အပိုင်း ၆၇
Viewers 15k

Chapter 67

ရာဟန် ၏ မျက်လုံးများသည် လူအုပ်ကြားကို တစ်ချက်ကြည့်ကာ တစ်ဖန်ပြန်ပြီး အာရုံစူးစိုက်ထားလိုက်သည်။

ရိုစီနာ သည် ရာဟန် နောက်ကျောကို တစ်ချက်ကြည့်လိုက်သည်။သူမသည်လည်း သူ့ကိုမတွေ့မီက တတိယမင်းသားနှင့်ပတ်သတ်သော ကောလဟာလကို ချက်ချင်း ယုံကြည်ခဲ့ခြင်းဖြစ်သည်။ယခုတော့ အမှန်တရားကို အားလုံးရှေ့မှာ ချပြခွင့်ရ၍ ကံကောင်းပေသည်။ နောက်ဆုံးတော့ သူမ အလှည့်ရောက်လာသည်။

“…ဟား"

သူမ အနောက်မှာ ရပ်နေစဉ်ကတည်းက အသက်ရှုကြပ်လာ၍ အသက်ပြင်းပြင်းရှူလိုက်ပြီး ဖြည်းဖြည်းချင်း ရှေ့ကို တိုးလိုက်သည်။ သူမ ရှေ့ကို ရပ်လိုက်သောအခါ မရေမတွက်နိုင်သော လူအုပ်ကြီးကို တွေ့လိုက်ရသည်။ ထို့နောက် ကောင်းကင်ပြာပြာကြီးပေါ်တွင် အရိပ်ကြီးတစ်ခု ကျလာသည်။ လူအုပ်ကြီးသည် ထူးဆန်းသော မြင်ကွင်းကြောင့် ခေါင်းမော့ကြည့်လိုက်ကြသည်။

ထို့နောက် အမည်းရိပ်က ပျောက်သွားပြီး အလင်းတန်းများ ထွက်ပေါ်လာရာ ကောင်းသော လက္ခဏာဖြစ်သည့် လာဂိုနီးယား ငှက်များ ပျံဝဲနေတော့သည်။ လူတွေရှေ့မှာ ပေါ်လာခဲသည့် ငှက်တစ်ကောင်ဖြစ်ပြီး ကြည့်လိုက်ရုံနှင့် ကံကောင်းခြင်းတွေ သယ်ဆောင်လာသည့်ငှက်တစ်မျိုးပင်။ ငှက်များစွာသည် ရိုစီနာ ၏ဦးခေါင်းထက်တွင် ကောင်းကင်ကို ပြည့်သွားလောက်အောင် ဝိုင်းရံထားကြသည်။ ထို့နောက်တွင် လာဂိုနီးယား တစ်ချို့က သူမဘက်ကို ဦးတည်ပျံသန်းသွားကြသည်။

လူတိုင်းသည် လျှို့ဝှက်ဆန်းကြယ်သော အဖြစ်ကြောင့် ကြောင်စီစီ ငေးကြည့်နေကြသည်။ မကြာခင်မှာ ငှက်တွေ လုံးဝမမြင်ရတော့ဘဲ ကောင်းကင်နှင့် မြေကြီးကို လှုပ်ခတ်သွားစေနိုင်သည့် ငှက်မြည်သံတစ်ခု ထွက်ပေါ်လာတော့သည်။လူအုပ်ကြီးက

အိမ်ရှေ့မင်းသား ပေါ်လာချိန်ထက် စိတ်အားထက်သန်စွာ အားပေးနေကြသဖြင့် ရိုစီနာ ပဟေဋိဖြစ်ခဲ့ရသည်။ အနောက်ကနေကြည့်နေသည့် အာဆီလီယာက လက်သီးကို ဆုပ်ထားလိုက်သည်။လာဂိုနီးယား ငှက်တစ်ကောင်ကိုတောင် တွေ့ဖို့ခက်လှတာကြောင့် ဤငှက်ကို ကံကောင်းငှက်ဟု ခေါ်ခြင်းပင်။

