အပိုင်း ၇၇
Viewers 13k

Chapter 77

" နင့်အမေ နဲ့ နင်ကသာ အဲ့ဒီပျော်ရွှင်မှုကို ချိုးဖျက်ခဲ့တာပဲ..."

ရိုစီနာက အေးစက်စွာ တုံ့ပြန်ကာ လက်ဖက်ရည်ခွက်ကို ယူ၍ တစ်ငုံသောက်ပြီးသောအခါ လက်ဖက်ရည်အေးသည် သူမ ပါးစပ်ထဲသို့ တိုးဝင်လာသည်။ အေးစက်နေသောာလက်ဖက်ရည်ကို သောက်ချင်စိတ်မရှိတော့၍ လက်ဖက်ရည်ခွက်ကို ချက်ချင်းချထားလိုက်သည်။

“..…”

ရာနီယာ က သူမကို မမှိတ်မသုန် စိုက်ကြည့်နေသည်။ ရိုစီနာ က ထင်ထားသလောက် လက်ဖက်ရည်ကို မသောက်လိုက်၍ သူမ တုန်လှုပ်သွားမိသည်။

"ထွက်သွားပါ..."

"ကျွန်မ စကားမဆုံးသေးဘူး...."

"နင် ငါ့ကို ဆွဲထုတ်စေချင်​လို့လား..."

ရိုစီနာ ၏မေးခွန်းကြောင့် ရာနီယာ မျက်နှာထား တင်းမာသွားသည်။ အစေခံများက လာပြီး နှင်ထုတ်ခံရခြင်းမှာ အလွန်ရှက်စရာကောင်းလှသည်။

ရိုစီနာ သည် ထိုင်ခုံမှထကာ သူမကို ငုံ့ပြီး မတူသလိုမတန်သလို ကြည့်ပြီး အစေခံတစ်ယောက်ကို ခေါ် ဆွဲထုတ်ခိုင်းရန် တံခါးချပ်နားကို ဦးတည်သွားလိုက်သည်။သူမ ချာကနဲ လှည့်ထွက်လိုက်စဉ် ဝေဝါးသွားသော မြင်ကွင်းကြောင့် မျက်တောင်ကို ပုတ်ခတ် ပုတ်ခတ် လုပ်လိုက်သည်။ တောက်ပသော မြင်ကွင်းသည် အချိန်မရွေးပေါက်ထွက်မည့် မီးပွားတစ်စလိုပင်။ သူမ တုန်လှုပ်ချောက်ချားပြီး နံရံကို မှီထားလိုက်သည်။ ရင်ထဲမှ ပူပူနွေးနွေး အလုံးကြီးတစ်ခု အပေါ်ကို တက်ဆောင့်လာပြီး ချောင်းဆိုးလာ၍ သွေးစိုင်‌သွေးခဲများ ထွက်လာသည်။ အနီရောင်သွေးခဲများက လက်ဖဝါးကို အရောင်ခြယ်ထားကာ အဝတ်အပေါ်မှာလည်း စွန်းထင်းနေကြ၏။

“ဟူး…ဟူး…”

သူမ အသက်ရှုသံများ ပြင်းထန်လာပြီး ခန္ဓာကိုယ်အနှံ့ အေးစက်လာသည်။ နားထဲမှာ မြည်နေသည့် တဝီဝီ အသံကြောင့် ပတ်ဝန်းကျင်က အသံတောင် မကြားရတော့ပေ။သူမ နံရံကို လက်ထောက်ထားပြီး အသက်ကို ဝအောင်ရှူနေလိုက်၏။ သူမ ပါးစပ်ကို ဟကာ အမောတကောဖြစ်နေသော်လည်း လူတစ်ယောက်ယောက် ပြေးလာသည့်အသံကိုမှကြားမနေရပေ။

မျက်နှာ ဖြူဖျော့နေသော ရာနီယာ မျက်နှာသည် သူမ၏ အမြင်အာရုံများထဲတွင် ပြည့်နှက်နေပြီးနောက် သူမ မျက်လုံးများကို လုံးဝမှိတ်လိုက်တော့သည်။

