အပိုင်း ၇၅
Viewers 13k

Chapter 75


သူမ ချက်ချင်း မဖြေနိုင်။ သူမသည် အာစတေးနီးယား သို့ ပြန်လာမည်ဟုမြို့ဝန်မင်းမိသားစုအား သေချာပေါက်ပြောခဲ့သော်လည်း ယခုအခါ ရာဟန်က သူမ စိတ်ထဲမှာ ရှိနေပြီ ဖြစ်သည်။

အီလီယန် ကြီးပြင်းလာပြီးနောက် သူမ ကလေးကို တစ်ယောက်တည်း ရဲဝံ့စွာ ထားခဲ့နိုင်ပါမည်လား…

ရာဟန် က သူမ ထွက်သွားရင် ဇနီးအသစ်ရပြီး ကောင်းကောင်းနေနိုင်သွားမှာလား…

ဒါမှမဟုတ် အရင်ကလို ထူးထူးဆန်းဆန်း ကောလဟာလတွေ ဝိုင်းရံနေပြီး လူတောမတိုးဘဲ နေမှာလား…

မည်သို့ပင်ဖြစ်စေ သူမ၏နှလုံးသားသည် ကွဲအက်သွားသည်ရတော့ အမှန်ပင်။

" ကေလာ...အစ်မ ညီမကို အတိအကျ အဖြေမပေးနိုင်သေးဘူးကွယ်…အစ်မ စိတ်မကောင်းပါဘူး..."

အီလီယန် ကြီးပြင်းလာဖို့ အချိန်တွေ အများကြီး ကျန်သေးသည်။ မည်သို့ပင်ဆိုစေ၊ သူမသည် အာစတေးနီးယား သို့ပြန်လာမည့်စကားတစ်ခွန်းမျှ မပြောခဲ့ပေ။

"အဲ့ဒါက အီလီယန် ကြောင့်လား..."

“မဟုတ်ဘူး…မဟုတ်ဘူး”

အာစတေးနီးယား ကို သူမ တစ်ကယ် ပြန်သွားချင်မိသည်။သို့သော်လည်း အခုချက်ချင်းသွားခွင့် ရခဲ့လျှင်တောင် ချက်ချင်း ထသွား၍ မရပေ။ မည်သို့ပင်ဆိုစေ၊ ရာဟန် နှင့် တစ်ချိန်မှာ ကွာရှင်းပြတ်စဲမည်ဟု ကတိထားကြသော်လည်း တတ်နိုင်သမျှ သူနှင့်အတူနေချင်သေးသည်။ထို့ကြောင့် သူမ ကေလာ ကို တိတိကျကျ ဘာမှပြန်မဖြေနိုင်ခဲ့ပေ။

"ညီမ နားလည်ပါတယ်..."

ကေလာ သည် ရိုစီနာ ၏ ပြတ်သားသား စိတ်ဓာတ်ကို ကောင်းစွာသိထားသောကြောင့် ရှုံ့တွနေသော မျက်နှာဖြင့် ခေါင်းညိတ်လိုက်သည်။ တစ်ခါတစ်ရံ၌ ရိုစီနာက သူမ ဆန္ဒပြင်းပြစွာတစ်ခုခုကို လိုချင်တိုင်း လိုက်လျောပေးလေ့ရှိသော်လည်း တစ်ခါတစ်ရံတွင် အလျှော့မပေးတတ်ပေ။သို့ဖြစ်၍၊ယခု သူမ၏ လက်ရှိစိတ်နေသဘောထားကို လက်ခံပေးရပေတော့မည်။

ထို့နောက် သူမသည် ညစ်ညူးနေသော စိတ်ခံစားချက်ကို ပြောင်းလဲရန် နောက်ထပ် အကြောင်းတစ်ခုခုကို ပြောပြရန် ကြိုးစားလိုက်သည်။ ရိုစီနာ ထွက်သွားပြီးကတည်းက အာစတေးနီးယား မှာ ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်လေးတွေ၊ ဘယ်သူက ဘယ်သူနှင့် လက်ထပ်သွားသလဲ စသည်ဖြင့် အကြောင်းအရာမျိုးစုံ ပြောပြခဲ့သည်။

ထိုအခါ ကေလာ ပြောနေသော အကြောင်းအရာများမှာ ရိုစီနာ စိတ်ထဲဝယ်ပန်းချီကားတစ်ချပ်လိုပင် စွဲထင်သွားရပြီး ရုပ်လုံးပေါ်လာရလေသည်။

"ညီမ ဒီတစ်ပတ်အတွင်း အကယ်ဒမီကို သွားတော့မယ်..."

