Chapter 74
အင်ပါယာ ထူထောင်ခြင်း အခမ်းအနား သုံးရက်မြောက်နေ့မှာ ကျင်းပလျက်ရှိသော ပွဲတွေနှင့် တစ်ခြား တော်ဝင်ပွဲတွေကို ဖျက်သိမ်းခဲ့သည်။သို့သော် အင်ပါယာပြည်သူများက ဘာမှမသိသောကြောင့် မြို့တော်မှ ပွဲတော်ကိုဆက်လက်ကျင်းပခဲ့သည်။ညစာစားပွဲခန်းမကို မကောင်းဆိုးဝါးတစ်ကောင် ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် မှူးမတ်များ စိတ်ပိုင်းဆိုင်ရာ တုန်လှုပ်သွားခဲ့သည်။
ယခုအချိန်အထိ သူတို့ကိုယ်သူတို့ လုံခြုံသော ဇုန်တွင် နေထိုင်နေသည်ဟု ထင်မြင်ခဲ့ကြသည်။ မြို့တော်မှာ မကောင်းဆိုးဝါးတွေ မရှိတော့သည်မှာ အတော်ကြာသွားသည့်အတွက် ပေါ့ဆနေခဲ့ကြသည်။ သို့သော် ယခုအခါ အင်ပါယာရှိ အစောင့်အကြပ် အထူထပ်ဆုံးနေရာဖြစ်သည့် တော်ဝင်နန်းတော်တွင် မကောင်းဆိုးဝါးတစ်ကောင် ပေါ်လာ၍ အင်ပါယာတွင် ဘေးကင်းသော ဇုန်ဟူ၍ မရှိတော့ေပ။ မကောင်းဆိုးဝါးက သူတို့ထင်ထားတာထက် ပိုကြောက်စရာကောင်းလှသည်။
၎င်း၏ထူးခြားသောအသွင်အပြင်နှင့် ကြီးမားသောစွမ်းအားကြောင့် လူသားများ ရင်ဆိုင်နိုင်စွမ်းမရှိပေ။ အရည်အချင်းရှိသော အိမ်ရှေ့စံမင်းသား ဇီဂရစ် တောင် ထိုမကောင်းဆိုးဝါးကို မနိုင်ခဲ့ပေ။ခန်းမကို မကောင်းဆိုးဝါး တိုက်ခိုက်ခံရမှု ဇာတ်လမ်းသည် တောမီးကဲ့သို့ ပျံ့နှံ့သွားပြီး တော်ဝင်နန်းတော်ရှိ လူတိုင်းသည် ထိုအကြောင်းကို တစ်ရက်မပြည့်မီ သိလိုက်ရသည်။ယခုမူ ၎င်းသည် တော်ဝင်မြို့အပြင်ဘက်အထိပါ ပျံ့နှံ့သွားခဲ့သည်။
ထို့ကြောင့် ဘုရင်မင်းမြတ် ဘားမန်း သည် မှူးမတ်များကို အလျင်စလိုခေါ်ကာ အရေးပေါ်အစည်းအဝေးများ ကျင်းပခဲ့သည်။ အိမ်ရှေ့စံ ဇီဂရစ် မှာမူ ပြင်းထန်သော ပခုံးဒဏ်ရာကြောင့် အစည်းအဝေးကို မတက်ရောက်နိုင်ခဲ့ဘဲ ယခုတစ်ကြိမ်တွင် မကောင်းဆိုးဝါးကြီးကို ကိုင်တွယ်ခဲ့သည့် ရာဟန် က တာဝန်ယူလာခဲ့သည်။
မှူးမတ်များစုဝေးရာ အစည်းအဝေးခန်းမအတွင်း တိတ်ဆိတ်ငြိမ်သက်နေသည်။ နေ့တစ်နေ့သာ ကုန်ဆုံးသွားသော်လည်း လူတိုင်းသည် တုန်လှုပ်ချောက်ချားမှုမှ မလွတ်မြောက်နိုင်ကြပေ။
"အရှင်မင်းကြီး…တတိယမင်းသား ရောက်လာပါပြီ..."