ဒုတိယမင်းသားနန်းတော်သည် ယနေ့တွင် ထူးထူးခြားခြား တိတ်ဆိတ်နေသည်။ အာဆီလီယာ သည် မနေ့ညက ပွဲပြီးကတည်းက အပြင်သို့ မထွက်ခဲ့သေး။ မကောင်းဆိုးဝါးကြောင့် တုန်လှုပ်သွားရသော်လည်း ထို့ကြောင့် မဟုတ်ပေ။ သူမသည် ကံကောင်းထောက်မစွာပင် မကောင်းဆိုးဝါး ပေါ်လာသောအခါ အဝေးတွင် ရှိနေသောကြောင့် သိပ်တော့ မစိုးရိမ်ခဲ့ပေ။ သူမသည် စိတ်ထဲက တုန်လှုပ်နေသဖြင့် ကောင်းမွန်စွာ ထိန်းသိမ်းထားသော သူမ၏ လက်သည်းများကို တစ်ချောင်းပြီးတစ်ချောင်း ကိုက်လိုက်သည်။ အခမ်းအနားမှာ ရိုစီနာ ကြောင့် အရှက်ရသည်ကို သူမ မမေ့နိုင်သေးပေ။ လက်ဖက်ရည်သောက်ပွဲ၊ အမဲလိုက်ပြိုင်ပွဲနှင့် နတ်ဘုရားပွဲအခမ်းအနားများတွင် ရိုစီနာ သည် ဆက်တိုက် သူမကို ဗ်ိုလ်စွဲထားခဲ့၏။ထို့အပြင် သူမကြောင့် အားလုံးရှေ့မှာ သူမ အရှက်ရခဲ့သည်။

"အား..."

သူမကိုကြည့်နေသည့် လူအများ၏ မျက်လုံးတွေကို ပြန်သတိရပြီး အလှကုန်တွေကို မှန်တင်ခုံပေါ်ကနေ လွှင့်ပစ်လိုက်သည်။ သူမဘဝမှာ ထိုသို့စော်ကားခံရတာမျိုး တစ်ခါမှ မကြုံဖူးပေ။ သာမာန်အားဖြင့် သူမကို တည့်တည့်တောင် မကြည့်ဝံ့ကြသူတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး သူမအကြောင်းကို ကျွတ်စီကျွတ်စီ လုပ်နေကြသည်။ဘုရင်မသည် ရိုစီနာ ကိုမုန်းတီးနေသောကြောင့် ဘုရင်မ အာရုံကို ဖမ်းစားရန် သူမက ရိုစီနာ နှင့် စကားများရန်ဖြစ်ခဲ့သော်လည်း အခြေအနေက တလွဲဖြစ်သွားသည်။

ထို့အပြင် သူမ၏ စိတ်ဒေါသကို နှိုးဆွနေသည့် သီးခြားဖြစ်ရပ်တစ်ခု ရှိသေးသည်။အိမ်ရှေ့စံကို သူမသာ အနိုင်ယူခဲ့မည်ဆိုလျှင် ခင်ပွန်းဖြစ်သူ ဒုတိယမင်းသား နန်းတက်နိုင်မည်ဟု ယခုအချိန်အထိ သူမ အခိုင်အမာ ယုံကြည်ထားသည်။ ထို့ကြောင့် သူမသည် ဘုရင်မ အထင်ကြီးစေရန် ကြိုးစားကာ လူမှုဆက်ဆံရေး အသိုင်းအဝိုင်းကို အသုံးပြုခဲ့သည်။ သို့သော် တတိယမင်းသား ရာဟန် ၏ စွမ်းအားက လူအများ၏ ခံယူချက်ကို လုံးဝပြောင်းလဲသွားစေခဲ့သည်။ထို့ကြောင့်၊ အိမ်ရှေ့စံကို ဖယ်ရှားလိုက်လျှင်တောင်၊ တတိယမင်းသားကသာ နန်းတက်နိုင်ချေရှိသည်။

အာဆီလီယာ သည် စိုးရိမ်သောက ဖြစ်စွာပင် နှုတ်ခမ်းကို ကိုက်ထားလိုက်သည်။ ကံကောင်းစွာပင်၊ အိမ်ရှေ့စံသည် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး သူ့ဂုဏ်သိက္ခာလည်း အလွန်ကျဆင်းသွားခဲ့သည်။

"သူသေသွားရမှာ..."

