🍬1🍬တပည့်ခေါ်ယူခြင်း
Viewers 974

Chapter (1)

တပည့်ခေါ်ယူခြင်း



ဒီနေ့က တော်ဝင်အင်ပါယာမြို့ရဲ့ အလွန်အမင်း စည်ကားသော နေ့တစ်နေ့ပဲ ဖြစ်ပေသည်။ အကြောင်းမှာ ဒဏ္ဍာရီသားရဲဂိုဏ်းက တောင်တံခါးဖွင့်ကာ တပည့်ခေါ်ယူသော အထူးနေ့တစ်နေ့ပဲ ဖြစ်လေသည်။ တော်ဝင်အင်ပါယာမြို့ဟာ ကျင့်ကြံခြင်းလောက၌ အလွန် နာမည်ကြီးပြီး ချမ်းသာကြွယ်ဝသော မြို့ကြီး ဖြစ်၏။ 


မြို့ကို အလွန်တရာ ကြီးမားသော တောင်တန်းကြီး ၄ခုက ဝန်းရံထားပြီး ၎င်းတို့ဟာ ဒဏ္ဍာရီသားရဲဂိုဏ်း၏ တောင်ထွတ်လေးခုပဲ ဖြစ်သည်။ ၎င်းတို့ကို ဒဏ္ဍာရီလာ သားရဲအမည်များဖြင့်သာ ခေါ်ဝေါ်ကြသည်။


အရှေ့ဖက်အရပ်ကို စောင့်ရှောက်သော် စိမ်းပြာနဂါးကို ကိုယ်စားပြုသည့် အနေဖြင့် အရှေ့ဘက်၌ ချင်းလုံတောင်ထွတ် ရှိသည်။ အနောက်ဘက်၌ ပိုင်ဟူတောင်ထွတ် ရှိကာ တောင်ဘက်တွင် ကျူးချွဲ့တောင်ထွတ် ရှိပြီး မြောက်ဘက်တွင်တော့ ရွှမ်ဝူတောင်ထွတ် ရှိပေသည်။ 


ယခု ဂိုဏ်းရဲ့ တောင်တံခါးက ဖွင့်လိုက်ပြီမလို့ နေရာအရပ်ရပ်က လူငယ် ကျင့်ကြံသူတွေဟာ ထိုဂိုဏ်းထဲ ဝင်နိုင်ဖို့အရေး အပြေးအလွှား ရောက်ရှိလာကြသည်။ ဒါကြောင့် တော်ဝင်အင်ပါယာမြို့ကလည်း အတော်လေးကို လူစည်ကားနေ၏။ 


တောင်တံခါး ဖွင့်ထားပေမယ့် တပည့်ရွေးပွဲက မစတင်သေးပါ။ လူငယ်တွေဟာ မြို့ထဲမှာ လျှောက်ပတ်သွားရင်း တော်ဝင်အင်ပါယာမြို့ရဲ့ အံ့အားသင့်စရာကောင်းသော အရာများကို စူးစမ်းလေ့လာနေကြသည်။ 


ထိုအခိုက် လက်ဖက်ရည်ဆိုင် တစ်ဆိုင်၏ ဝရံတာဘေးက စားပွဲဝိုင်းတွင် လူငယ်နှစ်ယောက်ကလည်း လက်ဖက်ရည်သောက်ရင်း မြို့အလှကို ရှုစားနေသည်။ တစ်ယောက်က အစိမ်းရောင် ဝတ်ထားပြီး လက်ထဲမှာတော့ ပေါက်ဆီ၁၀လုံးခန့် ထည့်ထားသော ပန်းကန်ကို ပိုက်ထားသည်။


"အားယိ.... ဒီတစ်ခေါက် ဒဏ္ဍာရီသားရဲဂိုဏ်းရဲ့ တောင်တံခါးဖွင့်ချိန်က နည်းနည်း စောနေသလားလို့နော်... ပြီးတော့ သတ်မှတ်ထားတဲ့ ချီစုဆောင်းမှု အဆင့်ကလည်း အဆင့်၅က အနည်းဆုံးတဲ့..."


