Chapter 65
ရိုစီနာ အပြင်ထွက်သွားခြင်းသည် မင်းသားနန်းတော်အား ဇောက်ထိုးပြောင်းသွားစေခဲ့သည်။ နန်းတော်သို့ရောက်သည်နှင့် အစေခံများသည် သူမကိုတွေ့ရန် အမြန်ထွက်လာကြသည်။ မိုးရေတွေစိုရွှဲနေသည့် သူမကိုမြင်မှ သူရဲကောင်းတွေလည်း နည်းနည်းစိတ်သက်သာရာရသွားတော့သည်။ အထီးကျန် နေရှာသော အီလီယန် သည် သူမ ပျောက်သွားတာကြောင့် ထိတ်လန့်နေရှာပြီး သူမ မျက်နှာကိုမြင်လိုက်သည်နှင့် စိုနေသည့် ဂါဝန်စကို ဆွဲဆုပ်ထားတော့သည်။သူမက သူတို့အားလုံးကို စုပြီး ရှင်းပြရလေသည်။ ဘာကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်လာသည်ကို သူမ မသိသော်လည်း နောက်ကျမှပြန်လာမိသည့်အတွက် သူမ တာဝန်ယူရလေသည်။
နောက်တစ်နေ့တွင် ရိုစီနာ သည် ချည်မျှင်ကဲ့သို့ လေးလံနေသော ခန္ဓာကိုယ်ကို ထရန် ကြိုးစားနေသော်လည်း မအောင်မြင်ခဲ့ပေ။ သူမသည် ထပ်ခါထပ်ခါ ထရန်ကြိုးစားသော်လည်း ကုတင်ကြီးက သူမ ခန္ဓာကိုယ်ကို အတင်းဆွဲလှဲနေသကဲ့သို့ ခံစားရသည်။ သူမလည်း မျက်တောင်ကို အားယူဖွင့်ရင်း ရေရွတ်လိုက်၏။
"ဘာလို့ မျက်နှာကျက်က လှုပ်နေတာလဲ..."
မျက်နှာကျက်ပေါ်ရှိ ပုံစံများမှာ အပိုင်းများစွာခွဲကာ ထိုအပိုင်းများက ပြန်ပေါင်းစည်းသွားသလို ဖြစ်နေတော့သည်။
"အား"
စူးရှသော သူမ အသံနှင့်အတူ အသက်ရှူသံများ ပြင်းထန်လာသည်။ သူမသည် အနည်းငယ် လှုပ်ရှားရန် ကြိုးစားသော်လည်း လက်တစ်ချောင်းပင် မလှုပ်နိုင်ပေ။ မနေ့က မိုးအရမ်းရွာနေတာကြောင့် ဖြစ်မည်။ နွေရာသီနှောင်းပိုင်းနှင့် ဆောင်းဦးရာသီအစောပိုင်း ကြားကာလ ဖြစ်သောကြောင့် ဥတုအပြောင်းအလဲဖြစ်၍ ရေစိုကြီးနှင့် အတန်ကြာ လမ်းလျှောက်နေခဲ့သောကြောင့် အအေးမိသွားခြင်း ဖြစ်နိုင်သည်။ မနေ့က လမ်းကြားလေးမှာ ရပ်နေတဲ့ လူတစ်ယောက်နှင့် သွားစကားပြောမိတာကြောင့်များ အအေးမိသွားတာလားဟု တောင်တွေးမြောက်တွေး တွေးနေမိတော့သည်။
ရိုစီနာ သည် သူမကိုယ်သူမ သနားလာတာကြောင့် သက်ပြင်းချလိုက်သည်။ တည်ထောင်သည့်နေ့ မတိုင်မီ ရက်အနည်းငယ်သာ ကျန်တော့သဖြင့် ဖျားနေလို့မဖြစ်ပေ။သူမ လည်ချောင်းထဲက ယားတက်လာသဖြင့် ချောင်းအခါခါဆိုးလိုက်ပြီး မျက်လုံးမှိတ်လိုက်ပြန်သည်။ထို့နောက် တစ်ဖန် အိပ်ပျော်သွားပြီး တံခါးခေါက်သံကြားမှသာ လန့်နိုးလာသည်။
"မေမေ..."