"ဟမ်.... သွားတော့မလို့လား..."

သူမ တစ်ကယ်ကို စိတ်ပျက်သွားရသည်။ တစ်ကယ်တော့ ကေလာ ကို ဒီမှာနေဖို့ ပြောချင်နေသော်လည်း သူမသည် ကလေးသာသာရှိသေးသည့်အတွက် သည့်ထက် ပိုကျယ်ဝန်းသော ကမ္ဘာတစ်ခုကို ပျံသန်းသင့်သော ငှက်တစ်ကောင်လိုပင် စူးစမ်းရှာဖွေသင့်ပေသည်။

"ဒါဆို ဒီကြားထဲမှာ ခဏခဏလာလို့ရမလား..."

"ရတာပေါ့..."

သူမ ပြုံးပြလိုက်သောအခါ ကေလာ စိတ်သက်သာရာရသွားသည်။ ရိုစီနာ က သူမကို ငြင်းပယ်လိုက်မှာကို သူမ စိတ်ထဲက စိုးရိမ်နေရသည်။

"အင်း…စဉ်းစားကြည့်တော့ ညီမက မင်းသမီးလို့ အစ်မကို ခေါ်ရမှာနော်..."

"အစ်မတို့ နှစ်​​ယောက်​တည်း​ ဆိုရင် အစ်မလို့ ခေါ်လို့ရပါတယ်..."

ကေလာ က သူမအား 'အစ်မ' ဟုခေါ်တာကိုသာ နှစ်သက်သည်။ထိုအသုံးအနှုန်းသည် အရင်အတိတ်က အမှတ်ရစရာတွေကို သတိရလာရုံသာမက တစ်ယောက်နှင့်တစ်ယောက်၏ လျှို့ဝှက်ချက်တွေကို ဝေမျှနေရသလိုပင်။သူမနှင့် အချိန်အကြာကြီး စကားစမြည်ပြောနေသည့် ကေလာ သည် ခဏကြာပြီးနောက် ပြတင်းပေါက်မှအပြင်ဘက်ကို လှမ်းကြည့်ကာ ထိုင်ခုံမှ ဖြည်းညှင်းစွာ ထလိုက်သည်။

"သွားတော့မလို့လား..."

"ဟုတ်တယ်​...သွားတော့မယ်လေ…ညီမ အကြာကြီး မ​နေသင့်​ဘူး"

ကေလာ က သက်ပြင်းချပြီး တံခါးကို ငုံ့ကြည့်ကာ တိုးတိုးလေးပြောလိုက်သည်။

"တစ်ကယ်တော့ ညီမက ဒီကို တစ်ယောက်တည်း လာတာမဟုတ်ဘူး..."

"?"

"ညီမက မြို့ဝန်မင်း နဲ့အတူလာတာလေ…သူက ညီမ အင်ပါယာမှာ ရှိနေတုန်းကို ညီမကို စောင့်ရှောင့်မယ့်သူပေါ့..."

"မြို့ဝန်မင်း..."

"အင်း…မြို့ဝန်မင်းက အစ်မ ကိုတွေ့ရမယ်လို့ပြောတယ်..."

'ငါ့ကို'

ရိုစီနာ က ထူးဆန်းလှသော စကားကြောင့် ကြောင်ပြီး မတ်တပ်ထရပ်လိုက်သည်။

"နောက်တစ်ခေါက်တွေ့မယ်နော် အစ်မ..."

ကေလာ ထွက်သွားသည်နှင့် ပွင့်နေသော တံခါးမှ တစ်စုံတစ်ယောက်ဝင်လာသည်။ သူက ကေလာ ၏ အုပ်ထိန်းသူဟု ဆိုထားသော်လည်း သူ့ကို သူမ တစ်ခါမှမမြင်ဖူးပေ။ထိုလူလတ်ပိုင်းအရွယ် အမျိုးသားက သူမကို တွေ့မြင်ချင်း ယဉ်ကျေးစွာ နှုတ်ဆက်လေသည်။

“မတွေ့ရတာအတော့်ကို ကြာနေပါပြီနော်…မင်းသမီး..."

