Chapter 76
သူပြောတာကို နားထောင်ရင်း ရိုစီနာ ၏ နှလုံးခုန်သံတွေ အကြမ်းပတမ်း ဆောင့်ခုန်လာ၏။ တော်ဝင်မိသားစုနှင့် ရိုစီနာ မိသားစုအကြောင်း သူမ ပထမဆုံးအကြိမ် ကြားသိသော်လည်း အဆုံးသတ်ကို သူမ သိထားသလို ခံစားရသည်။
“အာဏာကို အစွဲအလမ်းကြီးတဲ့ တော်ဝင်မိသားစုဝင်က အဲဒီအမျိုးသမီးကို ထောင်ချပစ်ခဲ့တယ်…ချစ်ခြင်းမေတ္တာကြောင့် မဟုတ်ဘဲ သူ့စွမ်းအားအတွက်ပဲ သူမကို အနားမှာ မွေးမြူထားသလိုမျိုးပေါ့..."
“!”
သူမ သတိမထားမိဘဲ စကတ်ကို အောက်ကို စောင်းကျသည့်အထိ ဆွဲကိုင်လိုက်မိသည်။
"အဲ့ဒီ မိန်းကလေးကလည်း သည်းမခံနိုင်တော့ နောက်ဆုံးမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတယ်..."
သူမ လက်သီးကို ဖြေလျော့လိုက်ပြီး ဘာခံစားချက်မှ မရှိသော မျက်နှာဖြင့် မြို့ဝန်မင်းကို ကြည့်လိုက်သည်။ ရိုစီနာ မိသားစုသည် နှိမ့်ချခံရသောမိသားစုဖြစ်ပြီး တည်ထောင်ခြင်း အခမ်းအနားလို ကြီးကြီးမားမား အခမ်းအနားမဟုတ်လျှင် တော်ဝင်နန်းတော်ထဲကို မဝင်ရပေ။ တော်ဝင်နန်းတော်သို့ ဝင်ကြလျှင်ပင်၊ မှူးမတ်များစွာတို့ထဲမှာ သူမတို့က မျက်နှာသာအပေးမခံကြရချေ။
"ဘာလို့ ရိုစီနာ မိသားစုနဲ့ တော်ဝင်မိသားစုကြားမှာ ဒီလိုတွေ လာဖြစ်ရတာလဲ..."
သူမကိုယ်သူမ ညည်းညူရင်း အောက်ကို ငုံ့ကြည့်လိုက်မိသည်။
"အသေးစိတ်ကို မသိပေမယ့် ရိုစီနာ မိသားစုနဲ့ တော်ဝင်မိသားစုကြားမှာ ဆက်စပ်မှုရှိနေတယ်လို့ ဦးလေးထင်ပါတယ်..."
အတိတ်ကတောင်မှ တော်ဝင်မိသားစုသည် ရိုစီနာ မိသားစုကို အာဏာရဖို့ အသုံးချချင်ကြသည်ဟု ဆိုသည်။ ထိုသို့ ဖြစ်အောင် ဖန်တီးသူမှာ သူမ၏ စွမ်းအားဖြစ်နိုင်သည်။ ယခုအချိန်အထိ သူမ စိတ်အနှောင့်အယှက်ဖြစ်ခဲ့သည့်အရာမှာ အခုဆို ပိုမိုခိုင်မာလာပြီး အမှန်တကယ် ထင်ရှားလာ၍ သူမ မျက်နှာက ဖြူဖျော့လာသည်။ တော်ဝင်မိသားစုနှင့် ရိုစီနာ မိသားစုကြားမှာ ဆက်စပ်မှုရှိနေသောကြောင့် ရာဟန် ကို ပထမဆုံးတွေ့သောအခါက သူမတို့ တစ်ယောက်နှင့်တစ်ယောက် အလိုလို တိမ်းညွတ်နေကြမှန်း သဘောမပေါက်ခဲ့ပေ။ထို့အပြင် သူမသည် တော်ဝင်မိသားစု၏ စွမ်းအားကို ချဲ့ထွင်နိုင်စွမ်းလည်း ရှိသည်။
ဒါဟာ အယူသီးမှုတစ်ခုပဲ မဟုတ်ဘူးလား…
"မြို့စားမင်း အက်စတာရော့ နဲ့ အဆက်ဖြတ်လိုက်တာကို ဦးလေး စိတ်မကောင်းဖြစ်မိပါတယ် ..."
