အပိုင်း ၆၈
Viewers 13k

Chapter 68

ထိုအချိန်တွင် ဘုရင်မင်းမြတ်၏ မိန့်ခွန်း ပြီးဆုံးသွားကာ ဘုရင်မင်းမြတ်သည် ယဇ်ပလ္လင်ပေါ်ရှိ ပန်းကန်လုံးအနီးသို့ ချဉ်းကပ်လာပြီး မကြာမီ ပန်းကန်လုံးက စတင်တုံ့ပြန်လာသည်။ ပန်းကန်လုံးထဲကရေသည် နှစ်လိုက်သူ၏ ခန္ဓာကိုယ်မှာရှိသော နတ်ဘုရား၏ ခွန်အားနှင့် တုံ့ပြန်ခြင်းဖြစ်သည်။ ကလေးသုံးယောက်က ထူးဆန်းသည့် မြင်ကွင်းကို ခဏလောက် စိုက်ကြည့်နေကြတော့သည်။ ဘုရင်မင်းမြတ် ပြီးသောအခါ ကောင်လေးက အောင်ပွဲခံကာ စကားပြောလာသည်။

"မင်းအဖေက ဘာမှလုပ်လို့မရဘူးဆိုတာ သေချာတယ်…သူက တရားမ၀င် ကလေးဆိုတော့ နတ်ဘုရားရဲ့ တန်ခိုးကို အမွေဆက်ခံလို့လည်း ရမှာမဟုတ်ဘူး..."

ထိုစကားဆုံးသည်နှင့် အီလီယန် ၏ အမေဖြစ်သူနှင့်ချွတ်စွပ်တူသော အနီရောင်မျက်လုံးများက စူးရဲစွာ တောက်ပလာကြသည်။အရင်တုန်းကသာဆို၊သူ လျစ်လျူရှုမည်ဖြစ်သော်လည်း အခု ရာဟန် မကောင်းကြောင်းကို တခြားသူက ထိပါးပုတ်ခတ်လာ၍ သူ စိတ်တိုသွားမိသည်။

ဘဝင်လေဟပ်နေသော ထိုကောင်လေးကို သူ့လက်သီးနှင့်မဟုတ်ဘဲ စကားဖြင့် အနိုင်ယူနိုင်ပေသည်။ထို့ကြောင့် သူ တိတ်တိတ်လေး ငိုသွားအောင် ဘယ်လိုလုပ်ရမလဲ တွေးနေရင်း အိမ်ရှေ့စံက ယဇ်ပလ္လင်ပေါ် တက်သွားသည်။ အိမ်ရှေ့စံက သူ့လက်ကို ရေထဲထည့်လိုက်သည်နှင့် ပန်းကန်လုံးက ပြင်းထန်စွာ တုန်ခါသွားပြီး ရေတွေ စီးကျလာပုံမှာ အံ့မခန်းပင်။

" ဝေါင်း..."

မောင်နှမသုံးယောက်သား စွဲလန်းသွားကြသည်။ အထူးသဖြင့် အီလီယန် သည် သူ့လက်သီးကို ဆုပ်ထားလျက် ရင်ခုန်နေမိတော့သည်။ ထို့နောက် အိမ်ရှေ့စံ ဆင်းသွားကာ ဒုတိယမင်းသား တက်လာသည်။

"သေချာကြည့်..."

ကောင်လေးသည် တောက်ပသော မျက်လုံးများဖြင့် ဒုတိယမင်းသားကို မော့ကြည့်လိုက်သည်။ဤမောင်နှမ နှစ်ယောက်၏ ဖခင်ဖြစ်သူ ဒုတိယမင်းသားက သားသမီးတွေနှင့် သိပ်မတူပေ။သူက အခြား‌ တော်ဝင်မိသားစုများနှင့်မတူဘဲ စိတ်ထားဖြူစင်နေသလိုရှိ၏။ဒုတိယမင်းသား ယဇ်ပလ္လင်ပေါ်သို့ တက်သောအခါ၊ ပန်းကန်လုံးမှ ရေစက်များ ခုန်ဆင်းလာရာ ကောင်လေး မျက်နှာမှာ နီရဲနေပြီး သိသိသာသာ တုံ့ပြန်မှု မရှိပေ။ စောစောက အိမ်ရှေ့စံနှင့် ယှဉ်လျှင် တုံ့ပြန်မှုက သိသိသာသာ နည်းပါးလှသည်။

ထိုအခါ အီလီယန်က လက်ပိုက်ထားကာ မေးလိုက်သည်။

"ငါက ဘာကြည့်ရမှာလဲ..."