သူမ ထိုသူကို စူးစူးရဲရဲ စိုက်ကြည့်နေမိသည်။ မနေ့က ကပွဲခန်းမမှာ သူ့ကို တွေ့ဖူးသလားဟု တွေးမိသော်လည်း သိပ်မသေချာပေ။ ထို့နောက် မှာမြို့ဝန်မင်းသည် ချက်ချင်းပင် ယဉ်ကျေးစွာ နှုတ်ဆက်လိုက်ပြန်သည်။

“ကျွန်တော် ကိုယ်တိုင် ကိုယ့်ကိုယ့်ကို တရားဝင် မိတ်ဆက်ပါ့မယ်…ကျွန်တော်က မြို့ဝန်မင်း ဂျာဂန် ပါ..."

“….!”

သူသည် အီဘယ်လာ ၏ဖခင် မြို့ဝန်မင်း ဂျာဂန် ဖြစ်နေလေသည်။ ရုတ်​တရက်​ ယခုလို လာဆုံကြရမည်ဟု သူမ မထင်​ထားခဲ့‌ပေ။သူက သူမ ထင်ထားတာထက် ငယ်ရွယ်သော်လည်း သူ့ မျက်နှာပေါ်ကအငွေ့အသက်ကြောင့် လူအိုတစ်ယောက်လို ခံစားရသည်။

“ဒါဆို အီဘယ်လာ ရဲ့….”

“ဟုတ်တယ်…သူမက ကျွန်တော့် သမီးပါ… ပြီးတော့ ကျွန်တော်က မင်းသမီးကို အရင်တုန်းက တွေ့ဖူးပါတယ်..."

သူမ သူ့ကို ခဏလောက် သေချာအကဲခတ်ကြည့်မိသည်။ထိုစဉ်က ဖခင်၏ သူငယ်ချင်းဖြစ်သူ လာရောက်လည်ပတ်စဉ်က သူမ ငယ်ငယ်‌လေးရှိသေးတာကြောင့် ရှင်းရှင်းလင်းလင်း မမှတ်မိခြင်း ဖြစ်နိုင်သည်။သို့သော်၊ ခင်မင်ရင်းနှီးခဲ့ဖူးသော ဦးလေးတစ်ယောက်ကို အချိန်အတော်ကြာပြီးနောက်မှာ ကေလာ ၏အုပ်ထိန်းသူအဖြစ် လာဆုံဖို့ မမျှော်လင့်ထားပေ။မူလက

သူမတို့သည် တည်ထောင်ခြင်း အခမ်းအနားမှာ တွေ့ဆုံဖို့ စိတ်ကူးရှိခဲ့သော်လည်း မကောင်းဆိုးဝါးကြောင့် တစ်ဝက်တစ်ပျက်ဖြစ်ခဲ့ရ၏။ ထိုဖရိုဖရဲအခြေအနေတွင်လည်း၊ မြို့ဝန်မင်းကို သီးခြားစီ တွေ့ဆုံဖို့ ဖြစ်နိုင်မည်မထင်ပေ။ ဘာပဲဖြစ်ဖြစ်၊ ယခုအချိန်သည် မင်းမျိုးမင်းနွယ်တွေ အစည်းအဝေးကျင်းပသည့် အချိန်ဖြစ်သည်။

ဒါပေမယ့် မြို့ဝန်မင်းက တစ်ယောက်တည်း ထွက်လာတာလား…

သူမ အချိန်အတော်ကြာ စဉ်းစားနေခဲ့ပြီးမှ ထိုင်ခုံတစ်ခု နေရာချပေးလိုက်သည်။

"ကျေးဇူးပြုပြီး ထိုင်ပါဦး..."

မြို့ဝန်မင်း က ထိုင်ချလိုက်ပြီး ခဏတာ တိတ်ဆိတ်မှုက ပန်းချီခန်းထဲကို ဖြတ်သန်းသွားသည်။ ရုတ်​တရက်​ နှစ်ယောက်လုံး​ ဘာ​ပြောရမှန်းကိုမသိဖြစ်နေကြ၏။မကြာမီ အယ်လာ လာပို့သော လက်ဖက်ရည်ကို သောက်ပြီးနောက် မြို့ဝန်မင်း က ပြောလာသည် ။

“အနံ့က မွှေးလိုက်တာ…'ဘက်တောင် ' (Beik Mountain)လက်ဖက်ရည်နဲ့ တူတယ်..."