ထိုလူငယ်လေး ပြောသည့် အားယိဆိုသူမှာ လက်ဖက်ရည်ခွက်ကို လက်တစ်ဖက်က ကိုင်လျက် မြို့ထဲကိုသာ လှမ်းကြည့်နေသည်။ ၎င်းက ငွေရောင် မျက်နှာဖုံးကို နှာခေါင်းကစလျ​က် နဖူးအထိ ဖုံးအုပ်ထားသည်။ 


လူငယ်: "ကံကောင်းလို့ ငါလွန်ခဲ့တဲ့ တစ်လလောက်က အဆင့်၆ တက်သွားလို့ပေါ့... မဟုတ်ရင် ဒီပါရမီရှင်တွေ ကြားထဲမှာ ငါက ဘိတ်ချေးဖြစ်နေမှာ...."


"......."


"မင်းကတော့ ကောင်းလိုက်တာ ချီစုဆောင်းမှု အဆင့်၈တောင် ရောက်နေပြီ.... မင်းသာ အဆင့်၉ကို ဖြတ်ကျော်ပြီးရင် အုတ်မြစ်နယ်ပယ်ကို ထိုးဖောက်နိုင်ပြီ...."


"ဖုန့်ချန်းယင်.... "


နောက်ဆုံးတော့ မျက်နှာဖုံးနဲ့ လူငယ်က ပါးစပ်ဟလာသည်။


"ဘာလဲ?"


"ဒဏ္ဍာရီသားရဲဂိုဏ်းထဲ ဝင်ဖို့က အဲ့လောက် မလွယ်ဘူး.... မင်း ကောင်းကောင်း လေ့ကျင့်ရမယ်... "


"သိပါတယ်... ငါ သေသေချာချာ ကျင့်ကြံမှာပါ... ဒါနဲ့ အားယိ မင်းဘယ်တောင်ထွတ်ကို သွားဖို့ စဥ်းစားထားလဲ ငါကြားတာတော့ ဒီတစ်ခေါက် လူတိုင်း ကိုယ်သွားချင်တဲ့ တောင်ထွတ်ကို ရွေးချယ်လို့ရတယ်တဲ့...."


"ချင်းလုံတောင်ထွတ်...."


"အာ.... ဘာလို့လဲ? ငါက ပိုင်ဟူတောင်ထွတ်ကို သွားမလို့ဟာ ငါက အားသန်တယ်ဆိုတော့ ကျားဖြူကျင့်စဥ်တွေအတွက် သင့်တော်တယ်လေ... မင်းခန္ဓာကိုယ်ထဲမှာ မီးဒြပ်စင်ရှိတယ် မင်းက ကျူးချွဲ့တောင်ထွတ်ကို သွားသင့်တာ... "


"ငါ့မှာ ရေဒြပ်စင်လည်း ရှိတယ်လေ... "


"မင်း..... အိုက်ယား.... မင်း အဲ့လူကို သွားတွေ့မလို့တော့ မဟုတ်ပါဘူးနော်... မင်းသူ့ပုံစံကိုရော မှတ်မိသေးလို့လား?"


"မပြောတတ်ဘူး....."


ဖုန့်ဝူယိ ခေါင်းအသာ ခါယမ်းလိုက်သည်။ သူနဲ့အဲဒီလူ တွေ့ဆုံခဲ့တာက လွန်ခဲ့တဲ့ ၁၇နှစ်လောက်ကလေ။ တစ်ဖက်လူက သူ့ကို မမှတ်မိဘူးဆိုတာက ဖြစ်သင့်ပါ၏။ သူကရော အဲဒီလူကို မှတ်မိမလား မပြောတတ်ချေ။


သူ့အဖေက ချင်းလုံတောင်ထွတ်က တပည့်တစ်ယောက်ပင်။ ထိုလူက သူ့အဖေရဲ့ မိတ်ဆွေဖြစ်လို့ သူတို့မိသားစု ပျက်စီးခဲ့ရတာတွေကို ထိုလူ သိနိုင်သည်။


ဖုန့်ချန်းယင်က သူနဲ့ မျိုးရိုး တူပေမယ့် ဦးလေးက မွေးစားသား ဖြစ်တာကြောင့် သူတို့နှစ်ယောက်က သွေးသားမတော်စပ်ချေ။ သို့သော်လည်း နှစ်ယောက်သားက ညီအစ်ကို အရင်းချာလို ဂရုစိုက် စောင့်ရှောက်ပေးကြသည်။


သူတို့ မွေးရပ်မြေနဲ့ တော်ဝင်အင်ပါယာမြို့က အတော်ဝေးကာ မြင်းဖြင့်ပင် ၃လလောက် ခရီးနှင်ခဲ့ရသည်။ အခု ကံကောင်းလို့ တပည့်ရွေးပွဲ မှီသွားတာပင်။


........