ရိုစီနာ ဖြည်းညှင်းစွာ မော့ကြည့်လိုက်တော့ သူ့မျက်နှာမှာ နောင်တအပြည့် ရှိနေသည်ကို တွေ့လိုက်ရသည်။မြို့ဝန်မင်းသည် ယခင်က စံအိမ်ကြီးသို့ မကြာခဏ ရောက်ဖူးသော်လည်း နောက်ပိုင်းတွင် သူ လုံးဝ မလာတော့ပေ။သူမတို့ မိသားစု အခက်အခဲတွေ ကြုံလာရပြီး ဖခင်ဆုံးပါးစဉ်ကတောင် တစ်ချက်မလာခဲ့ပေ။
"တောင်းပန်ပါတယ် မင်းသမီး… အခြေအနေတွေ အရမ်းခက်ခဲလာမှန်းသိရင် မင်းသမီးရဲ့ အဖေကို ကျွန်တော် ကူညီခဲ့သင့်တယ်…”
သူမ သူ့ကို ဖြူဖပ်ဖြူရော် မျက်နှာဖြင့် ကြည့်ကာ ပြောသည်။
"ဘာလို့ ဦးလေးက အဖေ့ကို အဆက်အသွယ်ဖြတ်တာလဲလို့ မေးလို့ရမလား..."
“… မြို့စားမင်းက ဖလိုဝီ ရဲ့ အကြံဉာဏ်ကို လျစ်လျူရှုထားတာကြောင့်ပါ..."
"အကြံဉာဏ်..."
“အဲ့ဒါက မင်းသမီးကို တော်ဝင်နန်းတော်ဆီ မခေါ်သွားနဲ့လို့ ပြောထားတာလေ…”
သို့သော် သူမ သည် တော်ဝင်နန်းတော်သို့ ဘယ်တုန်းက လိုက်သွားမှန်း မမှတ်မိတော့ပေ။ သူမ မှတ်မိတာက သူမ အဖေက သူ့ကို အိမ်ကြီးထဲမှာ ထားခဲ့ပြီး မက်စယ်လာ နှင့် ရာနီယာ ကိုသာ တော်ဝင်နန်းတော်ဆီ ခေါ်သွားခဲ့တာ ဖြစ်သည်။
“အရင်တုန်းက မင်းသမီး နန်းတော်ကို ပထမဆုံးလိုက်သွားတုန်းကပါပဲ…တော်ဝင်မိသားစုက မင်းသမီးအကြောင်းကို တစ်စွန်းတစ်စကြားသိသွားပြီး မင်းသမီးကို ပြန်ပေးဆွဲဖို့ ကြိုးစားခဲ့ကြတယ်..."
ရိုစီနာသည် ပထမဆုံးအကြိမ်ကြားခဲ့ရသည့် အကြောင်းအရာများကြောင့် နစ်မြောနေခဲ့မိသည်။
"အဲဒါကိုသိပြီးနောက်မှာတော့ ဦး လေးလည်း မြို့စားမင်း ကို ခေါ်သွားရကောင်းလားဆိုပြီး စိတ်ပျက်သွားခဲ့တာ…ဒါနဲ့ အဆက်အသွယ်ဖြတ်ပစ်လိုက်တယ်…အချိန်အတော်ကြာပြီးနောက်…မြို့စားမင်းလည်း ကွယ်လွန်သွားခဲ့တယ်....ဒီလိုနဲ့ မင်းသမီးနဲ့လည်း အဆက်အသွယ်မရတော့တာပဲ..."
မြို့ဝန်မင်း သည် နောက်ဆုံးတွင် သူရှာနေသည့် ရိုစီနာ ကို ရှာတွေ့ခဲ့သဖြင့် မျက်ရည်ကျနေရှာသည်။သို့သော်လည်း သူမ သူ့ကို နှစ်သိမ့်မပေးနိုင်ခဲ့ပေ။
- မင်းရဲ့တည်ရှိမှုက နတ်ဘုရားရဲ့ တန်ခိုးကို တိုးမြင့်ပေးတယ်လေ....
