အပိုင်း ၆၆
Viewers 13k

Chapter 66

"ခင်ဗျား အခုဘာလုပ်နေတာလဲ..."

ကျယ်လောင်သော သူ့ အသံကြောင့် သတိပြန်ဝင်လာပြီး သူမကို ပွေ့ဖက်ထားသူမှာ ရာဟန် ဖြစ်နေတာကို တွေ့ရလေတော့သည်။

"အိမ်ရှင်ကို စကားတစ်ခွန်းမှ မပြောဘဲ လာလည်တာ ရိုင်းတာ မဟုတ်ဘူးလား..."

သူ့ကို တိုက်ရိုက်လာဝေဖန်နေသော်လည်း ဇီဂရစ် မတုန်လှုပ်ဘဲ စိတ်အနှောင့်အယှက် ဖြစ်သွားဟန်ဖြင့် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

"မင်းပြောပုံက ငါကပဲ မကောင်းတာ တစ်ခုခုလုပ်နေသလိုပဲ"

"အဲ့ဒီလို တစ်ခုခုမလုပ်နိုင်ခင် ကျွန်တော် လာခဲ့တာပေါ့..."

ထို့နောက် ရာဟန်က ရိုစီနာကို သူ့နောက်မှာ ရပ်ခိုင်းလိုက်သည်။သူမလည်း ဇီဂရစ် ရှေ့မှာ တစ်ခဏမျှပင် မနေချင်၍ အတော်ပဲ ဖြစ်သွားရ၏။

ဇီဂရစ် က ပြုံးပြီး ခေါင်းညိတ်လိုက်သည်။

"ငါက သူမဆီကို အလည်လာတာ သက်သက်ပဲ..."

"သူများရဲ့ ဇနီးမယားကို ထိပါးနေတာဟာ အလည်လာတယ်လို့ ခေါ်တာလား..."

ရာဟန် ၏စူးရှသောအကြည့်သည် ဇီဂရစ် ၏လက်ချောင်းများဆီ ကျရောက်သွားသည်။ ထိုလက်ချောင်းများအားလုံးကို ဖြတ်ပစ်ချင်စိတ်ဖြင့် စူးစိုက်ကြည့်နေသဖြင့် ဇီဂရစ် သည် သူ့ထိုင်ခုံမှ ဖြည်းညှင်းစွာ ထလာသည်။

“သူက မင်းထက် အများကြီး သာတဲ့ မိန်းမတစ်ယောက်ပါ…မင်းမှာ ပေးစရာဘာမှ မရှိဘူး…ဒါတောင် မင်း သူမကို ရယူထားချင်သေးတာလား..."

ရာဟန် ၏ မျက်လုံးများသည် မှိတ်တုတ်မှိတ်တုတ်ဖြစ်ကာ စူးရဲသွားသည်။ထိုအချိန်တွင် သူ့ နောက်ကွယ်တွင် ပုန်းအောင်းနေသော ရိုစီနာ သည် ရှေ့သို့ တိုးလာသည်။

"ကျွန်မရှေ့မှာ ကျွန်မ ယောက်ျားကို မစော်ကားပါနဲ့..."

သူမ မျက်လုံးများသည် ဇီဂရစ် ဘက်သို့ လှည့်သွားပြီး ပြတ်ပြတ်သားသား စိုက်ကြည့်နေကာ အခိုင်အမာပြောလိုက်သည်။

"မင်းသမီးက…သိပ်ကို သူ့အတွက် ဂုဏ်ယူနေပါလား..."

“….”

"ဘာပဲဖြစ်​ဖြစ်​ ကျွန်မ အရှင့်သားစကားကို နားထောင်မှာ မဟုတ်​ဘူး..."

ဇီဂရစ် မျက်နှာပေါ်ရှိ မာနကြီးသော အမူအရာ ပျောက်ကွယ်သွားသည်။ ကြောက်စရာကောင်းသော ရောင်ဝါတစ်ခု ရောက်ရှိလာသော်လည်း သူမ တံခါးကို ညွှန်ပြလိုက်သည်။

"ကျေးဇူးပြုပြီး ထွက်သွားပါ..."

