အပိုင်း ၇၃
Viewers 13k

Chapter 73

ရာဟန် တည်ထောင်ခြင်းအခမ်းအနားသို့ တက်ရောက်မည်ဟု အကြောင်းကြားသောအခါ ဇီဂရစ် သည် အခွင့်အရေးတစ်ခုရပြိီဟု တွေးခဲ့သည်။ ရာဟန် နှင့် သူ့ အကြားက ခြားနားချက်ကို အနည်းငယ် ပိုရှင်းလင်းအောင် ပြုလုပ်ရမည်ဖြစ်သည်။ ထို့ကြောင့် တည်ထောင်ခြင်း အခမ်းအနားတွင် မကောင်းဆိုးဝါးကို အသုံးပြုရန် စီစဉ်ထားခဲ့သည်။

ရာဟန် အင်အားတောင့်လာပုံကို သူ သတိပြုမိသဖြင့် သူ့ကိုယ်ပိုင် အရည်အချင်းများကို မှူးမတ်များအား ပြသရန် ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် ဘုရင်မင်းမြတ်ထံမှ ခွင့်ပြုချက် တောင်းခံပြီးနောက် မြို့တော်မှ လူအများကို စုရုံးကာ မကောင်းဆိုးဝါးများကို တစ်ကယ် အမဲလိုက်ခဲ့ရသည်။ သူ၏ မြင့်မြတ်သော နတ်တန်ခိုးတော်သည် အားနည်းသော်လည်း၊လူအင်အားကြောင့် သိပ်တော့မဆိုးပေ။သူ့ဘက်က လူများအသေအပျောက်များပြီးနောက်တွင် မကောင်းဆိုးဝါးတစ်ကောင်ကို အရှင်လတ်လတ် ဖမ်းဆီးနိုင်ခဲ့သည်။

ထို့နောက် မြေအောက်ရှိ အနက်ရှိုင်းဆုံး အကျဉ်းထောင်ထဲတွင် မကောင်းဆိုးဝါးကို သော့ခတ်ပိတ်ထားခဲ့သည်။ တိုက်ပွဲအတွင်း ဒဏ်ရာရခဲ့သော မကောင်းဆိုးဝါး၏ ခန္ဓာကိုယ်ပေါ်တွင် ကြိုးအထပ်ထပ်နှင့် ချုပ်နှောင် ထားရှိသည်။ ထို့နောက် တည်ထောင်ခြင်းအခမ်းအနား မပြီးမချင်း မကောင်းဆိုးဝါးကို မေ့ဆေးပေးထားခဲ့သည်။ မေ့ဆေးကြောင့်လားမသိ၊အတန်ကြာတော့ မကောင်းဆိုးဝါးသည် အနည်းငယ် နာခံတတ်လာသည်။

ဇီဂရစ် ၏ အစီအစဉ်သည် ရိုးရှင်းသည်။ မှူးမတ်များသည် နတ်ဆိုးကို မမြင်ဖူးသဖြင့် ကြောက်ရွံ့နေမည်ကို အခွင့်ကောင်းယူပြီး သူ၏ အစွမ်းသတ္တိကို ပြသရန် ရည်ရွယ်ထားခဲ့သည်။ မကောင်းဆိုးဝါးကို အချိန်တန်မှ လွှတ်ပေးပြီး သူက နှိမ်နင်းနိုင်ကြောင်း ပြသလိုက်မည်ဆိုလျှင် မှူးမတ်တွေအပေါ်ကို သူ လွှမ်းမိုးနိုင်လာပေမည်။ စကားအခွန်းတစ်ရာ ပြောမည့်အစား အလုပ်နှင့် တစ်ကြိမ်ပြသတာက ပိုကောင်းပေသည်။

ပွဲတော်စတင်သည့်နေ့တွင် သူသည် ရာဟန် လောက် မျက်နှာပန်းမလှပခဲ့ပေ။ ရာဟန် သည် နတ်ဘုရားဝတ်ပြုခြင်း အခမ်းအနားတွင် ယခင်နှစ်များက သူတို့သားအဖ၏ စွမ်းဆောင်ရည်ထက် များစွာပိုမိုကောင်းမွန်သော အလုပ်ကို လုပ်ဆောင်ခဲ့သည်။အကြောင်းမှာ ရိုစီနာ ကို သူအပိုင်ရထားတာကြောင့် ဖြစ်၏။သူ့အတွက် ဘာမှမဖြစ်သွားနိုင်သော်လည်း ရာဟန်၏ စွမ်းအားက သူ့ကို လှောင်ရယ်နေသလိုပင်။