အိမ်ရှေ့စံ၏ စကားများသည် သူမ ခေါင်းထဲတွင် ဝိုင်းစက်နေသည်။
- အဲဒါကြောင့် ရာဟန် က မင်းကို လက်ထပ်ခဲ့တာ…သူက မင်းရဲ့ စွမ်းအားကို လိုအပ်တယ်လေ…
ထို့နောက် ရိုစီနာ သည် မျက်လုံးကို ဖြည်းညှင်းစွာမှိတ်ထားလိုက် မိတော့သည်။
မြို့ဝန်မင်း နှင့် ကေလာ ပြန်သွားကတည်းက ရိုစီနာ သည် ပန်းချီခန်းထဲမှာ အတော်ကြာထိုင်နေမိသည်။ မြို့ဝန်မင်း ပြောပြသောအမှန်တရားသည် သူမ ထင်ထားသည်ထက် ပိုမိုလေးလံပြီးလက်ခံရန် ခက်ခဲလှသည်။ သူမသည် တိရိစ္ဆာန်များနှင့် စကားပြောနိုင်သော တစ်ဦးတည်းသောသူဟု ထင်ခဲ့သော်လည်း ဤစွမ်းရည်ကို ရိုစီနာ မိသားစုကနေ အမွေဆက်ခံခဲ့တာ ဖြစ်နေ၏။ ထို့အပြင် တော်ဝင်မိသားစုနှင့်တွေ့သောအခါ ဖခင်ဖြစ်သူက သူမအား ထွက်ပြေးရန် ပြောကြားခဲ့သည့် အကြောင်းရင်းမှာလည်း ...
အမှန်တရားကိုသိရလျှင် ပိုကောင်းမည်ဟု အစက သူမ ထင်ခဲ့သော်လည်း တစ်ကယ်တမ်း သိလိုက်ရသောအခါ စိတ်ပျက်ပြီး စိတ်ဓာတ်ကျသွားသည်။ သူမသည် တော်ဝင်မိသားစု၏ စွမ်းအားကို ပုံဖော်ပေးခဲ့သူဖြစ်နေပြီး လူသားတစ်ဦးမဟုတ်ဘဲ ကိရိယာတစ်ခုလိုပင်။ထိုကိစ္စကလည်း အိမ်ရှေ့စံ က သူမ ဘေးမှာ ပျံဝဲနေခဲ့သည့် အကြောင်းရင်းလည်း ဖြစ်သလို ရာဟန် ကလည်း...…
ထိုအထိတွေးပြီးနောက် သူမ မျက်နှာကို လက်ဖဝါးနှင့် အုပ်ထားလိုက်သည်။တစ်စုံတစ်ယောက်က သူမ နှလုံးသားကို ဖမ်းဆွဲချလိုက်သလိုမျိုး နာကျင်သွားကာ အသက်ရှုလို့တောင် သိပ်မရချင်တော့။သူမ သူ့ဆီက တစ်ခုခုကို စောင့်မျှော်နေခဲ့တာ ဖြစ်နိုင်သည်။ သူမသည် ရေချိုးခန်းထဲတွင် ရာဟန် နှင့် အတူကုန်ဆုံးပြီးကတည်းက၊သူ့နှလုံးသားလေး၏ အလိုဆန္ဒအရ သူမကို လက်ထပ်ခဲ့တာများလားဟု မျှော်လင့်ကြည့်မိသေးသည်။အခုတော့ သူမ စိတ်ဆင်းရဲလာသည်။သူမ၏ နှလုံးသားကို သူ လိုချင်နေတာလည်း ဟုတ်မည်မထင်ပေ။ သူမ စွမ်းအားကို တစ်ကယ်လိုအပ်နေတာများလား…
- နောက်ကျရင် အစ်မ အာစတေးနီးယား ကိုပြန်လာမယ်လို့ ညီမကို ကတိပေးပါနော်…
ကေလာ ၏ အသံသည် သူမ ခေါင်းထဲတွင် ပဲ့တင်ထပ်သွားသည်။သူမ ရာဟန် ကို ဦးစွာမေးကြည့်ရန် လိုအပ်သည်။
ကျွန်မကို လက်ထပ်ခဲ့တာက ကျွန်မမှာ စွမ်းအား ရှိနေလို့လား…ရှင် ကျွန်မကို ဘယ်လိုထင်နေလို့လဲ...
