အပိုင်း၆၄
Viewers 13k

Chapter 64

'ဦး လုပ်ခိုင်းထားတာ မဟုတ်​လား' ဟု

ပြော​နေသည့် မျက်​လုံး​တွေနှင့်ပင်။

ရာဟန် က သူ့ကို အေးအေးဆေးဆေး ကြည့်၍သာ တုန့်ပြန်လိုက်သည်။ ရိုစီနာ မှာ အနည်းငယ် စိတ်ရှုပ်သွားသော်လည်း မကြာမီပင် သူရဲကောင်းများကို အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။ နောက်ဆုံးတော့ သူတို့ဟာ အီလီယန် ၏ မွေးနေ့ပွဲကို ဂုဏ်ပြုဖို့ တကူးတက လာခဲ့ကြသူတွေပင်ဖြစ်လေသည်။

အားလုံး ထိုင်ကြပြီး‌နောက် သူမသည် ကိတ်မုန့်ပေါ်တွင် ဖယောင်းတိုင်များ ထွန်းထားလိုက်သည်။ မီးမငြိမ်းသွားခင်မှာ အီလီယန် ရှေ့တွင် စာရွက်တစ်ရွက်ကို ထုတ်ပေးလိုက်၏။အကြောင်းမှာ ဆန္ဒတစ်ခုကို စာရွက်ပေါ်တွင် ရေးပြီး ဖယောင်းတိုင်မှုတ်ပါက တစ်နေ့မှာ အကောင်အထည်ဖော်နိုင်မည်ဟု အင်ပါယာတွင် ဒဏ္ဍာရီတစ်ခုရှိနေခြင်း ဖြစ်သည်။

အီလီယန် သည် ချက်ချင်းပင် စာရွက်ပေါ်တွင် တစ်စုံတစ်ခုကို ရေးခြစ်လိုက်ပြီး ဖူးကနဲနေအောင် မီးမှုတ်လိုက်တော့သည်။ ဖယောင်းတိုင်မီး လုံးဝငြိမ်းသွားသောအခါ အားလုံးက လက်ခုပ်တီးကြသည်။

ရာဟန် က ကိတ်မုန့်ကို လှီးပေးနေတုန်း အီလီယန် သည် လက်ဆောင်တွေကို တစ်ခုပြီးတစ်ခု ဖွင့်လိုက်သည်။အစေခံများပေးသော ရိုးရိုးရှင်းရှင်းလက်ဆောင်များ၊ အီဘယ်လာ ယူလာသည့် ရောင်စုံဦးထုပ်နှင့် ဖိနပ်များ၊ ရိုစီနာ ပြင်ဆင်ထားသော အရုပ်ကလေးများအထိ လက်ဆောင်အမျိုးမျိုးရှိပေသည်။ အထုပ်များကို စေ့စေ့စပ်စပ်ဖွင့်နေသော အီလီယန် သည် လက်ဆောင်တစ်ခုအရောက်တွင် ခေတ္တရပ်လိုက်သည်။ ရှည်လျားသော သေတ္တာတစ်ခုတွင် ဓားအိမ်အသေးလေး တစ်ခုရှိနေလေသည်။သစ်သားဓားမဟုတ်ဘဲ၊ တစ်ကယ့်ဓားတစ်လက်ပင်။ အီလီယန် သည် ဓားအစစ်ကလေးနှင့် အလွန်တူနေတာကြောင့် လက်ဆောင်ကို သူ အနှစ်သက်ဆုံးဖြစ်နေသဖြင့် သူ့မျက်လုံးများက တောက်ပနေတော့သည်။

သူ့ကို ဘယ်သူပေးတာလဲ…

သူ ပတ်ပတ်လည်ကို ကြည့်လိုက်သောအခါ သိသိသာသာ ပြုံးပြနေသော ရာဟန် ကို တွေ့လိုက်ရသည်။

'အဲ့ဒါ ဖေဖေ့ဆီက လက်ဆောင်ပါ...'

ဟု သူ့မျက်လုံးတွေက စကား ပြောနေလေသည်။

အီလီယန် သည် မျက်မှောင်ကြုတ်မိသွားသော်လည်း အမြန်ဖြေလျှော့လိုက်သည်။ လက်ဆောင်ပေးသူကို မကြိုက်သော်လည်း လက်ဆောင်ကိုတော့ တစ်ကယ်ကြိုက်ပေသည်။

"ကျေးဇူးတင်ပါတယ်..."