သို့သော်လည်း သူမ အလှည့်ကျမှ အုပ်လိုက်ကို ပေါ်လာတော့သည်။သူမကိုယ်တိုင်က ငှက်တွေကို ခေါ်နေသလိုပင်။ အာဆီလီယာ ဒေါသတကြီး နှုတ်ခမ်းကို ကိုက်ထားလိုက်သည်။ သူမ လည်း။နည်းနည်းကြာမှ တက်လာခဲ့လျှင် ထိုငှက်တွေကို အသုံးချနိုင်မှာ ဖြစ်သည်။မသိနားမလည်သော သာမန်လူများက ဘာမဟုတ်သည့် ငှက်များကို ကြည့်ပြီး အော်ဟစ်နေကြတာဖြစ်သည်။

အီလီယန် အလှည့်ပြီးနောက်၊ တော်ဝင်မိသားစုသည် အောက်ကို ဆင်းလာခဲ့သည်။ ရထားပေါ်တက်ပြီးသောအခါ ရာဟန် သည် သူ့ဘေးနားတွင် ထိုင်နေသော ရိုစီနာ ကို မေးလိုက်သည်။

"ဒီငှက်တွေကို မင်းခေါ်ထားတာလား..."

“ဟုတ်တယ်လေ…သူတို့က တောင်ဆင်းလမ်းမှာ ဆိုတော့ ခေါ်ရလွယ်တယ်...”

သူက ခေါင်းညိတ်လိုက်၍ စောစောက မြင်ကွင်းကို သတိရပြီး မျက်လုံးကို ဖြည်းညှင်းစွာ မှိတ်ထားလိုက်သည်။

“လှတယ်"

သူ့ ရေရွတ်သံကြောင့် သူမ တံတွေးတစ်ချက် မျိုချလိုက်သည်။ ငှက်တွေအကြောင်းပြောနေတာ သေချာသော်လည်း သူမအကြောင်းပြောနေသလိုပင်။ သို့သော်လည်း ငှက်များကျေးဇူးကြောင့် သူ့အပေါ်ကို လူအများက တစ်မျိုးတစ်ဖုံ မြင်လာကြပေလိမ့်မည်။ ရထားတွဲသည် နန်းတော်သို့ ဦးတည်သွားသည်။ နေ့ခင်းဘက် ဘုရားဝတ်ပြုပွဲ ကျင်းပရန် အားလုံးတစ်ဖန် စုရုံးကြရမည်ဖြစ်သည်။

တည်ထောင်သည့်နေ့သည် တစ်ပတ်ကြာကျင်းပရမည် ဖြစ်သော်လည်း အင်ပါယာပွဲတော်သည် သုံးရက်အတွင်း ပြီးဆုံးမည်ဖြစ်သည်။ ပထမနေ့တွင် မြို့တော်ကို လှည့်ပတ်ကာ ဘုရားဝတ်ပြုသည့် အခမ်းအနားကို ကျင်းပကြပြီး ဒုတိယနေ့မှ နောက်ဆုံးနေ့အထိ ဧည့်ခံပွဲများ ကျင်းပကြရသည်။ ဒုတိယနေ့တွင် အခမ်းအနားအား ကြီးကျယ်ခမ်းနားစွာ ကျင်းပပြီး မှူးမတ်များအားလုံး စုရုံးကာ သုံးရက်မြောက်နေ့တွင် အားလုံး ဆုံကြရမည်ဖြစ်၏။

"မပင်ပန်းဘူးလား… အီလီယန်..."

"သား အဆင်ပြေပါတယ်..."

အီလီယန် စကားကြောင့် သူမလည်း ဂုဏ်ယူမိကာ သူ့ပါးပြင်ကို ထိလိုက်သည်။ အီလီယန် သည် ရာဟန် ကို တစ်ချက်ကြည့်လိုက်သော်လည်း အရင်ကလို ရန်လိုဟန်တို့ရှိမနေပေ။ အရင်တုန်းကတော့ သူမ အချစ်ကို လက်ဝါးကြီးအုပ်ထားသည့် ရာဟန်အား သိပ်မကြည်ခဲ့ပေ။ယခုမူ ထက်မြက်သော သူ့ခံစားချက်များ ပျောက်ကွယ်သွားပုံရသည်။ထို့အပြင် ရာဟန်အား မိသားစုဝင်တစ်ဦးအဖြစ် တဖြည်းဖြည်း အသိအမှတ်ပြုခဲ့သည်။ သူမ နှင့် ပတ်သတ်ပြီး ငြင်းခုံမှုတွေ အများကြီးရှိခဲ့သော်လည်း မုန်းတီးမနေတော့ပေ။

"နတ်ဘုရားပွဲက ဘယ်လိုမျိုးလဲ..."