သန့်ရှင်းသော ရေထည့်ထားသော ပန်းကန်ကြီးသည် ရာဟန် ၏ စွမ်းအားကို မထိန်းထားနိုင်ဘဲ ကောင်းကင်သို့တက်၍ မိုးပြန်ရွာချလေ၏။သူသည် မိုးရေထဲတွင် စိုရွှဲစွာဖြင့် နှလုံးသားတစ်ခုလုံး ကြေကွဲပျက်စီးခဲ့ရသည်။ မည်သည့်တော်ဝင် မှတ်တမ်းတွင်မျှ ဤမျှလောက် အောင်မြင်မှု မရှိခဲ့ပေ။

ဇီဂရစ် သည် ရာဟန် ရှေ့ရောက်သွားပါက ကြောက်မက်ဖွယ်ကောင်းသော အကူအညီမဲ့သလို ခံစားချက်မျိုးကို ခံစားရသည်။ သူ ဘယ်လောက်ပဲ ကြိုးစားရုန်းကန်နေပါစေ၊ ရိုစီနာ ဘေးမှာ ထာဝရရှိနေသရွေ့ ရာဟန် ကို အနိုင်မယူနိုင်ပေ။ထို့ကြောင့် သူ အလွန်တုန်လှုပ်သွားရပြီး မြေအောက်မကောင်းဆိုးဝါးကို လွှတ်ပေးခဲ့လိုက်သည်။ ထို့နောက် သင့်လျော်သော မေ့ဆေးကို အသုံးပြု၍ မကောင်းဆိုးဝါးကို အနည်းငယ် နာခံတတ်အောင် ဆွဲဆောင်လိုက်သည်။ အစီအစဥ်မှာ ခန်းမအဝင်ဝတွင် ထိုမကောင်းဆိုးဝါးကို ထားကာ ရုန်းရင်းဆန်ခတ်ဖြစ်အောင် လုပ်ထားခြင်း ဖြစ်သည်။ ထို့နောက် သူသည် မကောင်းဆိုးဝါးကြီးကို သတ်ဖြတ်ပြကာ ရိုစီနာ အား ရာဟန် နှင့် ဝေးရာသို့ ခေါ်သွားမည်ဖြစ်သည်။ ရိုစီနာ က သူနှင့် လက်တွဲမည်မဟုတ်၍ အတင်းအကြပ် ဖမ်းခေါ်တာကလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။

ကလေးက အစပင် သိသော ဒဏ္ဍာရီတစ်ခု အင်ပါယာတွင် ရှိခဲ့သည်။ နတ်ဘုရားက သူ့လက်တွဲဖော် နှင့် တွေ့သောနေ့မှာ ငြိမ်းချမ်းစွာဖြင့် နန်းတက်နိုင်ခြင်း ဖြစ်သည်။ ထို့ကြောင့် ရာဟန် သည် ပဋိပက္ခတစ်ခုကြောင့် သူ့အိမ်ထောင်ဖက် ရိုစီနာ ကို အတင်းခိုးယူ ပေါင်းသင်းထားကြောင်း စကားဖြန့်ရန် စီစဉ်ထားသည်။ နောက်ဆုံး သူ၏ နတ်ဘုရား တန်ခိုးကို ပြသပြီး ရာဟန် က မကောင်းဆိုးဝါးကို အပြင်ထုတ်လာတာဖြစ်ကြောင်း စွပ်စွဲမည်ဖြစ်လေသည်။ ယခုဆိုလျှင် သူ တွေးထားသည့်အတိုင်း ဖြစ်သွားပြီဖြစ်သည်။ မကောင်းဆိုးဝါးက သူထင်ထားသလောက် မနာခံတတ်ဘဲ ရိုင်းစိုင်းတတ်သည်ကလွဲ၍။

***

ပွဲခန်းမထဲသို့ ဝင်လာသော မကောင်းဆိုးဝါးသည် ကြီးမားလှပြီး သူ့နောက်ကျောသည် တောင်ကုန်းတစ်ခုကဲ့သို့ ကွေးညွတ်နေကာ အရေပြားမှာလည်း နီမြန်း၍ အစက်အပြောက်များ ရှိသည်။ပြူးထွက်နေသော အစွယ်များသည် စားပွဲခုံ၏ ခြေလေးချောင်းထက် ပိုထူသည်။ မကောင်းဆိုးဝါးသည် အခန်းအတွင်းထဲသို့ ဝင်လုနီးနီးဖြစ်လာသည်။ အခြေအနေကို နောက်ကျမှ သိလိုက်သော မှူးမတ်များမှာလည်း အတင်း အော်ဟစ်ကာ ထွက်ပြေးကြသည်။