အခန်းအပြင်ဘက်မှ အစေခံ၏ အသံကိုကြားသောအခါ မှူးမတ်တို့သည် တုန်လှုပ်သွားကြ၏။ ထိုစဉ် တံခါးကိုဖွင့်၍ တတိယမင်းသား ရာဟန် ဟာဘက် ဝင်လာလျှင် တော်ဝင်မိသားစုကို နှုတ်ဆက်ရန် မတ်တပ်ထရပ်လိုက်ကြ၏။မနေ့ညက တတိယမင်းသားသည် မကောင်းဆိုးဝါးအား သတ်လိုက်တာကိုကြည့်ပြီး မှူးမတ်များ စိတ်နေဘောထားက အရင်ကနှင့်မတူကြတော့ပေ။ တတိယမင်းသား အိမ်ထောင်မပြုမီကမူ မှူးမတ်များသည် သူ့ကို အရူးတစ်ယောက်ဟုသာ ထင်မြင်ကြသည်။ အိမ်ထောင်ကျပြီးနောက် တရားဝင် လူလုံးထွက်ပြလာသောအခါတွင် ကောလဟာလတို့မှာ အနည်းငယ်ချဲ့ကားထားကြောင်း သူတို့ သဘောပေါက်သွားကြသည်။
ဘာပဲဖြစ်ဖြစ် ရာဟန် က ရုပ်ဆိုးသူ တစ်ယောက် မဟုတ်ဘဲ မြင့်မြတ်သော အခမ်းအနားတွင်လည်း အိမ်ရှေ့မင်းထက် ကြီးမားသော နတ်ဘုရားတန်ခိုးကို ပြသခဲ့သည်။ နယ်စားမင်း အယ်လိုအာ က ၎င်းကို ပျက်စီးခြင်း နိမိတ်လက္ခဏာဟု ခေါ်သော်လည်း အချို့သော မှူးမတ်များက မယုံကြပေ။အကြောင်းမှာ မနေ့က ဖြစ်ပျက်ခဲ့တာတွေက သူတို့ ရင်ထဲက သံသယကို တားဆီးပိတ်ပင်ထားတာကြောင့်ပင်။
အိမ်ရှေ့စံသည် မကောင်းဆိုးဝါးကို မသတ်နိုင်ခဲ့ဘဲ ရာဟန် ကသာ မကောင်းဆိုးဝါးကောင်ကို ချက်ချင်း ခုတ်သတ်ပစ်လိုက်ခြင်းဖြစ်သည်။ မနေ့ကတည်းက ရာဟန် သည် မှူးမတ်များ၏ ပါးစပ်ဖျားတွင် ရေပန်းစားလာခဲ့၏။ထို့ ကြောင့် သူ့စွမ်းအားသည် အိမ်ရှေ့စံထက် အားကောင်းကြောင်း ယူဆလိုက်ကြသည်။
ရာဟန် သည် စားပွဲ တစ်ဖက်တစ်ချက်စီတွင် ထိုင်နေသော မှူးမတ်များရှေ့မှ ဖြတ်သွားခဲ့၍ အားလုံးကက အိမ်ရှေ့စံထိုင်လေ့ရှိသည့် ထိုင်ခုံမှာ ရာဟန် ထိုင်မည်ဟု ထင်နေကြသည်။ သို့သော် မျှော်လင့်ချက်များနှင့် ဆန့်ကျင်ဘက်ဖြစ်စွာပင်၊ ရာဟန် သည် ထင်ရှားသော အိမ်ရှေ့စံနေရာမှာ မထိုင်ဘဲ အဝေးမှာသာ ထိုင်နေလိုက်၏။
"ဘုရင်မင်းမြတ် ကြွလာပါပြီ..."
ထိုအခါ မှူးမတ်တို့သည် ထိုင်ခုံမှထ၍ တညီတညွတ်တည်း နှုတ်ဆက်လိုက်ကြသည်။ ဘုရင်မင်းမြတ်သည် စားပွဲထိပ်ပိုင်းတွင် ထိုင်ပြီး လက်ကို မြှောက်ပြလိုက်သောအခါ မှူးမတ်များက ပြန်ထိုင်လိုက်ပြန်သည်။
"အများစုက ဒီမှာ ရောက်နေတာပဲ..."
ဘုရင်မင်းမြတ် ဘားမန်း က ဘာသိဘာသာ ညည်းတွားလိုက်သည်။ မနေ့က လန့်ပြီး ကွယ်လွန်သွားကြသည့် မှူးမတ်တစ်ချို့ကလွဲလို့ အားလုံးနီးပါး အစည်းအဝေးခန်းထဲမှာ ရှိနေကြသည်။ ရှားရှားပါးပါး မှူးမတ်များစွာ စုရုံးလာသောကြောင့် ညီလာခံအခန်းက ပြည့်နှက်နေသည်။ မှူးမတ်များသည် စစ်တိုက်တော့မလိုပင် မည်းမှောင်ပြီး လေးနက်သော မျက်နှာများရှိသည်။
“မနေ့ကအတွက် စိတ်မကောင်းပါဘူး… ကံကောင်းလို့ အသေအပျောက်နည်းတာ…အားလုံးတော့ လန့်သွားကြတာပါပဲ..."