အီလီယန် က အားလုံးကို ကြည့်ပြီး ကျေးဇူးတင်ကြောင်း ပြောလိုက်သည်။ ထိုအခါ ရာဟန် မှလွဲ၍ အားလုံးကလည်း ပျော်ရွှင်စွာ ပြုံးနေကြတော့သည်။ ပါတီပွဲတက်လာသူအားလုံးမှာ ကိတ်မုန့်နှင့် တခြားအစားအစာတွေ ဝေစုရကြသည်။ထို့အပြင် ထရိအက်သူရဲကောင်း များကလည်း ဝတ်စုံတွေဝတ်ပြီး ဖျော်ဖြေပေးကြ၏။

ညနေစောင်းတော့ ပါတီပြီးသွားလေသည်။ ရိုစီနာ သည် ထိုင်ခုံတွင်ဝင်ထိုင်လိုက်ကာ စားပွဲပေါ်မှာအိပ်နေရှာသော အီလီယန် ကို ငေးကြည့်နေလေသည်။ ပင်ပန်းလွန်းသဖြင့် ဤနေရာမှာပင် အိပ်ပျော်သွားခြင်းဖြစ်သည်။သူမသည် အီလီယန် ၏ဆံပင်ကို သပ်တင်ပေးပြီး အောက်သို့ငုံ့ကြည့်လိုက်သည်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည့်တိုင် သူက တစ်စုံတစ်ခုကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတာဖြစ်သည်။ သူမလည်း သိချင်စိတ်ကြောင့် အီလီယန် ၏ လက်ချောင်းများကို တစ်ခုပြီးတစ်ခု ဖြန့်ကြည့်လိုက်ရာ စာရွက်တစ်လိပ်က ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ စာရွက်မှာ စောစောက ရေးခဲ့သည့် သူ့ဆန္ဒဖြစ်ကြောင်း သူမလည်း သဘောပေါက်သွား၏။

အီလီယန် ဘာကိုလိုချင်တာလဲ…

ဖတ်ရမည်လား မဖတ်ရမလား ဆိုသည်ကို သေချာစဉ်းစားပြီးနောက် သူမသည် သိချင်စိတ်ကို မကျော်လွှားနိုင်ဘဲ စာရွက်ကို ဖွင့်ဖတ်လိုက်သည်။

[ကျေးဇူးပြုပြီး…သားတို့ အတူတူနေကြရအောင်...]

သူမသည စာကို အကြာကြီး ကြည့်နေမိပြီးမှ အီလီယန် အား တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။

"ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေ…မေမေ့သားလေး..."

***

အချိန်အတော်ကြာပြီးမှ ရိုစီနာ နန်းတော်မှ ထွက်ခွာသွားရခြင်းဖြစ်သည်။ သူမသည် အာစတေးနီးယား မှ ရောက်လာသည့် စာကိုစစ်ဆေးရန်သွားသောကြောင့် အစောင့်အကြပ်မပါဘဲ မြင်းလှည်းမောင်းသမားနှင့်အတူနန်းတော်မှ ခိုးထွက်ခဲ့သည်။ ရာဟန် ကို ရှောင်လာသည်မှာတစ်လနီးပါးရှိပြီဖြစ်သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်ကမူ အီလီယန် ၏ မွေးနေ့အကြောင်း တော်တော်များများ ပြောခဲ့သည်။ သို့သော်လည်း ထိုနေ့ကစပြီး သူမတို့ ခပ်ခွာခွာသာ ပြန်နေကြသည်။ ရာဟန် မျက်နှာကိုမြင်တိုင်း သူမ ခံစားချက်များက ပို၍နက်ရှိုင်းလာလိမ့်မည်ဟု သူမ စိတ်ထဲထင်နေတာကြောင့် ရှောင်နေခဲ့ခြင်းဖြစ်၏။