"ဟုတ်ပါတယ်…ဦးလေးက ချက်ချင်းဘယ်လိုသိတာလဲ..."

"ဦးလေးမှာလည်း အဲ့ဒီလို လက်ဖက်ရွက် ရှိတယ်လေ...”

မြို့ဝန်မင်းသည် တစ်ချက်ပြုံးလိုက်ပြီး ရိုစီနာ မျက်နှာကို သေချာကြည့်လိုက်သည်။ သူမ မျက်နှာပေါ်မှာ တစ်ယောက်ယောက်ကို မြင်နေရသလိုပင်။

"မင်းသမီးက အမေဖြစ်သူနဲ့ တော်တော်တူတာကိုး..."

ရိုစီနာ သည် ထိုစကားကြားတော့ သူမ လက်ထဲက လက်ဖက်ရည်ခွက်မှာ ပြုတ်တောင်ကျချင်သလို ဖြစ်သွားရ၏။ သူမ နှင့် မက်စယ်လာ တို့ကတော့ တစ်စက်မှ တူမည်မဟုတ်ပေ။သူမ ဘဝတစ်လျှောက်လုံးတွင်လည်း ဘယ်သူကမှ မက်စယ်လာ နှင့် တူသည်ဟု လာမပြောကြပေ။သူမလည်း ထိုအခါမှ သူမအဖေ ရုံးခန်းမှာ တွေ့သည့် စာထဲက အကြောင်းအရာတွေကို ပြန်သတိရပြီး လက်ဖက်ရည်ခွက်ကို စားပွဲပေါ်ချလိုက်၏။

“ဦးလေးက… ကျွန်မ အမေအရင်းကို သိလား...”

မြို့ဝန်မင်းက သူမ မျက်လုံးများကို သေချာကြည့်နေပြီးမှ ခေါင်းညိတ်လိုက်ကာ ဟိုးရှေးရှေးတုန်းက အမှတ်တရတွေကို ရှာဖွေနေပုံနှင့် ငေးငိုင်သွားသည်။

"ဖလိုဝီ ရိုစီနာ…ဆိုတဲ့ မင်းသမီးရဲ့ အမေအရင်းက ဦးလေးရဲ့ ဝမ်းကွဲညီမပါ..."

သူမ နှလုံးသားတစ်ခုလုံး တဒိန်းဒိန်းခုန်နေသည်။ ဒိုင်ယာရီထဲကလိုပင်၊ သူမကို မွေးခဲ့သည့် မိခင်ဟာ မက်စယ်လာ မဟုတ်ဘဲ ဖလိုဝီ အမည်ရှိ အမျိုးသမီးတစ်ဦးဖြစ်နေလေသည်။အံ့သြနေသော သူမကို ကြည့်ပြီး မြို့ဝန်မင်းက ဆက်ပြောပြန်သည်။

"ပြီး​တော့ ဦးလေးက သူမကို မင်းသမီးရဲ့အ​ဖေနဲ့ မိတ်​ဆက်​​ပေးခဲ့တာ..."

ရိုစီနာ သည် မြို့ဝန်မင်း ၏ ဝန်ခံချက်ကြောင့် နှုတ်ခမ်းကို ကိုက်ထားလိုက်မိသည်။သူမ အဖေဆုံးပါးသွားသဖြင့် အမှန်တရားကို ရှာမတွေ့ခဲ့ပေ။သူမသည် မိခင်ဖြစ်သူ၏ မျက်နှာကိုပင် တစ်ခါမှမမြင်ဖူးခဲ့သလို၊အမေအရင်းကို လိုက်ရှာရန် အကြိမ်ပေါင်း မည်မျှပင် ကြိုးစားခဲ့ပါစေ၊ ဘယ်လိုမှ ရှာမတွေ့နိုင်ခဲ့ပေ။ထို့ကြောင့် အားလုံးသိနေပြီး သူမ မေးရမည့်သူက မြို့ဝန်မင်း ဂျာဂန် ဖြစ်လေသည်။

“သိပ်မကြာသေးခင်က အဖေ့ရဲ့ ဒိုင်ယာရီကို ကျွန်မ ရှာတွေ့ခဲ့တယ်…ဒိုင်ယာရီကနေတစ်ဆင့် အမေ့အကြောင်းကို သိခဲ့ရတယ်… ပြီးတော့ ဒိုင်ယာရီထဲမှာ ထူးထူးဆန်းဆန်း ရေးထားတာ ရှိတယ်...”