ဇီဂရစ် သည် သူမ နှင့် ငြင်းခုံရန် ရည်ရွယ်ချက် မရှိသောကြောင့် တံခါးဆီသို့ တိတ်တဆိတ်သွားခဲ့သည်။ ထို့နောက် သူက တံခါးလက်ကိုင်ကို ကိုင်ကာ နောက်လှည့်ကြည့်လိုက်သည်။

"အရာရာတိုင်းက မင်းလိုချင်တဲ့ပုံစံအတိုင်း ဖြစ်မလာဘူးဆိုတာ သိထားပါ..."

သူမ မဖြေလိုက်ပေ။

“ဒါဆိုလည်း တည်ထောင်တဲ့နေ့အထိ ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ...”

တံခါးပိတ်သံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

တံခါးကို စိုက်ကြည့်နေသော ရာဟန် သည် ရိုစီနာ ကို ချက်ချင်းမေးလိုက်သည်။

"သူက ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ..."

"... အား...ကျွန်မ လက် အတော်နာသွားတယ်..."

သူမ ရုတ်​တရက်​ပြန်​​ဖြေလိုက််ရာ ရာဟန် မျက်​နှာက ချက်​ချင်းမည်း​မှောင်​သွားကာ ကျယ်လောင်စွာ သက်ပြင်းချလိုက်ပြီး သူမ လက်ကို ဂရုတစိုက်ကိုင်လိုက်သည်။ မနှစ်မြို့ဖွယ် ခံစားမှုအားလုံးကြောင့် သူ့လက်ချောင်းထိပ်များမှ လှိမ့်ထွက်နေသော သူ့သွေးခုန်နှုန်းကို သူမ ခံစား နေရတော့သည်။

"မင်းကို ဒီလိုတွေ ဖြစ်အောင် လုပ်မိလို့ ကိုယ် တောင်းပန်ပါတယ်…ကျေးဇူးပြုပြီး ခဏလောက်စောင့်ပါနော်..."

သူက တိုးတိုးလေးပြောပြီး လက်ကိုပိုပြီးတင်းကျပ်စွာ ကိုင်ထားလိုက်သည်။

“မကြာခင် ကိုယ် အားလုံးကို အပြီးအပြတ်ရှင်းတော့မှာပါ...”

ရက်ပေါင်းများစွာ ရွာသွန်းခဲ့သော မိုးသည် နောက်ဆုံးတွင် ရပ်သွားခဲ့သည်။ မိုးရာသီမှာ ခေါင်းမထောင်နိုင်သည့် အပင်တွေက မိုးစဲချိန်မှာ အရင်ကထက် ပိုလန်းလာသည်။ စိမ်းမှောင်သော အသီးအနှံများ ပေါက်ဖွားလာကာ ကောင်းကင်ပြင်ကပင် မြင့်မားပြီး နက်ပြာရောင် ဖြစ်နေသည်။ ဆောင်းဦးသည် ပုံမှန်ထက်စောရောက်လာသည်။ မိုးသည်းထန်စွာရွာ ပြီးနောက်တွင် တော်ဝင်တိုင်းသူပြည်သားများသည် လမ်းများကို ပြန်လည်မွမ်းမံပြင်ဆင်ကြပြီး တည်ထောင်သည့် ပွဲတော်အတွက် ပြင်ဆင်မှုများကို အရှိန်မြှင့်ခဲ့ကြသည်။ စတင်တည်ထောင်သည့်နေ့ နီးကပ်လာသည်နှင့်အမျှ တတိယမင်းသားနန်းတော်သည် အလုပ်များစပြုလာသည်။

ရိုစီနာ သည် ပွဲအတွက် ၀တ်စုံအသစ်မှာထားခဲ့သည်။ သူမ ဗီဒိုထဲမှာ အဝတ်အစားတွေ အများကြီးရှိနေပြီဖြစ်သော်လည်း ရာသီဥတုက အေးစိမ့်လာ၍ ရာဟန်က နွေးနွေးထွေးထွေး ဝတ်ရန်အကြံပြုခဲ့၏။အီလီယန် ကို လူတော်တော်များများရှေ့မှာ မိတ်ဆက်ပေးဖို့ကိုလည်း သူမ စိုးရိမ်နေမိသည်။ သို့သော်၊ အီလီယန် သည် သူမ ထင်ထားသည်ထက် ပို၍ ရင့်ကျက်လာသည်။