မကောင်းဆိုးဝါးတစ်ကောင်၏ တန်ပြန်သက်ရောက်မှုသည် ကြီးမားလှသည်။ အိမ်ရှေ့စံသည် နတ်ဆိုးကို မသတ်ခဲ့ဘဲ၊ တစ်ခါမျှ အာရုံစိုက်မခံရဖူးသော ရာဟန် က နတ်ဆိုးကြီးကို သတ်ပစ်ခဲ့သည်။ထို့ကြောင့် မှူးမတ်များသည် အိမ်ရှေ့စံ၏ အရည်အချင်းများကို သံသယရှိလာကြပြီး၊ ယင်းအဖြစ်ကို တော်ဝင်ပြည်သူများသာ သိလျှင် တော်ဝင်မိသားစု၏ ဂုဏ်သတင်းသည် အောက်ကို ထိုးကျသွားမည်ဖြစ်သည်။
ဆိုလိုသည်က၊ အခုအချိန်အထိ သူတို့ တည်ဆောက်ခဲ့ရသော ယုံကြည်မှုအားလုံး ပျက်ဆီးသွားမည်ဖြစ်၏။
ဘားမန်း သည် ထိုသို့ ဖြစ်သွားမှာကို သူဘယ်တော့မှ ခွင့်ပြုနိုင်မည်မဟုတ်ပေ။
"မင်းတို့အားလုံးအတွက် အိမ်ရှေ့စံဟာ သူ့ကိုယ်သူ စတေးခဲ့တာ..."
ထိုအခါ၊အိမ်ရှေ့စံ၏ အရည်အချင်းကို သံသယဝင်သူများသည် တုန်လှုပ်သွားကြသည်။သူပြောသည့်အတိုင်း အိမ်ရှေ့စံသည် သူတို့ကို ကာကွယ်ရန် ကြိုးပမ်းစဉ် ဒဏ်ရာရခဲ့တာလည်း ဖြစ်နေနိုင်သည်။
"မနေ့က ခန်းမကို တိုက်ခိုက်ခဲ့တဲ့ မကောင်းဆိုးဝါးက သူရဲကောင်းတွေ အားလုံး မကိုင်တွယ်နိုင်တဲ့ အရာပဲ..."
မှူးမတ်တွေကလည်း မနေ့ကတွေ့ခဲ့သည့် မကောင်းဆိုးဝါးကြီးကို သတိရသွားပြီး တိတ်တိတ်လေး ခေါင်းညိတ်လိုက်သည်။ ၎င်းသည် သားရဲထက် ကြီးမားပြီး ပိုလျင်မြန်သည်။
ဘားမန်း သည် အိမ်ရှေ့စံကို အေးအေးဆေးဆေး အကာအကွယ်ပေးပြီး ရာဟန် ကို စိုက်ကြည့်နေသည်။
"တတိယမင်းသားက အိမ်ရှေ့စံကို တိုက်ခိုက်ခဲ့တဲ့ မကောင်းဆိုးဝါးကို ထိန်းနိုင်ခဲ့ပါတယ်...”
သို့သော် အချို့သော မင်းမျိုးမင်းနွယ်များက အိမ်ရှေ့စံကြောင့် နတ်ဆိုးက အားပျော့သွားသလိုလို ထင်မြင်သွားကြတော့သည်။ထိုစဉ် မှူးမတ်တစ်ယောက်က ဘာမန်း စကားကြောင့် သူ့လက်ကို မြှောက်လိုက်ကာ အသက်ပြင်းပြင်းရှူပြီး ပြောလိုက်သည်။
“အရှင်မင်းကြီး…တော်ဝင်နန်းတော်မှာ မကောင်းဆိုးဝါးက ဘယ်လိုပေါ်လာတယ်ဆိုတာ စုံစမ်းဖို့ လိုမယ်ထင်တယ်...”