ကောင်လေး မျက်နှာပျက်သွားရသည်။

"မင်းအဖေလည်း ဒီလိုလုပ်နိုင်မှာမဟုတ်ဘူး..."

နောက်ဆုံး ရာဟန် သည် လှေကားထစ်ကနေ အပေါ်ကို တက်လာသည်ကို အီလီယန် မမှိတ်မသုတ် စိုက်ကြည့်နေမိသည်။ရာဟန်သည် အများအားဖြင့် အကျင့်ပုပ်သော်လည်း ယခု သူက ပိုချောလာသလိုပင်။ ထို့ နောက် သူ ယဇ်ပလ္လင်ပေါ်ကို လုံးဝရောက်ရှိသွားလေသည်။ အဝေးကပင် ပန်းကန်ကြီးက လှုပ်ခါလာပြီး ယဇ်ပလ္လင်အောက်ထိပါ ရေများ ပြည့်လျှံလာသည်။

ထို့အပြင် နေသာနေသော ကောင်းကင်ကြီးသည် ခေတ္တမျှ အနက်ရောင်ပြောင်းသွားပြီးနောက် ကြည်လင်လာပြန်သည်။ထို့နောက် မရေမတွက်နိုင်သော ရေစက်များ ကောင်းကင်သို့ ပျံတက်သွား၍ မောင်နှမ သုံးယောက်သား အံ့ဩနေကြစဉ် ရေစက်များသည် မိုးရွာသလို အောက်ကျလာတော့သည်။ အခင်းဖြစ်ရာကိုကြည့်နေသည့် အီလီယန် က ကောင်လေးကိုကြည့်ပြီး ပြောလိုက်၏။

"အဲ့ဒါကို မင်းမြင်လား… အဲ့ဒါ ငါ့အဖေပဲ..."

***

မိုးရွာသည်နှင့်အမျှ နတ်ဘုရားပွဲသည် အလျင်အမြန် ပြီးဆုံးသွားသည်။ရေရွှဲနစ်နေသော မှူးမတ်များသည် ဖြစ်ပျက်ခဲ့သည့် အကြောင်းကို ပြောဆိုကြသည်။ စမ်းရေသည် ဆက်သွယ်သူ၏ စွမ်းအားနှင့် အချိုးအစား တုံ့ပြန်သည်။ အိမ်ရှေ့စံသည် ကြီးမြတ်သော်လည်း ရာဟန် က အလွန်အားကြီးသဖြင့် အိမ်ရှေ့စံ ဖြစ်ပျက်ခဲ့သမျှအားလုံးကို မေ့သွားခဲ့သည်။

ရာဟန် မှာ မြင့်မြတ်သည့် တန်ခိုးအနည်းငယ်ရှိကြောင်း ယခုတော့ လူတွေသိသွားကြသည်။သို့သော် ယနေ့ပြသခဲ့သည့် တန်ခိုးမှာ ကြောက်စရာကောင်းလောက်အောင် ကြီးမားလှသည်။ မှူးမတ်များ တုန်လှုပ်သွားကြကာ တစ်ယောက်ချင်းစီက ဤကိစ္စနှင့် ပတ်သက်ပြီး သူ့ကိုယ်ပိုင်ထင်မြင်ချက်များကို ပြောဆိုနေကြသည်။

“အမှန်က တတိယမင်းသားက တန်ခိုးကြီးနေတာ မဟုတ်လား...”

“မဟုတ်ပါဘူး…ဒါဆို အခုအချိန်အထိ ပုန်းနေမှာ မဟုတ်ဘူး...”

"ဒါပေမယ့် ခင်ဗျား မြင်တယ်မဟုတ်လား..."



အချင်းချင်း ငြင်းခုံနေချိန်မှာ စကားသံတစ်ခု ထွက်လာ၏။

"ဒါဟာ တစ်ခုခုတော့ လွဲချော်နေပြီဆိုတာပါပဲ..."