အီလီယန် အသံပင် ဖြစ်သည်။ရိုစီနာ သည် တုန်လှုပ်ချောက်ခြားနေသော အခြေအနေကြောင့် ဘာဖြေလို့ဖြေရမှန်း မသိပေ။သူမ ဖြေနိုင်လျှင်တောင် ဘာပြောရမှန်းကို မသိတော့။ ထို့နောက် တံခါးဖွင့်သံကြားရပြီး တံခါးလက်ကိုင်ကို ကိုင်ထားသည့် အီလီယန် က သူမဆီ ရောက်လာသည်။ ကုတင်ပေါ်တွင် လဲလျောင်းနေသေးသည့် သူမကို ကြည့်ရင်း၊ကုတင်ဘေးတွင် ထိုင်၍ စိုးရိမ်နေသော အသံနှင့် မေးလာလေသည်။
"မေမေ နေမကောင်းဘူးလား..."
“…အီလီယန် ထွက်သွား”
ရိုစီနာ သည် အက်ကွဲခြောက်ကပ်နေသော အသံဖြင့် စကားဆိုလိုက်သည်။ သူမသည် အခြားအရာအားလုံးနှင့် အဆင်ပြေသော်လည်း၊အီလီယန် အအေးမိသွားမှာကို စိုးရိမ်နေမိသည်။ ကလေးက အားနည်းနေသေးသည့်အတွက် အအေးမိသွားလျှင် အကြာကြီးနေမကောင်းဖြစ်သွား ပေလိမ့်မည်။
“အိုး…”
အီလီယန် က အချိန်ဆွဲနေကာ ထွက်မသွားသေးသဖြင့် သူမ ပြန်ပြောရပြန်သည်။
"သား အအေးပတ်မှာစိုးလို့ပါ..."
"အဆင်ပြေပါတယ်……"
သူမ ချောင်းဆိုးလိုက်ပြန်သည်။
“မဟုတ်ဘူး…မေမေက ခဏနေရင် နေကောင်းလာမှာလေ…အဲ့ဒီအခါကျ သားနဲ့ အတူကစားမယ်နော်..."
သူ့ကို ပြတ်ပြတ်သားသား ငြင်းလိုက်ခါမှ အီလီယန် သည် နောက်ဆုံးမှာ ခေါင်းညိတ်ပြပြီး အခန်းထဲမှ ထွက်သွား လေတော့သည်။ထိုအခါမှ သူမလည်း ကုတင်ပေါ်ပြန်လှဲလိုက်သည်။ ဆေးသောက်ရမည် ဖြစ်သော်လည်း ဖျားနေသဖြင့် ဘာမှလုပ်ချင်ကိုင်ချင် စိတ်မရှိပေ။ ထို့အပြင် အစေခံအများစုသည် လာမည့် တည်ထောင်သည့် နေ့အတွက်ကြိုတင်ပြီး ပြင်ဆင်စရာရှိတာများ ပြင်ဆင်ရန်သွားကြသည်။သူမသည် အနည်းငယ် အနားယူပြီးနောက် အိပ်ရာ ထသင့်ပြီဟု ထင်ခဲ့သော်လည်း တစ်ဖန် အိပ်ပျော်သွားပြန်သည်။
***
မွန်းတည့်ချိန် ရောက်သောအခါ၊ ရိုစီနာ သည် အခန်းထဲမှ မထွက်ကြောင်း ရာဟန် သတင်း ကြားလိုက်ရပြီး နန်းတော်ဆီသို့ ချက်ချင်းပြန်လာခဲ့သည်။ စိုးရိမ်နေသကဲ့သို့ မျက်နှာထားနှင့် အိပ်ခန်းထဲမှ ထွက်လာသော သူမ၏ လက်ထောက်ဖြစ်သူ အယ်လာ သည် ရာဟန် ကို တွေ့သောအခါ ချက်ချင်းပင် ခေါင်းညိတ်လိုက်သည်။
"သူမကရော..."
"ဒီနေ့မနက်ကတည်းက သူမ အိပ်ခန်းထဲက မထွက်ပါဘူး…အရှင့်သား..."
