမ သူတို့ကို စူးစူးရဲရဲ ကြည့်နေမိသည်။ အရင်တုန်းက ရာနီယာ သည် အိမ်ကို အပေါင်းအသင်းများ အုပ်လိုက် ခေါ်လာပြီး သူမကို ပေါ်တင် အဖက်မလုပ်ဘဲ နေပြဖူးသည်။ယခုမူ အုပ်စုလိုက် လာရောပြနေပြန်သည်။

“မင်းသမီးရဲ့ဝတ်စုံက ထူးခြားတယ်… ကြည့်ရတာ ရီအက် အဝတ်ဆိုင်က ဖြစ်မယ်ထင်တယ်..."

အမျိုးသမီးတစ်ဦးက သူမ၏ ဝတ်စုံကို ငုံ့ကြည့်ကာ ပြောလိုက်ရာ သူမဘေးတွင် ရပ်နေသော အမျိုးသမီးများက တုံ့ပြန်လိုက်လေသည်။

"အဲ့ဒီ အဝတ်ဆိုင်က အရင်ကဆို သိပ်ဖက်ရှင်ကျတာမဟုတ်လား..."

"ဟုတ်တယ်…အခုတော့ မျက်စိကန်းနေလားမသိဘူး… သူတို့ဆိုင်က အထည်အသစ်တွေ အကုန်လုံး ခေတ်နောက်ကျသွားပြီ.."

"အိုး…အမလေး ကျွန်မပြောတာမဟုတ်ဘူးနော်…တော်ကြာ ကျွန်မမှာထားတဲ့ အဝတ်တွေ မရဘဲနေပါဦးမယ် ..."

တခြားအမျိုးသမီးတစ်ယောက် ယပ်တောင်ကို ညင်သာစွာ လှုပ်ယမ်းကာ ပြောလိုက်သည်။သူမတို့ ထုံးစံမှာ မကြိုက်သည့် လူရှိတိုင်း ထိုလူကို ဤဒီနည်းနှင့် ဝိုင်းပြီး အရှက်ခွဲကြခြင်းဖြစ်သည်။ သာမာန်လူတစ်ယောက်ဆိုလျှင်၊ ရှက်ပြီး ထွက်ပြေးသွားနိုင်သည်အထိ အနိုင်ကျင့်နည်း တစ်ခုဖြစ်သည်။

ထိုကိစ္စများကြားတွင် အာဆီလီယာသည် စကားတစ်ခွန်းမှ မပြောဘဲ သူမတို့နောက်တွင် ရပ်နေခဲ့သည်။ သူမကြည့်ရသည်မှာ အရုပ်တွေကို ရွှေ့ပေးရသည့် သခင်နှင့် တူနေသည်။ သူတို့သည် သူမ၏ တန်ဖိုးကို နှိမ့်ချကာ ချီးမွမ်းဟန်ဆောင်၍ မကောင်းပြော နေကြသည်။ ရိုစီနာ တစ်ယောက် အရှက်ကွဲနေပြီဟု ခံစားလောက်သည့်အချိန်ကျ အာဆီလီယာ သည် ယပ်တောင်ကို အသံမြည်‌အောင် ခေါက်လိုက်ရာ အားလုံးက သူမ လုပ်ရပ်ကြောင့် ခဏတာ ငြိမ်သက်သွားကြသည်။

"ကဲ တော်ပါတော့…နင်တို့ကလည်း တတိယမင်းသမီးခမျာ သနားစရာကောင်းလောက်အောင် တုန်လှုပ်နေပါပြီ...”

ရိုစီနာ သည် စိတ်ရှုပ်ထွေးနေသော မျက်နှာဖြင့် အာဆီလီယာ ကို ကြည့်လိုက်သည်။ထို့နောက် သခင်ဖြစ်သူ အာဆီလီယာက သူမကို ကယ်တင်မည့်အသွင်နှင့် ရှေ့ကို တိုးလာတော့သည်။

"စကားမစပ်…မင်းသမီး ရင်ထိုးမဝတ်လာဘူးလား..."

