🍬2🍬မုရုံရှန်းယွမ်
Viewers 983

Chapter (2)

မုရုံရှန်းယွမ်



ဖုန့်ဝူယိ အမှောင်ရိပ်ထဲ ပြေးလွှားရင်း အဆင့်အတန်းမြင့် အိမ်တော်တစ်ခု၏ အထပ်မြင့် အမိုးပေါ် ငှက်မွေးတောင်ပမာ ခုန်တက်လိုက်သည်။ ထိုခေါင်မိုးပေါ်၌ အဖြူရောင် ဝတ်စုံနှင့် လူငယ်တစ်ယောက်က အရက်အိုးကို လက်တစ်ဖက်က ကိုင်လျက် အဝေးတစ်နေရာသို့ ငေးကြည့်နေသည်။


"မင်း ရောက်လာပြီလား?"


ဖုန့်ဝူယိ စကားမပြောဘဲ ထိုလူငယ်အနား လျှောက်သွားလိုက်သည်။ သူ့ရဲ့ ခရမ်းရောင် ဝတ်ရုံစတွေက တလွင့်လွင့်နှင့်။ တကယ်တော့ သူ့ရဲ့ မိန်းကလေးအသွင်ကလည်း အတော်လေး ကြည့်ကောင်းလှသည်။


လူငယ်: "ကြည့်လိုက်.... စည်ကားလိုက်တာမှ အရမ်းပဲ....."


လူငယ် လက်ညှိုးထိုးပြတဲ့ နေရာကတော့ အိမ်ကြီးတစ်အိမ်ထဲ ဧည့်သည်တွေ ဝင်ထွက် သွားလာနေတဲ့ ပုံရိပ်တွေပါပဲ။ ၎င်းတို့က အိမ်ထဲကို လက်ဆောင်ပစ္စည်းတွေ ယူဆောင်လာကြသည်။


အိမ်တံခါးဝမှာတော့ ဇနီးမောင်နှံလို့ ထင်ရတဲ့ လူနှစ်ဦးက ဧည့်သည်တွေကို ကြိုဆိုပေးနေသည်။ အကွာအဝေးက မနီးသော်လည်း ကျင့်ကြံသူတွေ အတွက်က အသာလေး လှမ်းကြည့်ရုံပင်။


ဖုန့်ဝူယိ ဇနီးမောင်နှံအနက် ယောက်ျားဖြစ်သူကို အရင် သတိထားမိသည်။ တစ်ဆက်တည်း သူ့ပါးစပ်ကနေလည်း နာမည်တစ်ခုအား လွှတ်ခနဲ ထွက်သွား၏။


"ချင်ပုထျန်း??"


"အဟက်....."


သူ့ဘေးရှိ လူငယ်ထံမှ ရယ်သံတစ်သံ ထွက်ပေါ်လာသည်။ 


ဖုန့်ဝူယိ မျက်လုံးများ ပြူးကျယ်သွား၏။ အကြောင်းမှာ ချင်ပုထျန်းကို သူကောင်းကောင်း သိနေလို့ပါပဲ။ လွန်ခဲ့တဲ့ ၅နှစ်လောက်က သူနဲ့ သူ့ဘေးကလူငယ် မုရုံရှန်းယွမ် ပထမဆုံး တွေ့ဆုံခဲ့ဖူးသည်။ အဲဒီတုန်းက သူက ယောက်ျားလေး အသွင်နဲ့ပါပဲ။


သူ့မှာ အသွင်၂မျိုး ရှိတာကို မုရုံရှန်းယွမ်နဲ့ ဖုန့်ချန်းယင်တို့ပဲ သိသည်။ ယခုအကြောင်းကို ဆက်ပြောရလျှင် ထိုချင်ပုထျန်းနဲ့ မုရုံရှန်းယွမ်က လွန်ခဲ့တဲ့ ၅နှစ်လောက်က ချစ်သူတွေ ဖြစ်ခဲ့ကြလေသည်။


သို့သော် ယခု ချင်ပုထျန်းက တခြားမိန်းကလေးကို လက်ထပ်သွားပြီ။


ဖုန့်ဝူယိ မကောင်းတဲ့ ခံစားချက်တစ်ခု ရလိုက်တာကြောင့် မုရုံရှန်းယွမ်ထံ ပြေးသွားပြီး တစ်ဖက်လူရဲ့ လက်ကောက်ဝတ်ကို စမ်းသပ်ကြည့်လိုက်သည်။


"မင်း!....."