သို့သော်လည်း အိမ်ရှေ့စံ ကွယ်လွန်သွားလျှင်ပင် ထီးနန်းဆက်ခံခွင့်သည် ဒုတိယမင်းသားထံ ချက်ချင်းရောက်လာနိုင်ခြင်း ရှိ၊ မရှိ ရှင်းရှင်းလင်းလင်း မသိရသေးပေ။သူမ၏ ခင်ပွန်းသည် နုနယ်သည်။ သူသည် တစ်သက်လုံး ဓားပညာကို မသင်ယူခဲ့ခြင်း မရှိဘဲ စာရေးခြင်းနှင့် စာဖတ်ခြင်းကိုသာ နှစ်သက်သူဖြစ်သည်။ တစ်ကယ်တမ်းတွင် သူမသည် ခင်ပွန်းဖြစ်သူနှင့် အတူနေရတာကို ပျော်ပိုက်ခြင်းမရှိပေ။သူမသည် မြို့ဝန်းမင်း၏ ဒုတိယသမီးဖြစ်၍ ဒုတိယမင်းသားကို ရခဲ့ခြင်း ဖြစ်သည်။

အကယ်၍ သူမသာ မြို့စား၏ တစ်ဦးတည်းသော သမီးဖြစ်ခဲ့ပါက၊ ဒုတိယမင်းသားနှင့်မဟုတ်ဘဲ အိမ်ရှေ့စံနှင့် လက်ထပ်နိုင်မည်ဖြစ်သည်။ထိုသို့သာဆိုလျှင် ၊သူမ ဘာမှလုပ်နေစရာမလိုဘဲ ထီးနန်းစည်းစိမ်ကို ရရှိနိုင်မည်ဖြစ်၏။ သို့သော် သူမသည် ဒုတိယမင်းသားနှင့် လက်ထပ်ပြီးကတည်းက ခင်ပွန်းဖြစ်သူအတွက် သရဖူ ရရှိအောင် ကြိုးစားနေခဲ့ရသည်။ သူမသည် ဘုရင်မဖြစ်လာရန် အိပ်မက်မက်လျက်ရှိပြီး လူတိုင်း လိုချင်သော ဘဝဖြင့် နေထိုင်ချင်သည်။

သူမ စိတ်တိုသွားကာ စားပွဲခုံပေါ်ကို လက်သီးနှင့် တစ်ချက် ဆောင့်ထိုးလိုက်မိသည်။

“အဲ့ဒီမိန်းမ….”

သူမ အလွန်ချဥ်းကပ်ပြီး ဖားနေခဲ့သော မြို့ဝန်မင်း၏သမီး အီဘယ်လာ ကိုအနိုင်ယူရန်ကြိုးစားနေသည်။ သူမ ဤ 'စစ်ပွဲ' မှာ အောင်နိုင်စေဖို့ အီဘယ်လာ အားကိုး၍ ရသည်။သို့သော်လည်း၊သူမ ပစ်ပယ်ထားသည့် မှူးမတ်များ၏ ဇနီးများ၊သမီးတော်များသည် သူမကို လာမခယဘဲ ရိုစီနာ ဆီကိုသာ သွားခဲ့ကြသည်။ သူမသည် ထိုကဲ့သို့ ဖြစ်လာမှာကို အစကတည်းက ရင်ထိတ်နေခဲ့တာဖြစ်သည်။ယခုအချိန်အထိ သူမသည် ဆိုရှယ်လောကကို တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားခဲ့တာပင်။

အိမ်ရှေ့စံမှာ ဇနီးမယားမရှိ၍ ကပ်ဖားလိုသူတွေက သူမဆီကိုသာ လာလာကပ်ကြသည်။သို့သော်လည်း၊ ရိုစီနာ မှာသာ လူတွေများများလာလျှင် ရှေ့ဘာဆက်ဖြစ်မယ်မှန်း မပြောနိုင်ပေ။သူမ အသက်ပြင်းပြင်းရှူပြီး စားပွဲတင်ခုံပေါ်ရှိ အနီရောင်ပိုးအိတ်ကို ကြည့်လိုက်သည်။ သူမ ရိုစီနာ ကို ပျက်စီးစေလိုသည်။ထိုမိန်းမကို ရယ်ရယ်မောမောဖြင့်ပင် အပြစ်ပေးချင်သည်။

"မင်းသမီး.... မြို့စားမင်းကတော် အက်စတာရော့ ဒီမှာ ရောက်နေပါတယ် ..."