ရထားလုံးသည် တော်ဝင်နန်းတော်မှ ထွက်ခွာပြီး မြို့တော်၏ လမ်းမကြီးအတိုင်း ပြေးလာခဲ့သည်။ မြို့တော်၏ လမ်းမများပေါ်တွင် အင်ပါယာကို ကိုယ်စားပြုသော အလံများ နေရာအနှံ့ ဖြန့်ကျက်ထားသည်။ အိမ်တစ်အိမ်စီ၏ ရှေ့တွင် ပန်းအိုးများချထားပြီး လမ်းများကလည်း လမ်းအသစ်လို သန့်ရှင်းနေသည်။ တည်ထောင်သည့်နေ့ မတိုင်ခင် အချိန်သိပ်မကျန်တော့သည့်အတွက် အကောင်းဆုံးကြိုးစားခဲ့ကြခြင်း ဖြစ်သည်။မှူးမတ်များသာမက နိုင်ငံခြားသံတမန်များနှင့် နိုင်ငံတော် အမှုထမ်းများပါ တည်ထောင်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ကြမည်ဖြစ်သည်။ ထိုအခါ သူမ၏ ရုပ်ရည်ကို အာရုံစိုက်ကြတော့မည်ဖြစ်သည်။

ရိုစီနာ သည် ရထားကို ရပ်လိုက်ပြီး လမ်းပေါ်သို့ ဆင်းသွားလိုက်သည်။ သူမ ယနေ့ နန်းတော်ကနေ ထွက်လာရသည့် အကြောင်းအရင်းက ပြန်စာတစ်စောင် ရောက်လာမှာဖြစ်တာကြောင့်ပင်။ သူမသည် ပြန်စာကို အာစတေးနီးယား သို့မနေ့က ပေးပို့ခဲ့၍ ယနေ့တွင် နောက်ထပ် စာတစ်စောင်ရောက်လာသင့်ပေသည်။ သူမသည် လမ်းကြားထဲကို ဝင်သွားရာ ဆိုင်အဟောင်းတစ်ခုပေါ်လာသည်။

အခြားသူများအတွက်မူ စာအုပ်ဟောင်းများကို ဝယ်ယူရောင်းချသည့် ဆိုင်ဟု ထင်ကြမည်ဖြစ်သော်လည်း တစ်ကယ်တမ်းတွင် အာစတေးနီးယား ရှိလူများအား ဆက်သွယ်နိုင်သည့် တစ်ခုတည်းသောနေရာဖြစ်သည်။ အာစတေးနီးယား သည် ပိတ်ထားသောနိုင်ငံဖြစ်၍ နိုင်ငံရပ်ခြားဧည့်သားများကို ကြိုဆိုခဲသည်။ သို့သော်၊ ဤဆိုင်ပိုင်ရှင်သည် အာစတေးနီးယားလူမျိုး ဖြစ်သောကြောင့် အင်ပါယာနှင့် အာစတေးနီးယား ကြားတွင် လွတ်လပ်စွာ ခရီးသွားနိုင်သူဖြစ်သည်။သူမ ဆိုင်ထဲကို ဝင်လိုက်တာနှင့် ဆိုင်ပိုင်ရှင်က အတွင်းထဲကနေ ထွက်လာလေသည်။

"ရိုစီနာ အတွက် စာတစ်စောင်ရှိလား ..."

ရိုစီနာ သည် အာစတေးနီးယား ဘာသာစကားဖြင့် မေးလိုက်သောအခါ ပိုင်ရှင်က သေတ္တာကို ချက်ချင်းထုတ်ကာ သူမထံ စာတစ်စောင် ပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ်..."

သူမသည် စာကိုယူကာ ဆိုင်မှထွက်လာခဲ့သည်။ နေသာသော ရာသီဥတုကြောင့် သူမ ကောင်းကင်ကို မော့ကြည့်လိုက်သည်။ တိမ်များသည် ပုံမှန်မဟုတ်သော အရှိန်ဖြင့် ရွေ့လျားနေလေသည်။ နေကို မည်းမှောင်သော တိမ်တိုက်များက ဖုံးထား၍ နေရောင်ခြည်ကို မမြင်ရပေ။ မကြာခင် မိုးရွာတော့မည့်ပုံ ဖြစ်သည်။ မိုးမရွာခင် ရထားပေါ်တက်ဖို့ အချိန်တန်ပြီဟု သူမ တွေးကြည့်လိုက်သည်။ သူမ လည်း အမြန်လျှောက်လာရင်း လမ်းကြားထဲတွင် ရပ်နေသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။ ပိန်ပိန်ပါးပါးနှင့် ထိုလူက မတ်တပ်ရပ်ပြီး ကောင်းကင်ကို မော့ကြည့်နေသည်။ လမ်းကြားထဲမှ ထွက်သွားနိုင်ရန် သူမသည် ထိုလူရပ်နေသည့် လမ်းသွယ်ဘက်ကို ကွေ့ဝင်လိုက်သည်။သို့သော် သူမ သူ့အနားကို ချဉ်းကပ်လာသည်အထိ ထိုလူက မလှုပ်ရှားပေ။ထို့ကြောင့် သူမက လမ်းပိတ်ရပ်ထားသူကို ပြောလိုက်သည်။