သူမသည် အီလီယန် ခေါင်းကို ကိုင်နေရင်း နတ်ဘုရားအခမ်းအနားအကြောင်း ဘာမှမသိထား၍ မေးကြည့်လိုက်သည်။

“ကိုယ်လည်း ပထမဆုံးအကြိမ် တက်တာဆိုတော့ သိပ်မသိဘူး...”

သူက မျက်လုံးကို ဖြည်းညှင်းစွာ မှိတ်လိုက်သည်။

“ဟိုးရှေးရှေးတုန်းက နတ်ဘုရားက သူ့ခန္ဓာကိုယ်ကို အမြဲဆေးကြောတဲ့ စမ်းရေတွင်းတစ်ခုရှိတယ်…အဲ့ဒီကို သွားပြီးတော့ ထုံးတမ်းစဉ်လာတွေ ဘာတွေ လုပ်တယ်ဆိုတာပဲ သိတယ်...”

"ဟုတ်လား..."

'နတ်ဘုရား' ဟူသော စကားကို ကြားသောအခါ အိမ်ရှေ့စံ စကားကို သူမ သတိရမိ၍ အတွေးထဲက ဖျောက်ရန် ကြိုးစားခဲ့သည်။ နတ်ဘုရားများ၏ ကိစ္စရေးရာနှင့်ပတ်သတ်၍ ငယ်စဉ်ကတည်းက ထိုကိစ္စကို သိပ်စိတ်မဝင်စားခဲ့ပေ။ဤအင်ပါယာက နတ်ဘုရားတွေ၏ တိုင်းပြည်ဖြစ်ခဲ့လျှင်တောင်မှ သက်သေမပြနိုင်သည့်အတွက် ပါးစပ်ပြော ဒဏ္ဍာရီတစ်ခုပင်။ယနေ့ အခမ်းအနားကလည်း ရိုးရာဓလေ့တစ်ခုမျှသာဟု သူမ တွေးထားပြီး အဓိပ္ပါယ်များစွာ မရှိပေ။

နောက်ဆုံးတွင် ရထားများသည် တော်ဝင်နန်းတော်ထဲသို့ ဦးတည်သွားခဲ့သည်။ လမ်းဆုံလမ်းခွတွင် ညာဘက်သို့ ကွေ့လိုက်သောအခါ ကြီးမားသော ခုံးတံခါးကြီး ပေါ်လာသည်။ သူတို့ တံခါးကို ဖြတ်သွားလိုက်သည်နှင့် အခြားတံခါးတစ်ခု ပေါ်လာပြန်သည်။ တံခါးက အလွှာများပုံစံ ဖြစ်နေလေသည်။ ထို့နောက် အချိန်အတော်ကြာ လှိမ့်နေခဲ့သော ရထားများ လုံးဝရပ်တန့်သွားကာ တံခါးပွင့်လာပြီး ရိုစီနာ သည် ရာဟန် အကူအညီဖြင့် ရထားပေါ်မှ ထွက်လာခဲ့သည်။ နေရာတိုင်းက နံရံတွေနှင့် ဝန်းရံထားသည့် နေရာကြီးတစ်ခုဖြစ်ပြီး ပတ်ပတ်လည်တွင် အဆောက်အအုံမရှိဘဲ မြင့်မားသော ယဇ်ပလ္လင်တစ်ခုသာရှိသည်။ ရွှေကော်ဇောကြီးကလည်း တံခါးမှနေ၍ ယဇ်ပလ္လင်ဆီသို့ တိုက်ရိုက်ခင်းထားလေသည်။