လွန်ခဲ့သည့်လအနည်းငယ်အတွင်း၊သူသည် များစွာတတ်သိနားလည်လာခဲ့ပြီး အသံထွက်ကလည်း ပိုမိုရှင်းလင်းလာသည်။ သူက ရာဟန် နှင့် ရုပ်ချင်းတူသော်လည်း သူ့အပြုံးက နတ်သားတစ်ပါးလိုပင်။ ထို့အပြင် လွန်ခဲ့သည့်ရက်အနည်းငယ်က အီလီယန် သည် တရားဝင် ဓားပညာ သင်တန်းများကို စတင်တက်ရောက်ခဲ့သည်။ တတိယမင်းသား နန်းတော်တွင် ဓားပညာသင်ရန် နေရာမရှိသောကြောင့် အနီးနားရှိ လေ့ကျင့်ရေးကွင်းတွင် အတန်းတက်ခဲ့ရသည်။ အီလီယန်က ဓားပညာသင်ရန် နန်းတော်မှ ထွက်သွားတိုင်း သူမစိတ်ထဲမှာ ထူးဆန်းသလို ခံစားခဲ့ရသည်။သူ့ကို လူကြီးတစ်ယောက်လို တွေးပေးလို့လည်းမရပေ။

နောက်ဆုံးတော့ တည်ထောင်သည့် နေ့ ရောက်လာတော့သည်။

“ဝါး…”

ရိုစီနာ သည် မနက်စောစောနိုးလာပြီး အဝတ်အစားလဲလိုက်သည်။ သူမသည် ခန္ဓာကိုယ်ကို ချောမွေ့စေရန်အတွက် နှင်းဆီရေနှင့် ပုလဲများကို ရောစပ်ထားသည့် ပန်းရေထဲတွင် ရေချိုးခဲ့သည်။ အယ်လာ အပါအဝင် အစေခံသုံးဦးသည် သူမကို ကူညီခဲ့ပြီး ခေါင်းမှ ခြေဖျားအထိ ပြုစုပေးခဲ့သည်။ အမြဲလိုလို သပ်သပ်ရပ်ရပ် ဖြီးသင်ထားသော သူမ ဆံပင်များသည် ယနေ့တော့ သဘာဝအတိုင်း အကောက်ကလေးကို ဘေးနှစ်ဖက်မှာ ထူပွပွဖြစ်အောင် ဖြန့်ချထားပြီး ပန်းဖြူဖြူများဖြင့် အလှဆင်ထားသည်။

ထို့နောက် ၀တ်စုံအသစ် ၀တ်လိုက်သည်။ဤဝတ်စုံသည် အာစတေးနီးယား နှင့် အင်ပါယာတို့မှ ဒီဇိုင်းများ ကို ရောစပ်ထားသောကြောင့် လိုက်ဖက်ညီပြီး လတ်ဆတ်သောခံစားမှုကို ပေးစွမ်းသည်။ အားလုံးအဆင်သင့်ဖြစ်ပြီးနောက် သူမ ထိုင်ခုံမှထလိုက်သည်။ သူမ ပင်ပန်းနေပြီဟု ခံစားမိသော်လည်း ယနေ့ လုပ်စရာတွေ အများကြီး ကျန်နေသေးသည်။