မုရုံရှန်းယွမ်ကတော့ ဖုန့်ဝူယိကို ကြည့်ပြီး အသာလေး ပြုံးပြပါသည်။ သို့သော်လည်း ၎င်းရဲ့ အပြုံးနောက်ကွယ်မှာ ခါးသီးမှုတွေ၊ ဝမ်းနည်းမှုနဲ့ အမုန်းတရားတွေ ရှိနေတာကို သူ နားလည်တာကြောင့် ပြန်မပြုံးနိုင်ချေ။


မုရုံရှန်းယွမ်က သူ့လက်ကို အသာလေး ပြန်ဖယ်ချလိုက်သည်။ သူက အရက်အိုးကိုမြှောက်ကာ တစ်ငုံသောက်ပြီး။ 


"သစ္စာဖောက်ခံရတာလေ..... ဖုန့်ဝူယိ မင်းချစ်ဖူးလား?"


ဖုန့်ဝူယိ သူ့ဘေးမှာပဲ ထိုင်ချရင်း တစ်ချိန်တည်းမှာ သူ့ကိုယ်သူလည်း မူလ ယောက်ျားလေးအသွင် ပြောင်းလိုက်သည်။


"မချစ်ဖူးဘူး....."


"ဒါဆို မင်းရဲ့ အနာဂတ်ချစ်သူက ဘယ်လိုပုံစံဖြစ်မလဲ တွေ့ဖူးလား?"


"မတွေ့ဖူးဘူး...."


မုရုံရှန်းယွမ်: "ငါနဲ့သူ အတူရှိလာတာ ၁၀နှစ် ကျော်ပြီ.... သူငါ့ကို ဒီ၁၀နှစ်လုံးလုံး လှည့်စားထားလိမ့်မယ်လို့ မထင်ထားဘူး.... "


မုရုံရှန်းယွမ် အရက်ထပ်သောက်လိုက်​ပြန်သည်။ 


ဖုန့်ဝူယိ: "မင်းရဲ့ ကျင့်ကြံမှု အဆင့်တွေ ထိုးကျသွားတာ သူ့ကြောင့်လား?"


"........"


မုရုံရှန်းယွမ် ပြန်မဖြေပေမယ့် ဖုန့်ဝူယိကတော့ ခန့်မှန်းမိလိုက်ပါပြီ။ သူနဲ့ တွေ့တုန်းက မုရုံရှန်းယွမ်ဟာ သန္ဓေတည်နယ်ပယ် အဆင့်၉ အထွတ်အထိပ်ကိုတောင် ရောက်နေပြီ ဖြစ်ကာ တစ်ချက်ထိုးဖောက်လိုက်တာနဲ့ တော်ဝင်စစ်သူကြီးနယ်ပယ်ကို ရောက်နိုင်ပြီ။


အမှန်တကယ်ဆို သူအခုအချိန်မှာ တော်ဝင်စစ်သူကြီးနယ်ပယ်ကို ဖြတ်ကျော်ကာ တော်ဝင်ဧကရာဇ်နယ်ပယ်ကိုတောင် ရောက်သင့်နေပြီ။ သို့သော် ယခုမူကား အုတ်မြစ်နယ်ပယ် အဆင့်၅အထိ ထိုးကျသွားခဲ့သည်။


သူတို့ကြားမှာ ကြီးမားတဲ့ ပြဿနာတစ်ခုခုတော့ ရှိခဲ့ပေလိမ့်မည်။


မုရုံရှန်းယွမ် ထိုညနေခင်း ဧည့်ခံပွဲအား မကြည့်ချင်တော့တာကြောင့် ဖုန့်ဝူယိကို သူ့ရဲ့ လျှိုဝှက်အခန်းထဲသို့ ခေါ်လာခဲ့သည်။ အခန်းထဲမှာ ဘာပစ္စည်းမှ မထားထားဘဲ သွေးနီရောင် အခင်းအကျင်း စက်ကွင်းကိုသာ ကြမ်းပြင်တွင် ရေးဆွဲထားလေသည်။