ထိုအခါ လူတိုင်းက ပါးစပ်ပိတ်ထားပြီး အသံလာရာဘက်ကို ကြည့်လိုက်ကြလျှင် ဘုရင်မ၏ဖခင်၊ အယ်လိုအာ နယ်စားမင်းဖြစ်သည်။ နယ်စားကြီးသည် တင်းမာသော မျက်နှာထားဖြင့် ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ ထိတ်လန့်တုန်လှုပ်နေသော မှူးမတ်များသည် သူ့အား စူးစိုက်ကြည့်သောအခါမှသာ ပြန်ပြောလိုက်၏။

“တရားမမျှတဘဲ ယုတ်မာတဲ့သူကိုဆို နတ်ဘုရားက အမျက်ထွက်တယ်လေ…ဒါကြောင့် အဲ့ဒီလို တုံ့ပြန်တာပေါ့..."

တစ်ဖန် မှူးမတ်တို့ကလည်း ဟင်ကနဲဖြစ်ကုန်ကြ၏။ နယ်စားမင်း ပြောစကားကို ငြင်းလို့လည်း မရချေ။တစ်ခါမှ ယခုလို မဖြစ်ဖူးသည့်အတွက် မှန်လား၊မှားလား မသဲကွဲပေ။ မှူးမတ်များသည် စိတ်မသက်မသာဖြစ်သွားပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြကာ ထွက်သွားတော့သည်။

သူတို့ထွက်သွားတာကိုကြည့်ပြီးမှ နယ်စားမင်း သည် ဘုရင်မကို လိုက်ရှာလိုက်သည်။ဘုရင်မသည် မျက်နှာက ဖြူဖျော့နေကာ တောင့်တောင့်ကြီးမတ်တပ်ရပ်နေ၏။ မိုးရေကြောင့် သူမ ဆံပင်နှင့် အဝတ်အစားများက ဖရိုဖရဲဖြစ်သွားသော်လည်း မလှုပ်မရှားဘဲ ရပ်နေတော့သည်။နယ်စားမင်း သည် ဘုရင်မထံသို့ ချဉ်းကပ်ပြီး မဝံ့မရဲပြောလိုက်သည်။

“ဘုရင်မ..."

နယ်စားမင်း၏ ခေါ်သံကြောင့် ဘုရင်မသည် ခေါင်းကို ဖြည်းညှင်းစွာ လှည့်လိုက်ပြီး စိုးရိမ်စိတ်များ ဖြတ်သန်းသွားသည့် မျက်လုံးများဖြင့် ငေးကြည့်နေသည်။ထို့နောက် နယ်စားမင်းသာ ကြားနိုင်သည့် အသံဖြင့်တိုးတိုးလေး ပြောလိုက်၏။

"အခြေအနေဘယ်လိုလဲ..."

“…သိပ်စိတ်မပူပါနဲ့”

နယ်စားမင်းက ပြတ်ပြတ်သားသား ပြောလိုက်သည်။

“မှူးမတ်တွေလည်း ဝေခွဲမရဖြစ်နေကြတယ်…သူ အခု နည်းနည်းလောက် လှုပ်လိုက်ရင်တောင် ချက်ချင်း သူ့ကို သတ်ပစ်လိုက်မယ်…မပူပါနဲ့"

ထိုအခါမှ ဘုရင်မလည်း သက်သာရာရသွားဟန်တူသည်။နယ်စားမင်း ပြောသည့်အတိုင်း သူ့ကို နှိမ်နှင်းချင်လျှင် ခဏလေးနှင့်လည်း ဖြစ်ပေသည်။ထို့အပြင် ရာဟန်က ဤတစ်ခေါက် တည်ထောင်သည့်နေ့ကို တက်ရောက်မည်ဟု ပြောစဥ်ကလည်း သူမ သိပ်ပြီး မကန့်ကွက်ခဲ့ပေ။

"အဖေ့ကိုယုံတယ်..."