တည်ထောင်သည့်ပွဲတော် ရက်သတ္တပတ်၏ ပထမနေ့တွင် တော်ဝင်မိသားစုသည် တော်ဝင်နန်းတော်မှ ထွက်ခွာကာ မြို့တော်ကို ဖြတ်လျှောက်ချီတက်ရသည်။ အင်ပါယာ၏ ဂုဏ်သိက္ခာနှင့် စွမ်းအားကို ပြသရမည်ဖြစ်သည်။ ချီတက်ပွဲ ပြီးသောအခါ တော်ဝင်မိသားစုသည် ရင်ပြင်ပေါ်က အင်ပါယာပြည်သူများအား မျက်နှာ ခေတ္တပြသရသည်။ အင်ပါယာ၏ ရှေးထုံးတမ်းစဉ်လာအရ တော်ဝင်မိသားစုကို သာမန်လူများ မျက်ဝါးထင်ထင် မြင်နိုင်သည့်အချိန်သာ ဖြစ်သည်။

အထူးသဖြင့်၊ ယနေ့ခေတ်တွင် တော်ဝင်မိသားစု၏ အဆင့်အတန်းသည် မြင့်တက်လာ၍ လူတိုင်းသည် တော်ဝင်မိသားစုကို တွေ့မြင်ရသည့်အတွက် စိတ်လှုပ်ရှားနေကြသည်။ ဤသည်မှာ သူမအတွက် ပထမဆုံး အကြိမ် လူရှေ့ထွက်လာရခြင်း ဖြစ်၏။ သို့တိုင်၊ အင်ပါယာ၏ လူများကြားတွင် တတိယမင်းသားနှင့်ပတ်သက်သည့် ကောလာဟလများက မကောင်းတာ များနေသောကြောင့် သူမ စိတ်မပူဘဲ မနေနိုင်ပေ။ ထို့ကြောင့်လည်း အများကြီးစဉ်းစားပြီး ပြင်ဆင်မှုတွေ လုပ်ခဲ့တာ ဖြစ်သည်။

အရာအားလုံး အဆင်သင့်ဖြစ်ပြီးနောက် သူမသည် အီလီယန် အခန်းဆီသို့သွားလိုက်သည်။ အီလီယန် သည် အစေခံများ သူ့ကို ပြင်ဆင်ပေးကြတာကို မကြိုက်သောကြောင့် သူမကိုယ်တိုင် ပြင်ဆင်ပေးရသည်။သို့သော် သူက ယောက်ျားလေးမို့အများကြီး မလိုအပ်ပေ။ သူမသည် ကြယ်သီးများကို စေ့စေ့စပ်စပ် တပ်ပြီး သူ့ပုခုံးကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။

"ဒီနေ့ သားကြည့်ရတာ အရမ်းချစ်ဖို့ ကောင်းနေတယ်..."

အီလီယန် က တောက်ပစွာ ပြုံးလိုက်တာကြောင့် ချစ်စရာကောင်းသွား၍ သူမ နဖူးကို နမ်းလိုက်သည်။ ယခုတစ်လော သူ တော်တော်ကြီးပြင်းလာသော်လည်း ချစ်ဖို့ကောင်းတာကတော့ မပြောင်းလဲပေ။

"သွားကြမလား..."

ရိုစီနာ နှင့် အီလီယန် သည် လက်ဆွဲပြီး ပြင်ဆင်ထားသော ရထားတွဲပေါ်သို့ တက်သွားကြသည်။ရထားတွဲသည် ခါတိုင်းနှင့်မတူဘဲ ပန်းများဖြင့် အလှဆင်ထားခြင်း ဖြစ်သည်။သူမက ရထားတံခါးကို ပိတ်ခါနီးတွင် လက်တစ်ဖက် ထွက်ပေါ်လာသည်။

"အရမ်းနောက်ကျသွားတယ်...ဆောရီးနော်"

ရာဟန် က ရထားတွဲပေါ်တက်လာပြီး ပြောလိုက်သည်။ သူက မနက်အစောကြီးကတည်းက အလုပ်ကိစ္စအတွက် နန်းတော်က ထွက်သွားသဖြင့် သူ အချိန်မီလာလိမ့်မည်ဟု သူမ တွေးမထားပေ။

"ခရီးက ဘယ်လိုလဲ..."

ထိုမေးခွန်းကြောင့် သူ့ နှုတ်ခမ်းများက အထက်ကို အနည်းငယ် ကွေးတက်သွားသည်။

"ဟုတ်တယ်…အားလုံး အဆင်‌ေပြ‌ေပြပါပဲ..."