အခင်းအကျင်းတွေအပေါ် နားလည်သူပီပီ ဒီအခင်းအကျင်းကို ကြည့်လိုက်တာနဲ့ မုရုံရှန်းယွမ်ရဲ့ ရည်ရွယ်ချက်ကို သဘောပေါက်လိုက်၏။


လှည့်ကြည့်လိုက်တော့ မုရုံရှန်းယွမ်က သွေးစက်ကွင်းကို အသက်မပါသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။


ဖုန့်ဝူယိ: "မင်း သေချာလား?"


"အင်း....."


မုရုံရှန်းယွမ်က တကယ်ကို လှပတဲ့ ယောက်ျားတစ်ယောက် ဖြစ်သည်။ အခုလို စိတ်ပျက်နေတဲ့ အချိန်မှာတောင် သူ့ရဲ့ချောမောမှုက လျော့မသွားချေ။ ဖုန့်ဝူယိ ကြည့်နေတာကို သိတာကြောင့် သူက စိတ်ရင်းဖြင့် ပြုံးပြလာသည်။ 


"ငါ လက်စားချေတော့မယ် ဖုန့်ဝူယိ...."


ဖုန့်ဝူယိ: "......"


မုရုံရှန်းယွမ်: "မုရုံ မျိုးနွယ်မှာ လက်တွဲဖော်ဆီက စွန့်ပစ်ခံရရင် မိသားစုကလည်း အဲ့လူကို လှည့်မကြည့်တော့ဘူး... ဒီအခင်းအကျင်းက ဒီလောကမှာ တားမြစ်ထားတဲ့ အခင်းအကျင်း တစ်ခုပဲ.... ဒါပေမဲ့ မတတ်နိုင်ဘူး အချိန်တိုအတွင်း ငါ့ရဲ့သိုင်းပညာတွေ ပြန်ရဖို့ ဒါကို သုံးမှဖြစ်မယ်.... ဒါ့အပြင် ငါမင်းတို့ ဖုန့်မျိုးနွယ်က ထိန်းချုပ်မီးအခင်းအကျင်းကိုလည်း လိုတယ်... မင်းငါ့ကို ကူညီမယ်မလား?"


"မုရုံရှန်းယွမ်.... ဒါက အန္တရာယ်များတယ်"


"ငါ တောင့်ခံနိုင်ပါတယ်... တကယ်လို့ ၅ နှစ်နေလို့မှ ငါဒီထဲက မထွက်လာခဲ့ရင် မင်းအခင်းအကျင်းကို လာဖျက်စီးလိုက်..."


"......"


ဖုန့်ဝူယိ အသံတိတ်သွားသည်။ တကယ်လို့ အဲ့အချိန်ကျလို့ မုရုံရှန်းယွမ် တောင့်ခံမထားနိုင်ဘူး ဆိုရင် သွေးအခင်းအကျင်းက သူ့ကို ဝါးမျိုသွားပြီး သွေးမိစ္ဆာ ဖြစ်သွားလိမ့်မည်။


မုရုံရှန်းယွမ်က ဒါကို သိသိရက်နဲ့ ရှေ့ဆက်တိုးနေတယ် ဆိုတော့ သူ့ရင်ထဲမှာ နာကျည်းမှုတွေ အများကြီး မျိုသိပ်ထားရကြောင်း သိသာပေသည်။ ဒါက သူ့မိသားစုကြောင့် ဖြစ်နိုင်သလို သူ့ချစ်ရတဲ့ သစ္စာဖောက်ကြောင့်လည်း ဖြစ်နိုင်သေးသည်။


ဖုန့်ဝူယိ တွေးနေတုန်းမှာပဲ မုရုံရှန်းယွမ်က သွေးအခင်းအကျင်းရဲ့ အလယ်ကို လျှောက်သွားပြီး တင်ပျဥ်ခွေ ထိုင်နေပြီ။ 


"ဖုန့်ဝူယိ... မင်းက ငါ့ရဲ့ တစ်ဦးတည်းသော ယုံကြည်သူပဲ.... ငါပြန်ထွက်လာရင် မင်းကို သေချာပေါက် ကျေးဇူးဆပ်မှာပါ...."