ထို့နောက် ဘုရင်မသည် အစေခံများနှင့်အတူ လှည့်ထွက်သွားတော့သည်။

***

အခမ်းအနားသည် အရှိန်အဟုန်ဖြင့် ပြီးဆုံးသွားသောအခါ တတိယမင်းသား၏ မိသားစုသည် နန်းတော်သို့ အမြန်ပြန်သွားကြသည်။ ရုတ်​တရက်​ မိုး​ရွာထားတာကြောင့်​ သူတို့ ​သုံးယောက်​လုံး ရေတွေစိုရွှဲနေ​တော့သည်​။ အထူးသဖြင့် ရိုစီနာ သည် မကြာသေးမီက အအေးမိပြီး ပြန်လည်ကောင်းမွန်လာသောကြောင့် ပို၍သတိထားရမည်ဖြစ်သည်။

နန်းတော်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် ရာဟန် သည် အစေခံများအား မျက်နှာသုတ်ပုဝါ ယူလာရန် အမိန့်ပေးလိုက်သည်။ ထို့နောက် မျက်နှာသုတ်ပုဝါကို ယူပြီး ရိုစီနာ ခန္ဓာကိုယ်မှာ ပတ်ပေးထားကာ နောက်တစ်ခုဖြင့် အီလီယန်ကို လည်း လုပ်ပေးလိုက်သည်။

ရိုစီနာ သည် မျက်နှာသုတ်ပုဝါကို ကိုင်ထားသည့် ရာဟန် လက်ကို ကြည့်လိုက်သည်။ အနည်းငယ်တုန်ယင်နေသော သူ့လက်သည် မျက်နှာသုတ်ပုဝါကိုတောင် မမြဲချင်တော့ပေ။သူမသည် စိုစွတ်နေသော ဆံပင်များကို သေချာသုတ်ပြီး အဝတ်အစားများကို ချွတ်ပစ်လိုက်သည်။ ထို့နောက် အသစ်တစ်စုံလဲကာ မတ်တပ်ရပ်နေသော ရာဟန် အနားကို တိတ်တဆိတ် ချဉ်းကပ်လာသည်။

"ရှင် ဒီအတိုင်းနေမှာလား..."

ရာဟန် ၏ အကြည့်သည် ဖြည်းဖြည်းချင်း သူမဆီ ကျရောက်လာ၏။သို့သော်လည်း သူ တုံ့ဆိုင်းသွားပြီး အဖြေပြန်မပေးချေ။ သူ ငေးကြည့်နေပုံက သူမ မျက်နှာထားကို သေချာစိစစ်နေပုံလည်း ရှိသည်။

"...မင်း ကိုယ့်ကို မကြောက်ဘူးလား..."

ဤစကားလေးပြောဖို့ တော်တော်လေးအချိန်ကြာသွားသည်။

ရိုစီနာ သည် ခဏမျှ တိတ်ဆိတ်သွားသည်။ အမှန်တော့၊ သူမ စောစောက မြင်ကွင်းကို မြင်လိုက်ရသောအခါ နတ်ဘုရား၏ တန်ခိုး အမှန်တကယ် ရှိသည်ဟု ထင်ခဲ့မိပြီး ရာဟန် က မိုးကို ခေါ်လိုက်သလိုပင်။

အကယ်၍ တော်ဝင်မိသားစုသည် နတ်ဘုရားများထံမှ ဆင်းသက်လာပါက၊ သူတို့အားလုံးသည် လူသားဖြစ်သော်လည်း လူသားမဟုတ်ဟု ဆိုလိုခြင်းဖြစ်သည်။ အိမ်ရှေ့စံကို သူမ ရိုင်းစိုင်းစွာ ဆက်ဆံခဲ့သော်လည်း သူ့စကားတွေက အနည်းငယ် မှန်နေသည်။

ထို့ကြောင့် သူမသည် ရာဟန် ကို ကြောက်မသွားသော်လည်း စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရသည်။ ဘာပဲဖြစ်ဖြစ်၊ သူကတော့ သူမကို နားလည် ပေးသူဖြစ်ကာ သူမ တိရစ္ဆာန်များနှင့် စကားပြောနိုင်သည်ကိုလည်း လက်ခံခဲ့သည်။

"မကြောက်ပါဘူး..."

သူ့မျက်လုံးများက ခေတ္တမျှ တုန်ခါသွားသောကြောင့် အလွန်စိုးရိမ်နေပုံရသည်။

"ကျွန်မ..နည်းနည်းတော့ အံ့သြမိတယ်..."

ထို့နောက် သူမ မျက်နှာသုတ်ပုဝါကို မြှောက်ပြလိုက်ကာ...

"ကျေးဇူးပြုပြီး အောက်လေး ငုံ့ပေးပါလား..."