မရေမတွက်နိုင်သော မှူးမတ်များသည် ယဇ်ပလ္လင်၏ တစ်ဖက်တစ်ချက်၌ ရပ်၍ စောင့်နေကြပြီ။

ရိုစီနာ ဟိုဒီလှည့်ကြည့်လိုက်တော့ ရာနီယာ နှင့် မက်စယ်လာ ကိုတွေ့ရသည်။ ရာနီယာ ဘေးမှာ လူတစ်ယောက်ရပ်နေပြီး သူသည် သာမာန်လူတစ်ယောက်သာ ဖြစ်သော်လည်း သပ်သပ်ရပ်ရပ် ဝတ်စားထားသည်။ ထိုလူသည် လက်ရှိ အက်စတာရော့ မြို့စားမင်း ဖြစ်ကြောင်း သူမ ချက်ချင်းပင် သဘောပေါက်သွားသည်။ထိုစဉ် အစောင့်အကြပ်တစ်ယောက် ရုတ်တရက် ထွက်ပေါ်လာသည်။

"ကျွန်တော် မင်းသားလေးကို စောင့်ရှောက်လိုက်ပါမယ်..."

"ဘာလို့လဲ..."

သူမလည်း အီလီယန် လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ပြီး မေးကြည့်သည်။

“အသက်မပြည့်သေးသူတွေဟာ နတ်ဘုရားတန်ခိုးတော်အတွက် မပြည့်စုံလို့ပါဗျ…ပြီးတော့ မင်းသားကို ထုံးတမ်းစဉ်လာအရ ထိခိုက်နိုင်လို့ ကျွန်တော်တို့က အကာအကွယ်ပေးထားပါ့မယ်..."

ဤအခမ်းအနားက ဘယ်လောက်ထိ ကြီးကျယ်ခမ်းနားနေလဲ မသိ၊ ဒုတိယမင်းသား၏ သားသမီးများသည်လည်း အခြားအစေခံများနှင့်အတူ ရပ်နေကြလေသည်။ထိုအခါ သူမ စိတ်မသက်မသာ ဖြစ်သွားရသော်လည်း ခေါင်းညိတ်လိုက်သည်။

"ခဏ​နေ​တတွေ့မယ်နော်..."

အီလီယန်က ခေါင်းညိတ်လိုက်သည်။ သူမ အနည်းငယ် စိတ်ပူမိသော်လည်း အီလီယန် ရဲရင့်ပြီးသတ္တိရှိသူ ဖြစ်သောကြောင့် စိတ်သက်သာရာရမိသည်။

ရိုစီနာ နှင့် ရာဟန် တို့သည် ဘေးချင်းယှဉ်ရပ်ကာ ယဇ်ပလ္လင်ကို မျှော်ကြည့်လိုက်ကြသည်။ အရင်တုန်းက ယခုလိုမင်းသမီးတစ်ပါး ဖြစ်လာမည်ဟု သူမ တွေးမိဖူးသည်မထင်ပေ။ငယ်စဉ်က သူမသည် မှူးမတ်များကြားတွင် ဤအခမ်းအနားအား ကြည့်ရှုဖူးသော်လည်း ယခု သူမသည် တော်ဝင်မိသားစုဝင် တစ်ဦးအဖြစ် တက်ရောက်နေရခြင်းဖြစ်သည်။

ဘုရင်မင်းမြတ်သည် ရွှေရောင်ကော်ဇောပေါ် တက်လာသောအခါ၊ ပတ်ဝန်းကျင်ရှိ လေထုက လျင်မြန်စွာ တင်းမာလာသည်။ ဘုရင်မသည် ရှေ့တိုးလာကာ ယဇ်ပလ္လင်ပေါ်သို့ လျှောက်သွားပြီး ပလ္လင်ထိပ်တွင်ရပ်လျက် သူ ကိုင်ထားသောစာရွက်ကို လှန်လိုက်သည်။ အခမ်းအနားမစမီ ဖတ်ကြားရသော နိဒါန်းအပျိုးစာပိုဒ်ဖြစ်သည်။