“သူမကို ဝင်ခွင့်ပြုလိုက်...”

ချက်ချင်းပင် အာဆီလီယာ၏ ပါးစပ်ထောင့်များသည် ချောမွေ့စွာ ညွန့်ကွေးသွားတော့သည်။

***

ရာနီယာ သည် စိုးရိမ်နေလျက်ရှိသည်။အမဲလိုက်ပြီးနောက် သူမသည် အာဆီလီယာ နှင့် ရင်းနှီးလာခဲ့ပြီး ပေါင်းသင်းဆက်ဆံရေး ကောင်းလာသော်လည်း ဘာမှ ဖြစ်မြောင်အောင် မလုပ်နိုင်သလို ခံစားနေရ၏။အာဆီလီယာ အဖွဲ့မှာ ပါ၀င်သော အမျိုးသမီးများ အားလုံးသည် တန်းတူရည်တူ ထူးချွန်ကြသည်။ သူတို့သည် မှူးမတ်များမိသားစုတွင် ရာထူးကြီးသော ခင်ပွန်းများ၊ စည်းစိမ်ဥစ္စာများစွာ စုဆောင်းထားသူများ သို့မဟုတ် မိသားစုအမည်ကို ပြောလိုက်ရုံနှင့် ကိစ္စအားလုံးပြီးစေနိုင်သူများ ဖြစ်သည်။ ပြစရာတွေ အများကြီးရှိသည့် အမျိုးသမီးတွေထဲမှာ သူမမှာ ကြွားလုံးထုတ်စရာမရှိပေ။

သူမ၏ခင်ပွန်းသည် အလွန်ရိုးသားသူ ဖြစ်ပြီး သူမ၏ အက်စတာရော့ မိသားစုမှာ ယခင်က နာမည်ကြီးခဲ့သော်လည်း ယခုအခါ နာမည်ပျက်သွားခဲ့ပြီ ဖြစ်သည်။သူမမှာ သားသမီးတောင် မရှိတာကြောင့် တခြားအမျိုးသမီးတွေက သူတို့သားသမီး အကြောင်းတွေကို ပြောပြတိုင်း အထီးကျန်သလိုခံစားရသည်။ သို့သော်လည်း သူမသည် အစည်းအဝေးများတွင် အမြဲရှိနေခဲ့သည်။ ပေးပို့ထားသည့် ဖိတ်စာများကိုလည်း တက်ရောက်မည်ဖြစ်ကြောင်း သူမ အမြဲတမ်းဖြေကြားခဲ့သည်။

အမျိုးသမီးများ အချင်းချင်း ရေရွတ်ကာ မလှမ်းမကမ်းမှ လာနေသော ရာနီယာ ကို ကြည့်နေကြသည်။ ထိုအခါ ရာနီယာကို မနှစ်သက်သော အမျိုးသမီးတစ်ဦးသည် အစည်းအဝေးတစ်ခု၌ မေးလာခဲ့သည်။

- အို....ဒါ အရင်တစ်ခေါက်က ဝတ်ထားတဲ့ ဝတ်စုံပဲ မဟုတ်လား… ဝတ်စုံအသစ်မဝယ်သေးဘူးလား...

- ဟို...ကျွန်မက အဝတ်အစားကို လိုက်ပြီး အသေးစိတ် ဂရုမစိုက်နိုင်လို့ပါ ...