ထိုအခါ ရာဟန် သည် ယဉ်ပါးသော သားရဲတစ်ကောင်ကဲ့သို့ ခေါင်းကို ဖြည်းညှင်းစွာ ငုံ့ချလိုက်ရာ သူမလည်း စိုစွတ်နေသော ဆံပင်များကို မျက်နှာသုတ်ပဝါဖြင့် သုတ်ပေးလိုက်သည်။ သူ့ခန္ဓာကိုယ်နှင့် အတော်လေး နီးနေတာကြောင့် သူ့ကိုယ်နံ့သင်းသင်းလေးကို သူမ ခံစားလို့ရနေပေသည်။

- သူ မင်းကို လက်ထပ်တာက နတ်ဘုရားရဲ့ တန်ခိုးကြောင့်ပဲ....

တစ်ဖန် အိမ်ရှေ့မင်းသား၏ စကားများက သူမ ခေါင်းထဲသို့ ရောက်သွားပြန်သည်။

"ရိုစီနာ..."

သူ တိတ်တိတ်လေး ခေါ်လိုက်ခါမှ စောစောက အတွေးထဲနစ်ဝင်ရာမှ သတိပြန်ဝင်လာပြီး အမြန်ပြန်သုတ်လိုက်သည်။ ရေတစ်စက်မှ မရှိတော့သည့်အခါ သူမ မျက်နှာသုတ်ပုဝါကို ချလိုက်ပြီး နှုတ်ခမ်းကို ကိုက်လိုက်မိသည်။

ဒီစကားတွေက ဘာကြောင့်များ သူမ စိတ်ထဲမှာ ပေါ်လာရတာလဲ…

"ကျွန်မ အရင် ရေသွားချိုးလိုက်ဦးမယ်"

ရိုစီနာ သည် ရင်ထဲက စိုးရိမ်စိတ်ကို နောက်ဆုံးတွင် ဖုံးကွယ်လိုက်တော့သည်။

တည်ထောင်သည့်နေ့ အခမ်းအနား၏ ဒုတိယနေ့ အရုဏ်တက်လာခဲ့သည်။ တတိယမင်းသား၏ ရထားတွဲသည် ပွဲရုံရှေ့တွင် ရပ်တန့်သွားသည်။ ‌ဤပွဲရုံမှာ ယခင်က မင်္ဂလာဧည့်ခံပွဲကျင်းပသည့် ခန်းမနှင့် နှိုင်းယှဉ်၍မရသော ကြီးမားသည့် အဆောက်အအုံကြီးဖြစ်သည်။ ပွဲရုံကြီး၏ အရွယ်အစားသည် အင်ပါယာ၏ မှူးမတ်များသာမက နိုင်ငံခြားသံတမန်များကိုပါ ထားရှိရန် နန်းတော်များစွာ စုစည်းထား၍ နန်းဆောင်ကြီးကဲ့သို့ ကျယ်ဝန်းလှသည်။

ရာဟန် သည် ရထားပေါ်မှဆင်းကာ ရိုစီနာ နှင့် အီလီယန် တို့ကို လက်တွဲခေါ်လိုက်သည်။ ရိုစီနာ သည် ပွဲရုံထဲသို့မဝင်မီ ဝတ်စုံကို တစ်ကြိမ်စစ်ဆေးလိုက်သည်။ အဝတ်အစားနှင့် မိတ်ကပ်တွေက ပုံမှန်နှင့် မတူတာကြောင့် သူမ အဆင်မပြေဖြစ်နေရ၏။သူမ အဝတ်အစားများကို စစ်ဆေးနေချိန်တွင် ရာဟန် က တိုးတိုးလေးပြောလိုက်သည်။

"ဒီနေ့ မင်းအရမ်းလှနေတာဘဲ..."

ထိုစကားကြောင့် သူမနားရွက်ထိပ်များသည် နီရဲလာရသည်။ ပွဲရုံဝင်ပေါက်နားသို့ ရောက်လာသောအခါ အမှုထမ်းက ရာဟန် ကို ချက်ချင်းမှတ်မိကြပြီး ခန်းမထဲသို့ လှမ်းအော်လေသည်။

"တတိယမင်းသားနဲ့ သူ့မိသားစု ရောက်လာပါပြီ..."