သူက အပြုံးမပျက်ဘဲ ပြန်ဖြေလေသည်။ သူသည် တော်ဝင်မိသားစုထဲသို့ ဝင်ရောက်ခဲ့သည်မှာ ခုနစ်နှစ်ရှိပြီဖြစ်သော်လည်း တည်ထောင်ခြင်းအခမ်းအနားကို မတက်ရောက်ခဲ့ရပေ။ တက်သင့်၊မတက်သင့်ကို သူက ဆုံးဖြတ်ထားပြီးဖြစ်သော်လည်း အသေးစိတ် အပြင်အဆင်များကို ယနေ့မနက်ခင်းမှ ပြင်ဆင်ရခြင်းဖြစ်သည်။ဘုရင်မက သူ့ဆုံးဖြတ်ချက်ကို ဆန့်ကျင်မည်ဟု ထင်ထားသော်လည်း သူမက ဘာမှပြန်မပြော၍ နည်းနည်းတောင် စိတ်ရှုပ်သွားရသည်။

ယခင်က သူမသည် ရာဟန် ကို အမြဲစစ်ဆေးနေပြီး လူအများရှေ့တွင် မျက်နှာမပြသည့် အချက်ကို အခွင့်ကောင်းယူကာ ဆိုးရွားသော ကောလာဟလများကို ဖြန့်ခဲ့ခြင်းကြောင့်ဖြစ်သည်။ တတိယမင်းသား မိသားစုကို တင်ဆောင်လာသော ရထားတွဲသည် ဖြည်းညှင်းစွာ လှိမ့်လာသည်။

ဘုရင်မင်းမြတ်နှင့် ဘုရင်မတို့ကို တင်လာသော ရွှေရထားကို ဘုရင်မင်းမြတ်လက်အောက်ရှိ သူရဲကောင်းများသည် တစ်ဖက်တစ်ချက်စီတွင် ရပ်ထားကြသည်။ ဘုရင်မင်းမြတ် စီးနင်းလိုက်ပါသော ငွေရထားလှည်းသည် တော်ဝင်သူရဲတပ်ဖွဲ့များ နောက်မှ လိုက်လာခဲ့ခြင်းဖြစ်သည်။ ဘုရင်မင်းမြတ်မောင်နှံနှင့် အိမ်ရှေ့စံမှလွဲ၍ တခြား ရထားတွဲများ၏ အရောင်များကို အတိအကျသတ်မှတ်ထားခြင်းမရှိပေ။ ဒုတိယမင်းသားတို့ မိသားစု၏ ရထားမှာ အဖြူရောင်ဖြစ်သည်။ အဝါရောင်နေရောင်ကို ရွှေရောင်ရထားတွဲတို့က ရောင်ပြန်ဟပ်သောအခါတွင် ရွှေရောင်များက ပတ်ဝန်းကျင်တွင် တောက်ပနေ၏။

ရထားများသည် နန်းတော်မှ ထွက်ခွာပြီး မြို့တော်ကို ဖြည်းညှင်းစွာ လှည့်ပတ်ကြသည်။ ထောင်ပေါင်းများစွာသော ပြည်သူများသည် လမ်းမများပေါ် ထွက်ကာ ပန်းများဖြင့် ကြဲပက်ကြသည်။ စစ်ပွဲမှာ နိုင်လာသည့် သူရဲကောင်းတစ်ယောက်ကို ကြိုဆိုနေသလိုမျိုးပင်။

ရိုစီနာသည် ပြတင်းပေါက်မှ လှမ်းကြည့်လိုက်သည်။ ကလေးများသည်လည်း ပျော်ရွှင်စွာဖြင့် ရထားများဆီသို့ ပြေးလာကြသည်။ စီတန်းလာသည့် လူတန်းကြီးနောက်မှ လိုက်လာသည့် တတိယမင်းသားမိသားစု၏ ရထားတွဲမှာ အစောင့်အကြပ် သူရဲကောင်း အနည်းငယ်သာ ပါရှိသည်။ဤသည်ကိုလည်း တော်ဝင်မိသားစုက ရည်ရွယ်ပြီး လုပ်ခဲ့တာဖြစ်သည်။ တတိယမင်းသား၏ ရထားတွဲသည် အခြားသော တော်ဝင်မိသားစုများကဲ့သို့ တောက်ပြောင်မှု မရှိသော်လည်း ပိုင်ရှင်၏ အလှကို ပေါ်လွင်စေအောင် ပန်းပွင့်များဖြင့် အလှဆင်ထားသည်။

