အပိုင်း ၆၃
Viewers 15k

Chapter 63

နွေရာသီနှောင်းပိုင်းဖြစ်သည်။

အင်ပါယာသည် ဆောင်းဦးတွင် ကျရောက်မည့် အင်ပါယာ တည်ထောင်သည့်နေ့နှင့် အလုပ်ရှုပ်နေသည်။ တစ်ပတ်စာ ပွဲလေးအတွက် ပြင်ဆင်ရသည်မှာ လပေါင်းများစွာ ကြာနေပြီး စတင်တည်ထောင်သည့်နေ့ဟာ ခေတ်အဆက်ဆက် မှူးမတ်တွေနှင့် သာမန်လူတန်းစားတွေအတွက် အရေးကြီးပွဲတစ်ခုပင်။ပွဲတော်ကို စတင်တည်ထောင်သည့် ရက်သတ္တပတ်တစ်လျှောက်လုံး ကျင်းပမည်ဖြစ်သည်။

မှူးမတ်တိုင်းသည် မြို့တော်သို့ လာရောက်ကြပြီး တော်ဝင်မိသားစုသည် ပထမဆုံး ဘုရင်မင်းမြတ်နှင့် နတ်ဘုရားများကို ဂုဏ်ပြုသည့် အခမ်းအနားကို ကျင်းပကြရသည်။ တည်ထောင်ခြင်း အခမ်းအနားစတင်ရန် ရက်အနည်းငယ်သာ ကျန်တော့သော်လည်း တော်ဝင်နန်းတော်သည် မှူးမတ်များစွာကို ထားရှိရန် အစောပိုင်းကတည်းက ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီးဖြစ်သည်။ အခြားနန်းတော်များနှင့်မတူဘဲ တတိယမင်းသားနန်းတော်သည် ယနေ့တွင် အေးချမ်းသာယာနေသည်။မသိလျှင်၊တည်ထောင်သည့်နေ့သည် သူတို့နှင့် မဆိုင်သလိုပင်။

ရိုစီနာ သည် အမဲလိုက်ပြီးကတည်းက အပြင်သိပ်မထွက်ဖြစ်ခဲ့ပေ။သို့သော်လည်း ရာဟန် နှင့် တစ်ခါမျှ မတွေ့ရသေးပေ။ အကြောင်းမှာ သူမ ရာဟန် ကို သတိရှိရှိနှင့် ရှောင်နေခဲ့သောကြောင့်ဖြစ်သည်။ အတူတူရေချိုးသည့် နေ့ကတည်းက သူနှင့်မတွေ့တော့ခြင်းပင်။ သူ့ကိုသတိရမိသော်လည်း သဘောကျနေမှန်း လုံးဝ စိတ်ထဲက အသိမမှတ်မပြုချင်ပေ။သူမ တစ်ယောက်တည်း ထိုစိတ်နှင့် ရုန်းကန်နေရချိန်မှာ စတင်တည်ထောင်သည့် နေ့အကြောင်း သတင်းအနည်းငယ်ရရှိခဲ့သည်။သူမသည် တည်ထောင်သည့်နေ့နှင့် ဘာမှမဆိုင်သလို ပျင်းရိနေခဲ့သော်လည်း အမှန်တစ်ကယ်တော့ သူမမှာလည်း ဝန်ထုပ်ဝန်ပိုးကို ထမ်းထားရသူ တစ်ဦးဖြစ်သည်။

အိမ်ထောင်ကျပြီးကတည်းက တရားဝင်ပွဲတော်များကို တစ်ခါမှ မရောက်ဖူးသည့်အတွက် ပထမဆုံးအကြိမ်အဖြစ် မှူးမတ်တွေနှင့် တော်ဝင်မျိုးနွယ်အားလုံးရှေ့မှာ မျက်နှာပြသရမှာ ဖြစ်သည်။တွေးရင်းနှင့်တောင် ပင်ပန်းနေပြီဖြစ်သည်။ နောက်ထပ် သတင်းတစ်ခုက သူမဆီသို့ရောက်လာပြန်သည်။ အာစတေးနီးယား အကြောင်းပင်ဖြစ်၏။ မြို့တော်ဝန် ဟီလစ် ၏ အငယ်ဆုံးသမီး ကေလာ သည် တော်ဝင်အကယ်ဒမီ သို့ ရောက်ရှိလာမည့် သတင်းပင် ဖြစ်သည်။