သို့သော် မကောင်းဆိုးဝါးက ဝင်ပေါက်ကို ပိတ်ဆို့ထားတာကြောင့် ပြေးစရာနေရာမရှိပေ။ မကောင်းဆိုးဝါးကောင်ကြီး အခန်းထဲသို့ တစ်စတစ်စ ဝင်လာတိုင်း အားလုံးက ပို၍တောင် ကျယ်လောင်စွာ အော်ကြ၏။ အစောင့်တွေကို ဖြိုခွင်းပြီးပြီဖြစ်သော မကောင်းဆိုးဝါးသည် ချက်ချင်း လူအုပ်ဆီသို့ ရောက်လာသည်။

ရိုစီနာ သည် မကောင်းဆိုးဝါးကိုတစ်ခါမှအရင်က မမြင်ဖူးသဖြင့် မျက်နှာမှာ ဖြူဖျော့လျက်ရှိသည်။

"ကေလာ..."

သူမ သည် မလှုပ်မယှက် ဖြစ်နေသော ကေလာ၏ ခြေထောက်ကို လှမ်းကိုင်လိုက်သည်။ ကေလာသည် နဂါးကြီးကို မြင်လိုက်ရသဖြင့် မျက်ရည်များဝဲကာ ကြောင်စီစီ ဖြစ်လျက်ရှိသည်။

“မိန်းကလေး…”

တစ်ခြားနိုင်ငံခြား သံတမန်နှစ်ယောက်ကလည်း ထိတ်လန့်သွားပြီး ကေလာ ကို ကောင်းကောင်းဂရုစိုက်ဖို့ မတတ်နိုင်ခဲ့ပေ။ ရိုစီနာ သည် ကေလာကို အနောက်မှာ ဝှက်ထားပေးစဉ်၊ အီလီယန် သည် အတွင်းဘက်က ကလေးကစားခန်းထဲမှာ ကစားနေသေးသည်ကို သတိရသွား၍ တစ်ကိုယ်လုံး အေးစက် တောင့်တင်းလာရ၏။

“အီလီယန်….”

ရိုစီနာ သည် ရာဟန် လက်ကို ဖမ်းဆုပ်လိုက်သည်။ အီလီယန် သည် မကောင်းဆိုးဝါးရှိရာနှင့် မဝေးလှပေ။ မကောင်းဆိုးဝါးက နည်းနည်းလေး ထိုအခန်းဘက်ကို ဦးတည်သွားလျှင်တောင် ကလေးအတွက် မတွေးဝံ့စရာပင်။

"ကျေးဇူးပြုပြီး…မင်း အခုချက်ချင်း ထွက်ပြေးပါကွာ....ကျေးဇူးပြုပြီး..."

ရာဟန် က သူမကို တောင်းဆိုနေသော်လည်း သူမ သူ့ကို ချန်ထားခဲ့ပြီး ထွက်မပြေးနိုင်ပေ။လက်ထဲမှာလည်း ဘာမှမရှိတာကြောင့် ဘာမှ မတတ်နိုင်ပေ။

အကယ်၍ သူမမှာ ဓားရှိရင်တောင် မကောင်းဆိုးဝါးတစ်ကောင်ကို ဘယ်လို ရင်ဆိုင်ရမလဲ....

ထို့အပြင် ကြီးမားသော မကောင်းဆိုးဝါးတစ်ကောင်ကို တစ်ယောက်တည်း ဖမ်းမိနိုင်မည်မဟုတ်ပေ။ထိုစဉ် အရက်မူးနေသကဲ့သို့ ဟန်ချက်မညီဖြစ်နေသည့် မကောင်းဆိုးဝါးသည် အသံကျယ်ကြီးမြည်ကာ ပြေးလာသည်။

"ကျား..."

ထိုအခါ မှူးမတ်များ၏ စူးစူးဝါးဝါးအော်သံများက ပွဲရုံကြီးတစ်ခုလုံး ပြည့်သွားရသည်။ သူတို့သည် ထောင့်တစ်နေရာမှာ စုပြုံရပ်နေခြင်းဖြစ်ပြီး အသက်ရှင်ဖို့ ကြိုးစားရင်း အော်ငိုနေကြသူက များသည်။

ရာဟန်၊ ရိုစီနာ နှင့် ဇီဂရစ် တို့သာ အခင်းဖြစ်ပွားရာနေရာတွင် ကျန်ရစ်ခဲ့သည်။ ဇီဂရစ်သည် မကောင်းဆိုးဝါးကောင် ပြေးလာသည်ကို မြင်လိုက်သည်နှင့် သူ့ဓားကို ဆွဲထုတ်လိုက်လျှင် ထောင့်စွန်းတွင် ရပ်ကာ တုန်လှုပ်နေသော မှူးမတ်များ၏ မျက်နှာများမှာ ဝင်းလက်တောက်ပလာကြတော့သည်။ အင်ပါယာရှိ အကောင်းဆုံး မကောင်းဆိုးဝါးမုဆိုးသည် အိမ်ရှေ့စံဖြစ်သည်ကို သူတို့ ခဏမေ့သွားပါပကော။

"အရှင့်သား..."