ဘာရင်ထိုးလဲ…

သူမက မျက်လုံးများဖြင့် မေးလိုက်ရာ အာဆီလီယာ ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ပွင့်ဟသွားသည်။

“မတရားတဲ့နည်းနဲ့ အနိုင်ယူထားတဲ့ ရင်ထိုးလေ..."

ထိုမှသာ သူမသည် အာဆီလီယာ ပြောနေသည်ကို သဘောပေါက်သွားသည်။ အမဲလိုက်ပွဲမှာ အနိုင်ရသူအား ဧကရီပေးခဲ့သော ရင်ထိုးအကြောင်း သူမပြောနေခြင်း ဖြစ်သည်။

"မင်းသမီးက မတရားတဲ့နည်းနဲ့ ယူခဲ့ တော့ ရှက်နေလို့ မဝတ်ခဲ့တာမဟုတ်ဘူးလား..."

အာဆီလီယာက လက်ဖဝါးနှင့်ယပ်တောင်ကို ခေါက်ရင်း မေးလေသည်။ခဏလောက် စဉ်းစားပြီးနောက် သူမလည်း ပထမဆုံးအကြိမ် ပြန်ပြောလိုက်သည်။

“မဟုတ်ဘူး…အရမ်းလေးနေလို့..."

ထိုအခါ အာဆီလီယာ မျက်နှာ ပျက်ယွင်းသွားသည်။ အကယ်၍ သူမသာ ရင်ထိုးကို လက်ခံရရှိပါက၊ တစ်ပတ်လုံးလုံး ကြွားလုံးထုတ်၍ ဝတ်ပြနေပေလိမ့်မည်။

ပိုင်ဆိုင်ဖို့ သူမ ဘယ်လိုတောင် ကြိုးစားခဲ့ရတာမှတ်လို့…

“ဪ…တစ်ကယ်တော့ သူ့တန်ဖိုးကို မသိတဲ့သူတွေအတွက် မသင့်တော်တဲ့အရာတစ်ခုပါလားနော်...”

ရိုစီနာသည် အာဆီလီယာ စကားကြောင့် ရင်ထဲမှ သက်ပြင်းချလိုက်သည်။

ရင်ထိုးကို ပေးလိုက်ရင် ပြေလည်သွားမှာလား…

သူမကို ယခုလို အမြဲတမ်း နှောင့်ယှက်နေမည်လိမ့်ဟု သူမ မထင်မိခဲ့ပေ။ထို့နောက် သူမက အီလီယန် ကို ငုံ့ကြည့်လိုက်ရာ၊ အာဆီလီယာ ကလည်း ကလေးကိုလိုက်ကြည့်သည်။ အီလီယန် သည် ရာဟန် နှင့် ရိုစီနာ တို့၏ အလှပဆုံးမျက်နှာသွင်ပြင်များကို တစ်ခုချင်းစီ ပေါင်းစပ်ထားသဖြင့် ကြွေရုပ်ကလေးနှင့် တူနေတော့သည်။ အာဆီလီယာ ၏ ကလေးများသည် လှသည်ဟု ဆိုနိုင်သော်လည်း အီလီယန် လောက် မလှကြပေ။ အီလီယန် ပုံပန်းသဏ္ဍာန်အားဖြင့် ချစ်စရာကောင်းကြောင်း ဘယ်သူမှ မငြင်းနိုင်ပေ။

တစ်ခုခု ထပ်ပြောဖို့ အကြောင်းရှာနေသည့် အာဆီလီယာက ရုတ်တရက် တစ်ခုခုကို သတိရသွားသလိုမျိုး မော့ကြည့်လိုက်သည်။

"မင်းသမီးရဲ့သားအကြောင်းကို နည်းနည်းတော့ ကြားထားတယ်..."

ငြိမ်သက်နေသော ရိုစီနာ သည် ထိုစကားတစ်ခွန်းတည်းကြောင့် မျက်နှာပျက်ယွင်းသွားသည်။

“မိဘတွေဆိုတာ ကလေးတစ်ယောက်အတွက်‌တော့ အတုခိုးစရာမှန်တစ်ချပ်လို့ အားလုံးက ပြောကြတယ်မဟုတ်လား..."