ရိုစီနာ သည် လွန်ခဲ့သော လပေါင်းများစွာက အမှတ်တရများကို ပြန်အမှတ်ရမိပြန်သည်။ သူမ အဖေ၏ ဒိုင်ယာရီထဲက စာတစ်ကြောင်းချင်းစီကို မှတ်မိနေသေးသည်။ အချိန်အတော်ကြာပြီးသည့်တိုင် ဒိုင်ယာရီထဲက စာတွေကို ဘယ်တော့မှ မမေ့နိုင်သေးပေ။

- ဖလိုဝီ မသေဆုံးခင် သူမက ရိုစီနာ မိသားစုရဲ့ လျှို့ဝှက်ချက်ကိုပြောပြခဲ့တယ်…ငါ ယုံကို မယုံနိုင်ဖြစ်ခဲ့ရတယ် ...

- ဒီနေ့ ရိုစီနာ ကို တော်ဝင်နန်းတော် ကို ခေါ်သွားတယ်…ဖလိုဝီ ပြောတာ သိပ်မှန်တယ်…ရိုစီနာ ဟာ တော်ဝင်မိသားစုနဲ့ မပတ်သတ်သင့်ဘူး…

ရိုစီနာသည် ဒိုင်ယာရီထဲက စာကြောင်းတွေကို ပြန်သတိရသွားပြီးမှ ထပ်မေးကြည့်မိသည်။

"ရိုစီနာ မိသားစုရဲ့ လျှို့ဝှက်ချက်က ဘာလဲဟင်…ပြီးတော့ တော်ဝင်မိသားစုနဲ့ ဘာကြောင့် မပတ်သင့်တာလဲဆိုတာ ဦးလေး သိလား..."

“…..”

မြို့ဝန်မင်း က တွေဝေနေတာကြောင့် သူမ ထပ်ပြီး မေးလိုက်၏။

"ဦးလေး တစ်ခုခု သိထားတယ်မဟုတ်လား..."

သူမ ဖခင်၏ ရင်းနှီးသော သူငယ်ချင်းလည်း ဖြစ်သလို၊ မိခင်ဖြစ်သူ၏ ဝမ်းကွဲအစ်ကိုဖြစ်သော မြို့ဝန်မင်းသည် တစ်စုံတစ်ခုကို သိထားလိမ့်မည်ဟု သူမ တစ်ထစ်ချ ယုံကြည်ထားခဲ့သည်။ မြို့ဝန်မင်းက ခဏတာ တိတ်ဆိတ်သွားပြီးမှ သူမကို မော့ကြည့်လေသည်။ ပြိုင်ပွဲတစ်ခုကို အဆုံးအဖြတ် ပေးရမည့် အချိန်ကျလာသကဲ့သို့ သူ့မျက်လုံးများက တည်ကြည်လေးနက်နေ၏။

"ဦးလေး သိပါတယ်…တစ်ကယ်တော့ ဦးလေးကလည်း မင်းသမီးကို တွေ့ချင်ခဲ့တာပါ..."

ရိုစီနာ၏ နှလုံးသားသည် မြို့ဝန်မင်း၏ အဖြေကို ရင်တထိတ်ထိတ်နှင့် စောင့်နေခဲ့သည်။ သူမ အမြဲရှာဖွေခဲ့သော လျှို့ဝှက်ဆန်းကြယ် သော့ကို သူကသာ ကိုင်ဆောင်ထားတာဖြစ်သည်။ သူမ မျက်နှာသည် နီမြန်းသွားရသည်။ ဘာကို အရင်မေးရမလဲဆိုတာကို စဉ်းစားရင်း နောက်ဆုံးမှာ သူမ အသိချင်ဆုံးအရာကို မေးလိုက်သည်။

"ပထမဆုံးအနေနဲ့ ကျွန်မ ရိုစီနာ မိသားစုက လူတွေနဲ့တွေ့ချင်တယ်… ဘယ်လိုလုပ်ရမလဲဟင်..."