ဘာပဲဖြစ်ဖြစ် ရှေ့ဆက်ဖို့ ဆုံးဖြတ်ချက်ချလျှင် ပိုကောင်းမည် ထင်သည်။
ရိုစီနာ ထိုင်နေရာမှ ထလာသည်။ ရာဟန် အစည်းအဝေးမှ ပြန်မလာမီ အချိန်များစွာ ကျန်နေသေးသဖြင့် သူမ ယခုလို ထိုင်မနေချင်တာကြောင့် လမ်းထွက်လျှောက်ဖို့ ဆုံးဖြတ်လိုက်မိသည်။
ဒေါက်…ဒေါက်
အပြင်ကနေ တံခါးခေါက်သံကြောင့် ရာဟန် လား ဆိုသည့်အတွေးနှင့် သူမ တစ်ကိုယ်လုံး တောင့်တင်းသွားသည်။
"မင်းသမီး ဧည့်သည် ရောက်နေပါတယ်..."
သူမ သည် အယ်လာ ၏ အသံကိုကြားမှ တင်းထားသမျှ စိတ်တို့ကို လျှော့ပစ်လိုက်မိသည်။
ဧည့်သည်ဆိုပါလား....
မြို့ဝန်မင်း နှင့် ကေလာ တို့သည် စောစောပင် ပြန်သွားကြပြီဖြစ်သည်။
"ဘယ်သူလဲ..."
သူမ သေသေချာချာ မေးလိုက်တော့ အယ်လာက ပြန်ဖြေသည်။
"မြို့စားမင်းကတော် အက်စတာရော့ပါရှင်..."
ရိုစီနာ သည် ခဏ ခြေလှမ်းရပ်လိုက်သည်။ ရာနီယာ ရောက်လာသည်ဆို၍ တစ်ကယ့်ကို အံ့သြစရာကိစ္စပင်။ တစ်စက္ကန့်မျှ သူမ နားမလည်နိုင်ဖြစ်နေမိ၏။ မနေ့က ခန်းမမှာ နှစ်ယောက်သား ခဏ တွေ့ခဲ့ကြခြင်းဖြစ်သည်။ အာဆီလီယာ တို့အသိုင်းအဝိုင်းထဲသို့ ၀င်ရောက်လာခဲ့သော ရာနီယာ သည် မာနကြီးပုံပေါ်ပြီး ထုံးစံအတိုင်း သူမထံ လာကာ ရန်စကားစခဲ့သည်။ယနေ့လည်း ဘာလာလုပ်မှန်း မသိသဖြင့် သူမနှင့် အချိန်မဖြုန်းချင်ပေ။
" ပြန်လွှတ်လိုက်ပါ..."
"ကောင်းပါပြီ..."
အယ်လာ က ယဉ်ယဉ်ကျေးကျေး ပြန်ပြောလေသည်။ ဝေးကွာသွားသော ခြေလှမ်းများကို နားထောင်ရင်း သူမ သက်ပြင်းချလိုက်မိသည်။
ဒါက ဘယ်လိုဖြစ်တာလဲ…
အရင်တုန်းကတော့ ရာနီယာသည် သူမနှင့် အဆင်မပြေခဲ့သော်လည်း အသက်ကွာခြားသော ညီမဖြစ်သူကို သူမကပင် ဂရုတစိုက် ပြုစုစောင့်ရှောက်ခဲ့သည်။ သို့သော် ယခု သူမတို့ နှစ်ယောက် ဟိုးအရင်ကတည်းက တဖြည်းဖြည်းချင်း သည် ဖြည်းဖြည်းချင်း ဝေးသွားရသည့် အကြောင်းရင်းမှာ…
-ငါတော့ ရူးတော့မှာပဲ
တစ်နေ့မှာ တိရိစ္ဆာန်တစ်ကောင်နှင့် စကားပြောနေသည့် သူမကို ရာနီယာ မြင်သွားသည်။သူမသည် တိရိစ္ဆာန်များနှင့် တစ်ယောက်တည်း စကားပြောနေသောကြောင့် ရာနီယာ စိတ်ဆိုးသွားသည်။ထို့ကြောင့် သူမကိုယ်သူမ လူထူးဆန်းကြီးလို ခံစားခဲ့ရကာ ထိတ်လန့်ခဲ့ရသည်။ညီမဖြစ်သူ ရာနီယာကလည်း အမြဲလိုလိုပင် ထိုကိစ္စနှင့်ပတ်သတ်ပြီး လာရောက်အပြစ်တင်ကာ မုန်းတီးနေတော့သည်။