အီလီယန် ဉာဏ်ရည် ချို့နေရခြင်းမှာ သူမ ကြောင့်ဟု ပြောနေခြင်းပင်။

“ကျွန်မရဲ့ ကလေးတွေဆိုရင် သူတို့ရဲ့ ရွယ်တူတွေနဲ့ ယှဉ်ရင် အများကြီး သာတယ်…ဘာကြောင့်လဲဆိုတော့ သူတို့က ငယ်စဉ်ကတည်းက ပညာတတ်တွေ ဖြစ်လာအောင် ကျွန်မတို့က ဆုံးမထားခဲ့တာကိုး..."

"ဒုတိယ မင်းသမီး…စကားဆိုတာ ပြောသင့်တဲ့ စကားဆိုတာ ရှိတယ်…ပြောလို့မရတဲ့ စကားတွေလည်း ရှိတယ်..."

သူမ အာဆီလီယာ ကို တည့်တည့်ကြည့်ရင်း ပြောလိုက်သည်။

"စောစောက စကားအတွက် ပြန်တောင်းပန်ပါ...”

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည် ။ အာဆီလီယာသည် အံ့သြသွားကာ သူမ ကို ကြည့်လိုက်သည်။

"နင်က ငါ့ကို တောင်းပန်စေချင်တာလား ..."

သူမကို ဘယ်လိုသတ္တ်ိမျိုးနှင့် လာပြောရဲရတာလဲ ဆိုသည့် သဘောနှင့် ကြည့်နေတော့သည်။သို့သော်လည်း ရိုစီနာ က နောက်မဆုတ်သေးပေ။

"ကလေးရှေ့မှာ မင်းသမီး ဘယ်လိုလုပ်ပြီး ပြောထွက်တာလဲ..."

အာဆီလီယာ သည် အလွန်ဒေါသထွက်နေသည့် ရိုစီနာကို ပြုံးကြည့်လိုက်သည်။ယခုလိုမျိုး သူမကို ဘယ်သူမှ ပွင့်ပွင့်လင်းလင်း ရင်မဆိုင်ဖူးပေ။ ရယ်စရာကောင်းလှသော စကားကြောင့် သူမ ဒေါသထွက်သွားပြီး တခြားသူများကလည်း လှုပ်လှုပ်ရွရွ ဖြစ်လာသည်။ စောင့်ကြည့်နေကြသော အခြားမှူးမတ်များမှာ တစ်ယောက်ပြီးတစ်ယောက် ရေရွတ်လိုက်ကြသည်။

အာဆီလီယာသည် မျက်နှာကြီးနီမြန်းနေကာ ယပ်တောင်ကို ပြန်ဖြန့်လိုက်သည်။ သူမကို လူအများကြီးရှေ့မှာ တောင်းပန်ခိုင်းနေသူကို ဘယ်လိုမှ နားလည်ပေးလို့မရချေ။

"ဘာလို့ဒီလောက်ဒေါသထွက်နေတာလဲ…မသိရင် ငါကပဲ တစ်ခုခုမှားပြောမိသလိုမျိုးပဲ..."

အာဆီလီယာ စကားကြောင့် ခန်းမတစ်ခုလုံး ခဏတာ တိတ်ဆိတ်သွားသည်။ ထို့နောက် ရိုစီနာ လက်ကို ကိုင်ထားသည့် အီလီယန် က ထငိုတော့သည်။

"အဲ့ဒီလို မပြောပါနဲ့ အမေ..."

အီလီယန် မျက်လုံးကြီးများတွင် မျက်ရည်များ စီးကျလာသည်။ ဖန်ပုတီးစေ့လောက်ကြီးသော မျက်ရည်တို့သည် သူ့ပါးပြင်ပေါ်သို့ စီးကျလာပြီး ကြမ်းပြင်ပေါ်အထိ စီးကျသွားသည်။ လူတိုင်းသည် သနားစရာကောင်းလှသော သူ့ကို ကြည့်ပြီး ဝမ်းနည်းနေကြကာ အာဆီလီယာ နှင့် တစ်ဖက်တည်းက အမျိုးသမီးတွေတောင် ပါးစပ်ပိတ်ထားတော့သည်။

"...အဲဒါ သား အမှားပါ"