"ကျေးဇူးပြုပြီးတော့…"

ထိုအခါ သူက ရှောင်ပေးလိုက်၍ သူမလည်း သူ့ကို မထိမိအောင် ရှောင်ထွက်သွားလိုက်သည်။ ထို့နောက် ရှေ့တစ်နေရာအရောက်တွင် လမ်းကြားမှ ထွက်သွားရန် ကြိုးစားနေရင်း သူမ ခဏရပ်လိုက်သည်။ ဤကဲ့သို့ ဆောင်းဦးပေါက်တွင် မိုးရွာသောအခါ အအေးမိလွယ်သည်။

"မိုးရွာတော့မယ်နော်..."

-…မိုး

ထိုလူက ခပ်ဖြည်းဖြည်းမေးပြီး သူမကို စိုက်ကြည့်နေသည်။ သူမလည်း ခဏလောက်ရပ်ပြီး အဝေးကနေတောင် ရှင်းလင်းစွာ မြင်နိုင်သည့် သူ့မျက်လုံးတွေကို ကြည့်နေမိ၏။ထူးဆန်းသောအလင်းရောင်တစ်ခု စီးဆင်းသွားသော ထိုလူ၏ မျက်လုံးများသည် ရာဟန် တစ်ယောက် ဆင်ခြင်တုံတရားပျောက်ဆုံးသွားသည့်အချိန်နှင့်တူနေသည်။

"ဟုတ်တယ်…ရှင် ဒီအတိုင်းရပ်နေရင် အအေးမိလိမ့်မယ်..."

-အင်း…

သူသည် ကြောင်တောင်တောင်ဖြင့် ရေရွတ်လိုက်သည်။ သူမလည်း အံ့ဩစွာရပ်နေစဥ် သူမ၏ ပါးပြင်ပေါ်သို့ မိုးရေစက်များကျဆင်းလာသည်။ ရထားပေါ်မရောက်ခင် မိုးရွာချလိုက် လေပြီ။

“မြန်မြန် အရိပ်ထဲ ဝင်လိုက်ပါ..."

သူမလည်း ထိုသို့ နောက်ဆုံးပြောပြီးနောက် လမ်းကြားထဲမှ အမြန်ထွက်လာခဲ့သည်။

ထို့နောက် ထိုလူက မတ်တပ်ရပ်ကာ ရိုစီနာ၏ ကျောပြင်ကို စိုက်ကြည့်ကာ ဖြည်းညှင်းစွာ ရေရွတ်လိုက်သည်။

"...မင်းက လူသားတစ်ယောက်ပဲ... ဒါပေမယ့် မင်းက ငါနဲ့ ဘယ်လိုလုပ်ပြီး..."

သူ ခေါင်းညိတ်လိုက်သည်။ထို့နောက် စိုစွတ်သောလေထုထဲတွင် ကြမ်းပြင်ပေါ်တွင် တွားသွားနေသော အရာဝတ္တုလေးများသည် သူ့ကို ဝိုင်းရံထားကြသည်။ ၎င်းတို့သည် လူသားများက မကောင်းဆိုးဝါးများဟု ခေါ်ကြသည့် သတ္တဝါလေးများပင် ဖြစ်သည်။ သူ ဒူးကို ဖြည်းညှင်းစွာ ကွေးလိုက်လျှင် မကောင်းဆိုးဝါးများသည် သူ့ခန္ဓာကိုယ်ပေါ်သို့ တက်လာကြသည်။မကြာမီ ရုတ်တရက် မြူခိုးတွေလို သူ ချက်ချင်းပျောက်သွားလေတော့သည်။