တစ်ကယ်တော့ သူမဟာ ခင်ပွန်းဖြစ်သူကို အဝတ်အစားအသစ်ဝယ်ပေးဖို့ တောင်းပန်‌သော်လည်း ခင်ပွန်းဖြစ်သူက နားမထောင်ခဲ့ပေ။အကြောင်းရင်းကလည်း သူမတို့ မိသားစုမှာ ဆပ်ဖို့ အကြွေးတွေရှိနေသေးတာကြောင့်ဖြစ်သည်။ သားမက်ဖြစ်သူ သူမ ၏ ခင်ပွန်းသည် ယခင် မြို့စားမင်း ၏ အကြွေးအများစုကို ပေးဆပ်ခဲ့သော်လည်း နေထိုင်စရိတ်နှင့် မထင်မှတ်ထားသော အသုံးစရိတ်များ က များလွန်းသဖြင့် အကြွေးများမှာထင်သလောက် မကျေသေးပေ။ကြွေးမြီများကို လုံးလုံးလျားလျား ဆပ်နိုင်ရန် သူမ၏ ဇိမ်ခံပစ္စည်း အားလုံးကို တားမြစ်ထားခဲ့သည်။

- မင်းမှာအချိန်မရှိလို့ ဟုတ်လား... မင်းအခုဝတ်ထားတဲ့အဝတ်တွေက ဖက်ရှင်အောက်နေတာ နှစ်အတော်ကြာပြီနော်....

"မြို့စားမင်းကတော်ရဲ့စကားက နည်းနည်းလွန်သွားပြီထင်တယ်..."

စကားဝိုင်းကို တိတ်ဆိတ်စွာ နားထောင်နေသော အာဆီလီယာက ဝင်လာသည်။ အာဆီလီယာ ဝင်ရောက်စွက်ဖက်လာသောအခါ မြို့စားမင်းကတော်က သူမ ပါးစပ်ကို ပိတ်ထားလိုက်သည်။ သူမသည် ရာနီယာ ကို မကျေမနပ်ဖြစ်နေပုံရသော်လည်း အာဆီလီယာ စကားကို နားမထောင်ရဲသည်အထိ သတ္တိမရှိပေ။ ခါတိုင်းလိုပင်၊ အာဆီလီယာ က သူမကို ကာကွယ်ပေးလာသည့်အခါ ရာနီယာ အလိုလို ဝမ်းသာနေရတော့သည်။

- လေဒီ အက်စတာရော့ တို့ မိသားစုကအခက်အခဲ ဖြစ်နေကြတာ..အကြွေးတွေဝိုင်းနေလို့ နေမှာပေါ့...

မထင်မှတ်ထားသော စကားကြောင့် ရာနီယာ၏ နှုတ်ခမ်းများ မဲ့ကျသွားသည်။ အမဲလိုက်စဉ်ကတည်းက သူမကို ကာကွယ်ပေးခဲ့သော အာဆီလီယာ သည် လွန်ခဲ့သော ရက်အနည်းငယ်ကစ၍ သဘောထားပြောင်းလာခဲ့သည်။

-"ဒါပေမယ့် အခြေခံ အချက်ကလေးဖြစ်တဲ့ အဝတ်အစားကိုတောင် လိုက်မှီအောင် မဝတ်နိုင်ရင် ငါတို့အဖွဲ့နဲ့ မသင့်တော်ဘူး...."

အာဆီလီယာ၏ စကားကြောင့် တခြားသူများသည် ရယ်မောလိုက်ကြ၍ ရာနီယာမှာ မျက်နှာနီရဲလာကာ နှုတ်ခမ်းများကို ပြင်းပြင်းထန်ထန် ကိုက်ထားလိုက်သည်။ ရှက်စရာကောင်းသော်လည်း သူမသည် ဤအစည်းအဝေးမှ ထွက်မသွားချင်သေး။ သူမကို ဘယ်လိုပဲ ဆက်ဆံပါစေ၊ အာဆီလီယာ ၏ အုပ်စုထဲက တစ်ခြားသူတွေက သူမကို မနာလို ဖြစ်နေတာကြောင့်ဟုသာ ဖြည့်တွေးနေမိတော့သည်။