အားလုံးက စိတ်သက်သာရာရသွားသော မျက်နှာများဖြင့် ဇီဂရစ် ကို ကြည့်နေကြသည်။ မကောင်းဆိုးဝါးကြီးသည် ကြီးမားသော်လည်း ဇီဂရစ် ၏ သူရဲကောင်းဇာတ်လမ်းမှာ ထိုထက်မက ပိုများသည်။ ဒါဇင်နှင့် ချီသည့် သတ္တဝါတွေကို သူ တစ်ယောက်တည်း ခုတ်သတ်ပစ်ခဲ့သည်ဟု တစ်စွန်းတစ်စ ကြားဖူးပေသည်။ထို့အပြင် တောင်ကြီးတစ်ခုလို ခွန်အားကြီးမားသည့် ဘီလူးတစ်ကောင်ကိုလည်း ပြီးသတ်အောင် စီရင်ခဲ့ဖူးသည်ဟု ဆိုကြ၏။ သို့သော်လည်း ဇီဂရစ် မျက်နှာ အမူအရာက သူတို့ထင်သလောက် သိပ်မကောင်းပေ။သူကြည့်ရသည်မှာ စိတ်ပျက်နေပုံပေါ်သော်လည်း နောက်မဆုတ်ဘဲ ဓားကို ပြင်ထားခြင်း ဖြစ်သည်။

ထိုအခါ မကောင်းဆိုးဝါးသည် ဇီဂရစ် ဆီသို့ ပြေးသွားခဲ့ပြီး အပူရှိန်တစ်ခု ထုတ်လွှတ်ကာ အပြာရောင် ရောင်ခြည်တစ်ခုဖြင့် ပတ်ထားလိုက်လေတော့သည်။ထိုစဉ်၊ ဓားသွားသည် မကောင်းဆိုးဝါး၏ အရေပြားကို ဖြတ်တောက်ပစ်လိုက်သော်လည်း အကြေးခွံတွေကြောင့် များစွာ ထိခိုက်မှုမရှိချေ။

ဇီဂရစ် ၏ တိုက်ခိုက်ပုံ၊တိုက်ခိုက်နည်းသည် အတော်ကြမ်းသဖြင့် မကောင်းဆိုးဝါးကို ထိခိုက်သွားနိုင်သည်။ ဇီဂရစ် သည် မကောင်းဆိုးဝါးကို အနိုင်ယူနိုင်မည်ဟု မှူးမတ်များက ထင်မြင်နေကြသော်လည်း တုန်လှုပ်နေသော မကောင်းဆိုးဝါးက မှုဟန်မတူဘဲ ဟိန်းဟောက်လိုက်ပြန်သည်။ထို့ကြောင့် အားလုံး နားကို တတ်နိုင်သမျှ အုပ်ထားရတော့၏။

ထို့နောက် မကောင်းဆိုးဝါးကြီးသည် မျက်လုံးက ရဲရဲ‌နီနေကာ ဇီဂရစ် ဆီသို့ ပြေးသွားပြီး သူ့အစွယ်များဖြင့် ဇီဂရစ် ပုခုံးကို ထိုးဖောက်လိုက်သည်။

ဇီဂရစ် သည် နာကျင်မှုအပြည့်ဖြစ်နေသည့် ကြားထဲကပင် သူ့ဓားကို မြှောက်လိုက်ပြီး မကောင်းဆိုးဝါး၏ ဦးခေါင်းကို ဖြတ်လိုက်သည်။သို့သော် မကောင်းဆိုးဝါးမှာ ဒေါထသွားသဖြင့် သူ့ကို မလွှတ်ပေးဘဲ ခဲထားကာ ဆောင့်ခါပစ်လိုက်၏။

ထိုအခါ ဇီဂရစ်သည် မကောင်းဆိုးဝါးကိုက်ထားသော အသားများက တစ်စီ ပြဲထွက်တော့မလို ခံစားလိုက်ရသဖြင့် လက်ထဲက ဓားမှာ လွတ်ကျသွား၏။