သူမသည် အမေဘက်က အမျိုးများနှင့် ဘယ်လို တွေ့ခဲ့ကြမှန်း မမှတ်မိသော်လည်း မက်စယ်လာ နှင့် ရာနီယာ တို့လို မဟုတ်သူ၊သွေးသားရင်းချာ တစ်ယောက်ယောက်တော့ ရှိနေနိုင်သေးသည်။

ရိုစီနာ ၏ ကြည်လင်သော မျက်လုံးများကို ကြည့်ပြီး မြို့ဝန်မင်း၏ မျက်နှာသည် တိမ်မည်းများကဲ့သို့ မည်းညိုသွားသည်။

"ရိုစီနာ မိသားစု...."

နာကျင်စရာ ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြတော့မည် ဖြစ်သော မြို့ဝန်မင်းသည် အသက်ပြင်းပြင်းရှူကာ ပြန်ဖြေလိုက်သည်။

"မင်းသမီးက ရိုစီနာ မိသားစုရဲ့ နာမည်ကို ဆက်ခံထားတဲ့ တစ်ဦးတည်းသော သူပါ..."

"…ဘယ်လို"

ရိုစီနာ ၏ မျက်နှာသည် တစ်ခုခု လွဲမှားနေသကဲ့သို့ ခံစားနေရ၍ အလိုမကျမှုကြောင့် မည်းမှောင်သွားသည်။

ရိုစီနာ ဆိုတဲ့ နာမည်ကို ဆက်ခံတဲ့သူက သူမ တစ်ယောက်တည်းလား…

"ဘာကိုဆိုလိုတာလဲဟင်..."

သူမ ရင်ထဲက တောင့်တင်းမှုကို မြင်လိုက်သောအခါ မြို့ဝန်မင်း သည် ထပ်မံပွင့်ဟလိုက်ပြန်သည်။

"ရိုစီနာ မိသားစုက မူလက အဖိုးတန်လက်တွေရှိတဲ့ မိသားစုပါ…ဒါပေမယ့်လည်း လွန်ခဲ့တဲ့ မျိုးဆက်အနည်းငယ်မှစပြီး ကလေးမမွေးကြဘူး...”

ရိုစီနာ သည် သူမ မကြားချင်သော ဇာတ်လမ်းကို ကြားလိုက်သလိုမျိုး တုန်လှုပ်ချောက်ခြားသွားသဖြင့် မျက်လုံးကို မှိတ်ထားလိုက်သည်။

"ပြီးတော့ ဖလိုဝီ…မင်းသမီးရဲ့မိခင်အရင်းကသာ မိသားစုနာမည်ကို အမွေဆက်ခံခဲ့တဲ့ နောက်ဆုံးကလေးပဲ ..."

“…..”

"ဖလိုဝီ က မြို့စားမင်း ကိုလက်ထပ်လိုက်တုန်းက သူမဟာ မိဘမဲ့တစ်ယောက်ပါ..."

တစ်ခဏမျှ ငြိမ်သက်နေသော မြို့ဝန်မင်း သည် လေးနက်မှုအပြည့်နှင့်ပင်။

"ဖလိုဝီ က ဒီအတွက် စိတ်မကောင်းဖြစ်ပြီး သူမ မိသားစုတွေကို မမေ့သွားအောင်လို့ မင်းသမီးကို မိသားစုရဲ့ နောက်အမည် ပေးခဲ့တာ..."

တစ်ဆက်တည်းပင် သူမ နာမည်ကို ဘာကြောင့် မျိုးရိုးအမည်အား ပေးခဲ့မှန်း သိချင်လာပြန်သည်။သူမ တိတ်ဆိတ်နေချိန်တွင် မြို့ဝန်မင်း သည် သူ၏ ကိုယ်ဟန်အနေအထားကို မတ်မတ်ပြင်ထိုင်လိုက်သည်။

"မင်းသမီး... ရိုစီနာ နာမည်က ဘယ်လို တန်ခိုးရှိလဲဆိုတာ သိလား..."