ထိုအချိန်တွင် ကျယ်လောင်သော သီချင်းသံများ တီးခတ်လာသည်။ ရိုစီနာ သည် ရာဟန် ကို လက်ချိတ်ထား၍ လျှောက်သွားလိုက်သည်။ ပန်းရောင်ဖျော့ဖျော့ ၀တ်စုံသည် နွေဦးလေပြေကဲ့သို့ ခန်းမထဲသို့ ဝင်လာသောအခါ အားလုံး၏ မျက်လုံးများက သူတို့ကို စူးစိုက်ကြည့်နေကြသည်။ စကားစမြည် ပြောနေကြသူတွေ၊ ထောင့်မှာ စားသောက်နေသူတွေကတောင် သူတို့အားလုံးကို ကြည့်နေကြတော့သည်။

သူမသည် လူများစွာနှင့် မျက်လုံးချင်းဆုံမိသဖြင့် အနည်းငယ် ရင်ကြပ်သွားသလို ခံစားလာရသော်လည်း ယခင်ကကဲ့သို့ ကြောက်ရွံ့ခြင်းမရှိပေ။ တော်တော်များများ အာရုံစိုက်ခံရသဖြင့် ကျင့်သားရနေလေပြီ။သူမသည် မျက်နှာထားကို တင်းမာစေရန် မကြိုးစားဘဲ ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ အနီးနားရှိ သူများသည်လှိုင်းလုံးများကဲ့သို့ လှုပ်ခတ်လာကြသည်။အမျိုးသားများသည် သူမ မျက်နှာကိုမြင်သောအခါ ကြောင်ပြီးကြည့်နေကြကာ အမျိုးသမီးများကမူ ယပ်တောင်များကို ပိုမိုမြန်ဆန်စွာ လှုပ်ယမ်းလိုက်ကြသည်။ သူမကို ပြခန်းတစ်ခုရှိ အရုပ်တစ်ရုပ်လို ဝိုင်ကြည့်နေကြတော့သည်။သူမ ဝတ်ထားသော ၀တ်စုံဒီဇိုင်း၊ ဖိနပ်နှင့် ဆံပင်ကလစ်များကဲ့သို့ အသေးစိတ်အရာများကိုပင် လူတိုင်းက စိတ်ဝင်စားကြသည်။

တစ်ကယ်တော့ သူမဟာ နေ့ချင်းညချင်း ကျော်ကြားလာခဲ့ခြင်း ဖြစ်သည်။ရင်ပြင်ထက်တွင် သာယာလှပသော လာဂိုနီးယား ငှက်တို့ကို ဆင့်ခေါ်ခဲ့ခြင်းကြောင့် သူမ အကြောင်း ကောလာဟလများက လျင်မြန်စွာပျံ့နှံ့ခဲ့သည်။သို့သော် ဘယ်သူမှ သူမတို့အနားကို မိတ်ဆွေလာမဖွဲ့ကြချေ။မနေ့က ဝတ်ပြုပွဲကို တက်ရောက်ခဲ့သည့် မှူးမတ်အများစုဟာ နယ်စားမင်း အယ်လိုအာ စကားကြောင့် အဝေးကို ထွက်သွားကြတာကြောင့်ပင်။

"မနေ့ကတွေ့လား…မနေ့က နတ်ဘုရားဝတ်ပြုပွဲမှာ….”

“အရင်က ဒီလိုမျိုး မဖြစ်ဖူးဘူး… ဆိုးရွားလိုက်တာ...”

" နယ်စားမင်း အယ်လိုအာ ပြောသလိုပဲ...တစ်ကယ်ဖြစ်နိုင်တယ်..."

သူတို့က အသံသေးသေးလေးတွေနှင့် တီးတိုးပြောလာကြသော်လည်း ရိုစီနာ နားထဲသို့ စိမ့်ဝင်သွားရကာ သူမ ကိုယ်တိုင်တောင် သတိမထားမိဘဲ ရာဟန် လက်မောင်းကို တင်းကြပ်ချိတ်ထားလိုက်မိသည်။ထို့နောက် သူတို့စကားကို ဂရုမစိုက်ဘူးသည့် သဘောနှင့် ထွက်လာတော့သည်။

နှစ်ယောက်သား ပွဲရုံထဲသို့ လျှောက်သွားနေရင်း ရာဟန် ကို ပထမဆုံး နှုတ်ဆက်သူ တစ်ယောက် ရှိလာသည်။

"အရှင့်သား..."