ရာနီယာ သည် ထိုအချိန်မှစ၍ အာဆီလီယာ ၏စိတ်ကိုပြောင်းလဲရန် စိတ်အားထက်သန်နေခဲ့သည်။သူမကို အဖွဲ့ထဲမှာ ပါဝင်ခွင့်ပေးလျှင် ဘာမဆို လုပ်မည်ဖြစ်သည်။ ယခုတစ်ကြိမ်တွင်တော့၊ အာဆီလီယာ ၏ အဖွဲ့ဝင်တစ်ဦးအဖြစ် သူမ တက်ရောက်နိုင်ခဲ့သည်။ အာဆီလီယာ က သူမကို လိုအပ်နေကြောင်း သူမ သိနေသေးသည်။အတန်ကြာသောအခါ အာဆီလီယာက ရိုစီနာ မကောင်းကြောင်းကို စပြောလာပြီး ဒေါသပုန်ထလာတော့သည်။

- ခွေးမ...

ထို့နောက် သူမက ဒေါသထွက်‌နေလျက်နှင့် လှေကားထစ်ဘက်သို့ ထွက်လာသောအခါ တခြားသူများလည်း လိုက်ထွက်လာကြသည်။ ယခုတော့ အာဆီလီယာ သည် အီလီယန်က သူမ သားကို အနိုင်ကျင့်လိုက်သည့်ကိစ္စကို သိသွား၍ ဒေါသအိုးပေါက်ကွဲနေခြင်းဖြစ်သည်။

- တစ်ကယ့် ငတုံးမိသားစုပဲ...

အာဆီလီယာ သည် အီလီယန် ကို ဆဲဆိုနေခဲ့သည်။ ရာနီယာ ကမူ ဝင်မပြောရဲဘဲ ကုပ်ကုပ်ကလေးဖြင့် အနောက်မှာသာရပ်‌နေလေသည်။အာဆီလီယာကို ကပ်ဖားနေကြသူတွေကတော့ သူမကို အမျိုးမျိုး နှစ်သိမ့်နေကြသော်လည်း သူမက တစ်ဖန်ပြန်ပြီး အော်ဟစ်နေသေးသည်။ ထို့နောက် ရာနီယာ ကို မျက်နှာထားတင်းတင်းနှင့် ကြည့်လိုက်လျှင် သူမ မျက်နှာက ဖြူဖျော့သွားတော့သည်။

- မင်းသမီး...ကျွန်မကြောင့် တစ်ခုခု စိတ်အဆင်မပြေတာရှိရင်...

-နင်က ငါလိုရင် အဆင်သင့်ဖြစ်နေရမှာလေ....

အာဆီလီယာ အော်ဟစ်နေ သူမ ပါးစပ်ကိုပိတ်ထားလိုက်သည်။ သူမ ရင်ထဲကို ပထမဆုံး လာထိခြင်းမှာ အာဆီလီယာ ၏ ငြင်းပယ်ခြင်းကို ခံရသည့် အတွေးပင် ဖြစ်သည်။ အကယ်၍ သူမကိုသာ အာဆီလီယာက ပစ်ပယ်လိုက်ပါက သူမ အရင်လိုပင် အသုံးမကျသောဘဝမှာသာ နေနေရပေတော့မည်။ အရည်အချင်းမရှိသော အိမ်ထောင်သည်များလိုပင် ချောင်ထိုးခံရတော့မည်။ ခမ်းနားသည့် ဘဝတစ်ခုကို တွေ့ကြုံခံစားဖူးသူ သူမကတော့ ထိုဘဝမျိုး တစ်ခါမှ မရောက်ဖူးပေ။

"ကျွန်မ မင်းသမီး ခိုင်းတာ ဘာမဆိုလုပ်ပါ့မယ်.... "

ရာနီယာ က အသည်းအသန်ပြောသောအခါ အာဆီလီယာသည် အနည်းငယ်စိတ်သက်သာရာရသွားပုံရဖြင့် သူမကို ငုံ့ကြည့်သည်။

"တစ်ကယ်လား... "

အာစီလီယာ၏ စကားကြောင့် တခြားသူများသည် လှေကားထစ်အနီးမှ ထွက်သွားကြသည်။

" နင်လုပ်နိုင်တဲ့ ကိစ္စတစ်ခုပါပဲ ..."