အားလုံးက ခေါင်းညိတ်ပြီး သဘောတူလိုက်ကြသည်။
"ဟုတ်ပါတယ်… တော်ဝင်နန်းတော်ခန်းမထဲကို မကောင်းဆိုးဝါးဝင်လာတာကို ဘယ်သူမှ သတိမထားမိဘူးဆိုတာ အဓိပ္ပာယ်မရှိပါဘူး..."
"စုံစမ်းမှုက ပြီးသွားပြီ..."
ဘားမန်း စကားကြောင့် ဆွေးနွေးပွဲခန်းထဲတွင် ခဏတာ တိတ်ဆိတ်သွားပြန်သည်။
“မကောင်းဆိုးဝါးတွေ ဖောက်ထွင်းဝင်ရောက်ရတဲ့ အကြောင်းရင်းက တော်ဝင်နန်းတော်က အစောင့်တွေရဲ့ လုံခြုံရေးညံ့ဖျင်းမှုကြောင့် မဟုတ်ဘူး…ဒါဟာ အတွင်းလူ လုပ်တာ..."
အခန်းက တစ်ဖန် ဆူညံသွားသွားပြန်၏။
“ဒီလိုလုပ်တာ ဘယ်သူများလဲ…”
ခေတ္တတိတ်ဆိတ်နေသော ဘားမန်း သည် ရာဟန် ကို မျက်လုံးချင်းဆုံ၍ ကြည့်လိုက်သည်။
မှူးမတ်များ ရင်ထဲတွင် တစ်ကယ့် အဖြစ်မှန်မှာ နယ်စားမင်း အယ်လိုအာ ပြောခဲ့သော နိမိတ်မကောင်းခြင်း ဆိုသော သဘောထားနှင့် မလွဲမသွေ တိုက်ဆိုင်နေပြီဟု တွက်ဆမိလေတော့သည်။
"ဒါက တခြားဘယ်သူတွေအတွက်ဆိုရင် ဘာများအကျိုးရှိမှာလဲ..."
တိတ်ဆိတ်မှု၏အဆုံးတွင် လူတိုင်းက ရာဟန် ကို ကြည့်လိုက်ကြသည်။
"အဲဒါဆို ကျွန်တော်က မကောင်းဆိုးဝါးကို တော်ဝင်နန်းတော်ထဲကို ခေါ်လာတယ်ဆိုတဲ့ သဘောလား..."
"အင်း.... စုံစမ်းမှုရဲ့ ရလဒ်က အဲ့ဒီလိုဖြစ်နေတယ်လေ..."
ဘားမန်း သည် ရာဟန်ကို မျက်လုံးချင်းမဆုံဘဲ လိမ်ညာပြောလိုက်၍ ရာဟန် ဒေါသထွက်နေမိတော့သည်။ဘုရင်မင်းမြတ်သည် အလိုရှိစဉ်က သူ့ကို အသုံးချခဲ့ပြီး ယခု အိမ်ရှေ့စံပြုခဲ့သော လုပ်ရပ်အတွက် လာအပြစ်တင်နေတာကြောင့် အလွန်စက်ဆုပ်ရွံရှာသွားသည်။ သူ ထိုင်နေရာမှ ဖြည်းညှင်းစွာထ၍ မတ်တပ်ရပ်လိုက်ပြီး စားပွဲပေါ်လက်တင်ကာ ဘားမန်းကို တည့်တည့်ကြည့်လိုက်သည်။
“ကောင်းပြီ… အမှန်အတိုင်းပြောရင် ဘယ်သူမှ ကျွန်တော့်ကို ယုံမှာ မဟုတ်ဘူး...”
“……”
"ဒါဆို အရှင်မင်းကြီးက ဘာလုပ်ချင်တာလဲ…ကျွန်တော် မကျူးလွန်ခဲ့တဲ့အပြစ်ကို ဝန်ခံစေချင်သလား..."
သူ့အပြောက ရိုင်းစိုင်းသော်လည်း မကောင်းဆိုးဝါးကို သတ်ခဲ့တာကြောင့် မှူးမတ်များက ဘာမှ မပြောနိုင်ပေ။
"မင်းသားက သိပ်ရိုင်းစိုင်းတာပဲ..."
အသံတိတ်နေကြသော မှူးမတ်များကြားတွင် ဘုရင်မ၏ ဖခင် နယ်စားမင်း အယ်လိုအာ က ထပြောလေသည်။
"တတိယမင်းသားက မကောင်းဆိုးဝါးတစ်ကောင်တည်း သတ်လိုက်ရုံနဲ့ စိတ်ကြီးဝင်သွားပြီလား..."