နာမည် လေးတစ်ခုက ဘယ်လို စွမ်းအား ရှိနေနိုင်မှာလဲ…

မြို့ဝန်မင်း က မေးလာသောအခါ ရိုစီနာ က ခေါင်းခါပြနေရင်း ရုတ်တရက် တွေဝေသွားသည်။ အဘယ်ကြောင့်ဆိုသော် အိပ်မက်ထဲတွင် ကြားလိုက်ရသော အသံကို ခေတ္တမျှ မှတ်မိသွားသောကြောင့် ဖြစ်သည်။

- ကိုယ်ရဲ့ အစွမ်းက မင်းရဲ့ နာမည်နဲ့ပဲ သက်ဆိုင်တာပါ...

သူမ အိပ်မက်ထဲက ကောင်လေး၏ စကားတွေက သူမ နားထဲမှာ တဝဲလည်လည်ပင်။သို့သော်၊ထိုစကားတွေက အိပ်မက်တစ်ခုမျှသာဖြစ်သည်။

"ကျွန်မ မသိပါဘူး..."

“…ဦးလေးရဲ့ အမေက ရိုစီနာ မိသားစုကပါ..."

ရိုစီနာ တိတ်တိတ်ဆိတ်ဆိတ် နားထောင်နေစဉ်၊ မြို့ဝန်မင်း သည် အမှတ်တရဟောင်းများကို သယ်ဆောင်လာခဲ့သည်။

“အမေက သူမရဲ့ အတိတ်အကြောင်း အမြဲပြောဖူးတယ်… သူမက အိမ်ထောင်မပြုခင်က တိရစ္ဆာန်တွေနဲ့ စကားပြောနိုင်တယ် ဆိုတာရော ပြောပြခဲ့တာပေါ့..."

သူမ အံ့ဩပြီး အသက်တောင်မရှူမိတော့ပေ။ သူမလို အရည်အချင်းရှိသူ အခြားတစ်ယောက်ယောက် ရှိနေမည်မှန်း သူမ မသိခဲ့ပေ။

“ပြီးတော့ ဖလိုဝီ ကလည်း ဦးလေးအမေလိုပဲ....သူမ မြို့စားမင်း ကိုလက်ထပ်ပြီး သူမရဲ့ နာမည်ကိုမပြောင်းခင်အထိ အစွမ်းရှိခဲ့တာပေါ့..."

သူမက ဘာမှပြန်မပြောသည့်အခါ မြို့ဝန်မင်းကလည်းအေးဆေးစွာနှင့် အားလုံးကို ခရေစေ့တွင်းကျပြောပြနေလေတော့သည်။

“ရိုစီနာ မိသားစုမှာ အထူးတန်ခိုးရှိတယ်…အဲ့ဒါက ရိုစီနာ ဆိုတဲ့ မိသားစုအမည်ကို အမွေဆက်ခံသူတွေက တိရစ္ဆာန်ဘာသာစကားကို နားလည် နိုင်စွမ်းရှိကြတာပါပဲ..."

"ဒါဆို ဦးလေး မိသားစုထဲက လူတွေအားလုံးကလည်း တိရိစ္ဆာန်တွေ အကုန်လုံးနဲ့ စကားပြောနိုင်တာလားဟင်..."

“မှန်တစ်ဝက် မှားတစ်ဝက်ပဲ…အဓိကက နာမည်ကို အမွေဆက်ခံသလား၊မဆက်ခံဘူးလားဆိုတာနဲ့ ဆိုင်တယ်..."

ရိုစီနာ သည် မြို့ဝန်မင်းကို မေးခွန်းထုတ်သည့်အမူအရာဖြင့် ကြည့်လိုက်သည်။

"လွန်ခဲ့တဲ့ မျိုးဆက်အနည်းငယ်က ရိုစီနာ မိသားစုမှာ မိန်းကလေးတွေပဲ မွေးဖွားခဲ့ပါတယ်…ဒါကြောင့် မိသားစု မျိုးဆက်အဓွန့်ရှည်ဖို့ အိမ်ထောင်ပြုကြပေမယ့် သားသမီးတွေက လက်ထပ်ပြီး သူတို့ နာမည်ကို ပြောင်းလဲလိုက်ကြတယ်…အဲ့ဒီတော့ စွမ်းရည်ကလည်း ပျောက်ဆုံးသွားခဲ့တယ်..."