***

ငါဒုက္ခရောက်နေပြီ…

ရိုစီနာ သည် ဆိုင်တစ်ဆိုင်ရှေ့က ခေါင်မိုးအောက်တွင် ရပ်ကာ မိုးရွာနေသည့် လမ်းကို လှမ်းကြည့်လိုက်သည်။ လမ်းကြားက ထွက်သွားပြီးသည်နှင့် ကောင်းကင်က မည်းညို့ကာ မိုးရွာချလေတော့သည်။ ဖြစ်နိုင်လျှင် မိုးစက်ကြားထဲက ဖြတ်သွားချင်သော်လည်း မိုးနှင့်လေက ပြင်းထန်လွန်းသဖြင့် ထိခိုက်မိမှာစိုးသည်။ သူမ လွတ်နေသည့် လမ်းကို လှမ်းကြည့်လိုက်သည်။ ပြတင်းပေါက်အပြင်ဘက်က အိုးတွေ သို့မဟုတ် ဆိုင်ရှေ့မှ ပန်းပင်လေးတွေက မိုးသည်းထန်စွာရွာနေသဖြင့် ခေါင်းမထောင်နိုင်ကြပေ။

မြေပြင်ပေါ်တွင် ရေအိုင်ပေါင်းများစွာ ရှိနေသည်။ ရေများက တဖြည်းဖြည်း များပြားလာပြီး ကောင်းစွာထိန်းသိမ်းထားသော လမ်း၏ အကွေ့အကောက်များကြားထဲက ဖြတ်သန်း စီးဆင်းသွားသည်။ မြေပြင်ပေါ်ကျလာသော မိုးရေစက်များသည် တပေါက်ပေါက်နှင့် ဆူညံလှပေ၏။ဆောင်းဦးပေါက်ရာသီလောက်မှာသာ မိုးရွာလေ့ရှိသော်လည်း ယခုနှစ်တော့ စောလှသည်။

ဘယ်အချိန်မှာများ မိုးတိတ်မှာပါလိမ့်…

သူမ ချက်ချင်းပြန်လာမည်ဟု အယ်လာ ကိုပြောထားခဲ့သည်။ သူမ တော်ဝင်နန်းတော်သို့ ရောက်ရန် အချိန်တန်နေပြီဖြစ်သော်လည်း မိုးတိတ်သွားမည့် အရိပ်အယောင် မတွေ့ရပေ။ စတိုးဆိုင်၏ ခေါင်မိုးအောက်မှာ အချိန်အကြာကြီး ရပ်နေရင်း သူမ ဆုံးဖြတ်လိုက်သည်။ဤသည်မှာ မိုးရေထဲမှာ အမြန်ဖြတ်ပြေး၍ ရထားလုံးဆီကို သွားရန်ဖြစ်လေသည်။သူမ ထွက်သွားရန်ပြင်လိုက်စဉ် ရွှံ့အိုင်များပေါ်ကို တစ်စုံတစ်ယောက် နင်းမိသံများ ကြားနေရသည်။လူတစ်ယောက်သည် လမ်းပေါ်တွင် ပြေးလာနေလေသည်။သူမ သေချာကြည့်လိုက်ရာ ရာဟန်က ထီးတစ်ချောင်းကိုင်၍ ပြေးလာနေသည်ကို တွေ့ရလေ၏။ထီးကိုတောင် မဖွင့်ရသေးသဖြင့် သူ့တစ်ကိုယ်လုံး ရွှဲနစ်နေသည်။

သူတို့မျက်လုံးချင်း ဆုံလိုက်သောအခါ ရာဟန် ငြိမ်သွားသည်။ မိုးသည်းထန်စွာရွာနေသော်လည်း တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင် တွေ့နေတာကြောင့်ဖြစ်သည်။ ပြတ်ပြတ်သားသား မြင်နေရသော သူ့မျက်နှာသည် မိုးကြောင့်မဟုတ်ဘဲ မှုန်ကုပ်ကုပ် ဖြစ်နေသည်။

ရာဟန် သည် ရိုစီနာ အနီးကို ခေါက်ထီးကိုင်၍ လျှောက်လာပြီး သူမ ရှေ့မှာ ရပ်လိုက်သည်။

“….”