ရိုစီနာ သည် စာကို ကြိုရထားသောကြောင့် မအံ့သြရသော်လည်း သတင်းကို ပထမဆုံးကြားသိသူများသည် ကောလဟာလမဟုတ်နိုင်ဟု သံသယရှိနေကြသည်။ အင်ပါယာသည် အာစတေးနီးယား မှကျောင်းသားတစ်ဦးကို ပထမဆုံးအကြိမ် လက်ခံခြင်းဖြစ်ပြီး ထိုကလေးမှာလည်း တော်ဝင်သွေးစပ်နေတာကြောင့် ပို၍ပင် အထူးအဆန်းဖြစ်လို့နေ၏။

အာစတေးနီးယား သည် အင်ပါယာအတွက် ဒဏ္ဍာရီလာနိုင်ငံတစ်ခုဖြစ်သည်။ အာစတေးနီးယား သည် အင်ပါယာရှိ ရွှေတွင်းများအားလုံးထက် ရွှေတွင်း ပိုများကြောင်း၊ ကြွယ်ဝသော အရင်းအမြစ်များနှင့် ထူးခြားသော ယဉ်ကျေးမှု ပိုင်ဆိုင်မှုများ ရှိကြောင်း သိရှိရဖူးသည်။ ထို့အပြင် အာစတေးနီးယားမှာ ပြင်ပကမ္ဘာနှင့် ထိတွေ့ဆက်ဆံမှု မရှိသည်မှာ ကြာပြီဖြစ်သောကြောင့် သူတို့၏ ယဉ်ကျေးမှုကို အနည်းငယ်မျှသာ သိရှိခဲ့ရသည်။ အာစတေးနီးယားသည် ကုန်သည်များအတွက် ဈေးကွက်ချဲ့၍မရသေးသည့် တစ်ခုတည်းသော နိုင်ငံဖြစ်ပြီး တစ်ခါတစ်ရံ အာစတေးနီးယား မှပစ္စည်းများကို မြင်တွေ့နေရသော အင်ပါယာလူမျိုးအတွက် ထူးဆန်းဖွယ် ကမ္ဘာတစ်ခုလည်း ဖြစ်နေသည်။

ကေလာ သည် တည်ထောင်သည့်နေ့တွင် ပါဝင်မည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်သောအခါ မှူးမတ်များ စိတ်လှုပ်ရှားနေတော့သည်။ ကေလာ သည် ဘွဲ့မရရှိသေးသော ကလေးတစ်ဦးဖြစ်သော်လည်း သူမသည် အာစတေးနီးယားမှ ပထမဆုံး တရားဝင်ဧည့်သည်ဖြစ်လေသည်။ သူမကို အာစတေးနီးယား မှ ပထမဆုံးစေလွှတ်ခြင်းခံရသောကြောင့် အင်ပါယာအတွက် များစွာအဓိပ္ပာယ်ရှိလှသည်။ ထို့အပြင် အနာဂတ်တွင် အာစတေးနီးယား နှင့် အင်ပါယာတို့ ရွှေလက်တွဲ၍ ကူးလူးဆက်ဆံ ဖလှယ်နိုင်ခြေ ဖြစ်လာသည်။ သို့သော်လည်း ပျော်ရွှင်မှုတွေကြားမှာ ပြဿနာတစ်ခုရှိနေပေသည်။၎င်းမှာ အာစတေးနီးယား မှ အဖိုးတန်ဧည့်သည်ကို မည်သူက ဧည့်ခံမလဲဆိုသည့် အကြောင်းဖြစ်သည်။