တပည့်ရွေးပွဲက နောက်တစ်နေ့ မနက်မှာပဲ စတင်ခဲ့သည်။ အင်မတန် ကြီးမားသော ကွင်းပြင်ကြီးထဲ လူငယ်ထောင်ဂဏန်းလောက်က စုဝေးလျက် လူရွေးပွဲ၌ သူတို့၏ ချီစုဆောင်းမှု အဆင့်နဲ့ အရည်အချင်းတွေကို ပြသကြသည်။


ချီစုဆောင်းမှု အဆင့်က အဆင့်၅ ရှိရမယ်လို့ သတ်မှတ်ထားပေမယ့် အရည်အချင်းတွေကို ကြည့်ပြီး အဆင့်၆နဲ့ ပြုတ်ကျသွားသူတွေလည်း ရှိသေးသည်။


ကံကောင်းထောက်မစွာဖြင့် ဖုန့်ချန်းယင်သည် ချီစုဆောင်းမှု အဆင့်၆နှင့် လက်နက်သန့်စင်သော ပါရမီပါ ရှိနေတာကြောင့် ပိုင်ဟူတောင်ထွတ်သို့ ဝင်ရောက်ရန် အခွင့်အရေး ရရှိသွားသည်။


ဖုန့်ဝူယိက အဆင့်၈နဲ့ အခင်းအကျင်း ပါရမီရှင်မလို့ သူရွေးချယ်ခဲ့သော ချင်းလုံတောင်ထွတ်သို့ အခက်အခဲ မရှိ ဝင်ရောက်နိုင်သွားခဲ့သည်။ သို့သော် လောလောဆယ်တော့ အပြင်စည်းတပည့်သာ။ အဆင့်၉ကို ချိုးဖောက်၍ အုတ်မြစ်နယ်ပယ်သို့ ရောက်မှသာလျှင် အတွင်းစည်းတပည့် အဖြစ် ရာထူးတိုးလိမ့်မည်။


ဖုန့်ချန်းယင်: "ငါသွားပြီ အားယိ.... ဂရုစိုက် ငါတို့ အချိန်ရရင် ပူဝမ့်သေရည်ဆိုင်မှာ တွေ့ကြမယ်"


"ကောင်းပြီ"


ဖုန့်ချန်းယင် ရာနဲ့ချီတဲ့ ကျောက်လှေကားများပေါ် တက်သွား၍ လှေကားထစ်များ၏ တစ်ဝက်လောက် ရောက်သောအခါမှသာ ဖုန့်ဝူယိလည်း ချင်းလုံတောင်ထွတ်ဘက်သို့ လှည့်ထွက်လာခဲ့၏။ သူ ဖုန့်ချန်းယင်ကို သိပ်တော့ စိတ်မချပေ။ ထိုလူက အစားပုတ်ပြီး အပျင်းလည်းထူသေးသည်။


ချင်းလုံတောင်ထွတ်ကို အပြင်စည်းတပည့် အနေနဲ့ ဝင်ခွင့်ရသူက အနည်းဆုံး အယောက်၅၀ခန့် ရှိသည်။ ဖုန့်ဝူယိလို မျက်နှာဖုံးတပ်ထားသူက တစ်ယောက်နှစ်ယောက်တည်းတော့ မဟုတ်။ သူကတော့ နဖူးက ဆိုးရွားလွန်းသော အမာရွတ်ကို စစ်ဆေးသူထံ ပြပြီး သူ့မှတ်တမ်းထဲမှာ ရေးသားခိုင်းထားပြီးသားမို့ မျက်နှာဖုံးနဲ့ ပတ်သက်လို့ စစ်ဆေးတော့မည် မဟုတ်ချေ။