အီလီယန် က ညည်းညူရင်း မျက်ရည်ကိုပွတ်သုတ်လိုက်တော့သည်။ ထိုစဉ် ပွဲရုံကြီးရှိ တေးဂီတသံများ ပြီးဆုံးသွားရာ အနီးပတ်ဝန်းကျင်သည် သေမင်းကဲ့သို့ တိတ်ဆိတ်သွားခဲ့သည်။ ထိုအခါ အနီးနားရှိ ရန်ပွဲကို စောင့်ကြည့်နေသော မှူးမတ်များသည် စကားများရန်ဖြစ်သံကို နားထောင်ရင်း တီးတိုးသဖန်းပိုး လုပ်နေကြသည်။

“ဒါကတော့ ကလေးအတွက် ရက်စက်လွန်းတယ်ထင်တယ်...”

"ကလေးက ဘာအမှားလုပ်မိလို့လဲ..."

ထိုအသံများကို အာဆီလီယာ မကြားနိုင်ဘဲ မနေနိုင်သဖြင့် သူမ ခန်းမထဲကိုလှည့်ပတ်ကြည့်လိုက်သည်။ အာလုံးက အသံကျယ်ကျယ် မပြောရဲကြသော်လည်း လေထုသည် သူမဆီကိုသာ ဦးတည်နေသည်။ သူမ ဘေးပတ်ဝန်းကျင်ကို တအံ့တဩ လှည့်ပတ်ကြည့်ပြီးနောက် ရိုစီနာ ကို ထပ်မံကြည့်လိုက်ပြန်သည်။အီလီယန် ကို နှစ်သိမ့်ပေးနေသော ရိုစီနာ ကလည်း သူမ အကြည့်ကို ခံစားမိပြီး ခေါင်းကို ပြန်မော့လာသည်။သူမသည် ကလေးအတွက် တောင်းပန်သင့်သည်ဟု ခံစားမိသော်လည်း သူမ ကိုယ်တိုင်က ဘာစကားမှ မပြောနိုင်ပေ။ ရိုစီနာ ကို တောင်းပန်ရသည်ဆိုသည်မှာ သူမ ဘဝမှာ ဘယ်တော့မှ ဖြစ်မလာနိုင်သော အရာဖြစ်သည်။

"မင်းသမီး ကြည့်ရတာ တောင်းပန်ချင်ပုံမပေါ်ဘူး…ဒါပေမယ့် မင်းသမီးကို အတင်းအကြပ် ခိုင်းမှာ မဟုတ်ပါဘူး...”

တောင်းပန်ရမယ့်အချိန် ကုန်ဆုံးသွားပြီ။

အာဆီလီယာသည် လက်ထဲက ယပ်တောင်ကိုတောင် ဂရုမစိုက်နိုင်ဘဲ လက်သီးကို တင်းကျပ်စွာ ဆုပ်ထားလိုက်သည်။ချီးကျူးစကားများကိုသာ အမြဲခံယူခဲ့သော သူမအတွက် ဝေဖန်ခြင်းမြှားတံများကို ခံနိုင်ရည်မရှိပေ။ထို့နောက် သူမသည် မထူးတော့ပြီမို့ လှည့်ထွက်သွားရန်သာ ပြင်လိုက်တော့သည်။

"သက်သက် အချိန်ဖြုန်းတာပဲ..."

အခြေအနေကို ရှောင်လွှဲဖို့ ကြိုးစားသည့် သဘောထားတစ်ခုပင်။အာဆီလီယာ သည် ကြမ်းပြင်ကို ဆောင့်နင်းပြီး ထွက်ခွာသွားသောအခါ ကျန်လူများကလည်းတစ်ချက် တုံ့ဆိုင်းသွားပြီးနောက် သူမနောက်ကို လိုက်သွားခဲ့သည်။သူမတို့ကို ဘယ်ကိစ္စဖြစ်ဖြစ် တစ်ခြားသူများက အာရုံစိုက်ကြသော်လည်း ယခုတစ်ကြိမ်မှာတော့ ဝေဖန်မှုတွေကို ရှောင်လွှဲလို့မရခဲ့ပေ။

ရိုစီနာ သည် အဝေးသို့ထွက်ခွာသွားစဉ် အာဆီလီယာ ၏ကျောပြင်ကိုကြည့်ကာ အီလီယန် အား ရင်ခွင်ထဲတွင် ဖက်ထားပေးလိုက်တော့သည်။

"အီလီယန်…သား အဆင်ပြေရဲ့လား..."