ဇီဂရစ် ကို ကြမ်းပြင်ပေါ်သို့ ပစ်ချပြီးနောက်၊ မကောင်းဆိုးဝါးသည် မှူးမတ်များကို ကြည့်ရှုလိုက်ပြန်သည်။မှူးမတ်များ ကြောက်သွားကြပုံမှာ ဆိုစရာမရှိတော့၊ဇီဂရစ် ကိုတောင် သတ်ပစ်တော့မလိုလုပ်နေ၍ မျက်နှာများက ဖြူဖျော့သွားတော့သည်။

“……”

သူတို့ ပြေးစရာနေရာမရှိတော့ပေ။ မကောင်းဆိုးဝါး ပြေးသွားသည့် အရှိန်ကို ကြည့်လိုက်ရုံနှင့်၊သူတို့သာ ထွက်ပြေးပါက ခြေထောက်ဖြင့် တက်နင်းခံရနိုင်သည်။

မှူးမတ်များ ငိုကြွေးနေချိန်တွင် မကောင်းဆိုးဝါးသည် အသံကြားရာဘက်သို့ လျှောက်လာစဥ် ဟိုဒီကြည့်နေရင်းက ရိုစီနာ ကို တွေ့သွားသည်။

နီရဲတောက်နေသော မျက်လုံးကြီးတွေက သူမဆီ လှည့်လာသည်နှင့် ရိုစီနာ တုန်လှုပ်သွားရသည်။ ဇီဂရစ် ကို ထိုသတ္တဝါက ကိုက်လိုက်သည်ကို သူမမျက်လုံးဖြင့် မြင်လိုက်ရသည်။ လက်နက်မရှိသော သူမ ဆိုလျှင် ချက်ချင်းပင် အသက်ဆုံးရှုံးသွားနိုင်သည်။သွေးဆာနေသော မကောင်းဆိုးဝါးကြီးက တစ်စတစ်စ တိုးလာသည်နှင့်၊ သူမ နောက်မှာ ရပ်နေသည့် ကေလာ ကို နောက်ပြန်တွန်းလိုက်သည်။

"ရိုစီနာ..."

ရာဟန် ၏အသံကိုကြားတော့ သူမ ပြန်တည်ငြိမ်လာသလိုပင်။ထို့နောက် လမ်းလျှောက်လာနေသည့် မကောင်းဆိုးဝါးက သူမတို့သုံးယောက် ရှေ့မှာလာရပ်ပြီး ပါးစပ်ကိုဟကာ ထူးဆန်းသော အော်သံကို ပြုလိုက်သည်။

- ငါ မင်း ပြောတာကို ကြားရတယ်... မင်းက ငါတို့ကို နားလည်သလား...

မပီသသော်လည်း ၎င်းမှာ ဘာသာ စကားတစ်ခုဖြစ်သည်။

ရိုစီနာ အံ့သြတကြီးဖြင့် မကောင်းဆိုးဝါးကို မော့ကြည့်လိုက်သည်။ သို့သော် မကောင်းဆိုးဝါးပြောစကားကို မည်သူမျှ နားမလည်ကြဘဲ အော်ဟစ်၍သာ နေတော့သည်။ မကောင်းဆိုးဝါး၏ ခေါင်းသည် အောက်သို့ ငုံ့ကျလာရာ သူမ အပေါ်ကို ကြီးမားသော အရိပ်တစ်ခု လွှမ်းသွားသည်။ထိုအချိန်တွင် ရာဟန် သည် ကြမ်းပြင်ပေါ် ကျနေသောဓားကို အမြန်ကောက်ကိုင်လိုက်ပြီး သူမကို လက်နောက်ပြန်တွန်း၍ ဓားဖြင့် မကောင်းဆိုးဝါး၏ မျက်လုံးထဲကို ချက်ချင်းထိုးလိုက်သည်။

နာကျင်စွာ အော်ဟစ်သံနှင့်အတူ မကောင်းဆိုးဝါးသည် နောက်ပြန်ဆုတ်သွားသော်လည်း ရာဟန် က လက်လွတ်မခံခဲ့ပေ။ မကြာမီ သူ့ကိုယ်မှနေ၍ ဇီဂရစ် နှင့် မယှဉ်နိုင်သော အပြာရောင်စွမ်းအင်တစ်ခု ဖြာထွက်လာလေ၏။ထို့နောက် သူ ချက်ချင်း ပြေးသွားပြီး မကောင်းဆိုးဝါး၏ လည်ပင်းကို ဖြတ်လိုက်ရာ ကြမ်းပြင်ပေါ်တွင် စိမ်းစိုနေသော သွေးစိမ်းများ ဖျန်းခနဲ စီးကျလာပြီး သူ့ပါးပြင်ပေါ်အထိပါ စီးကျလာသည်။