ဖုန့်ဝူယိ တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။


"မင်းသာ အသက်ရှင်လျက် ပြန်လာခဲ့ပါ"


"အင်း....."


ထိန်းချုပ်မီးအခင်းအကျင်းက ဖုန့်ဝူယိ အမေထံမှ လက်ဆင့်ကမ်းလာသော လျှို့ဝှက် အခင်းအကျင်း တစ်ခုဖြစ်သည်။ ၎င်းက လေလွင့်နေသော အငြိုးအတေး ဝိညာဥ်များကို ဆင့်ခေါ်နိုင်သည့် သွေးအခင်းအကျင်းအား ပြန်လည် ထိန်းချုပ်ထားနိုင်သည်။ 


မုရုံရှန်းယွမ် ဘယ်လို ဝိညာဥ်မျိုးကို ဆင့်ခေါ်နိုင်မလဲ မသိသော်ငြား သူ့ရဲ့ အခင်းအကျင်းကတော့ တစ်ဖက်တစ်လှမ်းကနေ ကူညီပေးနိုင်လောက်၏။ 


ခဏကြာတော့ အနီရောင် အခင်းအကျင်း စက်ကွင်းတစ်ခုက မျက်နှာကျက်ပေါ်၌ တောက်ပစွာ ပေါ်ထွက်လာသည်။ တစ်ချိန်တည်းမှာပဲ မုရုံရှန်းယွမ်ရဲ့ မျက်ဝန်းတွေ မှိတ်ကျသွားပြီး စိတ်ဝိညာဉ်က လွင့်ထွက်သွားသည်။


သူ ဝိညာဥ်တစ်ခုကို ဆင့်ခေါ်ကာ အပေးအယူ လုပ်တော့မည်။


ဖုန့်ဝူယိ သက်ပြင်းအသာချရင်း လှည့်ထွက်လာခဲ့၏။ 


..........


နောက်တစ်နေ့ မနက်ရောက်တော့ ဆူညံသံတွေကြောင့် ဖုန့်ဝူယိ အိပ်ဆောင်ထဲက ထွက်လာသည်။ အနည်းငယ် အိပ်ချင်နေသေးတဲ့ ပိုင်ယင်ကျစ်ကိုလည်း တံခါးကို မှီလျက် အပြင်ဘက်ကို ကြည့်နေတာ တွေ့ရ၏။


"ဘာဖြစ်တာလဲ?"


ဖုန့်ဝူယိ မေးလိုက်သည်။ ပိုင်ယင်ကျစ်က ဝါးသမ်းရင်း ခေါင်းစောင်းလာသည်။


"ဆရာတူအစ်ကို ယန်ရှင့်ထျန်းက တပည့်လာရွေးတာလို့ ပြောတယ်..."


"ဘယ်သူလဲ?"


"ဆရာတူအစ်ကို ယန်ရှင့်ထျန်းက အရှင်ယန်ယွမ်ရဲ့ တပည့်ကြီးလေ.... သူတို့လို တပည့်တွေက ချီစုဆောင်းမှု အဆင့်က လူငယ်တွေကို တပည့်ရွေးယူခွင့်ရှိတယ် သူက ​တော်ဝင်ဧကရာဇ်နယ်ပယ် အဆင့်၉ ရောက်နေပြီ... မကြာခင် ကောင်းကင်နယ်ပယ်ကို ရောက်တော့မှာ ဘယ်လိုလဲ မင်း စိတ်ဝင်စားလား?"


ပိုင်ယင်ကျစ်က စကားကို အဆုံးသတ်ရင်း ဖုန့်ဝူယိထံ မျက်လုံးတစ်ဖက် ပင့်ပြသည်။ 


ဖုန့်ဝူယိ: "စိတ်မဝင်စားဘူး....."


"မင်း အရှင်ချင်းလုံဆီ တပည့်ခံမလို့ စဥ်းစားနေတာလား....."


"......"