သူ၏ အပြာရောင်နှုတ်ခမ်းများသည် သူမ မြင်ကွင်းထဲသို့ တိုးဝင်လာသည်။ စိုစွတ်နေသော သူ့ဆံပင်များမှ မိုးရေစက်များ အဆက်မပြတ်ကျဆင်းလာသည်။ သူမ တဖြည်းဖြည်းငုံ့ကြည့်လိုက်လျှင် သူ့ဘောင်းဘီမှာ ဖုန်တွေနှင့် ရေတွေစိုပြီကပ်နေသည်ကို တွေ့လိုက်ရသည်။ မိုးဘယ်လောက်ပဲရွာနေပါစေ၊ ဘောင်းဘီက ညစ်ပတ်နေသဖြင့် မိုးရေထဲမှာ သူ အချိန်အတော်ကြာ နေနေခြင်းဖြစ်နိုင်သည်။

မိုးတွေရွာနေတာကို ထီးမပါဘဲ ဘာလို့ ပြေးလာတာလဲ…

မကြာခင်မှာ ရာဟန် က ခေါက်ထီးကို ဖွင့်လိုက်ပြီး ထီးကို ရိုစီနာ ဘက်သို့ စောင်းလိုက်၍ နောက်ဆုံးတွင် တုန်ရီနေသော နှုတ်ခမ်းများက ပွင့်ဟလာကြသည်။

"အိမ်ပြန်ရအောင်..."

သူ့စကားက တစ်ခွန်းတည်းပင်။ထိုအခါမှ ထီးကို ဘာ့ကြောင့် ယူလာမှန်း သူမ သဘောပေါက်သွားသည်။ သူ့အတွက်မဟုတ်ပဲ၊ သူမကို ဆောင်းပေးရန် ဖြစ်လေသည်။မိုးရွာကျနေသော လမ်းမများကဲ့သို့ပင် သူမ ရင်ဘတ်၏ အတွင်းပိုင်းသည်လည်း စိုစွတ်လာသည်။

သူ့ကို အပြင်ထွက်မယ်လို့ မပြောထားခဲ့ဘဲနဲ့ သူ ဘယ်လို သိသွားတာလဲ…

ရိုစီနာ သည် ရာဟန် နှင့်အတူ ထီးဆောင်းကာ လမ်းပေါ် တိတ်တဆိတ်လျှောက်လာခဲ့သည်။ ထီးကလေးက နှစ်ယောက်မဆံ့ပေ။ ထို့ကြောင့် သူက သူမ ဘက်ကို တိမ်းပေးထားသည်။ သူ့ပခုံးပေါ် ကို မိုးက သည်းထန်စွာ ရွာသွန်းနေသော်လည်း ဘာမှ မပြောရှာပေ။ သူမလည်း ကြာတော့ ဤတိတ်ဆိတ်မှုကို စိတ်မသက်မသာဖြစ်လာသဖြင့် အသက်ပြင်းပြင်းရှူပြီး ပထမဆုံးအကြိမ် စကားပြောလိုက်သည်။

"ရှင်ကဘာလို့ဒီကိုလာတာလဲ..."

သူ ခဏလောက် တိတ်ဆိတ်သွားပြီး ထီးကို တင်းတင်း ဆုပ်ကိုင်ထားလိုက်သည်။

"...ကိုယ် မင်းကို ရှာဖို့ လာခဲ့တာ"

သူမ ဆွံ့အသွားရသည်။ သူမ ဘယ်သွားမည်ဆိုတာကို မပြောခဲ့ဘဲ အဆုံးမှာ သူမဆီ ရောက်လာသဖြင့် နေရာအနှံ့ လိုက်ရှာနေတာ ဖြစ်ကောင်းဖြစ်နိုင်သည်။သူမကို အတော်လေး လိုက်ရှာနေတာဟု တွေးပြီး သူမ ရင်ထဲက ခံစားသွားရပြန်သည်။တစ်ချိန်တည်းမှာပင် သူမ နှလုံးသား နာကျင်လာပြီး သူ့ကိုယ်သူ ပြောသလို ရေရွတ်လိုက်သည်။

“အဲ့ဒီလို လုပ်လို့ဘယ်ဖြစ်ပါ့မလဲ..."