ထိုနေ့မှစ၍ ညီအစ်မ နှစ်ယောက်ကြားက ဆက်ဆံရေးမှာ အနည်းငယ် အဆင်မပြေဖြစ်ခဲ့သော်လည်း ဖခင်ဖြစ်သူ ကွယ်လွန်ပြီးနောက်တွင် ပို၍တင်းမာသွားခဲ့သည်။ ဖခင်ဖြစ်သူ သေဆုံးသွားသောအခါတွင်ပင် သူမတို့ မိသားစုသည် ပိုခက်ခဲလာပြီး မက်စယ်လာ ကလည်း သူမနှင့် ရာနီယာကို ပွင့်ပွင့်လင်းလင်းပင် ခွဲခြားဆက်ဆံခဲ့သည်။
ထို့အပြင် သားအမိနှစ်ယောက်က သူမကို ကုန်သည်တစ်ဦးနှင့် လက်ထပ်ပေးရန် ကြိုးစားခဲ့ကြသည်။ ထိုအခါ သူမလည်း အိမ်ကြီးမှ ထွက်သွားပြီး ရာဟန် နှင့် တွေ့ကာ အီလီယန် ကို မွေးဖွားခဲ့ရသည်။ သူမသည် မက်စယ်လာ ၊ ရာနီယာ တို့နှင့် ရင်းနှီးခဲ့ဖူးသော်လည်း ဤနေ့ရောက်လာမည်ဟု သူမ မထင်ခဲ့ပေ။ ဘဝဆိုသည်မှာ မရေရာသည့်သဘောရှိသည်ပဲ။
ရိုစီနာ သည် ကျယ်လောင်သော ဆူညံသံတို့ကို ရုတ်တရက် ကြားသောအခါ ဧည့်ခန်းတံခါးကိုဖွင့်ပြီး အပြင်ကို ချောင်းကြည့်မိလျှင်၊
"မင်းသမီး..."
စင်္ကြံအဆုံးမှာ ရပ်နေသည့် ရာနီယာ က ရိုစီနာ ကို အော်လိုက်ရာ အစေခံ များသည် အံ့သြတုန်လှုပ်ကုန်ကြကာ ရာနီယာ ကို ကိုင်ဆွဲထားကြသည်။
"ကျေးဇူးပြုပြီး ကျွန်မကိုခဏလောက်အချိန်ပေးပါ..."
ရာနီယာ၏ အော်ဟစ်သံသည် နန်းတော်အတွင်း ပဲ့တင်ထပ်သွားသည်။သူမသည် မင်းသမီး၏ ညီမဖြစ်သောကြောင့် မငြိမ်မသက်ဖြစ်နေသော်လည်း အစေခံများက သူမကို ထိန်းထားနိုင်ခြင်းမရှိပေ။
သူမ ရာနီယာ ကို သေချာအကဲခတ်ကြည့်လိုက်သည်။ရာနီယာသည် ခါတိုင်းလို မာနကြီးပြီး ယုံကြည်မှုရှိသော မျက်နှာနှင့် မတူဘဲ ကြောက်ရွံ့မှုအပြည့် ပေါ်လွင်နေသည်။
"မရဘူး..."
အပြင်သို့ခေါ်ဆောင်ရန် ကြိုးစားနေသော အစေခံများက ပြန်ပြီးအင်အားသုံးပြန်ရာ ရာနီယာ က ရုန်းရင်းကန်ရင်းပင် ထပ်မံအော်ဟစ်ခဲ့သည်။ဤပုံအတိုင်းဆိုလျှင်၊ ကျူရှင်ဆရာနှင့် စာသင်နေသည့် အီလီယန် တို့ အနှောင့်အယှက် ဖြစ်သွားမှာကို ရိုစီနာ စိုးရွံ့လာသည်။
"သူမကို လွှတ်လိုက်ပါ..."