နိဒါန်းဖတ်နေစဉ် ရိုစီနာသည် ယဇ်ပလ္လင်ကို စိုက်ကြည့်နေမိရာ ထူးဆန်းသော စွမ်းအင်တစ်ခုက သူမဆီ ရောက်လာသလိုပင်။ သူမ ရှာဖွေနေသည့်အရာကို တွေ့ရှိသွားရသလို ယဇ်ပလ္လင်ပေါ်မှ မျက်လုံးမခွာနိုင် ဖြစ်နေရလေသည်။ ယဇ်ပလ္လင်ပေါ်တွင် ရွှေဖြင့်ပြုလုပ်ထားသော ပန်းကန်ကြီးတစ်လုံးရှိသည်။သို့သော်လည်း အဲဒီအထဲမှာ ဘာပါမှန်း သူမ မြင်ရပေ။ထို့ကြောင့် ရာဟန် ကို တိုးတိုးပြောလိုက်သည်။

"အဲ့ဒီပန်းကန်ထဲမှာ ဘာပါလဲဟင်..."

“နတ်ဘုရားရဲ့ စမ်းရေတွင်းကနေ ထုတ်ယူထားတဲ့ ရေလေ…အစက စမ်းရေတွင်းကြီးက ကြီးပေမယ့် နှစ်တွေကြာလာတာနဲ့အမျှ ကျုံ့သွားတော့ ရေကို ခပ်ပြီး ပန်းကန်တစ်လုံးထဲ ထည့်ထားလိုက်တယ်တဲ့...”

ရာဟန် ရှင်းပြတာကိုနားထောင်ရင်း သူမ မျက်လုံးများသည် ဘုရင်မင်းမြတ်နောက်ကို လိုက်သွားကြသည်။ ဘုရင်မင်းမြတ်သည် နိဒါန်းအားလုံးကို ဖတ်ပြပြီး စမ်းရေပါသည့် ပန်းကန်ရှေ့တွင် ရပ်လိုက်သည်။ ထို့နောက် သူ့လက်ကို ပန်းကန်ထဲသို့နှစ်လိုက်ရာ ပန်းကန်လုံးသည် အသံများ မြည်၍လှုပ်ခါလာပြီး ရေစက်ကလေးများက အပြင်ဘက်ထိ ပေါက်ထွက်လာသည်။ထိုအခါ လေးနက်တည်ကြည်စွာ မတ်တပ်ရပ်နေသော မှူးမတ်များလည်း ကြည်ညိုလေးစားဟန်များ အထင်းသား ပေါ်နေကြတော့သည်။

ထို့နောက် အပြာဖျော့ဖျော့စွမ်းအင်တစ်ခုသည် ဘုရင်မင်းမြတ်အနားသို့ ပျံဝဲလာပြီး နောက်တစ်ကြိမ် ရပ်တန့်သွားကာ ပန်းကန်လုံးသည် ဘယ်သောအခါမှ မတုန်လှုပ်ထားသလို ချက်ချင်း ငြိမ်သက်သွားတော့သည်။

ရိုစီနာ သည် မယုံကြည်နိုင်စွာဖြစ်နေပြီး ကြောင်စီစီကြည့်နေမိသည်။

“…နတ်ဘုရားတန်ခိုးနဲ့မှသာ တုံ့ပြန်တယ်လို့ ကိုယ် ကြားဖူးတယ်…ကိုယ်တော့ ဒါ ပထမဆုံးမြင်ဖူးတာဘဲ..."

လျှို့ဝှက်ဆန်းကြယ်သော မြင်ကွင်းတစ်ခုဖြစ်သည်မှာ သိသာထင်ရှားသော်လည်း ရာဟန် မျက်နှာထားက တဖြည်းဖြည်း ပျက်ယွင်းလာသည်။ မုန်းတီးမှုတို့ ဖြစ်တည်နေသည့် အမူအရာတစ်ခုပင်။နတ်ဘုရားတန်ခိုးကို မကြိုက်ပေ။ထိုတန်ခိုးကြောင့် သူ့ကိုယ်သူ တော်ဝင်မိသားစုဝင်တစ်ယောက်ဖြစ်ကြောင်း အမြဲတစေ အမှတ်ရစေသည်။ထိုတန်ခိုးအာဏာကို သူ ခံစားလိုက်ရတိုင်း လူသားမဟုတ်သလို အထူးအဆန်း သတ္တဝါတစ်ကောင်လို ရွံရှာနေမိလေသည်။ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်သည့်အပြင်ဖျက်စီးနိုင်သော စွမ်းအားဖြစ်၍ သူ့အတွက် အသုံးမ၀င်ပေ။