ရာဟန် သည် ယနေ့ ဖြစ်ပျက်ခဲ့တာတွေကို သူမ ဆီကနေ အစုံကြားလိုက်ရသည်။ ရိုစီနာ သည် နိုးရမည့်အချိန်ရောက်သော်လည်း အိပ်ခန်းထဲက မထွက်ဘူးဟု ဆိုနေသည်။ အယ်လာ က နေ့လယ်စာမစားသေးသဖြင့် အခန်းပြင်က ခေါ်ကြည့်ရာတွင်လည်း အခါ အဆင်ပြေကြောင်းသာ ပြန်ကြားရလေသည်။ အစေခံဖြစ်သူ သူမသည် မင်းသမီး၏စကားကို မဆန့်ကျင်နိုင်သောကြောင့် တံခါး ဖွင့်ဝင်၍မရပေ။ ထို့နောက် ရာဟန် သည် အိပ်ခန်းတံခါးကို ချက်ချင်း ခေါက်လိုက်လျှင် အချိန်အတော်ကြာသော်လည်း အတွင်းမှ အဖြေမထွက်လာပေ။
"ရိုစီနာ…ကိုယ် ဝင်လာလို့ရမလား..."
အဖြေထွက်လာဖို့ အချိန်အတော်ကြာအောင် သူ စောင့်နေတော့သည်။ အဖြေမကြားရသောအခါ သူက တံခါးကို ချက်ချင်းဖွင့်ဝင်လိုက်သည်။ အိပ်ခန်းထဲသို့ ဝင်လိုက်သောအခါ ရိုစီနာ သည် ကုတင်ပေါ်တွင် လှဲလျောင်းနေတာကို တွေ့လိုက်ရသည်။ စောင်ထဲမှာ မြှုပ်ထားသည့် သူမ၏ မျက်နှာက နီရဲတွတ်နေသည်။သူမသည် မျက်လုံးမှိတ်ထားရင်း အသံတစ်ခုကြားလိုက်သောအခါ မော့ကြည့်လာသည်။
“…ကျွန်မ မကြားလိုက်ဘူး…တောင်းပန်ပါတယ်..."
တိုးလျသော အသံကြောင့် ရာဟန် မျက်မှောင်ကြုတ်လိုက်သည်။ထိုအခါမှ မိုးရေထဲမှာ သူမ အကြာကြီးနေခဲ့ရ၍ အအေးမိနေခြင်းဟု သဘောပေါက်သွားရလေသည်။
"အအေးမိသွားတာလား..."
သူမက ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်၍ စောင်ကို ဆွဲယူလိုက်ပြီး ကုတင်အစွန်းကို တိုးအိပ်လိုက်သည်။
"ကျွန်မ ထပ်အိပ်လိုက်ရင် နေကောင်းသွားပါလိမ့်မယ်..."
သူမ၏ တိုးလျသောအသံသည် မပီသတော့ချေ။သို့သော် ရာဟန်ပါ အဖျားကူးသွားမှာစိုး၍ ပြောလိုက်ရခြင်းဖြစ်၏။
"တောင်းပန်ပါတယ်… ဒါပေမယ့် ထွက်သွားပေးပါလား..."
ရာဟန် က တစ်ချက်မှ မလှုပ်ဘဲ သူမကို ငုံ့ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။
"နာနေလား..."
“… ရပါတယ်…အရင်ကလည်း ဖျားဖူးတာပဲဟာ"
ပထမဦးဆုံးအကြိမ်ပင်၊ရာဟန် သည် သူမ၏အဖြေကို ဒေါသထွက်သွားရသည်။
“မမိုက်စမ်းနဲ့...”
“….”
"နေမကောင်းဖူးတဲ့သူရယ်လို့ ရှိမှာမဟုတ်ဘူး...”
ဤသည်မှာ ပထမဆုံးအကြိမ် ရာဟန် က သူမကို လေသံမာမာနှင့် ပြောဆိုခြင်းဖြစ်၍ သူမ အံ့အားသင့်သွားပြီး မျက်တောင်ကို ခတ်လိုက်သည်။
"ဒီနေ့ မင်းစကားကို ကိုယ် နားထောင်မှာမဟုတ်ဘူး..."