သူသည် တော်ဝင်မိသားစုဝင် တစ်ယောက်အပေါ် ရိုသေလေးစားမှုမရှိစွာ မိုက်မိုက်ရိုင်းရိုင်း ပြောသော်လည်း ယင်းကို ဘယ်သူမှ ထောက်ပြကန့်ကွက်ခြင်းမရှိပေ။ နယ်စားမင်း အယ်လိုအာသည် အာဏာမရှိသော တတိယမင်းသားကို အသာစီးရမည်ဖြစ်ကြောင်း လူတိုင်းသိကြသည်။
"အရှင့်သားက မနေ့က ကိစ္စကြောင့် ဂုဏ်ယူနေပုံရတယ်… ဒါပေမယ့် အရှင့်သားရဲ့ အကူညီမပါဘဲ မကောင်းဆိုးဝါးကို တားဖို့ နည်းလမ်းတွေရှိတယ်ဆိုတာ သိထားလိုက်ပါ..."
အိမ်ရှေ့စံ ထိခိုက်သွားသောအခါတွင် မကောင်းဆိုးဝါး ကျူးကျော်ဝင်ရောက်မှုကို ရပ်တန့်နိုင်သူမှာ ရာဟန် ဟု အများစုက ယူဆထားကြသည်။ သို့သော် နယ်စားမင်း အယ်လိုအာ ပြောသည့်စကားသည် မှန်ကန်ပါက၊ သူတို့ တတိယမင်းသားကို အားနာစိတ်ဖြစ်ရန် မလိုတော့ပေ။
“အိမ်ရှေ့စံက သတိလစ် နေတယ်…ဒီအတောအတွင်း တော်ဝင်မိသားစုရဲ့ စွမ်းပကားနဲ့ဆိုရင် မကောင်းဆိုးဝါးတွေကို ရပ်တန့်ဖို့ လုံလောက်ပါတယ်..."
နယ်စားမင်း အယ်လိုအာ က မှူးမတ်တွေကို ကြည့်ပြီး ပြောလိုက်သည်။အကယ်၍ တစ်ယောက်ယောက်က ထပြီး ရာဟန် ဘက်မှ ခုခံကာကွယ်လာပါက ပြန်ပြောနိုင်ရန် ကစားကွက် ပိတ်ချလိုက်ခြင်း ဖြစ်သည်။ထိုအခါ မှူးမတ်များသည် သူ့ဘက် ယိမ်းနွဲ့လာသည်နှင့် သူ နှုတ်ခမ်းထောင့်ကိုညွတ်ကာ ပြုံးလိုက်တော့သည်။
"အရှင့်သားက ဒီလိုလုပ်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေ ရှိတယ်…ဒါပေမယ့် အရှင့်သား ဘာကြောင့် ဒီလိုလုပ်ခဲ့တာလဲ ဆိုတာ ကျွန်တော် နားမလည်ဘူး..."
နယ်စားမင်း အယ်လိုအား သည် နောက်ဆုံး လှေခါးပေါ်ကို တက်နင်းလိုက်သည်။
"အားလုံးကို တောင်းပန်ပါ..."