ရထားများသည် မြို့တော်၏ အဓိကလမ်းများအားလုံးကို လှည့်ပတ်ပြီး မြို့တော်ရင်ပြင်သို့ ဦးတည်သည့် စစ်နိုင်သူရဲကောင်းများအတွက် ရည်ရွယ်သည့် အောင်ပွဲခံတံခါးကို ဖြတ်သွားသည်။ တော်ဝင်မိသားစု၏ ရထားတွဲများသည် ရင်ပြင်၏ နောက်ဘက်တွင် တန်းစီပြီး ရပ်လိုက်ကြသည်။ ရင်ပြင်တော်ရှေ့တွင် လူအများအပြား စုဝေးနေကြလေပြီ။တစ်ချို့ကလည်းနေရာဦးထားရအောင် မနက်စောစောကတည်းက ရောက်နေကြခြင်းဖြစ်သည်။

ရိုစီနာ သည် အီလီယန် လက်ကို ကိုင်ထားပြီး မျှော်စင်ပေါ်သို့တက်မည့် လှေကားကို တက်လာခဲ့သည်။ထိုင်ခုံများကို ထိပ်ပိုင်းတွင် ခင်းကျင်းထားပြီး ဘုရင်မင်းမြတ်နှင့် ဘုရင်မတို့က ဘေးချင်းကပ်ထိုင်လိုက်ကြသည်။ ဒုတိယမင်းသား၊ ကြင်ယာတော်နှင့် သားသမီးတို့သည်လည်း ထိုင်ခုံများပေါ်တွင် အသီးသီးထိုင်ကြရာ ကျန်ထိုင်ခုံက တစ်လုံးသာ ကျန်တော့သည်။

ရာဟန် က အစေခံ မျက်နှာကို တစ်ချက်ကြည့်လိုက်သောအခါ သူ့မျက်နှာက ဖြူဖျော့လာသည်။

"အဲ...ကျွန်တော်လည်း သေချာပြင်ဆင်ထားတာပါ..."

အစေခံက ဆင်ခြေပေးသလို ညည်းလိုက်လျှင်၊ ထိုင်နေပြီဖြစ်သော အာဆီလီယာက ဝင်ပြောလိုက်သည်။

"အိုး…ထိုင်စရာနေရာမရှိဘူးဆိုပါလား…ဘယ်လိုလုပ်ကြမလဲ..."

ရိုစီနာ သည် ပြုံးရွှင်နေသော အာဆီလီယာ ကို ကြည့်လိုက်ရုံနှင့် ထိုင်ခုံများကို သူမကိုယ်တိုင် ပြင်ဆင်ခိုင်းထားကြောင်း သဘောပေါက်သွား၏။ကလေးဆန်သော လုပ်ရပ်ကြောင့် သူမ စိတ်ထဲက သက်ပြင်းချလိုက်မိသည်။

"အီလီယန်…ထိုင်..."

“ဟမ်…မဟုတ်ဘူး…မေမေ ထိုင်ပါ..."

အီလီယန် ခေါင်းယမ်းလိုက်၍ သူမက သူ့ခေါင်းကို ကိုင်ပြီး တိုးတိုးလေးပြောလိုက်သည်။

"မေမေ ခဏလောက် မတ်တပ်ရပ်ချင်လို့ပါ…"

ထို့နောက် အီလီယန် က မကျေမနပ် ထိုင်ချလိုက်သည်

ရိုစီနာ နှင့် ရာဟန် သည် အီလီယန် နောက်မှာ မတ်တပ်ရပ်နေခဲ့သည်။ ကံကောင်းထောက်မစွာနှင့်၊ထိုင်ခုံက နှစ်ခုံ မရှိနေခြင်း ဖြစ်သည်။ အကယ်၍ တစ်လုံးသာ မရှိပါက ရာဟန် သည် သူမအား သေချာပေါက် အထိုင်ခိုင်းမည်ဖြစ်ပေသည်။

“ကဲ…သူတို့ကို ထိုင်ခုံတစ်လုံး ယူခိုင်းလိုက်မယ်လေ..."