ရာဟန် သည် ကုတင်နားကို လျှောက်သွားကာ ကုလားထိုင်ပေါ်မှာ ထိုင်ချလိုက်သည်။ ထို့နောက် ချက်ချင်း လက်ဆန့်ကာ သူမ နဖူးပေါ်ကို တင်ကြည့်လိုက်သည်။ အေးမြသော လက်ဖဝါးကြီးက သူမ နဖူးကို ထိလိုက်သည်နှင့် သူမသည် ကြောင်လေးတစ်ကောင်လို မျက်လုံးများ မှိတ်ကျသွားသည်။ အေးမြသော အရာတစ်ခုက သူမကို ထိမိသောအခါ သူမ စိတ်ရွှင်လန်းလာရတော့သည်။
"မင်း အဖျားကြီးနေတယ်..."
ရာဟန်က သူ့လက်ကို ဖယ်လိုက်ပြီး ရိုစီနာ ကို လေးနက်စွာ ငုံ့ကြည့်လိုက်သည်။
"ဆေးတစ်ခုခု သောက်ပြီးပြီလား..."
“…..”
သူမက မဖြေသောအခါ သူ သက်ပြင်းချလိုက်သည်။
"မင်း နေ့လည်စာ မစားရသေးဘူးဆို..."
ပြန်ဖြေမည့်အစား သူမ မျက်တောင်တစ်ချက်သာ ပုတ်ခတ်လိုက်သည်။ သူမ တစ်ခုခုပြောချင်သော်လည်း ခေါင်းကိုက်ပြီး အဖျားကြောင့် ခေါင်းမူးလာပြန်သည်။
"မျက်လုံးမှိတ်ထားဦး..."
ရာဟန် သည် သူမ နဖူးကို အသာအယာပွတ်သပ်လိုက်ပြီး ရေချိုးခန်းထဲသို့ ချက်ချင်းဝင်သွားခဲ့သည်။ ထို့နောက် သူက မျက်နှာသုတ်ပုဝါကို ရေအေးထဲမှာစိမ်ပြီး ရေကိုညှစ်ထုတ်လိုက်သည်။ပြီးလျှင်၊ မီးလုံးနှင့်တူသော သူမ နဖူးပေါ် မျက်နှာသုတ်ပဝါကို တင်လိုက်သောအခါ သူမ အနည်းငယ် ဝေဒနာသက်သာ သွားရသည်။ ထို့နောက် အခန်းထဲက ချက်ချင်းထွက်သွား၍ အယ်လာ ကို ဆရာဝန်ခေါ်လာဖို့ ပြောလိုက်သည်။ပြီးလျှင်၊ သူမ ဆေးသောက်လို့ရရန် ထမင်းစားခန်းကို အမြန်သွားလိုက်သည်။
သူမ နာမကျန်းဖြစ်နေမိစဉ် လေသံနည်းနည်းမာမိသည့်အတွက် စိတ်မကောင်းဖြစ်နေရကာ မနေ့က မိုးရေထဲမှာ ထားခဲ့ရသည့်အတွက်လည်း သူ့ကိုယ်သူ အပြစ်တင်နေမိသည်။ စတိုးဆိုင်ရှေ့က အမိုးအောက်မှာ စောင့်ခိုင်းပြီး ရထားလုံးကို သူကိုယ်တိုင် သွားခေါ်သင့်ပေသည်။သို့သော် အလျင်လိုနေသောကြောင့် မလုပ်နိုင်ခဲ့ပေ။ သူ သက်ပြင်းတစ်ချက်ချလိုက်ပြီး ထမင်းစားခန်းတံခါးကို ဖွင့်လိုက်သည်။