ရာဟန် ကို ခေါ်လိုက်သူမှာ ဟေလာ ‌ဒေသ၏ အုပ်ချုပ်သူ ဒီဏိ ကလွဲလို့ တခြားသူမဟုတ်ပေ။

"မတွေ့ရတာကြာပြီနော်..."

ရာဟန် က သူ့ကိုကြည့်ရင်း နှုတ်ဆက်လိုက်သည်။ သူသည် မကောင်းဆိုးဝါးများအား နှိမ်နှင်းစဉ် သစ္စာခံကျိန်ဆိုခဲ့သည့် ရာထူးကြီးသူ အနည်းငယ်ထဲက တစ်ယောက်လည်း ဖြစ်သည်။

ရိုစီနာ က ဘယ်သူလဲဆိုသည့် သဘောနှင့် သူ့ကိုကြည့်လာသောအခါ ရာဟန် အနည်းငယ် စိတ်ရှုပ်သွားသည်။ အသေးစိတ်ရှင်းပြရလျှင် မကောင်းဆိုးဝါးတွေအကြောင်းပါ ပြောရမည်ဖြစ်၍ သူမကို မရှင်းပြဘဲ တိုတိုတုတ်တုတ်သာ မိတ်ဆက်ပေးလိုက်သည်။

"သူက ဟေလာ ရဲ့အုပ်ချုပ်သူလေ..."

"တွေ့ရတာဝမ်းသာပါတယ်…မင်းသမီး..."

နှုတ်ဆက်စကားဖလှယ်ပြီးနောက်၊ ဒီဏိ သည် ရာဟန် ကိုသာ ပြောစရာရှိကြောင်း အရိပ်အခြည်ပြလိုက်သည်။

"ရိုစီနာ…တောင်းပန်ပါတယ်… ဒါပေမယ့် ခဏလောက် ကိုယ် သူနဲ့ စကားပြောလို့ရမလား..."

“ရပါတယ်...”

သူမက ဝမ်းသာအားရ ပြန်ပြောလိုက်သည်။ ရာဟန် ထွက်သွားသောအခါတွင် သူ့ပတ်ဝန်းကျင်ရှိ မှူးမတ်များက လမ်းဖယ်ပေးကြသည်။

သူမ သူ့နောက်ကျောကိုကြည့်ပြီး အီလီယန် လက်ကို ကိုင်လိုက်၏။

"လျှောက်ကြည့်ချင်သေးလား..."

အီလီယန် က ယခုလိုပွဲမျိုးကို တစ်ခါမှ မရောက်ဖူးသည့်အတွက် နေရာတိုင်းကို ပြချင်မိသည်။ ပြီးလျှင် ကလေးတွေအတွက် နေရာလေးတစ်ခုစီစဉ်ပြီး ဆော့ကစားခွင့်ပေးထားတာကြောင့် သူ့ကို ခေါ်သွားဖို့ တွေးထားမိသည်။ဤအခွင့်အရေးကို အသုံးချပြီး သူ့အသက်အရွယ်နှင့်ရွယ်တူ ကလေးများအား မိတ်ဆွေဖွဲ့နိုင်မည်ဟု မျှော်လင့်ရသည်။အနည်းငယ် တင်းမာသော လေထုထဲတွင် လူတိုင်းက သူမကို စိုက်ကြည့်နေကြသည်။သူမတို့မိသားစုကို ချဉ်းကပ်လိုသူ အနည်းစုရှိသော်လည်း ခက်ခဲနေပုံရသည်။

ထို့နောက် ပွဲရုံကြီး ဆူညံသွားပြန်သည်။

အကြောင်းမှာ ခမ်းနားစွာ ဝတ်စားထားသော အမျိုးသမီး တစ်စု ရပ်နေတာ ကြောင့် ဖြစ်သည်။ အမျိုးသမီးတွေထဲမှာ အထင်ရှားဆုံးက အာဆီလီယာ ဖြစ်သည်။ သူမသည် အရပ်ရှည်သောကြောင့် ထင်ပေါ်ရခြင်းဖြစ်သော်လည်း၊ထူးခြားလှပသော ဆံပင်နှင့် ပြောင်ပြောင်လက်လက် အဝတ်အစားတို့ကြောင့် ဆွဲဆောင်မှုရှိသော တစ်ခြားအမျိုးသမီးများကြားတွင် သူမသည် ထင်ရှားပေါ်လွင်နေသည်။