အင်ပါယာတွင် အာစတေးနီးယားဘာသာစကားကို ပြောဆိုသူ အလွန်နည်းပါးသည်။ အများစုမှာ စာအုပ်များမှသာ သင်ယူခဲ့ကြသောကြောင့် လက်တွေ့တွင် မှန်ကန်စွာ ပြောဆိုဆက်ဆံနိုင်မလား မသေချာပေ။ရိုစီနာ သည် ထိုသတင်းကို ကြားသိရသော်လည်း သူမ ကူညီနိုင်မည်မထင်ပေ။သူမသည် ကေလာ ကို ဧည့်ခံရန် သင့်တော်သော်လည်း လူအများ အာရုံစိုက်ကြမှာ စိုးသည်။အကယ်၍ သူမသာ အာစတေးနီးယား တွင်နေထိုင်ခဲ့ကြောင်း ပေါ်သွားပါက၊ သူမအား နိုင်ငံရေး ရည်ရွယ်ချက်အတွက် အသုံးပြုလိမ့်မည် ဖြစ်ကြောင်း ထင်ရှားပေသည်။

"ပြန်သွားမယ်…"

ရိုစီနာ သက်ပြင်းချလိုက်ပြီး ပြတင်းပေါက်ကို လှမ်းကြည့်လိုက်သည်။ အရင်တုန်းကတော့ သူမ အာစတေးနီးယား ကိုပြန်ဖို့ ဆုံးဖြတ်ခဲ့သည်။ ယခုမူကား…..

သူမသည် တုန်ယင်နေသော နှလုံးသားဖြင့် ခေါင်းခါလိုက်သည်။ အာစတေးနီးယား သည် တတိယ မင်းသမီး၏ ပုံစံခွက်ထဲတွင် ပိတ်လှောင်ခံထားရသော ဤနေရာထက် များစွာသာလွန်သည်။ အာစတေးနီးယားတွင် သူမသည် လူသားတစ်ဦးအဖြစ် ဆက်ဆံခံရပြီး ယခု သူမမှာ မရှိသော လွတ်လပ်မှုကို ခံစားခဲ့ရသည်။ ထို့ကြောင့် ပြန်သွားရန် ဆုံးဖြတ်ချက်မှာ ပြောင်းလဲမည်မဟုတ်ပေ။ သူမ အဝေးကိုငေးမောနေရင်း ‌ယနေ့ နေ့စွဲကို မှတ်မိသွား၏။

"အို ဘုရားရေ..."

ရိုစီနာ ထိုင်ခုံမှ ထလိုက်သည်။

အီလီယန် ရဲ့ မွေးနေ့ကို သူမ ဘယ်လိုမေ့နိုင်မလဲ…

"သုံးရက်ပဲလိုတော့တယ်..."

အာစတေးနီးယား တွင်ရှိစဉ်၊ သူမသည် အီလီယန် ၏မွေးနေ့ကို အမြဲဦးစားပေးခဲ့သည်။ သို့သော် ယခုတော့ သူမသည် အလွန်အမင်း စိတ်ရှုပ်နေခဲ့သောကြောင့်မေ့သွားခဲ့သည်။သူမ အခန်းထဲက အမြန်ထွက်သွားလိုက်၏။အင်ပါယာမှာ ကျင်းပရမည့် ပထမဆုံးမွေးနေ့ဖြစ်တာကြောင့် သူမ အကောင်းဆုံးလုပ်ချင်မိသည်။ ပထမဆုံးအနေနှင့် ကိတ်မုန့်ကို ပြင်ဆင်ရမည်ဖြစ်သည်။

လက်ဆောင် ဘာ‌ပေးရင်ကောင်းမလဲ…ဘယ်သူတွေကို ဖိတ်ရမှာလဲ...