***
အချိန်အကြာကြီး လှဲအိပ်ပြီးနောက် ရိုစီနာ သည် ပူပူနွေးနွေး စွပ်ပြုတ်ကို စားလိုက်သောအခါ ဗိုက်ပြည့်သွားရသည်။ စွပ်ပြုတ်ပန်းကန်ကို ရှင်းပြီးချိန်မှာ ဆရာဝန်က မင်းသားနန်းတော်ဆီ ရောက်လာသည်။ ဆရာဝန်သည် သူမကို စစ်ဆေးပြီး သူမ သောက်ရန် ဆေးများပေးလိုက်သည်။ ထိုအတောအတွင်း ရာဟန် သည် သူမဘေးမှ တစ်ဖဝါးမှ မခွာပေ။အဆင်မပြေတာရှိမရှိ မေးပြီး စိုနေသည့် မျက်နှာသုတ်ပုဝါကို တစ်ခုပြီးတစ်ခု ပြောင်းကပ်ပေးနေ၏။သူမသည် မှုန်ဝါးဝါးဖြစ်နေသည့် ကြားကပင် သူ့မျက်နှာကို စိုက်ကြည့်နေမိသည်။သူ့ပုံစံက သူမ အဖေကို သတိရသွားစေသည်။
သူမသည် ငယ်စဉ်ကပင် မိုးမိသောအခါ အအေးမိတတ်သည်။ ထိုအခါ သူမ အဖေက အလုပ်များနေသည့်ကြားထဲမှ နာမကျန်းဖြစ်နေသည့် သူမအတွက် ဘေးမှာနေဖို့ အချိန်ပေးခဲ့သည်။နေမကောင်းနေချိန်မှာ သူမဘေးတွင် တစ်စုံတစ်ယောက် ရှိသည်ဆိုသောအချက်က သူမအား ခွန်အားများစွာပေးခဲ့သည်။ ဖခင်ဆုံးပါးသွားပြီးနောက် တစ်ကိုယ်တည်းနေသည့်အခါတိုင်း မည်မျှ ဝမ်းနည်းမိမှန်း စကားလုံးများနှင့် ဖော်မပြတတ်ပေ။
သူမ မျက်လုံးများကို မှိတ်ထားလိုက်သည်။ ဆေးကြောင့်ဖြစ်နိုင်သည် ၊ သူမသည် ပို၍ သက်တောင့်သက်သာခံစားရပြီး အိပ်ငိုက်လည်း ပြေပျောက်သွားသည်။ ထို့နောက် သူမသည် ကုတင်ဘေးတွင် ထိုင်နေသော ရာဟန် အား တိုးတိုးပြောလိုက်သည်။
"…ကျေးဇူးတင်ပါတယ်"
ထိုစကားကိုကြားသောအခါ ရာဟန် သည် မှုန်ကုပ်နေသော မျက်မှောင်မှာ ဖြေလျော့သွားပြီး သူ့ထုံးစံအတိုင်း မျက်နှာအမူအရာ ကင်းမဲ့သွားသည်။
"မြန်မြန်နေကောင်းပါစေ..."
သူ့စကား ဆုံးလျှင် သူမ ဖြည်းဖြည်းချင်း အိပ်ပျော်သွားတော့သည်။
***
သူမ ဒီလိုအိပ်နေတာ ဘယ်လောက်ကြာပြီလဲ…
ရိုစီနာ သည် မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ တစ်ညလုံး ကောင်းကောင်း အိပ်ပျော်ပြီးနောက် လေးလံသော ခန္ဓာကိုယ်သည် ပေါ့ပါးလာသလိုရှိသည်။သူမ စောင်ကို ဖယ်ကာ ပြတင်းပေါက်မှ အပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။ အပြင်မှာ မိုးရွာနေတုန်း ဖြစ်၍ မှောင်နေသေးသည်။ဤ ရက်ပိုင်း မိုးရွာနေရသဖြင့် ရုတ်တရက် ဆောင်းဦးရောက်လာပြီ ဖြစ်သည်။
"အာ…”
အဖျားကျသွားသော်လည်း လည်ချောင်းနာတာက မသက်သာသေးပေ။ စတင်တည်ထောင်သည့် ပွဲတော်မတိုင်မီ အနည်းဆုံး သူမ သက်သာသွားမည်ဟုတော့ မျှော်လင့်ရသည်။
“…..”