ဘုရင်မင်းမြတ် ဆင်းလာသည်နှင့် အောက်၌စောင့်နေသော အိမ်ရှေ့စံသည် လှေကားထစ်ကို ဖြည်းညှင်းစွာ တက်သွား၍ ယဇ်ပလ္လင်ပေါ်တွင်ရပ်လိုက်၏။ ထိုအခါ သူ့ခေါင်းထက်မှာ နေက တောက်ပနေသည်။ထို့နောက် ဇီဂရစ် သည် ဇလုံထဲကို လက်နှစ်လိုက်ရာ ပန်းကန်လုံးသည် သိသိသာသာ တုန်ခါသွားကာ ရေစက်များက ယခင်ကထက် ပေါက်ထွက်လာကာ ရေတွေ ပြည့်လျှံသွားသည်။

မျက်စိနှင့် မြင်နိုင်သည့် အပြာရောင်စွမ်းအင်ကလည်း သူ့ကို အဝတ်စတစ်ထည်လို ဖုံးအုပ်ထား၏။ မှူးမတ်များက သင်ပြင်းတစ်ချက် ရှိုက်လိုက်ကြသည်။ ဤဖြစ်စဥ်မျိုးကို မနှစ်က မမြင်ခဲ့ဖူးပေ။ထို့ကြောင့် ဇီဂရစ် သည် အခြား တော်ဝင်မိသားစုဝင်များထက် နတ်ဘုရား တန်ခိုးကို အမွေဆက်ခံခဲ့သူဖြစ်သည်။သူသည် ကျေနပ်သော မျက်နှာဖြင့် လက်ကို မြှောက်ပြီး လှည့်ကြည့်လိုက်တော့ မှူးမတ်တွေက သူ့ကို ကြည်ညိုနေကြဟန်ဖြင့် ငေးကြည့်နေကြသည်။ ဘုရင်မကလည်း ပြုံးရွှင်နေကာ စိတ်သက်သာရာရသွားပုံပေါ်သည်။

ဇီဂရစ် ဆင်းလာသည်နှင့် ဒုတိယမင်းသား အလှည့်ရောက်လာသည်။ ရိုစီနာ သည် ဒုတိယမင်းသားကို ပထမဆုံးအကြိမ် ကောင်းစွာတွေ့မြင်ရခြင်းဖြစ်သည်။ အာဆီလီယာနှင့်မတူဘဲ ဒုတိယမင်းသားသည် နှိမ့်ချပြီး ရိုးသားမည့်ဟန် ရှိသည်။ သူ့မှာ တော်ဝင်မိသားစု၏သင်္ကေတဖြစ်သော ရွှေရောင်ဆံပင်ရှိသော်လည်း အနည်းငယ် မှိန်ဖျော့နေလေသည်။ သူ့ကိုကြည့်လိုက်သည်နှင့် ကြောက်ရွံ့ထိတ်လန့်စရာ မကောင်းဘဲ နူးညံ့သိမ်မွေ့သော ပညာရှိတစ်ဦး၏ ခံစားချက်ကို ပေးစွမ်းသည်။

ဒုတိယမင်းသားသည် ယဇ်ပလ္လင်ပေါ်သို့တက်လိုက်သောအခါ၊ အိမ်ရှေ့စံထက် စွမ်းအားလျော့နေလေသည်အာဆီလီယာ ကလည်း ခင်ပွန်းဖြစ်သူကို အိမ်ရှေ့စံနှင့် နှိုင်းယှဥ်ကြည့်ပြီး မျက်နှာပျက်သွားသည်။ သူမ လက်သီးကို တင်းတင်းဆုပ်ထားပြီး ယဇ်ပလ္လင်ကို တည့်တည့်စိုက်ကြည့်နေတော့သည်။

နောက်ဆုံးတစ်ယောက်က ရာဟန် ဖြစ်သည်။သူက အလှည့်ကျလျှင် မတ်တပ်ထရပ်ပြီး သူမကို ကြည့်လိုက်၏။

"နောက်မှတွေ့မယ်..."