ချက်ချင်း အစေခံများ၏ လက်တွေက ပြေလျော့သွားသည်နှင့် ရိုစီနာသည် ပန်းချီခန်းဆီကို ဦးတည်သွားလျှင် နောက်မှ ရာနီယာလည်း ကပ်လိုက်လာသည်။ ထို့နောက် သူမက အခန်းထဲကို လျှောက်ကြည့်နေသည့် ရာနီယာအား ထိုင်ခိုင်းလိုက်သည်။
"ရုတ်တရက်လာတဲ့ ဧည့်သည်အတွက် လက်ဖက်ရည် မရှိဘူးလား..."
ရာနီယာက အေးစက်သော စကားသံဖြင့် လှောင်သလို၊ပြောင်သလို ပြောလေသည်။ထိုအခါ သူမလည်း နောက်ကွယ်မှာစောင့်နေသည့် အယ်လာ ကို ခေါ်လိုက်ကာ...
"ကျေးဇူးပြုပြီး ရေယူလာပေးပါ..."
သိပ်မကြာခင်မှာပဲ အယ်လာ ဝင်လာပြီး သူမ ရှေ့မှာ လက်ဖက်ရည်ချပေးပြီး ရာနီယာ ရှေ့မှာ ရေတစ်ခွက်ချပေးလိုက်၏။ ထို့နောက် သူမသည် အယ်လာကို ကျေးဇူးတင်ကြောင်းပြောပြီး ထွက်သွားခိုင်းလိုက်သည်။
တိတ်ဆိတ်မှုက ဧည့်ခန်းထဲမှာ ပြည့်နေပြီးမှ ရာနီယာ က ရေခွက်ကို အငေးသား ကြည့်နေတာကြောင့် သူမ မေးလိုက်မိသည်။
"ဘာလို့လဲ...ဖျားနေတာလား..."
“ဟင့်အင်း…မဖျားပါဘူး..."
ရာနီယာ ခေါင်းခါလိုက်သည်။ စောစောက အော်ဟစ်သံလို ဟုတ်မနေဘဲ သူမက တိတ်တိတ်ဆိတ်ဆိတ်ပင်။ ရာနီယာ သည် ဖျားနေသကဲ့သို့ ဖြူဖျော့နေ၏။ အရင်တုန်းကဆိုလျှင် သူမ ချက်ချင်း ညီမဖြစ်သူအတွက် စိတ်ပူသွားနိုင်သော်လည်း အခုတော့ ဘာမှ မခံစားရချေ။တစ်ရက်အတွင်း သူမ၏ ကျန်းမာရေး အခြေအနေ ယိုယွင်းလာမှုအား အကဲဖြတ်ကြည့်လျှင် ထိုမကောင်းဆိုးဝါးကြောင့် ဖြစ်နိုင်သည်။သို့မဟုတ်၊ အာဆီလီယာ က သူ့ကို နှင်ထုတ်တာကြောင့်လည်း ဖြစ်နိုင်သည်။ထို့နောက် သူမသည် ရာနီယာ ကို မသနားစိတ်နှင့်မဟုတ်ဘဲ အေးအေးဆေးဆေး မေးလိုက်သည်။
"နင် ငါ့နန်းတော်ကိုလာပြီး ရှုပ်နေပါလား....နင့်မှာ အရေးကြီးတာတစ်ခုပြောစရာရှိလို့လား..."
ရာနီယာ အကြာကြီး တုံ့ဆိုင်းသွားပြီး နောက် ခေါင်းငုံ့ကာ ရေရွတ်လိုက်သည်။
“တောင်းပန်ချင်လို့….”
ရိုစီနာ ၏ မျက်ခုံးများ ကွေးသွားရသည်။ တောင်းပန်စကားဆိုသည်မှာ ရာနီယာ နှင့် အမှန်တစ်ကယ် မကိုက်ညီသောအရာများဖြစ်သည်။
"ဘာလို့တောင်းပန်တာလဲ..."
သူမ မေးခွန်းအတွက် ရာနီယာ တုံ့ဆိုင်းသွားပြီး တစ်ခုခုပြောလေသည်။
“တောင်းပန်ပါတယ်… အရင်က ရိုင်းရိုင်းစိုင်းစိုင်းတွေ မင်းသမီးအပေါ်မှာ လုပ်မိလို့...”