ခေါင်းအုံးဘေးက စိုနေသည့် မျက်နှာသုတ်ပုဝါကို သူမ ကောက်ကိုင်လိုက်၏။ ဤမျက်နှာသုတ်ပုဝါကို လွန်ခဲ့သော နာရီအနည်းငယ်ခန့်ကတည်းက လဲထားပုံရသည်။
ရာဟန် က အဲ့ဒီအချိန်အထိ သူမနဲ့ အတူရှိနေခဲ့ပါသလား…
စိုစွတ်နေသော မျက်နှာသုတ်ပုဝါကို ကိုင်လိုက်လျှင် သူမ လက်ချောင်းထိပ်တွေက အဖျားပြန်တက်သွားသလို ပူလာ၏။
"မင်းသမီးရှင့်..."
အယ်လာ က သူမကို အပြင်ကနေ ခေါ်လိုက်ရာ သူမလည်း အိပ်ယာမှ ထကာ အဝတ်အစားများ လဲလိုက်သည်။ ထို့နောက် အပြင်မှ အယ်လာ ၏ အသံကို ထပ်မံကြားရပြန်သည်။
"ဧည့်သည် ရောက်နေပါတယ်..."
"ဧည့်သည်..."
သူမလည်း တံခါးကိုဖွင့်လိုက်ရင်းက....
"ဘယ်သူလဲ..."
သူမ ခေါင်းကို မော့ကြည့်လိုက်သည်နှင့် စကား ဆက်မပြောနိုင်တော့ပေ။ အကြောင်းမှာ အယ်လာ ဘေးတွင် ရပ်နေသူမှာ အိမ်ရှေ့စံမင်းသား ဇစ်ဂရစ် ဖြစ်နေတာကြောင့်ပင်။
"မင်းဖျားနေတယ်လို့ ကြားလို့ပါ..."
ဇီဂရစ် သည် နူးညံ့သောအပြုံးဖြင့် ပန်းစည်းကို ပေးလိုက်သည်။ ရိုစီနာ သည် ခေါင်းတစ်ချက် မိုက်ကနဲဖြစ်သွား၍ နားထင်ကို ဖိထောက်ထားရသည်။
သူမ နေမကောင်းကြောင်းကို သူဘယ်လိုသိလာတာလဲ…
နေမကောင်းမဖြစ်ခင်က သူမ နန်းတော်ကို သူ တစ်ယောက်တည်း အလည်သဘောမျိုး လာဖို့တောင် မနီးစပ်ခဲ့ကြပေ။သူမ အယ်လာ ကို တစ်ချက်ကြည့်လိုက်ရာ အယ်လာ က မျက်နှာပျက်သွားပြီး ခေါင်းငုံ့ထားလိုက်သည်။ သူမ ငြင်းဆိုခဲ့ပုံရသော်လည်း သူက အတင်းဝင်လာခြင်းမှာ သေချာသည်။
"အရှင့်သား ရုတ်တရက် လာမယ်ဆိုတာ မသိဘူး..."
သူမက ပြတ်သားစွာပြောလိုက်သော်လည်း သူက အပြုံးမပျက်သေးပေ။
"ဘာကိစ္စရှိလို့လဲ..."
ရိုစီနာက မြန်မြန်ပြန် စေချင်သဖြင့် အမြန်မေးလိုက်သည်။ ကံမကောင်းစွာဖြင့်၊ သူ့ကိစ္စက မပြီးသေးပေ။
“မင်းကို ပြောစရာရှိလို့ လာတာ…အခု သူ ဒီမှာ မရှိဘူးလား..."
"...သူ အပြင်ထွက်သွားပါတယ်"
ထိုအခါ သူ့မျက်နှာမှာ စိတ်သက်သာရာရသွားဟန် ရှိပေသည်။
"မင်း ကိုယ့်ကို လက်ဖက်ရည်တစ်ခွက်လောက် မတိုက်တော့ဘူးလား..."
"ကျွန်မ နေမကောင်းဖြစ်နေလို့ပါ…"
ရိုစီနာ က သူ့ကို ငြင်းပယ်ခဲ့သော်လည်း သူက နောက်ပြန်မဆုတ်သေး။
"ဒါဆို ကျေးဇူးပြုပြီး ကိုယ့်ကို အချိန်ခဏ ပေးပါ..."