အီလီယန် သည် မျက်လုံးများကို ပွတ်သပ်ကာ ခေါင်းညိတ်လိုက်သည်။ယခု လောလောဆယ် သူမ ကလေးကို ဆိတ်ကွယ်ရာအရပ်သို့ ခေါ်သွားသင့်ပေသည်။ သူမလည်း အီလီယန် လက်ကိုတင်းကျပ်စွာဆုပ်ကိုင်ထားရင်း ပွဲရုံထောင့်ဆီသို့ ဦးတည်သွားကာ ဒူးထောက်ထိုင်ချလိုက်သည်။

“……”

နီရဲနေသော ကလေး မျက်လုံးများကို မြင်လိုက်ရတော့ သူမ နှလုံးသားသည် ကြေကွဲသွားသလို နာကျင်သွားသည်။ သူမ အီလီယန် ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားပြီး တိုးတိုးလေးပြောလိုက်သည်။

“စိတ်ထဲမထားပါနဲ့…မေမေ့အတွက် သားက အကောင်းဆုံးသားပဲနော်..."

ပွေ့ဖက်ခံထားရသော အီလီယန် ကလည်း ခေါင်းပြန်ညိတ်လိုက်သည်။ ခဏအကြာတွင်၊ သူလည်း ငြိမ်သက်သွားပြီး ပုံမှန်အတိုင်း မျက်လုံးဖွင့်လိုက်သည်။သူမမှာသာ အခုထိ မတည်ငြိမ်နိုင်သေးဘဲ စိတ်ပူနေရပေသည်။ ထိုစဉ် တစ်နေရာမှ ရယ်မောသံအချို့ကို ကြားလိုက်ရသည်။ အနီးနားတွင် ကလေး အသံများကို ကြားလိုက်ရသောအခါမှ ပွဲရုံထဲတွင် ကလေးများအတွက် သီးသန့်နေရာတစ်ခု ရှိကြောင်း သတိရသွားသည်။

"အီလီယန်…သား သူငယ်ချင်းတွေနဲ့ ကစားချင်လား..."

အကယ်၍ သူမသည် အီလီယန် ကို ဆက်လက် ခေါ်ဆောင်သွားပါက၊ နောက်ထပ် ဘာဆက်ဖြစ်မည်မှန်း မသိနိုင်ပေ။ထို့အပြင် အီလီယန် အတွက်လူကြီးတွေထက် သူ့သူငယ်ချင်းတွေနှင့် ကစားရသည်က ပိုပျော်စရာကောင်းမည်ဖြစ်သည်။ အီလီယန် က ပြန်ဖြေမည့်အစား သူမ လက်ကို ဖြည်းညှင်းစွာ လွှတ်လိုက်သည်။ သာမာန်အားဖြင့် သူက သူမ စကတ်ကို ဆွဲကိုင်ထားကာ မသွားချင်ကြောင်း ပြောလေ့ရှိသည်။

သို့သော် ယခုတော့ ကြည်ကြည်ဖြူဖြူ ဖြစ်နေသဖြင့် ရွယ်တူသူငယ်ချင်းများနှင့် ကစားချင်နေရှာသည်ဟု သူမ ထင်လိုက်မိသည်။ထို့နောက် သူ အထဲဝင်သွားသောအခါ သူမလည်း ပွဲရုံထောင့်တစ်နေရာကို သွားထိုင်လိုက်၏။စောစောက ရုန်းရင်းဆန်ခတ် ဖြစ်သွားတာကြောင့် သူတို့က သူမကို စိတ်ဝင်စားနေပုံရသော်လည်း ဂရုမစိုက်နိုင်အားတော့ပေ။