"... ရိုစီနာ"

အနောက်မှ ထွက်လာသော အသံကရှုပ်ထွေးသော သူမ စိတ်ကို ဖြိုခွင်းလိုက်လေသည်။သူမလည်း ကျောကို တည့်မတ်စွာထားပြီး ခေါင်းကို ဖြည်းညှင်းစွာ လှည့်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း ရာဟန် ဖြစ်နေလေသည်။

“….”

ရာဟန် သည် ရိုစီနာ ကို ခေါ်ပြီး ခဏမျှ ငြိမ်သက်နေခဲ့သည်။ ဤရက်ပိုင်းထဲမှာ သူမက သူ့ကို ပွင့်ပွင့်လင်းလင်း ရှောင်နေတာကြောင့် ချီတုံချတုံ ဖြစ်နေပုံရသည်။

ရိုစီနာ သည် သူ့မျက်နှာကို ကြည့်ပြီး အနည်းငယ် နောက်ပြန်လှည့်မိသွားသည်။ သူ့ကို ကောင်းကောင်းရင်မဆိုင်ခဲ့သည်မှာ လေးရက်နီးပါးရှိပြီဖြစ်သည်။ မနေ့က ညစာအတူတူစားခဲ့ကြသော်လည်း ခုံကကြီးသဖြင့် ဝေးလွန်းနေခဲ့သည်။ထို့အပြင် သူ အခန်းထဲ ဝင်လာချိန်မှာ သူမ အိပ်ပျော်သွားပြီဖြစ်သည်။ သူမ မျက်လုံးလွှဲသွားသောအခါ သူလည်း တစ်ချက်အိုးတိုးအမ်းတမ်းဖြစ်သွားပုံရသော်လည်း သူက ရှေ့ကို တိုးလာသည်။

"မင်း လမ်းလျှောက်တာ အရမ်းမြန်လို့ ကိုယ် ခေါ်လိုက်တာပါ…ဘာဖြစ်လို့လဲ"

"အမ်…ကျွန်မ အီလီယန် ရဲ့ မွေးနေ့ကို လုံးလုံး မေ့သွားလို့ပါ…စိတ်လှုပ်ရှားသွားလို့..."

"မွေးနေ့..."

ရာဟန် က အနည်းငယ် အံ့သြသွားကာ မေးလိုက်သည်။

“သူ့ မွေးနေ့ရောက်နေပြီဆိုတာ ကိုယ် မသိဘူး…ထင်ထားတာထက် အများကြီးစောတယ်နော်...”

ရာဟန် သည် သူမတို့ ပထမဆုံး အတူနေခဲ့သည့်နေ့ကို အမှတ်ရနေပုံရသည်။ ရိုစီနာ၏ မျက်နှာသည် ချက်ချင်းပင် နီရဲလာရပြီး အသံတိုးတိုးလေးနှင့် ရေရွတ်လိုက်သည်။

"ဘာပဲဖြစ်​ဖြစ်​ ကျွန်မ သူ့အတွက် ​မွေး​နနေ့ပွဲလုပ်ပေးချင်​တယ်​..."

"အကြံဥာဏ်ကောင်းသားပဲ…ကိုယ် အစွမ်းကုန်ကူညီပါ့မယ်..."

သူမသည် သားအဖနှစ်ယောက် ပထမဆုံးဖြတ်သန်းရမည့်မွေးနေ့ဖြစ်တာကြောင့် စိတ်တောင်လှုပ်ရှားနေမိတော့သည်။

"ကိတ်မုန့်ကို အရင်ပြင်ရအောင်…ပြီးတော့ အခန်းကို ပြန်အလှဆင်တာလည်း ပိုကောင်းမယ်ထင်တယ်...”

ရာဟန် က သူ ဘာလုပ်သင့်သလဲ မမေးဘဲ အကြံဉာဏ်ပေးလိုက်သည်။

"ကိုယ် ဒါဆို ကိတ်မုန့်အကြောင်းကို ဖက်ဒရာ နဲ့ ပြောလိုက်မယ်"

“ဒါဆို အခန်းအလှဆင်ဖို့ကိာ ကျွန်မလုပ်မယ်နော်...”