ယခု သူမမှာ ငြင်းဆိုရန် အကြောင်းပြချက်များ မရှိတော့သည်ကို နားလည်လိုက်ပြီး တစ်ချိန်တည်းမှာပင် အယ်လာ ကို မျက်တောင်ခတ်ပြလိုက်သည်။အယ်လာ ကလည်း ရာဟန်ကို သွားခေါ်ရမည်ဖြစ်ကြောင်း အထာနပ်သွားကာ ချက်ချင်းပဲ နေရာကနေ ထွက်သွားခဲ့သည်။ အယ်လာ လှည့်ထွက်သွားသည်နှင့် ရိုစီနာ သည် အင်္ကျီအဝတ်အစားများကို သပ်သပ်ရပ်ရပ်ဖြစ်အောင် တစ်ချက်ပြင်ကာ ပန်းချီခန်းဆီကို ဦးတည်သွားခဲ့သည်။ ပန်းချီခန်းထဲမှာ သူမသည် ဇီဂရစ်နှင့် မျက်နှာချင်းဆိုင်ထိုင်လိုက်ရာ ဆူးကူရှင်ပေါ်မှာ ထိုင်နေသလို ခံစားရသည်။တတိယမင်းသား နန်းတော်တွင် သူမအား ဝန်ထုပ်ဝန်ပိုးဖြစ်စေသော လူတစ်ယောက်နှင့် အတူထိုင်ရမည်ဟု သူမ တစ်ခါမှ မတွေးခဲ့ဖူးပေ။
"မင်း စဉ်းစားပြီးပြီလား..."
"ဘာကိုဆိုလိုတာလဲရှင်"
"ပြီးခဲ့တဲ့ အခေါက်က ပြောခဲ့တာတွေပေါ့..."
သူမ ခဏ ဘာမှမဖြေဘဲနေလိုက်သည်။ တော်ဝင်နန်းတော်အပြင်ဘက်တွင် တွေ့ဆုံကြသည့်အချိန်ကို သူက ရည်ညွှန်းနေပုံရသည်။ ထိုအချိန်က သည် ရာဟန် က သူမ၏ စွမ်းအားကိုလိုအပ်တာကြောင့် သူမကိုလက်ထပ်ထားကြောင်း ပြောကြားခဲ့သည်။
"ကျွန်မ အရှင့်သားရဲ့ စကားကို မယုံပါဘူး..."
သူမ၏ ပြတ်သားသော အဖြေကြောင့် ဇီဂရစ် က ရယ်မောလိုက်သည်။
"တစ်ကယ်တော့ ကိုယ့်မှာ လက်ဆောင်တစ်ခုရှိတယ်..."
သူသည် စားပွဲပေါ်ရှိ သေတ္တာငယ်လေးကို ထုတ်လိုက်သည်။
“ဒါလေးက ဆေးပါ...”
“….?”
"ဒီဆေးတစ်ပြားပဲစားပါ…အဖျားကျသွားပြီး ချောင်းဆိုးတာ ရပ်သွားလိမ့်မယ်"
ဤမျှဆိုလျှင် ထိရောက်မှု ကြီးမားသော ဆေးဖြစ်လေသည်။ သူမအား တန်ဖိုးကြီးမားသည့် ဆေးမျိုးကို ဘာကြောင့် ပေးမှန်း နားမလည်သဖြင့် သူ့ကို ပြန်ကြည့်နေလိုက်သည်။
"ဒါက ပိုက်ဆံဘယ်လောက်ပဲ သုံးသုံး …ကုန်ကုန်ပြောမယ်…ရာဟန် တောင် မရနိုင်တဲ့ဆေးပါ..."
ဇီဂရစ် သည် သူမအား ဤကဲ့သို့ ဆေးမျိုးကို ပေးသည့်အတွက် သူ့ခံစားချက်အစစ်အမှန်ကို ပြသနေသလိုရှိသည်။
"မင်း ကိုယ့်အနားမှာရှိနေရင် မင်းပျော်မှာသေချာတယ်..."
“….”