လက်ဖဝါးကို ဇောက်ထိုးလှန်လိုက်သကဲ့သို့ သဘောထားပြောင်းလဲသွားသော ရာနီယာ ကို သူမ ငုံ့ကြည့်မိသည်။ ရာနီယာ ကတော့ စားပွဲကိုသာ ငုံ့ကြည့်ကာ ဂါဝန််စကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။
"အဲ့ဒီလို မကောင်းတဲ့ကိစ္စတွေကို တွေးတောင်မတွေးသင့်ဘူး... ဒါပေမယ့် မင်းသမီးက အမေနဲ့ကျွန်မကို စွန့်ပစ်ခဲ့လို့ စိတ်အတော်ဆိုးမိသွားတာပါ...”
တိတ်ဆိတ်စွာ နားထောင်နေသော သူမသည် လက်ဖက်ရည်သောက်ရင်းက...
"ဒါဆို"
"ကျွန်မ နောင်တရသွားတယ်…မင်းသမီး ကျွန်မကို နောက်ထပ် အခွင့်အရေးတစ်ခုပေးရင် အကောင်းဆုံး ပြန်လုပ်ပေးချင်တယ်...အမေလည်း နောင်တရနေရှာတယ်..."
ရာနီယာသည် ရိုစီနာ ချလိုက်သော လက်ဖက်ရည်ခွက်ကို ငုံ့ကြည့်ကာ ထိုစကားကို မှုန်ဝါးဝါးပြောလေသည်။
“..…”
ငြိမ်သက်စွာထိုင်နေသော ရိုစီနာ သည် မက်စယ်လာ ၏မျက်နှာကို တစ်ချက် သတိရသွားသည်။ နောက်ဆုံး ဆုံတွေ့ချိန်အထိ သူမကို တောင်းပန်လိုစိတ်၊အားနာလိုဟန်တို့ မတွေ့ရဘဲ သူမကို နင်းချေရန် စိတ်စောနေခဲ့၏။ မက်စယ်လာ သည် ယခုအချိန်အထိ သူမအား ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို မကျူးလွန်သေးသော်လည်း စိတ်ပိုင်းဆိုင်ရာ စော်ကားမှုများစွာကို ကျူးလွန်ခဲ့သူဖြစ်သည်။
"ဒါဆို ခွင့်လွှတ်ပါနော်..."
ရာနီယာ၏ နောက်ဆုံးစကားသည် ထူးထူးခြားခြား ဂုဏ်သရေရှိနေသည်။
“ခွင့်လွှတ်ရမယ်…”
သူမက ငြိမ်သက်စွာ နားထောင်နေပြီးမှ ပြောလိုက်ကာ လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး အေးစက်သော မျက်လုံးများဖြင့် ရာနီယာ ကို တည့်တည့်ကြည့်သည်။
"နင့်ကို ငါ့က ခွင့်လွှတ်ပေးရမှာလား"
“…..”
"အဲဒီမတိုင်ခင်က နင် ငါ့ကို တကယ်အမှားလုပ်ခဲ့တာ နင်သိလား..."
ရာနီယာ လက်သီးကို ဆုပ်ထားလိုက်သည်ကို သူမ အထင်းသားမြင်နေရတာကြောင့် သူမ ဟက်ကနဲ ရယ်မောမိလေသည်။ ခွင့်လွှတ်ဖို့ တောင်းပန်လာသူ တစ်ယောက်အတွက် ဘယ်လိုမှ ဖုံးဖိမရသည့် ခံစားချက်အစစ်အမှန်တွေက သူမ မျက်နှာမှာ ပေါ်လွင်နေပြီဖြစ်သည်။
စိတ်ထဲက မပါဘဲ ဘယ်လိုများ တောင်းပန်စကားဆိုလိုက်တာလဲ…
သူမကို ဒီလိုမျိုး တောင်းပန်ရမယ်ဆိုတဲ့ အကြောင်းပြချက်မျိုး ရှိနေတာလား....
"ဘာပဲဖြစ်ဖြစ် ကျွန်မ အပြစ်ပါ..."