သူနှင့် အချိန်ခဏလောက်သာ ဆွေးနွေးခဲ့သော်လည်း ကောင်းကောင်း အစီအစဉ်တကျ ချမှတ်နိုင်ခဲ့သည်။

"ကိုယ်လည်း သူ့အတွက် လက်ဆောင်တစ်ခု ပြင်ဆင်ပေးလိုက်မယ်..."

"ရှင်က အီလီယန် ကြိုက်တာသိလား..."

"သိပ်တော့မကြာသေးပါဘူး…နည်းနည်းလေး သိထားရုံပါ..."

သူတို့နှစ်ယောက် ကြည့်ရသည်မှာ အလွန်ရင်းနှီးလာပုံရသည်။

"​ ​ကျေးဇူးတင်​ပါတယ်​... "

ရိုစီနာ လန့်သွားသည်။ သူမသည် အာစတေးနီးယား တွင်ရှိစဉ်က အီလီယန် ၏မွေးနေ့ပွဲ၌ လူများစွာကိုဖိတ်ကြားခဲ့သည်။ မြို့တော်ဝန် ဟီလစ်၏ မိတ်ဆွေများ၊ ရွာမှသူငယ်ချင်းများနှင့် အိမ်နီးချင်းများလည်း မွေးနေ့ပါတီကိုတက်ရောက်ခဲ့ကြသည်။ သို့သော်လည်း အခုတော့ ဖိတ်စရာလူ မရှိတော့ပေ။သူမသည် မှူးမတ်များနှင့် အမှန်တစ်ကယ် မပေါင်းသင့်ခဲ့ဘဲ တော်ဝင်မိသားစုနှင့်လည်း မရင်းနှီးပေ။ ထို့အပြင် မိသားစုဝင်များဖြစ်သည့် မက်စယ်လာ ၊ ရာနီယာ တို့နှင့်လည်း အဆက်အသွယ်အားလုံးကို ဖြတ်တောက်ခဲ့သည်။

ထို့အပြင်၊ အီလီယန် သည် တော်ဝင်နန်းတော် မှ အပြင်မထွက်နိုင်သောကြောင့် ရွယ်တူကလေးချင်းကလည်း မဆုံဖြစ်ပေ။ သူ့သူငယ်ချင်းများသည် အရုပ်များနှင့် ဒဏ္ဍာရီစာအုပ်များသာ ဖြစ်သည်။သို့သော်လည်း သူ့မွေးနေ့မှာ အထီးကျန်သည်ဟု မခံစားစေချင်ပေ။ရိုစီနာ စိတ်ဓာတ်ကျနေသည့်အချိန်တွင် ရာဟန် က အသေအချာမေးလာသည်။

"မင်း တစ်ခုခုကိုများ စိတ်ပူနေတာလား..."

“သူ့မွေးနေ့ပွဲကို ဖိတ်ဖို့ ဘယ်သူမှ မရှိဘူး...”

အတတ်နိုင်ဆုံး ပြောရလျှင်၊ တတိယမင်းသားနန်းတော်နှင့် အီဘယ်လာ ၏ အစေခံ၊အမှုထမ်းများသာရှိသည်။ဤပုံအတိုင်းဆိုလျှင် မွေးနေ့ပွဲကျင်းပပြီး လူစည်ကားရန် တိရိစ္ဆာန်များကိုပါ ဖိတ်ခေါ်မည်ထင်သည်။

“အဲ့ဒါအတွက် စိတ်မပူပါနဲ့…အီလီယန် နဲ့ တွေ့ချင်တဲ့ သူငယ်ချင်း ရှိတယ်...”

"တစ်ကယ်လား..."

ရိုစီနာ ကျေနပ်စွာ မေးလိုက်သည်ကို သူက အကြည့်ကို အနည်းငယ် ရှောင်ရင်း ရေရွတ်လိုက်သည်။

“နည်းနည်း အသက်ကြီးပေမယ့်ပေါ့…”



Xxxx