မကောင်းဆိုးဝါးကြီးသည် အားလုံး၏ နားစည်များ ကိုက်ခဲသွားစေနိုင်သည့် ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ လက်သည်းများဖြင့် ရာဟန်ကို ကုတ်ခြစ်လိုက်သည်။ သို့သော် မကောင်းဆိုးဝါးသည် သူ့အတွက် ပါမွှားသာ ဖြစ်ပြီး ဓားတစ်ချောင်းတည်းဖြင့် ကျောက်တုံးကြီးလို မာကျောနေသော မကောင်းဆိုးဝါး၏ အရေပြားကို ဖြတ်တောက်ပစ်လိုက်သည်။ ထိုအကောင် မသေမချင်း သူ့ဓားချက်က မရပ်သေးပေ။ ဝေဒနာပြင်းထန်စွာ ခံစားနေရသဖြင့် ချာချာရမ်းနေသော မကောင်းဆိုးဝါးသည် အော်သံကျယ်ကြီးနှင့်အတူ ကြမ်းပြင်ပေါ်သို့ ပြိုလဲသွားသည်။တသွင်သွင် စီးဆင်းနေသော အစိမ်းရောင်သွေးများသည် ရာဟန် ၏ ခြေထောက်များကို စိုစွတ်စေခဲ့လေသည်။

အားလုံးမှာ အားကိုးတကြီးဖြင့် ရာဟန် ကျောပြင်ကို ငေးကြည့်နေကြပြီး အဖြစ်အပျက်ကို အခုထိ လက်သင့်ခံလို့မရကြသေးပေ။နတ်ဆိုးကိုသတ်ခဲ့သူမှာ အိမ်ရှေ့စံမင်းသား ဇီဂရစ် မဟုတ်ဘဲ မဆီမဆိုင် တတိယမင်းသား ရာဟန် ဖြစ်နေ၏။ဤသည်မှာ တော်ဝင်မိသားစုအတွက် ရှက်စရာကိစ္စပင်။ ကြမ်းပြင်ပေါ်သို့ ချွန်ထက်သောဓားသွား ပြုတ်ကျသွားသံကို သူတို့ကြားလိုက်ရသည်။

နောက်ဆုံး ဓားကိုပစ်ချလိုက်သော ရာဟန် သည် ရိုစီနာ ထံ ချက်ချင်းပြေးသွားပြီး သူမကို ပွေ့ဖက်ထားလိုက်သည်။

***

မကောင်းဆိုးဝါး တိုက်ခိုက်မှုကြောင့် ပွဲပျက်သွားသည်။ မှူးမတ်များ အားလုံး အံ့အားသင့်ကာ ခန်းမထဲမှ ထွက်သွားကြပြီး ရိုစီနာ သည်လည်း ကေလာ အား သံတမန်များနှင့် အပ်ထားခဲ့ကာ အီလီယန် ကို ခေါ်ပြီးနောက် တတိယမြောက် နန်းတော်သို့ ပြန်သွားခဲ့သည်။ တစ်ခန်းမလုံးက လူတွေက ရာဟန် ကို သာ ထက်ချပ်မကွာ စိုက်ကြည့်နေကြတော့သည်။

တတိယမင်းသားနန်းတော်သို့ရောက်သောအခါ ရိုစီနာ သည် ရာဟန် ကို ရေချိုးခန်းထဲ သွားခိုင်းလိုက်သည်။ သူက သူမကို မျက်စိအောက်က အပျောက်မခံဘဲ ကြည့်နေရင်းက နောက်ဆုံးမှာ ရေချိုးခန်းထဲကို ဝင်သွားတော့သည်။ထိုအခါမှ သူမလည်း ကုတင်ပေါ်မှာ ထိုင်လိုက်သည်။သို့သော် သူမ နှလုံးသားက မငြိမ်သက်သေး။ သူမ ဧရာမ မကောင်းဆိုးဝါးကြီးကို မြင်မြင်ချင်း သေခြင်းတရား၏ ရှေ့မှောက်တွင် မတ်တပ်ရပ်နေရသလို ဖြစ်သွားခဲ့သည်။