ရိုစီနာ၏ တိုးတိုးလေးပြောသံက မာကျောလှသော သူ့မျက်နှာထားကို ဖြေလျှော့သွားစေသည်။ ရာဟန် သည် လှေကားပေါ်တက်နေစဉ် ကျောကို မတ်မတ်ထားလိုက်သည်။ ထို့နောက် ယဇ်ပလ္လင်ပေါ်တွင် ရပ်လျက်ကြီးမားသော ပန်းကန်လုံးကြီးကို ငုံ့ကြည့်နေလျှင် သူ့မျက်နှာသည် ကြည်လင်သောရေပြင်၌ ထင်ဟပ်နေ၏။ ရေပြင်က ပုံရိပ်ထဲတွင် သူသည် မျက်မှောင်ကြုတ်ပြီး ကြည့်နေတာကို တွေ့ရတော့ သူ နောက်ဆုတ်ဖို့ ကြိုးစားမိသည်။

သို့သော် သူ့လက်ချောင်းတွေက ရေအေးနှင့် ထိနေပြီဖြစ်ကာ ချက်ချင်းပင် ပန်းကန်ကြီးသည် ရူးမတတ် လှုပ်ခါလာသည်။ စောစောက ပန်းကန်တစ်ဝက်လောက်သာ ပြည့်သွားသော ရေသည် ရေလျှံနေသော မြစ်ကဲ့သို့ အောက်ထိ ယိုစီးလာသည်။ထို့နောက် ရေတွေက တစ်စတစ်စ များလာ၍ ယဇ်ပလ္လင်ကို စိမ်ထားသလိုမြုပ်သွားကာ ရေစက်လေးတွေက ကောင်းကင်ထိ တက်သွားတော့သည်။

***

အခမ်းအနားမစမီ၊ အီလီယန် သည် ရိုစီနာ နှင့် ခွဲထွက်ခဲ့သည်။ အကြောင်းမှာ မင်းသားငယ်များသည် ငယ်ရွယ်သေးပြီး နတ်ဘုရားတန်ခိုးက ခွန်အား မပြည့်မစုံမှုကို ထိခိုက်နိုင်သည်။သူသည် အစောင့်နှင့်အတူ တံခါးဝတွင် ရပ်နေ၏။ သူသည် အခမ်းအနားအား ကြည့်ရှု၍ရသော်လည်း တတ်နိုင်သမျှ ဝေးဝေးတွင်နေရမည်ဖြစ်သည်။ထိုစဉ် အခြားအစောင့်တစ်ယောက်သည် အခြားကလေးတို့ကို ခေါ်လာလေသည်။ ထိုကလေးနှစ်ယောက်မှာ ဒုတိယမင်းသား မောင်နှံဖြစ်ပြီး ယောက်ျားလေး တစ်ယောက်နှင့် မိန်းကလေးတစ်ယောက်သာ ဖြစ်သည်။ ထိုအစောင့်က ကလေးသုံးယောက်အား စုပြီး ဒူးထောက်ပြီး ပြောလေသည်။

“ကျေးဇူးပြုပြီး ဒီမှာ အေးအေးဆေးဆေးနေပါ…ကျွန်တော် ပြန်လာခဲ့မယ်..."

မောင်နှမနှစ်ယောက်က ခေါင်းမညိတ်ဘဲ မောက်မာစွာ ပြုမူကြသည်။ ထိုအပြုအမူနှင့် ရင်းနှီး‌နေပြီဖြစ်သော အစေခံသည် ဘာမှမပြောဘဲ ချက်ချင်း ထွက်ခွာသွားတော့သည်။လူကြီးမရှိဘဲ ကလေးငယ်များသာ ကျန်ရှိတော့သောအခါတွင် အစ်ကိုနှင့် အစ်မတို့သည် အီလီယန် ဘက်ကို လှည့်လာကြသည်။ ကောင်လေးက သူ့ထက် သုံး၊လေးနှစ် ခန့်ကြီးနိုင်ပြီး မိန်းကလေးကမူ သူနှင့်ရွယ်တူလိုပင်။