ရိုစီနာ သည် အာဆီလီယာ ကို ခဏလောက်ကြည့်ပြီးနောက် သူမဘေးတွင် ရပ်နေသည့် ရာနီယာကို တွေ့လိုက်ရသည်။ ပြီးခဲ့သည့် အခေါက်ကလည်း သူမတို့နှစ်ယောက် အတူတူရှိနေကြခြင်းဖြစ်သည်။ သူမ သေချာကြည့်လိုက်တော့ ရာနီယာ နှင့် မျက်လုံးချင်း ဆုံသွားသည်။ထိုအခါ ရာနီယာက ရယ်ပြီး အာဆီလီယာ ကို တစ်ခုခုပြောလိုက်ရာ အားလုံး သူမဆီကို အတူတူ လျှောက်လာကြ၏။

ရိုစီနာ ရာနီယာ ကို ကြည့်ပြီး ပြုံးလိုက်မိသည်။သူမ အဝတ်အစားက ခါတိုင်းနှင့် မတူပေ။ သေသေချာချာ မကြည့်ပါက သူမအဝတ်အစားနှင့် လမ်းလျှောက်ပုံတို့ကြောင့် အာဆီလီယာဟု အထင်မြင်မှားနိုင်သည်။ အာဆီလီယာ တို့အဖွဲ့သည် သူမ ရှေ့တွင် ရပ်နေပြီး သူမတို့ထဲမှ အချို့သည် နောက်ဆုံး လက်ဖက်ရည်သောက်ပွဲနှင့် အမဲလိုက်ပြိုင်ပွဲတွင် ပါဝင်ခဲ့ကြသူများဖြစ်ပြီး အချို့မှာ မျက်နှာစိမ်းများ ကြသည်။ဤအတောအတွင်း အဖွဲ့ထဲကလူတွေက ပြောင်းလဲသွားပုံရသည်။

"မတွေ့တာ ကြာပြီနော်…မင်းသမီး… အမဲလိုက်ပြိုင်ပွဲပြီးကတည်းက ပထမဆုံးတွေ့ခဲ့ရတာပဲနော်...”

ရာနီယာ က သူမကို တော်ရုံတန်ရုံ နှုတ်ဆက်စကား ဆိုလိုက်သည်။ အာဆီလီယာ တို့အဖွဲ့ကို ခေါ်လာနိုင်သဖြင့် အလွန်ဂုဏ်ယူနေပုံရသည်။သူမနှင့် အဆက်အသွယ်ဖြတ်ထားပြီးဖြစ်သော်လည်း ညီအစ်မမှန်း တော်တော်များများက လက်ခံထားသဖြင့် နှင်လွှတ်လို့မရပေ။ဘာပဲဖြစ်ဖြစ် သူမကို နှုတ်ဆက်ရုံနှင့် လူအများကြီး ခေါ်လာဖို့ မလိုပေ။

"အမဲလိုက်ပြိုင်ပွဲမှာတုန်းက မင်းသမီး ကျွန်မကို လုပ်ခဲ့တာပဲ မဟုတ်လား..."

ငှက်တွေ တိုက်ခိုက်ခံရသည့်ကိစ္စကို သူမ ပြောနေပုံရသည်။ထိုနေ့က သူမသည် ငှက်များကို ရှောင်ရင်း တောထဲကို အရူးအမူးပြေးသွားခဲ့ခြင်း ဖြစ်သည်။

"နင် ဘာကိုဆိုလိုမှန်း ငါနားမလည်ဘူ..."

ရာနီယာ က မသိဟန်ဆောင်‌၍ မေးလိုက်သောအခါ၊ ရာနီယာ မျက်မှောင်ကြုတ်လိုက်တော့သည်။

"မင်းသမီး မသိချင်ယောင်ဆောင်နေရင်တောင် ကျွန်မကို လှည့်စားလို့မရဘူး..."

သူမသည် ယခင်က တိရိစ္ဆာန်များနှင့် စကားပြောဆိုသည်ကို မြင်ဖူးထား၍ ရာနီယာက အခိုင်အမာကို ပြောနေတော့သည်။

"ဒါဆို နင်က ငါနဲ့ ငြင်းခုံဖို့ အဖွဲ့လိုက်လာတာလား..."

"အိုး မင်းသမီး ဘာတွေပြောနေတာလဲ..."

Xxxxx