"စဥ်းစားမနေနဲ့... သူက အသက်၂၀၀ လောက်ရှိပြီ တပည့်က ၁ယောက်တည်း ရှိတယ် အရမ်းဇီဇာကြောင်တာ....ငါပြောမယ် သူက အရမ်းတော်တာတော့ အမှန်ပဲ ချင်းလုံတောင်ထွတ်မှာ သူက ကျင့်ကြံမှုအဆင့် အမြင့်ဆုံးပဲ အဲဒါကြောင့် ချင်းလုံအရှင်လို့ ခေါ်တာ ကောလဟာလတွေ အရတော့ သူမကြာခင် မသေမျိုးနယ်ပယ်ကို ဖြတ်ကျော်တော့မှာတဲ့.... ချင်းလုံတောင်ထွတ်က တပည့်တွေအရေး စီမံပေးတဲ့ ဆရာငယ်လေး ၇ယောက် ရှိတယ်... သူ့တပည့် လင်ရုချောင်က အဲ့၇ယောက်ထဲက နံပါတ်၅ နေရာမှာ ရှိတယ်... အရမ်းတော်တာနော်"


ဖုန့်ဝူယိ ပိုင်ယင်ကျစ်ဘက်သို့ တစ်ချက် စောင်းကြည့်လိုက်သည်။


"မင်းလည်း တော်တော် သိထားသားပဲ... မင်းလည်း ချင်းလုံအရှင်ကို ဆရာတင်ဖို့ စဥ်းစားထားတာလား?"


ချင်းလုံအရှင်က ချင်းလုံတောင်ထွတ်ကို ဝင်လာသူတိုင်း ဆရာတင်ချင်သော အမတဆရာကြီး ဖြစ်သည်။ သို့သော်လည်း ပိုင်ယင်ကျစ်ကတော့ ခေါင်းတွင်တွင် ခါပြသည်။


"ငါက ဆရာငယ်လေး လင်ရုချောင်ရဲ့ တပည့်ဖြစ်ချင်တာ...."


ဖုန့်ဝူယိ: "ဘာလို့ ချင်းလုံအရှင် မဟုတ်တာလဲ?"


"မမှန်းရဲပါဘူး.... တောင်ထိပ်က ကြယ်ကို သွားယူရတာထက်တောင် ခက်သေးတယ် ဆရာငယ်လေး လင်ရုချောင်က ဒီဂိုဏ်းကို စဝင်ကတည်းက အုတ်မြစ်နယ်ပယ် အဆင့်၅ကို ရောက်နေပြီးသား... အဲ့တုန်းက သူအသက်၁၅နှစ်ပဲ ရှိသေးတယ်တဲ့ အံ့ဖွယ်ပါရမီရှင်ပဲ... သူ့တပည့်ဖြစ်ရတာတင် အရမ်းကို ဂုဏ်ယူချင်စရာ ကောင်းနေပြီ"


ထိုသို့ ပြောပြီးနောက် ပိုင်ယင်ကျစ်က လေ့ကျင့်ဖို့အတွက် သူ့အခန်းထဲ ပြန်ဝင်သွားသည်။


ဖုန့်ဝူယိလည်း တိတ်ဆိတ်သွား၏။ ပိုင်ယင်ကျစ်ပြောတဲ့ လင်ရုချောင်ကို သူစိတ်မဝင်စားပေ။ သူချဥ်းကပ်ချင်တဲ့လူက အရှင်ချင်းလုံပင်။ သို့သော် ထိုလူ အာရုံစိုက်မိလာအောင် လုပ်ဖို့က ပိုင်ယင်ကျစ်ပြောတဲ့ အတိုင်းဆို မလွယ်လောက်ချေ။


သူ အခန်းထဲ လှည့်ဝင်၍ ကျင့်ကြံဖို့ ပြင်လိုက်သည်။ ဒီလကုန်လျှင် အပြင်စည်း တပည့်တွေကို အကဲဖြတ်မည့် ပွဲတစ်ခု ရှိသည်။ သူအဲဒီပွဲမှာ အနည်းငယ် လက်စွမ်းပြရမည်။