သူမသည် သေခြင်းတရားကို ပထမဦးဆုံးအကြိမ် နီးကပ်စွာ ခံစားခဲ့ရသည်။ သူမ သေတော့မည်ဟု ထင်ထားသော်လည်း ထိုသတ္တဝါက သူမကို စကားလာပြောနေသည်။သူ့ပြောစကားကို နားလည်သူက သူမ တစ်ယောက်တည်းသာ ဖြစ်နိုင်၏။ မကောင်းဆိုးဝါးသည် စကားပြောနေစဉ် သူမကို လက်ညှိုးထိုးထားခဲ့သည်။ သူမသည် မွေးလာကတည်းက တိရိစ္ဆာန်များနှင့် စကားပြောနိုင်ခဲ့သော်လည်း မကောင်းဆိုးဝါးများနှင့် ဆက်သွယ်နိုင်ကြောင်း မသိခဲ့ပေ။

'ငါက လူသားမဟုတ်သလိုပဲ...'

“……”

ရာဟန် သည် ရေချိုးခန်းဝင်ပေါက်အနီးတွင် ရပ်နေပြီး ရိုစီနာ ကို ကြည့်နေသည်။ ရိုစီနာ သည်လည်း သူမ၏ စိုးရိမ်မှုများကို ဘေးဖယ်ထားပြီး သူ့ကိုကြည့်ကာ ပြောလိုက်သည်။

"လာလေ..."

ထိုအခါ သူက ချီတုံချတုံဖြစ်နေပြီး တုံ့ဆိုင်းစွာဖြင့် ချဉ်းကပ်လာရာ သူမက သူ့လက်ထဲရှိ မျက်နှာသုတ်ပုဝါကို ယူလိုက်သည်။

“ထိုင်ပါဦး..."

သူက သူမ ဘေးတွင် ညင်သာစွာ ထိုင်လိုက်လျှင် သူ့ဆံပင်ကို ပုဝါဖြင့် ညင်သာစွာ ပွတ်သုတ်ပေးလိုက်သည်။ သူ့ဆံနွယ်များမှ ရေစက်များသည် ချောမွေ့နူးညံ့သော သူ့ကျောပြင်ပေါ်သို့ စီးကျလာသည်။ သူမက သူ့ဆံပင်တွေကို မျက်နှာသုတ်ပုဝါနှင့် တစ်ချက်သုတ်ပေးလိုက်တိုင်း သူ့နောက်ကျော ကြွက်သားတွေ တွန့်လိမ်သွားသည်။ ဒဏ်ရာများစွာရှိသည့် သူ့နောက်ကျောတွင် အဆီပိုတစ်စက်မှ မရှိပေ။

"တောင်းပန်ပါတယ်....အဲ့ဒီလိုဟာမျိုးကို မင်းကို ပြလိုက်မိလို့...”

ထိုအချိန်က သူမကို ရန်ပြုတော့မည်ဟု ထင်လိုက်သဖြင့် သူ ခဏတာ စိတ်လွတ်ကာ သတ်ပစ်မိခြင်းဖြစ်သည်။

“မဟုတ်ဘူး…ရှင့်ကို ကျွန်မ ကျေးဇူးတင်ပါတယ်...”

ရာဟန် သာ မကယ်ပါက သူမ မကောင်းဆိုးဝါး၏ တိုက်ခိုက်ခြင်းကို ခံချင်ခံရနိုင်သည်။သူကသာ သူမအသက်ကို ကယ်တင်ခဲ့သူဖြစ်သည်။ သူမ မျက်နှာသုတ်ပုဝါကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး သူ့လည်ပင်းကို ဖြည်းညှင်းစွာ သုတ်လိုက်သည်။ အနည်းငယ် စိုစွတ်နေသော မျက်နှာသုတ်ပုဝါသည် သူ့အရေပြားကို ထိလိုက်သောအခါ သူ ဆတ်ကနဲ တုန်လှုပ်သွားသည်။ သူမ ကျောကို သုတ်နေစဉ် ကြီးမားသော အမာရွတ်ကို တွေ့သွားရသည်။ ဒဏ်ရာက ကြီးကြီးမားမား တစ်ခုခုနှင့် ဖြတ်လိုက်သလို နက်ရှိုင်းပြီး ကြီးမားသည်။ ပျောက်ကင်းသွားသည်မှာ ကြာပြီဖြစ်သော်လည်း အဖုအထစ် အမာရွတ်ရှိနေသည်။ သူမ စိတ်ထဲက ဝမ်းနည်းမိသွားကာ မေးကြည့်လိုက်မိသည်။

"ရှင်က ဘယ်လိုလုပ် နတ်ဆိုးတစ်ကောင်ကို သတ်ပစ်နိုင်တာလဲ..."