ရာဟန် သည် ထီးကို ကိုင်ထားဆဲဖြင့် သူမဘက်ကို လှည့်ကြည့်လိုက်သည်။ သူက ခြေလှမ်း ရပ်လိုက်သောအခါ သူမ အံ့သြသွားရသလို သူ့အကြည့်ကိုလည်း တွေ့လိုက်ရသည်။ သူ့မျက်နှာမှာ မျက်ရည်တွေ စီးကျနေသလိုပင်။

"မင်းသိပါတယ်... ဒီရက်ပိုင်း မင်း ကိုယ့်ကို ရှောင်နေတာ..."

ထီးဖျားမှ မိုးရေစက်များသည် သူ့ပါးပြင်ပေါ်သို့ ကျဆင်းလာသည်။

“…ကိုယ့်အနားက ထွက်မသွားပါနဲ့…ပြီးတော့….”

တုန်လှုပ်နေသော သူ့အသံကို မိုးသံက ဖုံးလွှမ်းထားသော်လည်း သူမ ရှင်းလင်းစွာကြားလိုက်ရသည်။

"ကျေးဇူးပြုပြီး စကားတစ်ခွန်းမှ မပြောဘဲ မနေပါနဲ့ကွာ…”

“….”

သူမ တစ်ဖန် ဆွံ့အသွားပြန်သည်။ထွက်မသွားပါနှင့်ဆိုသည့် သူ့စကားသံ မိုးသံနဲ့အတူ ပြန့်နှံ့နေသည်။ သူမ ခေါင်းမော့ပြီး သူ့ကိုကြည့်လိုက်ချိန်တွင် သူမ သဘောပေါက်သွားသည်။ သူက သူမ ထွက်ပြေးသွားပြီဟု ထင်ပြီး လိုက်ရှာနေခြင်းဖြစ်သည်။ သူမသည် နှုတ်ခမ်းအတွင်းပိုင်းကို ညင်သာစွာ ကိုက်လိုက်သည်။ မကြာသေးမီက သူမ သူ့ကို ရှောင်နေခဲ့၍ ပိုပြီး စိတ်ပူပန်နေပုံရသည်။

သို့သော်လည်း သူမကို အပြင်ထွက်ရှာဖို့ မိုးရေထဲမှာ အချိန်ဖြုန်းနေသည်ကိုက သူမ စိတ်မကောင်းဖြစ်မိသည်။ သေချာသည်မှာ သူမတို့ကြားထဲမှာ ယုံကြည်မှုမရှိခဲ့ပေ။ရာဟန်က သူမကို တစ်ကြိမ်သာ ထားရစ်ခဲ့သည်။ ရာဟန် ကို ပထမဆုံးတွေ့သည့်နေ့မှာပဲ သူမ တောထဲကနေ ပြေးထွက်လာပြီး ယခု ပြန်တွေ့ချိန်အထိ သူမတို့ကြားက ယုံကြည်မှုမှာ လုံးဝ တိုးတက်မလာပေ။

သူမသည် ရာဟန် ကိုင်ထားသော ထီးလက်ကိုင်ပေါ်တွင် သူမ လက်ကို တင်လိုက်ပြီး ထီးကို သူ့ဘက် စောင်းလိုက်သည်။ထိုအခါ သူမ ပုခုံးပေါ်၌ မိုးစက်များ ကျလာတော့သည်။

"အီလီယန် တောင် အရွယ်ရောက်နေပြီ၊ ရှင်ကမှ ဘာလို့ စကားတစ်လုံးမှ မပြောဘဲ ပျောက်သွားရတာလဲ..."

သူမ စကားကြောင့် တောင့်တင်းသော သူ့ပုခုံးများ ဆတ်ကနဲတုန်ခါသွားပြီး ထီးကိုလည်း ပိုပြီး တင်းတင်း ကိုင်ထားလိုက်၏။

“မင်းလက်ကို လွှတ်လိုက်ပါ…မင်း ရေစိုသွားလိမ့်မယ်..."

"ဒါဆိုရှင့်ဘက်ကိုလည်း စောင်းဦးမှပေါ့..."