နယ်စားမင်း အယ်လိုအာ၏ လျှာသည် ဘုရင်မထက် ထက်မြက်သည်။ စိုးရွံ့နေသော ဘုရင်မအစား ရာဟန် နေရာမှာ အစားထိုးရန် လူရှာခဲ့သည်။ သူသည် တော်ဝင်မိသားစု၏ ဆွေမျိုးနီးစပ်များကို စုရုံးပြီး အိမ်ရှေ့စံနှင့် မကောင်းဆိုးဝါး အမဲလိုက်ခိုင်းခဲ့သည်။နောက်ဆုံးတော့၊သူ တွေးထားသလိုပင် နတ်တန်ခိုးရှိသူများကသာ သူရဲကောင်းတွေထက် ပိုအသုံးဝင်ခဲ့လေ၏။
သို့သော် ပြဿနာမှာ ပျက်စီးမှု အလွန်ကြီးမားခဲ့သည်။ တော်ဝင်မိသားစု၏ ဆွေမျိုးနီးစပ်ထဲမှ လူခြောက်ဦး သေဆုံးခဲ့ပြီးမှ မကောင်းဆိုးဝါးတစ်ကောင်ကို အသက်ရှင်လျက် ဖမ်းယူနိုင်ခဲ့သည်။ အမဲလိုက်ခြင်းက တစ်လမပြည့်သေးဘဲ၊ တော်ဝင်မိသားစု၏ မျိုးနွယ်များ သေသွားခဲ့ရသည့်အတွက် တော်ဝင်မိသားစု၏ ဂုဏ်သိက္ခာမှာ ညှိုးနွမ်းသွားဖွယ်ရှိသည်။ သို့သော်၊ ထိုကိစ္စနှင့်ပတ်သက်ပြီး ဘုရင်မင်းမြတ်က နှုတ်ဆိတ်နေသည်။ ရာဟန် ကို လုံးလုံးအစဖျောက်ပစ်ဖို့က အရေးကြီးသဖြင့်၊ နောက်မှ ဘယ်လိုဖြေရှင်းရမလဲဆိုသည်ကို စဉ်းစား၍ရသည်။
“တော်ဝင်မိသားစုရဲ့ ဆွေမျိုးနီးစပ်တွေ…”
သူ့ကိုယ်သူ ညည်းညူသလို ရေရွတ်လိုက်သော ရာဟန် သည် ခေါင်းကို ဖြည်းညှင်းစွာ လှည့်လိုက်ပြီး နယ်စားမင်း အယ်လိုအာ ကို ကြည့်နေသည်။ သူ့အကြည့်ကြောင့် နယ်စားမင်း သည် အလွန်တုန်လှုပ်သွားသည်။ သူသည် ရာဟန် ၏ စွမ်းအားကို သူ့မျက်လုံးများနှင့်လည်း မြင်တွေ့ခဲ့ရဖူး၍ အတော်လေးလန့်နေမိတာကတော့ အမှန်ပင်။
ထို့နောက် ရာဟန် က မတ်တပ်ရပ်လိုက်ပြီး တံခါးဆီသို့ ဦးတည်သွားလိုက်သည်။ ဘုရင်မင်းမြတ်ထံမှ ခွင့်ပြုချက်မတောင်းဘဲ အစည်းအဝေးခန်းမှ ထွက်သွားခြင်းသည် ကျင့်ဝတ်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ ထို့နောက် သူက တံခါးဝမှာရပ်နေပြီး ခေါင်းကို လှည့်လိုက်၍ ဘားမန်း နှင့် မှူးမတ်များကို ကြည့်ကာ၊
“အခုချိန်ကစပြီး ကျွန်တော်က မကောင်းဆိုးဝါးတွေရဲ့ ကိစ္စမှာ လုံးဝ ဝင်စွက်ဖက်မှာ မဟုတ်ဘူး...”
နောက်ဆုံးတော့ အေးစက်စက်အသံ ထွက်လာသည်။
“အဲဒီ ဆွေမျိုးနီးစပ်တွေကို စုပြီးပဲ အကောင်းဆုံးလုပ်လိုက်ကြပါ...”
***
ရိုစီနာသည် ဥယျာဉ်ကို ရေလောင်း၊ နေ့လယ်စာစားပြီးနောက် လက်ဖက်ရည်သောက်ချိန် ရောက်သည့်အခါ သူမ အတွေးထဲ နစ်မြုပ်သွားသည်။ ပြဿနာတို့ ဖြစ်ပျက်ခဲ့သည်မှာ တစ်ရက်မျှသာ ရှိသေးကြောင်း သူမ မသိလိုက်ပေ။ သူမ မျက်လုံးမှိတ်လိုက်တိုင်း မကောင်းဆိုးဝါးကြီးကို မြင်နေရသည်။ သူမ ကြောက်ရွံ့နေမိသော်လည်း အခြေအနေကို ပြန်သတိရသောအခါ မကောင်းဆိုးဝါးကြီးက သူမကို နာကျင်အောင်လုပ်ဖို့ မဖြစ်နိုင်ဟုသာ တွေးမိသည်။သူမ ဧည့်ခန်းထဲမှာ တစ်ယောက်တည်းထိုင်ရင်း သက်ပြင်းချလိုက်သည်။ အတွေးများစွာဖြင့် ရှုပ်ထွေးနေပြီဖြစ်သော သူမခေါင်းကို တဆတ်ဆတ် ခါနေချိန်တွင် အပြင်ဘက်မှ တံခါးခေါက်သံကြားလိုက်ရသည်။
"မင်းသမီး...ဧည့်သည် ရောက်နေပါတယ်..."