မကောင်းဆိုးဝါးတွေကို အမြဲ တိုက်ခိုက်လေ့ရှိသည့် အိမ်ရှေ့စံတောင်မှ လွယ်လွယ်နှင့် ကျရှုံးသွားတာဖြစ်သည်။သို့သော် သူကမူ ထိုမကောင်းဆိုးဝါးကို အလွယ်တကူ နှိမ်နင်းနိုင်ခဲ့သည်။ အရင်ကလည်း အတွေ့အကြုံရှိထားသူ တစ်ယောက်လိုပင်။

ရိုစီနာ အား မကောင်းဆိုးဝါးများနှင့် တိုက်ခိုက်ရနိုင်ကြောင်း တစ်ခါမှ မပြောခဲ့ဖူး၍ ရာဟန် ခဏ တိတ်ဆိတ်သွားသည်။သူမက သူ့နောက်ကျောကို သုတ်ပြီး မျက်နှာသုတ်ပုဝါကို ချလိုက်သည်နှင့် သူ စကားစလိုက်တော့သည်။

“အင်ပါယာမိသားစုမှာ နတ်ဘုရားရဲ့ တန်ခိုးတော်က ကွယ်ပျောက်သွားပြီ…”

“…..”

“ပြီးတော့ ကိုယ်ကလည်း တော်ဝင်မိသားစုဝင်တစ်ယောက်လေ..."

သူမသည် မျက်နှာသုတ်ပုဝါကို အသာ ငေးကြည့်နေမိသည်။ယခု သူက အိမ်ရှေ့စံလိုပင် တစ်လေသံတည်း ထွက်နေလေပြီ။သူမသည် နတ်ဘုရားများကို မယုံကြည်ဘဲ တော်ဝင်မိသားစုကမရှိဟု အာဏာရယူရန် ကြိုးပမ်းခဲ့သည်ဟုသာ ယုံထားသည်။

"ဒါပေမယ့် ကိုယ်က ကံကောင်းခဲ့တယ်..."

သို့သော် သူမ စိတ်ထဲဝယ် ထိုသို့အဓိပ္ပါယ်မရှိသည့် ကိစ္စများ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူးဟု တွေးပြီး သူမ တစ်ယောက်တည်း မြိုသိပ်ထားသည့် အတွေးစတစ်ချို့ကို ဖွင့်ဟလိုက်သည်။

“…နတ်ဘုရားရဲ့တန်ခိုးကို လွှမ်းမိုးနိုင်တဲ့သူရှိသလား...”

ရာဟန် ခဏတိတ်ဆိတ်သွားသည်။

"ကိုယ် မသိဘူး..."

"…ကောင်းပါပြီ"

ခဏကြာမှ ပြန်ဖြေလိုက်တာကြောင့် သူ တစ်စုံတစ်ခုကို သိထားသော်လည်း ဖုံးကွယ်ထားသည်ဟု ခံစားရစေသည်။

သူမ ထိုင်နေရာမှ ထလိုက်ရာ ရာဟန်က ထက်ချပ်မကွာ လိုက်ကြည့်နေ၏။

"ကျွန်မလည်း ရေချိုးလိုက်ဦးမယ်..."

"မင်း နေကောင်းတာ သေချာရဲ့လား..."

မကောင်းဆိုးဝါးက ရိုစီနာ ကို မထိသွားသော်လည်း သူက သူမ အခြေအနေအကြောင်း မေးလာသည်။

သူမက သူ စိတ်ချသွားရန် လက်နှစ်ဖက်လုံးကို သေချာဖြန့်ပြလိုက်သည်။လက်နှစ်ဖက်စလုံးတွင် ခြစ်ရာမရှိဘဲ သန့်ရှင်းနေတာကို မြင်လိုက်ရသဖြင့် ရာဟန် သည် လုံးဝ စိတ်သက်သာရာရသွားသလို ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူမသည် အဝတ်အစားအပိုများ ယူပြီး ရေချိုးခန်းထဲကို သွားလိုက်သည်။သူမ ရင်ဘတ်အောက်မှ နှလုံးသားကတော့ ခုန်နေသေးသည်။ထို့နောက် ရေချိုးခန်းတံခါးကို အသံမြည်အောင် ပိတ်လိုက်ပြီး ကြမ်းပြင်ပေါ် ငုတ်တုတ်ထိုင်ချကာ ပထမဆုံးအကြိမ် သူမ၏ကိုယ်ပိုင်ဖြစ်တည်မှုနှင့် ပတ်သက်၍ သံသယများ ပေါ်ပေါက်လာတော့သည်။



Xxxxxx