ရိုစီနာ က လက်ကိုင်ကို ပိုပြီးတင်းနေအောင် ကိုင်ထားလိုက်ပြန်သည်။ရာဟန်မှာ တစ်ကယ်တမ်းတော့ ခေါင်းမာသည့် သူမကို မနိုင်ခဲ့ပေ။

ဤသို့ဖြင့် နှစ်ယောက်သား ရထားရပ်ထားသည့်နေရာဆီသို့ လျှောက်သွားကြသည်။ မိုးသည်းထန်စွာ ရွာသွန်းသောအသံသည် ကမ္ဘာကြီး၏အသံအားလုံးကို ဝါးမျိုသွားခဲ့သည်။ပခုံးပေါ် ပြန့်ကျဲကျဲကျဲဖြစ်‌နေသော သူမ၏ အနီရောင်ဆံပင်များက စိုရွှဲနေ၍ အဝတ်အစားများပါ စိုလာတော့သည်။

“ဟိုတုန်းက ပေးခဲ့တဲ့ ကတိကို ရှင် လိုက်နာရမယ်..."

သူမ အသံက ကြားရုံမျှသာဖြစ်သော်လည်း ရာဟန် သေချာပေါက် ကြားလိုက်ရသည်။

“ အီလီယန် ကြီးလာတဲ့အထိ…”

ရိုစီနာ သည် အီလီယန် ကြီးပြင်းလာပြီးနောက် အကယ်ဒမီသို့ ဝင်သွားသောအခါ ရာဟန် ကို ကွာရှင်းရန် ဆုံးဖြတ်ထားခဲ့ခြင်း ဖြစ်သည်။ ရာဟန် လည်း ထိုအခြေအနေကို လက်ခံခဲ့သည်။ သူမ လေထဲသို့ လှမ်းကြည့်လိုက်ပြီး ထိုကတိကို ခဏမေ့ထား၍ စကားလမ်းကြောင်း ပြောင်းလိုက်သည်။

"ရှင် ကျွန်မကို ဘယ်လိုလုပ်ပြီးတွေ့တာလဲ..."

ရာဟန် သည် ခဏတာ တိတ်ဆိတ်သွားခဲ့သည်။ သူကြည့်ရသည်မှာ ပွင့်ပွင့်လင်းလင်းပြောရန် သို့မဟုတ် လှည့်ဖြားရန် စဉ်းစားနေခြင်း ဖြစ်နိုင်သည်။

“… လမ်းတွေအားလုံးကို လိုက်ရှာထားတာလေ…နောက်တော့ ဒီနားမှာလည်း ရထားလုံးတစ်စီး ရှိနေတာပဲကို…”

သူပြောတာကို တိတ်တဆိတ် နားထောင်နေသည့် ရိုစီနာ သည် ထိုအခါမှ ဖြေရှင်းချက်ပေးလိုက်သည်။

“ကျွန်မလည်း အိမ်ကိုစောစောပြန်ချင်ပေမယ့် ရုတ်တရက် မိုးရွာလာလို့ပါ…အယ်လာကို ပြောခဲ့တယ်လေ…အပြင်သွားမယ်ဆိုပြီး..."

အကြောင်းပြချက်တစ်ခု ဖြစ်နိုင်သော်လည်း…

'သူမ ထွက်ပြေးဖို့ ဘယ်တော့မှ မကြိုးစားပါဘူး' ဟူသော အဓိပ္ပာယ်ရှိသည်။

ထိုအချိန်မှာပင် ရာဟန် အနည်းငယ် စိတ်သက်သာရာရသွားပုံရသည်။

ထို့နောက် ရထားရပ်ထားသည့် နေရာကို ရောက်သောအခါ သူက ရထားတံခါးကို ဖွင့်လိုက်သည်။ သူတို့ နှစ်ယောက်လုံး မိုးရေ ရွှဲနေပြီမို့ ထီးသုံးဖို့ ဘာအကြောင်းမှ မရှိချေ။ သို့သော်လည်း သူက သူမဘက်ကို ထီးဆောင်းထားပေးသည်။

ဤသို့ဖြင့် ရွှဲရွှဲစိုနေသော ရိုစီနာ နှင့် ရာဟန် တို့သည် ရထားလုံးပေါ်သို့ တက်လာရာ ရထားလုံးကြမ်းပြင်သည် ရေများဖြင့် စိုစွတ်သွားရတော့သည်။ ထို့နောက် ရထားဘီးများ စတင်လှိမ့်လာတော့သည်။




Xxxxxx