ကလေးနှစ်ယောက်သည် သူ့မျက်နှာကို ခေတ္တမျှ အံ့သြစွာကြည့်နေကြသည်။ ပါးပြင်နီနီနှင့် မျက်လုံးကြီးကြီးရှိသော အီလီယန် သည် တစ်ချက်ကြည့်လိုက်ရုံဖြင့် ချစ်စဖွယ်ကောင်းနေသည်။ကောင်မလေးက သူ့ကို ခဏလောက်ကြည့်နေစဉ် အစ်ကိုဖြစ်ပုံရသည့် ကောင်လေးက အီလီယန် အနားကို တိုးလာပြီး တတ်နိုင်သမျှ ရင်ကော့ကာ....

"မင်းက အရမ်းတုံးတာပဲဆို …ငါ့အမေ ပြောတာ..."

ပြင်းထန်လှသော စကားကြောင့် အီလီယန် မျက်ခုံးပင့်လိုက်မိသည်။သူ ပြန်မဖြေသောအခါ ကောင်လေးက ဝမ်းသာသွားပြီး သူ့ခါးကြားထဲက သစ်သားဓားတိုကို ဆွဲထုတ်လိုက်သည်။ သစ်သားဓား ဖြစ်သော်ငြား အရည်အသွေးမြင့်သစ်သားဖြင့် ပြုလုပ်ထားပြီး ဓားလက်ကိုင်ကိုလည်း ကျောက်မျက်ရတနာများဖြင့် အလှဆင်ထားသည်။

"ဒါ ငါ့ရဲ့ မွေးနေ့ လက်ဆောင်…မင်းမှာမရှိဘူး…မရှိဘူးမလား..."

အီလီယန် သည် သူနှင့် အဖက်လုပ်ပြီး မပြောချင်သောကြောင့် လေးလေးနက်နက် သက်ပြင်းချလိုက်သည်။ အာစတေးနီးယားက ကလေးတွေကတောင် သူ့ထက် ရန်ဖြစ်လို့ကောင်းသည်ဟု တွေးမိလေသည်။ အီလီယန် က ဘာမှမတုံ့ပြန်သည့်အခါ ကောင်လေးက သူ့မျက်နှာကို ရှုံ့မဲ့လိုက်သည်။

"မင်းတို့မိသားစုက ဆင်းရဲတယ်လို့ ပြောကြတယ်..."

ဆင်းရဲတယ်တဲ့လား…

အီလီယန် သည် ခဏတာ အတွေးထဲတွင် ပျောက်သွားသည်။ သူတို့မိသားစုကတော့ ပိုက်ဆံနှင့်ပတ်သတ်၍ ဘယ်တုန်းကမှ ဒုက္ခမရောက်ခဲ့ချေ။ တတိယမင်းသား နန်းတော်သည် အခြားနန်းတော်များထက် သေးငယ်သော်လည်း အာစတေးနီးယား တွင် သူနေထိုင်ခဲ့သည့် အိမ်ထက် ပိုမိုကြီးမားပြီး ပိုမိုကောင်းမွန်သည်။ ဥယျာဉ်ကလည်း လှပနေပြီး အရသာရှိသော အဆာပြေမုန့်များကို သူ့အား ပုံမှန်ကျွေးသည်။ထို့ကြောင့် သူ့စံနှုန်းအရ တတိယမင်းသားနန်းတော်သည် အလွန်ချမ်းသာသည်။

"မဟုတ်ဘူး…ငါတို့က မဆင်းရဲပါဘူး..."

“မလိမ်ပါနဲ့...တတိယမင်းသားနန်းတော်က ကြောက်စရာကောင်းတယ်လို့ အမေကပြောတယ်...”

ကောင်လေးက သူ့ကို တွန်းလိုက်သဖြင့် ကောင်လေးကို မကျေမနပ် အကြည့်ဖြင့် ကြည့်လိုက်သည်။ ထို့နောက် ကောင်လေးက တစ်ခုခုပြောဖို့ ကြိုးစား‌လိုက်၏။




Xxxxxx