"ဟုတ်လား…ဒါဆို မင်းသမီး ကျွန်မကို အမိန့်ပေးလိုက်ပါ..."

သူမ တစ်ယောက်တည်းသာ လုပ်နိုင်သည်ဟု ဆိုရလောက်အောင် အဓိပ္ပါယ်ရနေသဖြင့် ချိုမြိန်လှပေသည်။

"မနက်ဖြန် ငါ့နန်းတော်ကို လာခဲ့....ပြီးတော့ငါပြောပြမယ်..."

ထိုအခါ သူမလည်း ကတိပေးလိုက်သည်။ နောက်တစ်နေ့တွင် သူမသည် အာဆီလီယာ နေထိုင်ရာ ဒုတိယမင်းသားနန်းတော်သို့ သွားခဲ့သည်။ အစေခံက ဧည့်ခန်းဆီ လမ်းညွှန် ပေးလိုက်ရာ သူမက အတွင်းထဲမှာ ထိုင်နေသည့် အာဆီလီယာ ကို တစ်ချက်လှမ်းကြည့်လိုက်၏။

“မင်းသမီး…..”

"အစ်မက ဒီမှာကွဲ့..."

အာဆီလီယာ က အရင်လို ကြင်နာစွာ ပြုံးပြလိုက်၍ သူမ စိတ်သက်သာရာ ရသွားသည်။ အာဆီလီယာ သည် သူမအတွက် အမြင့်ကို ပို့‌ပေးမည့် ရွှေကြိုးတစ်ချောင်းဖြစ်သည်။ သို့သော် အရေးမပါသော အကြောင်းတစ်ခုခုကြောင့် အလွယ်တကူ ကျိုးပဲ့သွားနိုင်သည်။ ထို့ကြောင့် သူမ သတိနှင့် ဆင်ခြင်နေမှရမည်။

အာဆီလီယာ သည် သူမကို စူးရဲသော မျက်လုံးများဖြင့် ကြည့်နေသော်လည်း စကားကတော်တော်နှင့် မစသေးပေ။

" လေဒီ အက်စတာရော့... "

အာဆီလီယာ ၏ချိုမြိန်သောအသံကို ကြားရသော်လည်း ရာနီယာ က ကြောက်ရွံ့သောမျက်နှာထားဖြင့် ခေါင်းညိတ်လိုက်သည်။

"ညီမက အစ်မဘက်မှာ အမြဲရှိမယ်မဟုတ်လား..."

“ဟုတ်ကဲ့..."

"လေဒီ အက်စတာရော့ ကသာ အစ်မကို တစ်ကယ် ဂရုစိုက်တယ်လို့ ထင်တယ်လေ..တခြားသူတွေဆို စိတ်မချဘူး...”

အာဆီလီယာ သည် အခြားအမျိုးသမီးများကို နှိမ့်ချပြောဆိုပြီး တစ်ချိန်တည်းတွင် ရာနီယာ အား အလွန်အမင်းအမွှမ်းတင်လိုက်၏။ထိုစကားတစ်ခွန်းတည်းနှင့်ပင်၊ ရာနီယာ သည် အာဆီလီယာ အတွက် သူမက အထူးလူယုံတစ် ယောက်ပမာ ခံစားရသည်။

"ဒါဆို ညီမ တစ်ယောက်တည်းကို ပုံအပ်လိုက်ပြီနော်..."

ထိုစကားတစ်ခွန်းတည်းဖြင့်ပင်၊သူမသည် အာဆီလီယာ က ပြတင်းပေါက်ကနေ ခုန်ချဖို့ ပြောလျှင်တောင် ခုန်ချမည်ဖြစ်သည်။ထို့နောက် အာဆီလီယာ က စားပွဲပေါ် ကို တစ်ခုခု ပစ်ချလိုက်ရာ သူမလည်း စားပွဲပေါ်ရှိ အနီရောင်ပိုးအိတ်ကို ကြည့်လိုက်သည်။

"တတိယမင်းသမီးကို ကျွေးရမှာ..."

"...အထဲမှာ ဘာပါတာလဲဟင်..."

သူမ အမေးကို အာဆီလီယာက သိသိသာသာ ပြုံး၍ ဖြေလိုက်သည်။

"အဆိပ်ပဲ..."