အရှင်ချင်းလုံ မသိရင်တောင် အနည်းဆုံးတော့ လင်ရုချောင်က အာရုံစိုက်မိမှာပဲ။ လင်ရုချောင်ကနေတစ်ဆင့် အရှင်ချင်းလုံကို ချဥ်းကပ်လို့ ရနိုင်လောက်ပါရဲ့။


အဖေက အရှင်ချင်းလုံအကြောင်း ပြောပြဖူးသည်။ သူတို့နှစ်ဦးက ရင်းနှီးတာကြောင့် ဖခင်ရဲ့ သေဆုံးမှုအကြောင်း ထိုလူ သိထားလောက်၏။ 


သို့နှင့် ဖုန့်ဝူယိ လကုန်အထိ တံခါးပိတ်ပြီး ကျင့်ကြံနေဖို့ ဆုံးဖြတ်လိုက်သည်။ သူ့လိုအတွေး ရှိနေတဲ့ ပိုင်ယင်ကျစ်ကလည်း ထိုနည်းတူပင်။ နှစ်​ယောက်သားက တံခါးပိတ် ကျင့်ကြံနေတာကြောင့် လင်ရုချောင် တိတ်တဆိတ် ရောက်လာတာကို မသိလိုက်ကြချေ။


တစ်လ ကြာသော်။ 


ဖုန့်ဝူယိ အပြင်ထွက်လိုက်တော့ အိပ်ဆောင်ခြံဝန်းထဲက တပည့်တွေအားလုံး သစ်လွင်သော ဝတ်စုံတွေဝတ်၍ ပြင်ဆင် ထွက်သွားကြသည်။ ဖုန့်ဝူယိလည်း အနီရောင်ကို ဝတ်ထား၏။


"အိုး..... ဖုန့်ဝူယိ.... "


အပြင် ထွက်ခါနီးမှာပဲ ပိုင်ယင်ကျစ်က လာနှုတ်ဆက်သည်။ ထိုလူငယ်က ပြုံးပြုံးလေးဖြင့်။


"ထမင်းစားဆောင်ကို အတူတူ သွားကြမလား?"


"ကောင်းပြီလေ"


ထမင်းစားဆောင်က အိပ်ဆောင်နဲ့ အနည်းငယ်တော့ လှမ်းသည်။ ချင်းလုံတောင်ထွတ်မှာ အကြီးအကဲတွေကလွဲလို့ တပည့်များကို ပျံသန်းခွင့် ပိတ်ပင်ထားသောကြောင့် ခြေလျင်လျှောက်၍သာ သွားနိုင်သည်။


တကယ်တော့ ပိုင်ယင်ကျစ်က တကယ်ကို ချောမောတဲ့ လူငယ်လေးပင်။ သူနဲ့ ဖုန့်ဝူယိ အတူတွဲသွားစဥ် အားလုံးက ပိုင်ယင်ကျစ်ကိုပဲ နှုတ်ဆက် ပြုံးပြကြကာ ဖုန့်ဝူယိကိုတော့ ရှိတယ်လို့တောင် မထင်ကြပေ။


အခုဆို ဖုန့်ဝူယိရဲ့ နဖူးက အလွန်ရုပ်ဆိုးသော အမာရွတ်တစ်ခုရှိကြောင်း သတင်းက ပျံ့နေပြီလေ။ သူက အရည်အချင်း ရှိပေမယ့် ရုပ်ရည်ကိုကြည့်ပြီး အပေါင်းအသင်း လုပ်ချင်သူတွေကလည်း ရှိသေးတယ် မဟုတ်ပါလား။


ဖုန့်ဝူယိကလည်း သူတို့ကို ဂရုစိုက်မနေချေ။ ထမင်းစားဆောင် ရောက်တဲ့အထိ စကားမပြောဘဲ လျှောက်လာခဲ့သည်။ 


သူ တခြားလူတွေနဲ့ အပေါင်းအသင်း မလုပ်ချင်ပေမယ့် သူနဲ့အပေါင်းအသင်း လုပ်ချင်တဲ့ လူတွေကတော့ တံခါးဝအထိ ရောက်လာတတ်၏။ ဥပမာ တမင်တကာ ရန်စချင်သူတွေပါပဲ။