“.….”

"ဖလိုဝီ ဟာ မင်းသမီးရဲ့ဖခင် မြို့စားမင်းကို လက်ထပ်တုန်းကလည်း အစွမ်းဆုံးရှုံးခဲ့တာပဲ..."

တိတ်တဆိတ်ရှင်းပြနေသော မြို့ဝန်မင်းသည် လက်ဖက်ရည်ခွက်ကို ထိလိုက်သည်။

"ရိုစီနာ မိသားစုဝင် တွေက သွေးစည်းနေကြရမယ်…ရိုစီနာ နာမည်ရှိသူတွေကပဲ အစွမ်းကို ထိန်းသိမ်းလို့ရကြတယ်..."

မြို့ဝန်မင်း ၏ စကားကြောင့် ရိုစီနာ သည် သူမ ခေါင်းကို ထိလိုက်မိသည်။ဤအကြောင်းကို သူမ ဤမျှလောက်ထိ မတွေးဖူးပေ။ သူမကိုယ်တိုင်ကသာ ထူးဆန်းသလို ဖြစ်နေပြီး သူမလို အရည်အချင်းရှိသူ ကမ္ဘာပေါ်တွင် မည်သူမျှ ရှိမှာမဟုတ်ဟု ထင်မြင်ထားသည်။

“ဒါဆို တိရိစ္ဆာန်တွေနဲ့ စကားပြောလို့ရတာက ဘာကြောင့်လဲ…”

"မင်းသမီးရဲ့ နာမည်က ရိုစီနာ ဆိုတော့ ပြောလို့ရတာပေါ့..."

ရိုစီနာ သည် စကားပြတ်သွားကာ ကုလားထိုင် လက်ရန်းပေါ် လက်တင်လိုက်သည်။ သူမ အမေ၏ မိသားစုနှင့် တွေ့ခွင့်ရမည်ဟု ထင်ခဲ့သော်လည်း သူတို့အားလုံး သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ထို့အပြင် ရိုစီနာ သည် ယခုအချိန်အထိ သူမ မသိသေးသော လျှို့ဝှက်ချက်ကြောင့် စိတ်ရှုပ်ထွေးနေခဲ့သည်။ကြံရာမရသည့်အဆုံး ထိုကိစ္စကို မြို့ဝန်မင်းအား မေးကြည့်မိလေတော့သည်။

"ဒါဆို ကျွန်မက တော်ဝင်မိသားစုနဲ့ ဘာလို့ မတွေ့သင့်လဲဆိုတာ ဦးလေး သိလား..."

“……”

“အဖေက ကျွန်မကို အမြဲ တော်ဝင်မိသားစုနဲ့တွေ့တဲ့အခါ ထွက်ပြေးဖို့ပြောခဲ့ဖူးတယ်...”

မြို့ဝန်မင်း သည် တိတ်ဆိတ်နေပြီး သူ့ရင်ထဲက နာကျင်မှုကြောင့် သူ့လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထား၏။

“ရိုစီနာ မိသားစုမှာ မရေးထားတဲ့ စည်းမျဉ်းတစ်ခုရှိတယ်…အဲ့ဒါက တော်ဝင် မိသားစုနဲ့ အဆက်​အသွယ်​မလုပ်​ရဘူးဆို​တာပါပဲ..."

"ဘာလို့လဲဟင်..."

"ဟိုးရှေးရှေးတုန်းက ရိုစီနာ မိသားစုက အမျိုးသမီးတစ်ဦးဟာ တော်ဝင်မိသားစုဝင် တစ်ယောက်က မျက်စိကျသွားခဲ့တယ်…သူက ရာဇပလ္လင်နှင့် ဝေးတဲ့ ဆယ်ယောက်မြောက် မင်းသားပဲ..."

“……”

"အဲ့ဒီ မင်းသားကပဲ ရိုစီနာ မိသားစုက အမျိုးသမီးတစ်ဦးနဲ့ တွေ့ပြီး စွမ်းအားတွေ ရသွားခဲ့တယ်..ပြီးတော့ သူ့အစ်ကိုတို့ကို အနိုင်ယူပြီး ရာဇပလ္လင်နဲ့ နီးစပ်သွားခဲ့တယ်...”



Xxxxxc