ရိုစီနာ က ဘာမှ မပြောဘဲ အေးစက်သောမျက်လုံးများဖြင့် သက်ပြင်းတစ်ချက်ချလိုက်သည်။ တစ်ကယ်တော့ သူမက တောင်းပန်ခံချင်တာ မဟုတ်ဘဲ ပြတ်ပြတ်သားသားကို မပတ်သတ်ချင်တာကြောင့် ဤဆက်ဆံရေးကို အဆုံးသတ်ချင်တာ ဖြစ်သည်။
"ပြန်တော့..."
သူမက အေးစက်စွာပြောလိုက်ရာ ရာနီယာ တုန်လှုပ်သွားပြီး ထဖို့ မစဉ်းစားဘဲ အချိန်ဆွဲနေခဲ့သည်။ထိုစဉ် တံခါးခေါက်သံကြားရသဖြင့် သူမ တံခါးဘက်ကို တစ်ချက်လှည့်ကြည့်မိလျှင်
ရာနီယာ သည် သူမကို တိတ်တဆိတ် စိုက်ကြည့်နေသည်။
"တောင်းပန်ပါတယ်…မင်းသမီး....မင်းသမီးကို ပြောစရာရှိလို့ပါ..."
ထို့နောက် ရိုစီနာ သည် ထိုင်ခုံမှ ထလာပြီးနောက် ရာနီယာ ကို တစ်ချက်ကြည့်လိုက်ပြီး အပြင်ဘက်သို့ ခဏထွက်သွားသည်။ဤသည်မှာ ရာနီယာ အတွက် ရွှေအခွင့်အရေး ဖြစ်သွားသည်။ရာနီယာ သည် အနီရောင်ပိုးအိတ်ကို အမြန်ဆွဲထုတ်လိုက်သည်။ သူမလက်တွေက တုန်ခါနေတာကြောင့် အမှုန့်တွေက စားပွဲပေါ်ကို ပြန့်ကျဲသွားသည်။ထို့နောက် သူမ ပတ်ဝန်းကျင်တွင် ကျနေသော အမှုန့်များကို အမြန် ခါပစ်လိုက်ကာ ဘာမှမဖြစ်သလိုထိုင်နေလိုက်၏။
"မပြန်သေးဘူးလား..."
ရိုစီနာ ၏ စကားကြောင့် ရာနီယာ သည် သူမ နှုတ်ခမ်းများက တဆတ်ဆတ် တုန်ယင်နေကြသည်။ သူမ၏ မျက်နှာအမူအရာကို ထိန်းဖို့ အမြဲကြိုးစားနေသော်လည်း အလွန်အမင်း တုန်လှုပ်သွားကာ ပါးစပ်ကနေ နှလုံးသားကပါ ခုန်ထွက်တော့မည် ဖြစ်သည်။ရိုစီနာ က ပြန်ထိုင်လိုက်သော်လည်း သူမ ချက်ချင်းထပြန်လို့မရသေး။ရိုစီနာ လက်ဖက်ရည်သောက်ပြီးကာမှ မစ်ရှင် ပြီးမြောက်မည်ဖြစ်သည်။သူမ စိတ်လွတ်ကိုယ်လွတ် ဖြစ်သွားကာ တစ်ခုခုပြောလိုက်သည်။
"ကျွန်မတို့ အရင်လို ပြန်မဖြစ်နိုင်တော့ဘူးလား..."
"ဘာကိုလဲ..."
"အရင်က ပျော်ရွှင်စရာနေ့ရက်တွေကို ပြန်မရနိုင်တော့ဘူးလား..."
"ပျော်ရွှင်မှုလား..."
ရိုစီနာ စဉ်းစားနေမိသည်။ သူမ အဖေဆုံးပြီးကတည်းက သူမ မပျော်ရွှင်တော့တာဖြစ်၏။မက်စယ်လာ နှင့် ရာနီယာ တို့သည် ဘာမှမတတ်နိုင်သော ငှက်ကလေးများကဲ့သို့ အရာရာတိုင်းကို သူမ ပြုလုပ်ရန်သာ စောင့်ဆိုင်းနေခဲ့သည်။ နှလုံးသားထဲက လာသည့် ရိုးသားသော ကျေးဇူးတရားတွေ ရှိနေလျှင်တောင် ထိုစဉ်ကလို ပစ်ပစ်ခါခါကြီး ထားမည်မဟုတ်ပေ။
Xxxxxx