ဒဏ္ဍာရီသားရဲဂိုဏ်းက နာမည်ကြီးတဲ့အတိုင်း အပြင်စည်းတပည့်၏ အခန်းများကိုပင် လှလှပပ ပြင်ဆင်ပေးထားသည်။ အခန်းက ၂ယောက်ခန်း ဖြစ်ပြီး အိပ်ခန်းကို မျက်နှာချင်းဆိုင် ထားပေးကာ အလယ်၌ ဧည့်ခန်းရှိသည်။


ဖုန့်ဝူယိ ဝင်သွားတော့ သူ့အခန်းဖော်က ရောက်နေပြီ။


"ဝိုး.... မင်းက ငါ့အခန်းဖော် ဖြစ်မယ်....ငါ့နာမည်က ပိုင်ယင်ကျစ်...."


"ဖုန့်ဝူယိ....."


"နာမည်ကောင်းပဲ...."


ဖုန့်ဝူယိ ထိုလူငယ်နဲ့ အနည်းငယ် မိတ်ဆက်စကား ပြောပြီးနောက် မိမိအခန်းထဲ ဝင်သွားခဲ့သည်။ သူဒီကိုလာရတာက ရည်ရွယ်ချက် ရှိတာကြောင့် သူငယ်ချင်း မိတ်ဆွေဖွဲ့တာက သူ့အတွက် အဓိက မဟုတ်ပေ။ 


ဒီည လုပ်ငန်းစရမည်။ 


ဖုန့်ဝူယိ သူ့ပစ္စည်းတွေကို သိုလှောင်လက်စွပ်ထဲမှာပဲ ထည့်ထားတာကြောင့် နေရာချနေဖို့ မလိုချေ။ သူအိပ်ဆောင်ရောက်ချိန်က ညနေစောင်းမို့ ခဏကြာတော့ ကောင်းကင်က မှောက်ကျသွားလေ၏။


ဖုန့်ဝူယိ တစ်ဖက်အခန်းက လူငယ်ဘက်ကို တစ်ချက် အကဲခတ်လိုက်သည်။ ပိုင်ယင်ကျစ်က ချီစုဆောင်းမှု အဆင့်၇ ဖြစ်ကာ သူ့ရဲ့အခင်းအကျင်း အရည်အချင်းကလည်း ပေါ့သေးသေးတော့ မဟုတ်ပေ။


သူက အပြင်စည်းတပည့်တွေထဲ အဆင့်၈နဲ့ နံပါတ်တစ်လူ ဆိုလျှင် ပိုင်ယင်ကျစ်က နံပါတ်၂ ဖြစ်သည်။ သို့သော်လည်း ဖုန့်ဝူယိရဲ့ တကယ့် ကျင့်ကြံမှုနယ်ပယ် အစစ်အမှန်က ချီစုဆောင်းမှု မဟုတ်နေခဲ့။


အခန်းတံခါးကိုပိတ်ပြီး အရင်ဆုံး အိပ်ချင်ယောင် ဆောင်လိုက်သည်။ ထင်ထားတဲ့အတိုင်း ပိုင်ယင်ကျစ်က သူ့ဘက်ကို စူးစမ်းလေ့လာနေသော်လည်း အိပ်ပျော်နေတဲ့ အသံကြောင့် ပိုင်ယင်ကျစ်လည်း အိပ်ယာပေါ် တက်သွား၏။


ခဏကြာတော့ ဖုန့်ဝူယိ မတ်တတ်ထရပ်ကာ အခန်းထဲ အခင်းအကျင်းများဖြင့် ပိတ်ထားလိုက်သည်။ ထို့နောက် ခြေတစ်လှမ်း ရွှေ့လိုက်တာနဲ့ အိပ်ဆောင်အပြင်က သစ်ပင်ပေါ် ချက်ချင်း ရောက်သွားသည်။ အမှောင်ကို အားပြု၍ ဆက်တိုက် ပြေးလွှားရင်း တော်ဝင်အင်ပါယာမြို့ထဲသို့ ပြန်ရောက်လာခဲ့သည်။