ရာဟန် စိတ်မသက်မသာအမူအရာဖြင့် ပြောစဉ် သူမ ခေါင်းယမ်းလိုက်သည်။

"မတ်တပ် ရပ်ရတာ မဆိုးပါဘူး..."

သူမ စကားကြောင့် ရာဟန် က စိုက်ကြည့်ပြီး တိုးတိုးလေး ပြောလိုက်သည်။

"ကိုယ်လည်း အဲ့ဒီလိုပဲ..."

သူမလည်း သူ့စကားကြောင့် ရှက်သွေးဖြာသွားရလေသည်။

ရာဟန် နှင့် ရိုစီနာ တို့သည် ဒေါသတစ်ချက်မထွက်ဘဲ တစ်ယောက်နှင့်တစ်ယောက် ကြည့်နေသောအခါ အာဆီလီယာ က မျက်မှောင်ကြုတ်လိုက်သည်။ ထိုင်ခုံတွေကို အလွတ်ထားဖို့ သူမက အမိန့်ပေးခဲ့သော်လည်း ဆန့်ကျင်ဘက်မှာတော့ သူတို့နှစ်ဦးက ပိုပျော်နေပုံတောင် ရသည်။သူတို့ပျော်အောင် သူမ လုပ်ခဲ့ခြင်းမဟုတ်ပေ။ မကြာခင်မှာပဲ ကျယ်လောင်သည့် အော်ဟစ်အားပေးသံတွေက ရင်ပြင်ကို လွှမ်းခြုံသွားပြီး ဘုရင်မင်းမြတ်နှင့် ဘုရင်မတို့ အတူမတ်တပ်ထရပ်လိုက်ကြသည်။

ရွှေရောင်ဆံပင်ရှိသူ ဘုရင်မင်းမြတ်မှာ တော်ဝင်မိသားစု၏ သင်္ကေတဖြစ်သော နေကဲ့သို့ တောက်ပစွာ ထွန်းလင်းတောက်ပနေရာ ပြည်သူများကြားတွင် အော်သံများ ထွက်ပေါ်လာသည်။ ထို့နောက် ဘုရင်မင်းမြတ်သည် နိုင်ငံတည်ထောင်ခြင်း၏ အစနေ့ကို အထိမ်းအမှတ်ပြုသည့် ဂုဏ်ပြုမိန့်ခွန်းကို ပြောကြာခဲ့သည်။ပြီးလျှင်၊ ဟာဘက် အင်ပါယာသည် နတ်ဘုရားများ၏ နယ်မြေဖြစ်ကြောင်း အခိုင်အမာ ကြေငြာလိုက်ပြန်သည်။

အိမ်ရှေ့စံအလှည့်ရောက်သောအခါ စိတ်အားထက်သန်စွာ ပြည်သူများက အော်ဟစ်လိုက်ပြန်သည်။ အိမ်ရှေ့စံသည် နတ်ဆိုးများကို နှိမ်နင်းခြင်းကြောင့် လူသိများပြီး အခြားသော တော်ဝင်မိသားစုဝင်များထက် ပိုမိုကျော်ကြားလေသည်။ ကောလဟာလတွေကလည်း တစ်နေ့တစ်ခြား ဖောင်းပွလာသည့်အတွက် အိမ်ရှေ့စံဟာ အင်ပါယာပြည်သူတွေ၏ သူရဲကောင်းဖြစ်လာခဲ့၏။ သာမန်လူများသည် အမှန်တရားကို မခွဲခြားနိုင်ဘဲ ကောလဟာလများကို ယုံကြည်ကြသည်။