“!”

ရာနီယာ၏ မျက်လုံးများသည် ပို၍ ကြီးမားလို့မရသည်အထိ ပြူးကျယ်သွားတော့သည်။ ထို့နောက် အာဆီလီယာ က ပိုးအိတ်ကို လက်ညိုးနှင့် တတော်တော်ခေါက်ပြပြီး တိုးတိုးလေးပြောလိုက်သည်။

"ဒါပေမယ့် ရက်နည်းနည်းကြာသွားရင် သွေးထဲက အဆိပ်တွေက ဘာလက္ခဏာမှ ‌မပေါ်တော့ဘူး...အဲ့တော့ သူများတွေရိပ်မိသွားမှာကို မကြောက်နဲ့..."

ရာနီယာ သည် အေးဆေးတည်ငြိမ်သောမျက်နှာဖြင့် ပြောနေသည့် အာဆီလီယာ ကိုကြည့်ရင်း အားကိုးချင်စိတ်များ ဖြစ်လာတော့သည်။ ရိုစီနာ ကို သူမကိုယ်တိုင်က သတ်ပစ်ချင်မိသော်လည်း လက်တွေ့အကောင်အထည်ဖော်ဖို့ ဘယ်တုန်းကမှမကြိုးစားခဲ့ပေ။

“မင်းသမီး…..”

ရာနီယာ၏ မျက်လုံးများသည် ပြင်းထန်စွာ တုန်ခါသွားသည်။ ထို့နောက် အာဆီလီယာက ဖြည်းညှင်းစွာမတ်တပ်ထလိုက်ပြီး သူမ ပုခုံးပေါ် လက်တင်လိုက်သည်။

"ဟုတ်ပါတယ်…ဒီအဆိပ်က သူမကို သေစေမှာ မဟုတ်ပါဘူး…ဒါပေမယ့် သူမ နိုးလာမှာမဟုတ်ဘူး..."

“….”

"တတိယမင်းသမီးကို ညီမလည်း မကြိုက်ဘူးမလား..."

ရာနီယာ သည် ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်လျှင်၊ အောက်ကိုငုံ့ကြည့်နေသော အာဆီလီယာ နှင့် ဆုံသွားရသည်။ အာဆီလီယာ သည် ယခု ပြုံးနေသော်လည်း သူမ ငြင်းလိုက်လျှင် ချက်ချင်း ဒေါသထွက်သွားမှာကို သူမ သိနေပါ၏။

“စိတ်မပူပါနဲ့… ကျန်တာ ဂရုစိုက်ပါ့မယ်..."

အာဆီလီယာ စကားကြောင့် သူမ၏ လက်ချောင်းများ တုန်လှုပ်သွားသည်။

" လေဒီ အက်စတာရော့ …ငါတို့က ထာဝရသူငယ်ချင်းတွေလို့ ငါယုံကြည်ထားတယ်..."

အာဆီလီယာ၏ အသံတိုးတိုးလေးသည် ပန်းသီးမှည့်ကဲ့သို့ ချိုမြိန်နေသော်လည်း အဆိပ်ပြင်း ပန်းသီးတစ်လုံးမှန်း သူမ သိလိုက်သည်။ ကံမကောင်းစွာပင်၊ ရာနီယာ သည် အပြင်ပန်းက ချိုမြိန်မှုကို စွဲလမ်းနေပြီဖြစ်သည်။

"အစ်မက ညီမကို ထိခိုက်ဖို့ မရည်ရွယ်ပါဘူး ဆိုတာ ညီမ သိတယ်မလား..."

"…ကျွန်မ လုပ်လိုက်ပါ့မယ်..."

သူမ ရင်ထဲက ဆို့တစ်သွားပြီး စားပွဲပေါ်ရှိ ပိုးနီအိတ်ကို ကိုင်လိုက်လျှင် အာဆီလီယာသည် တောက်ပစွာ ပြုံးကာ သူမ ပုခုံးပေါ်မှ လက်ကို ဖယ်လိုက်သည်။

"အစ်မ ညီမကိုယုံတယ်နော်..."



Xxxx