ဧည့်သည်လား…
သူမ မျက်မှောင်ကြုတ်ပြီး ဘယ်သူလဲဟု မေးလိုက်ရာ အပြင်ဘက်မှ ချီတုံချတုံ အသံတစ်ခု ထွက်ပေါ်လာသည်။
"သူမက အာစတေးနီးယား က မိန်းမပျိုလေးပါ…..”
စကားမဆုံးခင်တည်းက သူမ ဆတ်ကနဲ ထပြီး တံခါးကို ကျယ်ကျယ်ဖွင့်လိုက်လျှင် အယ်လာ နှင့် ကေလာကို တွေ့ရလေ၏။
" ကျေးဇူးပြုပြီး လက်ဖက်ရည် ချပေးလို့ရမလား...."
ထိုအခါ အယ်လာ က ခေါင်းညိတ်ပြီး ပြေးသွားရာ သိပ်မကြာခင်မှာ ဧည့်ခန်းတံခါးပြန်ပွင့်လာပြန်သည်။
"ကေလာ..."
ရိုစီနာ က ကေလာ ကို လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်လိုက်သည်။ မနေ့ကနှင့် မတူဘဲ ကေလာ ဟာ သပ်ရပ်သည့် ၀တ်စုံကို ၀တ်ဆင်ထားပြီး ကလေးရုပ်မပျောက်ဘဲ ချစ်စရာကောင်းနေလေသည်။ ရိုစီနာ သည် အခြေအနေကို အမြန်ကြည့်ပြီးနောက် သူမကို ချက်ချင်းမေးလိုက်သည်။
"နေကောင်းရဲ့လား..."
မနေ့ညက မကောင်းဆိုးဝါးကြီးကို တွေ့လိုက်ရတော့ သူမ ဘယ်လောက်ထိ တုန်လှုပ်သွားမည်ကို မှန်းဆမိကာ စိုးရိမ်နေမိသည်။
"ကောင်းပါတယ်..."
ကေလာ က သေသေချာချာ ပြန်ပြောလေသည်။ထိုမှသာ သူမ စိတ်သက်သာရာရပြီး ပြုံးပြလိုက်သည်။ ကေလာသည် လွန်ခဲ့သော လအနည်းငယ်ကတောင် ကလေးလေးသာ ဖြစ်သော်လည်း ယခုတော့ လူကြီးဆန်ကာ လူအများနှင့် ပေါင်းသင်းဆက်ဆံတတ်နေပြီ ဖြစ်၏။
"စကားမစပ်...ညီမ ဘယ်တုန်းက အင်ပါယာကို ရောက်တာလဲ… ဒီကိုရောက်ဖို့ မခက်ခဲ့ဘူးလား..."
ရိုစီနာ က ကေလာ ကို မိခင်စိတ်နှင့် ကိုယ်ချင်းစာနာပြီး မေးကြည့်မိသည်။ထိုအခါ ကေလာ သည် တည်ငြိမ်နေသော မိန်းမပျိုတစ်ယောက်လို အေးအေးဆေးဆေးပင် စကားစမြည်ပြောလာခဲ့သည်။ လွန်ခဲ့သည့် လေးရက်ကတည်းက သူမသည် အင်ပါယာသို့ ရောက်ရှိလာတာ ဖြစ်ပြီး အာစတေးနီးယား မှ ဤနေရာကို လာရန် အမှန်တကယ် ခက်ခဲကြောင်း ညည်းညူခဲ့သည်။
"အဆိုးဆုံးကတော့ လှိုင်းအရမ်းမူးတာပဲ..."
ကေလာ သည် ထိုကိစ္စကို မတွေးချင်သလိုပင် ခေါင်းယမ်းလိုက်သည်။သူမ စကားကို ခဏလောက်ပြုံးပြီး နားထောင်နေသည့် ရိုစီနာ က သိချင်တာတွေကို မေးကြည့်မိလေသည်။
"မြို့ဝန်မင်းကတော် နေကောင်းရဲ့လား..."
"အမေလား....အစ်မ ထွက်သွားပြီးနောက် သူမ တစ်ယောက်တည်း အထီးကျန်နေခဲ့တာလေ...”