ယခု သူ့စကားများသည် အထင်မှား လောက်အောင်ပင် မယုံနိုင်စရာကောင်းလှသည်။ သူ ရိုစီနာ ကို မော့ကြည့်လိုက်သည်။ ဖန်လုံးများကဲ့သို့ ကြည်လင်သော မျက်လုံးပြာများသည် သူမပုံရိပ်ဖြင့် ပြည့်နှက်နေသည်။
ရိုစီနာ သည် သူ့အကြည့်ကို သတိထားမိကာ လန့်သွားရသည်။ သူနှင့် ရင်ဆိုင်ရတိုင်း သူမ စိတ်ထဲမှာ တစ်မျိုးဖြစ်လာတတ်ပြီး ရင်ဘတ်ထဲက ထိတ်လန့်ကာ ချမ်းတုန်လာသည်။ထို့နောက် သူက ထလာပြီး သူမ ဘေးကို လျှောက်လာနေပြန်သည်။
"မင်းမှာ လောဘမရှိဘူးလား...."
ဇီဂရစ် က မြွေတစ်ကောင်လိုခြိမ်းခြောက်နေဟန်ဖြင့် တီးတိုးပြောလိုက်သည်။
"မင်းရဲ့ လက်ရှိဘဝနဲ့ ယှဉ်လို့မရတဲ့ သာယာလှပတဲ့ ဘဝတစ်ခုကို မင်းခံစားနိုင်တယ်… လူတိုင်းက မင်းကိုဆို ရိုသေနေကြမယ့်ဘဝ… မင်းခြေထောက်အောက်မှာ ဘယ်သူ့ကိုမဆို ထားနိုင်တယ်..."
“….”
"ရာဟန် က မင်းကို ချစ်တယ်လို့ မင်းထင်လား... "
ရိုစီနာ ၏ မျက်တောင်များ လှုပ်ယမ်းသွားသည်။
“အဲ့ဒီလိုထင်ရင် သူ့ရဲ့ အလှည့်စားကို မခံပါနဲ့… မင်းကို သူ့ဘေးမှာ ထားရတဲ့ အကြောင်းရင်းက နတ်ဘုရားရဲ့ တန်ခိုးကြောင့်ပဲ...”
သူမ မျက်နှာဖြူဖျော့သွားသည်ကို မြင်တော့ ဇီဂရစ် အတွင်းစိတ်ထဲက ပြုံးနေမိ၏။
"ရာဟန် သာ နတ်ဘုရား တန်ခိုးမရှိဘူးဆိုရင် တော်ဝင်မိသားစုကနေ နှင်ထုတ်ခံရလိမ့်မယ်… အဲ့ဒါကြောင့် သူက မင်းကို ဘေးနားမှာ ထားထားတာ..."
သူ၏ တီးတိုးစကားကြောင့် သူမ လက်သီးတွေကို တင်းတင်းဆုပ်လိုက်ပြီး လက်သည်းများက လက်ဖဝါးထဲသို့ နစ်ဝင်သွားသောအခါ နာကျင်မှုကို ခံစားလိုက်ရသည်။ စူးရှသောနာကျင်မှုကြောင့် သူမ သတိပြန်ဝင်လာကာ သူ့ကို အေးစက်စွာမေးလိုက်သည်။
"အရှင့်သား…ဘာလို့ ကျွန်မကို ဒီလိုတွေ လာပြောနေတာလဲ..."
"ဒီ့အတွက်ကြောင့်ပေါ့..."
ဇီဂရစ် က ပြုံးပြီး သူမ လက်ကို ဆုပ်ကိုင်ထားလေသည်။
"ဘာလို့လဲဆိုတော့ မင်းက ပြီးပြည့်စုံတဲ့ အိမ်ရှေ့စံ မင်းသမီးလောင်း ဖြစ်လို့ပေါ့..."
"ရှင်… ဘာတွေပြောနေတာလဲ...!"
ရိုစီနာ သူ့လက်ကို ခါမည်ပြုစဥ် တံခါးဖွင့်သံ ကြားလိုက်ရပြီး တစ်စုံတစ်ယောက်သည် ပန်းချီခန်းထဲသို့ လျှောက်လာသည်။ ထို့နောက် တစ်ချိန်တည်းမှာပင် သူသည် ဇီဂရစ် လက်ကို ဖယ်လိုက်ပြီး သူမကို သူ့ရင်ခွင်ထဲ ဆွဲယူလိုက်သည်။
Xxxxx