မြို့ထဲမှာ လူတွေနဲ့ စည်ကားနေတုန်းပါပဲ။


ဖုန့်ဝူယိ ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ပြီး လက်တစ်ဖက်ကို ဝေ့ယမ်းလိုက်တဲ့အခါ သူ့ခန္ဓာကိုယ်က အချိုးအစားလှပသော မိန်းကလေးခန္ဓာကိုယ် ဖြစ်သွားသည်။


ခါးအောက်အထိ ကျနေသော ဆံပင်၊ အနီရောင် နှုတ်ခမ်းသားနဲ့ စိမ်းပြာရောင် ဂါဝန်က သူ့အား အလွန်အမင်း လှပသော နတ်သမီးလေးလို အသွင်ပြောင်းသွားစေသည်။ ဒါက သူ့ရဲ့ ယင်ခန္ဓာကိုယ်ပါပဲ။ တခြားလူတွေ မလုပ်နိုင်သော အသွင်ပြောင်းနည်း ဖြစ်ကာ သူ့ရဲ့မွေးရာပါ စွမ်းအင်တစ်ခုလို့ ပြောလို့ရသည်။


..........


"ရှစ်ဇွင်း..... ကျွန်တော်ဒီနေ့ အပြင်စည်းတပည့် ခေါ်ယူတဲ့ မှတ်တမ်းတွေကို ကိုင်တွယ်ခဲ့ပါတယ် ရှစ်ဇွင်း ခန့်မှန်းထားတဲ့အတိုင်း အဲဒီကောင်လေး ရောက်လာပါပြီ...."


ထိုသတင်းကြောင့် ချင်းလုံအရှင်ရဲ့ လက်ဖက်ရည် ငှဲ့နေသော လက်ချောင်းများ တောင့်တင်းသွားရ၏။ သူက အရှေ့မှာ တပည့်ကြီး လင်ရုချောင်ကို မော့ကြည့်ကာ။


"လာပြီလား?"


"ဟုတ်ကဲ့.... ချီစုဆောင်းမှု အဆင့်၈ပါ...."


ချင်းလုံအရှင် မျက်မှောင်ကြုတ်သွားလေသည်။


လင်ရုချောင်: "သူနဲ့အတူလာတဲ့ ကောင်လေးက ပိုင်ဟူတောင်ထွတ်မှာပါ... ဖုန့်ချန်းယင်လို့ ခေါ်ပါတယ်... ဖုန့်ဝူယိက မျက်နှာဖုံး တပ်ထားတယ် မှတ်တမ်းတင်သူက သူ့နဖူးမှာ အရမ်းရုပ်ဆိုးတဲ့ ဒဏ်ရာရှိတယ်လို့ ပြောတယ်....."


လင်ရုချောင်က ခဏရပ်လိုက်ကာ ဆရာဖြစ်သူရဲ့ မျက်နှာအနေအထားကို ကြည့်လိုက်သည်။ မျက်မှောင်ကြုတ်ထားတာ ပြေသွားပေမယ့် တစ်ခုခုကို စဥ်းစားနေတဲ့ပုံပါပဲ။ 


လင်ရုချောင်: "ရှစ်ဇွင်း သူ့ကို ဆရာတူညီလေး နေရာမှာ ထားမလို့ စဥ်းစားထားတာလား?"


ချင်းလုံအရှင်: "သေချာစောင့်ကြည့်ထား.... ဘာမှမဖြစ်စေနဲ့..."


"ဟုတ်ကဲ့"


ချင်းလုံအရှင်က ထိုကောင်လေးကို တပည့်အဖြစ် လက်ခံမလား ပြန်မဖြေသော်လည်း 'ဘာမှမဖြစ်စေနဲ့' ဆိုကတည်းက လင်ရုချောင် နားလည်လိုက်ပြီ ဖြစ်သည်။


၂နှစ်တစ်ကြိမ် တောင်တံခါးဖွင့်တိုင်း ရှစ်ဇွင်းက နာမည်တစ်ခု ပါမပါ အမြဲလိုလို သူ့အား စစ်ဆေးခိုင်းသည်။ ၎င်းက 'ဖုန့်ဝူယိ' ဆိုတဲ့ နာမည်ပါပဲ။