ထိုစကားကြောင့် သူမ မျက်နှာသည် အနည်းငယ် မည်းမှောင်သွားသည်။သူမသည် ယခုထိ မြို့ဝန်မင်းကတော် အယ်လီဆာ အား ကျေးဇူးမဆပ်ရသေးပေ။ မြို့ဝန်မင်းကတော်သည် သူမကို သမီးတစ်ယောက်လို ပြုစုစောင့်ရှောက်ခဲ့ပြီး အီလီယန် နေမကောင်းစဉ်က အင်ပါယာသို့ အလျင်အမြန် ပြန်သွားရာတွင်လည်း ကိုယ်ရောစိတ်ပါ၊အားတက်သရော ကူညီပေးခဲ့သည်။ တစ်သက်လုံး ပြန်ပေးဆပ်၍ ရလျှင်တောင် သူမ ကျေးဇူးကို အကုန်ပြန်ဆပ်နိုင်မည်မထင်ပေ။ထို့နောက် သူမသည် မြို့ဝန်မင်းကတော် ကို ပြန်တွေးမိပြီးနောက် ဆက်မေးမိလေသည်။
"ဒါပေမယ့် ကေလာ က ဘာလို့ တော်ဝင် အကယ်ဒမီကို ရုတ်တရက် လာချင်ရတာလဲ..."
"အစ်မရဲ့ကျေးဇူးကြောင့် ညီမ အင်ပါယာအကြောင်းကို ပိုသိချင်လာတယ်… ဒါကြောင့် အမေ့ကို ပူဆာထားခဲ့တာ..."
ကေလာ သည် အင်ပါယာအကြောင်းကို အရင်ကတည်းက သိချင်နေခဲ့သည်။သို့သော်လည်း တော်ဝင်အကယ်ဒမီ ကို သွားဖို့ကိစ္စမှာ သူမအတွက် အတော်လေးနက်ပေသည်။ ကေလာ၏ တောင်းဆိုမှုကြောင့် စိတ်ရှုပ်ခဲ့ရသည့် မြို့ဝန်မင်း စုံတွဲကို ရိုစီနာ စိတ်ထဲကနေ ပြန်တွေးနေမိပြီး မသိစိတ်က ပြုံးလိုက်သည်။ တွေးကြည့်ရုံနှင့်ပင်၊သူမကို ကြည်နူးပျော်ရွှင်စေ၏။ သူမသည် ထိုနေရာတွင် ဘဝအသစ်ကို တွေ့ရှိခဲ့တာ ဖြစ်သည်။ အစပိုင်းတွင် သူမအတွက် အလွန်ခက်ခဲ့သော်လည်း မကြာမီတွင် လူတိုင်းက သူမကို ကောင်းမွန်စွာ ဂရုစိုက်လာကြ၏။ငြူစူခြင်းကင်းပြီး ရိုးသားသူများကို သူမ သတိရလာတော့သည်။
"အမေ့ဆီကကြားရတာ အရမ်းအံ့သြသွားတယ်… အစ်မက မင်းသမီးဖြစ်လာတယ်လို့ ကြားထားတာလေ…”
ကေလာ ၏စကားကြောင့် သူမသည် လက်တွေ့ဘဝသို့ ပြန်ရောက်သွားခဲ့သည်။
"မနေ့က အစ်မ ဘေးက လူက မင်းသားမဟုတ်လား..."
ယခုအချိန်အထိ သူမသည် ရာဟန် အကြောင်းကို ကေလာအား တစ်ခါမှ မပြောဖူးသေးပေ။ ရာဟန် မျက်နှာကိုသတိရသွားသောအခါ သူမ မျက်နှာပျက်သွားရသဖြင့် သူမကို စိုက်ကြည့်နေသော ကေလာ က ထပ်မေးလိုက်သည်။
"အစ်မ သူ့ကိုကြိုက်ရော ကြိုက်ရဲ့လားဟင်..."
ကေလာ၏ မျက်နှာက လေးနက်မှု အပြည့်ရှိနေသည်။သူမသည်လည်း ငယ်ငယ်ရွယ်ရွယ် မဟုတ်တော့သဖြင့် ချစ်ခြင်းမေတ္တာအကြောင်း သိဖို့ အရွယ်ရောက်နေပြီဖြစ်၏။
သူ့ကိုကြိုက်လား…
အခုတော့ သူမကိုယ်သူမ မေးဖို့ တွန့်ဆုတ်မနေတော့ပေ။ မနေ့က ရာဟန် နှင့် စကားပြောနေသည့် အမျိုးသမီးကို တွေ့လိုက်စဥ်က ဖြစ်တည်လာသော ခံစားချက်ကို သူမ သိလိုက်ရ၏။
"တစ်ကယ်တော့ အစ်မကို အာစတေးနီးယား ကိုပြန်လာစေချင်တယ်...."
Xxxxx