အိမ်ရှေ့မင်းသား ဇီဂရစ် သည် မျက်နှာဖုံးနှင့်တူသော အပြုံးဖြင့် လူများကို ကြည့်ပြီးနောက် ခေါင်းကို ဖြည်းညှင်းစွာ လှည့်လိုက်သည်။ သူ့မျက်လုံးများသည် ရိုစီနာ ၏ မျက်လုံးများနှင့် ဆုံသောအခါ သူ့အပြုံးသည် နက်ရှိုင်းလာသည်။ထိုအခါ ရိုစီနာ သည် ချက်ချင်းပင် သူ့အကြည့်ကို ရှောင်ပစ်လိုက်သည်။ တော်ဝင်မိသားစုအရေအတွက်က သိပ်မများသောကြောင့် ဒုတိယမင်းသား၏ အလှည့်သည် လျင်မြန်စွာကုန်ဆုံးသွားပြီး တတိယမင်းသား ရာဟန် အလှည့် ရောက်လာသည်။

ထို့နောက် ပတ်ဝန်းကျင်သည် အနည်းငယ် အေးစက်သွားသည်။ စိတ်အားထက်သန်သည့် တုံ့ပြန်မှုတွေအစား အားလုံးတိတ်ဆိတ်သွားကြလေသည်။ အရင်က တစ်ခါမှ မပေါ်လာဖူးသည့် တတိယမင်းသားကို လူတိုင်းက သိချင်နေကြသော်လည်း သူတို့စိတ်ထဲမှာ အတော်လေး စိတ်ပျက်သွားသလိုပင်။

ရာဟန် ရှေ့ကို လှမ်းကြည့်လိုက်တော့ ဘုရင်မက သူ့ကို အေးစက်စွာ ကြညနေသည်။သို့သော် သူမ ရာဟန် ကို မတားခဲ့ပေ။

ရာဟန် ဖြည်းဖြည်းချင်း ပေါ်လာသည်နှင့် အားလုံး တဒင်္ဂ တိတ်ဆိတ်သွားသည်။နေရောင်အောက်တွင် တောက်ပနေသော ရွှေရောင်ဆံနွယ်တို့သည် တော်ဝင်မိသားစုဝင်တစ်ယောက်ဟု အခိုင်အမာ ပြောနေကြသည်။ထို့အပြင် သူ့မျက်နှာက လူတွေထင်သလောက် ရုပ်မဆိုးပေ။ဆန့်ကျင်ဘက်အားဖြင့် သူသည် ခပ်ဝေးဝေးမှပင် အများကြားထဲမှာ ထင်ရှားပေါ်လွင်သော ရုပ်ချောသူတစ်ဦး ဖြစ်သည်။ သူ့ပုံစံက အေးစက်စက် ဖြစ်နေသော်လည်း ရှင်းလင်းသောသူ့မျက်နှာအသွင်အပြင်၊ ချောမွေ့သောမေးရိုးနှင့် ပခုံးပြင်ကျယ်ကြီးကလည်း လူအများ၏ အာရုံစူးစိုက်မှုကို ဆွဲဆောင်နိုင်သည်။မကြာမီ တိတ်ဆိတ်မှုအဆုံးတွင် လူအုပ်ကြီးသည် ပြင်းထန်စွာ လှုပ်ခတ်လာတော့သည်။

"သူက တကယ်ပဲ တတိယမင်းသားပဲလား .."

"မဖြစ်နိုင်ဘူး…သူပဲလား..."

“တတိယမင်းသားက ရုပ်ဆိုးတယ်လို့ ပြောကြတယ်..."

သို့သော်လည်း တတိယမင်းသားကို လူကိုယ်တိုင် မမြင်ဖူးသဖြင့် အတိုက်အခံပြန်ပြောနေကြတွေ မရှိပေ။အားလုံးက တတိယမင်းသားမှန်း ယုံကြည်နေကြသည်။ထို့နောက် တန်းစီနေသော လူများက တစ်ယောက်ပြီးတစ်ယောက် တုံ့ပြန်လာသဖြင့် ကျယ်လောင်သော အသံများက ရာဟန်ကို ဝန်းရံထားတော့သည်။



Xxxxx