သူမသည် ရာဟန် ပြန်လာမည့်အချိန်ကို စောင့်ဆိုင်းရင်း တစ်ယောက်တည်း အချိန်ဖြုန်းနေခဲ့သည်။မကြာမီ သူမအနားကို တစ်စတစ်စ လူများ ရောက်လာလေသည်။သူမလည်း သတိဝင်လာပြီးကြည့်လိုက်လျှင် အိမ်ထောင်မပြုသေးသည့် မိန်းမပျိုတွေမှန်း အတပ်သဘောပေါက်သွားသည်။ သူမက စူးစိုက်ပြီး သူတို့ကို ကြည့်နေသော်လည်း သူတို့က သတ္တိရှိရှိ သူမဆီကို လျှောက်လာကြ၏။

"တွေ့ရတာ ဝမ်းသာပါတယ် မင်းသမီး..."

မိန်းမပျိုများသည် ရှက်ရွံ့စွာ နှုတ်ဆက်လိုက်ကြသည်။ ဤသည်မှာ အတော်လေး ကွဲပြားသည့် ခံစားမှုတစ်ခုပင်။မကောင်းသော ရည်ရွယ်ချက်မရှိဘဲ သူမကို စိတ်ထဲက ခင်မင်သူများဖြစ်တာကြောင့် ရိုစီနာ ဝမ်းသာမိလေ၏။ထို့အပြင် အာဆီလီယာ သည် ထိုမိန်းမပျိုများအပေါ်တွင် သြဇာလွှမ်းမိုးမှု မရှိတာလည်း သေချာပေသည်။ချက်ချင်းဆိုသလိုပင်၊ အလွန်စိတ်လှုပ်ရှားနေသော မိန်းမပျိုလေးများသည် တစ်ယောက်နှင့်တစ်ယောက် သူမကို စကားလာ ပြောကြလေသည်။

“တစ်ကယ်တော့ ကျွန်မ မင်းသမီးကို စောစောကတည်းက ပြောချင်နေတာပါ… မနေ့က ရင်ပြင်မှာ မင်းသမီးကို ကျွန်မ တွေ့ခဲ့တယ် မင်းသမီးက အရမ်းလှတာပဲ..."

"ဟုတ်တယ်…ကျွန်မ သိချင်တာကလေ မင်းသမီး ထွက်လာတုန်းက ငှက်တွေက ဘယ်လိုပေါ်လာတာလဲဟင်..."

ငှက်တွေဝိုင်းနေသည့် ရိုစီနာ က အထင်ကြီးစရာကောင်းကြောင်း အားလုံးက တညီတညွတ်တည်း ပြောကြလေသည်။အခြားသူများ၏ အာရုံစိုက်မှုကို မထင်မှတ်ဘဲ ရရှိသွားသော သူမသည် စိတ်ရှုပ်နေချိန်တွင် တစ်ယောက်ပြီး တစ်ယောက် ပြန်ဖြေပေးလိုက်သည်။ထိုအပြုအမူသည် လူတစ်ယောက်ကို မကြိုက်ပါက ကောင်းစွာ မတုံ့ပြန်သော အာဆီလီယာ နှင့် ကွဲပြားသော စရိုက်ဖြစ်သည်။

ဖော်ရွေသောအငွေ့အသက်များ ဆက်လက်ဖြစ်ပေါ်နေချိန်တွင် အာဆီလီယာ တို့အဖွဲ့အား မကြိုက်ကြသော အမျိုးသမီးများသည်လည်း သူမ အနားကို ချဉ်းကပ်လာပြီး စကားလာပြောကြသည်။ သို့နှင့်၊ သူမနှင့် စကားပြောသည့် လူအရေအတွက်က တဖြည်းဖြည်းတိုးလာပြီး အာဆီလီယာ တို့အဖွဲ့ကတောင် ငေးကြည့်နေရတော့သည်။

မကြာမီ တစ်ယောက်တည်း အချိန်ဖြုန်းဖို့ စဉ်းစားထားသည့် ရိုစီနာမှာ မရည်ရွယ်ဘဲ နာမည်ကြီးလာခဲ့ပါတော့သည်။တစ်ကယ်တမ်းတွင်၊ သူမသည် လူအများနှင့် စကားမပြောရသည်မှာ ကြာပြီ ဖြစ်သောကြောင့် အတော်လေး အံ့ဩသွားမိလေသည်။



Xxxxxx